Saturday, November 10, 2007

Are U Lonely tonight?

ကျွန်တော်က ဘာလို့ သတိရခံချင်နေရတာလဲ။
ပြဿနာက ဒါပဲဖြစ်သည်။
ကျွန်တော်က ဘာလို့ သူများတွေရဲ့ သတိရတာကို ခံချင်နေရတာလဲ။
"သတိရတယ်" ဟူသော စကားလေးတစ်ခွန်းသည် လူသားဘ၀ကို ချုပ်ကိုင်ထားသည်မှာ အံ့သြဖို့တော့ကောင်းလေသည်။ တကယ်တော့ "သတိရတယ်"ဆိုခြင်းမှာ သိမှတ်စိတ်ကလေးတစ်ခုမျှသာဖြစ်သည်။
ကျွန်တော်တို့သည် ကိုယ့်ကို မိဘတွေက သတိရသည်ဆိုလျှင် စိတ်လုံခြုံမှုကို ခံစားရသည်။ သူငယ်ချင်းတွေက သတိရသည် ဆိုလျှင် ပျော်ရွှင်ကြည်နူးမှုကို ခံစားရသည်။ တခြားလူအများကြီးက သတိရသည်ဆိုလျှင် ပီတိဖြစ်ကာ မသိမသာ ဂုဏ်ယူတတ်ကြသည်။
တကယ်တော့ အဲဒီသိမှတ်စိတ်တွေဟာ တစ်ချိန်ချိန်မှာ ဘယ်ကိုများရောက်သွားကြမှာပါလိမ့်။
နောက်ဆုံး ကျွန်တော်တို့ သေဆုံးသွားကြတဲ့ အခါမှာ ဖြစ်ဖြစ်ပေါ့။
ဟောသည့် လောကကြီးတစ်ခုလုံးမှာ သင့်ကို သတိရတဲ့သူ တစ်ယောက်မှ မရှိတော့ဘူးဆိုရင်ရော.....သင်ဘယ်လိုခံစားရမလဲ...အရမ်းကို အထီးကျန်သွားမှာပဲ မဟုတ်ဘူးလား။
တကယ်တော့ ကျွန်တော်တို့သည် သူများက ကိုယ့်ကို သတိရနေစေချင်သည်ဆိုခြင်းမှာ မိမိကိုယ်တိုင် အထီးကျန်ရမည်ကို ကြောက်ရွံ့ခြင်းကြောင့်သာဖြစ်၏။
အထီးကျန် မဖြစ်ချင်သူတွေက ကိုယ့်မိသားစုကို အတင်းဖက်တွယ်တားကြသည်။ သူငယ်ချင်းတွေကို အတင်းဖက်တွယ် ထားကြသည်။ နာမည်ကျော်ကြားမှုတွေ အသိုင်းအ၀ိုင်း တွေနှင့်ကိုယ့်ကိုယ်ကို နှောင်ဖွဲ့ပစ်လိုက်ကြသည်။
ဒါပါပဲ။
တကယ်တော့ လူတွေဟာ မွေးကတည်းက အထီးကျန်နေမှန်း ကိုယ့်ကိုယ်ကို ဘယ်သူမှ မသိကြတာပါ။
သေသွားပြီးတဲ့နောက်မှာရော ကိုယ့်နာမည်ကို လူဘယ်လောက်များများက သတိရနေစေချင်တာလဲ။
(တချို့ကတော့ စိတ်ကူးယဉ်အတွေးထဲမှာတောင်မှ သေပြီးတဲ့နောက်အထိ အထီးကျန်ဖြစ်မှာကို ကြောက်ကြတုန်းပဲလေ။ သူရဲကောင်းဆိုတဲ့လူတွေတောင် ဒါကိုတော့ကြောက်တတ်ကြတယ်မဟုတ်လား။)
တကယ်တော့ သေပြီးပြီဆိုလျှင် အထီးကျန်ဖြစ်ရမှာကို ဘာကြောက်စရာလိုနေသေးလို့လဲ။
သတိရသူရော သတိရခြင်းခံရသူရော နှစ်ယောက်စလုံးဟာ တစ်ချိန်ချိန်ကျရင် အမေ့လျော့ခံလိုက်ရမယ့် လူတွေချည်းပဲ မဟုတ်လား။

No comments: