Wednesday, September 25, 2013

ညသံစဉ်ကြားမှ ဘ၀ခါးခါး




“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . . အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ်အနာမဲ့ မောင့်အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာခရရှာပြီ...”

ရောင်စုံမီးလုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်းတစ်ပုဒ်ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။

အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီးခိုးငွေ့များရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီတစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။

မိုက်ကိုင်၍သီချင်းဆိုနေသည့် အမျိုးသားတို့အနီးတွင် ရေမွှေးနှင့် ပေါင်ဒါနံ့ထုံသင်းနေသည့် မိတ်ကပ်အဖွေးသားဖြင့် စကတ်တိုတိုကောင်မလေးအချို့ရှိသည်။ အမျိုးသားတစ်ဦးက သူ့နံဘေးမှ ကောင်မလေးကို သူသီဆိုလိုသည့်တေးကို စက်အတွင်းထည့်ခိုင်းနေသည်။ ကောင်မလေးတစ်ဦးက ကုန်သွားသည့် ဘီယာခွက်များကို လိုက်ဖြည့်ပေးလျက်ရှိသည်။

သီချင်းဆိုရန် အလှည့်မကျသေးသည့် အမျိုးသားတစ်ဦးက သူ့ဘေးမှထိုင်နေသည့် အသက် ၂၅ နှစ်ခန့်အရွယ် ကောင်မလေးတစ်ဦးကို ပခုံးဖက်ရင်း တို့ထိကျီစယ်လျက်။

မြို့တော်ကြီးများတွင် ပေါများလာသည့် ကေတီဗီ(ခေါ်) ကာရာအိုကေခန်းတို့နှင့်အတူ အသက် ၂၀ ၀န်းကျင်မှ ၂၇ နှစ်အရွယ်ထိ အမျိုးသမီးငယ်များက တေးသံများနှင့် ပျော်မွေ့သည့်အလုပ်ဆီသို့ ၀င်ရောက်လာကြပါသည်။ ယခင်က ကြိုးကြားကြိုးကြားသာ ပိုင်ရာဆိုင်ရာနားလည်မှုဖြင့် ဖွင့်လှစ်ခွင့်ရရှိသည့် ကာရာအိုကေဆိုင်များသည် ယခုအခါမှာတော့ ထင်ထင်ပေါ်ပေါ် ဖွင့်လှစ်လာကြပြီဖြစ်သည်။

သီချင်းဆိုဝါသနာပါသူ (သို့မဟုတ်) မူးယစ်လာပါက အလိုလိုသီချင်းဆိုချင်လာသူ (သို့မဟုတ်) စိတ်ခံစားချက်များကို ပေါက်ကွဲအော်ဟစ်ပစ်လိုသူ အမျိုးသားတို့အတွက် သန်းခေါင်ကျော်အထိ ဖွင့်လှစ်ကြသည့် ကေတီဗီများက ဗိမာန်တစ်ခုဖြစ်နေသည်။ အဆိုပါကေတီဗီများတွင် သီချင်းထည့်ပေးရန်၊ ဘီယာငှဲ့ပေးရန်အလို့ငှာ အမျိုးသမီးငယ်များကို ခန့်ထားလေ့ရှိကြသည်။

အမျိုးသမီးအများစုသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကဲ့သို့သော နယ်ဒေသများမှ လာရောက်လုပ်ကိုင်ကြခြင်းဖြစ်ပြီး များသောအားဖြင့် အထည်ချုပ်စက်ရုံ ၀န်ထမ်းဘ၀မှ နယ်ပယ်ကူးပြောင်းလာခြင်းဖြစ်ကြောင်း သိရသည်။

“အစက လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်တယ်။ ဒီမှာ အရင်လုပ်နေတဲ့ သူငယ်ချင်းရဲ့အစ်မကတစ်ဆင့် ရောက်လာတာ”ဟု အလယ်အလတ်တန်းစား ကေတီဗီတစ်ခုမှ အမျိုးသမီးတစ်ဦးကပြောသည်။

ကေတီဗီတွင် အလုပ်လုပ်ကိုင်နေကြသည့် အမျိုးသမီးတို့မှာ အဓိအားဖြင့်တော့ ထုံးစံအတိုင်း စားဝတ်နေရေးကြောင့်ပင်ဖြစ်သည်။ မူလရရှိသည့် ငွေကြေးထက် အနည်းဆုံးငါးဆ သာလွန်အောင်ရရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ကေတီဗီဝန်ထမ်းမယ်တစ်ဦးလျှင် အခြေခံလစာအဖြစ် တစ်လလျှင် နှစ်သောင်းဝန်းကျင်ခန့်သာ ရရှိသော်လည်း နေစရာအဆောင်ပေးပြီး ထမင်းကျွေးသည့်အပြင် ဆက်ရှင်ကြေးပါရရှိကြသည်။ အဓိက၀င်ငွေမှာ ဧည့်သည်များထံမှ စေတနာသဒ္ဓါသရွေ့ ပေးကမ်းသည့်မုန်ဖိုးပင်ဖြစ်သည်။

တစ်ညလျှင် ကာရာအိုကေခန်း သုံး၊ လေးခန်း ကူးသန်း၍ အမျိုးသားဧည့်သည်တော်ကြီးများကို အဖော်လုပ်ပေးခြင်းက တစ်ခန်းလျှင် မုန့်ဖိုးငါးထောင်မှ တစ်သောင်းကျပ်အထိ ရရှိကြသည့်အတွက် တစ်လ၀င်ငွေမှာ အထည်ချုပ်အလုပ်နှင့်ယှဉ်လျှင် မက်လောက်စရာဖြစ်သည်။ အမျိုးသားတစ်ဦးအနီးတွင် ၀င်ထိုင်လိုက်လျှင် ကေတီဗီစားပွဲထိုးတစ်ဦးက အအေးတစ်ဘူးလာချပေးမည်ဖြစ်ပြီး အဆိုပါအအေးဘူးကိုမသောက်သုံးဘဲ ကောင်တာကိုပြန်အပ်ပါက အအေးဖိုးငွေကိုပါ ထပ်မံရရှိသည်ဟုသိရသည်။

ရရှိသည့်ငွေကြေးများကို စုဆောင်းကာ နယ်တွင်ကျန်ရစ်သည့် မိသားစုထံသို့ပြန်ပို့ကြသည်ဟု ကေတီဗီမယ်အမျိုးသမီးငယ်တို့က ပြောကြသည်။

“တစ်လကို နှစ်သိန်းလောက်တော့ ပြန်ပို့နိုင်တယ်။ ရသမျှထဲက ချွေတာပြီးသုံးတယ်”ဟု ကေတီဗီမယ်တစ်ဦးဖြစ်သည့် မဖွေးဖွေး (အမည်လွှဲ)ကဆိုသည်။ မဖွေးဖွေးက အလယ်အလတ်တန်းစား ကေတီဗီတစ်ခုတွင် အလုပ်ဝင်နေသည် မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ နယ်မှ နွမ်းပါးသည့်မိသားစုတွင် ညီမဖြစ်သူက အထက်တန်းတက်ရောက်နေပြီဖြစ်သည့်အတွက် ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန် ၎င်းတွင်တာဝန်ရှိသည်ဟုဆိုသည်။

မဖွေးဖွေးကဲ့သို့ပင် အတူတူအလုပ်လုပ်နေကြသည့် ကေတီဗီအများစုမှာ ပညာရေးကို ပြီးဆုံးအောင်မသင်ကြားခဲ့ကြရပေ။ သို့သော်လည်း ငွေရပေါက်လွယ်သည့်လုပ်ငန်းမို့ ကေတီဗီမယ်ဆယ်ဦးလျှင် ရှစ်ဦးက ယခုဘ၀ကို ကြိတ်မှိတ်လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

“တချို့ရွေးစရာလမ်းမရှိတဲ့သူ။ တချို့က တခြားအလုပ်ထက် ၀င်ငွေပိုကောင်းလို့လုပ်တဲ့သူ။ တချို့ကျတော့ စီးပွားရေးဆန်ဆန် လုပ်နေတဲ့သူတောင်ရှိတယ်။ အပြင်မှာ တခြားစီးပွားရေးလုပ်ငန်းနဲ့ဘာနဲ့။ ဒါပေမဲ့ ဒီအလုပ်ကိုလည်း ဆက်လုပ်တာပဲ။ အဲဒီလို ကောင်မလေးတွေကျတော့ အထာကြီးတွေနဲ့”ဟု နေပြည်တော်မှ အစိုးရအရာရှိတစ်ဦးက ရှင်းပြသည်။
“ကျွန်တော့် အစ်မ၀မ်းကွဲတစ်ယောက် မြ၀တီမှာ ကေတီဗီမှာလုပ်နေတယ်။ သူ့ကလေးကြောင့်ပါပဲ။ ယောက်ျားကပစ်သွားတယ်လေ။ အစ်မက အသက် ၂၀ ကျော်ပဲရှိသေးတယ်။ ဆယ်တန်းလည်းမအောင်ဘူး။ မြန်မြန်နဲ့ များများရတဲ့အလုပ်ကိုရှာတာ။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ကလေးကိုကျောင်းထားတယ်။ သူ့အစ်မနဲ့ အမေကို ပြန်ထောက်ပံ့တယ်။ သူအလုပ်ကနေထွက်ချင်ပြီလို့ ခဏခဏပြောတယ်”ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားငယ်တစ်ဦးကပြောပြသည်။

မဖွေးဖွေးတို့လို ကေတီဗီမယ်များသည် ညနေ ၆ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီခန့်အထိ အလုပ်ဆင်းရလေ့ရှိသည်။ တစ်လလျှင် နှစ်ရက်နားခွင့်ရသည်။ ကေတီဗီသို့ လာရောက်သီဆိုကြသည့် အမျိုးသားအများစုမှာ မူးယစ်သောက်စားထားသည့်အတွက် တထောင်းထောင်းထနေသည့် အရက်နံ့နှင့်ယဉ်ပါးအောင် နေထိုင်ကြရသည်။ ၎င်းတို့ကိုယ်ခန္ဓာကို ပွတ်သပ်ထိတွေ့မှုအချို့အတွက် သည်းခံကြရသည်။ အမူးလွန်နေသည့်ဧည့်သည်များက ရစ်သည့်ဒဏ်ကိုလည်းခံကြရသည်။

ကေတီဗီဆိုင်များမှာလည်း အထက်တန်းစားနှင့် အလယ်အလတ်တန်းစားများ အသီးသီးရှိကြသည့်အတွက် အထက်တန်းစားဆိုင်များသို့ ပြောင်းရွှေ့နိုင်ရန် အခွင့်ကောင်းစောင့်ကြရသည်။ အထက်တန်းစားကေတီဗီများမှာ အစားအသောက်နှင့်အခကြေး ဈေးကြီးသည့်အပြင် ကေတီဗီမယ်သို့ပေးရသည့် မုန့်ဖိုးပမာဏလည်း များပြားသွားသည့်အတွက် ၀င်ငွေပိုမိုရရှိကြသည်။

“အောက်တန်းကေတီဗီတွေက မယ်တွေက ဘ၀ပေးအခြေအနေအရဖြစ်ပြီးတော့ အထက်တန်းကေတီဗီကမယ်တွေက အလွယ်ကြိုက်တွေလို့မြင်တယ်။ သွားတဲ့သူ သုံးတဲ့ပိုက်ဆံနဲ့အနေအထား။ အခန်းအပြင်အဆင်တွေကအစ ကွာတယ်”ဟု အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးက ၎င်း၏အမြင်ကိုပြောပြသည်။

အထက်တန်းစားကေတီဗီများသို့ လာရောက်ကြသည့် ဧည့်သည်များမှာလည်း ငွေကြေးတတ်နိုင်သည့် လူတန်းစားတစ်ရပ်ဖြစ်ပြီး ငွေကိုရေလိုသုံးဖြုန်းခဲ့ကြလေ့ရှိသည်။ ဧည့်သည်အမျိုးသားက ၎င်းနံဘေးတွင် အဖော်လာပြုပေးသည့် ကေတီဗီမယ်ကို ကြိုက်နှစ်သက်ပါက ဖုန်းနံပါတ်ပေးထားခြင်းမှအစပြုကာ အားလပ်ရက်တွင် လျှောက်လည်ခြင်းမျိုးလည်း ပြုလုပ်တတ်ကြသည်။ ထိုဝန်ဆောင်မှုမျိုးမှ ရရှိသည့်ဝင်ငွေက တစ်လ၀င်ငွေထက် ပိုများသွားလေ့ရှိသည်ဟု ကေတီဗီသွားရောက်လေ့ရှိသူများကဆိုကြသည်။

ရွှေဂုံတိုင်မှ Family (ပွင့်သစ်စမ်း)နှင့် ရွှေတိဂုံတောင်ဘက်မုခ်မှ M3 ၊ Music Box ကဲ့သို့သော ကေတီဗီများကတော့ မိန်းကလေးဝန်ဆောင်မှုမပေးဘဲ အရက်ဘီယာသောက်စားရင် သူငယ်ချင်းများနှင့်သီဆိုခြင်း၊ မိသားစုအလိုက် လာရောက်သီဆိုခြင်း စသည့်တို့အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြ၀တီနှင့် မဲဆောက်မြို့များတွင်လည်း ကေတီဗီများစွာရှိပြီး မြန်မာအမျိုးသမီးများ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ကွာတာက ဘတ်ငွေနဲ့ ကျပ်နဲ့ပေးရတာချင်းကွာပြီး တူညီတာကတော့ ၀န်ဆောင်မှုပေးနေတာ မြန်မာအမျိုးသမီးချည်းဖြစ်နေတာပဲ။ တချို့ဆို သမီးဆီမှာ ငွေလာတောင်းတဲ့အချိန် သမီးရယ် ဆက်လုပ်ပါဦးလို့ သမီးကို တောင်းပန်နေတာမျိုးလည်း ကြုံခဲ့ရဖူးတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကိုဆမ်ကပြောသည်။

ရန်ကုန်မြို့တွင် ကေတီဗီကာရာအိုကေဆိုင် အများဆုံးရှိသည့် နေရာများမှာ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ အလုံ၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြသည်။ အဆိုပါကေတီဗီများတွင် ညစဉ်နှင့်အမျှ
သီဆိုသူအမျိုးသားထုဖြင့် ပြည့်နှက်လျက်ရှိပြီး ကေတီဗီမယ်တို့မှာလည်း ညစဉ်နှင့်အမျှ မအားလပ်အောင် ၀န်ဆောင်မှုပေးနေကြဆဲဖြစ်သည်။

အစိုးရမင်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်လည်း တော်ဝင်နန်းဟူသည့် အကြီးဆုံးကေတီဗီမှသည် ဘောဂသီရိကားဝင်းမှ ကေတီဗီများအထိရှိကြပြီး ငွေဖြုန်းတီးကြမည့် အမျိုးသားဧည့်သည်တော်ကြီးများကို စောင့်မျှော်လျက်ရှိကြသည်။

“အစားအသောက်ဈေးကြီးတယ်။ ကောင်မလေးတွေက ၀တ်ကျေတမ်းကျေတွေများတယ်။ တခြားအခန်းနဲ့ ဆက်ရှင်ခွဝင်တာများတယ်။ သီချင်းအပ်ဒိတ်လုပ်တာနည်းတယ်။ ဆက်ရှင်ပြီးခါနီးရင် ကောင်မလေးတွေက အချိုးပြောင်းတယ်။ ငွေကုန်တယ်။ အသံပြာတယ်။ အိပ်ရေးပျက်တယ်”ဟု နေပြည်တော်အစိုးရ၀န်ထမ်းတစ်ဦးက ကေတီဗီကို မကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို ပြောပြသည်။

ကေတီဗီမယ်များသည် တကယ့်ဘ၀အခက်အခဲကြောင့် ပိုက်ဆံအလွယ်ရသည့် လမ်းကြောင်းကို ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြပြီး ရည်မှန်းထားသည့် ငွေကြေးစုဆောင်းမိလျှင် မိဘနေရပ်ပြန်၍ ကောင်းရောင်း၊ ကောင်းဝယ်လုပ်စားကြခြင်းမျိုးလည်း ရှိကြပါသည်။

“တချို့က နောက်ကြောင်းမပြန်တော့ဘူး။ ယောက်ျားတွေဟာ သူတို့သားကောင်လို့ကိုထင်လာပြီး အဲဒီအလုပ်မှာပဲ ပျော်နေတော့တာ။ အသက်သုံးဆယ်ကျော်လောက်ဆို အူတူတူရိုးသားတဲ့ငွေကြေးအသင့်အတင့်ရှိတဲ့ သူတစ်ယောက်ကို အပိုင်ချည်ပြီး အိမ်ထောင်ပြုပြီး ဘ၀လမ်းကြောင်းကို ပြောင်းပစ်လိုက်ကြတာလည်းရှိတယ်။ ၀မ်းရေးကြောင့် ၀င်လုပ်ရတဲ့သူတွေထဲက တစ်ရာမှာဆယ်ယောက်လောက်ကတော့ မူလရည်မှန်းချက်အတိုင်း ဒီဘ၀ကလွတ်မြောက်အောင် ရုန်းထွက်နိုင်တာတွေ့ရတယ်”ဟု ကေတီဗီများသို့ ပုံမှန်သွားရောက်လေ့ရှိပြီး ကေတီဗီမယ်တစ်ဦးနှင့် သမီးရည်းစားသဖွယ်ဖြစ်ခဲ့ဖူးသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကရှင်းပြသည်။

မိမိပညာအရည်အချင်းနှင့် တစ်လလျှင် လစာသိန်းချီရနိုင်သည့် အလုပ်မျိုးမရှိသည့်အတွက် အလုပ်ထွက်လိုသော်လည်း ဒီလောကထဲမှာပင် တ၀ဲလည်လည်ဖြစ်နေရသည်ဟု မဖွေးဖွေးက
ပြောပါသည်။ ခုနစ်တန်းအောင်ခဲ့သည့် မဖွေးဖွေးမှာ ရည်မှန်းချက်တစ်ခုရှိပါသည်။ အဲဒါက ဒီဘ၀ထဲကရုန်းထွက်ပြီး သူနာပြုအကူအဖြစ် အသက်မွေးလိုခြင်းပဲဖြစ်သည်။

“သူနာပြုအကူသင်တန်းတက်ပြီး ရိုးရိုးသားသားလုပ်စားချင်တယ်။ အဲဒီအလုပ်က ငွေသိပ်မရဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ . . .”ဟုပြောရင်း မဖွေးဖွေး တီဗီဖန်သားပြင်မှ သီချင်းစာသားများကို ငေးမောနေသည်။

“သန်းခေါင်ယံည လမိုက်ခိုက်အောင် မမှီနိုင်ဘူးထင် . .စိတ်ဆင်ရိုင်းလောကသားရဲ့အမှောင်. ..မေတ္တာတရားခေါင်းပါးလွန်းနေ . . .ကရုဏာမဲ့သွေးသားအလိုအတွက် .. . ပင်ကိုအားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ်စတေးရရှာတယ် . . . သေတမန်ပြောင်းဝကို အရိုင်းပန်းငယ် . . .မလွန်ဆန်နိုင် ဆက်သရုံပဲ”

ရောင်စုံမီးလုံးများ ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှာ သီချင်းသံနှင့်အတူ ဆေးလိပ်ငွေ့များ၊ အရက်နံ့များလှိုင်ထနေသည်။ အသက် ၂၃ နှစ်အရွယ် မဖွေးဖွေးတစ်ယောက် ဘီယာပုလင်းကိုကိုင်ကာ ဧည့်သည်ရှေ့မှကုန်သွားသည့် ဘီယာခွက်ထဲသို့ ငှဲ့ထည့်ပေးလိုက်သည်။ ယခုတော့ ၎င်းမျက်နှာတွင် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားပြီးဖြစ်သည်။

ဝင်ငွေကွာဟမှုအခြေအနေများကြောင့် ကြိုးစားရုန်းကန်ရမှုဘ၀တစ်ခု၏ သက်ပြင်းတစ်ချက်သည် မွန်းကျပ်သည့် အခန်းငယ်လေးထဲမှာ သီချင်းသံနှင့်အတူ အပြင်ဘက်သို့လွင့်ပါသွားလေသည်။ ။

ရေးသားသူ- ဥက္ကာကိုကို - 7Day News Journal

Tuesday, September 24, 2013

ခုခံအား ကျဆင်းမှုရောဂါ အတွက် အေအာဗွီဆေး အသုံးပြုနည်း



ART ဆေး သောက်ရရင် (အမေး အဖြေ)
 မေး။    ။ ကျမက HIV ရှိနေပေမဲ့ ART ဆေး မသောက်ရသေးပါဘူး။ ART ဆေး အကြောင်းတွေ ဖတ်ပေမဲ့ သိပ်လည်းနားမလည်ပါဘူး။ ကျမ သိချင်တာက ဆေးစသောက်တဲ့ အချိန်မှာ ဆေးအတွဲတိုင်းက site effect ရှိနေတာလား။ (ဥပမာ ဖျားခြင်း၊ အဖုအပိန့်များ ထွက်ခြင်းနဲ့ တခြားသိသာတဲ့ လက္ခဏာတွေပေါ်ခြင်း) ပြီးတော့ ဆေးသောက်ပြီး ကြာလာတဲ့ အချိန်မှာ မျက်နှာတွေကျ အသားတွေ မရှိဖြစ်တဲ့ ဆေးက ဆေးနာမည် ဘယ်လိုခေါ်ပါ သလဲ။ အဲဒီလိုဆေးကို ရှောင်ပြီး သာမန်လူကဲ့သို့ မြင်ရလောက်တဲ့ ဆေးမျိုးရှိပါသလား။ နောက်တခု ကတော့ တခြား ဆိုက်တခုမှာ HIV  သမားတွေ အတွက် သတင်းကောင်း တခုကို ကြားသိခဲ့ရပါတယ် ။ အဲဒီ သတင်းဟာ ၂၀၁၂ ကထွက်တဲ့ သတင်းလို့ ယူဆရပါတယ်။ အဲဒီသတင်းဟာ မှန်ကန်မှုရှိလား။ ဒါမှမဟုတ် သုတေသိတွေက တကယ်ပဲ HIV ပျောက်ဆေးကို ထုတ်လုပ်နိုင်ပြီးလားဆိုတာ သိချင်ပါတယ်။
သတင်း အတိုလေးကိုပါ ပို့ပေးလိုက်ပါတယ်။


ဖြေ။    ။ ပို့ပေးလာတဲ့ သတင်းပို့စ်ဟာ HIM ဝက်ဆိုက်မှာလည်း ကူးယူ တင်ပြထားပါတယ်။
HIV ကာကွယ် ကုသဆေးဆိုတာ နောက်ဆုံးတော့ တကယ်ပေါ်လာခဲ့ပါပြီ http://www.hivinfo4mm.org/hiv-%e1%80%80%e1%80%ac%e1%80%80%e1%80%bc%e1%80%9a%e1%80%b9-%e1%80%80%e1%80%af%e1%80%9e%e1%80%b1%e1%80%86%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%90%e1%80%ac-%e1%80%b1%e1%80%94%e1%80%ac%e1%80%80/
အေအာတီဆေးတွေက ပထမဆုံး စသောက်ရင် ဆေးနဲ့ ကိုယ်နဲ့ မတည့်တာမျိုး လူနာတွေမှာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမဆုံး စသောက်တဲ့ ကာလ (၆) လ အတွင်းမှာ အထူး ဂရုစိုက်ပြီး ဆေး မတည့်တာတွေ ရှိ/မရှိ လေ့လာရပါတယ်။ လူတိုင်းမှာတော့ မဖြစ်ပါဘူး။ ဖြစ်ခဲ့ရင် တစ်ချို့လူတွေမှာ အသည်းရောင်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်တတ်လို့ အေအာတီဆေး စသောက်ခါစမှာ လူနာနဲ့ ဆရာဝန်နဲ့ အမြဲ တိုင်ပင်ထိတွေ့ဖို့ လိုပါတယ်။

ဆေးအားလုံးက အဆိပ်ဖြစ်တတ် ပါတယ်။ ဒီတော့ အေအာတီဆေးကလည်း ကိုယ့်အတွက် ဘေးထွက် ဆိုးကျိုး ရှိနိုင်ပါတယ်။ နေ့စဉ်သောက်နေတဲ့ ဆေးဖြစ်လေတော့ အဆိပ်အတောက်ဖြစ်လွယ် ပါတယ်။ ဆေး ရဲ့ ဘေးထွက် ဆိုးကျိုးတွေ အဓိက ထိတဲ့ နေရာတွေကတော့ အသည်း၊ ကျောက်ကပ်၊ အာရုံကြောတွေကို ထိပါတယ်။

မျက်နှာမှာရှိတဲ့ အဆီတွေ လျော့ကျပြီး မျက်နှာပုံ ပျက်စေတဲ့ ဆေးကတော့ Starvudine (d4T)  ဆေးဖြစ်ပါတယ်။ ဒီဆေးကို ရှောင်ပြီး သောက်လို့လည်း ရပါတယ်။ ဒီဆေးက မျက်နှာနဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ ကို နေရာ ယွင်းပြီး စုစေ၊ လျော့စေ တတ်ပါတယ်။ အထူးသဖြင့် ဘယ်လိုလူတွေမှာ ဖြစ်တတ်လဲဆိုတော့ -
- အသက် ၄၀ ကျော်သူတွေ
- သွေးထဲမှာ Triglyceride လို့ခေါ်တဲ့ အဆီဓာတ်ပမာဏ 200mg/dl ထက် များသူတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဒီဆေးအစား အခြားဆေးတွေ ပြောင်းသုံးလို့လည်း ရပါတယ်။

သတင်းမှာ ဖတ်လိုက်ရတဲ့ HIV ပျောက်အောင်ကုသတဲ့ ဆေးဆိုတာကတော့ သုတေသန အဆင့်ပဲ ရှိပြီး လက်တွေ့မှာ တရားဝင် မကြေညာနိုင်သေးပါဘူး။
လမင်းကို

ART ဆေး ပြောင်းသောက်သင့် သလား (အမေးအဖြေ)

မေး။    ။ ကျွန်တော် ARTဆေး သောက်တာ လေးနှစ်ရှိပါပြီ။ triomune ပါ။ အခြား ဘာပြဿနာမှ မရှိပါ။ မျက်နှာတော့ နည်းနည်း ကျပါတယ်။ အဲဒါ ဆေးပြောင်းသင့်ပါသလား။ ၀၉၄၂၀၁၇၄၉၈၁ messag ဖြင့် ပို့ပေးပါ။

ဖြေ။    ။ ဆေးသောက်တာ ၄ နှစ်ရှိပြီဆိုတော့ ART ဆေးနဲ့ တော်တော်လေး အကျွမ်းတ၀င် ရှိနေပြီလို့ ယူဆလို့ ရပါတယ်။
ဆေးပြောင်း/မပြောင်း အကြံမပေးခင်မှာ ကျနော်တို့ ဘက်က သိချင်တာလေးတွေ ရှိပါတယ်။

၁) လက်ရှိမှာ မိတ်ဆွေက ART ဆေးကို ကိုယ်ပိုင် ၀ယ်သောက်နေတာလား (သို့) အန်ဂျီအိုတွေကနေ ဆေးရရှိနေတာလား။
၂) ART ဆေးသောက်ပြီးတည်းက ဘယ်ဆရာဝန်နဲ့ ပုံမှန်ပြပါသလဲ။ ဆိုလိုတာက မိသားစု ဆရာဝန်နဲ့ တိုင်ပင်တာလား (သို့) အန်ဂျီအိုက ဆရာဝန်နဲ့လား (သို့) HIV specialist ဆရာဝန်နဲ့ ပြတာလား။

မိတ်ဆွေရဲ့ မေးခွန်းကို အောက်မှာ ဆွေးနွေးပေးထားပါတယ်။
Triomune သောက်လို့ မျက်နှာကျတိုင်း ဆေးပြောင်းစရာ မလိုအပ်ပါဘူး။ ပုံမှန်အားဖြင့် ဆေးပြောင်းသောက်ရတဲ့ အကြောင်းရင်းက
၁) ဆေးသောက်နေပါလျက် CD4 အရေအတွက် ကျနေခြင်း၊ မတိုးတက်လာခြင်း
၂) ဆေးသောက်နေပါလျက် Viral load (ပိုးအရေ အတွက်) တက်လာခြင်း
၃) ဆေးနှင့် ဓာတ်မတဲ့ခြင်း (ဥပမာ- အသည်းရောင်ခြင်း၊ အရေပြား ပြဿနာ၊ အာရုံကြောရောင်ခြင်း)...စတာတွေက အဓိက ကျပါတယ်။


မျက်နှာကျလို့ ဆေးပြောင်းသောက်ချင်တယ် ဆိုရင်တော့ ကိုယ်ပိုင် ၀ယ်သောက်နေသူအတွက် စဉ်းစားရမှာက ပြောင်းသောက်မယ့် ဆေးရဲ့ တန်ဖိုး (ကုန်ကျစရိတ်) ဖြစ်ပါတယ်။ ပြောင်းသောက်မယ့် ဆေးဖိုးကို ကိုယ်က တက်နိုင်ရင်တော့ ပုံမှန်ပြနေကျ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်း သောက်နိုင်ပါတယ်။
အန်ဂျီအိုက အထောက်အပံ့နဲ့ သောက်နေသူဆိုရင်တော့ အထက်က ရှင်းပြခဲ့တဲ့ အချက် ၃ ချက်နဲ့ ကိုက်ညီမှ ဆေးပြောင်းပေးတာ များပါတယ်။

Hand Phone ကို message မပို့ပေးနိုင်တာ ခွင့်လွတ်ပါခင်ဗျာ။ ကျနော့်အတွက် အင်တာနက်က ဆက်သွယ်တာက ပိုအဆင်ပြေပါတယ်။
ဒီလောက်ဆို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

လမင်းကို

ခုခံအား ကျဆင်းမှုရောဂါ အတွက် အေအာဗွီဆေး အသုံးပြုနည်း
 ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ ကမ္ဘာပေါ်မှာ ၁၉၈၁ ခုနှစ်က စတင် ပေါ်ပေါက်ခဲ့ရာ ၃၂ နှစ် ရှိပြီဖြစ်တယ်။ ယခုခေတ် ဒီအင်အေစမ်းသပ်နည်းနဲ့ လေ့လာခဲ့ရာမှာ အာဂျင်တီနား နိုင်ငံတွင် ၁၉၅၄ ခုနှစ်တွင် သေဆုံး ခဲ့သောလူနာ တစ်ဦးမှာ HIV ဗီဇပါဝင်တာ တွေ့ရလို့သည် ထက်မကစောစွာ ကူးစက်နိုင်ခဲ့တယ်လို့ ယုံကြည် ထားကြတယ်။ ''ကုရာနတ္ထိဆေးမရှိ'' ရောဂါကနေ AIDS ရောဂါ ကုသဆေး (antiretroviral Drug (Anv)) ပေါ်လာပြီး သေဆုံးမှုကို ၈ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်း အထိ လျှော့ချနိုင်လာတယ်။ အသက် ဆန့်ထုတ်နိုင်တယ်။ အေအာဗွီဆေး ပုံမှန် မှီဝဲရင် ပုံမှန် လူတစ်ယောက်လို နေနိုင်၊ သွားလာနိုင်၊ အလုပ်လုပ်နိုင်လို့ သက်တမ်းစေ့ နေရမှာဖြစ်တယ်။ အေအာဗွီ ဆေးမသောက်ခင် ဆေးနဲ့ပတ်သက်ပြီး သိသင့်တာတွေ တင်ပြလိုက်ပါတယ်။

အေအာဗွီဆေးကို လိုအပ်မှ မှီဝဲရမယ် ''ခန္ဓာကိုယ်မှာ ပိုးရှိနေပြီ'' သိရုံနဲ့ ဆေးပေးရန်မလိုပါ။ ခန္ဓာကိုယ်ရဲ့ ခုခံအားကျဆင်းမှသာ အခြား ကူးစက်ရောဂါများ ဝင်ရောက်ပြီး သေဆုံးကြ ရတယ်။ အေအာဗွီ ဆေးမှီဝဲဖို့လို၊ မလို လူနာအခြေအနေနဲ့ (Du Count) ခေါ် သွေးတွင်း သွေးဖြူဥ တစ်မျိုးရဲ့ အရေတွက်ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ရတယ်။ စီဒီဖို့ (၂ဝဝ) ထက်နည်းသူများသာ အေအာဗွီသောက်ဖို့ မလိုဘဲ သုံးလ သို့မဟုတ် ခြောက်လတစ်ခါ မိမိကိုယ်ခံ စွမ်းအားကို သိရှိရန် ပြန်စစ်ဖို့လိုတယ်။

အေအာဗွီဆေးကို မလိုဘဲ စောစီးစွာသုံးရင် ဆေးယဉ်ပါးမှု ဖြစ်လာစေတယ်။ အေအာဗွီရဲ့ ဘေးထွက် ဆိုးကျိုးဖြစ်တဲ့ အသည်းရောင်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်းနဲ့ ရိုးတွင်းခြင်ဆီ အားနည်းခြင်းတို့ ဖြစ်လာနိုင်ရာ ဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာ သောက်သင့်တယ်။ အေအာဗွီကို ယဉ်ပါးလာရင် ဘယ်ဆေးမှ မတိုးတဲ့ ခုခံအား ကျဆင်းမှု ရောဂါဖြစ်လာမယ်။ မလိုအပ်ဘဲ ငွေကုန်များမယ်။ ဒါကြောင့်ကူးစက်ပြီး ဆဲလ် အရေအတွက် နည်းမှ ၈ နှစ် သို့မဟုတ် ၁ဝ နှစ်ကြာမှ သောက်ဖို့ လိုတယ်။ ဆေးဝါး သုံးစွဲမှုကျလို့ ဆေးလျှော့ သောက်မိရင် စနစ်တကျ ပြန်လည်မှီဝဲဖို့လိုမယ်။ ဆေးကို နောက်ကျမှမှီဝဲရင် ကိုယ်ခံစွမ်းအား ပြန်တက်ဖို့ ခက်ခဲမယ်။ အခြားကူးစက် ရောဂါ တစ်မျိုးနဲ့တွဲလို့ အေအာဗွီဆေးများ သောက်သုံးရင် ပိုမို နောက်ကျတတ်တယ်။ ဆေးဝါးရဲ့ ဆိုးကျိုးပိုခံစား ရတယ်။ သက်တမ်းကို နှစ်ပေါင်းများစွာ ဆွဲဆန့်ဖို့ ခက်ခဲလာတယ်။ အေအာဗွီဆေးကို တစ်သက်လုံး သောက်သုံးရမှာဖြစ်တယ်။ ရပ်လိုက်ရင် ကိုယ်ခံအား ပြန်ကျ ပြီး ရောဂါစုံလာတတ်တယ်။ အေအာဗွီဆေးကို မိမိ သဘောနဲ့ ဝယ်ယူ မသုံးစွဲသင့်ပါ။  လိုအပ်ပါက သွေးစစ်၊ ဓာတ်မှန်ရိုက်လုပ်ပါ။

မြန်မာနိုင်ငံ၌ အေအာဗွီ ဆေးဝါးများမှာ သောက်ဆေးများသာရှိတယ်။ ထိုးဆေးမရှိသေးပါ။ ထိုးဆေးကို နေ့တိုင်း ထိုးရပြီး အေအာဗွီစားဆေး မတိုးတဲ့ လူနာများ သုံးစွဲကြတယ်။ အေအာဗွီဆေးကို နေ့စဉ်မပျက်မကွက် ပုံမှန်သောက် သုံးဖို့လိုတယ်။ နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်သုံး ရတယ်။ အစာနဲ့ ဝေးဝေးသောက်ရမယ်။ အရက်၊ မူးယစ်ဆေးနဲ့ ရောမသောက်ရ။ အာနိသင် မရှိဖြစ်တယ်။ အေအာဗွီဆေးကို သတ်မှတ်အကြိမ် အရေအတွက် အတိုင်း သောက်ရမယ်။ ဆိုလိုတာက မနက်၊ ညသောက်ဆိုရင် နှစ်ကြိမ် မီအောင် သောက်ရမယ်။ လျှော့သောက်ခြင်းကနေ ဆေးယဉ်ပါးလာကာ ဆေးမတိုးတဲ့အထိ ဖြစ်တတ်တယ်။
အေအာဗွီဆေးကို ဆေးဖက်ဝင် အပင်များနဲ့ တွဲဖက် မစားသင့်ပါ။ အေအာ ဗွီတစ်ခုတည်း သောက်သင့်တယ်။ အားဆေးလည်း တွဲမသောက်သင့် သလို အစာနဲ့လည်း မနီးရပါ။ အေအာဗွီ သောက်သူများ ဆေးစစ်ခြင်းနှင့် ဆရာဝန် အကြံဥာဏ် ရယူခြင်းများ နှစ်စဉ် လုပ်သင့်တယ်။

မြဝတီ - ခုခံအား ကျဆင်းမှုရောဂါ အတွက် အေအာဗွီဆေး အသုံးပြုနည်း

Monday, September 23, 2013

လေ့ကျင့်ခန်း လုပ်စရာမလိုဘဲ ဇီဝရုပ်ဖြစ်ပျက်မှု မြန်ဆန်စေရန်


လေ့ကျင့်ခန်း လုပ်စရာ မလိုဘဲ ဇီဝ ရုပ်ဖြစ်ပျက်မှု မြန်ဆန်စေတဲ့ နည်းလမ်းတွေ လုပ်ဆောင်ပြီး ကိုယ်အလေးချိန် လျှော့ချ နိုင်ပါတယ်။

နာနတ်သီး စားပါ
နာနတ်သီးမှာ ပါဝင်တဲ့ ဘရိုမီလင် က အစာအိမ်နဲ့ အူလမ်းကြောင်း မအီမ သာဖြစ်မှုတွေကို ကောင်းမွန်စေ တယ်လို့ နယူးယောခ်မှ ဒေါက်တာ ဒန်ဟမ်နာက ပြောပါတယ်။ ဘရိုမီလင်က ပန်ခရိယ ဆဲလ်တွေကို ကူညီပေး တာကြောင့် အစာ ချေဖျက်မှုကို အားပေး ပါတယ်။ ဩဂဲနစ် သီးနှံများ ကိုသာ စားသုံးပါ အသီးအနှံတွေ ဝယ်ယူတဲ့ အခါ သ ဘာဝအတိုင်း စိုက်ပျိုး ထားတဲ့ ဩဂဲ နစ်သီးနှံတွေကို ရွေးချယ် ဝယ်ယူပါ။ လေ့ လာမှုတွေ အရ ပိုးသတ်ဆေးတွေ သုံးထား တဲ့ အသီးအနှံ တွေကို စားသုံး တာကြောင့် အဆီဆဲလ်တွေ ထဲမှာ ပိုးသတ်ဆေး အ ကြွင်းအကျန်တွေ ရှိနေပြီး အဲဒါတွေက ဇီဝဖြစ်ပျက်မှုကို နှေးစေ တယ်လို့ တွေ့ရှိ ထားပါတယ်။

တရားထိုင်ပါ
နေ့စဉ်ပုံမှန် တရားအား ထုတ်တာ က ဇီဝရုပ်ဖြစ် ပျက်မှုကို မြန်စေ ပါတယ်။ စိတ်ဖိစီးမှုက ခန္ဓာကိုယ်ကို အကြီးအကျယ် ထိခိုက်စေပြီး ဗိုက်ပတ် လည်မှာ အဆီပို တွေကို စုစေပါတယ်။ တရား ထိုင်တာက စိတ်ဖိစီးမှု လျှော့ချပေးပြီး ဇီဝရုပ်ဖြစ်ပျက် မှုကို ကောင်းမွန်စေပါတယ်။

လက်ဖက်ရည်ကြမ်း သောက်ပါ
လက်ဖက်ရည်ကို တစ်ကျိုက်ချင်း သောက်တာက ဇီဝရုပ်ဖြစ် ပျက်မှုကို မြန် ဆန်စေပြီး ကိုယ်အလေးချိန် ကျဆင်းစေ ပါတယ်။ လက်ဖက်ရည်ကြမ်းထဲမှာ ကက် တီချင်ပါဝင် တာကြောင့် ဇီဝရုပ်ဖြစ်ပျက် မှုမြန် ဆန်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက် စထရော တွေကိုလည်း လျော့နည်း စေပါတယ်။

ရေအေးအေးနှင့် ချိုးပါ
ခန္ဓာကိုယ် တုန်ယင်မှု ကလည်း ဇီဝ ရုပ်ဖြစ် ပျက်မှုကို ကောင်းစေ ပါတယ်။ ရေ အေးအေးနဲ့ ချိုးတာကြောင့် ချမ်းတုန်လာ တာက ဇီဝရုပ်ဖြစ် ပျက်မှုကို ကောင်းစေပြီး ကြွက်သားတွေ ကျုံ့ညှစ်မှုကို ဖြစ်စေပါ တယ်။ ရေအေးအေးကြောင့် အေးတဲ့ဒဏ် ကို ခံရပေမယ့် ခန္ဓာကိုယ်တွင်း အပူချိန် ပြောင်းလဲမှု မဖြစ်အောင်၊ ပုံမှန် အပူချိန်ကို ပြန်ရအောင် သဘာဝအတိုင်း ထိန်းညို တာက ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။

အရက်ကို ထိန်းချုပ်သောက်ပါ
စိတ်ထိခိုက် ခံစား နေရတာ ဒါမှမ ဟုတ် အပေါင်းအသင်း တွေနဲ့ဆုံတွေ့တာ မျိုးတွေမှာ အရက်ကို အလွန်အကျွံ သောက်မိတတ်ပါတယ်။ အရက်နဲ့ အချို ရည်ရောစပ်ပြီး ကော့တေးသောက်တာ၊ ဒါမှမဟုတ် ဝိုင်နှစ်ခွက်၊ ဒါမှမဟုတ် ဘီ ယာနှစ်ပုလင်းသောက်တာကြောင့် ခန္ဓာ ကိုယ်ရဲ့အဆီချေဖျက်နိုင်စွမ်း ၇၃ ရာခိုင် နှုန်းလျော့နည်းစေတယ်လို့ သုတေသန တွေမှာ တွေ့ရှိပါတယ်။ အသည်းက အဲလ်ကိုဟောကို အစီတိတ် အဖြစ် ပြောင်းလဲပြီး လောင်စာ အဖြစ် အသုံးပြု တာကြောင့် ခန္ဓာကိုယ်တွင်း သိုလှောင် ထားတဲ့ အဆီတွေ ဖြိုခွဲမှုလျော့ နည်းသွား ရတာပါ။ 

အချဉ်ဓာတ်ရှိသော သစ်သီးအနံ့ရှူပါ
အချဉ်အရသာ ရှိတဲ့ သစ်သီး တွေရဲ့ ရနံ့ ဒါမှမဟုတ် ပက်ပါမန့် ရနံ့ကို ရှူရှိုက် လိုက်တဲ့ အခါ အာရုံကြော စနစ်ကို လှုံ့ ဆော်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ လေ့ကျင့်ခန်း လုပ်နေ စဉ်မှာ သံပရာရနံ့၊ စတော်ဘယ်ရီ ရနံ့မျိုး ရတဲ့အခါ ခန္ဓာကိုယ်က ကယ်လိုရီအပို တွေ ပိုမိုလောင်ကျွမ်း နိုင်ပါတယ်။

ရေအေးအေးသောက်ပါ
ရေက ခန္ဓာကိုယ်တွင်း လုပ်ငန်း ဆောင်တာတွေ လုပ်ဆောင်ဖို့နဲ့ ဆဲလ်အ တွင်း အစာအာဟာရတွေ ရရှိဖို့အတွက် မရှိမဖြစ်ပါ။ လေ့လာမှု တွေအရ တစ်နေ့ ကို ရေ ၈-၁၂ ဖန်ခွက် သောက်သုံးသူ တွေဟာ တစ်နေ့ကို ရေလေးဖန်ခွက် သောက်သုံး သူတွေထက် ဇီဝရုပ်ဖြစ်ပျက် မှု ပိုမိုမြန်ဆန် တာကို တွေ့ရပါတယ်။ ရေဓာတ်လိုအပ်တဲ့အခါ ခန္ဓာကိုယ်က ဆာလောင်မှုနဲ့ မှားယွင်းပြီး အစာတွေ ပိုစားမိနိုင်ပါတယ်။ ရေကို ပြည့်ပြည့်ဝ၀ သောက်တာက အစာပိုမစားမိအောင် ထိန်းချုပ်ထားပြီးသား ဖြစ်စေပါတယ်။

အပူအစပ် စားပါ
အစပ်စားတဲ့အခါ စပ်လွန်းလို့ မျက် ရည်ထွက်တာ မျိုးတောင် ဖြစ်တတ်ပါ တယ်။ အစပ်စားတဲ့အခါ နှလုံးခုန် နှုန်းမြန် လာတာ၊ အဲဒီအစာကို ချေဖျက်ဖို့ စွမ်း အင်အသုံးပြု ရတာတွေကြောင့် ကယ်လို ရီတွေလောင်ကျွမ်း သွားစေ ပါတယ်။ 

မတ်တတ်ရပ်ပါ
အထိုင်များ တာက ကယ်လိုရီ လောင်ကျွမ်းမှု နည်းတာကြောင့် ကိုယ် အလေးချိန် တက်လာ စေပါတယ်။ မတ် တတ်ရပ်အလုပ် လုပ်ရသူတွေ အနေနဲ့ သိပ်မသိ သာပေမယ့် အထိုင်များ သူတွေ အနေ ဝမ်းဗိုက်ပိုင်းမှာ အဆီပိုတွေ သိသိ သာသာ စုလာတတ် ပါတယ်။ အထိုင်များ သူတွေ အနေနဲ့ ၃၀ မိနစ်လောက် အလုပ် လုပ်ပြီးတိုင်း ၅ မိနစ်လောက် လမ်းထ လျှောက်ပေးပါ။

ကော်ဖီသောက်ပါ
ကဖင်းက နှလုံးခုန်မြန်တာ၊ အသက် ရှူမြန်တာနဲ့ ဇီဝရုပ် ဖြစ်ပျက်မှု မြန်တာ တွေ ဖြစ်စေ ပါတယ်။ ကဖင်း ပါတဲ့ဖျော် ရည်သောက် သူတွေဟာ ကဖင်းမပါတဲ့ ဖျော်ရည်သောက် သူတွေထက် ဇီဝရုပ် ဖြစ်ပျက်မှု ၁၆ ဆ ပိုမို ကောင်းမွန် တာကို တွေ့ရပါတယ်။ ကဖင်းဓာတ် အများအ ပြားသောက်သုံး တာမျိုးကတော့ သင့် ကျန်းမာရေးကို ထိခိုက် နိုင်ပါတယ်။ 

အသက်ရှူလေ့ကျင့်ပါ
အသက်ရှူ လေ့ကျင့်ခန်းက အောက် ဆီဂျင်ကို အလုံအလောက် ရရှိစေပြီး ဇီဝ ရုပ်ဖြစ်ပျက်မှုကို ကောင်းစေ ပါတယ်။ ယောဂကျင့်တာ၊ တရားထိုင် တာတွေ ပြု လုပ်ပေးပါ။  

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Credit: Good Health - အလှအပနှင့်ကျန်းမာရေးဂျာနယ်

Sunday, September 22, 2013

ဈေးကွက်စီးပွားရေးနှင့် အဆိပ်အစာများ


အစာလည်းဆေး၊ ဆေးလည်းအစာတဲ့။ အခုတော့ဖြင့် အစာလည်းအဆိပ်၊ အဆိပ်လည်း အစာဖြစ်လို့ နေပါပြီ။ ရက်ပိုင်းအတွင်း ကြားနေရတဲ့ထဲမှာ အစာနဲ့ ပတ်သက်ပြီး ကြားရတဲ့ သတင်းတွေ စုံပါတယ်။ ငါးပိသိပ်တဲ့အထဲ ဓာတ်မြေသြဇာ ရောသိပ်သတဲ့။ ဓာတ်မြေသြဇာ စိမ့်ဝင်တဲ့ ဟင်းသီးဟင်းရွက် စားမိလို့ အစာအဆိပ် သင့်လို့တဲ့၊ စားသောက်ကုန်ပေါင်းစုံ အတုလုပ်နိုင်တဲ့ ပုံးခွံ၊ ပုလင်းခွံတွေ သွင်းလာတယ်တဲ့။ ချရေးပြရင်ပဲ အတော်များများ ရေးနိုင်ပါတယ်။

ဈေးကွက်စီးပွားရေးနှင့် အသင့်စားကုန်များ
ခေတ်က ဈေးကွက်စီးပွားရေးခေတ် ဖြစ်ပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို အရည်အသွေးကောင်းကောင်း ဈေးကောင်းကောင်းနဲ့ ရောင်းမလား၊ ဈေးချိုချိုနဲ့ အရည်အသွေးညံ့တာ ရောင်းမလား၊ ရှင်းပါတယ်။ ဈေးချိုချို၊ အရည်အသွေး ညံ့တာတွေက ၀ယ်လိုအားများတော့ ဈေးချိုသထက်ကနေ ဈေးပေါပေါနဲ့ အရည်အသွေး ညံ့တာတွေသုံးပြီး ရောင်းလာကြပါတယ်။ ၀ယ်ယူသူတွေကလည်း ၀င်ငွေနဲ့ ချင့်ချိန်ဝယ်ယူကြတော့ အကောင်းစားတွေ လိုချင်ပေမယ့် သူ့အတိုင်းအတာနဲ့သူ ၀ယ်ကြရပါတယ်။ အခု ၂၁ ရာစုမှာတော့ လူတွေလိုသမျှ အကုန်ဝယ်ယူ နိုင်အောင်လည်း စီးပွားရေး လုပ်ငန်းအသီးသီးက အမျိုးမျိုး ထုတ်လုပ်ရောင်းချ ကြပါတယ်။ မီးဖိုချောင်သုံး စားကုန်မှာတောင် အသင့်ချက်ပြုတ်နိုင်အောင် ငရုတ်ကောင်းမှုန့်၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်မှုန့် အစုံကနေ ကြက်သား၊ အသားငါး အသင့်စားဘူးတွေအထိ ရပ်ကွက်ဈေးတွေမှာ၊ Supermarket တွေမှာ လွယ်လွယ်ကူကူ ဖြန့်ဖြူးရောင်းချလျက် ရှိပါတယ်။ အခုဆိုရင် ABC စတိုးတွေမှာချက်ပြီး ထမင်းနဲ့ဟင်း တွဲရောင်းတဲ့ ထမင်းဘူးတွေကိုပါ လွယ်လွယ်ဝယ်စားနိုင်အောင် အသင့်စားထုတ်ကုန်တွေဟာ အမျိုးစုံ ရှိပါတယ်။

အဘွားတို့ အမေတို့ ခေတ်ကတော့ ရှင်းပါတယ်။ ငရုတ်သီး၊ ကိုယ်တိုင်နေလှန်း၊ ဆေးကြောပြီး အဖတ်မရှိဖို့ ညက်နေအောင်ထောင်း၊ အချိုမှုန့်အတွက် သား၊ ငါးပြုတ်ရည်ချက်ရတဲ့ အချိုကို အားကိုး၊ လက်ဖက်၊ ငါးပိကို အိမ်မှာကိုယ်တိုင် သိပ်ခဲ့ကြတယ်။ အိမ်ရှင်မ ရွေးမယ်ဆိုရင်တောင် ငရုတ်သီး ညက်ညက်ထောင်းခိုင်းပြီး ရွေးတယ်တဲ့။ မြင့်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ နေထိုင်မှု စရိတ်တွေကြောင့် တစ်ဦးတည်းရှာဖွေ ကျွေးမွေးလို့ မလုံလောက်ဘဲ အိမ်ရှိလူကုန် ရှာဖွေကြရပါတယ်။ ဒီအထဲမှာ အိမ်ရှင်မတွေလည်း ပါဝင်ပြီးချက်ပြုတ်မှုတွေမှာ အသင့်ထုတ် ငရုတ်သီးမှုန့်၊ ကြက်သွန်ကြော်၊ အချိုမှုန့်၊ ဟင်းခတ်မှုန့်တွေ အသုံးပြုပြီး ရုံးချိန်အမီ၊ ကျောင်းချိန်အမီ လွယ်ကူလျင်မြန်စွာ ချက်ပြုတ်နေကြရပါတယ်။

ဒါ့ကြောင့် ဓာတုဆေးတွေ ဘယ်လောက်ပဲ ဆိုးထားတယ်ပြောပြော၊ ဓာတ်မြေသြဇာတွေနဲ့ သိပ်ထားတယ်ဆိုဆို၊ မသန့်ရှင်းတဲ့ရေ ထိုးရောင်းတဲ့ အသားငါးတွေဟာ ဆက်လက်ရောင်းရမြဲ၊ ရောင်းရဆဲပါပဲ။ စီးပွားရေး သမားတွေကတော့ ကိုယ့်ထုတ်ကုန် များများရောင်း၊ မြန်မြန်ကုန်၊ ပိုက်ဆံမြန်မြန် ရဖို့အတွက် အမြဲတွေးတောပြီး ဈေးကွက်ရှာနေ ကြတာမှာ မသမာတဲ့ နည်းလမ်းတွေသုံးတဲ့ လုပ်ငန်းရှင်တွေဟာ တစ်နေ့တခြား များလာပါတော့တယ်။

အသင့်စားကုန် ဈေးကွက်မှ တရုတ်နှင့်ထိုင်း
ပြည်တွင်းအသင့်စား စားသောက်ကုန် ဈေးကွက်မှာ ဈေးကွက်ဝေစု များများရထား တာကတော့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်၊ ထိုင်းနိုင်ငံတွေက စားသောက်ကုန်တွေက ရထားပါတယ်။ ကလေးတွေစားတဲ့ ကျောင်းမုန့်ဈေးတန်းမှာရောင်းတဲ့ အသင့်စားကုန်ဖြစ်တဲ့ သကြားလုံး၊ ပီကေ၊ ချောကလက်တွေကနေ မုန်မျိုးစုံကို ဒီဇိုင်းအရောင်အသွေး အစုံနဲ့ ၀ယ်ယူနိုင်ပါတယ်။ ကျွန်မက မင်္ဂလာဈေးမှာ အိမ်နီးချင်း နိုင်ငံတွေက ၀င်လာတဲ့ အသင့်စားကုန် လက်ကားဆိုင်ဖွင့်ပြီး ရောင်းချဖူးပါတယ်။ ရပ်ကွက်၊ ဈေးဆိုင်တွေကနေ ဈေးဝယ်စင်တာ Supermarket တွေဟာ မင်္ဂလာဈေး စားသောက်ကုန်ရောင်းတဲ့ အထပ်မှာ လာဝယ်ကြတာပါ။ ကလေးတွေကြိုက်တဲ့ သရေစာတွေလည်း ရောင်းသလို၊ ကန်တော့ခြင်းတွေထဲ ထည့်တဲ့ ကော်ဖီမစ်၊ စတော်ဘယ်ရီဂျမ်၊ မုန်ပုံးတွေပါ ရောင်းပါတယ်။ ကျောင်းလိုင်းလို့ခေါ်တဲ့ သာရေစာ စားကုန်မှာ ကလေးတွေအကြိုက် အရောင်စုံ၊ အရုပ်ပုံစံ အစုံ၊ အလှအပ အစုံနဲ့ ဆွဲဆောင်နိုင်တဲ့ တရုတ်နိုင်ငံကသွင်းတဲ့ သကြားလုံး၊ ချောကလက်၊ အချိုရည်၊ အချဉ်ထုပ်တွေဟာ ကျောင်းဖွင့်ရာသီမှာဆို အရမ်းရောင်းရပါတယ်။ ဒီသာရေစာတွေမှာ သက်တမ်းကုန်တဲ့ရက်၊ အသုံးပြုထားတဲ့ ကုန်ကြမ်းတွေကို တရုတ်ဘာသာနဲ့ပဲရေး ထားတာပါ။ တရုတ်စားသောက်ကုန် အများစုမှာ ထုတ်လုပ်တဲ့ ရက်စွဲသာပါပြီး တစ်နှစ်အထိ စားသုံးနိုင်တယ်လို့ ရေးထားပါတယ်။ ဒါကို တရုတ်စာ ဖတ်တတ်လို့သာ သိတာပါ။ ထိုင်းကတော့ အင်္ဂလိပ် ဘာသာနဲ့ ရေးထားပါတယ်။ ထိုင်းစားသောက်ကုန်ကတော့ ထုတ်လုပ်တဲ့ ရက်စွဲ၊ ကုန်ဆုံးတဲ့ ရက်စွဲ ရေးထားပါတယ်။ ဒါပေမဲ့ ကျောင်းဈေးတန်း၊ အိမ်စတိုးဆိုင်၊ Supermarket တွေမှာ ရောင်းချတဲ့ သူတွေကတော့ ဒါတွေကို အထူးတလည် သတိထားပြီး မေးလေ့မေးထ သိပ်မရှိပါဘူး။

ဒီနေ့ခေတ်မှာတော့ စားသုံးသူတွေဟာ လုပ်ငန်းရှင်တွေရဲ့ အမြတ်များများနဲ့ မြန်မြန်ရောင်းရရေးအတွက် အသုံးချခံတွေ ဖြစ်လာရပါပြီ။ အထူးသဖြင့် နေ့စား၊ သာမန်လက်လုပ် လက်စားနဲ့ လစာနဲ့ လုံလောက်အောင် စားနေရတဲ့ လခစား ၀န်ထမ်းတွေဖြစ်တဲ့ ပြည်သူတွေပါပဲ . . . . .

သူတို့ အဓိက ထားတာက အရင်းဘယ်လောက် ရှိလဲ။ အမြတ်ဘယ်လောက် ကျန်မလဲ။ အသစ်အဆန်းက ဘာတွေလဲ ဆိုတာပါပဲ။ စားသောက်ကုန်ဆိုပြီး အထင်မသေးပါနဲ့။ ဒီဇိုင်း၊ ပုံစံ၊ အရောင်အသွေးတွေကို ၀ယ်သူတွေက ကြည့်ပြီးဝယ်တာပါ။ ဒါကြောင့် လက်ကားဆိုင်တွေဟာ တစ်ဖက်နိုင်ငံက သွင်းလာတဲ့ ကုန်သည်တွေ လာသွင်းရင် ဈေးနှုန်းရော၊ ဒီဇိုင်း၊ အရောင်အသွေးနဲ့ ၀ယ်လိုအားအပေါ်ကြည့်ပြီး ဈေးဖြတ်ပါတယ်။ သိသလောက် တစ်ဖက်က သွင်းလာရာမှာ နယ်စပ်တွေကနေ ပစ္စည်းသယ်သူတွေကို ကုန်သည်တွေက သယ်ခိုင်းပြီး မင်္ဂလာဈေးမှာ လာသွင်းကြတာပါ။ ဈေးပေါ်ရောက်မှ ဒိုင်တွေက ကုန်သည်တွေရဲ့ ပစ္စည်းကို ဈေးဖြတ်ပြီး ဆိုင်ငယ်တွေက တစ်ဆယ်၊ နှစ်ဆယ်စားနဲ့ ပြန်ရောင်းပါတယ်။ အဲ့ဒီနောက် ရပ်ကွက်ဈေးဆိုင် အသီးသီးနဲ့ Supermarket တွေကတစ်ဆင့် ပြန်ရောင်းပြီး စားသုံးသူတွေထံ ရောက်လာကြပါတယ်။

ယှဉ်ပြိုင်ရောင်းချ စားသောက်ကုန် ဈေးကွက်
အသင့်စားသောက် ကုန်တွေဖြစ်တဲ့ တရုတ်၊ ထိုင်းစားကုန်တွေဟာ မှောင်ခိုလမ်းကြောင်းက တရားမ၀င်ဘဲ ပြည်တွင်းကို ရောက်လာကြပါတယ်။ ဒါ့ကြောင့် တရားမ၀င် မှောင်ခိုဖမ်းမိတဲ့ အထဲမှာ တရုတ်နဲ့ ထိုင်းတွေကထုတ်တဲ့ စားသောက်ကုန်တွေကို အများဆုံး ဖမ်းမိတာပါပဲ။ တရားမ၀င် မှောင်ခိုဝင်လာတဲ့ တရုတ်နဲ့ထိုင်းက အသင့်စားကုန်တွေကို မလေးရှား၊ ဗီယက်နမ်က စားကုန်တွေက ဈေးကွက်ဝေစု မယှဉ်နိုင်ပါဘူး။ အကြောင်းကတော့ သူတို့က ရေလမ်း၊ သင်္ဘောလမ်းက၀င်ပြီး ကုမ္ပဏီပစ္စည်း သွင်းတာကြောင့် သယ်ယူစရိတ်၊ အခွန် စတာတွေကြောင့် ဈေးနှုန်းပိုင်းမှာ မယှဉ်နိုင်ပါဘူး။
ဒါကြောင့် နယ်စပ်တွေက၀င်တဲ့ တရုတ်၊ ထိုင်း အသင့်စားကုန်တွေကို တော်တော်ယှဉ်ပြီး ရောင်းရပါတယ်။ အဲ့ဒီလို မလေးရှား၊ ဗီယက်နမ်က စားကုန်တွေကို Supermarket တွေက ၀ယ်ယူရောင်းချပြီး အိမ်ဆိုင်၊ စတိုးဆိုင်တွေမှာတော့ သကြားလုံး၊ ပီကေကနေ မုန့်ထုပ်အစုံမှာတော့ တရုတ်၊ ထိုင်းက ထုတ်တာတွေကို ရောင်းတာများပါတယ်။ ပါကင်လှလှ၊ ပစ္စည်းကြီးကြီး ဈေးပေါပေါရှိတဲ့ တရုတ်စားကုန်တွေနဲ့ ဈေးအသင့်အတင့်၊ ပစ္စည်းအသင့် အတင့်ကောင်းတဲ့ ထိုင်းစားသောက်ကုန်တွေကိုပဲ ၀ယ်ယူသူတွေက ပိုနှစ်သက်ပါတယ်။ ဒါတောင် ထိုင်းက အရင်လို မဟုတ်ဘဲ တရုတ်နဲ့အပြိုင် ရောင်းနိုင်အောင် အရည်အသွေးနဲ့ အရွယ်အစားလျှော့ပြီး ယှဉ်ရောင်းလာရပါပြီ။

အဆိပ်ကင်း အစားအစာများနှင့် ကျွန်ုပ်တို့၏၀င်ငွေ
အသင့်စားသောက်ကုန်တွေကို စားသောက်ကြရတဲ့ ယနေ့ခေတ် လူသားတွေဟာ အစားအစာတွေရဲ့ ဘေးထွက်ဆိုးကျိုးအဖြစ် ရောဂါမျိုးစုံ ရကြပါတယ်။ အထူးသဖြင့် ကင်ဆာပါ။ ကိုရီးယား ဇာတ်လမ်းတွဲတွေထဲမှာ မင်းသား၊ မင်းသမီး အများစုကို ကင်ဆာရောဂါ အစုံနဲ့ ဇာတ်သိမ်းလိုက်သလို ကျွန်မတို့ နိုင်ငံရဲ့ ကင်ဆာဖြစ်ပွားနှုန်းကလည်း ကမ္ဘာ့အဆင့် ၂ နေရာမှာ ရောက်ရှိပြီး ကင်ဆာရောဂါနဲ့ သေဆုံးကြတာကို နာရေးသတင်းတွေကနေ ကြားသိရပါတယ်။ ဒါကြောင့် စားသုံးသူတွေဟာ ဓာတုကင်းစင်တဲ့ အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သစ်သီးတွေကို ပိုမိုလိုလား ကြပါတယ်။ ဒီအချိန်မှာပဲ ဈေးကွက်အတွင်းကို ကျန်းမာရေး အတွက်ဆိုပြီး သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ် ရောင်းချတဲ့ Organic အစားအစာတွေနဲ့ အလှကုန်၊ သောက်ဆေးအချို့ ထုတ်လုပ်ရောင်းချမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကတော့ Non-Organic စားသောက်ကုန်တွေထက် ဈေးပိုပါတယ်။ ဈေးကောင်းချက်ကတော့ သဘာဝအဆီ အနှစ်နဲ့ ထုတ်လုပ်ထားတဲ့ အသီးအနှံ အာဟာရဖျော်ရည် ပုလင်းတစ်ပုလင်းကို ကျပ်သိန်းချီသလို Organic သစ်သီးကို အခြေခံတဲ့ အလှကုန်တွေကလည်း ကျပ်သောင်းဂဏန်း ရှိပါတယ်။ Organic သစ်သီးတစ်လုံးကို ကျပ်ထောင်ချီ ရှိပါတယ်။ ဒီလို သဘာဝထွက် အစားအစာကို လိုလားကြပေမယ့် ဈေးနှုန်းတွေကို လူတန်းစားအားလုံး လက်လှမ်းမမီပါဘူး။ အခွန်လွတ် ဈေးမှာရောင်းတဲ့ ဟင်းရွက်၊ သစ်သီး၊ ငါးပိတွေကို ဈေးချိုချိုနဲ့ဝယ်ပြီး စားရတဲ့ နေ့စားလုပ်သားတွေ၊ ဘဲဥ၊ ကြက်ဥနဲ့ သင့်တင့်တဲ့ သားငါးတွေကို ၀ယ်ယူပြီး ထမင်းချိုင့် ထည့်ကြရတဲ့ လခစား ၀န်ထမ်းတွေအတွက် Organic အစားအစာ၊ သစ်သီးဆိုတာ ကြားဖူးပြီး စားဖို့ဆိုတာကတော့ အဆင်မပြေပါဘူး။

သာမန် လက်လုပ်၊ လက်စားတွေဟာ အဆိပ်ရှိတယ် ဓာတုဆေးတွေ သုံးထားတယ်၊ ပိုးသတ်ဆေး ရှိတယ်ဆိုတဲ့ ဈေးချိုစားသောက်ကုန်တွေနဲ့ပဲ စားသောက်ကာ စားဝတ်နေရေးကို ဖြေရှင်းနေကြ ရပါတယ်။ ဒါ့ကြောင့် ဒီအရည်အသွေးနိမ့် ဈေးပေါပေါ စားကုန်တွေဟာ ပန်းပန်မြဲ ဖြစ်နေဦးမှာပါပဲ။ ဒီနေ့ခေတ်မှာတော့ စားသုံးသူတွေဟာ လုပ်ငန်းရှင်တွေရဲ့ အမြတ်များများနဲ့ မြန်မြန်ရောင်းရရေးအတွက် အသုံးချခံတွေ ဖြစ်လာရပါပြီ။ အထူးသဖြင့် နေ့စား၊ သာမန်လက်လုပ် လက်စားနဲ့ လစာနဲ့ လုံလောက်အောင် စားနေရတဲ့ လခစား ၀န်ထမ်းတွေဖြစ်တဲ့ ပြည်သူတွေပါပဲ။ ကျွန်ုပ်တို့ နေ့စဉ်စားသောက်ရတဲ့ အစားအစာတွေ သန့်ရှင်းလတ်ဆတ် ကောင်းမွန်ဖို့ဆိုရင် ဘယ်သူတွေကို လက်တို့အသိပေး ရမှာပါလဲ။