Sunday, January 27, 2013

ဆိတ်ဆိတ်နေထောင်တန်သတဲ့လား (ဒေါက်တာဆန်းမြင့်)


ဆရာ/မမျိုးဆက်တွေကလည်း တစ်ဆက်ပြီးတစ်ဆက် ဖြတ်သန်းသွားကြပါတယ်။ ရှေ့မျိုးဆက်များမှ မိမိတို့ရဲ့ မြတ်နိုးစရာကောင်းတဲ့ အကျိုးရှိတဲ့ လုပ်ငန်းများကို မျိုးဆက်သစ် ဆရာ/မများဆီ လက်ဆင့်ကမ်းသွားကြပါတယ်။ အိုလံပစ်စကားနဲ့ ပြောရရင် မီးရှူးတိုင်ကြီးကို လက်ဆင့်ကမ်းဖို့ အချိန်တန်ပါပြီ။ လှုပ်ရှားတက်ကြွ တိုးတက်ကြတဲ့ မျိုးဆက်သစ် ဆရာ/မလေးများကို တွေ့ရတာဖြင့် တကယ့်ကိုပဲ အားရစရာကောင်းလှပါတယ်။

ဆရာဖြစ်သင်တန်းတွေတက်လို့၊ အလုပ်ရုံဆွေးနွေးပွဲများမှာ ပါဝင်ကြလို့၊ ပြီးတော့ လေ့လာခဲ့သမျှ မိမိတို့ရဲ့ သင်ကြားရေးလုပ်ငန်းတွေမှာ ပြန်ပြီး လက်တွေ့အသုံးချကြလို့ နေကြပါတယ်။ သွေးသစ်လောင်းထားတဲ့ ဆရာ/မလေးတွေဆီမှ ပြန်လည်ကြားရတဲ့ စကားများမှ ကျွန်တော့်ကို စိတ်လှုပ်ရှားတက်ကြွမှု မလွဲမသွေဖြစ်စေပါတယ်။ သူတို့အတွက်ကော၊ သင်ကြားကြတဲ့ ကလေးများရဲ့အနာဂတ်အတွက်ကောပေါ့။ ဒီ့အပြင် မိမိကိုယ်တိုင်ရဲ့အတွေ့အကြုံနဲ့ အထွေထွေပညာရေးရှုခင်းကိုလည်း သုံးသပ်မိပါတယ်။

ဆိတ်ဆိတ်နေတော့ ထောင်တန်သတဲ့။ (အင်္ဂလိပ်အဆိုအရ "Silence is golden") တိတ်ဆိတ်ငြိမ်သက်ခြင်းကြောင့် မိမိစိတ်၊ မိမိကိုယ်တွင်း နက်နဲစွာ ဆင်ခြင်သုံးသပ် တွေးတောနိုင်ပါသတဲ့။ အတိတ်ကော။ အနာဂတ်အပါအ၀င်ပါ။ ဆရာတစ်ဦးပြောဖူးပါတယ်။ "ငါ့အဖိုးက ဘာသာစကား(၉)မျိုးနဲ့ ဆိတ်ဆိတ်နေတတ်တယ်ကွ"။ စကားအတော်များများ တတ်ပေမယ့် မလိုအပ်ရင် မပြောဖူးဆိုတဲ့ သဘောပါ။ ဘယ်စကားတတ်တတ် မလိုအပ်ပဲ စကားများတာတော့ မကောင်းပါဘူး။ ဘာသာစကား(၉)မျိုးတတ်မြောက်ထားပေမယ့် အဲဒီအဖိုးက မလိုအပ်ပဲ စကားမပြောပါဘူး။ ဒီလိုနေရာမျိုးဆိုရင်တော့ ဆိတ်ဆိတ်နေတာ ကောင်းတယ်လို့ ဆိုကြတာပေါ့။ လူတွေဘာဖြစ်လို့ ဆိတ်ဆိတ်နေကြပါလိမ့်။ ပညာရှိလို့ပေါ့။ အဲဒီလိုပဲ ထင်ကြမြင်ကြရတာပါပဲ။

မြန်မာအယူအဆတစ်ခုရှိပါတယ်။ ပညာရှိများသည် မိမိတို့ရဲ့ ဗဟုသုတနဲ့ ဥာဏ်ပညာများကို ကြောင်များလက်သဲဝှက်သလို ၀ှက်တတ်ကြပါသတဲ့။ ဥာဏ်ပညာကိုလည်း ထုတ်ဖေါ်ကြွားဝါခြင်း မရှိပါဘူးလို့ဆိုပါတယ်။ အခြေအနေအရ မလိုအပ်ရင် မိမိတို့ရဲ့ ဗဟုသုတ၊ ကျွမ်းကျင်မှုတွေကို သုံးလေ့မရှိပါ။ မေးသူမရှိရင် ဖြေသူလည်း မရှိရပါ။ မတီးပဲနဲ့ မြည်တဲ့ ခေါင်းလောင်းလို မဖြစ်ရပါ။ အကောင်းဖက်မှကြည့်ရင် ဒီအဆိုကြောင့် ဗဟုသုတကို သင့်တော်တဲ့ နေရမှာသာလျှင်သုံးရမယ်၊ သူများအထင်သေးလောက်အောင် စကားမများရဖူး စသည်ဖြင့် သိမြင်ရပါတယ်။

မလိုအပ်တဲ့နေရာမှာ လူတကာသိမြင်အောင် မိမိသိထား၊ တတ်ထားတာတွေကို ထုတ်ပြ၊ ကြွားဝါခြင်းမပြုရဖူးဆိုတာ လျှော်ကန်သင့်မြတ်တဲ့စကားပါ။ အမောင်ယောင်လို့ တောင်မှန်း မြောက်မှန်းမသိလောက်အောင် ဥာဏ်ပညာကို နေရာတကာ မခွဲမခြား သုံးလို့မဖြစ်ဖူးလေ။ ဒါပေမယ့် ကြောင်များလက်သဲဝှက်သလို အသိပညာတွေ ၀ှက်တာများသွားရင်၊ ကြောင်တွေက အချိန်မရွေး လက်သဲထုတ်နိုင်ပေမယ့် လေ့ကျက်ခြင်း၊ လက်တွေ့အသုံးချခြင်းကင်းတဲ့ အသိပညာဆိုတာ တိုးတက်မှု ရပ်တန့်ပြီး ပညာစဉ်မမှီဖြစ်တတ်ပါတယ်။ သစ်ပင်ထဲမှာစီးဆင်းတဲ့ သစ်စေးတွေလိုပဲ ဥာဏ်ပညာတွေလည်း အစီးရပ်သွားပြီး အဆုံးမှာ ကျောက်ဖြစ်ရုပ်ကြွင်းတောင် ဖြစ်နိုင်ပါတယ်။ ပညာရှိများရဲ့ လျှာဖျားမှာ ဥာဏ်ပညာတွေတာထွက်ဖို့ ဟန်ပြင်နေကြပါလိမ့်မယ်။ သူတို့လက်ချောင်းထိပ်ဖျားတွေမှာ တွဲလဲခိုစီးနေပါလိမ့်မယ်။ ဒါပေမယ့် လွယ်လင့်တကူတော့ ချော့မော့ခေါ်ထုတ်လို့ မရနိုင်တော့ပါဘူး။

အတွေးအမြင်ဆိုတာ ဒီအတိုင်းဆို သူ့ပင်ကိုယ်အတိုင်း ငြိမ်သက်နေတတ်ပါတယ်။ မိမိတို့မှ နှိုးဆွပေးရပါတယ်။ စိတ်မှကြံစည်တွေးတောပြီးနောက် နှုတ်နှင့်သော်လည်းကောင်း၊ ကိုယ်နှင့်သော်လည်းကောင်း လှုပ်ရှားကြတာပဲလေ။ နောက်ပိုင်းရလာဒ်တွေ ဘာဖြစ်မယ်လို့ မသိနိုင်ပေမယ့် စိတ်နဲ့ စိတ်ရဲ့တွေးတောကြံစည်မှုတွေက မူလအစဆိုတာတော့ ထင်ရှားပါတယ်။ အကျိုးရှိမဲ့၊ အလုပ်ဖြစ်မယ့်အတွေးတွေ ပေါ်ပေါက်လာအောင် နည်းမျိုးစုံနဲ့လုပ်ရတာပဲ။ ဒါကြောင့်မို့လည်း အင်္ဂလိပ်စကားမှာ "thought-provoking" (အတွေးကို နှိုးဆွပေးသော)ဆိုတဲ့ အသုံးအနှုံးရှိရတာပဲ။

လူဆိုတာ ပေါင်းသင်းဆက်ဆံတဲ့ သတ္တ၀ါပါ။ အပြန်အလှန် တုန့်ပြန်ဆက်ဆံဖို့ အတွေးတစ်ခုတည်းနဲ့တော့ မဖြစ်နိုင်ပါဘူး။ ပြောစကား၊ စာအရေးအသားများနဲ့ ဆက်ဆံရတာပဲ။ ဒါတွေကို မျက်နှာအမူအယာ၊ ခြေဟန်လက်ဟန်၊ ကိုယ်ဟန်နေထား စသည်ဖြင့် လူသားဆန်အောင် အားဖြည့်ပေးကြပါတယ်။ ဘာသာစကား စတင်လေ့လာသူများအတွက် "ဆိတ်ဆိတ်နေခြင်း" ဆိုတဲ့ အဆင့်တစ်ဆင့်ကို မဖြစ်မနေ ဖြတ်သန်းရပါတယ်။ စကားကို မိမိကိုယ်တိုင်ထုတ်ပြောဖို့ အဆင်သင့်မှ မဖြစ်သေးတာ။ စာအုပ်ထဲက ၀ါကျတွေ စာပိုဒ်အတိုအထွာတွေကို ဖတ်နိုင်ပြီ ဆိုပေမယ့် စကားကိုမှတ်သားဖို့၊ ကိုယ်တိုင်ထုတ်ဖို့ အချိန်ယူရပါသေးတယ်။ စတင်လေ့လာသူများသည် "ဆိတ်ဆိတ်နေခြင်း" ဆိုတဲ့အဆင့်ကို ဘာသာစကားသင်ကြားရေး အစိတ်အပိုင်းတစ်ခု အနေနဲ့ တွေ့ကြုံကြရပါတယ်။

"ဆိတ်ဆိတ်နေုခြင်း" အဆင့်ကို လွန်မြောက်သွားတဲ့ လေ့လာသူများသည် စကားစတင်ပြောတဲ့ ကနဦးအပိုင်းကို ဖြတ်သန်းရပါမယ်။ အမှားအယွင်းတွေလည်း အများကြီးပေါ့။ နောက်ပိုင်းကျတော့ စကားလုံးတစ်လုံးခြင်း၊ စကားစုတစ်စုခြင်း၊ ၀ါကျတိုများ၊ ရိုးရိုးရှင်းရှင်းစကားများ စသည်ဖြင့် စီတန်းပြီး ပေါ်ပေါက်လာကြပါတယ်။ မိခင်ဘာသာနဲ့ လေ့လာနေနဲ့ဘာသာကြား စပ်ကူးမတ်ကူးအဆင့် (intermediate stage)ဆီရောက်သွားတဲ့ အခါကျတော့ ကလေးတွေလည်း ဆိတ်ဆိတ်နေတာ နည်းလာပြီး စကားပိုပြီးပြောလာကြပါတယ်။ အဲဒါပြီးတော့ ပိုမိုတိုးတက်တဲ့ စကားပြောတဲ့အဆင့်ဆီ ရောက်သွားပါတယ်။ ဒီကာလအတွင်း ငယ်ရွယ်သူကလေးများ၊ သင်ကြားနေတဲ့စကားကို မိခင်ဘာသာအနေနှင့်ပြောတဲ့ ဒေသမှာ နေထိုင်သူများဟာ မိခင်ဘာသာစကားပမာ ပြောဆိုနိုင်တဲ့ ကျွမ်းကျင်မှုတိုင်အောင် ဆက်လက်တိုးတက်ဖို့ မျှော်လင့်ရပါတယ်။ မည်သည့်ဘာသာစကား လေ့လာသူများမဆို ဖြတ်သန်းရမယ့် ခရီးပဲဖြစ်ပါတယ်။

လေ့လာနေတဲ့ နိုင်ငံခြားဘာသာစကားဖြင့် အစပိုင်းမှာ မပြောနိုင်ရင် အခြားကျွမ်းကျင်မှုတွေ သုံးရမှာပေါ့။ စကားကိုအာရုံစိုက်နားထောင်ပြီး အထိအတွေ့၊ အတွေ့အကြုံရအောင် လုပ်ရမှာပေါ့။ ဗဟုသုတတွေ စုဆောင်းပြီး ပြောနိုင်တဲ့ အတိုင်းအတာလောက် ပြောရမှာပေါ့။ စကားလုံး တစ်လုံးစနှစ်လုံးစ၊ လွယ်လွယ်ရှင်းရှင်း စကားများဖြင့် ပြောဆိုရမှာပေါ့။

ဒါပေမယ့် ဆိတ်ဆိတ်နေမယ် ဆိုရင်ကော၊

ဒီအခြေအနေမှာတော့ "ဆိတ်ဆိတ်နေထောင်တန်" တော့ မဖြစ်တော့ပါဘူး။

အပြန်အလှန် တုန့်ပြန်ပြောဆိုကြတဲ့အခါမှာ လှုပ်ရှားတက်ကြွမှု၊ အစုန်အဆန်ပြောဆိုမှုနဲ့ အရေးအကြီးဆုံးက ခံစားချက်တွေ ရှိကြပါတယ်။ ပညာရှင်များမှ affective factors လို့ခေါ်တဲ့ ခံစားချက်များသည် မိမိတို့ကို လူသားဆန်စေတဲ့ အခြင်းအရာများဖြစ်ပါတယ်။ ခံစားချက်များ နောက်ကွယ်မှာ မိမိတို့ ပုန်းကွယ်နေရင် ဆိတ်ဆိတ်ပဲ နေကြရတော့မှာပေါ့။ ဆောင်းပါးအစမှာ ပြောခဲ့တဲ့ လူကြီးမင်းနဲ့ မတူတဲ့အချက်က တိတ်ဆိတ်ရတဲ့ အကြောင်းရင်းသည် ပြောစရာစကား မရှိလို့ကို ဖြစ်နိုင်ပါတယ်။

ဆရာသခင်များသည် ကလေးတွေ "ဆိတ်ဆိတ်နေခြင်း" အဆင့်ကို ကျော်လွန်နိုင်အောင် စိတ်ရှည်ရှည်နဲ့ ပံ့ပိုးပေးရပါမယ်။ တစ်ဆက်ထဲမှာ တစ်ချိန်ချိန် တစ်နေရာရာမှာ "ဆိတ်ဆိတ်နေခြင်း" အဆင့် (silent stage)မှ ပေါ်ထွက်လာဖို့ ဖေးမပေးရပါမယ်။ ကျွန်တော့်အမြင်မှာ အရေးအကြီးဆုံးအချက်က ကလေးတွေကို မသင်မီ မိမိတို့ကိုယ်တိုင် ဆိတ်ဆိတ်နေခြင်းအဆင့်မှ ရုန်းကန်လွတ်မြောက်နိုင်ရပါမယ်။ ဒီနည်းအားဖြင့် နောင်လာမဲ့မျိုးဆက်သစ်တွေကို ထိန်ထိန်ညီးအောင် တောက်နေတဲ့ မီးရှူးတိုင်အား လက်ဆင့်ကမ်းနိုင်မယ်ဖြစ်ပါကြောင်း။


ဒေါက်တာဆန်းမြင့် 

Saturday, January 26, 2013

မညှိုးနွမ်းသော အဆိပ်ပန်း ( သို့မဟုတ် ) တိုင်းပြည်ကို ဖောက် စားနေသော နှစ်လုံးသုံးလုံးကင်ဆာ



လက်ထဲမှ စာရွက်ကို ဝေသီ နေသော မျက်လုံးများနှင့် ထိလု ခမန်းကပ်၍ အားစိုက်ကြည့်လိုက် ပြီး အနည်းငယ် တုန်ယင်နေသော လက်ဖြင့် ဗလာစာအုပ်တွင် တစ်စုံ တစ်ခုကို... ချရေးလိုက်သည်။အသက် ၈၉ နှစ်ရှိ ဒေါ်သိန်း ခင်အတွက်တော့ ဤအလုပ်က နေ့စဉ်မပျက်မကွက် ဆိုသည်ထက် မလုပ်ရမနေနိုင်ဖြစ်နေသော အစွဲ အလမ်း တစ်ခု၏ ညှို့ငင်မှုနောက် တကောက်ကောက်လိုက်နေမိခြင်း ဟု ဆိုနိုင်သည်။

”မရောင်းတဲ့နေ့ဆိုရင်လည်း ပျင်းဖို့ကောင်းတယ်” ဟု ကြမ်းပြင် တွင် ပြန့်ကျဲနေသော စာရွက်များနှင့် ဗလာ စာအုပ်ကိုစု၍ ထပ်လိုက်ရင်း မှ အဘွားအိုကဆိုသည်။ တကယ် တော့ ထိုစာရွက်များမှာ ချိုင်းဟု ခေါ်သည့်နှစ်လုံးထီ အတိတ်စိမ်း စာရွက်ဖြစ်သည်။ ”ပျင်းလို့ ဒါလေးကို တွက်ပြီး ထိုးရတော့ အပျင်းပြေတယ်။ ပြီး တော့ ဒီဘက် ကို စိတ်ပါနေတော့ နေမကောင်းချင်တာတွေ၊ စိတ် ပျက်တာတွေ၊ စိတ်တိုင်းမကျတဲ့ စိတ်တွေ သိပ်မဖြစ်တော့ဘူး။ ကလေးတွေပေးတဲ့ မုန့်ဖိုးလေးတွေ နဲ့ ထိုးတာ၊ တစ် ရက်ကို ၁ဝဝဝ ဖိုးတောင် မပြည့်ပါဘူး။ ချဲတွက်ပြီး ထိုးနေရရင် ပြီးရော” ဟု အဘွား ဒေါ်သိန်းခင်က ဒူးနှစ်ဖက်ကို လက် ဖြင့်ပိုက်လိုက်ရင်းမှအပြုံးဖြင့် ပြော လိုက်သည်။

တိကျစွာ ဆိုရပါလျှင် ထိုမြင် ကွင်းသည် သုံးလုံးဟု ခေါ်ကြသည့် ထိုင်းထီဂဏန်းမှ နောက်ဆုံးဂဏန်း သုံးလုံးကိုခန့်မှန်း လောင်းကစား ကြသည့် ချဲထီနှင့်ထိုင်း စတော့ ရှယ် ယာဈေးနှုန်းများကို ဖော်ပြသည့် ကိန်းဂဏန်းများကိုယူ၍ မြန်မာနိုင်ငံ တွင် နေ့စဉ်လောင်းကစားနေသော နှစ်လုံးထီ၏နက်နက်ရှိုင်းရှိုင်း အ မြစ်တွယ်ခံနေရသော သားကောင် များ၏ ပြယုဂ်ပင်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ချဲထီလောင်း ကစားတွင်ကျယ်နေမှုသည် အာဂန္တု နှာစေးချောင်းဆိုး မဟုတ်ဘဲ ကင် ဆာရောဂါကဲ့သို့ ရိုးတွင်းချ ဉ်ဆီများ အထိ ကုပ်တွယ်ပြန့်ပွားနေသော မြစ်ပွားနာဖြစ်နေခဲ့သည်မှာ ဆယ်စု နှစ်များစွာ မကတော့။

မိုးမြင့်မှ ဘဝများစွာကို မြေ တွင် ပြားပြားဝပ်ကျအောင် လုပ်နိုင် သကဲ့သို့ ကောင်းကင်ကို မျှော်၍ ဖြတ်လမ်းနည်းဖြင့် အမြင့်ရောက် ချင်သူများစွာ ပထဝီအောက် သို့ ရောက်သလို ဘဝများကြွေ ပျက်ခဲ့ သည်မှာလည်းစာအုပ်ဖြင့်သာ မှတ် ထားပါက တောင်လိုပုံနေနိုင် သည်။သို့သော် ထိုကဲ့သို့ ဘဝပျက် သူ ပျက်၊ ထောင်နန်းသို့ စံသူစံ၊ စာရိတ္တ ယိုယွင်းသူ ယိုယွင်းစေ အောင် စွမ်းအားကြီးသော ထို လောင်းကစားအမှုသည် မြန်မာနိုင် ငံ၏ ခေတ်ပြောင်းစနစ်ပြောင်းဟု ဆိုကြသည့် ယနေ့ကာလအထိ မညှိုးသောပန်းအဖြစ် လန်းဆဲ။

မကြွေသောပန်းအဖြစ် ဝေဆဲ။

”ကျွန်တော်ကတော့ နှစ်လုံး သုံးလုံးကို လုံးဝမထိုးပါဘူး။ ဒါပေ မဲ့ မိန်းမကတော့ ကျွန်တော့်ကို သာ ဖြတ်ရင်ဖြတ်မယ်။ နှစ်လုံး သုံးလုံးတော့ ဖြတ်မယ့်သဘော မရှိဘူး။ ဒါကြောင့်လည်း ကျွန်တော့် မိသားစု တော်တော်လေး ဒုက္ခ ရောက်ခဲ့ပြီးပြီ။ အခုလည်း ရောက် နေဆဲပေါ့ဗျာ” ဟု စိတ်ပျက်လက် ပျက် ရင်ဖွင့်ခဲ့သူက အသက် ၃၅ နှစ် နီးပါးရှိပြီဖြစ်သော သန်လျင် မြို့မှ ကိုစိုးသန်း။အမျိုးသမီးက ဈေးသည်။ နေ့စဉ် ရောင်းရသည့် အမြတ်က သုံးသောင်း ဝန်းကျင်ခန့်ရှိသော် လည်း ၄င်း၏ နှစ်လုံးစရိတ်က တစ်နေ့လျှင် ၁၅ဝဝဝ အနီးတွင် ပြေးနေတတ်သည့် အပြင် အိပ်မက် ဆိုသည့် အရာကြီး ပါလာပါက အလွန်အကျူး ထိုးတတ်ကြောင်းသူက ပွင့်ပွင့်လင်းလင်းပင် ဖွင့်ချ သည်။

”သူ့ကြောင့်ပဲ နေ့စဉ်ဝင်ငွေ ကောင်းနေတဲ့ ကျွန်တော်တို့ မိ သားစုမှာ ကြွေးက ဆယ်သိန်း အထက် မကြာခဏ ရောက်တယ်။ ချေးတဲ့သူတွေကလည်း သူ့ဈေးဆိုင် ကို အထင်ကြီးပြီး ချေးကြတယ် လေ” ဟု သူကဇာတ်စုံကို ဆက် လက် ခင်းပါသည်။ထိုရလဒ်အရ ကြွေးပမာဏ ၂၅ သိန်းအထိ ဖြစ်ခဲ့စဉ်က ကိုစိုး သန်း အနေဖြင့် ကြွေးရှင် များအား တောင်းပန်ကာ ဆွေမျိုးသားချင်း များဆီမှပိုက်ဆံဆွဲ၍ ၅ သိန်း သမားကို ၂ သိန်းဆပ်၊ ၃ သိန်း သမားကို ၁ သိန်း ဆပ်စသည်ဖြင့် မျက်နှာအောက်ချ၍ တောင်း ပန် ဖြေရှင်းခဲ့ရသည်။ ဤကား အဦး အစ ပထမတည်း။ယင်းပြဿနာ၏နောက် ကျုပ် နောက်မလုပ်တော့ပါဘူး ဟူသည့် မိန်းမ၏ ဝေရာမဏိတရားကို နာခဲ့ ရသော်လည်း မကြာရေးချမကြာ ဒုတိယမ္ပိသောနှစ်လုံး ကြွေးဘေး ကြောင့် မိန်းမကို ဆွေမျိုးများရှိရာ တောအရပ်သို့ အပြေးအပ်ခဲ့ရသည် ဟု သူကမျက်နှာပျက်ပျက်ဖြင့် ဆို ပါသည်။

”ဒီတစ်ခါတော့ အမျိုးတွေ လည်း အပူမကပ်ချင်တာနဲ့ မိန်းမ ကိုတော ပို့ထားလိုက်ရတယ်။ ဈေး လည်းမရောင်းရတော့ဘူး။ အဲဒီ တုန်းက သမီးလေးက နို့မပြတ် သေး ဘူး” ဟု ဘေးနားတွင် ထိုင် နေသည့် သူငယ်တန်းကျောင်းသူ သမီး၏ ဦးခေါင်းကိုပုတ်လိုက်ရင်း ကိုစိုးသန်းက စိတ်မကောင်းသည့် လေသံဖြင့် ပြောသည်။ မိခင်နို့နှင့် နို့ဘူးအပြောင်း အလဲ၊ သမီးငယ်၏ သည်းထန် သော အငိုကာလများ၊ ကယ်တင် ရှင် ညီမများ၏ အကူအညီဖြင့် ကြွေးများရှင်းကာ နောက်ဆုံးတော့ သူတို့မိသားစုလည်း သန်လျင်သို့ မြန်းရသည့် အကြောင်းမလှသော ဇာတ်ကို သူက ဆက်ဆိုပါသေးသည်။

သို့သော် ဤမျှဖြင့် နိဋ္ဌိမတံ။ ဇာတိအလံ မလဲသော မိန်းမ၏ နှစ်လုံးသစ္စာရှိမှုကြောင့် ၁၂ သိန်း ဆိုသော ကြွေးအတွက် ခြစ်ခြုတ် ဝယ်ထားသော ဒီတီဆိုင်ကယ်လေး လည်း အခုတော့ အပေါင်ဆိုင်တွင် အိပ်စက်နေရပြီဟု သိခဲ့ရသေး သည်။အဆိုပါ နှစ်လုံးသုံးလုံးမှစ၍ တစ်လုံးဟု ခေါ်သည့် ဘောလုံးပွဲ လောင်းကစားခြင်း အပါအဝင် တရားမ ဝင် လောင်းကစားခြင်း များအတွက် ပြဋ္ဌာန်းထားသော ဥပဒေများရှိပြီးဖြစ်ရာ ကျူးလွန် သည့် မည်သူမဆို ဖမ်းဆီးပြစ်ဒဏ် ချခံရနိုင်ကြောင်း တကယ်တော့ အားလုံး သိရှိပြီး ဖြစ်ပါသည်။ချဲထီကဲ့သို့ လောင်းကစား အတွက် စီမံခန့်ခွဲခြင်း၊ လောင်းကြေး လက်ခံခြင်း၊ ဒိုင်အဖြစ် ဆောင်ရွက် ခြင်းနှင့် အားပေးကူညီခြင်း၊ ငွေ ကြေးအမြတ် ရယူခြင်းနှင့် ပါဝင် ကစားခြင်းသာမက လောင်းကစား ပြုလုပ်ရန်အတွက် ငွေချေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းများ အ တွက်ပါ ပြစ်မှုမြောက်ကြောင်း လောင်းကစား ဥပဒေတွင် ပြဋ္ဌာန်း ထားပြီး အနိမ့်ဆုံး ထောင်ဒဏ် ၆ လမှ ၁ နှစ်၊ ၁ နှစ်မှ ၃ နှစ်၊ ၃ နှစ်မှ ၅ နှစ်အထိ ပြစ်မှုအလိုက် ထောင်ဒဏ်ကျခံရနိုင်ကြောင်း ပါရှိ သည်။

သို့သော် လောကငရဲ ဟု သတ်မှတ်ကြပြီး ဆင်းရဲခြင်းများ စုစည်းနေသည့် မနေအပ်သော ထောင်ကိုမှ မကြောက်ဘဲ ဆက် လျှောက်နေကြခြင်းနှင့် ဥပဒေများ ရှိပါလျက်နှ င့် ယင်းလုပ်ငန်းများ မရပ်မနား ပွား၍သာ နေဆဲမှာ အဘယ်ကြောင့်နည်းဟူသော အမေးအတွက်မူ အဖြေရှိပြီး ဖြစ်သော် ငြား ကိုယ့်ပေါင်ကိုယ် ရဲရဲလှန် ထောင်းရဲသော အားအတွက်တော့ ခက်ခဲနေဦးမည်မှာ အမှန်တရား ဖြစ်သည်။”မပပျောက်ဘူး ဆိုတာက နေ့စဉ် ထိုးလို့ ရနေတယ်။ မြန်မာ ထီက တစ်လတစ်ခါမှ ဖွင့်တာ။ ပြီးတော့ ပေါက် ဖို့မလွယ်ဘူး။ သုံး လုံးကလည်း နှစ်ပတ်ဆိုတော့ ကြာတယ်။ နှစ်လုံးက မနက်ထိုး ညနေပေါက်ဆိုတော့ အောက်ခြေ ဆင်းရဲသားတွေအတွက်အဆင်ပြေ တယ်လေ”ဟု လေးဒေါင့်ကန်မှ အသက် ၆ဝ အရွယ်ရှိ အငြိမ်းစား ရဲဝန်ထမ်းတစ်ဦးဖြစ်သူ ဦးမောင် ကြီး (အမည်လွှဲ)က ပြောသည်။

ဦးမောင်ကြီးသည် ရဲဝန်ထမ်း ဘဝဖြင့် လုပ်သက်ပြည့်အငြိမ်းစား ယူခဲ့သူဖြစ်ပြီး နယ်ထိန်းတာဝန် ဖြင့် နှစ်ပေါင်းများစွာ ကျင်လည် လာခဲ့သည့်အတွက် အဆိုပါနှစ်လုံး သုံးလုံးပြဿနာကြား ထဲထဲဝင်ဝင် သိရှိသူလည်းဖြစ်ကြောင်း ၄င်းက ဆိုသည်။ ထိုအချက်ပို သေချာစေသည် က သူ၏ လက်ရှိ ဒုတိယအိမ်ထောင် မှာ နှစ်လုံးသုံးလုံး ရောင်းနေသူ ဖြစ်သည့်အပြင်သူကိုယ်တိုင်လည်း ထိုအလုပ်ဖြင့် အသက်မွေးနေခြင်း ကြောင့် ဖြစ်သည်။ ”ပပျောက်အောင် လုပ်လို့မရ ဘူး။ တရားဝင် လုပ်ပိုင်ခွင့် ပေး လိုက်ရင်လည်း မြန်မာလူမျိုးက မဟုတ်တဲ့နည်းနဲ့ အကြံအဖန်လုပ် လာမယ်။ အတင်း ဖမ်းရင်လည်း တခြားမဟုတ်တဲ့ ဘက်မှာ လျှောက် လုပ်ကုန်လိမ့်မယ်။ ဒါကြောင့် ရှဥ့် လည်း လျှောက်သာပျားလည်း စွဲသာ အခြေအနေတစ်ရပ်မှာ လုပ် ထားမှရမယ်” ဟု သူက သုံးသပ် သည်။ ”ရောင်းတဲ့သူဆိုတာ ဝင်ငွေ မကောင်းလို့ အလုပ်မရှိလို့။ နှစ် လုံးသုံးလုံး ရောင်းတယ်ဆိုတာ အိုးမကွာ၊ အိမ်မကွာနဲ့ ပိုက်ဆံ တစ်နေ့ ၄၊ ၅ ထောင်ရှာလို့ ရ တယ်။ တကယ်ဆို တခြား အလုပ် တွေ ရှိနေရင် မရောင်းတော့ဘူး ပေါ့။ အဲဒီလို ဝင်ငွေကောင်းတဲ့အလုပ်မှ မရှိတော့ ခက်တယ်” ဟု ဦးမောင်ကြီးက သူ့အတွေ့အကြုံ အရ သုံးသပ်သည်။တကယ်တော့ အငြိမ်းစား ယူပြီးနောက် သူကိုယ်တိုင် ဤ လုပ်ငန်းဖြင့် အသက်မွေးနေသော် လည်း ကြီးကြီးမားမား လုပ်ကိုင် နေသည်တော့ မဟုတ်ဟု ဆိုပါ သည်။ ”ရောင်းလို့ရတာ မဖြစ် စလောက်ပါကွာ။ အခု အချိန်မှာ က ဘောလုံးပွဲတွေ၊ ဖဲဝိုင်းတွေက ပို တောင်ဆိုးပါတယ်။ နောက် အဓိက က ဘောပွဲတွေမှာပဲ ကြေးကြီး လောင်းနေကြတာ။ ဒါက တစ်ရာဖိုး ငါးဆယ်ဖိုးပဲ လောင်းပါတယ်” ဟု သူက ပြောပြီး ယခုအချိန်တွင် လိုင်းကြေးပေးပေး မပေးပေး အမှု လိုပါက ရဲဖမ်းစမြဲ ဖြစ်ကြောင်းလည်း ဆက်၍ ပြောသည်။

အထက်တွင် ဆိုခဲ့သည့် အတိုင်း တရားမဝင်သော လောင်း ကစားဖြစ်သည်နှင့် အညီ အရေး ယူဆောင်ရွက်မှုများ တရစပ် ပြု လုပ်နေသော်လည်းပေါက်ပင် ဘာ ကြောင့် ကိုင်းရသည်ဆိုသော စာကဲ့သို့ အပေးအယူများကတော့ ရှိနေသည်က မငြင်းသာ။”နှစ်ပေါင်းများစွာ ဒီလုပ်ငန်း လုပ်တာဆိုတော့ အဖမ်းခံရတာ လည်း ရှိတယ်။ ထိုးကျွေး လိုက်ရ တာလည်း ရှိတယ်။ ယောက်ျား အဖမ်းခံရဖူးတယ်။ ထိုးကျွေးတယ် ဆိုတာက လက်ခွဲဒိုင်တွေ ရှိတယ် လေ။ ဒီလက်ခွဲတွေကို ထိုးကျွေး လိုက်ရတာလည်း ရှိတယ်။
သူတို့ ထောင်ကျသွားရင် သူတို့မိသားစု တွေကို ကျွန်မတို့က တာဝန်ယူပေးရ တယ်။ သူတို့ကလည်း သစ္စာ ရှိ တယ်” ဟု စမ်းချောင်းမြို့နယ်မှ ချဲဒိုင်လုပ်ငန်း လုပ်ကိုင်ေ နသူ အ သက် ၄ဝ ကျော်ခန့်ရှိ အမျိုးသမီးက ရှင်း ပြသည်။ဤအလုပ်ကို သူမ လုပ်ကိုင် နေသည်က နှစ်ပေါင်း ၂ဝ ကျော် ခန့်ရှိခဲ့ပြီဖြစ်ပြီး တခြား အလုပ်များ လုပ်ကိုင် မစားတတ်တော့သလို ယခုလုပ်ငန်းကိုလည်း မစွန့်လွှတ် နိုင်တော့ကြောင်း သူမက ဝန်ခံပါ သည်။ ”အဲဒီတော့ ဒီလုပ်ငန်းက တရားဝင် မဟုတ်ပေမယ့် တရား ဝင်သဖွယ် ဖြစ်နေတယ်။ ဟိုတုန်း ကတော့ ဘောက်ချာနဲ့ဆိုတော့ လက်ပူးလက်ကြပ်မိပြီး အဖမ်းခံရ တာတွေ ရှိတယ်။ အခုတော့ ဖုန်း နဲ့ လုပ်ကြတယ်။ ရဲတွေဘာတွေ ရန်ပုံငွေအ တွက် လိုအပ်ရင် တောင်းရင် ငွေကြေးကူညီရတာ တွေ ရှိပါတယ်။ ကျွန်မတို့က ကိုယ် တိုင် အမည်ခံမထားတော့ ရဲတွေ လာ တောင်းတာမျိုးတော့ မရှိပါ ဘူး” ဟု သူမက ပွင့်လင်းစွာ ပြော သည်။

ပြည့်စုံသူများအတွက်တော့ ငွေ လေးငါးထောင်သည် မပြော ပလောက်သော်လည်း နှစ်လုံး ၅ဝ ဖိုး ပေါက်၍ရသော ၄ဝဝဝ ကျော် ဖြင့် မိသားတစ်စုလုံး ပျော်ရွှင်စွာ စားေ သာက်နေကြသည့် မြင်ကွင်း မျိုးကို နေရာအနှံ့တွင် တွေ့နိုင်ပါ သည်။ သို့သော် ထိုလောင်းကစားကို မလုပ်ကြသူများနှင့် မလိုလားသူ များလည်း ရှိသည်။ ”မထိုးတာက ကိုယ့်ဘက်က အရှုံးချည်းပဲလေ။ အကွက် ၁ဝဝ မှာ ပေါက်နိုင်ခြေက တစ်ကွက် တည်း။ ပတ်ဝန်းကျင်မှာတော့ ချဲထိုးပြီး ဘဝပျက်သွားတဲ့သူတွေ တွေ့နေရတယ်။ လောဘနောက် လိုက်ပြီး ပျက်စီးကြတာတွေ မြင် နေရတယ်။ ဒီဟာတွေကို လုံးဝပျောက်သွားဖို့ ကြိုးစားခဲ့တာ နှစ် ပေါင်းမနည်းတော့ ဘူးလေ။ အခု ထိ မအောင်မြင် သေးတာပဲ ရှိ တယ်။ ပျောက်ကွယ် သွားဖို့က လွယ်မှ မလွယ်တာ” ဟု သာကေ တမှ အိုင်တီကုမ္ပဏီ ဝန်ထမ်း တစ်ဦးဖြစ်သူ အသက် ၂၈ နှစ်ရှိ ကိုရဲထွဋ်ဝင်းက ပြော သည်။ တောင်ဥက္ကလာပမြို့နယ်မှ အသက် ၅ဝ အရွယ်ရှိ ဒေါ်မြင့်သန်း ကတော့ ”ချဲထိုးတယ်။ ချဲထိုးတာ ကို ဝါသနာပါတယ်။ ပိုက်ဆံလည်း လိုချင်တယ်။ အဲဒါကြောင့် နှစ်လုံး ထီကို နေ့တိုင်းထိုးဖြစ်တယ်။ သုံးလုံးတော့ မထိုးဘူး။ ကျွန်မတို့ ရပ်ကွက်မှာက မိန်းမတွေပဲအများ ဆုံး ထိုးကြတာ။ မိန်းမတွေက ပိုက်ဆံများများ လိုချင်တယ်ေ လ။ ဒါပေမဲ့ ဆင်းရဲတဲ့ သူများတော့ များများစားစား မထိုးကြပါဘူး” ဟု ဆိုသည်။

ဒဂုံမြို့သစ် (အရှေ့) မှ ဘွဲ့ရ ပြီး အလုပ်ရှာနေသော အသက် ၂၆ နှစ်ရှိ ကိုထွန်းမင်းထိုက်ကတော့ ”ကျွန်တော် မထိုးပါဘူး။ အသိတွေ ထဲမှာတော့ ရှိခဲ့ဖူးတယ်။ လင်မယား ပေါ့။ ချဲနဲ့ဘဝပျက်သွားကြတာ။ ဒိုင်ကိုင်တယ်။ ပြီးတော့ မလျော် နိုင်တော့ဘူး။ ဒီတော့ နှစ်ယောက် စလုံး အဖမ်းခံရတယ်။ အိမ်လည်း ရောင်းလိုက်ရတယ်။ ဒါပေမဲ့ ထောင်က ပြန်ထွက်လာတော့ ဒါပဲ ပြန်လုပ်။ နောက်တော့ ကြီးပွား သွားကြတယ်” ဟု သူ့အတွေ့ အကြုံကို ပြောသည်။ထို့နောက် သူကပင် ဆက်၍ ”ဒါတွေ ပျောက်ဖို့ ကတော့ ရဲတွေ ကိုလည်း အရေးယူတာတွေ လုပ်ရ မယ်။ ဘာလို့လဲဆိုတော့ သူတို့ကို တစ်လ ၁၅ သိန်းလောက် ပေးရ တယ်။ အဲဒါမပေးတာနဲ့ လကုန်ပြီး ၂ ရက်၃ ရက်ေ နရင် လာဖမ်းတော့ တာပဲ။ အဲဒီတော့အုပ်ချုပ်ရေးပိုင်းက နေပြီး သေချာကိုင်တွယ်ရမယ်။ ပြီးတော့ လူတွေကို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ဖန်တီးပေး ဖို့လိုမ ယ်။ အလုပ်မရှိလို့ ထိုးနေကြ တာ။ အလုပ်ရှိရင် ဒါကို လှည့် တောင် ကြည့်နိုင်မှာ မဟုတ်ဘူး” ဟု သူ့ အမြင်ကို သုံးသပ်သည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ် ဖွဲ့မှ ရရှိသော စာရင်းများအရ ၂ဝ၁၁ ခုနှစ်နှင့် ၂ဝ၁၂ ခုနှစ် အတွင်း လောင်းကစား ဖမ်းဆီးမှု တွင် ၂ဝ၁၁ ခုနှစ်၌ အမှုပေါင်း ၉၆၅ မှု၊ တရား ခံကျား ၁ဝ၆၈ ဦးနှင့် မ ၅၂၆ ဦး၊ ဖမ်းဆီးရမိငွေ ကျပ် ၆၃၃၅ဝ၂၉၁ နှင့် ၂ဝ၁၂ ခုနှစ်တွင်အမှုပေါင်း ၁၂၃၉ မှု၊ တရားခံ ကျား ၁၂၉၇ ဦးနှင့် မ ၆၂၅ ဦးဖြစ်ပြီး ဖမ်းဆီးရမိငွေ ကျပ် ၉ဝ၂၃ဝ၄ဝဝ ဖြစ်ကြောင်း သိရ သည်။ ယခု ၂ဝ၁၃ အတွက် ပထမ လေးလပတ် ကာလအတွင်း ဝရဇိန် စီမံချက်ဖြင့် အရေးယူဆောင်ရွက် လျက်ရှိပြီး ပထမလေး လပတ် အတွင်း ဖော်ထုတ် ဖမ်းဆီးရရှိမှု အပေါ်မူတည်၍ ဒုတိယ လေးလ ပတ်၊ တတိယ လေးလပတ်များ အတွက်ဆက်လက်ဆောင်ရွက် သွားမည်ဟု ရန်ကုန်တိုင်းေ ဒသ ကြီး ရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူတစ် ဦးက ပြောသည်။

”နှစ်လုံးထီ၊ ချဲထီ လောင်း ကစားတွေ အပေါ် ဖော်ထုတ် ဖမ်းဆီးရုံနဲ့တော့ အပြည့်အဝ မအောင်မြင်နိုင်ပါဘူး။ ပြည်သူ တွေ ကိုယ်တိုင် ဒီလောင်းကစား မှုတွေက အကျိုးမ ရှိတာကို သိဖို့ လိုအပ်ပါတယ်” ဟု ¤င်းက ဆိုသည်။ ထို့ပြင် လောင်းကစား ဒိုင်များအပေါ် ပြည်သူများမှ သတင်းပေးဖော်ထုတ်မှု နည်းပြီး မည်သည့် ဂျာနယ်၊ မဂ္ဂဇင်း၊ အဖွဲ့အစည်းများမှ စနစ်တကျ စစ်တမ်းကောက်ယူပြုစုထားခြင်း များလည်း မရှိသေးပါကြောင်း ၄င်းက ထပ်လောင်းပြောသည်။ မည်သို့ပင် ဆိုစေကာမူ ဟူ သော စကား လုံးသည် မပြည့်စုံ မှုနှင့် အားနည်းချက်ရှိသော အခြေ အနေများအတွက် ရှေ့မှ ခံသော စကားဖြစ်ပြီး နှစ်ကာလများစွာ အမြစ်တွယ်နေသော အဆိုပါ လောင်းကစား၊ ဘောလုံးပွဲလောင်း ကြေးနှင့် မြင်မြင်ထင်ထင် အားပေးသူများ၏ မကြောက်တရား အတွက် အဖြေကတော့ ရှိပါ သည်။သို့သော် အပေါ်ယံ မြင်သာ သော အမှိုက်များ ရှင်းသော်လည်း ထိုအမှိုက်များ ဖြစ်တည်စေသော အပင်နှင့်အမြစ်များ မဖော်ထုတ် သမျှ အမှိုက်ကတော့ ပွနေဦးမည် သာ ဖြစ်ပါသည်။ ထို့အတူပင် ဟိုလူ့အပြစ် ပုံချ၊ ဒီလူ့အပြစ်ပုံချ စသည့် လုပ်ဆောင်ချက်များ ပြု လုပ်ခြင်းထက်အခြေခိုင်သော အစီ အမံများဖြင့် ယင်းလောင်းကစား နှိမ်နင်းရာတွင်အလုပ်အကိုင် အစား ထိုးပေးနိုင်ရေး ကလည်း အလွန် အရေးကြီးသည်ဟု လူအများက သုံးသပ်ကြသည်။

တကယ်တော့ နှစ်လုံး၊ သုံး လုံးဟူသည် မြန်မာနိုင်ငံရှိ ပြည် သူများစွာ၏ ဘဝများထဲ အရိုးထိ အမြစ်တွယ် ပြန့်ပွားနေသော ကင် ဆာကဲ့သို့မြစ်ပွားနာ ဖြစ်နေခဲ့သည် မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဆေးမတိုး သေးသော အနာလည်း ဖြစ်ပါ သည်။ဘဝနေဝင် ဆည်းဆာချိန်သို့ ရောက်နေသော အဘိုးအို၊ အဘွား အိုများသာမက အရွယ်ရောက်စ လူငယ်လူရွယ်များ၊ အိမ်ထောင်ရှင် များ မိသားစုများစွာကြား ထိုမညှိုး သော ပန်း၏ရနံ့က စွဲထင် သင်းပျံ့ နေဆဲ ဖြစ်သည်။ သို့သော် ထို ပန်းသည် နှင်းဆီမဟုတ်။ အမြင့်မှ ဘဝကို မြေသို့ ပြုတ်ကျစေနိုင်ပြီး မြေပေါ်မှ ဘဝကို အောက်သို့ ငုံ့ လျှိုးသွားစေနိုင်သော အဆိပ်ပန်း သာ ဖြစ်သည်။

သို့သော် ထိုပန်းကတော့ ယနေ့ အထိ မညှိုးသော ပန်းအဖြစ် ဝေဆဲ…မကြွေသော ပန်းအဖြစ် ဝေဆဲ…။

သတင်းအချက်အလက်

မေဇင်ဝင်း၊ ညွန့်ဝင်း၊ ပြည့်ဖြိုး
အောင်ခွန်းဆက် ရေးဖွဲ့သည်။
Popular Myanmar News Journal

ဓာတ်ပုံ ကေအိုင်စီ

Friday, January 25, 2013

အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ



Charlize Theron မှ AIDS ရောဂါ တိုက်ဖျက်သည့် လုပ်ငန်းစဉ်များတွင် ပိုမို ပါဝင် လှုပ်ရှားကြရန် တိုက်တွန်းပြောကြား

 ဆွစ်ဇာလန် နိုင်ငံ ၊ ဒဲဗို့စ်မြို့တွင် ကျင်းပနေသည့် ကမ္ဘာ့ စီးပွားရေး ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများနှင့် ပတ်သက်သည့် ဆုကို လက်ခံရန် တက်ရောက်ခဲ့သည့်  တောင်အာဖရိကဖွား အမေရိကန် ရုပ်ရှင်သရုပ်ဆောင် Charlize Theron မှ ကမ္ဘာ့ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်များ အနေဖြင့် AIDS ရောဂါ အမြစ်ဖြတ် ချေမှုန်းသည့် လုပ်ငန်းစဉ်များတွင် ယခုထက် ပိုမို ပါဝင် လှုပ်ရှားကြပါရန် တိုက်တွန်း ပြောကြားခဲ့သည်။

အာဖရိကအား ထောက်ပံ့ ကူညီနေသည့် African outreach foundation တည်ထောင်သူ တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂ ငြိမ်းချမ်းရေးတမန် တစ်ဦးလည်း ဖြစ်သည့် Charlize Theron သည် အာဖရိက နိုင်ငံများမှ AIDS  ဝေဒနာရှင်များ အတွက် ကူညီ ထောက်ပံ့နေသူ ဖြစ်သည်။ ယနေ့ ကျင်းပသည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ခု ဖြစ်သည့် AIDS ရောဂါ တိုက်ဖျက်ရေး အတွက် မဟာ ဗျုဟာများကို ဆွေးနွေးကြမည် ဖြစ်ပြီး ကမ္ဘာ့ နိုင်ငံများမှ စီးပွားရေး ပညာရှင်၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် စီးပွားရေး လုပ်ငန်းရှင်ပေါင်း ၂၅၀၀ ကျော် တက်ရောက် ဆွေးနွေးလျက် ရှိသည်။

Source: AAP

အိမ်ပြင်ထွက်ရင် ဒါလေးကို သတိရပါ

Wikipedia blog ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်တွင် HIV ရောဂါကြောင့် သေဆုံးသူ ၂၅၀၀၀ ဦးရှိကြောင်းဖေါ်ပြထားသည့် အတွက် ( ၁ ) နာရီလျင် ၂ ဦးကျော်ခန့် HIV ရောဂါဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိ ရပါသည်။ ယနေ့ခေတ် ယဉ်ကျေးမှုသည်လည်း ယဉ်ကျေးမှုပြောင်းကာစ မြန်မာနိုင်ငံကို သက်တမ်းတိုအောင် သေဆုံးမှုများအောင် လုပ်လာ နိုင်ပါသည်။

အာဖဂန်နစ်စတန်သည် HIV ရောဂါမဖြစ် သလောက်နည်းပါးပြီး ဘူတန်နိုင်ငံသည်လည်း ဖြစ်ပွားမူ အနည်းဆုံးဖြစ်ြပီး ဖြစ်ပွားမူ အများဆုံးမှာ တောင်အာဖရိက၊ နိုင်ဂျီးရီးယား၊ အိန္ဒိယတို့ဖြစ်သည့် အတွက် နိုင်ငံ ရပ်ခြား သွားကလည်း ထိုနိုင်ငံများတွင် ဆင်ခြင် နေထိုင်သင့်ပါသည်။

လက်ရှိ ကမ္ဘာတွင် HIV ရောဂါဖြစ်နေသူ ၃၃ သန်းကျော်ရှိပြီး မြန်မာနိုင်ငံတွင် ၂၀၀၇ ခုနှစ်ခန့်မှန်း (၂၄၀၀၀၀) ရှိနိုင်သည်ဟု UNAIDS မှ ခန့်မှန်းထားသည့် အတွက် ၁.၃ ရာနူန်းသာ ဖြစ်ပွားလျှက် ရှိသော်လည်း နောင်ပွင့်လင်းလာမည့် ယဉ်ကျေးမှု အတွက် ကြိုတင် ကာကွယ်တားဆီးမူများ လိုအပ်မည်ဟု ထင်ပါသည်။ ကမ္ဘာတွင် အချုပ်အခြာ အာဏာပိုင် နိုင်ငံ ၁၆၆ နိုင်ငံရှိသည့် အနက် မြန်မာနိုင်ငံ ဖြစ်ပွားမူ အဆင့်သည် ၅၁ အဆင့်တွင် ရှိနေပါသည်။

ယနေ့ လူငယ်တွေရည်းစား ဖြစ်ပြီး ဘာဆက်ဖြစ်တာ များလာလည်း၊ အနှိပ်ခန်း၊ ခေါင်းလျော်ဆိုင် တစ်ချို့၊ နိုက်ကလပ်၊ ရေချိုခန်း တစ်ချို့၊ မူးယစ်ဆေး၊ ကာမအားတိုးဆေးတွေကြောင့် ဘယ်အမှောင် ထဲကို ရောက်နေလည်း ဒါတွေကြောင့် AIDS ရောဂါ အကြောင်း အရွယ်ရောက် သူတိုင်း သိသင့် လာတယ် လို့မြင်ပါတယ်။

မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွား ရခြင်းမှာ မူးယစ်ဆေးကြောင့် ၄၃%၊ ပြည့်တန်ဆာကြောင့် ၃၁% ဖြစ်ပွားလျက် ရှိပါသည်။ တောင်အာဖရိက နိုင်ငံသည် အေအိုင်ဒီအက်စ် ရောဂါကြောင့် သေဆုံးမှုနှုန်း အများဆုံး ဖြစ်ပြီး ၄င်းတို့၏ ပျမ်းမျှသက်တမ်းမှာ ၄၂ နှစ်ဖြစ်ပါသည်။ မြန်မာတွေလည်း သက်တမ်း ၄၂ နှစ် ဘ၀မရောက်အောင် အေအိုင်ဒီအက်စ်ရောဂါ လျော့နည်းစေရေး အတွက် ဆောင်ရွက် သင့်တာ လေးတွေ အကြံပြု ရေးသာ လိုက်ပါတယ်-------

၁။ မြန်မာတွေ အရှက်အကြောက် ကြီးတယ်ဆိုပြီး အဖြစ်မှန်ကို ဖွင့်မပြောရဲတဲ့ ဓလေ့ကို ရှောင်ကြဉ်ပြီး ပြောရဲအောင် ဦးစွာ လေ့ကျင့်ရပါမည်။

၂။ မိမိရဲ့ မကောင်းမှု လုပ်ခဲ့မှုကို လူသိမှာ စိုးသည့်စိတ်ကို ဖျောက်ပြီး ရင်ဆိုင်ဖြေရှင်း တတ်သည့် အကျင့်ကောင်းရှိအောင် လုပ်သင့်သည်။

၃။ မိမိမကောင်းမူ လုပ်ထားက ( ၃/၆ ) လတစ်ကြိမ် ဆေးစစ်ပါ။ (ထိုကာလတွင် အတူ နေခြင်းကို မည်သူနှင့် မဆိုရှောင် ကြဉ်ပါ။ )

၎။ အနှိပ်ခန်း၊ ကာရာအိုကေခန်း၊ ဂေါက်ကွင်းအချို့၊ နိုက်ကလပ်၊ အပျော်နေရာများတွင် တွေ့သော မည်မျှလှလှ၊ ငယ်ငယ်အမျိုးသမီး တိုင်းကို အဖေါ်မပါဘဲ အတူနေထိုင်ခြင်းမှ လုံးဝရှောင်ကြဉ်သင့်ပါသည်။

၅။ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယ စသည့်နယ်စပ်ဒေသများ တွင်နေထိုင်သော အပျိုစဉ် ၀င်စ (၁၄) နှစ်အရွယ်ကိုပင် အဖေါ်မပါဘဲ ဆက်ဆံခြင်းမှ လုံးဝရှောင်ကြဉ်သင့်ပါသည်။ (ရောဂါ ပိုးသည် အသက်ရွယ်နှင့် မဆိုင်ပါ။)

၆။ အမျိုးသမီများ အနေဖြင့် မိမိရည်းစားကို မည်မျှပင် ချစ်စေကာမူ မပေးသင့်သည့် အရာကို မပေးမိအောင်ကြိုစားပါ။ ပေးမိက(ကွန်ဒုံး) အဖေါ်ကိုသုံးဖို့ လုံးဝမမေ့ပါနဲ့၊ မပါတဲ့ နေ့တော့ ရအောင်ငြင်းပါ။ (၁၅ မိနစ်/နာရီဝက် အပျော်ကြောင့် သေတတ်တယ်ဆိုတာ မမေ့ပါနဲ့ ဘယ်လို ပြောပြော မယုံပါနဲ့ စိတ်နောက်လည်း မလိုက်မိပါနဲ့)

၇။ ယောကျာ်း/မိန်းမ အားလုံး ကိုယ့်မှာရောဂါရှိ/မရှိ မသိလည်း အဖေါ်မပါဘဲ ဆက်ဆံမှုကို ဇနီး/လင်မှအပ မည်သူနှင့်မှ မဆက်ဆံပါနဲ့။

၈။ မိမိ မကောင်းမှုပြုလုပ်ထားက ခင်ပွန်းဖြစ်သူသည် မိမိဇနီးမယားနှင့် ရရှိလာမည့် ရင်သွေးကို မသတ်မိစေရန်အတွက် ပွင့်လင်းစွာ ပြောပြသင့်သည်။ ဇနီးစိတ်ဆိုးပြသာနာ တက်မည်စိုးကာ မပြော မိခြင်းကြောင်း နှစ်ဦးစလုံး ရောဂါရရှိနိုင်ပြီး လျှင်မြန်စွာ သေဆုံးသွားလျှင် ကျန်ရှိသား/သမီးများ မိဘမဲ့ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် ပွင့်လင်းစွာ ပြောဆိုညှိနှိုင်း ဆောင်ရွက် ကြရန်နှင့် ပြသာနာ မရှင်းဘဲ မဖြစ်လောက်ပါဘူးလို့ လုံးဝ လျှော့မတွေးပါနဲ့။ ဖြစ်လာလျှင် ဘယ်လိုဖြစ်သွားမလဲဆိုတာက ကြောက်စရာ အကောင်းဆုံးဆိုတာ မြင်ပါ။ (ကိုယ်ကြောက်တာရယ်၊ လိမ်တာရယ်ကြောင့် အားလုံးသေလိမ့်မယ်)။

၉။ အမျိုးသား၊ အမျိုးသမီးများ နှစ်ဦးစလုံး အိမ်ထောင်မပြုမီ သွေးစစ်ခြင်းကို ကိုယ်ကျူးလွန်ခဲ့မှု အပေါ်မူတည်ကာ (ပ)တစ်ကြိမ်၊ (၃) လတစ်ကြိမ်၊ (၆) လတစ်ကြိမ် စစ်ဆေးသင့်သည်။ (ဆေးမစစ်ဘဲ အိမ်ထောင်ပြုခြင်း လုံးဝရှောင်ကြဉ်သင့်သည်။ ဆေးစစ် ကာလအပျော် ရှောင်ပါ။)

၁၀။ အမျိုးသမီးတိုင်းသည် ဆက်ဆံပြီးတိုင်း ရေဆေးခြင်းသည် အိပ်ခ်ျအိုင်ဗွီဖြစ်ပွားမှုကို ၁၀% အထက် ကာကွယ်နိုင်ကြောင်း သိရသည့်တွက် ပြီးတိုင်း ရေသေချာ ဆေးရပါမည်။

၁၁။ ကွန်ဒုံး ရောင်းဝယ်မှု၊ ကြေငြာမှုများ ယခုထက် ပိုမို ပွင့်လင်းမြင်သာအောင် ပညာပေး ဆောင်ရွက်သင့်သည်။

၁၂။ ယောက်ျားတိုင်းသည် ငယ်စဉ်ကပင် မွေးရာပါအရေပြား ကိုဖြတ်သင့်သည်။ ထိုသို့ဖြတ်ခြင်းသည် အိပ်ခ်ျအိုင်ဗွီရောဂါ ဖြစ်ပွားမှုကို ၆၀% အထက် ကာကွယ်နိုင်ကြောင်း သုတေသန ပြုချက်များအရ သိရပါသည်။
ထိုသို့ ပြုလုပ်ထားသော်လည်း ကာမ ဆက်ဆံရာတွင် အဖော်ဖြင့်သာ ဆက်ဆံရမည်။ (ထိုကြောင့် မွတ်စလင် နိုင်ငံများ ဖြစ်ပွားမူနည်းပါသည်။)

၁၃။ မိမိကိုယ်ကို ရောင်းစားနေသော အမျိုးသား၊ အမျိုးသမီးများ၊ မိန်းမလျာများ (၆) လ တစ်ကြိမ် မဖြစ်မနေ စစ်ဆေးသင့်သည်။

၁၄။ အိပ်ခ်ျအိုင်ဗွီ ရောဂါရှိသူသည် ပွင့်လင်းစွာ ကြေငြာရဲက ကြေငြာရဲသင့်သည်။ မကြေငြာရဲက ကာမဆက်ဆံခြင်းကို လုံးဝရှောင်ကြဉ်ပြီး မိမိတစ်ဦးတည်းသာ ရောဂါရှိအောင် နေပြီး ကျန်သူများကို မသတ်မိအောင် အထူး ဂရုပြုရမည်။

၁၅။ အိပ်ခ်ျအိုင်ဗွီ ရောဂါသည်များကို ခွဲခြားဆက်ဆံခြင်းမှ လုံးဝ ရှောင်ကြဉ်ပြီး လူ့အဖွဲ့အစည်းအတွင်း ၀င်ဆန့်နိုင်ရေး ဆောင်ရွက်ပေးသင့်သည်။ (ခွဲခြားဆက်ဆံမှုသည် တိတ်တဆိတ် လူသတ်သမားများ ပိုမို မွေးထုတ်တတ်ပါသည်။)

၁၆။ အခြားနိုင်ငံတွင် အလုပ်လုပ်ပြီး ပြန်လာသောအမျိုးသား၊ အမျိုးသမီးများနှင့် တွေ့ဆုံက အဖော်သုံးရန်၊ ဆေးစစ်ခိုင်းရန် လုံးဝ(လုံးဝ)မမေ့ပါနဲ့။ (ယောကျာ်းများ မြိုကြီးမှ ပြန်လာက ဆေးစစ်ရမည်အ လုပ်လုပ်လာလျင် ဆေးစစ်ပါ၊ ဇနီးကလည်း စစ်ခိုင်းပါ။)

၁၇။ အေအာရ်တီဆေးအား ရောဂါဖြစ်သူတိုင်းကို တိုက်ကျွေးနိုင်အောင် နိုင်ငံတော်၊ လူမှု ကူညီရေးအသင်းတို့ အပြင်နိုင်ငံတကာ အကူအညီ များ ဖြင့်ဆောင် ရွက်ပေးသင့်သည်။

၁၈။ အရက်၊ မူးယစ်ဆေးဝါး သုံးစွဲထားချိန်တွင် အဖော်အသုံးပြုရန် သတိမေ့လျော့မှုကြောင့် ရောဂါ ပိုမို ရရှိတတ်သည့်အတွက် အလွန်အကျွံသုံး စွဲမှု လုံးဝ(လုံးဝ)ရှောင်ကြဉ်သင့်တယ်။ (ထိုနေ့မျိုးတွင် လုံးဝဆက်ဆံခြင်း မပြုမိအောင် နေထိုင်သင့်သည်)။

၁၉။ အိပ်ခ်ျအိုင်ဗွီ ရောဂါဖြစ်က ရှက်စရာကောင်းသည်ဆိုသော အတွေးကိုဖျောက်ပြီး ဆေး ၀ါးများအားမှန်ကန်စွာသုံးစွဲက သာမန်လူတစ်ဦးလို နေထိုင်နိုင်ကြောင်း သိရှိပြီး ရင်ဆိုင်ရဲသည့် စိတ်ရှိအောင် လုပ်ရန်။

၂၀။ ဆေးထိုးအပ်အား မည်သည့် အတွက်ကြောင့်သုံးသုံး တစ်ခါသုံး ဆေးထိုးအပ်ကိုသာ သုံးရန်။

၂၁။ မည်သည့် အကြောင်းကြောင့် သွေးသွင်းသည်ဖြစ်စေ၊ သွေးစစ်ပြီး သားသွေးကိုသာသွင်း ရန်။ (မစစ်ရသေးသော သွေးအား မသွင်းလေ ကောင်းလေ ဖြစ်ပါသည်။)

၂၂။ ထိခိုက် ဒဏ်ရာများ ဖြစ်ပွားနေချိန် အိပ်ခ်ျအိုင်ဗွီ ရောဂါသည်များအား မကိုင်တွယ်မိရန် ဂရုပြုပါ။(ကိုင်တွယ်ရန်ရှိက အကာအကွယ် ကရိယာဖြင့်သာ ကိုင်/ထိသင့်သည်။)

၂၃။ ဆေးထည့် ကိရိယာများအား သေချာပိုးသတ်ပြီးမှ လူနာတိုင်းကို အသုံးပြုသင့်သည်။ (မိမိပေါ့ဆမူကြောင့် လူမသတ်မိအောင်လုပ်ပါ။)

၂၄။ မုဒိမ်းကျင့် ခံရ အမျိုးသမီးများ ငိုကြွေးခြင်းကို လုပ်ရင်း သုပ်ပိုးများကို ထမီ၊ အတွင်းခံတို့ဖြင့် ဆေးစစ်ခံနိုင်အောင် သုတ်ထားပြီးနောက် ရေရှိရာ နေရာရှာဖွေ၍ သေခြာဆေးကြောပါ။ သုပ်ပိုးရှိ အ၀တ်စားကို ရေမစိုအောင် သုတ်ပိုးမပျောက်အောင် ဂရုပြုပါ။ ရေဆေးပြီးက ဆေးရုံအမြန်ဆုံး သွားပြီး တားဆေးစားခြင်း၊ ထိုးခြင်းများ ကုဆရာဝန် ညွန်ကြာချက် အတိုင်းလုပ်ရန်။ အမှု့ဖွင့်ရန် အတွက်ဆုံးဖြတ်လုပ်ကိုင်ရန်။ (၃/၆) လ-နှစ်ကြိမ် ခွဲဆေးစစ်ပါ။ (ဥပဒေကြောင်း ညီညွတ်အောင် ပညာပေးသင့်သည်။)

၂၅။ ပြည့်တန်ဆာဆိုတာ ဘုရားလက်ထက် ကတည်းက ရှိခဲ့တာပါ။ နောင်လည်း ရှိနေမှာပါ။ လက်ရှိလည်း မြန်မာနိုင်ငံမြို့ ၅၀% မှာ ပြည့်တန်ဆာတွေ တိတ်တိတ်ပုန်း ရှိနေတယ်လို့ ထင်ပါတယ်။ အဲဒီလို တိတ်တိတ် ပုန်းရှိတဲ့ အတွက် ပြည့်တန်ဆာတွေကို ဆေးမစစ်ပေးနိုင်တော့ အိပ်ခ်ျအိုင်ဗွီ ဖြစ်ပွား ကူးစစ်မှုဟာ ပိုမိုဖြစ်ပွား လာနိုင်တယ်လို့ ယူဆပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဘယ်မြို့၊ ဘယ်နေရာတွေမှာ တရားဝင်ခွင့်ပြုသင့်လဲ၊ မပြုသင့်လဲဆိုတာ နောင်လာနောင်သား အသက်ရှည် ကျန်းမာရေး အတွက် အမှန်တရားကို ရှေးရှုပြီး စဉ်းစားဆောင် ရွက်ပေးသင့်ပါတယ်။
(နယ်စပ် မြို့များတွင် ဦးစွာ ဖွင့်ခွင့်ပြုသင့်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းတွင် အဖြစ်များဆုံး ဖြစ်ပြီး ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်၊ ပဲခူး တို့တွင် ဒုတိယ အဖြစ်များပါသည်။)

၂၆။ ကွန်ဒုံး ပေါက်မူဖြစ်က ရေဆပ်ပြာဖြင့် မွေးရာပါကို သေချာဆေးကြောပါ။ ရေမရှိနေရာ ဖြစ်က ရေရှိနေရာရောက်အောင် သွားပြီး ဆေးကြော ခြင်းကို အမြန်ဆုံး လုပ်ပါ။ (၃/၆) လနှစ်ကြိမ် ဆေးစစ်ရန်၊ ဆေးစစ်စဉ် ကာလတွင် ဆက်ဆံခြင်း လုံဝရှောင်ကြဉ် သင့်သည် ၊ မရှောင်ကြဉ်က တစ်ခြားသူကိုပါ လူသတ်မူ ကြူးလွန်နိုင်သောကြောင့် ဖြစ်ပါသည်။

၂၇။ အနာရှိသော လက်နှင့် မကိုင်သင့်သည့်အရာ၊ မနိုက်သင့်သည် အရာ မည်သည့်အကြောင်းနှင့်မှ မနိုက်မိအောင် နေပါ အနိုက်မှား ရင်လည်း ရောဂါ ရတတ်ပါသည်။

၂၈။ ပါးစပ်ကို မဆင်မခြင် မသုံးမိပါစေနှင့် အရေ၀င်ကလည်း ရောဂါရတတ်သည်ကို မမေ့ပါနဲ့။
၂၉။ အေအိုင်ဒီအက်စ် ရောဂါသည်အား ဆေးရုံတိုင်းတွင် မှတ်ပုံတင်ခြင်း၊ ဓါတ်ခွဲခန်းတိုင်း တွင်မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး ဆေးသုတေသနဌာနသို့ လစဉ်ပေးပို့ကာ စာရင်းမှန်များ (၁) နှစ်တစ်ကြိမ်ထုတ် ပြန်ပြီး ကာကွယ်ကုသရေး ဆောင်ရွက်သင့်သည်။

၃၀။ အမျိုသမီးကွန်ဒုံးသုံးရေး ပညာပေး ဆွေးနွေးသင့်သည်။( အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူများ ရီးစားရှိက ဆောင်သင့်သည်။)

၃၁။ ရောဂါဖြစ်က ကျွမ်းကျင် ဆရာဝန်များဖြင့် ကုသသင့်သည်၊ ရမ်းကု အတုအရောင်ဆရာ ၀န်များပပျောက်အောင် အစိုးရမှကြပ်မတ် သင့်သည်၊ ဆေးကုသစရိတ် လျော့နည်းအောင်လည်း စီမံပေးသင့်သည်။

၃၂။ ဆေးမှင်ကြောင်ထိုးရာတွင် လူတိုင်းကို ပိုးသတ်ပြီး ကိရိယာဖြင့်သာ အသုံပြုရေး ပညာပေး ကြပ်မတ်သင့်သည်။
၃၃။ ခွဲစိတ် ကရိယာများအား လူတစ်ဦးခြင်းစီ အတွက် ပိုးသတ်ပြီးကိရိယာကို သာသုးံခြင်း၊ အေအိုင်ဒီအက်စ် ရောဂါသည် အတွက် ခွဲခန်း၊ ခွဲစတ်ကရိယာ၊ သီးခြား အဆောင်ထားသင့်သည်။

၃၄။ ဆံပင်ညှပ်တိုင်း၊ကတုံးတုံးတိုင်း၊အရေပြားလှီးတိုင်း၊ဂေါ်လီသွင်းတိုင်း၊ ဂျယ်လီထိုးတိုင်း တစ်ခါသုံး ကရိယာကိုသာသုံးသင့်သည်။

၃၅။ အထက်တန်းကျောင်းများမှ စပြီး အေအိုင်ဒီအက်စ် ပညာပေးခြင်းကို ဆောင်ရွက်သင့် သည်။ (နယ်စပ်ဒေသများတွင် အလယ်တန်း အဆင့်ကျောင်းမှစ ဆောင်ရွက်သင့်သည်။)

၃၆။ ကိုယ်ဝန်ဆောင် မိခင်တိုင်း သွေးစစ်ပါ၊ ရောဂါရှိက လက်သည်ဖြင့် မမွေးဘဲ ဆေးရုံဆေး ခန်းတွင်မွေးပါ၊ မေွးခန်းအေအိုင်ဒီအက်စ် ရောဂါသည် အတွက် သီးခြားထားသင့်သည်။

၃၇။ အေအိုင်ဒီအက်စ် ရောဂါပညာပေးခြင်းကို နည်းလမ်းပေါင်းစုံဖြင့် အရွယ်ရောက်သူတိုင်း သိအောင် ပညာပေးသင့်သည်။

၃၈။ ဈေးနှုန်းသက်သာစွာနှင့် လွယ်ကူ လျင်မြန်စွာမှန်ကန်စွာ သွေးစစ်နိုင်ရေးမြို့တိုင်းနှင့် ကျေးလက် ဆေးပေးခန်းတိုင်းတွင် စီစဉ်ပေးသင့်သည်။

၃၉။ ဆေးစစ်ရာတွင် အများစုသည်နံမည် အမှန်ဖြင့် ဆေးမစစ်သည့်အတွက် မှတ်ပုံတင် အမှန်ပြောရန် ပြဌာန်းသင့်သည်။ သို့မှာသာ ဖြစ်ပွားနူန်း အမှန်ကို သိရှိနိုင်ပါမည်။ (မဟုတ်က လူထပ်နိုင်ပါသည်။)

၄၀။ ရောဂါရှိမှန်း သိလျက်နှင့် အခြားသူများအား အဖေါ်မပါဘဲ ဆက်ဆံသူအား လူသတ်မှု ဖြင့်အရေးယူနိုင်ရေး ဥပဒေပြဌာန်း သင့်သည်။(ကျား/မ မခွဲခြားဘဲ အရေးယူ သင့်သည်။)

၄၁။ ဆရာဝန်များ၏ ပေါ့ဆမူကြောင် အေအိုင်ဒီအက်စ်ရောဂါရရှိက စီစစ်အရေးယူနိုင်ရေး ဆောင်ရွက်သင့်သည်။ ဆေးရုံများမှ ပေးလျော်ရေး ဥပဒေ သတ်မှတ်သင့်သည် ထင်ပါသည်။

၄၂။ အေအိုင်ဒီအက်စ် ရောဂါကာကွယ်ရန်မှာ ယောက်ကျား အရေပြားဖြတ်၊ ကွန်ဒုံဆောင်၊ ကွန်ဒုံသုံး၊ ရေဆေး၊ ဆေးစစ်၊ ပွင့်လင်းစွာပြော၊ တစ်ခါသုံးအပ် ကရိယာသုံး၊ မနိုက်သင့်တာ မနိုက်နဲ့၊ဖြစ်လာသူကို ခွဲခြား မဆက်ဆံနဲ့၊ မှူးယစ်ဆေး၊ အရက် လွန်ကျွံ့ သုံးစွဲခြင်းရှောင်၊ ဖြစ်လာရင် ဆေးမှန်မှန်သောက် ဒါဆိုရင် လူငယ်တွေ အသက်ရှည်မှာပါ။

၄၃။ ထိုင်းနိုင်ငံသည် ၁၉၈၄တွင် (၁.၁)သန်းကျော် ရောဂါဖြစ်ပွားခဲ့ပြီး (၅) သိန်းကျော် သေဆုံးရာမှ အလေးထား ကာကွယ်မူကြောင့် ၂၀၀၉ တွင် ဖြစ်ပွားသူ (၅) သိန်းကျော်ရှိပြီး သေဆုံးမူမှာ (၂၈၀၀၀) သာဖြစ်အောင် ဟန်တား ကာကွယ်နိုင်မူအား လေ့လာ အတုယူ သင့်ပါသည်။ တရားဝင် ပြည်တန်ဆာ ရှိနေရာနှင့် တန်းတူ မြန်မာနိုင်ငံတွင် HIV ရောဂါဖြစ်ပွားမှုအား နိုင်ငံတော် အစိုးရနေဖြင့် အမျိုးသားရေး တာဝန်တစ် ရပ်အဖြစ် ဆောင်ရွက်သင့်ပါကြောင်း တင်ပြ လိုက်ရပါသည်။

၄၄။ လက်ရှိ အဖြစ်များတဲ့ နေရာတွေကတော့ မူဆယ်၊ တာချီလိတ်၊ ကောသောင်း၊ ထားဝယ်၊ ရေး၊ ဖားကန့်၊ မြစ်ကြီးနား၊ ကလေး၊ တမူးဒေသများ အဖြစ်များကြောင်း ကြားသိရ၍ မှန်ကန်မှု ရှိမ/မရှိ စီစစ်ခြင်း ဇုံသတ်မှတ်မှုအား ဖြစ်ပွားမှုလိုက် အဆင့်သတ်မှတ်ခြင်းများ ဆောင်ရွက် သင့်သည်။

Written By Worst PawOo