Wednesday, July 25, 2012

အနုပညာရှင်တို့ချက်ပြုတ်ပေးတဲ့....စားသောက်ဖွယ်ရာ

(1) ဘူးသီးကြော်စားရအောင်လား
ဘူးသီးကြော်ကိုဘာနဲ့တွဲဖက်စားရင်ကောင်းလဲလို့ဟိုသည်လျှောက်တွေးကြည့်မိတယ်။ ကျွန်တော်တို့ရှမ်းပြည်ထွက် လက်ဖက်ခြောက် ကောင်းကောင်းပါတဲ့ လက်ဖက်ရည်ကြမ်းပူပူလေး တဖူးဖူးမှုတ်သောက်လိုက် ဘူးသီးကြော်ကြွပ်ကြွပ်ရွရွှလေးကို အချဉ်ရည်လေးတို့ကာ ကိုက်စားလိုက် ဘယ်လောက်ကောင်းထားလဲနော်။

အခု ပြန်လည်ဖော်ပြမယ့် ဘူးသီးကြော်ကို အဆိုတော်သရုပ်ဆောင် မိုးယံဇွန်က ကြော်ပေးထားတာပါ စားကြပါဦးနော်။

ဘူးသီးကြော်
ပါဝင်ပစ္စည်းများ
ဘူးသီးအသေး တစ်လုံး၊ရွှေလိပ်ပြာမှုန့်နှစ် ၁ထုပ်၊အချိုမှုန့် အနည်းငယ်၊ဆား အနည်းငယ်၊ဆီ ၃၀ ကျပ်သား
ဂျင်း(ချင်း) အနည်းငယ်၊ကြက်သွန်ဖြူ အလတ်စား ၅လုံး၊မန်ကျည်းသီး အသင့်တင့်၊နံနံပင် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်
- ဘူးသီးကို အနေတော် လေးတွေလှီးစိတ်ထားရပါမယ်။
- မုန့်နှစ်ကို မပျစ်မကြဲ ရေကိုသင့်တော်သလောက်ထည့်ကာဖျော်ရပါမယ်။
- မုန့်နှစ်ထဲကို အချိုမှုန့်ဖြစ်ဖြစ်၊ ဆားဖြစ်ဖြစ်အနည်းငယ်ထည့်ပြီး မွှေပါ။ မုန့်နှစ်ကို ပျစ်နေအောင်ထားရင်အကောင်းဆုံးပါပဲ။ မုန့်နှစ် ပျစ်တော့မှာ ကြော်တဲ့အခါမှာ ကြော်လို့ကောင်းမယ်။ စားတဲ့အခါမှာလည်း ကြွပ်ကြွပ်လေးနဲ့ စားလို့ကောင်းတယ်။
- ဆီပူပူထဲထည့်ကြော်တဲ့အခါတော့ အရောင်ရင့်သွားတဲ့အထိမထားပဲ မုန့်နှစ်လူးထားတဲ့ ဘူးသီးစိတ်လေးတွေ ရွှေညိုရောင်နည်းနည်းသမ်း ပြီဆိုတာနဲ့ ဆယ်ယူထားသင့်ပါတယ်။

အချဉ်စပ်နည်း
စစချင်း မန်းကျည်းသီးကို ရေနွေးနဲ့စိမ်ထားတယ်။ ပြီးရင် ကြက်သွန်ဖြူကိုထောင်း၊ ဂျင်း(ချင်း)ကိုထောင်းထားပါ။ အားလုံးအသင့်ဖြစ်ပြီဆိုရင် တော့ မန်ကျည်းသီးကို အဖတ်တွေဆယ်လိုက်ပြီး ထောင်းထားတဲ့ ဂျင်း(ချင်း)နဲ့ ကြက်သွန်ဖြူထည့်ပြီးတော့ သကြားနည်းနည်းထည့်မယ်။ မွှေတာနှံ့ပြီဆိုရင် အပေါ်ကနံနံပင်လေးနည်းနည်းဖြူးလိုက်ပြီးရင်တော့ အချဉ်က ဘူးသီးကြော်နဲ့တို့စားဖို့အသင့်ဖြစ်ပါပြီ။

ကဲ..အိမ်မှာကြော်တဲ့ ဘူးသီးကြော်လေးနော်..စားကြပါဦး။

(2)ကြက်သားဟင်းကိုအမျိုးမျိုးအဖုံဖုံကြော်လှော်ချက်ပြုတ်ကြတာမှာ အခု သရုပ်ဆောင် လှအဉ္ဇလီတင့် (ချောချော) ချက်ပြုတ်ပေးတဲ့ နှင်းချယ်ရီ ကြက်သားချဉ်စပ်က အရသာတစ်မျိုးထူးပါတယ်။ စားနေကြပုံစံမျိုးမဟုတ်တော့ တော်တော်ခံတွင်းလိုက်တာကြောင့် သူငယ်ချင်း တို့လည်း ချက်ပြုတ်စားကြည့်ကြပါဦးနော်။

နှင်းချယ်ရီကြက်သားချဉ်စပ်
ပါဝင်သည့် ပစ္စည်းများ
ကြက်သား - ၅၀ကျပ်သား    ခရမ်းချဉ်သီး - ၅လုံး
ကြက်သွန်ဖြူ - အနည်းငယ်   ကြက်သွန်နီ - ၅လုံး
ငပိ - အနည်းငယ်    ငရုတ်သီးအနှစ် - အနည်းငယ်
ငရုတ်သီးစိမ်း - အနည်းငယ်  ပင်စိမ်း/ချင်း - အနည်းငယ်
ငံပြာရည်/ဟင်းချိုမှုန့် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်ပုံ
ပထမဦးဆုံး ခရမ်းချဉ်သီးကို ရေခန်းလေးပြုတ်ပြီး အခွံကိုခွာ၍ နုပ်နုပ်စဉ်းထားပါ။ ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်၍ ချင်း၊ကြက်သွန် ဖြူ၊နီ များကို ထည့်၍်ဆီသတ်ပါ။ ငရုတ်သီးအနှစ်နှင့် မျှင်ငပိကို ထည့်၍ဆီနာနာလေး သတ်ပေးပါ။ ထို့နောက် ပင်စိမ်းရွက်အနည်းငယ် ထည့်ပါ။ အရောင်ရဲ၍ အနံ့မွှေးလာလျှင် ကြိတ်ထားသော ငရုတ်သီးအစိမ်းများကိုထည့် ပါ။ အသင့်နယ်ထားသော ကြက်သားတုံးလေး များကို အိုးထဲ သို့ထည့်ပါ။ နုပ်နုပ်စဉ်းထားသော ခရမ်းချဉ်သီးများကိုဆက်၍ ထည့်ပြီး မွှေပါ။ ဆူလာသည်အထိ ရေနွေးထည့်၍ ခဏထား ပါ။ အသားများနူး ၍ အိသွားလျှင် အပေါ့၊အငံ မြည်း၍ အသင့် သုံးဆောင်နိုင်ရန် ပန်းကန်ပြားတစ်ချပ်ထဲသို့ ငှက်ပျောဖက်လေးခင်း၍ ချက်ထားသော ကြက်သားချဉ်စပ်ဟင်းကို ထည့်ပါ။ အစပ်ကြိုက်သူများအနေဖြင့် သီးသန့် စားနိုင်ရန် ဘေးပတ်ပတ်လည်တွင် ငရုတ်သီး ကွင်းလေးများကို အစီအရီထည့်၍ သုံးဆောင်နိုင်ပါပြီ။

(၃) ရှမ်းပြည်ဖက်က အနုပညာရှင်လေးတစ်ယောက်က အိမ်မှာအလွယ်တကူပြုလုပ်စားလို့ရမယ့် ရှမ်းခေါက်ဆွဲကိုပြင်ဆင်ကျွေးတာစားဖူး ပါတယ်။ အရသာကမဆိုးပါဘူး။အိမ်မှာလုပ်စားကြည့်ကြပေါ့နော်။

ရှမ်းခေါက်ဆွဲ ပြုလုပ်နည်း
ပါဝင်သောပစ္စည်းများ -
(၁) ကြက်သား(သို့)၀က်သား - ၅၀ သား
(၂) ရှမ်းခေါက်ဆွဲခြောက် (အစီး/အဖွယ် ကိုယ်ကြိုက်နှစ်သက်ရာ) - ၂စီး
(၃) ဂျုံခေါက်ဆွဲ - ၁၀ သား
(၄) ဘဲဥ - ၂လုံး
(၅) ဆီတို့ဟူး - ၁တုံး
(၆) ပဲပုပ် - အနည်းငယ်
(၇) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၈) ရှောက်တကောပါကော်မှုန့် - အနည်းငယ်
(၉) ကြက်သွန်မိတ်၊ နံနံပင် - အနည်းငယ်

အဆင့်ဆင့်ပြုလုပ်နည်း
ရှမ်းခေါက်ဆွဲခြောက်ကို တစ်နာရီခွဲလောက် ကြိုတင်ရေစိမ်ထားပါ။ ကြက်သား(သို့)၀က်သားကို ရေနွေးပွက်ပွက်ဆူတွင် ထည့်ပြုတ်ပါ။ အသားနူးအိပါက ဆယ်၍နွှင်ထားပါ။ ဘဲဥကို မွှေခေါက်၍ ဒယ်အိုးပြားတွင် ဆီအနည်းငယ်သာထည့်ကြော်ပြီး လိပ်၍ ပါးပါးပြန်လှီးပါ။ ဆီတို့ဟူးကို ရေနွေးနည်းနည်းဖြင့် ရေဖျော်ထားပါ။ ဂျုံခေါက်ဆွဲကို ဆီများဖြင့် အကြွပ်ကြော်ပါ။ ပါဝင်ပစ္စည်းများ အဆင်သင့်ဖြစ်လျှင် ခေါက်ဆွဲကို ရေနွေးဖြင့် အနေတော်ဖြော၍ ပြင်ဆင်ထားသော ဟင်းအမယ်များကို စုံလင်စွာထည့်၍ သုံးဆောင်နိုင်ပါသည်။

(တစ်ပွဲစာစီခန့်မှန်းထည့်ပြီးပြင်ဆင်စားသောက်ကြတာပေါ့)

ဝက်ခေါက်ကြော်၊ တို့ဟူးကြော်၊ မုန့်ညင်းချဉ်တို့ မုန်လာဥဖြူချဉ်တို့နှင့် ပြီးတော့ ကြက်ရိုးပြုတ်ရည်နံနံခတ်ပြီး တွဲဖက်စားသောက် လိုက်ရင်တော့ အရမ်းဂွတ်မယ်ထင်ပါတယ်။

(4) ဒီတစ်ခါ အဆိုတော်သရုပ်ဆောင်ဆရာဝန်မလေး ချစ်သုဝေက ၀ါတွင်းကာလသက်သတ်လွတ်စားသူများအဆင်ပြေဖို့ ချက်ပြထားတဲ့ ဟင်းအတွဲအစပ်လေးကိုပြန်လည်ဖောက်သည်ချပါရစေ။

သက်သက်လွတ် ပဲကုလားဟင်း
ပါဝင်ပစ္စည်းများ
ပဲစင်းငုံ - ၁၀ ကျပ်သား
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
ဒန့်သလွန်သီး - ၄ တောင့်
ကြက်သွန်ဖြူ/နီ - ၂လုံး
မုန်လာဥဖြူ - ၁၀ ကျပ်သား
အာလူး - ၁၅ ကျပ်သား
ဘူးသီး - တစ်စိပ်
ပဲသီး (ပဲတောင့်ရှည်) - ၁၅ ကျပ်သား
ဂေါ်ရခါးသီး - ၁ လုံး
မန်ကျည်းမှည့် - အနည်းငယ်
ဆား - အနည်းငယ်
ဟင်းခတ်မှုန့် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ပျဉ်းတော်သိမ် (ဆီသတ်ရွက်) - အနည်းငယ်

ချက်ပြုတ်နည်း
ပဲစင်းငုံကို ရေဆေးပြီး ရေစိမ်ထားလိုက်ပါ။ ပြီးလျှင် နူးသွားအောင် ပေါင်းအိုးနှင့်ပေါင်းပြီး သတ်သတ်ဖယ်ထားပါ။ အထက် ပါအသီးအနှံများကို အခွံနွှာ၍ သင်ထားပါ။
ပထမဆုံး အိုးထဲသို့ ဆီထည့်ပြီး ပူလာလျှင် ကြက်သွန်ဖြူ/နီကို ဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီး ခွဲခြမ်းထည့်ပါ။ အရောင် လေးရဲပြီး အနံ့လေးမွှေးလာရင် အိုးထဲက ခဏဖယ်ထားပါ။ အိုးထဲမှာ ဆီသတ်ပြီး ကျန်တဲ့ထဲကို ပြုတ်ထားတဲ့ ပဲကိုထည့်ပါ။ အရင်ဆုံး မာပြီးမကျက်နိုင်မဲ့ မုန်လာဥဖြူ၊ ဒန့်သလွန်သီး၊ ဂေါ်ရခါးသီး၊ အာလူးနဲ့ ခရမ်းသီးများကိုထည့်ပါ။ ပြီးလျှင် ရေ နည်းနည်းထည့်ပြီး အုပ်ထားပါ။ နူးလောက်ပြီဆိုလျှင် နူးလွယ်တဲ့ ပဲသီး၊ ဂေါ်ဖီ၊ရုံးပတေသီး၊ ဘူးသီးများကို ထည့်ပြီး၊ မန်ကျည်းရည်ထည့်ပါ။ ပြီးလျှင် သတ်သတ်ဖယ်ထားသော ကြက်သွန်နှစ်များကို ထည့်အုပ်ပါ။ ချခါနီးမှာ မဆလာ၊ ငရုတ်သီးတောင့်ရှည့်၊ ဟင်းခတ်မှုန့်များထည့်၍ အပေါ့အငန် မြည်းပြီးသုံးဆောင်နိုင်ပါပြီ။

သတ်သက်လွတ် ငံပြာရည်ချက်
ပါဝင်ပစ္စည်းများ
ဆီ - စားပွဲတင်ဇွန်း ၂ ဇွန်း
မြေပဲ - ၂၀ကျပ်သား
ပဲငံပြာရည်အကြည် - အနည်းငယ်
ငရုတ်သီးခွဲခြမ်း - အနည်းငယ်
ကြက်သွန်ဖြူ - ၂ လုံး
ကြက်သွန်နီ - ၁လုံး
ဟင်းခတ်မှုန့် - အနည်းငယ်
ဆား - အနည်းငယ်

ဒယ်အိုးထဲသို့ ဆီထည့်ပြီး ပါးပါးလှီးသော ကြက်သွန်နီကို ဆီသတ်ပါ။ ပြီးလျှင် ထောင်းထားတဲ့ ငရုတ်သီးခွဲခြမ်းကိုထည့်ပါ။ အရောင်ရဲပြီး အနံ့မွှေးလာလျှင် မြေပဲထောင်းထားတာကို ထည့်ပြီးလုံးပါ။ နည်းနည်းကြာလျှင် ပဲငံပြာရည်အကြည်ထည့်ပါ။ ပြီးလျှင် အပေါ့အငန်မြည်း၍ သုံးဆောင်လို့ရပါပြီ။ ချက်ရတာလွယ်ကူတဲ့ သတ်သက်လွတ်ဟင်းလေးတစ်ခွက်ပါ။
ဝါတွင်းမှာ သတ်သက်လွတ်စားမည့်သူများအတွက် ရည်ရွယ်ပြီး ချက်ထားတဲ့ဟင်းနည်းလေးဖြစ်ပါတယ်။

စာကြွင်း။ သူတို့လည်းဟင်းချက်တတ်ကြတယ်နော်။ ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ‘ကောင်းကောင်းစားချင်ရင် ကောင်းကောင်း ချက်တတ်ရတယ်’ လို့ပြောပြနေကြသလိုပါပဲ။

Credit: မြင်ကွင်း မဂ္ဂဇင်း

Tuesday, July 24, 2012

ကိုယ်စိတ်ကျန်းမာရေး သတင်းလေးများ



လူတိုင်းအတွက် ကိုယ်စိတ်ကျန်းမာချမ်းသာရှိရေးနဲ့ ပတ်သက်လို့ သုတေသီတွေရဲ့ တွေ့ရှိရတဲ့အချက်အလက်တွေနဲ့ပတ်သက်ပြီး ဖော်ပြအပ်ပါတယ်။

(၁) ပြင်လို့ရတဲ့အကျင့်
လူတိုင်းက အစားအသောက်နဲ့ ပတ်သက်ရင် ပရမ်းပတာ စားသောက်တတ်လေ့ရှိပေမဲ့ အဲဒီအကျင့်ကို အလွယ်တကူပြင်လို့ရပါတယ်။ အမေရိကန်သုတေသီတို့ရဲ့ တွေ့ရှိချက်လို လူတွေရဲ့အစားအသောက် အကျင့်ဆိုးကို အလွယ်တကူပြုပြင်လို့ရတယ်လို့ဆိုတယ်။ ပြင်တဲ့ နည်းကတော့ အလွယ်လေးပါ။ အစားအသောက်ကို မိမိကိုင်တွယ် စားနေကျ လက်အစား ကိုယ်တွယ်နေကျ မဟုတ်တဲ့ လက်ကိုအသုံးပြုပြီး စားလိုက်ရုံပါပဲ။

(၂) ကိုက်ခဲမှုကင်းဝေး အနံ့မွှေးမွှေး
လေ့လာဆန်းစစ်မှုအသစ်မှာ ဖော်ပြထားချက်အရ အစိမ်းရောင်ပန်းသီးရဲ့ အနံ့က အပြင်းအထန် ခေါင်းကိုက်နေမှုကို သိသိသာသာလျော့ပါး စေတယ်လို့ဆိုတယ်။ သုတေသီတို့ ယူဆချက်အရ နှစ်သက်ဖွယ်အနံ့က စိတ်တင်းကျပ်မှုကနေ သက်သာစေပြီး ပေါ့ပါးလန်းဆန်းစေတယ်။ ဒါ့အပြင် ခေါင်းကိုက်ဝေဒနာကနေ သက်သာလျော့ပါးစေတယ်လို့ ဆိုပါတယ်။

(၃) ကြောက်စိတ်လွန်ကဲမှု
မိမိရဲ့အိပ်ခန်းနံရံမှာ ပင့်ကူတစ်ကောင် တရွေ့ရွေ့သွားနေတာကို တွေ့ရင် အဲဒီပင့်ကူက တဖြည်းဖြည်း ပိုကြီးလာသလို ထင်ရတယ်။ အိုဟိုင်းအိုး တက္ကသိုလ်က သုတေသီတွေရဲ့ လေ့လာစမ်းသပ်ချက်အရ  ဒီလိုမျိုးတွေ့ကြုံရတဲ့သူတွေဟာ အကြောက်တရားကြောင့် သူတို့ရဲ့ အသိကို ပုံပျက်စေတဲ့အတွက် တွေ့မြင်ရတဲ့ ပင့်ကူကြီးက သူတို့ရဲ့ ဦးနှောက်အသိမှာ နဂိုအသိထက် ပိုကြီးလာသလိုထင်မြင်လာစေတယ် လို့ဆိုတယ်။

(၄) နေရောင်ခြည်ဒဏ်ကာကွယ်ဆေး
နေရောင်ခြည်ကာကွယ်ရေးအတွက် ဆေးသောက်ရုံနဲ့အလွယ်တကူ ကာကွယ်နိုင်မယ်လို့ဆိုတယ်။ သိပ္ပံပညာရှင်တို့ရဲ့ တွေ့ရှိချက်အရ သန္တကျောက်တွေဟာ ၄င်းတို့ရဲ့အတွင်းပိုင်းမှာရှိတဲ့ ဒြပ်ပေါင်းတွေကို အသုံးပြုပြီး နေရောင်ခြည်ဒဏ်ကို ကာကွယ်နိုင်ကြတယ်။ ဒီဒြပ်ပေါင်း တွေကို ဆေးပြားအဖြစ် ပြန်လည်ထုတ်လုပ်နိုင်ဖို့အတွက် သိပ္ပံပညာရှင်တွေက ကြိုးပမ်းနေကြပါတယ်။

(၅) ပူပန်သောကလျော့ပါးရေး
မိမိရဲ့ ကိုယ်ခံအားစနစ်အတွက် လိုအပ်ရင် ဗီတာမင်ကို မှီဝဲပါတဲ့။ အရီဇိုးနားတက္ကသိုလ်မှာရှိတဲ့ ကျန်းမာရေးရုံးရဲ့အဆိုအရ ဗီတာမင်မှီဝဲတဲ့ ကျောင်းသားတွေက စိတ်ဖိစီးမှုတွေကနေ ပိုမိုလျော့ပါးစေတယ်လို့ဆိုတယ်။

(၆) တုန်လှုပ်ချောက်ချားနေရင် အိပ်မပျော်စေနဲ့
စိတ်မသက်သာစရာ တစ်ခုခုကိုတွေ့လိုက်ရရင် အချို့က ချက်ချင်းဆိုသလို မျက်လုံးတွေကိုပိတ်လိုက်တတ်ကြတယ်လို့ဆိုတယ်။ ဒါမှမဟုတ်ရင်လည်း ဒီတုန်လှုပ်ချောက်ချားမှုက စိတ်ကစဉ့်ကလျားဖြစ်မှုဆီကို ဦးတည်စေနိုင်တယ်လို့ မကြာသေးမီက လေ့လာဆန်းစစ်မှု တစ်ခုမှာ ဖော်ပြထားပါတယ်။

အဲဒီလိုအချိန်မျိုးမှာ အိပ်ပျော်သွားရင် ဒီစိတ်မသက်သာစရာအဖြစ်က အသိမှတ်ဉာဏ်ထဲမှာ ကိန်းအောင်းသွားစေတတ်တယ်။
ဒါကြောင့် အဲဒီလိုအချိန်မျိုးမှာ မအိပ်ဘဲ စကားစမြည်ပြောဆိုပါလို့ သုတေသီတို့က အကြံပြုထားပါတယ်။

(၇) ပျော်ချင်ရင် အပြောင်းအလဲပြု
နေ့စဉ်ပုံမှန် ပြုလုပ်နေကြထဲက လွယ်ကူတဲ့အရာတစ်ခုကို ပြောင်းလဲခြင်းက မကောင်းတဲ့အကျင့်ကို စွန့်ပစ်ဖို့အကောင်းဆုံးနည်းလမ်း တစ်ခုဖြစ်တယ်လို့ ဗြိတိန်နိုင်ငံက သုတေသီတွေက ပြောကြားခဲ့ပါတယ်။

ဒါဟာ ကျန်းမာရေးအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးကိုပါ ရရှိစေနိုင်ပါတယ်။ ရိုးစင်းလွယ်ကူတယ်ဆိုတာကိုပြောမယ်ဆိုရင် ရေဒီယိုမှာ လာနေတဲ့အစီအစဉ်တွေကို ပြောင်းလဲပြီးနားထောင်နေတာဟာ ကိုယ်စိတ်နှစ်ပါးကို ရွှင်လန်းချမ်းမြေ့စေပါတယ်။

Ref: Online

ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့...



လူတစ်ဦးတစ်ယောက်ရဲ့ဘ၀မှာ အခက်အခဲဆုံး အလုပ်ကတော့ ပြတ်တောက်သွားတဲ့ အချစ်ရေးတစ်ခုကို ပြန်ဆက်ရတာ ပါပဲ။ ကဗျာဆန်ဆန်ပြောရရင်တော့ 'ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ရေး'ပေါ့။အချစ်ရေးတစ်ခုအဆုံးသတ်သွားပြီဆိုရင် ပုံမှန်အတိုင်း ပိုပြီးနီးနီးကပ်ကပ် နှလုံးသားချင်း ထပ်တူပုံအပ်ထားခဲ့ရင် ခံစားရတဲ့ နာကျင်မှုက ပိုပြီးနက်ရှိုင်းမှာအမှန်ပဲ ပေါ့နော်။ 

ပြတ်တောက်ကွဲကွာခဲ့ရတဲ့ အချစ်ရေးတွေကို ဘယ်လိုပြန်တည်ဆောက်မလဲ၊ ချစ်ကြိုးလေးတစ်မျှင် ဘယ်လိုပြန်ဆက်မလဲ ဆိုတာကို ဆွေးနွေးကြည့်ရအောင် သူငယ်ချင်းတို့ရေ။ တစ်ခုရှိတာက ပြတ်တောက်သွားတဲ့ အချစ်ရေးတစ်ခုမှာ ပါဝင်တဲ့ သူတိုင်းဟာ ကွဲကွာရခြင်း ဒဏ်ရာပြဿနာတွေကို ကုစားနိုင်မယ်ဆိုရင် သူတို့ရဲ့အချစ်ရေးတွေကို အသစ်တစ်ဖန်ပြန် တည်ဆောက်နိုင်မယ်ဆိုတာပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ဟာ အချိန်ယူကောင်းယူရပါမယ်။ ဒါပေမဲ့ ရလဒ်ကတော့ အချိန်ပေး၊ ကြိုးစားရကျိုးနပ်ပါလိမ့်မယ်လို့။

ဒဏ်ရာကုစားဖို့အတွက် အခက်အခဲအတားအဆီးများ
ပြတ်တောက်သွားတဲ့ အချစ်ရေးတွေကို ပြင်ဆင်မွမ်းမံဖို့ မဆွေးနွေးခင် ကျွန်မတို့ဟာ ဘာတွေက ပထမဆုံး အတားအဆီး တွေလည်းဆိုတာ ဆွေးနွေးရမှာပါ။

(၁) မာန
ဒါလေးကိုတော့ ပထမဆုံးနေရာပေးပြီး ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မာနထားတာဟာ ပြိုကွဲသွားတဲ့ အချစ်ရေး တစ်ခု ပြန်လည်ထူထောင်ရေးမှာ အကြီးမားဆုံးနဲ့ ဖြစ်လေ့ဖြစ်ထအရှိဆုံး အခက်အခဲအတားအဆီး တစ်ရပ်မို့ပါ။ ကျွန်တော့်ကိုယ်တွေ့မှာလည်း သူငယ်ချင်းတစ်ဦးကို မာနတွေတက်ပြီး လမ်းခွဲခဲ့ဖူးတာရှိတယ်။ 

နိဂုံးချုပ်ပြန်စဉ်းစားကြည့်တော့ အပြစ်တင်စရာဆိုလို့ သူရော၊ ကျွန်မမှာပါ ဘာမှမယ်မယ်ရရမရှိခဲ့ဘူး။ ကျွန်မတို့ကို ကိုယ့် အမှားကိုယ်တာဝန်ယူဖို့ ခက်ခဲစေခဲ့တာဟာ မာနတရားပဲဆိုတာ သိခဲ့ရတယ်။ ဒါကြောင့် မာနကလူတွေကို တစ်ကွဲစီ ကွဲပြားစေတယ်ဆိုတာ သိထားပါ။ ကျွန်တော်တို့ထင်တာကလည်း အမှားလုပ်မိလို့အဲဒါကို မှားပါတယ်လို့ အခြားသူတွေ ကို ၀န်ခံလိုက်ရင်ကိုယ်တော့ ရှုံးပြီလို့တွေးထင်တတ်ကြတာကိုး။ ဒါပေမဲ့ မာနကိုမျိုသိပ်ပြီး အမှန်ကိုဝန်ခံတာဟာ ကိုယ့် အတွက်ရော၊ သူ့အတွက်ပါ အမြင်ရှင်းလင်းစေတာအမှန်ပါ။ အချစ်ရေးတစ်ခုမှာ မာနဘေးဆိုတဲ့ အတားအဆီးကို ကျော်လွန်ဖို့ လျှို့ဝှက်ဖော်မြူလာနည်း မရှိဘူး။ ရေကူးတတ်ချင်သူအဖို့ ရေထဲအရင် ခုန်ချကူးခတ်ရသလိုမျိုးပဲ။ မာန တရားကို အနိုင်ရချင်ရင် သူ့ကိုရဲရဲရင်ဆိုင်၊ ပပျောက်အောင် သတိရှိရှိသာကြိုးစားပါ။ ဒါမှမဟုတ်ရင်တော့ သင်တကယ် ရှုံးတာပါ။

(၂)အချိန်
အချိန်ဆိုတာ အကောင်းဆုံးသမားတော်တဲ့။ တချို့ကပြောတယ်။ အဲဒါတစ်ဝက်ပဲမှန်ပါတယ်။ ဆိုလိုတာက ကျွန်မတို့ဟာ အချိန်ကြာကြာ ပိုစောင့်လေလေ၊ ပြိုကွဲသွားတဲ့ ဆက်ဆံရေးကို ပြန်တည်ဆောက်ဖို့ ခက်ခဲလေလေပါပဲ။ ရှင်ပေါလုက အက်ဖီဆီယန်ကျမ်းစာမှာ '....သင်အမျက်ထွက်နေဆဲ၌ပင် နေမ၀င်ပါစေလေနှင့်' လို့လာရှိတယ်။ 

သူဆိုလိုတာက ပြဿနာတစ်ခုကိုဖြေရှင်းဖို့ အချိန်မဆိုင်းနဲ့။ ဒေါသထွက်နေရင် ဒေါသကို မြန်မြန်ငြှိမ်းသတ်လို့ သတိပေးတာပါပဲ။ သင်ဟာပြိုကွဲသွားတဲ့ အချစ်ရေးဒဏ်ရာကို မြန်မြန်ကုစားလေ အနာပိုသက်သာလေ၊ အချစ်ရေးပြန်တည်ဆောက်ဖို့ အခွင့်သာလေပါပဲ။အချိန်ဆိုတာ ကျွန်တော်တို့ကို ကြာလေဝေးလေဖြစ်အောင် ပြုစားတတ်ပါတယ်။ ပြဿနာဖြစ်ဖြစ်ချင်း လူတစ်ယောက် ဘာလိုအပ်ခဲ့တယ်ဆိုတာကို သတိမေ့စေပါတယ်။ ဒီတော့ အချိန်ကြာလာတာနဲ့အမျှ ပြဿနာဟာ ခါးသီးစရာ၊ အကျယ်ချဲ့စရာဖြစ်လာတတ်ပါတယ်။

(၃) မှားယွင်းတဲ့အသံတွေ
ကျွန်တော်တို့ဟာ နေ့စဉ်နဲ့အမျှ ဘ၀မှာ အသံတွေမျိုးစုံကြားနေရတာပါ။ မီဒီယာက အကြံပေးတဲ့အသံတွေ၊ အိမ်နီးချင်း ကပေးတာတွေ၊ အလုပ်ခွင်ကရတာတွေ၊ ပြီးတော့ ကိုယ့်စိတ်အတွင်းထဲက ပေါ်လာတဲ့အသံတွေ။ ဒီမှာ ကျွန်တော်သတိပေး လိုတာကတော့ မှားယွင်းစွာ မြှောက်ပင့်တဲ့။ လမ်းမှားရောက်စေနိုင်တဲ့ အသံမျိုးတွေကို နားမယောင်မိဖို့ပါ။ တစ်ခါတလေ ကျရင် ကျွန်တော်တို့ရဲ့အချစ်ရေးတွေဟာ တအားကြီးခိုင်မာလွန်းတာမဟုတ်ပေမဲ့ မပျက်စီးနိုင်သေးဘူး။ ဒါပေမဲ့ စကား အမှားတွေ၊ မြှောက်ပေးတာတွေ နားထောင်မိရင်တော့ ပျက်စီးတတ်တာ သတိချပ်စေချင်ပါတယ်။ ဒါကြောင့် အသံတွေ ကိုလည်း ရွေးချယ်စဉ်းစား နားထောင်တတ်ပါစေ။

(၄) အချစ်ရေးတည်မြဲဖို့ အာမခံလိုစိတ် မရှိတာ
ဒီစိတ်ကလည်း အတားအဆီးတစ်ရပ်ပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ကြတယ်။ ဒါပေမဲ့ ကိုယ့်အချစ်ရေး တည်မြဲလိုစိတ် နည်းပါးတာ။ အာမခံချက်မပေးလိုတာဟာ သည်းခံစိတ်နည်းပါးတာကို ပြသတာပါပဲ။ ဒီကိစ္စမှာ အချစ်ဟာ ပထမ၊ သည်းခံစိတ်က ဒုတိယ။ ဒါပေမဲ့ ဒီနှစ်ခုတွဲထားမှ လိုင်မြဲတဲ့ အချစ်ရေးဖြစ်တာကို သဘောပေါက်သူ နည်းပါးဆဲပါပဲ။

ကွဲအက်သွားတဲ့ အချစ်ရေးကို ပြန်လည်ဖာထေးရေး ခြေလှမ်းအဆင့်များ
ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့ အချက် (၆)ချက်လောက်တော့ စဉ်းစားမိပါတယ်။ အဲဒါတွေကိုလည်း ဝေမျှပေးချင် ပါတယ်။

(၁) ကွဲကွာရခြင်းအကြောင်းအရင်းမှန်ကိုသိနားလည်ခြင်း
လူတော်တော်များများဟာ အချစ်ရေးမှာ ကွဲကွာရခြင်းအကြောင်းအရင်းမှန်ကို ပြန်တွေးတာ နည်းလှတယ်။ မတွေးမိအောင် လည်း ခုနကတင်ပြခဲ့တဲ့ အချက်တွေက ပိတ်ကာဆီးနေမှာပါ။ ဒါကြောင့် ပြဿနာတစ်ရပ်ဖြစ်လာရင် နှစ်ဦးသားဆက်ဆံ ရေးကို ပျက်စီးစေတဲ့ ရင်းမြစ်ဟာ ကိုယ့်ဆီက စတင်သလား အရင်နားလည်အောင် ကြည့်ပါ။

(၂) ကိုယ့်ကိုယ်ကို နှိမ့်ချမှု
ကိုယ်ဟာ ပြဿနာရဲ့ ရင်းမြစ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ နှိမ့်ချမှုမှမရှိရင် ကွဲအက်သွားခဲ့တဲ့ ဆက်ဆံရေးကို ဘယ်လိုပြန်ဖာထေးမလဲ။ ရမှာမဟုတ်ပါဘူး။ ဒါကြောင့် နှိမ့်ချမှုဟာ အမှားဝန်ခံဖို့အတွက် အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ တကယ်လည်း သင့်ဘက်က အမှားဝန်ခံတာကို ကြိုးစားလုပ်ဆောင်နိုင်ခဲ့ရင် ဆုလာဘ်က ထင်တာထက် ပိုကြီးမားတယ် ဆိုတာ သတိထားမိလာပါလိမ့်မယ်။

(၃) သည်းခံနိုင်မှု
ဒါလည်း မရှိမဖြစ် လိုအပ်ချက်ပါ။ အချစ်ရေးပြိုကွဲသွားတာဟာ တစ်ညတည်း ၀ုန်းဒိုင်းဖြစ်လေ့ရှိတာ မဟုတ်ပါဘူး။ ဒါကြောင့် ပျက်ယွင်းသွားတဲ့ အချစ်ရေးတစ်ခုကိုလည်း တစ်ညထဲမှာ ပြန်မတည်ဆောက်နိုင်ပါဘူး။ အနာကျက်ဖို့ သည်းခံ စိတ်ရှည်ရပါမယ်။ အခြားတစ်ဖက်က ပေါင်းစည်းရေးအတွက် ဆန္ဒမရှိနေတာတောင်မှ ကိုယ့်ဘက်ကသည်းခံမှုရှိရင် မာန တွေအရည်ပျော်စေနိုင်ပါတယ်။ ကိုယ့်အချစ်ကို မြဲမြဲဆုပ်ကိုင်ပါ။ တစ်ဖက်သားကိုလေးစားပါ။ သည်းခံနိုင်မှုက တစ်ဖက်ကို ကိုယ့်အပေါ်နားလည်မှုဖြစ်စေတဲ့ မြစ်ဖျားဆိုတာ မမေ့ပါနဲ့။

(၄) ပွင့်ပွင့်လင်းလင်းပြောခြင်း
ပြဿနာတိုင်းမှာ ပွင့်လင်းစွာပြောခြင်းဖြင့် ဖြေရှင်းနိုင်တာတွေ့ရတယ်။ ပထမဆုံးအပြန်အလှန် အပြစ်တင်မှုကာလလွန် မြောက်သွားရင် ပွင့်လင်းစွာပြောဆိုနိုင်တဲ့ ကာလရောက်လာပါလိမ့်မယ်။အဲဒီကမှတစ်ဆင့်သာ ဖြေရှင်းရေးလမ်းကြောင်း ပေါ်မယ်။ ကျွန်တော်တို့ဟာ ပြဿနာတွေအတွက် အပြန်အလှန် လက်ညှိုးထိုးလေ့ ရှိတယ်။ ဒါမှအမှန်ပေါ်လာမယ် ထင် တတ်ကြတယ်။အဲဒါမှားပါတယ်။ ပြဿနာတွေဟာ သူ့ကြောင့် ကိုယ့်ကြောင့်ပါ တည်ရှိနေတာပါ။ ကိုယ်ဘာမှားနေသလဲ ရှာကြည့်ပါ။ တွေ့ရင် ပွင့်လင်းရိုးသားစွာ ၀န်ခံကြည့်ပါ။ ဒါဆိုပြန်လည်ပေါင်းစည်းရေး လမ်းစပွင့်လာမှာပါ။

(၅) ခွင့်လွှတ်ခြင်း
ဒီကိစ္စကလည်း တစ်ဖက်ထဲက လုပ်လို့မရပါဘူး။ နှစ်ဖက်ပူးပေါင်း လုပ်ရတာပါပဲ။ ဒါပေမဲ့ သူမစတင်သေးခင် ကိုယ်က အရင်စတင်ပါ။ ခါးသီးမှုက ကိုယ်တို့ကြားမှာ အမြစ်မတွယ်ပါစေနဲ့။ ခွင့်လွှတ်ဖို့ လိုအပ်တယ်ဆိုရင် ခွင့်လွှတ်ပါ။ ကိုယ် ကပိုကောင်းတယ်လို့လည်း မတွေးပါနဲ့။အဲဒီစိတ်က ခွင့်လွှတ်ချင်တာကို ဖျက်ဆီးတတ်တယ်။ကိုယ်လည်း မှားနိုင်တယ် လို့တွေးတာ ခွှင့်လွှတ်ဖို့အတွက် လမ်းစကိုရောက်ရှိတာပါ။ 

ခွှင့်လွှတ်ခြင်းဖြစ်တည်ရင် ကျေအေးလာမယ်။ ဒါဆို ဆက်ဆံရေးတစ်ခုလုံး အသစ်ကပြန်စနိုင်ပါမယ်။

(၆) ဖြေရှင်းချက်ကို လက်တွေ့ကျင့်သုံးခြင်း
ကိုယ်တွေရဲ့ ဆက်ဆံရေးဘာကြောင့် ပျက်ယွင်းခဲ့ရလဲ။ နှစ်ယောက်စလုံး နာကျင်မှုကိုယ်စီရအောင် ဘာတွေလုပ်ခဲ့မိလဲ။ တစ်ဦးနဲ့တစ်ဦး နှုတ်အား၊ ကိုယ်အားဖြင့် ခါးသီးအောင် စော်ကားပြုမူခဲ့တာတွေ ရှိလား။ 
သစ္စာဖောက်ခဲ့လို့လား။ ပြဿနာ တွေ ဖြေရှင်းဖို့ အဆုံးသတ်စဉ်းစား ဖြေရှင်းချက် ထွက်လာပြီဆိုရင် မျှော်လင့်ချက်အပြည့်နဲ့ ကျင့်သုံးဆောင်ရွက်ပါ။ မျှော်လင့်ချက်ကို လက်မလျှော့လိုက်ပါနဲ့။ ကိုယ့်အချစ်ကို အမြဲပဲခိုင်မာအောင် သက်သေပြပါ။ ဖြေရှင်းချက်တိုင်းဟာ လက်တွေ့ကျင့်သုံးဖို့ဖြစ်ပါတယ်။ အဖြေတိုင်းဟာ ကြိုးစားရှာဖွေပြီးမှ ရလာတာပါ။ အလဟဿလွှင့်ပစ်ဖို့ မဟုတ်ပါဘူး။ တိတိကျကျလိုက်နာကျင့်သုံးပါ။ ပြတ်သွားတဲ့ ချစ်ကြိုးလေးတစ်မျှင် ပြန်ဆက်ဖို့ သင့်အပေါ်မှာပဲ မူတည်နေတာပါလေ။

Monday, July 23, 2012

Electronic Transaction Law (Episode IV)


အခန်း (၆)
သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူ

၁၂။ ပြည်တွင်း ပြည်ပမှ ပုဂ္ဂိုလ် (သို့) အဖဲ့အွ စည်းသည် သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူအဖြစ် ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုပါက လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ ကြီးကြပ်မှုအဖွဲ့သို့ လျှောက်ထားရမည်။

၁၃။ ကြီးကြပ်မှုအဖွဲ့သည် ပုဒ်မ ၁၂ အရ လိုင်စင်လျှောက်ထားချက်ကို စိစစ်ပြီး ပုဂ္ဂိုလ် (သို့)လိုင်စင်ထုတ်ပေးရန် ငြင်းပန်ခြင်း ပြုနိုင်သည်။

၁၄။ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် -
 (က) ကွန်ပျူတာ ဟတ်ဒ်ဝဲ (Hardware)၊ ဆော့ဖ်ဝဲနှင့် ကွန်ပျူတာ လုပ်ထုံးများကို ၀င်ရောက်နှောင့်ယှက်ခြင်း၊ အလွဲအသုံးပြုခြင်းတို့ ဖြစ်ပေါ်ခြင်းမရှိစေရန် ယုံကြည်စိတ်ချရသော စနစ်ကိုအသုံးပြုရမည်။

(ခ) မိမိရည်ရွယ်သော လုပ်ငန်း၏ ဆောင်ရွက်မှုနှင့် ကိုက်ညီသော ၀န်ဆောင်မှုလုပ်ငန်းတင်သင့်လျော်သော ယုံကြည် အားထားရမှု အဆင့်တစ်ရပ်ရပ်ကို သတ်မှတ်ပေးရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်များ၏ လျို့ဝှက် ထားရှိမှုကို လုံခြုံမှုနည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ဃ) သတ်မှတ်ထားသော စံများကို လိုက်နာဆောင်ရွက်ရမည်။

(င) အီလက်ထရောနစ် နည်းပညာဖြင့် ဆက်သွယ်ဆောင်ရွက်ခြင်းဆိုင်ရာ သက်သေခံလက်မှတ်၏ အသေးစိတ် အချက်အလက်များကို ဖော်ပြရမည်။

(စ) သက်သေခံလက်မှတ် ထုတ်ပေးခြင်းနှင့် သက်ဆိုင်သော မိမိလက်တွေ့ ဆောင်ရွက်ပေးနိုင်မှုကို ဖော်ပြရမည်။

(ဆ) ထုတ်ပေးထားသည့် သက်သေခံလက်မှတ်၏ ယုံကြည်အားထားရမှုကို ဖြစ်စေ ၊ တာဝန်ခံနိုင်မှု (သို့) အာမခံနိုင်မှုကို ဖြစ်စေ၊ ယင်း၏ ၀န်ဆောင်မှုပေးခြင်း လုပ်ငန်းဆောင်ရွက်နိုင်မှုကိုဖြစ်စေ ထိခိုစေနိုင်သည့် အချက်အလက်များကို ဖော်ပြရမည်။

(ဇ) သက်သေခံလက်မှတ်တွင် ခွင့်ပြုထားသော အခြေအနေကြောင့်ဖြစ်စေ၊ ကွန်ပျူတာစနစ်၏ ချို့ယွင်းမှုကြောင့်ဖြစ်စေ ထိခိုက်မှု ဖြစ်ပေါ်လာနိုင်သော အခြေအနေများရှိလာပါက

(၁) ထိခိုက်မှုဖြစ်စေနိုင်သည့် ပုဂ္ဂိုလ်အား ဖြစ်နိုင်သည့် နည်းလမ်းဖြင့် အသိပေး အကြောင်းကြားရမည်။

(၂) အထက်ပါ အခြေအနေနှင့် ဖြစ်ပေါ်မှုများအတွက် သက်သေခံလက်မှတ်ကို လက်တွေ့ဆောင်ရွက်ရာ၌ လိုက်နာရန် သီးခြား သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ ဆောင်ရွက်ရမည်။

(ဈ) ကြီးကြပ်မှုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် စည်းမဉ်းစည်းကမ်းနျင့် တာဝန်များကိုလိုက်နာဆောင်ရွက်ရမည်။

၁၅။ (က) ပုဒ်မ ၁၃ အရ ထုတ်ပေးသည့် လိုင်စင်ကို ရရှိသော သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ၊ ပြည်ထောင်စု မြန်မာနိုင်ငံနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရဖြစ်စေ ခွင့်ပြုမိန့် ရရှိရေးအတွက် အဆို ပြုချက်ကို တင်ပြရာတွင် ကြီးကြပ်မှုအဖွဲ့က ထုတ်ပေးသော လိုင်စင်နှင့်အတူ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ လျှောက်ထား ရမည်။

(ခ) မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ပုဒ်မခွဲ (က)အရ လျှောက်ထားချက်နှင့် စပ်လျဉ်း၍ လိုအပ်ပါက ကြီးကြပ်မှုအဖွဲက၏ သဘောထားချက်ကို တောင်းခံနိုင်သည်။

အခန်း (၇)
ငှားရမ်းသုံးစွဲသူ

၁၆။ (က) ငှားရမ်းသုံးစွဲသူအဖြစ် ဆောင်ရွက်လိုသူသည် သက်သေခံလက်မှတ် ရရှိရန်သတ်မှတ်ချက်များနှင့်အညီ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူထံလျှောက်ထားရမည်။

(ခ) သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူသည် ပုဒ်မခွဲ (က)အရ လျှောက်ထားကိုစိစစ်ပြီး စည်းကမ်းချက်များ သတ်မှတ်၍ သက်သေခံလက်မှတ် ထုတ်ပေးခြင်း (သို့) သက်သေခံလက်မှတ် ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၇။ ငှားရမ်းသုံးစွဲသူသည် - 

(က) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့်အချက်အလက်ဖြင့် တရားဝင်သောထိုးမြဲလက်မှတ်ကို အသုံးပြုသည့်အခါ ယင်းထုတ်ဖော်သည့် အချက်အလက်ကို အခြားသူများတရားမ၀င် အသုံးပြုခြင်း မခံရစေရန် ဂရုစိုက်ရမည်။

(ခ) အီလက်ထရောနစ် ထိုးမြဲလက်မှတ်အတွက် ထုတ်ပေးထားသော သက်သေခံလက်မှတ်ကို ခွင့်ပြုထားသော သက်တမ်းကာလ အတွင်း အသုံးပြုရာတွင် မိမိနှင့် သက်ဆိုင်သည့်အကြောင်းအရာများသော်လည်းကောင်း၊ ထပ်မံထည့်သွင်းရန်ဖြစ်သည့် အကြောင်းအရာ များသော်လည်းကောင်း တိကျပြည့်စုံပြီး မှန်ကန်မှုရှိစေရန် ဂရုစိုက်ရမည်။

(ဂ) အီလက်ထရောနစ် ထိုးမြဲလက်မှတ် ထုတ်ဖော်သည့် အချက်အလက် လျို့ဝှက်မှု ပေါက်ကြားလျှင်ဖြစ်စေ၊ လျို့ဝှက်မှု ပေါက်ကြားနိုင် သည့်အခြေအနေမျိုးရောက်ရှိလျှင်ဖြစ်စေ သက်သေခံလက်မှတ် ထုတ်ပေးပိုင်ခွင့်ရှိသူက စီစဉ်ပေးသည့်အတိုင်းသော်လည်းကောင်း၊ သင့်လျော်သည့် အစီအစဉ်ဖြင့်သော်လည်းကောင်း၊ မိမိ၏ အီလက်ထရောနစ်ထိုးမြဲလက်မှတ်နှင့် လုပ်ငန်းဆက်စက် ပတ်သက်နေသူ များထံ နှောင့်နှေးကြန့်ကြာခြင်းမရှိစေဘဲ အကြောင်းကြားရမည်။

၁၈။ ပုဒ်မ ၁၇ တွင် ဖော်ပြထားသော အချက်များကို ဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ထိခိုက်နစ်နာ ဆုံးရှုံးမှု အကျိုးဆက်များအတွက် ငှားရမ်းသုံးစွသဲူတွင် တာဝန်ရှိစေရမည်။

Note: အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ အခန်းစုစုပေါင်း (၁၃)ခန်းရှိသည်ကို ဆက်လက်ဝေငှပါမည်။

Sunday, July 22, 2012

လယ်တီဆရာတော်ဘုရားကြီးက တပည့် မောင်ဩဇာကို ဆိုဆုံးမသော သံဝေဂတေးထပ်



ငါးအာရုံ ဘင်အစု၊ ခင်မှုနှင့် နေ့ကုန်၊

နင်ယခု မေ့ပုံလို၊ တွေ့မကြုံစခန်း၊

ပါယ်လေးဝ သောကဘုံမှာ၊ မျောရရုံ ရှိတော့ ခမန်း။

အောက်ဝီစိ သောင်းအငူမှာ၊ ခေါင်းမပြူ စတန်း၊

နှစ်အရည် နစ်မည်လမ်းကိုလ၊ နင်မျှော်စမ်း နင့်ကိုယ်၊

ဒေသနာ ထင်အလင်းရယ်နှင့်၊ နင်အဖျင်း ပိုထက်သာပို။

သည်လောဘ စရိုက်အိုကို၊ မလိုက်လို ရှောင်ပစ်လို့၊

နောင်အသစ် တကယ်ပြင်လျှင်၊ ကောင်းဖို့အစဉ်၊

ခွင့်သာခိုက်ကမှ မလိုက်ချင်လျှင်၊ အမိုက်နင့်ပြင်၊ ရှိသေးလေလိမ့်လား။

ခွင့်သာဆဲကမှ မခဲချင်လျှင်၊ အလွဲနင့်ပြင် ရှိသေးလေလိမ့်လား။

ခွင့်သာတုန်းကမှ၊ မရုံးချင်လျှင်၊ အရှုံးနင့်ပြင်၊ ရှိသေးလေလိမ့်လား။

လယ်တီဆရာတော်ဘုရားကြီး
(ဂမ္ဘီရကဗျာကျမ်း၊ စာ ၆၇)။