Monday, August 18, 2025

နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ

 နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများ




၁/ ဖြစ်လျှင် ကချင်ပြည်နယ်

၂/ဖြစ်လျှင် ကယားပြည်နယ်

၃/ဖြစ်လျှင် ကရင်ပြည်နယ်

၄/ဖြစ်လျှင် ချင်းပြည်နယ်

၅/ဖြစ်လျှင် စစ်ကိုင်းတိုင်းဒေသကြီး

၆/ဖြစ်လျှင် တနင်္သာရီတိုင်းဒေသကြီး

၇/ဖြစ်လျှင် ပဲခူးတိုင်းဒေသကြီး

၈/ဖြစ်လျှင် မကွေးတိုင်းဒေသကြီး

၉/ဖြစ်လျှင် မန္တလေးတိုင်းဒေသကြီး

၁၀/ဖြစ်လျှင် မွန်ပြည်နယ်

၁၁/ဖြစ်လျှင် ရခိုင်ပြည်နယ်

၁၂/ဖြစ်လျှင် ရန်ကုန်တိုင်းဒေသကြီး

၁၃/ဖြစ်လျှင် ရှမ်းပြည်နယ်

၁၄/ဖြစ်လျှင် ဧရာဝတီတိုင်းဒေသကြီး




(၁) ကချင်ပြည်နယ် (မြို့တော် – မြစ်ကြီးနားမြို့)


ကချင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၁၈)မြို့နယ် ရှိပါသည်။


မြစ်ကြီးနားခရိုင်

၁။ မြစ်ကြီးနားမြို့နယ် – ၁/မကန(နိုင်)

၂။ ဝိုင်းမော်မြို့နယ် – ၁/ဝမန(နိုင်)

၃။ ချီဖွေမြို့နယ် – ၁/ခဖန(နိုင်)

၄။ ဆော့လော်မြို့နယ် – ၁/ဆလန(နိုင်)

၅။ တနိုင်းမြို့နယ် – ၁/တနန(နိုင်)

၆။ အင်ဂျန်းယန်မြို့နယ် – ၁/အဂယ(နိုင်)


မိုးညှင်းခရိုင်

၇။ မိုးညှင်းမြို့နယ် – ၁/မညန(နိုင်)

၈။ မိုးကောင်းမြို့နယ် – ၁/မကန(နိုင်)

၉။ ဖားကန့်မြို့နယ် – ၁/ကမန(နိုင်)


ဗန်းမော်ခရိုင်

၁၀။ ဗန်းမော်မြို့နယ် – ၁/ဗမန(နိုင်)

၁၁။ ရွှေကူမြို့နယ် – ၁/ရကန(နိုင်)

၁၂။ မံစီမြို့နယ် – ၁/မစန(နိုင်)

၁၃။ မိုးမောက်မြို့နယ် – ၁/မမန(နိုင်)


ပူတာအိုခရိုင်

၁၄။ ပူတာအိုမြို့နယ် – ၁/ပတအ(နိုင်)

၁၅။ ဆွမ်ပရာဘွမ်မြို့နယ် – ၁/ဆပဘ(နိုင်)

၁၆။ မချမ်းဘောမြို့နယ် – ၁/မခဘ(နိုင်)

၁၇။ ခေါင်းလန်းဖူးမြို့နယ် – ၁/ခဘဒ(နိုင်)

၁၈။ နောင်မွန်းမြို့နယ် – ၁/နမန(နိုင်)


(၂) ကယားပြည်နယ် (မြို့တော် – လွိုင်ကော်မြို့)


ကယားပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


လွိုင်ကော်ခရိုင်

၁။ လွိုင်ကော်မြို့နယ် – ၂/လကန(နိုင်)

၂။ ဒီးမော့ဆိုမြို့နယ် – ၂/ဒမဆ(နိုင်)

၃။ ဖရူဆိုမြို့နယ် – ၂/ဖရဆ(နိုင်)

၄။ ရှားတောမြို့နယ် – ၂/ရတန(နိုင်)


ဘော်လခဲခရိုင်

၅။ ဘော်လခဲမြို့နယ် – ၂/ဘလခ(နိုင်)

၆။ မယ်စဲ့မြို့နယ် – ၂/မစန(နိုင်)

၇။ ဖာဆောင်းမြို့နယ် – ၂/ဖဆန(နိုင်)


(၃) ကရင်ပြည်နယ် (မြို့တော် – ဘားအံမြို့)


ကရင်ပြည်နယ်တွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၇)မြို့နယ် ရှိပါသည်။


ဘားအံခရိုင်

၁။ ဘားအံမြို့နယ် – ၃/ဘအန(နိုင်)

၂။ လှိုင်းဘွဲ့မြို့နယ် – ၃/လဘန(နိုင်)

၃။ သံတောင်ကြီးမြို့နယ် – ၃/သတန(နိုင်)


ကော့ကရိတ်ခရိုင်

၄။ ကော့ကရိတ်မြို့နယ် – ၃/ကကရ(နိုင်)

၅။ ကြာအင်းဆိပ်ကြီးမြို့နယ် – ၃/ကဆက(နိုင်)


မြဝတီခရိုင်

၆။ မြဝတီမြို့နယ် – ၃/မဝတ(နိုင်)


ဖာပွန်ခရိုင်

၇။ ဖာပွန်မြို့နယ် – ၃/ဖပန(နိုင်)


(၄) ချင်းပြည်နယ် (မြို့တော် – ဟားခါးမြို့)


ချင်းပြည်နယ်တွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၉)မြို့နယ် ရှိပါသည်။


ဟားခါးခရိုင်

၁။ ဟားခါးမြို့နယ် – ၄/ဟခန(နိုင်)

၂။ ထန်တလန်မြို့နယ် – ၄/ထတလ(နိုင်)


မင်းတပ်ခရိုင်

၃။ မင်းတပ်မြို့နယ် – ၄/မတန(နိုင်)

၄။ ပလက်ဝမြို့နယ် – ၄/ပလဝ(နိုင်)

၅။ မတူပီမြို့နယ် – ၄/မတပ(နိုင်)

၆။ ကန်ပက်လက်မြို့နယ် – ၄/ကပလ(နိုင်)


ဖလမ်းခရိုင်

၇။ ဖလမ်းမြို့နယ် – ၄/ဖလန(နိုင်)

၈။ တီးတိန်မြို့နယ် – ၄/တတန(နိုင်)

၉။ တွန်းဇံမြို့နယ် – ၄/တဇန(နိုင်)


(၅) စစ်ကိုင်းတိုင်းဒေသကြီး (မြို့တော် – မုံရွာမြို့)


စစ်ကိုင်းတိုင်းဒေသကြီးတွင် ခရိုင်(၉)ခရိုင်၊ မြို့နယ် (၃၇)မြို့နယ် ရှိပါသည်။


မုံရွာခရိုင်

၁။ မုံရွာမြို့နယ် – ၅/မရန(နိုင်)

၂။ အရာတော်မြို့နယ် – ၅/အရတ(နိုင်)

၃။ ချောင်းဦးမြို့နယ် – ၅/ခဥတ(နိုင်)

၄။ ဘုတလင်မြို့နယ် – ၅/ဘတလ(နိုင်)


စစ်ကိုင်းခရိုင်

၅။ စစ်ကိုင်းမြို့နယ် – ၅/စကန(နိုင်)

၆။ မြောင်မြို့နယ် – ၅/မမန(နိုင်)

၇။ မြင်းမူမြို့နယ် – ၅/မမတ(နိုင်)


ကလေးခရိုင်

၈။ ကလေးမြို့နယ် – ၅/ကလထ(နိုင်)

၉။ ကလေးဝမြို့နယ် – ၅/ကလဝ(နိုင်)

၁၀။ မင်းကင်းမြို့နယ် – ၅/မကန(နိုင်)


ကသာခရိုင်

၁၁။ ကသာမြို့နယ် – ၅/ကသန(နိုင်)

၁၂။ အင်းတော်မြို့နယ် – ၅/အတန(နိုင်)

၁၃။ ဗန်းမောက်မြို့နယ် – ၅/ဗမန(နိုင်)

၁၄။ ကောလင်းမြို့နယ် – ၅/ကလတ(နိုင်)

၁၅။ ပင်လည်ဘူးမြို့နယ် – ၅/ပလဘ(နိုင်)

၁၆။ ဝန်းသိုမြို့နယ် – ၅/ဝသန(နိုင်)

၁၇။ ထီးချိုင့်မြို့နယ် – ၅/ထခန(နိုင်)


ခန္တီးခရိုင်

၁၈။ ခန္တီးမြို့နယ် – ၅/ခတန(နိုင်)

၁၉။ ဟုမ္မလင်းမြို့နယ် – ၅/ဟမလ(နိုင်)

၂၀။ လေရှီးမြို့နယ် – ၅/လရန(နိုင်)

၂၁။ နန်းယွန်းမြို့နယ် – ၅/နယန(နိုင်)

၂၂။ လဟယ်မြို့နယ် – ၅/လဟန(နိုင်)


မော်လိုက်ခရိုင်

၂၃။ မော်လိုက်မြို့နယ် – ၅/မလန(နိုင်)

၂၄။ ဖောင်းပြင်မြို့နယ် – ၅/ဖပန(နိုင်)


ယင်းမာပင်ခရိုင်

၂၅။ ယင်းမာပင်မြို့နယ် – ၅/ယမပ(နိုင်)

၂၆။ ဆားလင်းကြီးမြို့နယ် – ၅/ဆလက(နိုင်)

၂၇။ ပုလဲမြို့နယ် – ၅/ပလန(နိုင်)

၂၈။ ကနီမြို့နယ် – ၅/ကနန(နိုင်)


ရွှေဘိုခရိုင်

၂၉။ ရွှေဘိုမြို့နယ် – ၅/ရဘန(နိုင်)

၃၀။ ဒီပဲယင်းမြို့နယ် – ၅/ဒပယ(နိုင်)

၃၁။ ကန့်ဘလူမြို့နယ် – ၅/ကဘလ(နိုင်)

၃၂။ ခင်ဦးမြို့နယ် – ၅/ခဥန(နိုင်)

၃၃။ ကျွန်းလှမြို့နယ် – ၅/ကလန(နိုင်)

၃၄။ တန့်ဆည်မြို့နယ် – ၅/တဆန(နိုင်)

၃၅။ ရေဦးမြို့နယ် – ၅/ရဥန(နိုင်)

၃၆။ ဝက်လက်မြို့နယ် – ၅/ဝလန(နိုင်)


တမူးခရိုင်

၃၇။ တမူးမြို့နယ် – ၅/တမန(နိုင်)


(၆) တနင်္သာရီတိုင်းဒေသကြီး (မြို့တော် – ထားဝယ်မြို့)


တနင်္သာရီတိုင်းဒေသကြီးတွင် ခရိုင်(၃)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


ထားဝယ်ခရိုင်

၁။ ထားဝယ်မြို့နယ် – ၆/ထဝန(နိုင်)

၂။ လောင်းလုံးမြို့နယ် – ၆/လလန(နိုင်)

၃။ သရက်ချောင်းမြို့နယ် – ၆/သရခ(နိုင်)

၄။ ရေဖြူမြို့နယ် – ၆/ရဖန(နိုင်)


မြိတ်ခရိုင်

၅။ မြိတ်မြို့နယ် – ၆/မမန(နိုင်)

၆။ တနင်္သာရီမြို့နယ် – ၆/တသရ(နိုင်)

၇။ ကျွန်းစုမြို့နယ် – ၆/ကစန(နိုင်)

၈။ ပုလောမြို့နယ် – ၆/ပလန(နိုင်)


ကော့သောင်းခရိုင်

၉။ ကော့သောင်းမြို့နယ် – ၆/ကသန(နိုင်)

၁၀။ ဘုတ်ပြင်းမြို့နယ် – ၆/ဘပန(နိုင်)


(၇) ပဲခူးတိုင်းဒေသကြီး (မြို့တော် – ပဲခူးမြို့)


ပဲခူးတိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


ပဲခူးခရိုင်

၁။ ပဲခူးမြို့နယ် – ၇/ပခန(နိုင်)

၂။ ဒိုက်ဦးမြို့နယ် – ၇/ဒဥန(နိုင်)

၃။ ကျောက်တံခါးမြို့နယ် – ၇/ကတခ(နိုင်)

၄။ ကဝမြို့နယ် – ၇/ကဝန(နိုင်)

၅။ ညောင်လေးပင်မြို့နယ် – ၇/ညလပ(နိုင်)

၆။ ရွှေကျင်မြို့နယ် – ၇/ရကန(နိုင်)

၇။ သနပ်ပင်မြို့နယ် – ၇/သနပ(နိုင်)

၈။ ဝေါမြို့နယ် – ၇/ဝမန(နိုင်)


ပြည်ခရိုင်

၉။ ပြည်မြို့နယ် – ၇/ပမန(နိုင်)

၁၀။ ပန်းတောင်းမြို့နယ် – ၇/ပတန(နိုင်)

၁၁။ သဲကုန်းမြို့နယ် – ၇/သကန(နိုင်)

၁၂။ ပေါက်ခေါင်းမြို့နယ် – ၇/ပခတ(နိုင်)

၁၃။ ပေါင်းတည်မြို့နယ် – ၇/ပတတ(နိုင်)

၁၄။ ရွှေတောင်မြို့နယ် – ၇/ရတန(နိုင်)


သာယာဝတီခရိုင်

၁၅။ သာယာဝတီမြို့နယ် – ၇/သဝတ(နိုင်)

၁၆။ မိုးညိုမြို့နယ် – ၇/မညန(နိုင်)

၁၇။ အုတ်ဖိုမြို့နယ် – ၇/အဖန(နိုင်)

၁၈။ လက်ပံတန်းမြို့နယ် – ၇/လပတ(နိုင်)

၁၉။ မင်းလှမြို့နယ် – ၇/မလန(နိုင်)

၂၀။ နတ်တလင်းမြို့နယ် – ၇/နတလ(နိုင်)

၂၁။ ဇီးကုန်းမြို့နယ် – ၇/ဇကန(နိုင်)

၂၂။ ကြို့ပင်ကောက်မြို့နယ် – ၇/ကပက(နိုင်)


တောင်ငူခရိုင်

၂၃။ တောင်ငူမြို့နယ် – ၇/တငန(နိုင်)

၂၄။ ထန်းတပင်မြို့နယ် – ၇/ထတပ(နိုင်)

၂၅။ ဖြူးမြို့နယ် – ၇/ဖမန(နိုင်)

၂၆။ အုတ်တွင်းမြို့နယ် – ၇/အတန(နိုင်)

၂၇။ ရေတာရှည်မြို့နယ် – ၇/ရတရ(နိုင်)

၂၈။ ကျောက်ကြီးမြို့နယ် – ၇/ကကန(နိုင်)


(၈) မကွေးတိုင်းဒေသကြီး (မြို့တော် – မကွေးမြို့)


မကွေးတိုင်းဒေသကြီးတွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၂၅)မြို့နယ် ရှိပါသည်။


မကွေးခရိုင်

၁။ မကွေးမြို့နယ် – ၈/မကန(နိုင်)

၂။ နတ်မောက်မြို့နယ် – ၈/နမန(နိုင်)

၃။ မြို့သစ်မြို့နယ် – ၈/မသန(နိုင်)

၄။ တောင်တွင်းကြီးမြို့နယ် – ၈/တတက(နိုင်)

၅။ ရေနံချောင်းမြို့နယ် – ၈/ရနခ(နိုင်)

၆။ ချောက်မြို့နယ် – ၈/ခမန(နိုင်)


မင်းဘူးခရိုင်

၇။ မင်းဘူး(စကု)မြို့နယ် – ၈/မဘန(နိုင်)

၈။ ပွင့်ဖြူမြို့နယ် – ၈/ပဖန(နိုင်)

၉။ ငဖဲမြို့နယ် – ၈/ငဖန(နိုင်)

၁၀။ စလင်းမြို့နယ် – ၈/စလန(နိုင်)

၁၁။ စေတုတ္တရာမြို့နယ် – ၈/စတရ(နိုင်)


ဂန့်ဂေါခရိုင်

၁၂။ ဂန့်ဂေါမြို့နယ် – ၈/ဂဂန(နိုင်)

၁၃။ ထီးလင်းမြို့နယ် – ၈/ထလန(နိုင်)

၁၄။ ဆောမြို့နယ် – ၈/ဆမန(နိုင်)


သရက်ခရိုင်

၁၅။ သရက်မြို့နယ် – ၈/သရန(နိုင်)

၁၆။ ဆင်ပေါင်ဝဲမြို့နယ် – ၈/ဆပဝ(နိုင်)

၁၇။ မင်းတုန်းမြို့နယ် – ၈/မတန(နိုင်)

၁၈။ အောင်လံမြို့နယ် – ၈/အလန(နိုင်)/မထန(နိုင်)

၁၉။ မင်းလှမြို့နယ် – ၈/မလန(နိုင်)

၂၀။ ကံမမြို့နယ် – ၈/ကမန(နိုင်)


ပခုက္ကူခရိုင်

၂၁။ ပခုက္ကူမြို့နယ် – ၈/ပခက(နိုင်)

၂၂။ ဆိပ်ဖြူမြို့နယ် – ၈/ဆဖန(နိုင်)

၂၃။ ပေါက်မြို့နယ် – ၈/ပမန(နိုင်)

၂၄။ မြိုင်မြို့နယ် – ၈/မမန(နိုင်)

၂၅။ ရေစကြိုမြို့နယ် – ၈/ရစက(နိုင်)


(၉) မန္တလေးတိုင်းဒေသကြီး (မြို့တော် – မန္တလေးမြို့)


မန္တလေးတိုင်းဒေသကြီးတွင် ခရိုင်(၇)ခရိုင်၊ မြို့နယ် (၂၈)မြို့နယ် ရှိပါသည်။


မန္တလေးခရိုင်

၁။ အောင်မြေသာဇံမြို့နယ် – ၉/အမဇ(နိုင်)

၂။ ချမ်းအေးသာဇံမြို့နယ် – ၉/ခအဇ(နိုင်)

၃။ ချမ်းမြသာစည်မြို့နယ် – ၉/ခမစ(နိုင်)

၄။ မဟာအောင်မြေမြို့နယ် – ၉/မဟမ(နိုင်)

၅။ ပြည်ကြီးတံခွန်မြို့နယ် – ၉/ပကခ(နိုင်)

၆။ ပုသိမ်ကြီးမြို့နယ် – ၉/ပသက(နိုင်)

၇။ အမရပူရမြို့နယ် – ၉/အမရ(နိုင်)


ကျောက်ဆည်ခရိုင်

၈။ ကျောက်ဆည်မြို့နယ် – ၉/ကဆန(နိုင်)

၉။ မြစ်သားမြို့နယ် – ၉/မသန(နိုင်)

၁၀။ စဉ့်ကိုင်မြို့နယ် – ၉/စကတ(နိုင်)

၁၁။ တံတားဦးမြို့နယ် – ၉/တတဥ(နိုင်)


မိတ္ထီလာခရိုင်

၁၂။ မိတ္ထီလာမြို့နယ် – ၉/မထလ(နိုင်)

၁၃။ မလှိုင်မြို့နယ် – ၉/မလန(နိုင်)

၁၄။ သာစည်မြို့နယ် – ၉/သစန(နိုင်)

၁၅။ ဝမ်းတွင်းမြို့နယ် – ၉/ဝတန(နိုင်)


မြင်းခြံခရိုင်

၁၆။ မြင်းခြံမြို့နယ် – ၉/မခန(နိုင်)

၁၇။ နွားထိုးကြီးမြို့နယ် – ၉/နထက(နိုင်)

၁၈။ ငါန်းဇွန်မြို့နယ် – ၉/ငဇန(နိုင်)

၁၉။ တောင်သာမြို့နယ် – ၉/တသန(နိုင်)


ညောင်ဦးခရိုင်

၂၀။ ညောင်ဦးမြို့နယ် – ၉/ညဥန(နိုင်)

၂၁။ ကျောက်ပန်းတောင်းမြို့နယ် – ၉/ကပတ(နိုင်)


ပြင်ဦးလွင်ခရိုင်

၂၂။ ပြင်ဦးလွင်မြို့နယ် – ၉/မမန(နိုင်)/ပဥလ(နိုင်)

၂၃။ မိုးကုတ်မြို့နယ် – ၉/မကန(နိုင်)

၂၄။ စဉ့်ကူးမြို့နယ် – ၉/စကန(နိုင်)

၂၅။ သပိတ်ကျင်းမြို့နယ် – ၉/သပက(နိုင်)

၂၆။ မတ္တရာမြို့နယ် – ၉/မတရ(နိုင်)


ရမည်းသင်းခရိုင်

၂၇။ ရမည်းသင်းမြို့နယ် – ၉/ရမသ(နိုင်)

၂၈။ ပျော်ဘွယ်မြို့နယ် – ၉/ပဘန(နိုင်)


(၁၀) မွန်ပြည်နယ် (မြို့တော် – မော်လမြိုင်မြို့)


မွန်ပြည်နယ်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၁၀)မြို့နယ် ရှိပါသည်။


မော်လမြိုင်ခရိုင်

၁။ မော်လမြိုင်မြို့နယ် – ၁၀/မလမ(နိုင်)

၂။ ရေးမြို့နယ် – ၁၀/ရမန(နိုင်)

၃။ ချောင်းဆုံမြို့နယ် – ၁၀/ခဆန(နိုင်)

၄။ ကျိုက်မရောမြို့နယ် – ၁၀/ကမရ(နိုင်)

၅။ မုဒုံမြို့နယ် – ၁၀/မဒန(နိုင်)

၆။ သံဖြူဇရပ်မြို့နယ် – ၁၀/သဖရ(နိုင်)


သထုံခရိုင်

၇။ သထုံမြို့နယ် – ၁၀/သထန(နိုင်)

၈။ ဘီးလင်းမြို့နယ် – ၁၀/ဘလန(နိုင်)

၉။ ကျိုက်ထိုမြို့နယ် – ၁၀/ကထန(နိုင်)

၁၀။ ပေါင်မြို့နယ် – ၁၀/ပမန(နိုင်)


(၁၁) ရခိုင်ပြည်နယ် (မြို့တော် – စစ်တွေမြို့)


ရခိုင်ပြည်နယ်တွင် ခရိုင်(၅)ခရိုင်၊ မြို့နယ် (၁၇)မြို့နယ် ရှိပါသည်။


စစ်တွေခရိုင်

၁။ စစ်တွေမြို့နယ် – ၁၁/စတန(နိုင်)

၂။ ပေါက်တောမြို့နယ် – ၁၁/ပတန(နိုင်)

၃။ ပုဏ္ဏားကျွန်းမြို့နယ် – ၁၁/ပဏတ(နိုင်)

၄။ ရသေ့တောင်မြို့နယ် – ၁၁/ရသတ(နိုင်)


ကျောက်ဖြူခရိုင်

၅။ ကျောက်ဖြူမြို့နယ် – ၁၁/ကဖန(နိုင်)

၆။ ရမ်းဗြဲမြို့နယ် – ၁၁/ရဗန(နိုင်)

၇။ အမ်းမြို့နယ် – ၁၁/အမန(နိုင်)

၈။ မာန်အောင်မြို့နယ် – ၁၁/မအန(နိုင်)


မြောက်ဦးခရိုင်

၉။ မြောက်ဦးမြို့နယ် – ၁၁/မဥန(နိုင်)

၁၀။ မြေပုံမြို့နယ် – ၁၁/မပတ(နိုင်)

၁၁။ မင်းပြားမြို့နယ် – ၁၁/မပန(နိုင်)

၁၂။ ကျောက်တော်မြို့နယ် – ၁၁/ကတန(နိုင်)


သံတွဲခရိုင်

၁၃။ သံတွဲမြို့နယ် – ၁၁/သတန(နိုင်)

၁၄။ တောင်ကုတ်မြို့နယ် – ၁၁/တကန(နိုင်)

၁၅။ ဂွမြို့နယ် – ၁၁/ဂမန(နိုင်)


မောင်တောခရိုင်

၁၆။ မောင်တောမြို့နယ် – ၁၁/မတန(နိုင်)

၁၇။ ဘူးသီးတောင်မြို့နယ် – ၁၁/ဘသတ(နိုင်)


(၁၂) ရန်ကုန်တိုင်းဒေသကြီး (မြို့တော် – ရန်ကုန်မြို့)


ရန်ကုန်တိုင်းဒေသကြီးတွင် ခရိုင်(၄)ခရိုင်၊ မြို့နယ် (၄၅)မြို့နယ် ရှိပါသည်။


ရန်ကုန်အရှေ့ပိုင်းခရိုင်

၁။ တာမွေမြို့နယ် – ၁၂/တမန(နိုင်)

၂။ တောင်ဥက္ကလာပမြို့နယ် – ၁၂/ဥကတ(နိုင်)

၃။ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် – ၁၂/ဒဂဆ(နိုင်)

၄။ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် – ၁၂/ဒဂတ(နိုင်)

၅။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် – ၁၂/ဒဂမ(နိုင်)

၆။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် – ၁၂/ဒဂရ(နိုင်)

၇။ ဒေါပုံမြို့နယ် – ၁၂/ဒပန(နိုင်)

၈။ ပုဇွန်တောင်မြို့နယ် – ၁၂/ပဇတ(နိုင်)

၉။ ဗိုလ်တထောင်မြို့နယ် – ၁၂/ဗတထ(နိုင်)

၁၀။ မြောက်ဥက္ကလာပမြို့နယ် – ၁၂/ဥကမ(နိုင်)

၁၁။ ရန်ကင်းမြို့နယ် – ၁၂/ရကန(နိုင်)

၁၂။ သင်္ဃန်းကျွန်းမြို့နယ် – ၁၂/သဃက(နိုင်)

၁၃။ သာကေတမြို့နယ် – ၁၂/သကတ(နိုင်)

၁၄။ မင်္ဂလာတောင်ညွန့်မြို့နယ် – ၁၂/မဂတ(နိုင်)


ရန်ကုန်မြောက်ပိုင်းခရိုင်

၁၅။ တိုက်ကြီးမြို့နယ် – ၁၂/တကန(နိုင်)

၁၆။ ထန်းတပင်မြို့နယ် – ၁၂/ထတပ(နိုင်)

၁၇။ မင်္ဂလာဒုံမြို့နယ် – ၁၂/မဂဒ(နိုင်)

၁၈။ မှော်ဘီမြို့နယ် – ၁၂/မဘန(နိုင်)

၁၉။ ရွှေပြည်သာမြို့နယ် – ၁၂/ရပသ(နိုင်)

၂၀။ လှည်းကူးမြို့နယ် – ၁၂/လကန(နိုင်)

၂၁။ လှိုင်သာယာမြို့နယ် – ၁၂/လသယ(နိုင်)

၂၂။ အင်းစိန်မြို့နယ် – ၁၂/အစန(နိုင်)


ရန်ကုန်တောင်ပိုင်းခရိုင်

၂၃။ ကျောက်တန်းမြို့နယ် – ၁၂/ကတန(နိုင်)

၂၄။ ကွမ်းခြံကုန်းမြို့နယ် – ၁၂/ကခက(နိုင်)

၂၅။ ကိုကိုးကျွန်းမြို့နယ် – ၁၂/ကကက(နိုင်)

၂၆။ ကော့မှူးမြို့နယ် – ၁၂/ကမန(နိုင်)

၂၇။ ခရမ်းမြို့နယ် – ၁၂/ခရန(နိုင်)

၂၈။ ဆိပ်ကြီးခနောင်တိုမြို့နယ် – ၁၂/ဆကခ(နိုင်)

၂၉။ တွံတေးမြို့နယ် – ၁၂/တတန(နိုင်)

၃၀။ ဒလမြို့နယ် – ၁၂/ဒလန(နိုင်)

၃၁။ သန်လျင်မြို့နယ် – ၁၂/သလန(နိုင်)

၃၂။ သုံးခွမြို့နယ် – ၁၂/သခန(နိုင်)


ရန်ကုန်အနောက်ပိုင်းခရိုင်

၃၃။ ကမာရွတ်မြို့နယ် – ၁၂/ကမရ(နိုင်)

၃၄။ ကျောက်တံတားမြို့နယ် – ၁၂/ကတတ(နိုင်)

၃၅။ ကြည့်မြင်တိုင်မြို့နယ် – ၁၂/ကမတ(နိုင်)

၃၆။ စမ်းချောင်းမြို့နယ် – ၁၂/စခန(နိုင်)

၃၇။ ဆိပ်ကမ်းမြို့နယ် – ၁၂/ဆကန(နိုင်)

၃၈။ ဒဂုံမြို့နယ် – ၁၂/ဒဂန(နိုင်)

၃၉။ ဗဟန်းမြို့နယ် – ၁၂/ဗဟန(နိုင်)

၄၀။ မရမ်းကုန်းမြို့နယ် – ၁၂/မရက(နိုင်)

၄၁။ လမ်းမတော်မြို့နယ် – ၁၂/လမတ(နိုင်)

၄၂။ လသာမြို့နယ် – ၁၂/လသန(နိုင်)

၄၃။ လှိုင်မြို့နယ် – ၁၂/လမန(နိုင်)

၄၄။ အလုံမြို့နယ် – ၁၂/အလန(နိုင်)

၄၅။ ပန်းဘဲတန်းမြို့နယ် – ၁၂/ပဘတ(နိုင်)


(၁၃) ရှမ်းပြည်နယ် (မြို့တော် – တောင်ကြီးမြို့)


ရှမ်းပြည်နယ်တွင် ခရိုင်(၁၃)ခရိုင်၊ မြို့နယ် (၅၀)မြို့နယ် ရှိပါသည်။


တောင်ကြီးခရိုင်

၁။ တောင်ကြီးမြို့နယ် – ၁၃/တကန(နိုင်)

၂။ ဆီဆိုင်မြို့နယ် – ၁၃/ဆဆန(နိုင်)

၃။ ကလောမြို့နယ် – ၁၃/ကလန(နိုင်)

၄။ ရပ်စောက်မြို့နယ် – ၁၃/ရစန(နိုင်)

၅။ ညောင်ရွှေမြို့နယ် – ၁၃/ညရန(နိုင်)

၆။ ပင်းတယမြို့နယ် – ၁၃/ပတယ(နိုင်)

၇။ ပင်လောင်းမြို့နယ် – ၁၃/ပလန(နိုင်)

၈။ ရွာငံမြို့နယ် – ၁၃/ရငန(နိုင်)

၉။ ဖယ်ခုံမြို့နယ် – ၁၃/ဖခန(နိုင်)

၁၀။ ဟိုပုံးမြို့နယ် – ၁၃/ဟပန(နိုင်)


ကျိုင်းတုံခရိုင်

၁၁။ ကျိုင်းတုံမြို့နယ် – ၁၃/ကတန(နိုင်)

၁၂။ မိုင်းခတ်မြို့နယ် – ၁၃/မခန(နိုင်)

၁၃။ မိုင်းယန်းမြို့နယ် – ၁၃/မယန(နိုင်)

၁၄။ မိုင်းပျဉ်းမြို့နယ် – ၁၃/မပတ(နိုင်)


တာချီလိတ်ခရိုင်

၁၅။ တာချီလိတ်မြို့နယ် – ၁၃/တခလ(နိုင်)

၁၆။ မိုင်းဖြတ်မြို့နယ် – ၁၃/မဖန(နိုင်)

၁၇။ မိုင်းယောင်းမြို့နယ် – ၁၃/မယတ(နိုင်)


မက်မန်းခရိုင်

၁၈။ မက်မန်းမြို့နယ် – ၁၃/ပယန(နိုင်)


မိုးမိတ်ခရိုင်

၁၉။ မိုးမိတ်မြို့နယ် – ၁၃/မမတ(နိုင်)

၂၀။ မဘိမ်းမြို့နယ် – ၁၃/မဘန(နိုင်)

မိုင်းဆတ်ခရိုင်

၂၁။ မိုင်းဆတ်မြို့နယ် – ၁၃/မဆန(နိုင်)

၂၂။ မိုင်းတုံမြို့နယ် – ၁၃/မတန(နိုင်)


မူဆယ်ခရိုင်

၂၃။ မူဆယ်မြို့နယ် – ၁၃/မဆတ(နိုင်)

၂၄။ ကွတ်ခိုင်မြို့နယ် – ၁၃/ကခန(နိုင်)

၂၅။ နမ့်ခမ်းမြို့နယ် – ၁၃/နခန(နိုင်)


လင်းခေးခရိုင်

၂၆။ လင်းခေးမြို့နယ် – ၁၃/လခတ(နိုင်)

၂၇။ မိုးနဲမြို့နယ် – ၁၃/မနန(နိုင်)

၂၈။ မိုင်းပန်မြို့နယ် – ၁၃/မပန(နိုင်)

၂၉။ မောက်မယ်မြို့နယ် – ၁၃/မမန(နိုင်)


လွိုင်လင်ခရိုင်

၃၀။ လွိုင်လင်မြို့နယ် – ၁၃/လလန(နိုင်)

၃၁။ ကွန်ဟိန်းမြို့နယ် – ၁၃/ကဟန(နိုင်)

၃၂။ လဲချားမြို့နယ် – ၁၃/လခန(နိုင်)

၃၃။ မိုင်းကိုင်မြို့နယ် – ၁၃/မကန(နိုင်)

၃၄။ မိုင်းရှူးမြို့နယ် – ၁၃/မရန(နိုင်)

၃၅။ ကျေးသီးမြို့နယ် – ၁၃/ကသန(နိုင်)

၃၆။ နမ့်စန်မြို့နယ် – ၁၃/နစန(နိုင်)


လားရှိုးခရိုင်

၃၇။ လားရှိုးမြို့နယ် – ၁၃/လရန(နိုင်)

၃၈။ သိန္နီမြို့နယ် – ၁၃/သနန(နိုင်)

၃၉။ ကွမ်းလုံမြို့နယ် – ၁၃/ကလန(နိုင်)

၄၀။ မိုင်းရယ်မြို့နယ် – ၁၃/မရတ(နိုင်)

၄၁။ တန့်ယန်းမြို့နယ် – ၁၃/တယန(နိုင်)


ကျောက်မဲခရိုင်

၄၂။ ကျောက်မဲမြို့နယ် – ၁၃/ကမန(နိုင်)

၄၃။ သီပေါမြို့နယ် – ၁၃/သပန(နိုင်)

၄၄။ မန်တုံမြို့နယ် – ၁၃/မတတ(နိုင်)

၄၅။ နမ့်ဆန်မြို့နယ် – ၁၃/နဆန(နိုင်)

၄၆။ နမ္မတူမြို့နယ် – ၁၃/နမတ(နိုင်)

၄၇။ နောင်ချိုမြို့နယ် – ၁၃/နခတ(နိုင်)


လောက်ကိုင်ခရိုင်

၄၈။ လောက်ကိုင်မြို့နယ် – ၁၃/လကန(နိုင်)

၄၉။ ကုန်းကြမ်းမြို့နယ် – ၁၃/ကကန(နိုင်)


ဟိုပန်ခရိုင်

၅၀။ ဟိုပန်မြို့နယ် – ၁၃/ဟပန(နိုင်)


(၁၄) ဧရာဝတီတိုင်းဒေသကြီး (မြို့တော် – ပုသိမ်မြို့)


ဧရာဝတီတိုင်းဒေသကြီးတွင် ခရိုင်(၆)ခရိုင်၊ မြို့နယ် (၂၆)မြို့နယ် ရှိပါသည်။


ပုသိမ်ခရိုင်

၁။ ပုသိမ်မြို့နယ် – ၁၄/ပသန(နိုင်)

၂။ ကန်ကြီးထောင့်မြို့နယ် – ၁၄/ကကထ(နိုင်)

၃။ ကျုံပျော်မြို့နယ် – ၁၄/ကပန(နိုင်)

၄။ ငပုတောမြို့နယ် – ၁၄/ငပတ(နိုင်)

၅။ သာပေါင်းမြို့နယ် – ၁၄/သပန(နိုင်)

၆။ ကျောင်းကုန်းမြို့နယ် – ၁၄/ကကန(နိုင်)

၇။ ရေကြည်မြို့နယ် – ၁၄/ရကန(နိုင်)


မအူပင်ခရိုင်

၈။ မအူပင်မြို့နယ် – ၁၄/မအပ(နိုင်)

၉။ ဓနုဖြူမြို့နယ် – ၁၄/ဓနဖ(နိုင်)

၁၀။ ပန်းတနော်မြို့နယ် – ၁၄/ပတန(နိုင်)

၁၁။ ညောင်တုန်းမြို့နယ် – ၁၄/ညတန(နိုင်)


ဟင်္သာတခရိုင်

၁၂။ ဟင်္သာတမြို့နယ် – ၁၄/ဟသတ(နိုင်)

၁၃။ ဇလွန်မြို့နယ် – ၁၄/ဇလန(နိုင်)

၁၄။ ကြံခင်းမြို့နယ် – ၁၄/ကခန(နိုင်)

၁၅။ မြန်အောင်မြို့နယ် – ၁၄/မအန(နိုင်)

၁၆။ အင်္ဂပူမြို့နယ် – ၁၄/အဂပ(နိုင်)

၁၇။ လေးမျက်နှာမြို့နယ် – ၁၄/လမန(နိုင်)


မြောင်းမြခရိုင်

၁၈။ မြောင်းမြမြို့နယ် – ၁၄/မမန(နိုင်)

၁၉။ ဝါးခယ်မမြို့နယ် – ၁၄/ဝခမ(နိုင်)

၂၀။ အိမ်မဲမြို့နယ် – ၁၄/အမန(နိုင်)


ဖျာပုံခရိုင်

၂၁။ ဖျာပုံမြို့နယ် – ၁၄/ဖပန(နိုင်)

၂၂။ ဘိုကလေးမြို့နယ် – ၁၄/ဘကလ(နိုင်)

၂၃။ ဒေးဒရဲမြို့နယ် – ၁၄/ဒဒရ(နိုင်)

၂၄။ ကျိုက်လတ်မြို့နယ် – ၁၄/ကလန(နိုင်)


လပွတ္တာခရိုင်

၂၅။ လပွတ္တာမြို့နယ် – ၁၄/လပတ(နိုင်)

၂၆။ မော်လမြိုင်ကျွန်းမြို့နယ် – ၁၄/မမက(နိုင်)


(၉) နေပြည်တော်

နေပြည်တော်တွင် ခရိုင်(၂)ခရိုင်၊ မြို့နယ် (၈)မြို့နယ် ရှိပါသည်။


ဒက္ခိဏခရိုင်

၁။ ဒက္ခိဏသီရိမြို့နယ် – ၉/ဒခသ(နိုင်)

၂။ လယ်ဝေးမြို့နယ် – ၉/လဝန(နိုင်)

၃။ ပျဉ်းမနားမြို့နယ် – ၉/ပမန(နိုင်)

၄။ ဇမ္ဗူသီရိမြို့နယ် – ၉/ဇဗသ(နိုင်)


ဥတ္တရခရိုင်

၅။ ဥတ္တရသီရိမြို့နယ် – ၉/ဥတသ(နိုင်)

၆။ ပုဗ္ဗသီရိမြို့နယ် – ၉/ပဗသ(နိုင်)

၇။ တပ်ကုန်းမြို့နယ် – ၉/တကန(နိုင်)

၈။ ဇေယျာသီရိမြို့နယ် – ၉/ဇယသ(နိုင်)


ယခုစုစည်းတင်ပြထားသော အချက်အလက်များတွင် လိုအပ်မှု၊ မှားယွင်းမှု၊ ပြောင်းလဲမှုများရှိပါက နားလည်လက်ခံပေးပါရန်နှင့် မှန်ကန်ပြည့်စုံစွာ အသုံးပြုနိုင်စေရန်အတွက် ဝိုင်းဝန်းပြင်ဆင်ပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။

ယခင်အသုံးပြုခဲ့သော လက်ရှိဆက်လက်အသုံးပြုနေသည့် နိုင်ငံသားစိစစ်ရေးကတ် ရှေ့နံပါတ်နှင့် အက္ခရာများကိုလည်း ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


***နန်းရွှေပြည်အိမ်ခြံမြေ (www.nanshwepyi.com) စာမျက်နှာမှကူးယူဖော်ပြသည်။ 

Thursday, August 14, 2025

မေတ္တာသဘော ချစ်ပါသလော ပြောပြပါ..

"မေတ္တာသဘော ချစ်ပါသလော ပြောပြပါအခါခါမေးချင်သည်" 




ရေးသားသူ - ဆောင်းလုလင်

ကျွန်တော့်အဖေကို ကျွန်တော် အလွန်မုန်းပါသည်။ 

ကျွန်တော့်ရှေ့မှာ မေမေ့ကို သွားကျွတ်ထွက်သည်အထိ ပါးရိုက်ခဲ့သောအဖေ့ကို မေမေမုန်းသလို ကျွန်တော်လည်း မုန်းသည်။ 


ကျွန်တော့်အသက် ၇ နှစ်အရွယ်၊ ပထမတန်းကျောင်းသားဘဝက အဖေနှင့်အမေ ကတောက်ကဆများ ရန်ဖြစ်ကြရာ အဖေက အမေ့ပါးကို ရိုက်လိုက်သည်။ ပြင်းထန်လွန်းသောကြောင့် အမေ့သွားတစ်ချောင်း ကျွတ် ထွက်သွားပါသည်။ 


ထိုအချိန်မှစ၍ ကျွန်တော့်ကိုကောက်ချီပြီး အဖေ့အိမ်မှထွက်လာခဲ့ကြရာ အဖေနှင့် ကျွန်တော်တို့ သား အမိ ပြန်လည်မဆုံဆည်းရတော့ပါ။ အပြီးအပိုင် ကွဲကွာသွားခဲ့ကြပါသည်။


အဖေက အမေ့ကို ဘာကြောင့် ဒါလောက်အထိ အညှိုးတကြီးရိုက်နှက်ခဲ့သည်ကို ထိုစဉ်က ကျွန်တော် မသိပါ။ ပါးစပ်ထဲမှ သွေးသံရဲရဲကို ထွေးထုတ်ပြီး ကျွန်တော့်ကိုကောက်ချီကာ အဖေ့အိမ်မှ ငိုယိုထွက်ခွာ လာခဲ့သည့်မြင်ကွင်းကို ယနေ့ထိ ကျွန်တော်မမေ့သေးပါ။ ကျွန်တော်လည်း အမေ့နည်းတူ တစ်လမ်းလုံး ငိုယိုနေ ခဲ့ပါသည်။


အဘွားအိမ်ကိုရောက်တော့ အဘွားက တောက်ခေါက်ကာ "မောင်ဦးမရှိတာ ဒီကောင် ကံကောင်းတယ်။ မောင်ဦးသာ ရှိလို့ကတော့ ဒီကောင် အသက်ပါထွက်ပြီမှတ်" ဟု ရေရွှတ်ခဲ့ပါသည်။

မောင်ဦးဆိုသူမှာ အမေ့အစ်ကို ကျွန်တော့်ဦးကြီးဖြစ်ပြီး ထိုစဉ်က ဦးကြီးသည် နိုင်ငံခြားသင်္ဘောလိုက် နေ၍ အိမ်မှာ မရှိပါ။ တစ်ဦးတည်းသောညီမကို အလွန်ချစ်သည့် ဦးကြီးသာ ရှိလျှင် သူ့ညီမကိုနှိပ်စက်တဲ့ ယောက်ဖကို ပြန်လုပ်မယ်လို့ အဘွားက ဆိုလိုခြင်းဖြစ်ပါသည်။ 


အဘွားပြောတာလည်း မှန်ပါသည်။ ဒီအဖြစ်အပျက်ဖြစ်ပြီး ၆လကြာမှ သင်္ဘောကပြန်ရောက်လာသည့် ဦးကြီးသည် ဒီအကြောင်းကို သိသိချင်း အဖေ့ကို သွားထိုးမည်ဆို၍ အားလုံးက ဝိုင်းပြီး ဖျောင့်ဖျထားရသည်။ 

အမေနှင့်အဖေသည်လည်း ပြန်မပေါင်းဖြစ်တော့ဘဲ တရားဝင်ကွဲကွာသွားကြပါတော့သည်။

+++++


အဖေနဲ့အမေတို့ မကွဲကွာခင်ကတည်းက တိုးတိုးကြိတ်ကြိတ်ရန်ပွဲဖြစ်နေတာကို ကျွန်တော် တရေးရေး မှတ်မိလာသည်။ အသက်ငယ်သေးသောကြောင့် ဘာကိစ္စကြောင့်ဖြစ်တယ်ဆိုတာ မသိပေမဲ့ ရန်ပွဲက တိုးတိုး ကြိတ်ကြိတ်မှသည် တစ်စ တစ်စ ပြင်းထန်လာခဲ့သည်။ ထိုနေ့က အပြင်းထန်ဆုံးဖြစ်ခဲ့ကာ အဖေက အမေ့ကို သွားကျွတ်ထွက်သည်အထိ ရိုက်နှက်ခဲ့ခြင်းဖြစ်၏။ 


နောက်မှ ကျွန်တော်သိလာရသည်မှာ အမေက အဖေ့ကို အဖေတို့ရုံးမှ လုပ်ဖော်ကိုင်ဖက်စာရေးမတစ် ယောက်နဲ့ ငြိစွန်းနေသည်ဟု စွပ်စွဲခြင်းဖြစ်ကြောင်း သိရသည်။ အဖေက မဟုတ်ကြောင်း ငြင်းသည်။ အဖေနဲ့ ထိုအမျိုးသမီးဆက်ဆံရေးမှာလည်း သာမန်ဆက်ဆံရေးထက် ပိုတယ်လို့ သူတို့ရုံးက အခြားဝန်ထမ်းများက အမေ့ကို သတင်းပို့ကြသည်။ အမေက ပတ်ဝန်းကျင်သတင်းစကားများနဲ့ စွပ်စွဲ၊ အဖေက ငြင်းနှင့် သွားကျွတ် အောင်ရိုက်မိသည်အထိ ရန်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။ 


အဘွားက အမေ့ကို အဖေ့အိမ် ပြန်မသွားစေတော့ပါ။ အမေကလည်း အဖေ့ကို စိတ်နာတယ်ဆိုပြီး ပြန် မပေါင်းတော့ပေ။ အဘွားက ကျွန်တော့်ကိုလည်း အဖေနဲ့မဆက်ဆံရန်၊ လမ်းမှာတွေ့ရင်တောင် နှုတ်မဆက် ရန်၊ မခေါ်မပြောရန် ပြောသည်။ ထိုအချိန်မှစ၍ ကျွန်တော်နှင့်အမေသည် အဘွားအိမ်မှာ ဦးကြီးတို့မိသားစုနှင့် အတူ နေခဲ့ရသည်။ ဦးကြီးက သင်္ဘောတက်နေရတာများလို့ သုံးနှစ်မှ တစ်ခါလောက်သာ အိမ်ပြန်ရောက်တတ် သည်။ ဦးကြီးမိန်းမ ကြီးကြီးရယ်၊ ဦးကြီးရဲ့ ကျွန်တော့်ထက်ကြီးသော သားနှစ်ယောက်ရယ်နှင့် နေခဲ့ရသည်။


ဦးကြီးက အမေ့ကို အိမ်ရှေ့တွင် ကုန်စုံဆိုင်လေး ဖွင့်ပေးခဲ့သည်။ အမေတို့အမျိုးတွေက နဂိုကပင် ချောင်လည်သူတွေမို့ ကျွန်တော်တို့သားအမိအတွက် စီးပွားရေးပူပင်စရာ မလိုခဲ့ပါ။ 

+++++


ကျွန်တော်တို့ အဖေ့အိမ်ပေါ်မှဆင်းလာပြီး နှစ်လလောက်အကြာတွင် အဖေ အရက်တွေမူးပြီး အိမ်ရှေ့ မှာ လာအော်သေးသည်။ အဘွားက အပြင်ထွက်ဆဲဆိုကာ အရပ်လူကြီးတွေကို တိုင်တည်သည့်အတွက် လမ်းထဲက ကာလသားတွေ အဖေ့ကိုချော့မော့ကာ ဆွဲထုတ်သွားကြသည်။


"လာရင်လည်း လူလိုသူလို လာပါလား။ ခုလိုမျိုး အောက်တန်းစားဆန်ဆန်လာလုပ်တော့ သူ့ကို ဘယ်သူက သနားမှာလဲ"

အမေက ခပ်တိုးတိုး မှတ်ချက်ချသည်။


အဘွားနဲ့ကြီးကြီးက အမေ့ကို ကျိုးနေတဲ့ ဘယ်ဘက်ပါးစောင်က သွားကို ပြန်စိုက်ဖို့ပြောသည်။

"မစိုက်ဘူးအမေ။ ဒီအတိုင်းပဲ ထားမယ်။ ဒီသဂျိုး(သွားကျိုး)ကိုမြင်တိုင်း မြင့်မောင်ကို စိတ်နာနေချင်လို့ မစိုက်ဘူး။ ဒီတိုင်းထားမယ်"

"အေးပါအေ။ ညီး ပြန်ပြီး စိတ်ညွှတ်မသွားရင် ပြီးတာပါပဲ"


ခြောက်လလောက်အကြာတွင် အဖေဆက်သွယ်လာသေးသည်။ ဒီတစ်ခါတော့ တောင်းပန်ပါရစေ ဆိုကာ ရပ်ကွက်လူကြီးတွေကတစ်ဆင့် ကောင်းကောင်းမွန်မွန်ပြောလာသည်။ အဘွားက အလာမခံခဲ့ပါ။


"ဒါပဲနော်။ မြင့်မောင်နဲ့ပြန်ပေါင်းဖို့တော့ စိတ်တောင်မကူးနဲ့။ ဟိုကောင်လေး မောင်ဇော်။ နင်လည်း နင့်အဖေကို စိတ်နာရမှန်း သိ။ ကြားလား။ အမေလုပ်တဲ့လူကို သွားကျိုးအောင်ရိုက်ထားတဲ့ကောင်။ ဒီလိုကောင် မျိုးကို အဖေလို့လည်း မမှတ်နဲ့။ လမ်းတွေ့ရင်လည်း နှုတ်မဆက်နဲ့။ နင့်ရင်ထဲက ထုတ်ပစ်လိုက်။ ကြားလား။ မောင်ဇော်"

"ဟုတ်ကဲ့ပါ ဘွားဘွား"

ဒီလိုနှင့် အဖေနဲ့ကျွန်တော်တို့သားအမိ တစ်စတစ်စ ဝေးကွာလာခဲ့ပါသည်။

+++++


အဖေနဲ့အမေကွဲပြီး တစ်နှစ်ကျော်ကျော်ကြာသည့်အချိန်တွင် အဖေ နောက်အိမ်ထောင်ပြုသွားသည်။ 

အဖေယူလိုက်သည့်မိန်းမမှာ အခြားမဟုတ်။ အမေ မသင်္ကာလို့ စွပ်စွဲခဲ့သည့် အဖေတို့ရုံးက စာရေးမပင် ဖြစ်သည်။

"ဟင်း- ပြောတော့ မဟုတ်ပါဘူး၊ မဟုတ်ပါဘူးနဲ့။ အခုယူလိုက်တော့ သူ မဟုတ်ပါဘူးငြင်းတဲ့ ကောင်မပဲ"

အမေက ဆိုင်ထဲတွင် ခပ်တိုးတိုးပြောကာ ကြိတ်ငိုရှာပါသည်။ သူငိုတာကို အဘွားသိစေချင်ပုံမရပါ။


သည်တစ်ခါတော့ အမေကိုယ်တိုင်က အဖေ့ကို စိတ်နာဖို့၊ အဖေနဲ့မဆက်ဆံဖို့ ကျွန်တော့်ကို ပြောလာသည်။ 

"လမ်းတွေ့ရင် ယောင်လို့တောင် လှည့်မကြည့်နဲ့နော် သား။ သူလိုလူကို အဖေမတော်ရလို့ ဘာမှ ဖြစ်မသွားဘူး။ မ,ကိုခင်မှ ဥကိုခင်တာပါတဲ့လေ။ သူကလည်း နင့်ကို သားလို့မှတ်မှာ မဟုတ်ပါဘူး"

"သား မခေါ်ပါဘူးအမေ။ စိတ်ချပါ"

ထိုအချိန်တွင် ကျွန်တော်ကိုယ်တိုင်လည်း အဖေ့ကို စိတ်နာနေပါပြီ။ 


သို့သော် အဖေနဲ့ ကင်းကင်းနေနိုင်သော်လည်း မတွေ့အောင် ရှောင်ကွင်းနေလို့ကတော့ မရပါ။

ကျွန်တော်ကျောင်းသွားသည့်လမ်းသည် အဖေ့အိမ်ရှေ့မှ ဖြတ်သွားရသည်။ အခြားလမ်းမရှိပါ။ ကျွန်တော်သည် အဖေ့အိမ်ရှေ့ကဖြတ်သွားချိန်တိုင်း စက်ဘီးကို ခပ်သွက်သွက်နင်းကာ ဖြတ်ရသည်။ 


ကျောင်း အသွားတွင် ဦးခေါင်းကို အဖေ့အိမ်ရှိရာဘဘယ်ဘက်သို့ မလှည့်မိအောင်၊ ကျောင်းအပြန်တွင် ညာဘက်သို့ မလှည့်မိအောင် သတိထားသွားရသည်။ 

အမေနဲ့ကွဲခါစက ကျွန်တော်အိမ်ရှေ့က ဖြတ်အသွားတွင် "သား" "မောင်ဇော်" စသည်ဖြင့် လှမ်း အော်ခေါ်တတ်သည်။ ကျွန်တော် တစ်ခါမျှ လှည့်မကြည့်ပါ။ နောက်ပိုင်းတော့ မခေါ်တော့ပါ။ ကျွန်တော့်ကို ငေးကြည့်ရင်း ကျန်ခဲ့သောအဖေ့ကို ရံဖန်ရံခါ ကျွန်တော်သတိထားမိသည်။ 

+++++


အဖေ နောက်အိမ်ထောင်နှင့် ကလေးနှစ်ယောက်မွေးပါသည်။ ယောက်ျားလေးတစ်ယောက်၊ မိန်းက လေးတစ်ယောက်ဖြစ်သည်။ အကြီးကောင်လေးက ကျွန်တော့်ထက် ၁၀နှစ်ငယ်သည်။ ထိုကလေး သူငယ်တန်း နေချိန်တွင် ကျွန်တော် ကိုးတန်းရောက်နေပါပြီ။ 


ကလေးများက ကျွန်တော့်ကို သူတို့ရဲ့ အဖေတူအမေကွဲ အစ်ကိုတော်မှန်း သိနေပုံရသည်။ သူတို့အဖေက ပြောထားပုံရပါသည်။ သို့သော် ကျွန်တော်သည် သူတို့နှင့် မပတ်သက်ခဲ့ပါ။ အရောမဝင်ခဲ့ပါ။ ပတ်သက်စရာလည်း မရှိ။ အသက်ချင်း အတန်းချင်း ကွာခြားကြသည် မဟုတ်ပါလား။ 

+++++


ကျွန်တော် ဆယ်တန်းနှစ်တွင် မေမေဆုံးသွားပါသည်။ နောက်တစ်နှစ်အကြာ ကျွန်တော် ၁ဝတန်း အောင်သည့်နှစ်တွင် အဘွားဆုံးသွားပါသည်။ အမေ့အိမ်ဆိုင်လေးကိုလည်း ပိတ်ပစ်လိုက်ရပါသည်။

အစ်ကိုဝမ်းကွဲနှစ်ယောက်လုံးလည်း နိုင်ငံခြားသင်္ဘောလိုက်သွားကြပြီ။ ဦးကြီးကတော့ အသက်ကြီးလာ လို့ သင်္ဘောမလိုက်တော့ပါ။ အနားယူနေပါပြီ။


ကျွန်တော်သည် တက္ကသိုလ်ဆက်မတက်ဘဲ အဝေးသင်သာ ဆက်တက်ခဲ့ပါသည်။

အမေ အဘွားနှင့် အစ်ကိုနှစ်ယောက်မရှိတော့သောအိမ်မှာ ပျင်းစရာကောင်းနေပါသည်။


"မင်းလည်း သင်္ဘောလိုက်တော့ မောင်ဇော်။ အဝေးသင်ကို ခဏနားထားလိုက်ပေါ့။ ဘွဲ့က ဘယ် အချိန်ယူယူရပါတယ်။ မင်းလည်း တစ်နေ့အိမ်ထောင်ပြုမှာဆိုတော့ ပိုက်ဆံရှာထားဖို့ လိုတာပေါ့ကွာ"


ဦးကြီးစကားကို ပယ်ရှားစရာအကြောင်းမရှိပါ၍ ဦးကြီးစီစဉ်ပေးသည့်အတိုင်း လိုက်နာခဲ့ရပါသည်။ လိုအပ်သောသင်တန်းများကို ရန်ကုန်မှာ သွားတက်ရသည်။


ယခုဆိုလျှင် ကျွန်တော် နိုင်ငံခြားသင်္ဘောပေါ်တက်တော့မယ်ဆိုတဲ့သတင်းကို တစ်မြို့လုံးသိနေကြပြီ။ 

ကျွန်တော့်အဖေလည်း ထိုသတင်းကို ကြားသည်ထင်ပါသည်။ မနေ့က လမ်းထိပ်မှာ ရပ်နေတာ တွေ့ လိုက်သည်။ ကျွန်တော့်ဆိုင်ကယ်အလာကို ရပ်စောင့်နေဟန်တူပါသည်။ တစ်ခုခုပြောချင်ဟန်ဖြင့် ဆိုင်ကယ် ရှေ့မှ လက်လှမ်းတားသည်။ ကျွန်တော် မမြင်ချင်ယောင်ဆောင်ပြီး မောင်းပြေးခဲ့ပါသည်။ 


ညနေပိုင်းကျတော့ ကျွန်တော့်သူငယ်ချင်း ဇာနည်က ပြောသည်။

"မင်းအဖေက မင်းကိုတွေ့ချင်လို့တဲ့။ ပြောစရာရှိလို့တဲ့"

"မလိုပါဘူးကွာ။ သူနဲ့ငါနဲ့ ဘာဆိုင်တာမှတ်လို့"

"ဟေ့ကောင်။ မင်း အဖေလေ"

"တော်ပါကွာ။ သူ့မှာလည်း နောက်မိန်းမနဲ့ ကလေးတွေနဲ့ပါ။ ငါ့အမေကို သွားကျိုးအောင် ရိုက်ထားတဲ့ လူကို ငါစကားမပြောချင်ဘူး။ ပြောစရာလည်း မလိုဘူး"

"မင်းကလည်းကွာ"

"ဒါလောက်စကားပြောချင်ရင် အိမ်လာခဲ့လို့ ပြောလိုက်"

"ဟာကွာ။ မင်းဦးကြီးကြောက်တာနဲ့ ဘယ်လာရဲမှာလဲကွ။ အဲဒါသိလို့ ငါကပြောတာ"

+++++


မနက်က သူငယ်ချင်း တိုတိုးရဲ့အဖေက အိမ်ခဏလာခဲ့ပါဦးလို့ ဖုန်းလှမ်းဆက်လို့ တိုးတိုးတို့အိမ်ကို လာခဲ့သည်။ အိမ်ရှေ့တွင် တိုးတိုးအဖေ ဦးအောင်ခန့်ကို အဆင်သင့်တွေ့ရသည်။

"အန်ကယ် ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ"

"မရှိပါဘူး သားရယ်။ မင်းကို လူတစ်ယောက်နဲ့ပေးတွေ့မလို့ ခေါ်လိုက်တာပါ"

"ဗျာ-"

"ဟိုမှာ ကိုမြင့်မောင် သားကိုတွေ့ချင်လို့တဲ့ စောင့်နေတယ်"


ဦးအောင်ခန့်က ဧည့်ခန်းတွင် ထိုင်နေနှင့်သူကို လက်ညှိုးထိုးပြကာပြောသည်။ ကျွန်တော့်အဖေ ဦးမြင့် မောင်က ကျွန်တော့်ကို ငေးကြည့်နေသည်။

"ဟာဗျာ။ အန်ကယ်ကလည်း ကျွန်တော် သူနဲ့မတွေ့ချင်ဘူး"

"သားရယ်။ မင်းရဲ့အဖေပါကွယ်။ သားလည်း သင်္ဘောပေါ်တက်ခါနီးဆိုတော့ သူ တစ်ခုခုပြောချင်ပုံရ တယ်။ အန်ကယ့်ကို အကူအညီတောင်းထားလို့ပါ။ သွားလိုက်ပါသားရယ်"

ငြင်းလို့ မသင့်တော်တော့သဖြင့် ကျွန်တော် ဧည့်ခန်းထဲ သွားလိုက်ရသည်။ ဦးအောင်ခန့်က အပြင်မှာပဲ ကျန်ခဲ့၏။


ဧည့်ခန်းထဲရောက်တော့ သူ့ဘက်ကိုလှည့်မကြည့်ဘဲ ကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။

"သား သင်္ဘောတက်တော့မှာဆို"

"ကျွန်တော်တို့ ဘာဆိုင်လို့လဲ"

"ဟုတ်ပါတယ်။ မင်းနဲ့ငါ ဘာမှ မဆိုင်ပါဘူး။ ပေးစရာလေးတစ်ခုရှိလို့ ခေါ်လိုက်တာပါ"

ကျွန်တော်အံ့ဩသွားသည်။ မျက်နှာကိုတစောင်းလှည့်ထားရာမှာ သူ့ကို ကြည့်လိုက်သည်။


"ရေခြားမြေခြား ပင်လယ်ခရီးသွားရတာ သတိထားပေါ့။ ခရီးသွားရင် အမေ့ထမီစကိုဆောင်သွားရင် အန္တရာယ်ကင်းတယ်ဆိုတာ ကြားဖူးတယ်မို့လား။ မင်းကို ဒါလေး ပေးလိုက်ချင်လို့ပါ"

သူက သူ့အင်္ကျ ီအိတ်ကပ်ထဲက တစ်စုံတစ်ခုကို နှိုက်ထုတ်လိုက်သည်။ ဗူးလေးတစ်ခု ကျွန်တော် မြင် လိုက်ရသည်။


သူက ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်နေသည့် ကုလားထိုင်မှ ထလာသည်။


ကျွန်တော့်ရှေ့အရောက်တွင် ကျွန်တော့်ညာလက်ကိုဆွဲကာ လက်ထဲကို ဗူးလေးထည့်ပေးလိုက်သည်။

ကျွန်တော်ငုံ့ကြည့်လိုက်တော့ ပရုပ်ဆီဗူးအဟောင်းလေး။


"သားအမေရဲ့ သွားလေး။ အဖေသိမ်းထားတာ။ ဆောင်ထားနော်။ အဖေသွားမယ်"


စကားဆုံးသည်နှင့် သူက လှည့်ထွက်သွားသည်။

ကျွန်တော်သည် ပရုပ်ဆီဗူးလေးကို လျင်မြန်စွာဖွင့်ကြည့်လိုက်သည်။

"ဟင်-"


ဗူးလေးထဲတွင် လူ့သွားကျိုးတစ်ချောင်း။ 

ဒါ အမေ့သွားတဲ့လား။ ဒါဆို အမေ့သွားကို သူ သိမ်းထားခဲ့တာပေါ့။


"အဖေ"

ကျွန်တော် နှုတ်မှရေရွတ်ရင်း ထိုင်ရာမှထကာ တံခါးဝကို ပြေးသွားလိုက်သည်။


"အဖေ"

ကျွန်တော့်ခေါ်သံကို သူ ကြားဟန်မတူပါ။ 

စက်ဘီးနင်းထွက်သွားသော သူ့ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။

+++++

                                                 (ဆောင်းလုလင်)

Tuesday, August 12, 2025

နိုင်ငံရေး လုပ်ကြံမှု များ နှင့် ရိုင်းခဲ့ရသော

 နိုင်ငံရေး လုပ်ကြံမှု များ နှင့် ရိုင်းခဲ့ရသော တိုင်းပြည် ကံကြမ္မာ

*****************




အကယ်၍ ဗိုလ်ချုပ် အောင်ဆန်း နှင့် ၎င်း၏ ဝန်ကြီး ခြောက်ဦး လုပ်ကြံခြင်း မခံခဲ့ရလျင် ယနေ့တွင် မြန်မာသည် မည်သို့သော နိုင်ငံမျိုး ဖြစ်နေပေမည်နည်း။


သို့မဟုတ်လည်း ဗိုလ်ကြီး အုန်းကျော်မြင့်သာ ၁၉၇၆ တွင် အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းအား လုပ်ကြံမှု အောင်မြင်သွားခဲ့လျင် မြန်မာသည် လွန်ခဲ့သည့် နှစ် လေးဆယ် ကျော် ကတည်းက စစ်အာဏာရှင် စနစ် အောက်မှ ရုန်းထွက် နိုင်ခဲ့မည်လော။


အထက်ပါ မေးခွန်းများကို ကိုကျော်ဇော်မိုးက ဧရာဝတီ၏ အင်္ဂလိပ်ပိုင်း သတင်း ကဏ္ဍ တွင် ဆောင်းပါးဖြင့် မေးခွန်းထုတ်ထားခဲ့သည်ကို ဗဟုသုတ ဖြစ်ဖွယ် ရာ များ ပါဝင်နေသဖြင့် ကောက်နှုတ် တင်ပြသွားမည် ဖြစ်သည်။


မိမိတို့ နိုင်ငံ၏ နိုင်ငံရေး လုပ်ကြံမှု ကြီးများကို ပြန်လည် စောင်းငဲ့ကြည့်မည် ဆိုက ဝမ်းနည်းဖွယ်ရာဖြစ်ရပ်များ ဆင့်ကဲဆင့်ကဲ ဖြစ်လာသည်ကို တွေ့ရမည် ဖြစ်သည်။ လုပ်ကြံ ခံခဲ့ရသူ များသည် အများအားဖြင့် လူတော်လူကောင်းများ ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်ကို အကောင်းဖက် ရောက်အောင် ဦးဆောင်ကောင်း ဦးဆောင်သွားနိုင်မည့် တာဝန်သိ ခေါင်းဆောင်များ ဖြစ်နေကြသည်။ သို့သော် တိုင်းပြည်ကို ဖျက်လို ဖျက်ဆီး လုပ်ခဲ့ကြသူများက ထိုကဲ့သို့ ကြမ္မာဆိုး မျိုး နှင့် ကြုံခဲလှသည်ဟု ဆိုရမည်သာ ဖြစ်သည်။


လုပ်ကြံ ခံခဲ့ရသူ များ မှာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ၎င်း၏ ကက်ဘိနက် အဖွဲ့ဝင်များ၊ လွတ်လပ်ရေး ရပြီး ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသူ 

ဦးတင်ထွဋ်၊ သမ္မတကြီး စပ်ရွှေသိုက်၊ စော်ဘွား ကြီး စပ်ကြာဆိုင်၊ ကရင်အမျိုးသား ခေါင်းဆောင် စောဘဦးကြီး၊ ပြီးခဲ့သည့် ဆယ်စု နှစ်များ အတွင်းဆို က ကရင်အမျိုးသား သမဂ္ဂ (ကေအင်ယူ) ၏ အထွေထွေ အတွင်းရေးမှုးချုပ် ပဒို မန်းရှာ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီ တို့ ဖြစ်သည်။


ထိုပုဂ္ဂိုလ်များ အစား တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်နေကြသည့် စစ်ခေါင်းဆောင်များကို ဖယ်ရှား နိုင်ခဲ့မည် ဆိုလျင် နိုင်ငံ၏ ကံကြမ္မာသည် အကောင်းဖက်သို့ လှည့်သွား နိုင်မည်လော။


ဤသည်ကား လုံးဝ ဖြစ်နိုင်ခြေ ရှိနေသည်။ သို့ရာတွင် ထိုထက် ပို၍ လေးနက် ခက်ခဲသော မေးခွန်း ရှိနေပြန်သည်။ လုပ်ကြံသတ်ဖြတ်ခြင်း မျိုးဖြင့် နိုင်ငံရေး စနစ်တခုကို ပြောင်းလဲသင့်သလား၊ ကျင့်ဝတ် သိက္ခာအရကော လုပ်သင့်သည်ဟု ကာကွယ် ပြောဆို နိုင်မည်လော၊ နိုင်ငံရေးအရကော ထိရောက်မှု ရှိလာနိုင်မည်လော။


နိုင်ငံ အတွက် သက်ရောက်မှု အရှိဆုံး လုပ်ကြံမှုကြီးကား ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့၊ လွတ်လပ်ရေး မရမီ ခြောက်လ အလိုတွင် ဗိုလ်ချုပ် နှင့် ဝန်ကြီး ခြောက်ဦး သေနတ်ဖြင့် လုပ်ကြံ ခံခဲ့ရခြင်းပင် ဖြစ်သည်၊ ဗိုလ်ချုပ်ကိုယ်တွင် ကျည် ၁၃ တောင့် စိုက်ဝင်သွားခဲ့သည်။


ဂဠုန် ဦးစောသာ ‌အောင်မြင်အောင် မလုပ်နိုင်ခဲ့ပဲ ဗိုလ်ချုပ်သည် တိုင်းပြည်ကို ဆက်၍ ဦးဆောင်ခွင့် ရခဲ့မည် ဆိုလျှင် နိုင်ငံ၏ အနာဂတ်သည် တမူ ထူးခြားစွာ ထွက်ပေါ်လာမည်သာ ဖြစ်သည်။ စစ်ဒဏ်ကြောင့် ပျက်စီးနေသော နိုင်ငံတစ်ခုကို အောက်ခြေကနေ အသစ် ပြန်လည်ထူထောင်ရန်အတွက် အလိုအပ်ဆုံးအရာ အရည်အချင်းသည်က ခိုင်မာပြတ်သားပြီး အနာဂတ်ကို ကြိုတင်တွေးမြင်နိုင်သော အမြင်ကျယ်ဝါဒရှိသည့် ဦးဆောင်မှုပင် ဖြစ်သည်။


သို့သော်လည်း နိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဖြစ်လာသူ ဦးနုသည် ထိုကဲ့သို့သော အရည်အချင်း ပိုင်းတွင် အားနည်းသူ တဦး ဖြစ်သည်။ ထိုသို့ အားနည်းနေသည့် အပြင် နိုင်ငံရေး နှင့် ဘာသာရေးကိုလည်း ဒွေးရောယှက်တင် လုပ်လာသည်။ တန်းတူ ညီမျှရေး ကို အာမခံမည့် ဖက်ဒရယ် မူဝါဒ များ အကောင်အထည် ဖေါ်ရမည့် အချိန်တွင် တိုင်းရင်းသား လူနည်းစုများ၏ အသံကို လျစ်လျု ရှူခဲ့သည်။


ထိုသို့ ခေါင်းဆောင်နိုင်မှု အားနည်းခဲ့ခြင်းကြောင့် နိုင်ငံသည် စစ်အုပ်ချုပ်ရေး အောက်သို့ သက်ဆင်းသွားခဲ့ရခြင်း ဖြစ်သည်။ ကံဆိုး မိုးမှောင်ကျခဲ့ရသည်က ဗိုလ်ချုပ်တို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရခြင်းသည် နောက်ဆုံး ဖြစ်မလာခဲ့ပဲ အစ ပျိုးလာခဲ့ခြင်း  ဖြစ်နေသော ကြောင့်ပင်။


ဦးတင်ထွဋ်


လွတ်လပ်ရေး ရပြီး ကိုးလ အကြာ ၁၉၄၈ စက်တင်ဘာလ တွင် ပထမဆုံး နိုင်ငံခြားရေး ဝန်ကြီး ဖြစ်လာသူ ဦးတင်ထွဋ် လုပ်ကြံ ခံခဲ့ရသည်။ ၎င်းသည် ဗိုလ်ချုပ် နှင့် အတူ လွတ်လပ်ရေး အတွက် လန်ဒန် သို့ သွား၍ အရေးဆိုရာတွင် အတူ လိုက်ပါသွားခဲ့သူ ဖြစ်သည်။


၎င်း၏ New Times of Burma သတင်းစာတိုက်မှ အပြန်  ကားထဲသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း ခံရ၍ ကွယ်လွန်သွားခဲ့ရသည်။ ကျုးလွန်သူများကို ဖေါ်ထုတ်နိုင်ခြင်း မရှိသော်လည်း စစ်ဆေး တွေ့ရှိသော အချက်အချို့က ဒုကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည့် ဗိုလ်ချုပ်နေဝင်းကို ညွှန်ပြနေခဲ့သည်။


စောဘဦးကြီး


၁၉၅၀ တွင် ကင်းဘရစ်ခ်ျ တက္ကသိုလ် ကျောင်းထွက် နှင့် ဗြိတိသျှ အုပ်ချုပ်ရေး အောက်တွင် ဝန်ကြီး တဦး ဖြစ်ခဲ့သူ စောဘဦးကြီးသည် ကရင်ပြည်နယ် ကောကရိတ် အနီးတွင် အစိုးရတပ်များ၏ ခြုံခို တိုက်ခိုက်ခံရခြင်းကြောင့် ကျဆုံးသွားခဲ့ရသည်။ ထိုစစ်ဆင်ရေးကို ဦးဆောင်ခဲ့သူသည် ဗိုလ်ချုပ် နေဝင်း၏ လက်ရုံး ဗိုလ်မှုးကြီး စိန်လွင်ပင် ဖြစ်သည်။


သမ္မတ စောရွှေသိုက်


ဗိုလ်နေဝင်း၏ ၁၉၆၂ အာဏာသိမ်းယူပြီးနောက်တွင် လုပ်ကြံသတ်ဖြတ်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားလာခဲ့သည်။ သမ္မတကြီး စောရွှေသိုက်သည် ဆေးထိုး အသတ်ခံရ၍ အင်းစိန် အကျဉ်းထောင် အတွင်း ကွယ်လွန် သွားခဲ့ရသည်။


စော်ဘွား စပ်ကြာဆိုင်


‌၎င်းသည်လည်း အာဏာသိမ်းပြီး နောက်တရက်တွင်‌ တောင်ကြီး မြို့ အနီးရှိ စစ်တပ်၏ စစ်ဆေးရေး ဂိတ်တခု ၌ ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ ဗိုလ်နေဝင်း၏ စစ်‌ ကြောရေး လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်ဟု ယုံကြည်နေကြသည်။


သခင်သန်းထွန်း


ဗမာပြည် ကွန်မြူနစ် ပါတီ ဥက္ကဌ ဖြစ်သူ သခင် သန်းထွန်းသည် ၁၉၆၈ တွင် ပဲခူးရိုးမ တောတွင်း တနေရာ ရှိ ဌာနချုပ် အနီးတွင် စစ်တပ်မှ ဒလျို အဖြစ် လွှတ်ထားသူ တဦး၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။


‌ဇော်ဆိုင်း၊ ဇော်တူး


ကချင် လွတ်လပ်ရေး တပ်တော်ကို တည်ထောင်ခဲ့သည့် ဇော်ဆိုင်း၊ ဇော်တူး ညီအကိုသည် ၁၉၇၅ တွင်အတွင်း ပဋိပက္ခ ကြောင့် လုပ်ကြံခံခဲ့ရသည်။

 


ဗိုလ်ကြီး အုန်းကျော်မြင့်


၁၉၇၆ တွင် အသက် ၃၆ နှစ်ရှိ ဗိုလ်ကြီး အုန်းကျော်မြင့်သည် အာဏာရှင် နေဝင်း နှင့် အထက်တန်း စစ်အရာရှိကြီး များကို သမ္မတ အိမ်တော်တွင် ပြုလုပ်

မည့် တော်လှန်‌ ရေးနေ့ ညစာ စားပွဲတွင် လုပ်ကြံရန် အရဲ့စွန့် ကြံစည်ခဲ့သည်။ သို့သော်လည်း ပျက်ပြားသွားခဲ့ရသည်။


‌ဗိုလ်ကြီး အုန်းကျော်မြင့်သည် ၎င်း၏အကြံအစည်ကို သိရှိသွားပြီး နောက်တွင် အမေရိကန် သံရုံးတွင် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံခဲ့သည်။ ထိုစဉ်က သံအမတ်ကြီး ဖြစ်သူ ဒေးဗစ် အော်စဘွန်းသည် ခိုလှုံခွင့် တောင်းခံခဲ့မှု ကို ငြင်းပယ်ခဲ့ယုံမက ထောက်လှန်းရေး အကြီးအကဲ ဖြစ်သူ ဗိုလ်မှုးကြီး တင်ဦးအား အကြောင်းကြားခဲ့သည်ဟု နယူးယောက်

တိုင်းမ် သတင်းစာတွင် ရေးသားခဲ့သည်၊ သံတမန် ထုံးတမ်းအရ ထိုသို့သော ကိစ္စမျိုးကို နိုင်ငံခြားရေး ဝန်ကြီး ဌာန ကိုသာ အသိပေးရသော်လည်း နေဝင်း အစိုးရ နှင့် ဆက်ဆံရေး ပျက်ပြားမည့် အရေးကို အမေရိကန်သည် ရှောင်ရှားလိုပုံ ရသည်ဟု ယူဆရသည်။


နောက်ပိုင်းတွင် လုပ်ကြံမည့် အစီအစဉ် တွင် ပါဝင်သူများ ဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ကြီး အုန်းကျော်မြင့်သည် ကွပ်မျက်ခံခဲ့ရသည်။


ဤသို့ဖြင့် မြန်မာ ပြည်သူများသည် နေဝင်း၏ စစ်ဖိနပ် အောက်တွင် နှစ်ပေါင်းများစွာ ခါးစည်း ခံခဲ့ရသည်။ အကယ်၍သာ ထိုအချိန်က ဗိုလ်ကြီး အုန်းကျော်မြင့်၏ အကြံအစည်သာ အထမြောက်သွားခဲ့မည် ဆိုသည့် အမေးက ဆက်၍ ခြောက်လှန့် ခံ‌ နေရဆဲ ဖြစ်သည်။


နှစ်ဆယ်တစ် ရာစု ကို ဒေါ်အောင်ဆန်းစုကြည်အား ဒီပဲယင်း တွင် လုပ်ကြံသတ်ဖြတ်ရန် ကြံစည်မှု ဖြင့် စတင် ဖွင့်လှစ်လာခဲ့သည်။


ဖဒို မန်းရှာ


၂၀၀၈ တွင် ကေအင်ယူ အထွေထွေ အတွင်းရေးမှုးချုပ် ဖဒို မန်းရှာအား မဲဆောက်ရှိ ၎င်း၏ နေအိမ်တွင် သေနတ်သမားများက လုပ်ကြံသတ်ဖြတ်ခဲ့ကြသည်၊ ကျုးလွန်သူများသည် မြန်မာ စစ်တပ်နှင့် မဟာမိတ် ပြုထားသော ကရင် ခွဲထွက်ရေး အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု အများစုက ယုံကြည်ခဲ့ကြသည်။


ဦးကိုနီ


၂၀၁၇ တွင် ဖွဲ့စည်းပုံ ရေးရာ ကျွမ်းကျင်သူ နှင့် NLD ၏ ဥပဒေ အကြံပေး ဦးကိုနီ သည် ရန်ကုန် လေဆိပ်၌ နေခင်းကြောင်တောင် လူမြင်ကွင်း တွင် လုပ်ကြံ ခံခဲ့ရသည်။ လုပ်ကြံသူသည် အခကြေးငွေ ဖြင့် ငှားရမ်းထားသူ ဖြစ်ပြီး နောက်ကွယ်မှ ပါဝင် ပတ်သက်နေသူ များသည် စစ်ဖက် အရာရှိဟောင်းများ ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသူများကို သည်းငြည်း ခံမည် မဟုတ်၊ မိမိတို့၏ နိုင်ငံရေး လမ်း‌ ကြောင်းကို ဝင်မစွက်နှင့် ဟု ကျောချမ်းဖွယ် အသိပေးလိုက်ခြင်းလည်း ဖြစ်သည်။


၂၀၂၁ အာဏာသိမ်းပြီး နောက်တွင် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းအား အမေရိကန်တွင် ရှိနေကြသည့် မြန်မာ နှစ်ဦးက လုပ်ကြံရန် ကြံစည်ခဲ့သည်၊ ၎င်းတို့အား ဖမ်းဆီးမိခဲ့ပြီး စစ်အုပ်စု မှ ၎င်းတို့နှင့် မပတ်သက်ဟု ငြင်းဆိုခဲ့သည်။


ယခုအခါ တိုင်းပြည်ကို ပြည်တွင်းစစ်ကြီး ဖြစ်အောင် တွန်းပို့ခဲ့သူ မင်းအောင်လှိုင် အား မြန်မာ ပြည်သူ အများစု က ဖယ်ရှားပစ်ချင်နေကြသည်။ သို့သော် မေးဖို့ ဖြစ်လာသည်က မင်းအောင်လှိုင်အား ဖယ်ရှားပစ်ယုံဖြင့် ၎င်းအား ပေါက်ဖွားပေးခဲ့သည် မကောင်းဆိုးဝါး စနစ်ကြီး ပြိုလဲသွားမည်လား ဆိုသည်ပင်၊ ဆိုးသွမ်း ယုတ်မာသည့် ဗိုလ်ချုပ်တဦး မရှိလျင် သူ့လို လူမျိုး နောက်တယောက် တက်လာမည်လား။


လုပ်ကြံ သတ်ဖြတ်မှု များသည် နိုင်ငံ၏ အတိတ်ကို ပုံဖေါ်နိုင်ခဲ့သော်လည်း အနာဂတ်ကိုမူ ပြဋ္ဌာန်းပေးနိုင်မည် မဟုတ်ပေ။ စစ်မှန်သော လွတ်မြောက်မှုဆိုသည်က အာဏာရှင်များအား ဖယ်ရှားရုံနှင့် မရနိုင်ဘဲ၊ ၎င်းတို့ တည်ရှိခွင့်ကို ပေးနေသည့် စနစ်ကြီးကိုပါ အမြစ်ကနေ ဖယ်ရှားပစ်မှသာ ရရှိနိုင်လိမ့်မည်။ ထိုသို့ မလုပ်နိုင်သေးသရွေ့ နိုင်ငံရေး လုပ်ကြံခံခဲ့ရမှု အစဉ်အလာ ဆိုးမွေများသည် နိုင်ငံ၏ ကံကြမ္မာကို ခြောက်လှန့်နေဦးမည်သာ ဖြစ်ပေသည်။


ပြည်သူတို့၏ တရား‌ သော တွန်းလှန်စစ် မုချ အောင်ရမည်!!!

Tue, 5 Aug, 2025

(Hla Soewai)

Wednesday, August 6, 2025

Phone Brand တစ်ခုက Laptop ထုတ်တိုင်း ကောင်းပါ့မလား

 Phone Brand တစ်ခုက Laptop ထုတ်တိုင်း ကောင်းပါ့မလား.. မပြောခင် ဖတ်ကြည့်လိုက်ပါ 🤓🤑




အခုရေးဖြစ်တဲ့ Article တစ်ခုက ပြောရရင် ဟိုးအရင်ထဲက ရေးသင့်တဲ့စာလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် အခုကြမှ ရေးဖြစ်တယ်ပေါ့ - 


ဒါကလည်း အခုမြန်မာနိုင်ငံစျေးကွက်ထဲကို Tecno ကနေ Tecno Megabook T1 14 (13th) ဆိုပြီး Laptop တစ်လုံးကို Official သွင်းပြီး ရောင်းလာတယ်။ ဟိုးအရှေ့တုန်းကလည်း အလားတူ Huawei လိုမျိုး ကုမ္ပဏီတွေက Official Laptop တွေရောင်းခဲ့ဖူးတာမျိုး၊ Xiaomi လိုမျိုး ကုမ္ပဏီတွေကလည်း အခုထိ တရုတ်ပြည်တွင်းမှာ Laptop တွေထုတ်ရောင်းနေတယ်ဆိုတော့ ဒီလို စမတ်ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေက ပုံမှန်မြင်နေကြ ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop နဲ့ယှဥ်ရင် ဘာတွေ ကွာခြားသွားမလဲ၊​ ဘယ်အချက်တွေ ပိုကောင်းမလဲ၊ မဝယ်ခင်မှာ ဘာတွေကို ကြိုပြီး စဥ်းစားထားရမလဲဆိုတာကို ရေးသွားမှာပါ။ 


အရင်ဆုံးပြောရမှာက - အခုလိုရေးလို့ ဒီ စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို ဝယ်သင့်တယ်၊ မဝယ်သင့်ဘူး ပြောချင်တာမဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းပဲဖြစ်ဖြစ် Product တစ်ခု ကောင်းတယ်၊​ မကောင်းတယ်ဆိုတာက အဲ့ဒီ Product - ပစ္စည်းပေါ်မှာပဲ ပိုသက်ဆိုင်ပါတယ်။ 


# ဘာလို့ ဖုန်းကုမ္ပဏီတွေက Laptop ထုတ်ကြသလဲ...? 


ဒါကတော့ လောလောဆယ် နည်းပညာကုမ္ပဏီတွေထဲမှာ Active အဖြစ်ဆုံး၊ အပြိုင်အဆိုင်အဖြစ်ဆုံးက ဖုန်းကုမ္ပဏီတွေဖြစ်နေတယ်။ ဒီဖုန်းတွေထဲမှာတင် AI ပိုင်း၊ Camera ပိုင်း၊ Foldable ပိုင်းတွေကို ပြိုင်နေကြသလို အဲ့ထက်ပိုပြီး Ecosystem Product တွေကိုလည်း အပြိုင်အဆိုင်ထုတ်နေကြတယ်။ ပြောရရင် ဖုန်းကုမ္ပဏီတိုင်း Tablet | Smartwatch နဲ့ Earbuds တွေ ထုတ်နေကြတယ် - အဲ့ထက်ပိုပြီး အခုလိုမျိုး Laptop တွေ၊ TV လိုမျိုး Electronics တွေဘက်၊ တချို့ဆိုရင် EV ကားတွေအထိကို ထုတ်နေကြတာပါ။ 


အဲ့တော့ ဖုန်းကုမ္ပဏီတွေက Laptop ထုတ်တာက ဆန်းတော့မဆန်းပါဘူး။ ကွန်ပျူတာကုမ္ပဏီတွေသာ ဖုန်းထုတ်တာမျိုးက ASUS လိုမျိုး ကုမ္ပဏီလောက်ပဲရှိပေမယ့် ဖုန်းကုမ္ပဏီတွေအများစုကတော့ Laptop တွေပါ တွဲထုတ်နေကြတာပါပဲ။ 


# ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ဘာအားသာချက်တွေရှိမလဲ...?​


ဒီနေရာမှာ ကုမ္ပဏီအပေါ်၊ Product ပေါ်မှုတည်ပြီး တစ်ခုနဲ့တစ်ခု ကွာခြားတယ်ဆိုပေမယ့် များသောအားဖြင့် ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေမှာ ယေဘုယျအနေနဲ့ ကောက်ချက်ချလို့ရတဲ့ အားသာချက်လေးတွေရှိနေပါတယ်။​


(#1) ဒီဇိုင်းပိုင်းမှာ ပိုပြီး လှတယ်၊ အမြင်ဆန်းတယ် 


ဒါက ပုံမှန် ကွန်ပျူတာကုမ္ပဏီက ထုတ်တဲ့ Laptop တွေနဲ့ယှဥ်ရင် မြင်လိုက်တာနဲ့ တန်းသိနိုင်တဲ့အချက်တစ်ခုပါ - ဖုန်းကုမ္ပဏီတွေက Laptop ထုတ်ရင် အဲ့ဒီ Laptop တွေက ဒီဇိုင်းပိုင်းကို ပိုပြီး ထူးခြားနေအောင် အာရုံစိုက်ထားကြတယ်။ 


ပြောရရင် ဖုန်းတွေမှာ ဒီဇိုင်းက အဓိကဖြစ်နေပေမယ့် Laptop အများစုက ဒီပုံစံတွေပဲဖြစ်နေတာဆိုတော့ ဖုန်းကုမ္ပဏီဘက်က ထုတ်တဲ့ Laptop တွေက ပုံစံပိုကွဲထွက်နေသလိုဖြစ်သွားတာပဲ။ 


ဘယ်နေရာတွေမှာ အားသာနေမလဲဆိုရင် (၁) အရောင်ပိုင်း၊ Design ပိုင်း ပိုပြီး လှမယ်၊ Minimalist ပိုဖြစ်မယ်။ (၂) ကိုယ်ထည်ပိုင်းမှာ Plastic လိုမျိုး သုံးတာနည်းပြီး Full Metal Body လိုမျိုးတွေ သုံးကြတာများတယ် - အခု အသစ်ဝင်လာတဲ့ Tecno Megabook T1 14 (13th) ဆိုရင် Full Aluminium Chassis ဖြစ်သွားပြီး အထူက 14.8mm နဲ့ အလေးချိန်က 1.39Kg ဆိုတော့ တော်တော်လေး Lightweight ဖြစ်မယ်။ 


(#2) အားသွင်းတဲ့နေရာမှာ USB-C ကိုပဲ သုံးကြတာများတယ် 


ဒါက အခုနောက်ပိုင်း ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေမှာလည်း USB-C Charging ကို ထောက်ပံ့ပေးလာကြပြီ။ ဒါပေမယ့် တချို့ Laptop တွေက USB-C နဲ့ အားသွင်းလို့ရတယ်ဆိုပေမယ့် ဘူးထဲမှာပါတဲ့ Charger က ရိုးရိုး DC Charger တွေပဲ - Laptop မှာလည်း DC အားသွင်းပေါက်သပ်သပ်နဲ့ အဓိက အားသွင်းရတာမျိုးဖြစ်နေတုန်းပဲ။ 


တစ်ဖက်မှာ ဒီ ဖုန်းကုမ္ပဏီကထုတ်တဲ့ Laptop တွေကြတော့ ပုံမှန်ကွန်ပျူတာကုမ္ပဏီတွေလို DC Charger တုံးတွေ ထုတ်မနေတော့ပဲ USB-C ကနေပဲ အားသွင်းလို့ရအောင် လုပ်ထားတာတွေများတယ်။ ပုံမှန် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကလည်း GPU သီးသန့်မပါကြတော့ TDP 65W အောက်မှာပဲဆိုတော့ 65W USB-C Charger တစ်ခုလောက် ထည့်ပေးလိုက်ရင် ရပြီ။​ အခုဝင်တဲ့ Tecno Megabook T1 14 (13th)​ ဆိုရင်လည်း 65W USB-C GaN Charger ပဲ​ထည့်ပေးထားတယ်။ 


(#3) Specs တွေကို ဦးစားပေးတတ်တယ် 


ဒါကတော့ ဖုန်းတွေမှာ အဓိကပြိုင်စရာက Specs တွေ၊ ကိန်းဂဏန်းတွေအဓိကဆိုတော့ Laptop ထုတ်ရင်လည်း ဒီလိုအချက်တွေကိုပဲ အဓိကဦးစားပေးတာမျိုးရှိလာတယ်။ ဥပမာ - Processor ပိုင်းမှာ ဘာသုံးထားတယ်၊ RAM ဘယ်လောက်၊​ Storage ဘယ်လောက်ပါတယ်ဆိုတာတွေ၊ Battery ဆိုလည်း ဘယ်လောက်တောင်ထည့်ပေးထားတယ်ဆိုတာမျိုးတွေပိုများတယ်။​ ပုံမှန် ကွန်ပျူတာထုတ်တဲ့ ကုမ္ပဏီတွေရဲ့ Laptop တွေကြတော့ Model တစ်ခုထုတ်ရင် အဲ့ Model မှာပဲ ရွေးချယ်နိုင်တဲ့ CPU/RAM/GPU Specs တွေက အမျိုးမျိုးရှိတာဆိုတော့ စျေးအမျိုးမျိုး Range အမျိုးမျိုးဖြစ်သွားတယ်။ 


ပြီးတော့ ဒီလို Specs တွေဦးစားပေးတာက Display ပိုင်း တစ်နေရာမှာတော့ သဘောကျဖို့ကောင်းသွားတယ်။ ဘာလို့လဲဆိုတော့ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop အများစုက Display ပိုင်းကို အနည်းဆုံး Full HD Resolution အပြင် 100% sRGB Color Gamut ကိုတော့ ရအောင် ထည့်ပေးကြတယ်။ စျေးသက်သာလို့ 45% NTSC လောက်ပဲရတဲ့ Display ထည့်ပေးတယ်ဆိုတာမျိုးက မရှိသလောက်ပဲ - 


ဒါပေမယ့် ဒါကလည်း အမြဲတမ်းတော့မဟုတ်ဘူး။ အခုဆို ASUS လိုမျိုး ကွန်ပျူတာကုမ္ပဏီတွေမှာလည်း Laptop Display တွေကို ပိုအာရုံစိုက်နေကြပြီ - 100% DCI-P3 အထိရတဲ့ OLED Display တွေကိုတောင် $800 ဝန်းကျင် Laptop တွေမှာ ထည့်ပေးနေတာဆိုတော့ ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop ဖြစ်လို့ အမြဲတမ်း Display ပိုသာနေမှာတော့မဟုတ်ဘူး။ လက်ခံနိုင်တဲ့ အဆင့်တစ်ခုမှာ အနိမ့်ဆုံးရှိမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ 


ဘာပဲဖြစ်ဖြစ် ဒီ Specs ပိုင်းမှာ အများအားဖြင့် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေက စျေးတူတဲ့ ပုံမှန် Laptop တွေထက် Overall ပိုင်းမှာ နည်းနည်းပိုသာသလိုဖြစ်နေတာက ပုံမှန်ပဲ။ 


(#4) Ecosystem Feature တွေ ပါလာတတ်တယ် 


ဒါက အမှန်အတိုင်းပြောရရင် Apple ကလွဲပြီး ကျန်တဲ့ Laptop တွေက Windows ပဲ များတော့ Software Feature တွေ အပိုဆောင်းထည့်ပေးထားတယ်ဆိုရင် ပိုမှန်လိမ့်မယ်။ 


ဥပမာ - ဖုန်းနဲ့ချိတ်ထားပြီး File Transfer ရတာမျိုး၊ ဖုန်းက Mobile Data ကို တန်းချိတ်သုံးလို့ရတာမျိုး၊ ဖုန်းပြောရင် Laptop ကနေ လက်ခံပြီး ပြောနိုင်တာမျိုး၊ Gesture Feature တွေ သီးသန့်ထည့်ပေးတာမျိုးရှိမယ်။ 


ဒါပေမယ့် ပုံမှန်လည်း Microsoft Phone Link လိုမျိုးက Windows မှာ ပါပြီးသားဖြစ်နေတော့ Apple လိုမျိုး Ecosystem လုံးဝ အပိတ်ဖြစ်နေတာမျိုးတော့ ဖြစ်ဦးမှာမဟုတ်ဘူး။ ဒါကလည်း ဖုန်းကုမ္ပဏီတွေက ဖုန်းရော၊ Laptop ရော ကိုယ်ပိုင် OS မသုံးနိုင်ပဲ Android နဲ့ Windows သုံးနေရတာကြောင့်လို့ ပြောလို့ရတယ်။ 


အဲ့တော့ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို မဝယ်ခင် ထပ်ထည့်ပြီး စဥ်းစားရမယ့်အချက်တွေအကြောင်းကို ဆက်ပြောပါမယ်။​


# ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ထည့်စဥ်းစားရမယ့်အချက်တွေ - 


(#1) ရေရှည်အသုံးပြုမယ်ဆိုရင် အဆင်ပြေနိုင်မလား...? 


ပုံမှန်ကတော့ Laptop တစ်လုံးက Build Quality ကောင်းတယ်၊ ကိုယ်တိုင်လည်း ဂရုတစိုက်နဲ့ သုံးတယ်ဆိုရင် ၂ နှစ်၊ ၃ နှစ်လောက်က အသာလေးသုံးနိုင်ပါတယ်။ 


ဒါပေမယ့် သုံးနေတုန်းမှာ Keyboard ပျက်တာမျိုး၊ Speaker အသံအက်လာတာတွေ၊ Motherboard က တစ်ခုခုဖြစ်ပြီး Error တက်တာမျိုး၊ ဒါမှမဟုတ် တခြား Windows ကြောင့် Software နဲ့သက်ဆိုင်တဲ့ပြဿနာတွေက ရှိလာတတ်ပါတယ်။ 


အဲ့လိုမျိုး ဖြစ်လာနိုင်တာကြောင့် ကိုယ်ဝယ်မယ့်ကုမ္ပဏီက Laptop တွေကို အခုမှ စထုတ်တာလား.. ပုံမှန် Laptop တွေ ထုတ်နေကြလားဆိုတာကို အရင်ကြည့်လို့ရတယ်၊ ဥပမာ - Tecno ဆိုရင် အခုမှ မြန်မာနိုင်ငံကို Tecno Megabook T1 14 (13th) သွင်းလာပေမယ့် တခြား Megabook S Series | T Series | K Series ဆိုပြီး Laptop တွေအရှေ့မှာ အများကြီး ထုတ်ထားတယ်။ အဲ့လိုပဲ Huawei | Honor | Xiaomi လိုမျိုးကုမ္ပဏီတွေဆိုရင်လည်း Laptop ထုတ်နေကြ ဖုန်းကုမ္ပဏီတွေလို့ ပြောလို့ရနေပြီ။ 


(#2) မဝယ်ခင်မှာ အာမခံ | Service ပိုင်းကို သေချာစုံစမ်းဖို့ လိုမယ် 


ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေက ဖုန်းကုမ္ပဏီက ထုတ်တဲ့ Laptop တွေလောက် ဒီဇိုင်းပိုင်းမလှဘူး၊ အရမ်း Update မဖြစ်ဘူးဆိုတာက ပုံမှန် Laptop တွေမှာ ပြန်ပြင်ဆင်ရတဲ့ Service ပိုင်းအတွက် လိုအပ်တဲ့အစိတ်အပိုင်းတွေကို လုံလောက်အောင် ထုတ်ထားပြီး ဖြစ်တာကြောင့်လည်းပါပါတယ်။ 


ဥပမာ - ကိုယ်က Laptop တစ်လုံးကို ဝယ်ပြီး Display (ဒါမှမဟုတ်) Keyboard ပျက်လို့ လဲလှယ်ဖို့လိုအပ်လာရင် ပုံမှန် ကွန်ပျူတာကုမ္ပဏီတွေရဲ့ Mainstream Laptop ကိုဝယ်ထားတယ်ဆိုရင် ပစ္စည်းလဲလှယ်ရတာ ပိုလွယ်၊ ပိုမြန်ဆန်နိုင်တယ်။ တော်တော်များများက Model ကွာပေမယ့်အထဲက Part - ပစ္စည်းတွေက တူနေတာမျိုး - Part Sharing လုပ်ပြီး ထုတ်ထားတာမျိုးရှိမယ်။ 


တစ်ဖက်မှာ ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကြတော့ တစ်ခုခုပျက်လို့ လဲလှယ်ဖို့ လိုအပ်ရင် ဘယ်လိုပြန်လဲလှယ်ပေးမလဲ၊ ဘယ်လို Service ပေးမလဲဆိုတာကို မဝယ်ခင်မှာ သေချာစုံစမ်းဖို့တော့ လိုအပ်မယ်။ 


ဘာကြောင့်လဲဆိုတော့ ဆိုင်ကယ်ပြင်တဲ့ဝပ်ရှော့မှာ ကားသွားပြင်လို့မရသလိုမျိုး Laptop က တစ်ခုခုဖြစ်ရင် ဘယ်လိုမျိုး Service ပေးနိုင်သလဲ၊ ကုမ္ပဏီပြန်ပို့ - အချိန်စောင့်ပြီး အသစ်လဲလှယ်ပေးတာမျိုးလား လောက်က မေးထားဖို့လိုလိမ့်မယ်။ အာမခံပေးတဲ့ Official ကို ဝယ်တာဆိုရင်လည်း အာမခံက ဘယ်လိုမျိုး ပေးတာလဲ၊ ဘယ်လိုမျိုးဖြစ်ရင် User Fault ဖြစ်မလဲဆိုတာကို ကြိုပြီး ရှင်းလင်းအောင် မေးထားသင့်တယ်။ 


(#3) ကိုယ်တိုင်က ကွန်ပျူတာအကြောင်း ရင်းနှီးထားရင် ပိုအဆင်ပြေနိုင်တယ် 


ဒါက ဘယ် Laptop ဝယ်ဝယ်.. ကိုယ်က ကွန်ပျူတာအကြောင်း သိထား၊ ရင်းနှီးနေရင် ပိုအဆင်ပြေတာပဲ။ ဒါပေမယ့် ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop ဝယ်ရင် ပိုပြီး ရင်းနှီးဖို့လိုအပ်တာက အရှေ့မှာပြောတဲ့ အာမခံပေးရင်တောင် အာမခံကာလ - အချိန် (၁) နှစ်နောက်ပိုင်းကြမှ တစ်ခုခုထဖြစ်ရင်၊ ဒါမှမဟုတ် အရှေ့မှာ တချို့ကုမ္ပဏီတွေလို Official သွင်းရောင်းပေမယ့် နောက်ပိုင်းကြတော့ Laptop ကို Official ဆက်မရောင်းတော့လို့ တစ်ခုခုဖြစ်ရင် ဘယ်သွားပြရမလဲ၊ ဘာကြောင့်ဖြစ်တာလဲဆိုတာကို ရှာဖွေတတ်ရင် ပိုကောင်းပါတယ်။​


ဥပမာ - ကိုယ်တိုင်တောင် ဟိုးအရင်က Xiaomi Mi Notebook တွေ တရုတ်ကနေ မှာပြီး ဝယ်သုံးခဲ့ဖူးတော့ ဘယ်ကမှ အာမခံလည်းမရှိ၊ စစဖောက်ပြီးပြီးချင်းမှာတင် Windows ကို China ကနေ ပြန်ပြောင်းတင်ရတာမျိုး၊ နောက်ပိုင်း Cooling Fan တွေ လစ်လာတော့ ကွန်ပျူတာ Service ဆိုင်တွေ ပြပြီး လဲခိုင်းလို့လည်းမရတာနဲ့ ကိုယ့်ဘာသာ ဖြုတ်ပြီး Cleaning လုပ်ရ၊ နောက်ပိုင်း Fan ကို သီးသန့်မှာပြီး လဲသုံးရတာမျိုးတွေရှိခဲ့ဖူးတယ်။ 


- ဆိုတော့ စမတ်ဖုန်းကုမ္ပဏီတွေက ထုတ်တဲ့ Laptop တွေကို ဝယ်သင့်သလား...?​

​

အရှေ့မှာပြောသလိုပဲ ဘယ်ကထုတ်လို့ ကောင်းတယ်၊ မကောင်းဘူး၊ ဝယ်သင့်တယ်၊ မဝယ်သင့်ဘူးဆိုတာထက် Product အပေါ်ပဲ ပိုမှုတည်ပါတယ်။ 


ကိုယ်ဝယ်ဖို့စဥ်းစားနေတဲ့ စျေးတစ်ခုမှာ - ဒီဇိုင်းပိုင်း၊ Build Quality ၊ Keyboard Feedback | Display - ဒါတွေအကုန်လုံးကို မဝယ်ခင်မှာ ကိုယ်တိုင် ဆိုင်တွေမှာ သွားပြီး သေချာစမ်းသပ်ကြည့်၊ အရှေ့မှာ ပြောသလို ဝယ်ပြီးရင် Service ပိုင်း ဘယ်လိုလုပ်ပေးနိုင်မလဲ၊​ အာမခံ ဘယ်လိုမျိုးရနိုင်မလဲဆိုတာကို မေးမြန်းပြီးမှ ဆုံးဖြတ်ချက်ချတာ အကောင်းဆုံးပါ။ 


***Tech Gadget MM စာမျက်နှာမှကူးယူဖော်ပြသည်။

Sunday, July 27, 2025

မြန်မာတွေက ‘China’ ကို ဘယ်လိုအ​ကြောင်း​ကြောင့် ‘တရုတ်’ လို့ ခေါ်ကြတာလဲ။

 ⛩️ မြန်မာတွေက  ‘China’ ကို  ဘယ်လိုအ​ကြောင်း​ကြောင့် ‘တရုတ်’ လို့ ခေါ်ကြတာလဲ။ ⛩️




China ကို ကျွန်တော်တို့ မြန်မာတွေက တရုတ် လို့  ခေါ်ကြတယ်​။ တရုတ်တွေကလည်း ကျွန်တော်တို့ မြန်မာတွေကို မြန်တျန့် လို့ ခေါ်ကြတယ်။ 


မြန်မာကို မြန်တျန့် လို့ ခေါ်တာက ဘာသာစကား အသံထွက် ဖလှယ်မှုအရ နီးစပ်မှုရှိပြီး ချိုင်းနား (China) ကို မြန်မာတွေက တရုတ် လို့ ခေါ်တာကျတော့  အသံဖလှယ်မှုအရ အလွန် ကွဲလွဲတဲ့အတွက် ကျွန်တော့အဖို့ အတန်းပညာရေး သင်ယူစဉ်ကာလမှာ ပဟေဋိတခု ဖြစ်ခဲ့ပါတယ်။ 


ပဟေဋိ ဖြစ်ခဲ့တဲ့ ဒီကွဲလွဲမှုကို လက်လှမ်းမီရာ အများသူငှါများကိုလည်း မေးကြည့်စူးစမ်းခဲ့ပါတယ်။ အတော်တော်များများကလည်း မသိကြပါဘူး။ China ကို ‘တရုတ်’ လို့  ခေါ်ဝေါ်ခဲ့တာလဲ သမိုင်းကြောင်းကို ရှင်းလင်း ရေးသားထားတဲ့ စာအုပ်စာပေတွေလည်း မရှိသလောက်ပါပဲ။


ကျွန်တော် ကျောင်းပြီးလို့ အလုပ်ဝင်တဲ့ကာလမှာလည်း ကိုယ်သိချင်ခဲ့တဲ့ အကြောင်းအရာတခုကို အခါအားလျော မေးမြန်း စုံစမ်းကြည့်ပါတယ်။ ကျေနပ်စရာကောင်းတဲ့ အဖြေမရခဲ့ဘူး။ 


ဒီလိုနဲ့  အနှစ် ၂၀လောက် ကြာညောင်းခဲ့ပြီး internet တွင်တွင်ကျယ်ကျယ် အသုံးပြုလို့ ရတဲ့ကာလမှာတော့ ကိုယ်သိချင်ခဲ့တဲ့ အကြောင်းအရာတခုကို ပြန်လည်သတိရလို့  Google မှာ တရုတ်ပြေးမင်း လို့ ရိုက်ထဲ့ပြီး ရှာကြည့်ပါတယ်။ 


ပုဂံမင်း၊ နရပတိစည်သူမင်း အကြောင်းတွေ ပေါ်လာတယ်။ ဖတ်ရှုကြည့်တယ်။ ငဆောင်ချမ်း တိုက်ပွဲ အကြောင်းလည်း ဖတ်ရှုရတယ်။ မွန်ဂိုတာတာ တွေ မြန်မာနိုင်ငံထဲ ဝင်ရောက်ခဲ့တာကို ဖတ်ရတယ်။ 


ဒီနေရာမှာ ‘တာတာ’ ဆိုတဲ့ စကားလုံးက တရုတ် နဲ့ ဆက်စပ်နေမလား လို့ စဉ်းစားမိတယ်။ မွန်ဂို လို့ မရေးဘဲ မွန်ဂိုတာတာ လို့ ရေးထားတာကို သံသယ ဖြစ်မတယ်။ မွန်ဂို နဲ့  တာတာ သည် အတူတူပဲလား၊ ပေါင်းစပ်ထားတာလား။ 




ကမ္ဘာ့မြေပုံကို ပြန်ကြည့်ပြီး တရုတ် မွန်ဂိုလီးယား၊ မန်ချူးရီးယား၊ တိဗက်၊ ရုရှား၊ တူရကီ နိုင်ငံများရဲ့ နယ်နမိတ် ထိစပ်မှုကို လေ့လာဖြစ်သွားတယ်။ အာရှ ဥရောပ ပိုးလမ်းမအကြောင်း ပြန်လည် ဖတ်ရှုဖြစ်တယ်။ ‘တူရကီ’ အသံထွက်

သည် ‘တရုတ်’ နဲ့  အသံဖလှယ်မှုအရ ဆက်စပ်နေမလားလို့  အတွေးဝင်လာတယ်။ တွေးရင်းတွေးရင်းနဲ့ ငါ့မှာ ဘာစာအုပ်များ ရှိနိုင်သေးသလဲလို့ စဉ်းစားမိတယ်။ 


စဉ်းစားရင်း စဉ်းသားရင်းနဲ့ ရေးရေးလေး ပေါ်လာတယ်။ လွန်ခဲ့သော ၅နှစ်လောက်က ရန်ကုန် ကို ပြန်

ရောက်တဲ့ကာလမှာ Physics major က သူငယ်ချင်း တယောက် ဖြစ်တဲ့ Sabe Lwin လက်ဆောင်ပေးခဲ့တဲ့ စာအုပ်တအုပ်မှာ ဖေါ်ပြထားတဲ့ အကြောင်းအရာ အချို့ကို အမှတ်ရမိတယ်။ စာရေးဆရာက တရုတ်သွေးနှောတဲ့ သမိုင်းပညာရှင် တယောက် ဖြစ်တာကို ပြန်ပြောင်းမှတ်မိသွားတယ်။ 




အိမ်ရှေ့က စာအုပ်ဘီဒို မှာ အမှတ်ရမိတဲ့ စာအုပ်ကို သွားရှာတယ်။ တွေ့ပါပြီ။ 

စာအုပ်အမည်က -။

SELECTED WRITINGS OF U YI SEIN

ဦးရည်စိန် ၏ လက်ရွေးစင် စာတမ်းများ။ 


စာအုပ်ကို ယူပြီး ဖတ်ကြည့်တယ်။ စာအုပ်ဆိုသော်လည်း မဂ္ဂဇင်းမှာ ရေးထားတဲ့ အကြောင်းအရာများကို ပြန်လည်စုစည်းပြီး စာအုပ်အဖြစ် ထုတ်ဝေထားတာပါ။ 


​ရေးထားတဲ့ အကြောင်းအရာတွေက ရှေးတရုတ်တို့ သိခဲ့သော ပျူနိုင်ငံများ၊ ပျူအကြောင်း၊ ဗိသာနိုး၊ သုဝဏဘူမိ၊  ရှေးဟောင်း ထိုင်း ရှမ်းများ၊ တိဗက်၊ ထိုင်း ရှမ်း၊ စိန့်တိုင်း တို့ ဖြစ်ပြီး ဒီထဲက စိန့်တိုင်း ခေါင်းစဉ်အောက်မှာ တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ကို ဖတ်ရှု ကြည့်ပါတယ်။ 


ဒီစာအုပ်ရဲ့ စာမျက်နှာ 431 ကနေ 440 မှာ ဆရာကြီးရဲ့ ရေးသားမှုတွေဖြစ်တဲ့  

တရုတ် တရက် ဟူသော အမည်များ၏ ဇာစ်မြစ် ခေါင်းစဉ်ခွဲ အောက်က အကြောင်းအရာတွေကို အကျဉ်းချုပ်ကြည့်ရင်....... 


BC 403-220 အချိန်အခါက ယခု တရုတ်နိုင်ငံ ၏ အနောက်ဖက်တွင် Chin အမည်ရှိသော ပဒေသရာဇ်နယ် ရှိခဲ့သည်။ ထိုနယ်တွင် Cheng အမည်ရသောမင်းလက်ထက်၌ အခြားသော ပဒေသရာဇ်နယ်များကို တိုက်ခိုက်အောင်မြင်ပြီး တရုတ်နိုင်ငံ တခုလုံးကို စုစည်း၍ ချင် မင်းဆက်ကို တည်ထောင်ခဲ့သည်။ 


မိမိကိုယ်ကိုလည်း Shi Huang Di ပထမ ဧကရာဇ် ဟူသော ဘွဲ့ကို ခံယူသည်။ တရုတ်တို့က Qin Shi Huang Di ဟု ခေါ်ကြသည်။ 


Shi Hung Di တက်လာပြီးသည့်နောက် တရုတ်နိုင်ငံ မြောက်ဖက်တွင် မကြာခဏ ချင်းနင်းလာရောက်တတ်သည့် တုရ်က် အနွယ်ဝင် အမျိုးစု (Turkie Tribes) ဖြစ်သော Hun တို့ကို ဟန့်တားနိုင်ခဲ့သည်။


Shi Hung Di သည် တရုတ်နိုင်ငံ အနောက်တောင်ဖက်တွင် ရှိသော Tien Kingdom ကိုလည်း သိမ်းပိုက်ရန် ကြံစည်လာသည်။


Chin မင်းဆက် ကို အိန္ဒိယတိုင်းသားတို့က စိန (Cina) ဟု ခေါ်ဝေါ်ပြီး  Chin မင်းဆက် အုပ်စိုးသောဒေသကို  စိနရဋ္ဌ ဟု ခေါ်တွင်လာသည်။ 


Shi Hung Di ကွယ်လွန်ကြီး ၃နှစ်အကြာတွင် Chin Dynastry ပျက်သုဉ်းပြီး Han Dynasty တက်လာသည်။ 

သို့သော်လည်း အိန္ဒိယတိုင်းသားတို့က စိနဒေသ (စိနရဋ္ဌ) ဟု ဆက်လက် ခေါ်တွင်သည်။ ယင်းအမည်သည် ဥရောပနိုင်ငံအထိ ပြန့်သွားပြီး ဥရောပတိုင်းသားတို့က စိန (Cina) ကို အသံဖလှယ်ထားသည့် ချိန (China) ဟု ခေါ်ဝေါ်ကြသည်။ 


မြန်မာတို့ကလည်း တရုတ်ဒေသကို စိန၊ စိန့် ၊ စိန့်တိုင်း (စိန့်ပြည်) ဟု ခေါ်ဝေါ် ခဲ့ကြသည်။ 


ခရစ်နစ် ၁၃ ရာစု နောက်ပိုင်းတွင် မြန်မာနိုင်ငံသို့ မွန်ဂိုတပ်များ ဝင်ရောက်လာသည်။  မွန်ဂိုတပ်တွင် တုရ်က် (Turk) စစ်သည်များစွာ ပါလာသည်။  Turk ကို တိဗက်သားတို့က ဒရုဂ် (Drug) ဟု ခေါ်ကြသည်။  (ရှင်ဒိသာပါမောက္ခ ၏ ကျောက်စာတွင် မွန်ဂို တို့ကို တရုတ် ဟု သုံးနှုံးရေးသားထားသည်)


မွန်ဂိုစစ်သည်တို့သည် စိန့်သားတို့နှင့် ဝတ်စားဆင်ယင်မှု အားဖြင့်သော်လည်းကောင်း၊ ဘာသာစကား အားဖြင့်သော်လည်းကောင်း မတူညီကြောင်းကို ပုဂံမြန်မာသားတို့က ကောင်းစွာ ခွဲခြားသိမြင်ခဲ့သည်။ 


ထို့ကြောင့် မြန်မာတို့သည် အရှေ့မြောက်ဖက်က ချင်းနင်းဝင်

ရောက် လာသူများကို ‘စိန့်’ ဟု မခေါ်ဘဲ ‘တရုတ်’ ဟူသော အမည်ကို သီးခြားခေါ်ဝေါ်ကြသည်။  သို့ရာတွင် မြန်မာတို့သည် မွန်ဂို (Mongol) နှင့် တုရ်က် (Turk) ကို သတိမမူကြဘဲ အားလုံးကို တရုတ် ဟု ရောထွေးပြီး ခေါ်လိုက်သည်။ 


မွန်ဂို တို့ ချင်းနင်းဝင်ရောက်မှုသည် ပုဂံပြည်ကြီးတခုလုံးကို စိုးမိုးခဲ့၍ မြန်မာတို့၏ မှတ်သားမှုတွင် မွန်ဂို တုရ်က် အခေါ်အဝေါ်မှာ အတော်ခိုင်မြဲစွာ စွဲရစ်ခဲ့သည်။ 


ပုဂံခေတ် ပျက်သုဉ်းသွားသည့်အခါ မြန်မာတို့က China ကို  ယခင်က ခေါ်ခဲ့သောအမည် "စိန့် " ဟု မခေါ်တော့ဘဲ မွန်ဂို တုရ်က် တို့အား ခေါ်ခဲ့သောအမည် ‘တရုတ်’ ဟူသော အခေါ်အဝေါ်ကို အသုံးပြု ခေါ်ဝေါ် ခဲ့သည်။


မြန်မာတို့သည် စိန့်သားတို့ကို တရုတ် ဟု ပြောင်းလဲ ခေါ်ဝေါ်လာပြီးနောက် ညောင်ရမ်းခေတ် ရောက်လာသောအခါ စိနရဋ္ဌ (ယခု တရုတ်ပြည်) ကို မန်ချူးတို့က စိုးမိုးလာသောခါ မြန်မာတို့က စိန့်တို့ကို တရုတ်၊ မန်ချူးတို့ကို တရက် ဟု ခွဲခြား ခေါ်ခဲ့ကြသည်။ (မြန်မာဘာသာတွင် ဖြုတ်ဖျက်၊ ရုတ်တရက် ဟူ၍ သုံးလေ့ရှိသည်) 


နောက်ပိုင်းတွင် စိန့် ၊ တရုတ်၊ တရက် တို့ကို တိကျစွာ မခွဲခြားတော့ဘဲ အားလုံးကို ‘တရုတ်’ ဟု ရောထွေးခေါ်လိုက်တော့သည်။


ဆရာရဲ့ ရေးသားဖေါ်ပြမှုများဟာ အကြောင်းအကျိုုး ခိုင်လုံမှု ရှိပြီး ယုံကြည်ရတဲ့ အနေအထား ဖြစ်ပါတယ်။ 


ဒီအကြောင်းအရာတွေကို ရေးခဲ့တဲ့ သမိုင်းဆရာသည် ဦးရည်စိန် ဖြစ်ပါတယ်။ ဆရာကြီး ဦးရည်စိန် ရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းချုပ်မှာ - 

ဆရာ ဦးရည်စိန်ကို ၁၉၂၄ ခုနှစ်တွင် ဖျာပုံမြို့၌ မွေးဖွါးသည်။ မြန်မာ့သမိုင်း အဖွဲ့  စဖွဲ့စဉ်ကပင် ၁၉၅၅ မှ ၁၉၈၄ ခနှစ်အထိ အကြီးတန်းသုတေသန အရာရှိ၊ ထို့နောက် မြန်မာစာအဖွဲ့ဝင် (၁၉၈၈) နှင့် မြန်မာ့သမိုင်း အဖွဲ့ဝင် (၁၉၉၁) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  ၂၀၁၅ခုနှစ်တွင် Taipei မြို့၌ ကွယ်လွန်သည် ဟုဖေါ်ပြထားပါတယ်။ 


အရပ်ထဲမှာ ပြောဆိုနေကြတဲ့ ‘တရုတ်’ အခေါ်အဝေါ်  နဲ့  ပါတ်သက်တဲ့ ကြောင်းအရာများဟာ သမိုင်း အထောက်အထား အချက်အလက်များ တင်ပြထားခြင်း၊ ပုံနှိပ်ထုတ်ဝေထားခြင်း မရှိတာကို သတိပြုမိပါတယ်။  သို့ပါသောကြောင့် သမိုင်းပညာရှင် ဦးရည်စိန် တင်ပြထားတဲ့ တရုတ် စကားလုံး ဇာစ်မြစ် စာတမ်းကို မှန်ကန်သော သမိုင်းအချက်အလက် တင်ပြချက်အဖြစ် ယူဆပါတယ်။ 


‘တရုတ်’ ဆိုတဲ့ အခေါ်အဝေါ်သည် မြန်မာများက တုရ်က် (တူရကီ) Turkey ကို ရည်ညွန်းခဲ့တာ ဖြစ်ပြီး ယခင်က မြန်မာများ ခေါ်ဝေါ်ခဲ့သော စိန (Cina) အမည်သည် ခေတ်အဆက်ဆက် မြန်မာများက ‘တုရ်က်’ နှင့် ရောထွေးစွာ မှတ်သားခေါ်ဝေါ်ခဲ့၍ ‘တရုတ်’ ဆိုတဲ့ အခေါ်အဝေါ်  တွင်ကျယ်ခဲ့ကြောင်း ကျွန်တော် နားလည်သဘောပေါက်သွားပါတယ်။ 


ကျွန်တော့လိုပဲ အခြားသိချင်သူများ ရှိပါက ဖတ်ရှုလို့ရအောင် မှတ်စုရေးသား၍  မျှဝေအပ်ပါသည်။


Aung Ngwe Latt

(24.11.2019)