Wednesday, November 28, 2018

"ဆောင်းလေပြေကြား က ချင်းတောင်"



++++++++++++++++++++++++++

    နှင်းဖွေးဖွေးလေးတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကျလာ ရင် မြူပိတ်နေတယ်လို့ ခေါ်တတ်တဲ့ ချင်းတောင်ဒေသ ။ တိမ်ပင်လယ် ကြီးကို မြင်ခြင်တယ်ဆိုရင် ဒီလို ဆောင်းရာသီမှာ ချင်းတောင်ပေါ် ကို သွားကြရတာပါပဲ ။ ချင်းပြည်နယ်မှာ ရှိတဲ့ ကနေဒီတောင်ထိပ်က ဖြစ်ဖြစ် ၊ ခေါနုစုမ် ( ခ) နတ်မတောင် ထိပ်ကဖြစ်ဖြစ် ၊ ဇိမ်မူးတောင်ပေါ်က ဖြစ်ဖြစ် ၊ လှမ်းမျှော်ကြည့်မယ်ဆိုရင် တောင်တန်းမြင့်မြင့် တွေရဲ့ ကြားမှာ စီးမျောနေတဲ့ တိမ်တိုက်ထုထည် ကြီးကို တွေ့ရမှာ ဖြစ်ပါတယ် ။ ဒီလို မျောလွှင့်နေတဲ့ တိမ်တိုက်ကြီးကို ဒေသခံ တွေက တော့ အို.. သိပ်လှတဲ့ တိမ်ပင်လယ်ကြီး တဲ့ ။ အရောင်အသွေး စုံနေတဲ့ အမျိုးအမည် မသိတဲ့ ပန်းပင်လေးတွေကလည်း နေရာတိုင်းလိုလို မှာ ရှိကြပါတယ် ။

ဖြေရခက်တဲ့ စကားတစ်ခွန်းရှိပါတယ် ။ အဲဒါက တော့ ချင်းတောင်က ဘယ်နေရာက ပိုလှသလဲ ဆိုတာပါပဲ ။ တကယ်တော့ ဘယ်နေရာက လှတယ်ဆိုတာ ပြောရတာ တော်တော်ခက်ပါတယ် ။ ကိုယ်သွား တဲ့ အချိန် ၊ ရောက်ခဲ့တဲ့ နေရာ ၊ လက်ရှိ ဖြစ်နေပေါ်နေတဲ့ ရာသီ ဥတု တွေ အရ ပြောရခက်လွန်းပါတယ် ။ နွေရာသီလို၊ ဆောင်းရာသီ လိုဆိုရင် ချင်းတောင်လမ်းမ တွေက ဖုန် အလွန်ထူပါတယ် ။ မိုးရာသီဆိုရင်လည်း တောင်ပြိုတာ နဲ့ ရွှံ့ ဗွက်တွေ ပေါပါတယ် ။

ချင်းတောင်လမ်းမ တွေ စတင်ချဲ့တဲ့ ၂၀၁၅ ၀န်းကျင်လောက်နေစပြီး ဖြစ်လာတာပါ ။ ချင်းတောင်မြေ က သက်နုမြေတွေ များတော့ ပြိုလွယ် ၊ ပဲ့လွယ်ပါတယ် ။ လမ်းချဲ့တော့ စွန့်ပစ်မြေစာတွေ စနစ်တကျ မရှိတာရယ် ချဲ့တဲ့နေရာတွေ ရယ် ၊  လိုက်ပြိုတာတွေ ရှိကြောင့် မြေသားမတည်ငြိမ်သေးဘူး လိုက်ပြိုတဲ့မြေတွေ ကြောင့် ရွှံ့ဗွက်များပြီး ၊ ဖုန်ထူ တယ်လို့ ပြောရမှာ ဖြစ်ပါတယ် ။ နေရာနဲ့ အချိန်အခါ ၊ ရာသီဥတုတွေ အပေါ် မူတည်ပြီး ချင်းတောင်ရဲ့ နေရာတွေက လှပပါတယ် ။ နေရာတိုင်းမှာ အလှကိုယ်စီနဲ့ ရှိတယ်လို့ ပြောချင်ပါတယ် ။

 ချင်းတောင်ကို ဘယ်အချိန်သွားရင် အကောင်းဆုံးလဲလို့ ပြောရရင်တော့ နိုဝင်ဘာ ၊ ဒီဇင်ဘာ ၊ ဇန်န၀ါရီ လ တွေက သွားလာလို့ အကောင်းဆုံးပါ ။ မိုးလေ ကင်းလွတ်တဲ့ အတွက် တောင်ပေါ်လမ်းမှာ မြေပြိုလမ်းပိတ်မှာ ပူစရာမလိုတော့ ဘူး ။ ဒီလို ပွင့်လင်းရာသီဆိုရင်လည်း ချင်းတောင်ခြေ မှာ နေတဲ့သူတွေ ရော အဝေးကလာတဲ့ ဧည့်သည်တွေ ရော ချင်းပြည်နယ်ကို ခရီးသွားဖို့ စိတ်ကူးကြတဲ့ အချိန်ပေါ့ ။ ကျနော်တို့က တော့ နွေ ၊ မိုး ၊ ဆောင်း သုံးရာ သီစလုံး နေ့ ၊ ည မရွေး သွားလာနေတတ်တဲ့သူ ဖြစ်တဲ့ အတွက် ဘယ်အချိန်သွားသွား ချင်းတောင်အလှ က ဘယ်သောအခါမှ ရိုးမသွား ။ ကျနော်တို့ မြန်မာလူမျိုး အများစု က အပန်းဖြေခရီး သွားတာထက် ရောက်ဖူး အောင် ၊ ရောက်ဖူးတယ်ဆိုတာ ပြောလို့ ရအောင် သွားကြတာနဲ့ တူနေပါတယ် ။ ခရီးသွားတိုင်း ကျနော်တို့ ခံစားနေရတာ က အပန်းဖြေ ခရီးသွားကြတိုင်း ပင်ပန်းပြီး ပြန်လာကြကာ နောက်တခါ ခရီးထွက် ရမှာကို ကြောက်သွားကြတာပါပဲ ။ ကိုယ်သွားရမယ့် လမ်းခရီး မှာ တွေ့ရမယ့် ဘေးဘီ ၀ဲယာ က ရှုခင်းအလှအပ နဲ့ ဒေသအခြေအနေကို ခံစားဖို့ ထက် ကိုယ်သွားမယ့်နေရာကို ရောက်ရှိရေးကို ကာ စိတ်စောနေကြတာကလား ။

ကိုယ်သွားခဲ့တဲ့ လမ်းဘေးမှာ နေထိုင်ကြတဲ့ ဒေသခံတွေနဲ့
စကားလေးမှ မပြောခဲ့ကြ တော့လည်း ဒီဒေသရဲ့ အတိမ်အနက် ၊ ဒီဒေသရဲ့ သဘောသဘာဝတွေ ဘယ်နားလည်ပါ့ မလဲလေ ။ ဒေသတစ်ခုကို အပန်းဖြေ ဒေသန္တရ ဗဟုသုတ အရ သွားမယ်ဆိုရင်တော့ ဒေသတစ်ခု ကို ရင်းနှီးကျွမ်းဝင်စေဖို့ အတွက် စူးစမ်းလေ့လာဖို့ လိုအပ်တာပေါ့ ။ သို့ပေမယ့် လမ်းခရီးမှာ ဘယ်နေရာကဘယ်လို လှလို ဘယ်လို ဆယ်ဖီဆွဲခဲ့ရမှန်း မသိတဲ့ ခရီးသွား တွေ အဖို့ တော့ သွားအလကား လို့ တောင် ပြောရမလိုပ ။

 နှင်းစက်လေးတွေက ချင်းတောင်ခြေရဲ့မြို့ ၀န်းကျင်မှာ အစမ်းသဘောမျိုး လာရောက်ကြပြီလို့ ပြောရမှာပေါ့ ။ ဒီလို နှင်းတွေ များများ ကျတယ်ဆိုရင် မြူကျတာလို့ လည်း ပြောကြသလို ၊ မြူကျတာ များရင်လည်း မှိုင်းတိုက် တယ်လို့ ဒေသခံတွေ သုံးနှုန်းကြပါတယ် ။ နှင်း ဆိုတာ ဘယ်လို ၊ မြူဆိုတာ က ဘယ်သို့ ဆိုတာ သေသေချာချာ အသုံးအနှုန်းတွေ မသိပေမယ့် ၊ နှင်းကျတယ် ၊ မြူတွေ မှိုင်းနေတယ် ၊ မှိုင်းတိုက်တယ် စသဖြင့် ဆောင်းရာသီ ရဲ့ နှင်းကျ
ပုံကို အမျိုးမျိုး သုံးနှုန်းကြပါတယ် ။ သီတင်းကျွတ်ကျောင်းပိတ်ရက် ဖြစ်တဲ့ အတွက် မိသားစုတွေ ချင်းတောင်ပေါ်တက်ဖို့ စီစဉ်လိုက်ပါတယ် ။ ကိုယ်ပိုင်ကားမရှိတဲ့ အပြင် ဆိုင်ကယ်နဲ့ ခရီးသွားတာကိုပဲ ကြိုက်နှစ်သစ်တဲ့ ကျနော်တို့ မိသားစု ကတော့ ဆိုင်ကယ် နဲ့ ပဲ ချင်းတောင်ပေါ်ကို ရောက်သလောက် တစ်ရက်ခရီး အဖြစ် သွားဖို့ စီစဉ်ပါတယ် ။ ဘယ်အထိ သွားမယ် ၊ ဘယ်ကို ရောက်မယ် ဆိုတဲ့ အတွေးထက် ရှုခင်းကောင်းတဲ့ နေရာမှာ ရပ်ပြီး ငေးမယ်။ ဓါတ်ပုံရိုက်မယ်။

သဘာဝ ပတ်ဝန်းကျင် အလှတွေကို ရသလောက်ခံစားမယ်ဆိုတာ ကျနော်တို့ အဓိက ပန်းတိုင်ပါ ။ ဗိုက်ဆာတဲ့ အချိန်မှာ ရောက်တဲ့နေရာမှာ စားဖို့ ထမင်းလည်း အသင့်ထုတ်ခဲ့ပါတယ် ။ ဒီလမ်းဒီခရီး က မကြာခဏ သွားဖြစ်နေတဲ့ အတွက် ကျနော်တို့ ရောက်ဖူးတယ်လို့ ပြောဖို့ အတွက် ဒီခရီးကို ထွက်တာ မဟုတ်ခဲ့ပါဘူး ။ လမ်းမှာ ပန်းလေးတွေ တွေ့ရင် ကြည့်မယ် ။ ရှုခင်းလှလှ လေးတွေ တွေ့ရင်ငေးမယ် ။ ဒေသခံတွေ ဆီက ဒေသထွက် အစားအသောက်ကောင်းလေးတွေ စားသောက်မယ် ။ ကျနော်တို့ ရဲ့ ခရီးနောက်ဆုံးပန်းတိုင်းဟာ ကနေဒီတောင်ပေါ် အထိ ရောက်ရင်တက်မယ် ။ အဲဒီမှာ ထမင်းစားမယ်။

 ဆိုင်ကယ် ကိုယ်စီနဲ့ထွက်ခဲ့တဲ့ ကျနော်တို့က ကလေးတက္ကသိုလ် အထက်မှာ ရှိတဲ့ ရှုခင်းသာ ဆိုတဲ့နေရာကို ရောက်တော့ နားလိုက်တာပါပဲ ။ ဒီနေရာ ရှုခင်းသာဆိုပေမယ့် အပင်တွေက တဖြေးဖြေး ကြီးလာတော့ အောက်ခြေမြင်ကွင်းတွေကို ပိတ်ပြီး ရှုခင်းမသာ နိုင်တော့တာ ကြာပါပြီ ။ ချင်းတောင်ခြေက ကလေးလွင်ပြင်တစ်ခု လုံးကို အပေါ်စီးက နေ ကြည့်နိုင်တဲ့ နေရာ ၊ ကလေးမြို့ ကို ရောက်လာတဲ့သူတွေ အချိန်မအားလို့ ချင်းတောင်ကို မသွားနိုင်ကြသူတွေအတွက် ချင်းတောင်ကို ထိတွေ့ကြည့်ရုံ လာရောက်လာပတ်သောနေရာ ။ လွင်ပြင်တစ်ခုလုံးကို အေးအေးဆေးဆေး အရသာခံပြီး ကြည့်နိုင်ပေမယ့် အဲဒီလို ကြည့်နိုင်အောင် လုပ်ပေးထားတာတော့ မရှိ ။ ဒီလိုနေရာမျိုး မှာ သာသာယာယာ လုပ်ပေးထားဖို့ လိုပါတယ် ။ ဟိုတချိန်က ဈေးဆိုင်တန်းတွေ ရှိခဲ့ရာက အခု တော့ ပြန်ဖျက်ခိုင်းလို့ လား မသိ မရှိပြန်တော့ ။

အပေါ်စီးကနေ လွင်ပြင်တစ်ခုလုံးကို ကြည့်နိုင်တဲ့နေရာလေး မှာ တောင်ပေါ် လို့ ဆိုရုံ ၊ အအေးဓါတ်ကလည်း အနည်းငယ်သိသာရုံ ၊ ရှုခင်းတွေကို ငေးမောရင်း ၊ မြူတွေ ထလာတာလား ၊ မှိုင်းတွေ တက်လာသလား ၊ မီးခိုးတွေ အူနေသလား ၊ စိမ်းစိုစိုလယ်ကွင်းတွေလား ၊ နေအိမ်တွေ တိုးနေသလား စသဖြင့် စူးစမ်းလေ့လာကြရင်း အပမ်းဖြေကြရတာပေါ့ ။ တချို့သော ချင်းတောင်ကို လာတဲ့ ဧည့်သည်အများစု ပြောကြတာက ချင်းတောင်မှာ ဘာရှိလို့လဲကွာတဲ့ ။ သူတို့ ဘာကို ဆိုလိုချင်သလဲမသိ ။ ချင်းတောင်မှာ တော့ ဒေသထွက် သီးနှံ တချို့ ၊ မြေပြန်နဲ့မတူညီတဲ့ ရာသီဥတု ၊ မြေပြန့်မှာ မတွေ့နိုင်တဲ့ ရှုခင်းတွေ ၊ သဘာဝပတ်ဝန်းကျင် ကောင်းတွေ ခံစားတတ်ရတာပေါ့ ။ အခု ချိန်မှာ ဆိုရင် ရှုခင်းတွေ ကြည့်ရင်းနဲ့ မှိုင်းတွေက ရှုခင်းတွေ ကို မျက်လှည့်ဆန်ဆန် ကွယ်ဝှက်လိုက် တာများ တခါ တခါ ကိုယ့်မျက်စိ ကိုယ် ပင် မယုံချင် ။ တခါ တခါ ချင်းတောင် လမ်းဘေးမှာ ဆိုင်ကယ် ရပ်ပြီး ချင်းတောင်ထွက် ၀ိုင်ပုလင်းလေးကို သောက်ရင်း မြူတွေ ရွေ့လျားနေတာ ကို ငေးမောလို့ ရှုခင်းတွေက ပေါ်လာလိုက် ပျောက်သွားလိုက် ၊ တောပန်းတောင်ပန်းလေး မြင်လိုက်ရ နဲ့ ကိုယ့် အတွေးတွေ မျောချင်ရာကို မျောလွင့်နေလိုက်တာ များ ပတ်ဝန်းကျင်ကို မေ့လို့ ။

 တကယ်တော့ စစ်ကိုင်းတိုင်းထဲက ကလေးမြို့ နဲ့ ချင်းပြည်နယ် တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာဆိုတာ မိုင် ၃၀ လောက်ပဲ ဝေးတာ ။ ဆိုင်ကယ်နဲ့ ဆို တောင်တက်ခရီးဆိုတော့ ၂ နာရီ နီးနိး ( ကျွမ်းကျင်ရင်တော့ တစ်နာရီ တစ်နာရီခွဲ လောက်စီးရတာ ) ပဲစီးရတယ် ။ သို့ပေမယ့် ကျနော်တို့က အနည်းဆုံး ၄ နာရီ ၊ ၅ နာရီ ကြာအောင်စီးပါတယ် ။ လမ်းမှာ ပန်းလေးတွေ လှတယ်ဆိုရင်လည်း ကြည့်ကြ ၊ ဓါတ်ပုံရိုက်ကြ ၊ ဒေသခံတွေ တွေ့ရင် ဘာပန်းလဲ မေးကြပေါ့လေ ၊ ရှုခင်းလှတယ်ဆိုရင်လည်း ငေးမောကြ ၊ ဓါတ်ပုံရိုက်ကြ ။ တကယ်တော့ ချင်းတောင်ပေါ်က ဆောင်းအ၀င် လေအေးစက်စက် ရဲ့ ပက်ဖြန်းမှုက ကျနော်တို့ကို ပိုပြီး လတ်ဆတ်စေပါတယ် ။ ဆိုင်ကယ် နဲ့ တောင်ပေါ် သွားမလား ၊ မြေပြန့် သွားမလားလို တောင်ပေါ်ကို ပဲရွေးချယ်ပါ့မယ်။ အေးမြလှတဲ့ တောင်ပေါ်ရဲ့ ဆောင်းလေပြေ က ခရီးသွားတွေကို ပိုပြီး အမောပြေစေပါတယ် ။ ချင်းတောင်လမ်းတွေက တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာ ၊ လေထန်ကုန်း အထိက တော်တော်လေး လမ်းကောင်းတယ်လို့ ပြောရပါ့မယ် ။ ချင်းပြည်နယ်တစ်ခုလုံး ဒီလို လမ်းကောင်းမယ်ဆိုရင်တော့ အလည်အပတ်လာတဲ့သူတွေလည်း ပိုပြီး များပြားလာမှာပါ ။ မိုင်၃၀ ခရီး မှာ နေရာတိုင်းရဲ့ အလှအပ တွေ က မြင်တတ်ရင် မြင်တတ်သလို ၊ ခံစားတတ်သလို ပေါမှ ပေါ ။ ချင်းတောင်ရဲ့ အထင်ကရ နေရာတွေက ကနေဒီတောင် ၊ ရိ ရေကန် ၊ ဇိန်မှုးတောင် ၊ ခေါနူးစုမ် တောင် ၊ ဘုံတလာရေတံခွန် ၊ စတဲ့နေရာတွေပေါ့ ။

 သိုင်းငင်းကျေးရွာ အနီးက လေထန်ကုန်းမှာ တော့ ပိတ်ရက်ဖြစ်တာနဲ့ အညီ လူတော်တော်စည်ကားလျှက်ပါ ။ လေထန်ကုန်းမှာ ဘာတွေ ရှိလဲ လို့ မေးရင်တော့ ဘာမှ မရှိဘူးလို့ ပြောရမှာပါပဲ ။ ကလေး - တီးတိန် လမ်းမပေါ် က နေ ထုတ်လိုင်ကျေးရွာကို ခွဲသွားတဲ့နေရာ ၊ တောင်ကြားက ဖြတ်တိုက်လာတဲ့ လေ က တော်တော်လေး ပြင်းထန်တော့ ဒီနေရာလေးကို လေထန်ကုန်း လို့ ပြောကြတယ်ထင်ပ ။ အရင်ကတော့ အဲဒီနေရာ မှာ တောင်ဇလပ် ပန်းပွင့် ချိန်ဆိုရင်လည်း တောင်ဇလပ်ပန်းတွေ အများကြီးရှိတဲ့နေရာပေါ့ ။ ချင်းတောင်ရဲ့ အထိမ်းအမှတ် တောင်ဇလပ်ပန်းတွေ ပွင့်ချိန်ဆိုရင်လည်း တောင်ဇလပ်ပန်းတွေ မြင်ရဖို့ လာကြတဲ့သူတွေ များလှပါတယ် ။ တစ်ခု ပြောချင်တာကတော့ တောင်ဇလပ်ဆိုတဲ့ ပန်းက အပင်ပေါ်မှာ လနဲ့ချီအောင် အကြာကြီး လှနေပေမယ့် ခူးပြီးရင်တော့ နာရီပိုင်း အတွင်း ညိုးသွားတယ်ဆိုတာပါပဲ ။ ချင်းတောင်က လာလည်တဲ့သူတွေ တောင်ဇလပ်ပန်းပွင့်ချိန်မှာ တောင်ဇလပ်တွေကို ခူးယူခြင်းမပြုပဲ အလှကြည့်ခံစားတတ်ကြဖို့ လိုပါမယ် ။ တကယ်တော့ တောင်ဇလပ်ပန်းကို တန်ဖိုးထားကြတဲ့သူတွေ ဆိုတာ တန်ဖိုးသိ ကြတဲ့သူတွေ များပါတယ် ။ ပေ ၆၀၀၀ ၀န်းကျင် မှ ပေါက်ရောက်တဲ့ တောင်ဇလပ်ပန်း တွေ မခူးကြဖို့ အတွက် အခု ဆိုရင် ကန်ပိန်းတွေ လုပ်ပြီးတားမြစ်နေ ကြတာတွေ ရှိပေမယ့် ထိရောက်တဲ့ တားမြစ်မှု မျိုးတော့ မဟုတ်သေးပါဘူး ။

 မြူခိုးတွေက မမြင်ဖူးတဲ့သူတွေ မြင်အောင်ပြောရရင် မီးခိုး လိပ်တွေ လို ပါပဲ ။ အလိပ်လိုက် အလိပ်လိုက် တက်လာပြီးတော့ တောင်တန်းတွေကို ဖုံးလွှမ်းသွားလိုက်ရင် တောင်တန်းရဲ့ အလှအပ ပျောက်သွားပါတယ် ။ ခဏနေပြန်တော့လည်း မြူတွေ ပျောက်ကွယ်သွားပြီး တောင်တန်းကြီးရဲ့ အလှက ပေါ်လာပြန်ရော ။ ဒီလို နဲ့ ပန်းချီကား တစ်ချပ် ပြီး တစ်ချပ် ဆလိုက်ထိုး ပြနေသလို ခံစားမိနေပါတယ် ။ ကနေဒီ တောင်ဖက်ကို တော့ သီးသန့် သွားကြတာ မရှိသေးပါဘူး ။ အသွားအလာ နည်းပါး သေးပါတယ်။ ကျနော်တို့က တော့ ကနေဒီ တောင်ပေါ် မှာ ၀ိုင်းဖွဲ့ ထမင်းစားကြရင်း ချင်းတောင် အလှအပ ကိုခံစား ရတဲ့ အရသာကို ပိုကြိုက်ပါတယ်။ နွားနောက်တွေကလည်း လွှတ်ကျောင်းစနစ်နဲ့ ဟိုတစ်အုပ် ဒီတစ်အုပ် နဲ့ ။ တောပန်းလေးတွေက အရောင်အသွေးစုံစုံလင်လင် ။ နှင်းမှုံတွေ ပါတဲ့ မြူခိုး တွေက တဟူးဟူး တိုက်ခတ်လို့ ။ မိုးအကုန် ဆောင်းအကူး ဆိုတော့ ကျွတ် ဆိုတဲ့ သွေးစုတ် တဲ့ အကောင်လေးတွေ ကိုတော့ သတိထားရတယ် ။ သဘာဝတောတောင် ပတ်ဝန်းကျင် ဆိုတာ နှလုံးသား အသိနဲ့ ခံစားတတ်မှ ပါ ။ ရုတ်တရက် မင်းတပ်က ကဗျာ ဆရာဟာရှိန်း ရဲ့ ကဗျာလေးကို ရွတ်ဆိုမိတယ် ။

 မနက်ခင်း တောင်လေတိုက်တယ်
နှင်းတွေက နွေးထွေးလိုက်တာ။

နေ့လည်ခင်း မြောက်လေတိုက်တယ်
ဆောင်းရာသီ နေ့လည်နေက ငြိမ်းချမ်းလိုက်တာ။

ဘဝစုဗူးကို ဖွင့်ဖောက်
ရိုးရာဟာ သိုးမသွားတဲ့ အစာ။

ညနေခင်း တိမ်မျှင်တွေ
ညင်ညင်သာသာပဲ ထွက်ခွာသွား

နီးနီးဝေးဝေး
ကဗျာကောင်းကင်မှာ
ကြယ်တွေ ဟောတပွင့် ဟောတပွင့်
လင်းလက်တောက်ပ တက်တက်ကြွကြွ။     ။

 မြူနှင်းဖွေးဖွေးတွေ ကြားမှာပဲဖြစ်ဖြစ် ၊ မိုးစက်ပွင့်တွေ အောက်မှာပဲဖြစ်ဖြစ် ၊ လေပြေ ညှင်းသွဲ့သွဲ့ တိုက်နေချိန်မှာ ပဲဖြစ်ဖြစ် ချင်းတောင်ရဲ့ သဘာဝတရားက လှနေပြီးသားပါ ။ သဘာဝ တရားကြီးကို ချစ်မြတ်နိုးခဲ့ဖို့ ကျနော်တို့ တစ်တွေ သင်ကြားပေးရင်း သဘာဝတရားကြီးက ပြန်လည် ချစ်မြတ်နိုးတဲ့တစ်နေ့မှာ တော့ အေးချမ်းစိုပြေတဲ့ ချင်းတောင် အဖြစ်ရပ်တည်နေရအုန်းမှာ တော့ အသေအချာ ။


ကိုဆူး ( ချင်းတောင်ခြေ )

1 comment:

liam said...

Thanks for the article