Monday, September 4, 2017

"အရင်းနှီးနည်း၍ဝင်ငွေများသောကုလားပဲစိုက်ပျိုးခြင်း"


*****************************************************
မြေအမျိုးအစား
==========
ရေစီးရေလာကောင်းသော မြေအမျိုးအစားမရွေး စိုက်ပျိုးနိုင်သည်။ သို့သော် မြေချဉ်ငံဓာတ် (၆.၅-၈.၅) အတွင်းရှိ နုန်းစနယ်မြေ၊ နုန်းစေးမြေ၊ သဲသမမြေနှင့် သဲနုန်းသမမြေများကို နှစ်သက်သည်။ အချဉ်ဓာတ်များ သောမြေ (ရေဝပ်မြေ) တွင်စိုက်ပျိုးပါက ပင်းညှိုးရောဂါကို ဖြစ်စေသည်။ pH (၅ . ၅) အောက်နိမ့်သောမြေများ တွင် အပင်ပေါက်သော်လည်း အသီးတင်မှုနည်းသည်။ အသီးမသီးပေ။ ကုလားပဲစိုကသောမြေတွင် ထုံး ကျောက် (ဝ . ၂၅%) နှင့် ကျောက်မှုန့် (ဝ - ဝ . ဝ၃%) ပါဝင်ပါက ကုလားပဲအထွက်ပိုစေသည်။ ဖော့စ်ဖိတ်မြေ သြဇာကျွေးပါက တုံ့ပြန်မှုကောင်းကြောင်းတွေ့ရမည်။ မြေသြဇာထက်သန်သည့်မြေများတွင် ကုလားပဲစိုက်ပါက အပင်မှာကြီးထွားမှုလွန်ကဲပြီး မှိုရောဂါနှင့် ပိုးမွှားကျရောက်ပျက်စီးမှု လွယ်ကူစေသည်။

ရွှေသီးနှံကိုတိုက်ရိုက်အခမဲ့ ဒေါင်းလုခ်ရယူရန်လင့်ခ်;
👉 https://goo.gl/dAQiB2

ရာသီဥတု
=======
အပင်ကြီးထွားရန်နှင့် အထွက်ကောင်းရန် အေး၍အစိုဓာတ်ရှိပြီး ခြောက်သွေ့သောရာသီဥတုရရှိရန် လိုအပ်သည်။ အနိမ့်ဆုံး (- ၉) ဒီဂရီစင်တီဂရိတ်နှင့် အမြင့်ဆုံး (၄ဝ) ဒီဂရီစင်တီဂရိတ်အထိ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး ၄၅ ရက်တွင် နှင်းဓာတ်ရရှိပြီး နေ့အပူချိန် (၂၉ - ၃ဝ) ဒီဂရီစင်တီဂရိတ်နှင့် ညအပူချိန် (၁၈ - ၂ဝ) ဒီဂရီစင်တီဂရိတ်ရှိသော ဒေသများတွင် အများဆုံးဖြစ်ထွန်းသည်။ ရေငတ်ဒဏ်ခံနိုင်ရည်ရှိသော်လည်း မိုးများ၍ အစိုဓာတ်လွန်ကဲပါက ကုလားပဲစေ့တည်ဆောက်မှု နည်းပါးစေပါသည်။

မျိုးများ
ကရာချိမျိုးသည် ပြည်နယ်အသီးသီးရှိ ကျေးရွာများတွင် စိုက်ပျိုးနေကြသောမျိုးဖြစ်သည်။ ccv-၈၈၂ဝ၂ သည် အသက်ရက် (၇၅ - ၈ဝ) ဖြစ်၍ စိုက်ပြီးရက် ၃ဝ အကြာတွင် ပန်း ၅ဝ% ပွင့်နိုင်သည်။ အတောင့်အရောင် ကောက်ရိုးရောင်ဖြစ်သည်။ တစ်ဧက (၁၃ - ၁၈) တင်းထွက်ရှိပြီး ညှိုးသေရောဂါနှင့် သိုလှောင်ပိုးဒဏ်ခံနိုင်ရည် ရှိသည်။ ccv ၉၂၉၄၄ မျိုးသည် သက်လျင်မျိုးဖြစ်ပြီး အသက်ရက် ၈၇ ရက်ရှိသည်။ အစေ့ရောင်မှာ အညိုရောင် ရှိပြီး တစ်ဧက ၁၅ - ၂၂ တင်းအထိ ထွက်ရှိသည်။ ညှိုးသေရောဂါနှင့် သိုလှောင်ပိုးဒဏ်ခံနိုင်ရည်ရှိသည့်။ မုံရွာ ရွှေကြေးမုံသုတေသနခြံမှ ထုတ်လုပ်သော ရွှေကြေးမုံမျိုးမှာ အဝါရောင်အတောင့်ရှိပြီး အစေ့မှာ အညိုရင့်ရောင် ရှိသည်။ တစ်ဧကအထွက်နှုန်း ၁၅ တင်းအထိ ထွက်ရှိသည်။

မြေပြုပြင်ခြင်း
=========
ကုလားပဲစိုက်ပျိုးရာတွင် အခြားသီးနှံများ စိုက်ပျိုးသကဲ့သို့ ထယ်ရေး၊ ထွန်ရေးညက်ရန်မလိုပေ။ စက် ထယ်နှင့် စက်ထွန် ၁ စပ်ထိုးပြီး ကြဲပက်၍လည်းကောင်း၊ ထယ်ကြောင်းထဲသို့ မျိုးစေ့ချ၊ ကြမ်းတုံးရိုက်ပေးခြင်း ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်သည်။
စိုက်ပျိုးချိန် - ccv - ၂ (ရေဆင်း - ၃)၊ ccv - ၈၈ဝ၂ဝ၂ (ရေဆင်း - ၄)၊ ရွှေကြေးမုံနှင့် ကရာချိမျိုးကို အောက်တိုဘာလဒုတိယအပတ်မှ နိုဝင်ဘာလဒုတိယအပတ်အတွင်း စိုက်ပျိုးကြသည်။ ccv - ၂ နှင့် ccv - ၈၈၂ဝ၂ ကို နိုဝင်ဘာလ ၁၅ ရက်တွင် စိုက်ပျိုးကြပြီး ရွှေကြေးမုံမျိုးကို အောက်တိုဘာလ ၁၅ ရက်တွင် စိုက်ပျိုး ကြသည်။ ကရာချိမျိုးစိုက်ပျိုးရန်မှာ အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်အတွင်းဖြစ်သည်။

စိုက်ပျိုးခြင်း
========
ကုလားပဲကို စပါးနှင့်သော်လည်းကောင်း၊ ဂျုံနှင့်အလှည့်ကျသော်လည်းကောင်း၊ ဂျုံနှင့်ရော၍သော် လည်းကောင်း စိုက်ပျိုးနိုင်သည်။ စပါးနှင့်စိုက်ပျိုးရာတွင် စပါးမရိတ်မီ ၁ဝ ရက်ခန့်ရေစပ်စပ်ရှိချိန်တွင် ကြဲပက် စိုက်ပျိုးပြီး စပါးရိတ်ချိန် ကုလားပဲအပင်များမှာ (၂ - ၃) လက်မနေမည်။ စပါးရိတ်ရာတွင် ရိုးဖြတ်တိုအောင်ရိတ် ရမည်။ ဂျုံနှင့်ရော၍စိုက်ပျိုးပါက ဂျုံတစ်တန်း ကုလားပဲတစ်တန်း အစဉ်လိုက်တန်း၍ဖြစ်စေ၊ ဂျုံတစ်ကွက်၊ ကုလားပဲတစ်ကွက် ပူးကပ်၍ဖြစ်စေစိုက်ရမည်။ ကုလားပဲတစ်မျိုးတည်းစိုက်ပျိုးပါက မြေကိုထယ်ဖြင့်နက်နက် ထိုးပြီး တစ်ဧက (၈ - ၁၂) ပြည့်ခန့် မျိုးစေ့များကို ကြဲပက်စိုက်ပျိုးရသည်။ သို့သော် အတန်းလိုက်စိုက်ပျိုးခြင်း သည် ပဲထွက်နှုန်းကောင်းစေသည်။ မြေအမျိုးအစားကိုလိုက်၍ အတန်းများကို (၈ - ၁၂) လက်မအထိခွာ၍ စိုက် ရမည်။ မြေသြဇာထက်သန်ကောင်းမွန်လျှင် ကောင်းမွန်သည်နှင့်အမျှ အတန်းများကို ပို၍ခွာသင့်သည်။ အတန်း များတွင် မျိုးစေ့ချရာတွင် မျိုးစေ့များကို ၁ဝ လက်မ (သို့မဟုတ်) ၁ ပေစီခွာ၍ချရမည်။ အပင်များပေါက်လာ သောအခါ အတန်းများစပ်ကြားတွင် ထွန်တိုတိုအသုံးပြု၍ ထွန်လိုက်ပေးရမည်။ ထိုသို့ လိုက်ပေးခြင်းဖြင့် မြေကို ဆွပေးသဖြင့် လေဝင်နိုင်ပြီး ရေခိုးရေငွေ့ကိုလည်း ကောင်းစွာထိန်းထားနိုင်သည်။

ပဲပင်များကြီးထွားစေရန် မျိုးစေ့များကို မစိုက်မီတစ်ညမျှ ရေစိမ်ထားပါက ပို၍ကောင်းသည်။ ဤကဲ့သို့ ပြုလုပ်ခြင်းဖြင့် လျင်မြန်စွာအပင်ပေါက်ပြီး မြေတွင်အစိုဓာတ်ရှိစဉ် ကောင်းစွာကြီးလာနိုင်သည်။

ရိတ်သိမ်းခြွေလှေ့ခြင်း
===============
ကုလားပဲသည် မျိုးအလိုက်အသက်ရက် (၉ဝ - ၁၂ဝ) ရက်အတွင်း ရင့်မှည့်ကြသည်။ ရင့်မှည်ချိန်တွင် အရွက်များ အဝါရောင်ပြောင်း၍ စတင်ကြွေကျလာသည်။ အသီးအတောင့်မှာ အစိမ်းရောင်မှ အညိုဖျော့ရောင် ပြောင်းသွားသည်။ မြေမှာမွ၍ သဲနုန်းဆန်ပါက လက်ဖြင့်နုတ်၍ ရွှံ့စေးမြေတွင် နုတ်ရခက်ပါက တံစဉ်ဖြင့်ရိတ်၍ နေလှန်းပြီးလှေ့ခြွေနိုင်သည်။ အသီးတောင့်များ ရိတ်သိမ်းချိန်နောက်ကျပါက ကွဲအက်၍အထွက်နည်းစေသည်။

ရောဂါများ
=======
ကုလားပဲစိုက်ပျိုးရာတွင် အဓိကဖြစ်တတ်သောရောဂါများမှာ ပင်ညှိုးရောဂါ၊ မြစ်ခြောက်ဆွေးရောဂါ၊ ပင်ခြေပုပ်ရောဂါ၊ ပင်ပုရောဂါတို့ ဖြစ်သည်။

ပင်ညှိုးရောဂါ
=========
ရောဂါခံနိုင်ရည်နည်းသောမျိုးများတွင် စိုက်ပြီး ၂၅ ရက်ခန့်အကြာတွင် ရောဂါစတွေ့နိုင်သည်။ အပင် ငယ်စဉ် ရောဂါဖြစ်နေသော အပင်တို့၏အရွက်များမှာ အောက်သို့ငိုက်ကျ၍နေခြင်း၊ အစိမ်းရောင်ဖျော့ခြင်း၊ မြေ ကြီးပေါ်သို့လဲကျနေခြင်း၊ လဲကျနေသော အပင်၏ပင်စည်မှာ သိမ်ပြီးရှုံ့နေခြင်း၊ အမြစ်ပိုင်း၏ ပြင်ပလက္ခဏာမှာ ထူးခြားစွာပြောင်းလဲခြင်းမရှိဘဲ အမြစ်၏အတွင်းပိုင်းကို ခွဲကြည့်ပါက အညိုရောင်ပြောင်းနေခြင်း စသည့် လက္ခဏာများတွေ့ရသည်။ (အပင်ငယ်စဉ်တွင် အခြားမြစ်ပုပ်၊ မြစ်ဆွေးရောဂါများနှင့်ရောနိုင်၍ သေသေချာချာ စစ်ဆေးသင့်သည်။

အပင်ကြီးအဆင့်တွင် အသီးသီးချိန်အထိ အပင်ညှိုးခြင်းကို တွေ့ရတတ်သည်။ အညွှန့်ရွက်များငိုက်ကျ လာပြီး (၂ - ၃) ရက်အတွင်း တစ်ပင်လုံးညှိုးလာခြင်း၊ အပင်များသည် တဖြည်းဖြည်းအစိမ်းရောင်ဖျော့လာပြီး ကောက်ရိုးရောင်သို့ ပြောင်းသွားခြင်း၊ ပင်စည်ကိုခွဲကြည့်ပါက အူတိုင်မှာအနက်ရောင်သို့ ပြောင်းနေခြင်းစသည့် လက္ခဏာများ တွေ့ရသည်။ အမြစ်၏ပြင်ပမှာ အပင်ကောင်းကဲ့သို့ရှိနေပြီး တစ်ခါတစ်ရံ တစ်ပင်လုံးညှိုးနွမ်းခြင်း မရှိဘဲ ပင်ကိုင်းတစ်ခု (သို့မဟုတ်) အချို့သာညှိုးသည်ကို တွေ့ရသည်။

ရောဂါသည် အေးသောရာသီဥတုကိုနှစ်သက်ပြီး ရောဂါဖြစ်စေသောမှိုသည် မြေစေးမြေများတွင် ကြာ ရှည်စွာနေထိုင်နိုင်သည်။ ရောဂါရအပင်အကြွင်းအကျန်များ၊ မျိုးစေ့များတွင်လည်း ခိုအောင်းနေနိုင်သည်။ ရောဂါ ဖြစ်နေသော အပင်အစိတ်အပိုင်းများနှင့် မျိုးစေ့များသည် အခြားရောဂါကင်းသောမြေပေါ်တွင် ကျရောက်သွားပါ က နှစ်ပေါင်းများစွာ ခိုအောင်းနေနိုင်သည်။

ကာကွယ်နှိမ်နင်းနည်းများမှာ -
- အမျိုးအစားကောင်းသော ရောဂါကင်းမျိုးစေ့ကိုသာ သုံးပါ။
- ခံနိုင်ရည်ရှိသောမျိုးကို စိုက်ပျိုးပါ။
- သီးလှည့်စနစ်ဖြင့် အနည်းဆုံး ၆ နှစ်ခြား၍ စိုက်ပါ။
- မျိုးစေ့ဆောင်ရောဂါအတွက် ဘင်လိတ်တီဆေး (ဝ . ၅) ကျပ်သားလျှင် မျိုးစေ့ ၅ ပြည်နှုန်း လူးနယ် စိုက်ပျိုးနိုင်သည်။

မြစ်ခြောက်ဆွေးရောဂါ
================
ရောဂါဖြစ်သောအပင်သည် ထိပ်ဖျားညှိုးကျသည်မှအပ အခြားအရွက်များ ညှိုးကျမှုမရှိခြင်း၊ အရွက်များ နှင့်ပင်စည်များ တဖြည်းဖြည်း ကောက်ရိုးရောင်ပြောင်းသွားခြင်း၊ တစ်ခါတစ်ရံ အရွက်အောက်ပိုင်းသည် အညို ရောင်ရှိခြင်း၊ အပင်ကိုနုတ်ကြည့်ပါက မြစ်မွှားများပြတ်ကျန်ခဲ့ပြီး ရေသောက်မြစ်တစ်ခုတည်းသာ တွေ့ရတတ် ခြင်း၊ အမြစ်မှာခြောက်နေပြီး အမြစ်ပေါ်တွင် မီးခိုးရောင်မှိုမျှင်ကို တွေ့ရခြင်း၊ သေနေသောအမြစ်၏အဖျားကို ချိုးကြည့်ပါက ကြွပ်ဆက်နေသည်ကို တွေ့ရခြင်းစသည့် လက္ခဏာများတွေ့ရသည်။
မြစ်ခြောက်ဆွေးရောဂါသည် အပူချိန် (၂ဝ - ၃ဝ) ဒီဂရီစင်တီဂရိတ်ကျောက်အတွင်း အဖြစ်များပြီး ရောဂါရုတ်တရက် ဆိုးဝါးလာနိုင်သည်။

ကာကွယ်နှိမ်နင်းရန်မှာ -
- ရောဂါခံနိုင်သောမျိုးကို သုံးရမည်။
- ပူသောရာသီလွတ်ရန် စိုက်ချိန်စော၍ စိုက်ပါ။

ပင်ခြေပုပ်ရောဂါ
============
အပင်ငယ်စဉ် (စိုက်ပြီး ၆ ပတ်အထိ) အစိုဓာတ်များသောမြေတွင် တွေ့ရှိရသည်။ ရောဂါဖြစ်သော အပင်မှာအဝါရောင်ရှိပြီး အပင်ငယ်ပါက မြေပေါ်သို့လဲကျပြီး အပင်ကြီးပါက အပင်ထောင်လျက်ခြောက်နေ သည်ကို တွေ့ရသည်။ အပင်ငယ်တွင် ပင်ခြေမှစ၍ အမြစ်အောက်ဘက်သို့ ဆက်၍ပုပ်သွားပြီး ပုပ်သောအပိုင်း တွင် အဖြူရောင်မှိုမျှင်များဖြင့် ဖုံးအုပ်နေသည်ကို တွေ့ရတတ်သည်။ ထိုအဖြူရောင်မှိုမျှင်များသည် အပင် ခြောက်ပြီးနောက်ပိုင်းအထိ ရှိနေသည်။

မြေတွင်းအစိုဓာတ်များခြင်း၊ မဆွေးမြေ့သေးသော အပင်အကြွင်းအကျန်များရှိနေခြင်း၊ မြေချဉ်ငံ (pH) နိမ့်ခြင်း၊ အပူချိန် (၂၈ - ၃ဝ) ဒီဂရီစင်တီဂရိတ်ရှိခြင်းတို့သည် ရောဂါဖြစ်ပွားရန် အကောင်းဆုံးဖြစ်သည်။ အပူ ချိန်မြင့်မားသောဒေသများတွင် ရေသွင်းစိုက်ပျိုးပါက အပင်အရွယ်မရွေး ဖြစ်ပေါ်နိုင်သည်။ စပါးအပြီး ကုလားပဲ
သီးထပ်စိုက်ခင်းများတွင် ရောဂါပိုမိုတွေ့ရှိနိုင်သည်။
ကာကွယ်နှိမ်နင်းရန်မှာ -
- ရောဂါရ ပင်ကြွင်းပင်ကျန်များကို ဖျက်ဆီးပစ်ရမည်။
- မြေအစိုဓာတ်မများစေရန် ထိန်းသိမ်းရမည်။

ပင်ပုရောဂါ
========
ပင်စည်သည် ဆစ်ကြားတို၍ပုပြီး အရွက်များသေးငယ်ခြင်း၊ အရွက်မှာအစေ့ညိုမျိုးတွင် အညိုရောင်ရှိ ပြီး အစေ့ဖြူမျိုးများတွင် အဝါရောင်ရှိခြင်း၊ ပင်စည်မှာ မာတောင့်၍ အရွက်များထူခြင်း၊ ပင်စည်ကိုကန့်လန့်ဖြတ် ကြည့်ပါက အစာကြောစည်းညိုနေသည့် အဝိုင်းရစ်ကိုတွေ့ရခြင်း၊ အပင်ခြောက်မြန်ခြင်းစသည့် လက္ခဏာများ တွေ့ရသော်လည်း နောက်ကျ၍ရောဂါရသောအပင်မှာ သိသိသာသာအပင်ပုခြင်း မရှိပေ။ သို့သော် အစာကြော စည်းညိုသည်ကို ထင်ရှားစွာတွေ့နိုင်သည်။ ရောဂါသယ်ဆောင်လာသည့်ပိုးမှာ ပျပိုးဖြစ်သည်။
ကာကွယ်နှိမ်နင်းရန်မှာ -
- ရောဂါသယ်ဆောင်ပိုးအား အပင်ငယ်စဉ်အတွင်း နှိမ်နင်းရမည်။
- ရောဂါခံနိုင်ရည်ရှိသောမျိုးကို စိုက်ပါ။
Credit ; Mega Grow International

မတ်ပဲနဲ့ ပဲတီစိမ်းကြောင့် စိတ်ညစ်နေတဲ့တောင်သူဦးကြီးများ အဆင်ပြေစေရန် ကုလားပဲစိုက်ပျိုးထိန်းသိမ်းနည်းကို အပြည့်အစုံဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

ရွှေသီးနှံ စိုက်ပျိုးရေးအကျိုးပြုအခမဲ့အက်ပလီကေးရှင်းမှာ ဒီလိုမျိုးပြည့်စုံတဲ့ စိုက်ပျိုးရေးဗဟုသုတများ အမြဲဖော်ပြပေးနေတဲ့အတွက် အခုပဲဒေါင်းလုခ်ဆွဲ အသုံးပြုလိုက်ပါခင်ဗျာ။

တိုက်ရိုက်အခမဲ့ ဒေါင်းလုခ်ရယူရန်လင့်ခ်;
👉 https://goo.gl/dAQiB2

အဆင်မပြေပါက ထပ်မံဒေါင်းလုခ်ရယူရန်လင့်ခ်;
👉 https://goo.gl/uTDTPT
=================================================
Credit: ရွှေသီးနှံ Page

No comments: