Monday, September 11, 2017

"ဥပေက္ခာ အတု+အစစ်"


••••••••••••••••••••••••••
လူအားလုံးနှင့် ရင်းနှီးနေသော စကားလုံးတစ်လုံးရှိသည်၊ ထိုသည်ကား ဥပေက္ခာပြုသည် ဆိုခြင်းပင်၊ မိမိနှင့် အတူလုပ်ဖော်ကိုင်ဖက်များ၊ သူငယ်ချင်းများ၊ မိတ်ဆွေများ၊ မိဘများ၊ ဆရာသမားများသည် ရည်ရွယ်ချက်၊ ဆန္ဒ၊ ခံယူချက်အမျိုးမျိုးတို့ကြောင့်မိမိတို့နှင့် ဘက်မတူ တော့လျင်၊ ဆန့်ကျင်ဘက်လုပ်နေပြီဆိုလျင် “ မည်သူ့ကိုတော့ဖြင့် ပြောမနေပါ နဲ့တော့ ၊ ဥပေက္ခာ ပြုထား လိုက်ပါ…ဟူ၍၄င်း၊ ဒီကလေးသိပ်ဆိုးတယ်၊ လွှတ်ပေးထားလိုက်စမ်း၊ သူ့ထိုက်နဲ့ သူ့ကံပဲ၊ ဥပေက္ခာ သာ ပြုလိုက်တော့ ” စသည်ဖြင့် ဥပေက္ခာစကားဆိုတတ်ကြသည်။

လူတို့ပါးစပ်ဖျားတွင်တွင်တွင်ကျယ်ကျယ်သုံးနှုံးနေသောထိုဥပေက္ခာသည်အမျိုးအစားအားဖြင့်(၁၀)မျိုးအထိရှိ ကြောင်း ကျမ်းဂန်များတွင် ပြဆိုထားသည်၊ ထိုဥပေက္ခာဟူသော စကားလုံးကို သာမာန်လူများသာ သုံးသည်မဟုတ်၊ အတုလ မြတ်ဘုရား သည်လည်း အင်္ဂုတ္တရနိကာယ်၊ ကေသိသုတ္တန်၌ တပည့်သာဝကတို့အား ဆုံးမတော်မူစဉ် အစပထမ အနုနည်းဖြင့် ချော့မော့ ဆုံးမကြောင်း၊ အဆင်မပြေလျင် အကြမ်းနည်းဖြင့် ဆုံးမကြောင်း၊ နှစ်နည်းလုံးဖြင့် အဆင်မပြေပါက လျစ်လျူရှုကာ ဥပေက္ခာပြုလိုက် တော့ကြောင်း ဟောကြားတော်မူသည်။

♦ မြတ်ဘုရား၏ ဥပေက္ခာနှင့် ပက်သက်၍ သတိရစရာ အဖြစ်အပျက်တစ်ခုကားတောထွက်စဉ်အခါ ကတည်းက အတူပါလာခဲ့သော "ဆန္နအမတ်" အဖြစ်မှ သာသနာ့ဘောင်ဝင်ခဲ့သော ဆန္နရဟန်း အကြောင်းပင်၊ ထိုဆန္နရဟန်းသည် သိဒ္ဓတ္ထမင်းသားဘ၀မှ ဗုဒ္ဓအဖြစ် မရောက်ခင် ဖွားဖက်တော် ဖြစ်သည်ကတစ်ကြောင်း၊ ငယ်ကျွမ်းလူယုံဖြစ်သည် ကတစ်ကြောင်း၊ မွေးဖွားပြီး
ငယ်ရွယ်စဉ်မှစ၍ သံယောဇဉ်အရင်းခံရှိသည်ကတစ်ကြောင်းစသောအကြောင်းများ ကြောင့် သာသနာ့ဘောင် ၀င်လာသောအခါ မာနထောင်လွှား ကာ ရဟန္တာဖြစ်အောင် မကျင့်ပဲ အချိန်ကုန်နေလေ့ရှိ၏၊ ဘုရားရှင်က တိုက်တွန်းသော်လည်း မည်သို့မျှ နားမ၀င်၊ သံဃာ့ပရိသတ်၊
လူပရိသတ်များ ကြားတွင် ဘုရားရှင်၏ လူယုံလူရင်း၊ ဖွားဖက်တော် ဟူသော စိတ်ဖြင့် ဆောင့်ကြွားကြွားနေ သည်ကို အခြားသော သံဃာများလည်း မထိန်းနိုင်တော့ပေ။

ထိုအကြောင်းကို သိတော်မူသော မြတ်ဘုရားသည် ဆန္နရဟန်း၏ မာန်မာနကိုရိုကျိုးသွားစေရန် ရည်ရွယ်ချက်ဖြင့် “ ဆန္နရဟန်း ဘာလုပ်လုပ်၊ ဘာတွေပဲ ပြောပြော၊ သံဃာများနှင့်လုံးဝမသက် ဆိုင်၊ မည်သူမျှလဲ ဆန္နကို ပြောစရာ ဆုံးမစရာ မလို ” ဟူသော အဓိပ္ပါယ်ဖြင့် ဗြဟ္မဒဏ္ဍ- ဗြဟ္မဒဏ်အပြစ်ပေးတော်မူသည်၊

နောက်ပိုင်းတွင် ဆန္နရဟန်းသည် သံဃာထုက ရှောင်ကြဉ်လာသောအခါ တစ်ပါးတည်း အထီးကျန်ဆန်လာသည်၊ မိမိဘ၀မှန်ကို သဘောပေါက်ပြီး မာနတရားများ ခ၀ါချကာ ၀ိပဿနာ တရားကို ကြိုးကြိုးစားစား အားထုတ်သည်တွင် ရဟန္တာဖြစ် သွားတော့သည်၊ ဤကား မြတ်ဘုရား ၏ ပရိယာယ်ပါသော ဥပေက္ခာလမ်းစဉ်၏ ထိရောက်မှုဟု ဆိုရပါမည်။ ဥပေက္ခာ ဟူသော ဗြဟ္မဒဏ်ကြောင့် တပည့်သာဝကတပါး အရိယာဖြစ်သွားသည်မှာ အနုတ္တရော ပုရိသဒမ္မသာရထိ- မယဉ်ကျေး၊ မလိမ္မာသူ လူနတ်ဗြဟ္မာသတ္တ၀ါတို့အား ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူ နိုင်ခြင်းဂုဏ်တော်ဟုလည်း ဆိုနိုင်သည်။

♦ ဥပေက္ခာအပြား (၁၀) ပါး ♦
---------------------------------------
၁။ ဆဠဂုင်္ပေက္ခာ - ( ဆဠင်္ဂ- ဥပေက္ခာ ) စက္ခုနာ ရူပံ ဒိသွာ နေ၀ သုမနော ဟောတိ၊ န ဒုမ္မနော၊ ဥပေက္ခကော စ ၀ိဟရတိ -စသည်ဖြင့် အဆင်းရူပါရုံအား မျက်စိဖြင့် မြင်ခိုက် တွင် တပ်မက်သာယာစရာဣဋ္ဌာရုံဖြစ်သော ကြောင့်လည်း မသာယာ၊ အနိဋ္ဌာရုံဖြစ်သောကြောင့်လည်း ဒေါသမဖြစ်၊ ဒိဋ္ဌေ ဒိဋ္ဌမတ္တံ-ဟူသောဒေသနာတော် အတိုင်း “ မြင်ကာမတ္တ၊ မြင်ရုံမျှသာ” ဟူသော မှတ်စိတ်ဖြင့် ဥပေက္ခာပြုထားနိုင်ခြင်းဖြစ်သည်။

ထိုနည်းဖြင့် မိမိ၏ မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ်ဟူသောဒွါရခြောက်ပါးတွင် ရူပါရုံစသော အာရုံခြောက်ပါးတို့ မည်သို့ပင်တိုက်ခိုက် ကြုံလာစေကာမူ မြင်ကာမတ္တ၊ ကြားကာမတ္တ၊ နမ်းရှုကာမတ္တအားဖြင့် စင်ကြယ်သော ပကတိ သဘောကို မစွန့်လွှတ်ပဲ နှလုံးသွင်းနိုင်ခြင်းမျိုး ဖြစ်သည်၊ အထူးအားဖြင့် လူသာမာန်တို့အတွက် ခဲယဉ်းနေပါလိမ့်မည်၊ အဘယ့်ကြောင့်ဆိုသော် ထိုကဲ့သို့ ကြုံလာသမျှ အာရုံခြောက်ပါးတို့ကြောင့် တုန်လှုပ်ခြင်း ကြံ့ကြံ့မခံနိုင်ခြင်းသည် အယုတ်ဆုံး သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်များအထိ ရှိနိုင်သေး၏၊ အရိယာစစ် ရဟန္တာဖြစ်မှသာ အာရုံခြောက် ပါးကို ကြံ့ကြံ့ခံနိုင်၏၊ မည်သို့မျှ မတုန်လှုပ်တော့ဟု ဆိုသည်။

၂။ ဗြဟ္မ၀ိဟာရုပေက္ခာ ( ဗြဟ္မ၀ိဟာရ-ဥပေက္ခာ) ဥပေက္ခာသဟဂတေန စေတသာ ဧကံ ဒိသံ ဖရိတွာ ၀ိဟရတိ- စသည်ဖြင့် ဗြဟ္မစိုရ်လေးပါးကို ပွားများခြင်းကြောင့် ဈာန်စိတ်များဖြစ်ပေါ်လာ သောအခါ ထိုဈာန်စိတ်ကြောင့် ရသော ချမ်းသာဖြင့် မေတ္တာစိတ်လဲ မဖြစ်တော့၊ ကရုဏာ၊ မုဒိတာစိတ်များလဲ မဖြစ်တော့၊ အလယ်အလတ်နှလုံးသွင်းမှု ဥပေက္ခာစိတ်ဖြင့် ချမ်းသာစွာနေထိုင် ခြင်းသည်ပင် ဗြဟ္မ၀ိဟာရုပေက္ခာ မည်၏။

၃။ ဗောဇ္ဈဂုင်္ပေက္ခာ ( ဗောဇ္ဈင်္ဂ-ဥပေက္ခာ ) ဥပေက္ခာသမ္ဗောဇ္ဈင်္ဂံ ဘာဝေတိ ၀ိဝေကနိဿိတံ- စသည်ဖြင့် ၀ိပဿနာ ရှုပွားစဉ် ရုပ်နာမ်တို့၏ ဖြစ်ခြင်းပျက်ခြင်းများ မြင်လာကာ ငြီးငွေ့ခြင်း၊ စိတ်ကုန်ခြင်း၊ ဥပေက္ခာပြုထားလိုခြင်းစသော စိတ်များဖြစ်ပေါ် လာတတ်၏၊ ထိုစိတ်သာမက အတူဖြစ်ဖက် သဟဇာတ နာမ်တရားများကိုလည်း ဥပေက္ခာပြု လိုခြင်းသဘောကိုပင် ဗောဇ္ဈင် တရားများလည်း ဖြစ်ပွားနေသည်၊ ဥပေက္ခာတရားလည်း ဖြစ်ပွားနေသည်ဟု ဆိုရ သည်။

၎။ ၀ီရိယုပေက္ခာ ( ၀ီရိယ-ဥပေက္ခာ ) ကာလေန ကာလံ ဥပေက္ခာနိမိတ္တံ မနသိ ကရောတီတိ ဧ၀မာဂတာ အနစ္စာ ရဒ္ဓနာတိသိထိလ၀ီရိယသင်္ခါတာ ဥပေက္ခာ- စသည်ဖြင့် အခါအားလျော်စွာ ဥပေက္ခာနိမိတ်ဖြင့် တရားနှလုံးသွင်း နေထိုင်ခြင်း ဟူသော ၀ီရိယကို မတင်းလွန်း၊ မလျော့လွန်း၊ အလယ်အလတ်ထားကာ အားထုတ်ခြင်းသည်ပင် ၀ီရိယု ပေက္ခာဖြစ်ပါသည်။

၅။ သင်္ခါရုပေက္ခာ ( သင်္ခါရ-ဥပေက္ခာ ) နီဝရဏာဒိပဋိသင်္ခါသန္တိဋ္ဌနာဂဟဏေ မဇ္ဈတ္တဘူတာ ဥပေက္ခာ- စသည်ဖြင့် နီဝရဏစသော ကိလေသာတရား သင်္ခါရတို့အား တဖန်ပြန်လည်သုံးသပ် ဆင်ခြင်သည်တွင် တပ်မက်သာယာခြင်း၊ နှလုံးမသာယာခြင်း၊ အလိုမကျခြင်းတို့ မဖြစ်ပဲ အလိုအလျောက် သူ့သဘောအတိုင်း ဖြစ်ပျက်နေကြသည် ဟု ရုပ်နာမ်သင်္ခါရတရားတို့ကို သူ့အလိုလို နားလည်လက်ခံကာ သုံးသပ်နိုင်ခြင်းကို သင်္ခါရုပေက္ခာဟု ဆိုရသည်။

၆။ ဝေဒနုပေက္ခာ ( ဝေဒနာ-ဥပေက္ခာ) ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ ဥပေက္ခာ သဟဂတန္တိ ဧ၀မာဂတာ အဒုက္ခမသုခသညိတာ ဥပေက္ခာ- စသည်ဖြင့် ကုသိုလ် ကောင်းမှုပြုနေစဉ်တွင် အချို့သူတို့ သည် သောမနဿစိတ်ဖြင့် လှူဒါန်းကြပြီး၊ အချို့ကား ဥပေက္ခာစိတ်ဖြင့် လှူဒါန်းခြင်းမျိုးကို ဆိုလိုပေသည်၊ ထိုကဲ့သို့ ဒုက္ခဝေဒနာဟုလည်းမဆိုသာ၊ သုခဟုလည်းမပြောနိုင်သော ဝေဒနာနှစ်မျိုးမှ လွတ်သော ဥပေက္ခာစိတ်ကိုပင် ဝေဒနု ပေက္ခာ ဟု ဆိုရသည်။

၇။ ၀ိပဿနုပေက္ခာ ( ၀ိပဿနာ-ဥပေက္ခာ) ယဒတ္ထိ၊ ယံ ဘူတံ၊ တံ ပဇဟတိ၊ ဥပေက္ခံ ပဋိလဘတီ တိ ဧ၀မာဂတာ ၀ိစိနနေ မဇ္ဈတ္တဘူတာ ဥပေက္ခာ- စသည်ဖြင့် ထင်ရှားရှိနေသော ရုပ်တရား နာမ်တရားတို့အား ရှုကြည့်ခြင်းဖြင့် ဖြစ်ပျက်မြင်သည်ဖြစ်၍ ပယ်စွန့်လိုသော ဥပေက္ခာစိတ်ကို ၀ိပဿနာစိတ်ကြောင့်ဖြစ်သော ဥပေက္ခာဟု ခေါ်ဆို ရသည်။

၈။ တတြမဇ္ဈတ္တုပေက္ခာ ( တတြမဇ္ဈတ္တ-ဥပေက္ခာ ) ယာ ပန ဆန္ဒာဒီသု ယေ၀ါပနကေသု အာဂတာ သဟဇာတာနံ သမ၀ါဟိတဘူတာ ဥပေက္ခာ- စသည်ဖြင့် ဆန္ဒစေတသိက်စသော အတူဖြစ်ဖက် နာမ်တရားတို့အပေါ်၌ လွှမ်းမိုးကာ ဖြစ်သော ဥပေက္ခာစိတ်မျိုးဖြစ်သည်။

၉။ ဈာနုပေက္ခာ ( ဈာန-ဥပေက္ခာ) ဥပေက္ခကော စ ၀ိဟရတီတိ- စသော စတုတ္ထဈာန် အဖွင့်၌လာရှိသည့်အတိုင်း ပထမဈာန်၊ ဒုတိယဈာန်၊ တတိယဈာန်အားဖြင့် အစဉ်အတိုင်းအား ကောင်းသော သမာဓိအစွမ်းဖြင့် စတုတ္ထဈာန် အထိ ၀င်စားနိုင်ပါက ဥပေက္ခာ၏ အရသာကိုလည်း အလိုအလျောက်ခံစားနိုင်လာတော့၏၊ ထိုဥပေက္ခာကိုပင် ဈာန်ဝင်စားခြင်းကြောင့်ရသော ဈာနုပေက္ခာဟု ခေါ်ဆိုရသည်။ ဤစကားနှင့်စပ်လျင်း၍ ကျေးဇူးရှင်မဟာစည် ဆရာတော်ကြီး ကလည်း စတုတ္ထဈာန်နှင့် သင်္ခါရုပေက္ခာဥာဏ်သည် အဆင့်တူဖြစ်ကြောင်း၊ စတုတ္ထဈာန်ကို ၀င်စား နိုင်လျင် သင်္ခါရုပေက္ခာဥာဏ်လည်း ရရှိထားပြီ ဟု မှတ်သားနိုင်ကြောင်း မိန့်ကြားခဲ့ဖူးသည်။

၁၀။ ပါရိသုဒ္ဓုပေက္ခာ ( ပါရိသုဒ္ဓိ-ဥပေက္ခာ ) ဥပေက္ခာသတိပါရိသုဒ္ဓိံ စတုတ္ထံ ဈာနန္တိ ဧ၀မာဂတာ သဗ္ဗပစ္စနီကပရိသုဒ္ဓါ ပစ္စနီက၀ူပသမနေပိ အဗျာပါရဘူတာ ဥပေက္ခာ- ဤတွင်လည်း စတုတ္ထဈာန် နှင့် စပ်ဆက်သော ဥပေက္ခာစိတ်ပင် ယူရပါမည်၊ ကာယကံ ၀စီကံများအပါအ၀င် ထိုခဏတွင် ဖြစ်ပေါ်နေသော စိတ်၊ စေတသိက်တရားများ အသီးအသီး တစ်ခုစီတစ်ခုစီစင်ကြယ်သန့်ရှင်း နေခြင်း၊ တစ်စိတ်ချင်းတစ်စိတ်ချင်း ငြိမ်းချမ်းနေခြင်းဖြင့် ပူပင်သောက မရှိသော ငြိမ်းအေးသော စိတ်စင်ကြယ်ခြင်းကြောင့်ခံစားအပ်သော ဥပေက္ခာစိတ်သည် ပါရိသုဒ္ဓုပေက္ခာ မည်၏။

♦ တူရာတူရာ ဥပေက္ခာများကို ပေါင်းစုခြင်း ♦
---------------------------------------------
ဥပေက္ခာအပြား (၁၀) ပါးရှိသော်လည်း အဓိပ္ပါယ်တူရာတူရာကို ပေါင်းလိုက်ပါက (၅) ပါးသာ ကျန်တော့သည်၊ ဆဠဂုင်္ပေက္ခာ၊ ဗြဟ္မ၀ိဟာရုပေက္ခာ၊ ဗောဇ္ဈဂုင်္ပေက္ခာ၊ တတြမဇ္ဈတ္တုပေက္ခာ၊ ဈာနုပေက္ခာ၊ ပါရိသုဒ္ဓုပေက္ခာ ဟူသော (၆) မျိုးသည် ဆိုလိုရင်းအနက်အဓိပ္ပါယ်အားဖြင့် တူညီကြ သောကြောင့် တတြမဇ္ဈတ္တုပေက္ခာ ဟူသော ခေါင်းစဉ်အောက် သို့ အကျုံးဝင်သွားကြ သည်၊ အဓိပ္ပါယ်တူပါလျက် အဘယ့်ကြောင့် ဆယ်မျိုးပြားရသနည်း ဟု စောဒကတက်ဖွယ်ရှိ၏၊ သီးခြားနာမည်တစ်မျိုးစီအားဖြင့် ခွဲထုတ်ပြရန် လိုအပ်သောကြောင့်သာတည်း။

ဥပမာအားဖြင့် ပြရလျင် လူတစ်ယောက်အား အရွယ်အပိုင်းအခြားကို လိုက်၍ ကလေးငယ်၊ မင်းသား၊ လုလင်ပျို၊ စစ်သူကြီး၊ ရှင်ဘုရင်၊ မထေရ်ကြီး စသည်ဖြင့် တစ်ယောက်ထည်းဖြစ်သော် လည်း နာမည်မျိုးစုံခေါ်နိုင်သကဲ့သို့၊ နာမည်များ ပြောင်းလဲသော် လည်း လူက တစ်ယောက်သာ ဖြစ်သကဲ့သို့တည်း။

ထိုတွင် မှတ်ဖွယ်ကား မင်းသားငယ်ကို ရှင်ဘုရင်ဟု ခေါ်ဆိုခွင့်မရသကဲ့သို့ ဆဠဂုင်္ပေက္ခာ စိတ်ဖြစ်ပေါ်နေချိန်တွင် ဗြဟ္မ၀ိဟာ ရုပေက္ခာစိတ် မဖြစ်နိုင်ပေ၊ ထို့အတူ ဗြဟ္မစိုရ်စိတ် ဖြစ်နေချိန် တွင် အာရုံခြောက်ပါးအပေါ် ဥပေက္ခာထား နိုင်သောစိတ်လဲ မဖြစ်နိုင်တော့ပေ။

♦ ၀ိပဿနုပေက္ခာနှင့် သင်္ခါရုပေက္ခာ ခြားနားပုံ ♦
-------------------------------------------------------
အထက်ပါ ဥပေက္ခာများ နာမည်ကွဲပြားသကဲ့သို့ ၀ိပဿနုပေက္ခာစိတ်နှင့် သင်္ခါရုပေက္ခာတို့ ကွဲပြားစွာ သိမြင်ကြပုံ၊ မတူညီကြပုံကို ပြအုံးမည်၊ အမှန်ဆိုရလျင် နှစ်မျိုးလုံးသည် ၀ိပဿနာရှု ခြင်းကြောင့် ရရှိအပ်သော ဥပေက္ခာချင်း တူသောကြောင့် ခံစားချက်ခြင်း၊ အမြင်ခြင်း၊ နှလုံးသွင်းပုံအခြင်းအရာတို့သည်လည်း တူသင့်သည် ဟု ဆိုသင့်လှ သည်။ နှစ်မျိုးလုံးကို အရ ကောက်လျင် ပညာကို ယူရမည်ဖြစ်သော်လည်း အလုပ်လုပ်ပုံ ကိစ္စအားဖြင့် မတူညီ ကြကြောင်း အောက်တွင်ပြလတံ့သော ဥပမာများဖြင့် သိနိုင်ပါသည်။

ဥပမာအားဖြင့် နေ၀င်အပြီးမှောင်ရီပျိုးစအချိန်တွင် ယောင်္ကျားတစ်ယောက်သည် ဒုတ်ချောင်းကို ကိုင်ကာ အိမ်အတွင်းဝင်လာစဉ် ဖွဲပုံပေါ်တွင် ခွေအိပ်နေသော မြွေအား “ မြွေတစ်ကောင် ဖြစ်လေမလား၊ တခြားသတ္တ၀ါ ဖြစ်လေမလား ” ဟု ယုံမှားသံသယရှိနေစဉ် လည်ရစ်သုံးခုကို တွေ့မြင်သည်နှင့်တပြိုင်နက် မြွေတစ်ကောင်ပေပဲ ဟု ဆုံးဖြတ်ချက်ချနိုင်၏။

ထို့အတူ ၀ီရိယဖြင့် ၀ိပဿနာတရားကို ကြိုးကြိုးစားစားအားထုတ်သော ယောဂီပုဂ္ဂိုလ်အား သင်္ခါရတရားတို့၏ အနိစ္စစသော လက္ခဏာရေးသုံးပါးကို မြင်ရာ၌ ကွဲပြားစွာမဟုတ်ပဲ စူးစမ်း ဆင်ခြင်သော အခြေအနေတွင် ဖြစ်ပေါ်လာသော ၀ိပဿနာ ဥာဏ်ကြောင့်ရအပ်သော ဥပေက္ခာ စိတ်ကို ၀ိပဿနုပေက္ခာ ဟု ခေါ်ဆိုရသည်။ အလွယ် ဆိုရလျင် ရုပ်နာမ်တရား တို့၏ ဖြစ်ပျက်ကို မြင်နိင်ပြီဖြစ်သော်လည်း စူးစမ်းသော အခြေအနေတွင် ရှိသေးသည်ဟု ဆိုရပါမည်။

အထက်ပါ ယောင်္ကျားသည် မြွေကိုတွေ့မြင်ပြီး၍ ဒုတ်ချောင်းဖြင့် ကော်ယူကာ “ ဤမြွေကို မနာကျင်မထိခိုက်အောင်၊ ငါ့ကိုလည်း မကိုက်အောင် ဘယ်လိုနည်းဖြင့် လွှတ်ပေးရပါအံ့နည်း ” ဟု လွတ်စေလိုသောနည်းလမ်းကိုသာ ကြံစည် စိတ်ကူး သကဲ့သို့ ယောဂီသည်လည်း အနိစ္စစသော လက္ခဏာတို့ကို ရှင်းလင်းပြတ်သားစွာ မြင်ပြီးဖြစ်သောကြောင့် ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ လူအဖြစ်၊ နတ်အဖြစ်ဟူသော ကာမဘ၀၊ ဗြဟ္မာအဖြစ်ဟူသော ရူပဘ၀၊ အရူပဘ၀ အားဖြင့် ဘ၀သုံးပါးတို့ တွင် မည်သည့်ဘုံဋ္ဌာန၊ ဘ၀ကိုမျှ မတပ်မက်မတွယ်တာတော့ပဲ လွတ်လိုကျွတ်လိုသော စိတ်ထား များဖြင့် သုံးဆယ့်တစ်ဘုံလုံးတဟုန်း ဟုန်းတောက် လောင်နေသော လောင်စာပြင်ကဲ့သို့ ထင်မြင် လာကာ သင်္ခါရတရားတို့မှ ကျွတ်လွတ်လိုသောစိတ်သည် သင်္ခါရုပေက္ခာမည်၏။

ခြုံငုံသုံးသပ်ရလျင် ဖြစ်ပျက်မြင်ကာစ နုသေးသော စူးစမ်းဆင်ခြင်စိတ်ရှိသေးသောအခြေအနေကို ၀ိပဿနုပေက္ခာ စိတ်ဟု ခေါ်ဆိုနိုင်ပြီး ရှုမှတ်ပါများသဖြင့်လက္ခဏာရေးသုံးပါးကို အကြိမ်ကြိမ်အခါ ခါ မြင်ပြီးသော ယောဂီအတွက် ကား သင်္ခါရုပေက္ခာဟု ဆိုရမည်။ ဖြစ်ပေါ်လာသော စိတ်အခြေ အနေပေါ် မူတည်ကာ နာမည်ပညတ် ကွဲပြားခြင်း သာထူးခြား၏၊ အမှန်အားဖြင့် ၀ိပဿနုပေက္ခာ ကိုရလျင် သင်္ခါရုပေက္ခာကိုလည်း ရနိုင်သည်၊ အနုပိုင်း၊အရင့်ပိုင်း ကွဲပြားသည်သာ ထူးလိမ့်မည်။

♦ (အကျဉ်းချုပ်မှတ်ရန် ဂါထာ) ♦
-------------------------------------
မဇ္ဈတ္တ ဗြဟ္မ ဗောဇ္ဈင်္ဂ၊ ဆဠင်္ဂ ဈာနသုဒ္ဓိယော၊
ဝိပဿနာ စ သင်္ခါရ၊ ဝေဒနာ ၀ီရိယံ ဣတိ၊

♦ အထက်ပါ ဥပေက္ခာဆယ်ပါးလုံးတို့သည် ၀ိပဿနာဥာဏ်ကြောင့် ရအပ်သော လေးနက်တည်ငြိမ် ခြင်း Equanimity အဆင့်ထိ ရောက်နိုင်ခံစားနိုင်သော ဥပေက္ခာဥာဏ်စစ်စစ်များဖြစ်၏၊ လူတို့ပါးစပ်ဖျားတွင် သုံးနှုံးပြောဆိုနေကြသော ဥပေက္ခာသည်ကား အစစ်ပမာ လိုက်နာကျင့်သုံး နေကြသော နှုတ်ဖျားပေါ်က ဥပေက္ခာများသာ ဖြစ်သည်။

စစ်မှန်သောဥပေက္ခာ၏ဂုဏ်ရည်များတွင် ကြောက်မက်ဖွယ်ရာအာရုံများကြောင့် မတုန်လှုပ် မထိန့်လန့် တော့ခြင်း၊ တပ်မက်သာယာဖွယ်အတိဣဋ္ဌာရုံများကြောင့်လည်း အလွန်အကျူး မနှစ်သက်တော့ ခြင်း၊ စိတ်ရောကိုယ်ပါ ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ယောနိသော မနသိကာရဖြင့် တူညီသောစိတ်ရှိနေတတ်ခြင်း၊ တကူးတက ကြောင့်ကြစိုက်စရာမလိုပဲ ဣရိယာပုတ်လေးပါးလုံး အမှတ်သတိလွယ်ကူစွာထားနိုင်ခြင်း၊ သတိ၊ သမာဓိများ အချိန်ကြာ သည်ထက်ကြာအောင် တည်တံ့ခိုင် မြဲနေတတ်ခြင်း၊ အချိန်ကြာလာသည်နှင့်အမျှ အရှုခံနှင့် ရှုစရာအားလုံး တို့သည် သိမ်မွေ့ နုးညံ့လာတတ်ခြင်း၊ အာရုံတစ်ပါးသို့ ပျံ့လွင့်ချိန် နည်းသည် ထက်နည်းလာခြင်း စသော အကျိုးထူး များလည်း ထင်ရှားလာတတ်သည်။

♦ ပုထုဇဉ်လူသားတို့ ပါးစပ်ဖျားတွင်သုံးနှုံးနေကြသော ဥပေက္ခာ ဆိုသည်မှာ အမှန်စင်စစ် ဥပေက္ခာ မဟုတ်သေးပဲ မပြတ်သားသော သံယောဇဉ်များ၊ဥပေက္ခာပြုနေစဉ် ဘေးရန် တစ်စုံတရာ ကျရောက်လေမည်လား ဟူသောစိုးရိမ်ကြောင့်ကြမှု၊ အကယ်၍ဘေးရန်တစ်ခုခုကျရောက်ခဲ့သော် ဖြစ်ပေါ်လာတတ်သောဝမ်းနည်းမှု သောက၊ ပရိဒေ၀ စသော နောက်ဆက်တွဲ တရားများနှင့် တွယ်ငြိခြင်း ဥပါဒါန်များ ရှိနေသေးကြောင်း သတိချပ်ရပေမည်။

အချုပ်အားဖြင့် မြတ်ဘုရား၏ ဆန္နရဟန်းအပေါ်မိန့်ဆိုခဲ့သော ဥပေက္ခာသည်ပင် အရိယာဖြစ် သည်အထိ ထိရောက်သည်ဆိုလျင် မဂ်ဖိုလ်လမ်းကြောင်းတွင် ရှိနေသော ဈာနုပေက္ခာ၊ ၀ိပဿနုပေက္ခာ၊ ဗြဟ္မစိုရ်ဥပေက္ခာ စသောမြင့်မြတ်သော ဥပေက္ခာတို့ သည်ကား အထူးပြောဖွယ် လိုတော့မည်မထင်ပေ။

အမှန်စင်စစ် ငြိမ်းအေးခြင်း နိဗ္ဗာန်ချမ်းသာဆီသို့ ရောက်ရှိပို့ဆောင်ပေး နိုင်မည်မှာ အမှန်ပင် ဖြစ်ပါတော့သည် …

-【အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ)
အကိုး။ ။ ပဋိသမ္ဘိဒါမဂ္ဂ အဋ္ဌကထာ ၊ ဥာဏကထာအဖွင့်။】
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
Posted by►
www.facebook.com/youngbuddhistassociation.mm

No comments: