Saturday, January 7, 2017

Dhamma ကိုအလေးထား ကိုယ့်​ကိုယ်​ကို ပြင်


“ဓမ္မကို အလေးထားပြီးတော့ ကိုယ့်ကိုယ်ကို ပြင်ရမယ်”
တဲ့။ မြတ်စွာဘုရားဟောတဲ့ တရားဓမ္မကို လေ့လာ
လိုက်စားမယ်ဆိုရင်၊ ကြည့်လိုက်မယ်ဆိုရင်
ဘုရားဟောတဲ့ တရားဓမ္မဟာ ကိုယ်ကျင့်သီလ
အကြောင်း ဟောတာ ရှိတယ်။
သမာဓိအကြောင်း ဟောတာရှိတယ်။
ပညာအကြောင်း ဟောတာရှိတယ်။

ကိုယ်ကျင့်သီလဆိုတာ ဘယ်လိုကောင်းကျိုး
ချမ်းသာတွေ ရစေနိုင်တယ်။
သမာဓိတရားဆိုတာ ဘယ်လိုကောင်းကျိုးချမ်းသာတွေ
ရစေနိုင်တယ်။
ပညာတရားဆိုတာ ဘယ်လိုကောင်းကျိုး
ချမ်းသာတွေ ရစေနိုင်တယ်။

သီလကို ဘယ်လိုဖြည့်ကျင့်ရတယ်။
သမာဓိကို ဘယ်လိုပွားများရတယ်။
ပညာကို ဘယ်လို ထက်အောင်ပြုရတယ်
ဆိုတဲ့မြတ်စွာဘုရားဟောကြားတဲ့ တရားဓမ္မတွေဟာ
လုပ်ရင် လုပ်တဲ့အတိုင်း ဖြစ်တယ်ဆိုတဲ့ ဓမ္မရဲ့
ဂုဏ်ရည်ဂုဏ်သွေးတွေကို ဘုရားဟောတာ
အမှန်အကန်ပဲ။တကယ်လုပ်ရင် လုပ်သွားတာတွေ
ကိုယ်တိုင်ဖြစ်ကုန်ကြတယ်။

ဒါကြောင့်မို့ တရားဂုဏ်တော် ၆-ပါး ဆိုတာ
အလေးအနက်ထားပြီးတော့ စဉ်းစားကြည့်-
မြတ်စွာဘုရားဟောတာ ကြည့်နော်။

သီလကို ပြည့်စုံအောင်လုပ်၊ သီလကို ပြည့်စုံအောင်
လုပ်ပြီးတော့ ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ ဉာဏ်စိုက်ပြီးတော့
ရုပ်နာမ်ဓမ္မသင်္ခါရတွေကို ဆင်ခြင်စဉ်းစား။
သတိတွေ ခိုင်မာအောင်၊
သမာဓိတွေ ရင့်သန်လာအောင်၊
ပညာတွေ ထက်မြက်လာအောင် ကြိုးစားအားထုတ်မယ်
ဆိုရင် အဲဒီသင်္ခါရတရားတွေရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့
နိဗ္ဗာန်ဆိုတွေ့မယ်။အဲဒီနိဗ္ဗာန် တွေ့သွားလို့ရှိရင်
ထာဝရငြိမ်းချမ်းတဲ့ အငြိမ်းကို ရရှိနိုင်တယ်
လို့ မြတ်စွာဘုရားက အဲဒီလို ဟောတယ်။

မြတ်စွာဘုရားဟောတဲ့ ဒီလိုမှန်ကန်တဲ့ ဝိပဿနာ
ကျင့်စဉ်တရားကို ကျင့်လို့ရှိရင် ရရှိလာနိုင်တဲ့
မဂ် ၄-ပါး။ မဂ် ၄-ပါး ရလာတာနဲ့ တစ်ပြိုင်နက်
အကျိုးအနေနဲ့ ဖြစ်ပေါ်လာမယ့် ဖိုလ် ၄-ပါး၊
ဒီသဘာဝတရားတွေဟာ တကယ်ကျင့်ရင်
တကယ်ရတယ်၊ တကယ်လုပ် တကယ်ဖြစ်တယ်
ဆိုတာ မြတ်စွာဘုရားက ဟောထားတယ်။

အဲဒါကြောင့်မို့ တရားရဲ့ဂုဏ်ရည်တွေ အာမခံချက်
ပေးတဲ့အနေနဲ့ မြတ်စွာဘုရား ဟောထားတာရှိတယ်။
“သွာက္ခာတောဘဂဝတာဓမ္မော”
မြတ်စွာဘုရားဟောတဲ့ ဓမ္မဟာ အမှန်အတိုင်းဟောတာ
ဖြစ်တယ်။လုပ်မဖြစ်တဲ့တရား တစ်ခုမှ မဟောဘူး။
လုပ်ဖြစ်တဲ့တရားတွေချည်းပဲ။
လူတိုင်းလူတိုင်း လုပ်လို့ရတယ်လေ။
သီလဆိုတာ ဆောက်တည်လို့ရတယ်။
သမာဓိကျင့်စဉ် ကျင့်လို့ရတယ်။
ကျင့်ရင် ကိုယ့်အတိုင်းအတာအလျောက် အကျိုးတရား
ဆိုတာလည်း ရောက်လာမယ်၊ ပညာဆိုတာလည်း
ကျင့်ကြံလို့ရတယ်၊ ရလာလို့ရှိရင် အတိုင်းအတာ
တစ်ခုအရ မျက်မှောက်ပြုလာနိုင်တယ်။
လုပ်ရင် လုပ်တဲ့အတိုင်းဖြစ်နိုင်လို့ “သွာက္ခာတော
ဘဂဝတာဓမ္မော”မှန်မှန်ကန်ကန် ဟောထားတဲ့တရားတဲ့။

အဲဒီ မှန်မှန်ကန်ကန်ဟောထားတဲ့ တရားဟာ
ဘုရားကလွဲရင် ကျန်တဲ့ ပုဂ္ဂိုလ်တွေ မသိဘူးလား
လို့ဆိုရင် မဟုတ်ဘူး။လုပ်တဲ့ပုဂ္ဂိုလ်တိုင်း သိနိုင်တယ်။
“သန္ဒိဋ္ဌိကော”- လုပ်သူကိုယ်တိုင် သိနိုင်တယ်။
ဘယ်လောက်ကျေနပ်စရာကောင်းလဲ။
ကိုယ်လုပ်ရင် ကိုယ်သိတယ်ပေါ့။
ကိုယ်လုပ်ရင် ကိုယ်ရတယ်။
“ငါရတယ်၊ မင်းတို့တော့ ငါပြောတဲ့ အတိုင်းယုံကြ”
လို့ ဒီလိုပြောတာ မဟုတ်ဘူး။

“သန္ဒိဋ္ဌိကော”-ကိုယ်တိုင်မြင်နိုင်တယ်တဲ့၊ဒီကျင့်စဉ်ကို
ကျင့်ရင် ဘယ်သူကျင့်ကျင့် ကျင့်တဲ့ ပုဂ္ဂိုလ်တိုင်း
ဒီအဆင့်ကိုရောက်မယ်။
“သန္ဒိဋ္ဌိကော” ။

အဲဒီလို ရောက်ဖို့ဆိုတာ ဘယ်လောက်ထိအောင်
ဘယ်နှစ်နှစ်စောင့်ရမှာတုန်း။အချိန်ဘယ်လောက်
ယူရမှာတုန်းဆိုတော့ ယူစရာမလိုဘူးတဲ့။
“အကာလိကော” နော်၊ ခုလုပ် ခုရတယ်။

အဲဒီလို ရသည့်အတွက်ကြောင့် ကိုယ်ရပြီးလို့ရှိရင်
ကိုယ့်ရဲ့မိဘတွေမျိုးတွေ၊ ကိုယ့်ရဲ့ချစ်ခင်တဲ့
ပုဂ္ဂိုလ်တွေကို လာစမ်းပါ၊ ကြည့်စမ်းပါ၊
လုပ်ကြည့်စမ်းပါလို့ ခေါ်ပြလို့ ရတယ်။
တကယ်မရှိတဲ့ဟာဆိုရင် ခေါ်ပြလို့ ဘယ်ရမလဲ။
ကိုယ်ကိုယ်တိုင် တွေ့တဲ့အခါမှာ ခေါ်ပြလို့ရတယ်။
“လုပ်ကြည့်စမ်းပါ၊ မင်းလည်း ဒီအတိုင်းတွေ့မှာပဲ”
အဲဒါကို “ဧဟိပဿိကော”။

“သြပနေယျိကော” အခုလုပ် အခုအကျိုးရှိတာမို့
တရားဓမ္မဟာ အခုနှလုံးသွင်း အခု စိတ်အေးချမ်း
သာယာမှုရတယ်၊ ဘယ်လောက်ပဲ သောကဖြစ်နေနေ၊
မြန်မာလူမျိုးတွေ စဉ်းစားကြတယ်လေ။
သောကဖြစ်စရာကြုံတဲ့အခါ “သြော် ပစ္စည်းသင်္ခါရ
လူသင်္ခါရ” ဟော တွေးလိုက်တာနဲ့ပဲ စိတ်က
သောကလျော့သွားတယ်၊ ဒါ သေချာတယ်။
ထွက်ပေါက်ဆိုတာ ရသွားတာ။

အဲဒီလို မစဉ်းစားတတ်တဲ့သူကျတော့ ကိုယ့်ကိုယ်ကို
သတ်သေတဲ့အဆင့် ရောက်သွားတယ်။
ထွက်ပေါက်မရှိဘူး၊ ဟော ဒီလိုစဉ်းစားတာက
ထွက်ပေါက်တစ်ခုပဲလေ။အဲဒီလိုနဲ့ သောကကို
ဖြေနိုင်ကြတာပေါ့။ ဒါကြောင့်မို့ “သြပနေယျိကော”
စိတ်ထဲမှာ ချက်ချင်းပို့ထားလိုက်တယ်။

“ပစ္စတ္တံဝေဒိတဗ္ဗောဝိညူဟိ”-အသိပညာရှိတဲ့
ပုဂ္ဂိုလ်တွေ ကိုယ်တွေ့ခံစားနိုင်ကြတယ်။
မြတ်စွာဘုရားတရားတော်တွေဟာ တကယ့်ကို လူတိုင်း
လူတိုင်း ပုဂ္ဂိုလ်မရွေး ၊ဘာသာမရွေး ၊ကျားမမရွေး ၊
အကုန်လုံး လုပ်ရင်လုပ်သလို အကျိုးရှိနိုင်တယ်။
အတိုင်းအတာတစ်ခုအရ အကျိုးရှိနိုင်တယ်။

ဒါကြောင့်မို့ အဲဒီတရားကိုပဲ
“ဒါဟာ မှန်ကန်တဲ့တရား၊ မရတာ တို့မလုပ်လို့ မရတာ၊
လုပ်ရင် ရကို ရရမယ်” လို့ ဒီတရားပေါ်မှာ အားကိုး
ယုံကြည်မှု၊ အလေးထားမှု
“ဓမ္မံယေဝအဓိပတိံကတွာ” –ဆိုတာ ဓမ္မပေါ်မှာ
လေးစားတာ၊ ကိုယ်ကျင့်ရမယ့် တရားပေါ်မှာ
အလေးထားတယ်။

“ငါးပါးသီလဆိုတာ သိပ်အရေးကြီးတယ်”လို့
သီလပေါ်မှာ အလေးထားတယ်။
“ဒါနဆိုတာလည်း လုပ်သင့်တယ်”
လို့ ဒါနပေါ်မှာ အလေးထားတယ်။
“သမာဓိဆိုတာလည်း စိတ်ငြိမ်အောင် ကြိုးစားရမှာ”
လို့ သမာဓိတရားအပေါ်မှာ အလေးထားတယ်။

ဘဝမှာ ဆင်ခြင်စဉ်းစားပြီးတော့ “အသိပညာဆိုတာလည်း
အရေးကြီးတယ်”လို့ - ဟော အသိပညာပေါ်မှာ
အလေးထားတာ။ အဲဒီလို ဓမ္မရဲ့စွမ်းရည်ပေါ်မှာ
အလေးထားပြီးတော့ အကုသိုလ်တွေကို ဖယ်ရှားလို့
ကုသိုလ်တွေ တိုးပွားအောင် ကြိုးးစားရမယ်။

အလေးထားပုံ အလေးထားနည်းချင်း မတူဘူး။
ကိုယ့်ကိုယ်ကို အလေးထားလို့ ကြိုးစားတာက
တစ်ခု၊ ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို အလေးထားပြီးတော့
ကြိုးစားတာက တစ်ခု၊ ဓမ္မကို အလေးထားပြီးတော့
ကြိုးစားတာက တစ်ခု၊ အဲဒီလို အလေးထား
တန်ဖိုးထားပြီးတော့ ကြိုးစားအားထုတ်မယ်
ဆိုလို့ရှိရင် မကောင်းတဲ့ဘက်ကို စိတ်တွေ မသွားအောင်
(မကောင်းတာဆိုတာ အကုသိုလ်မဖြစ်အောင်)၊
ကောင်းတဲ့ဘက်ကို စိတ်တွေသွားအောင်
(ကောင်းတာဆိုတာ ကုသိုလ်တွေ မိမိသန္တာန်မှာ
ဖြစ်အောင်)၊ဒီလို ကြိုးစားအားထုတ်ကြရမှာ ဖြစ်တယ်တဲ့။

အဲဒါကို မြတ်စွာဘုရားက “အဓိပတေယျသုတ်”
ဆိုတာ ဟောထားတာရှိတယ်။ အဲဒီ အဓိပေတယ်သုတ္ကို
ခြုံငုံပြီးတော့ ဒီကနေ့ ဟောကြားပေးခြင်း ဖြစ်တယ်။

“အလေးထား၍ စဉ်းစားဆင်ခြင် ကောင်းအောင်ပြင်”
မိမိကိုယ်ကိုမိမိ အလေးထား၍ ၊
မိမိရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍ ၊
မြတ်စွာဘုရားဟောကြားတဲ့ အမှန်တရားတွေကို
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့
ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်တယ်။
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့
စရိုက်တွေ ကောင်းလာအောင်၊
အကုသိုလ်တွေ ဖယ်နိုင်အောင် ကြိုးစားတယ်၊
ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊
အကုသိုလ်မှန်သမျှ ရှောင်လို့ ၊ ကုသိုလ်မှန်သမျှ
မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင်
ထားနိုင်အောင် ကြိုးစားအားထုတ်ကြတယ်။

အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့
လုပ်ရပ် ဖြစ်တယ်။ဒီလိုလုပ်မှ သာလျှင်
“လူ့ဘဝတစ်ခု ရလာရကျိုး၊
ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊
တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ”လို့ ကိုယ်စီ ကိုယ်စီ
သဘောကျပြီးတော့ ကျင့်ကြံ ကြိုးးကုတ်
အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။

-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
အရှင်နန္ဒမာလာဘိဝံသ】

အပိုင်း(၁) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1421867721156569/?type=3&theater

အပိုင်း(၂) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1423616597648348/?type=3&theater

အပိုင်း(၃) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1426324494044225/?type=3&theater

အပိုင်း(၄) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1428737270469614/?type=3&theater

အပိုင်း(၅) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1429788113697863/?type=3&theater

အပိုင်း(၆) ►
https://www.facebook.com/youngbuddhistassociation.mm/photos/a.1275958262414183.1073741933.129054333771254/1430994323577242/?type=3&theater

No comments: