Saturday, January 14, 2017

လူငယ်အမျိုးသမီးနှစ်ဦး ဦးစီးတဲ့ ကိုယ်လုံပညာသင်တန်း


တံခါးတွန်းဖွင့်ပြီး ၀င်လိုက်တာနဲ့ ကိုယ်မျှော်လင့်ထားသလိုပဲ အခန်းထဲမှာ အမျိုးသမီးငယ်တချို့ကို
တွေ့လိုက်ရတယ်။
သူတို့ကတော့ ကိုယ်စီအလုပ် ရှုပ်နေကြတာမို့ စာရေးသူ ၀င်လာတာကို သတိပြုမိဟန် မရှိပါဘူး။
စာရေးသူရောက်သွားတဲ့ အခန်းက အမျိုးသမီးတွေကို ကိုယ်လုံသင်တန်းပေးနေတဲ့ နေရာပါ။
သင်တန်းသူတွေဟာ လက်ဝှေ့အိတ်ကို တစ်ယောက်က ကိုင်ပြီး တစ်ယောက်က လက်နဲ့
တဖောင်းဖောင်းနဲ့ ထိုးရင်း၊ ခြေထောက်နဲ့ လှမ်းကန်ရင်း လေ့ကျင့်နေကြပါတယ်။
သင်ပေးနေတဲ့ သင်တန်းဆရာမတွေကလည်း ငယ်ရွယ်ပြီး သွက်လက်နေသလို
သင်တန်းလာတက်ကြတဲ့ အမျိုးသမီးတွေကလည်း တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား သင်နေတာ
တွေ့ရပါတယ်။
“အမျိုးသမီးတိုင်းက သူတို့ရဲ့ နေ့စဉ်ပုံမှန်ဘ၀ထဲ သွားလာလှုပ်ရှား နေကြရပေမဲ့ သူတို့အတွက်
မလုံခြုံမှုတွေ၊ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေက တော်တော်ကို များနေတာမို့ ကိုယ်တိုင်လည်း
သွားလာတဲ့အခါမှာ မလုံခြုံဘူးလို့ ခံစားလာရတဲ့အတွက် ဒီသင်တန်းကို စဖွင့်ဖြစ်တာ” လို့
မြန်မာ့ကိုယ်လုံသင်တန်းကို တည်ထောင်သူနှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ Evelyn ယုယုဆွေက
ပြောပါတယ်။
သူနဲ့ လက်တွဲပြီး သင်တန်းတည်ထောင်သူ နောက်တစ်ဦးကတော့ မီရှဲလ် ပဲဖြစ်ပါတယ်။
သင်တန်းမှာ နည်းပြအလုပ်အပြင် စီမံခန့်ခွဲမှုကိုပါ လုပ်ကိုင်ကြတဲ့ သူတို့နှစ်ယောက်ဟာ
အသက် ၂၃ နှစ်ပဲ ရှိပါသေးတယ်။
“၁၀ တန်းအောင်ပြီးတဲ့ အချိန်မှာ၊ အိမ်က အပြင်ထွက်ခွင့်ပေးတဲ့ အချိန်မှာ၊ ဘတ်စ်ကားစီးတဲ့အချိန်မှာ
ကာယိနြေ္ဒနှောင့်ယှက်မှုတွေကြုံရတဲ့အခါ ငါ… ဘာလို့များ ပြန်မပြောနိုင်ရတာလဲဆိုပြီး
ကိုယ့်ကိုယ်ကိုယ် မချင့်မရဲဖြစ်မိပြီး ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ သင်တန်းတစ်ခုခု တက်မယ်ဆိုပြီး
လက်ဝှေ့သင်တန်းတက်ရင်းနဲ့ ကိုယ်တိုင်လက်ဝှေ့တတ်သွားတဲ့အချိန်မှာ အပြင်ထွက်တဲ့
အမျိုးသမီးတိုင်းလည်း ကာယိနြေ္ဒနှောင့်ယှက်မှုတွေ ကြုံနေရတဲ့အခါ ဒီလိုပညာတစ်ခုခု
တတ်ထားသင့်တယ်လို့ တွေးဖြစ်တယ်။ အဲဒီအချိန်မှာပဲ Evelyn က သင်တန်းဖွင့်ကြမလားဆိုတာနဲ့
ညီမတို့ နှစ်ယောက်လုပ်ဖြစ်သွားတာ”လို့ သူတို့သင်တန်းဖွင့်ဖြစ်ရတဲ့ စိတ်ခံစားချက်ကို မီရှဲလ်က
ပြောပြပါတယ်။
ရည်ရွယ်ချက်ကို ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလမှာ အကောင်အထည်ဖော်နိုင်ခဲ့ပြီး ဂျန်းရှင်းမော်တင်က
Fitness Xpress မှာ အချိန်ပိုင်းသင်တန်းတွေ ပေးနိုင်ခဲ့ပါတယ်။
သင်တန်းတစ်ခုကို ကျပ် ၄၀,၀၀၀ သတ်မှတ်ထားပြီး တစ်ပတ်ကို နှစ်ကြိမ်၊ တစ်ကြိမ်အတွက်
နှစ်နာရီနဲ့ တစ်လ တက်ရောက်ရမှာဖြစ်ပါတယ်။
သင်တန်းချိန်ကတော့ မနက်ပိုင်းရော၊ ညနေပိုင်းပါ ရှိပါတယ်။ တစ်တန်းမှာ ပုံမှန်တက်သူ
၁၅ ယောက်လောက်ရှိပြီး ဆယ်ကျော်သက် ၁၅ နှစ်လောက်ကနေစပြီး ၄၀ လောက်အရွယ်တွေအထိ
လာတက်ကြတယ်လို့ Evelyn ကပြောပါတယ်။
Social business အနေနဲ့လည်း အဖွဲ့အစည်းတွေက ဖိတ်ကြားရင် အခမဲ့သင်တန်းအဖြစ်
သင်ကြားပေးတယ်လို့လည်း သူက ဆိုပါတယ်။“မြန်မာအမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် သင်ပေးတယ်။ Sexuality, gender နဲ့
ပတ်သက်တာတွေတစ်ချိန်၊ အမျိုးသမီးအကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ ဥပဒေနဲ့ ပတ်သက်တာတွေ
တစ်ချိန်နဲ့ ကိုယ်လုံပညာ ခြောက်ကြိမ် သင်ပေးတယ်။ ကိုယ်လုံခြောက်ကြိမ်မှာ မြန်မာလက်ဝှေ့
၂၈ ကွက်ကို အဓိက သင်ပေးတယ်”လို့ Evelyn က ပြောပါတယ်။
“အမျိုးသမီးတွေ ကိုယ့်ခန္ဓာကိုယ်မှာရှိနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ဘယ်လိုကာကွယ်ရမယ်
ဆိုတာမျိုး၊ ကိုယ့်ကိုအကြမ်းဖက်တယ်၊ ကိုယ်ထိလက်ရောက်ကျူးလွန်လာတဲ့အခါမှာ ကိုယ့်ချစ်သူ၊
ကိုယ့်ရည်းစား၊ ကိုယ့်ယောက်ျားတွေကိုတောင်မှ ကိုယ်လက်မခံချင်ရင် ကိုယ်မကြိုက်ရင်
မကြိုက်ဘူးလို့ ငြင်းလို့ရတယ် ဆိုတာတွေ သင်ပေးတယ်။ တချို့ကလည်း ကိုယ့်ချစ်သူ ကိုယ့်ရည်းစား
ကိုယ့်ယောက်ျားဆို သူတို့တောင်းဆိုသမျှ လိုက်လျောရမယ်လို့ ထင်တတ်ကြတယ်။
သူတို့တောင်းဆိုတာကို ကိုယ် မလိုက်လျောဘဲ အတင်းအကြမ်းဖက်မယ်ဆိုရင် ဒါဟာ
အကြမ်းဖက်မှုမြောက်တယ်ဆိုတဲ့ အသိမျိုးတွေကအစ သင်ပေးပါတယ်။ နောက် ဥပဒေပိုင်းမှာလည်း
စီးပွားရေးအကြမ်းဖက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ လူမှုရေး အကြမ်းဖက်မှု၊ လိင်အကြမ်းဖက်မှုတွေနဲ့
ပတ်သက်တဲ့ ဥပဒေတွေက ဘယ်လိုတွေ ရှိလဲ။ မြန်မာဥပဒေမှာ အကြမ်းဖက်မှုဖြစ်ရင်
အမျိုးသမီးတွေကို ဘယ်လိုကာကွယ်ပေးထားလဲ။ ဘယ်လောက်အထိ ကာကွယ်ပေးထားလဲ
ဆိုတာမျိုးတွေကို သင်ပေးပါတယ်”လို့ လက်ဝှေ့သင်တန်းမှာ ဆက်စပ်ပြီး အသိပညာပေးတဲ့
အကြောင်းအရာတွေကို Evelyn က ပြောပြပါတယ်။
“သင်ကြားတဲ့အပိုင်းမှာလည်း ရှစ်ရက်အတွင်းမှာ ၂၈ ကွက်ကို သေသေချာချာတတ်ပြီး
ပြန်အသုံးချလို့ရအောင် သင်ပေးပြီး နောက်ဆုံးနေ့မှာ သင်တန်းနည်းပြတွေနဲ့ လက်တွေ့ပြန်ချပြ
ရတာမျိုးတွေ လုပ်ပေးတယ်။ စစချင်း တစ်ရက်၊ နှစ်ရက်မှာတော့ နည်းနည်း ပင်ပန်းတာမျိုးရှိပေမဲ့
နောက်ရက်တွေမှာ စိတ်ပါလက်ပါနဲ့ သေသေချာချာလိုက်သင်မယ်ဆိုရင် ဒီရှစ်ရက်အတွင်း
သင်တာတွေကို လက်တွေ့မှာ တကယ်အသုံးချ နိုင်မှာပါ”လို့ မီရှဲလ်က ဆိုပါတယ်။
သူတို့ သင်တန်းရဲ့ ဆောင်ပုဒ်က ‘မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေကာကွယ်ဖို့ သင်တန်း
တက်ကြပါစို့’ ဖြစ်ပြီး သင်တန်းတစ်ခုလုံးကို သူတို့ နှစ်ယောက်အပါအ၀င် အမျိုးသမီး ရှစ်ဦးနဲ့
လည်ပတ်နေတယ်လို့လည်း ဆိုပါတယ်။
၂၀၁၆ မေလလောက်က သင်တန်းတက်ခဲ့တဲ့ မရွှေယမင်းကတော့ ခုချိန်မှာ မီရှဲလ်တို့ရဲ့ သင်တန်းမှာ
နည်းပြတစ်ဦးအဖြစ် ပြန်ပြီးအလုပ်ဝင်နေသူ ဖြစ်ပါတယ်။
“ညီမက ဘုရင့်နောင်ဘက်မှာ နေတာဆိုတော့ ရုံးဆင်းအပြန်မှာဆို ဘတ်စ်ကားကလည်း ဒိုင်နာတွေ
စီးရတယ်။ နောက်လုယက်မှုတွေ ဘာတွေလည်း ရှိတော့ နည်းနည်းစိုးရိမ်ရတာနဲ့ ဒီကိုယ်လုံပညာ
သင်တန်းကို တက်ဖြစ်ခဲ့တာပါ။ တက်ရင်းနဲ့မှ စိတ်ဝင်စားလို့ ၀င်ကူရင်း နည်းပြ ပြန်လုပ်ဖြစ်သွားတာပါ။
စသင်သင်ချင်းမှာတော့ တချို့သင်တန်းသူတွေက အဆင်မပြေတာလေးတွေ၊ အချိုးမကျတာလေးတွေ
ရှိပေမဲ့ ကိုယ်သင်ပေးရင်းနဲ့ နောက်ပိုင်း တဖြည်းဖြည်းတတ်သွားတယ်ဆိုရင် အဆင်ပြေသွားတယ်၊
ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သွားတယ်ဆို ကိုယ်လည်း သင်ပေးရကျိုးနပ်တယ်၊ သူတို့ကို
ကြည့်ပြီးတော့လည်း ပျော်ရတယ်”လို့ သူ့အတွေ့ အကြုံကို ပြောပြပါတယ်။
သင်တန်းမှာ စိတ်ပါလက်ပါနဲ့ တကယ့်ကို စိတ်ဝင်တစားလေ့ကျင့်နေတဲ့ အသက် ၂၇ နှစ်အရွယ်
သင်တန်းသူ မနော်ဝင်ဒီအောင်ကတော့ “အစကတည်းကလည်း ဒီလို ကိုယ်ခံပညာသင်တန်းတွေ
စိတ်ဝင်စားတယ်။ ညီမရဲ့ အမျိုးသားမိတ်ဆွေကလည်း အမျိုးသမီးကိုယ်လုံပညာသင်တန်းဆိုတာ
တွေ့တယ်၊ တက်ကြည့်ပါလားဆိုတာနဲ့ တက်ဖြစ်တာပါ။ ပထမနေ့မှာတော့ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိဖို့နဲ့ ကာယိနြေ္ဒနှောင့်ယှက်မှုနဲ့ ပတ်သက်တာတွေ၊ လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့
အမျိုးသမီးတွေ သိထားသင့်တာတွေ သင်ပေးပါတယ်။ ဒီနေ့ ဒုတိယရက်မှာတော့ ကိုယ်လုံပညာ
စသင်တာပေါ့။ ပထမရက်ထက်စာရင် ဒုတိယရက်မှာ ကိုယ့်ကိုယ်ကိုယ် ပိုပြီးယုံကြည်မှုရှိလာတယ်”လို့
သင်တန်းချိန်အပြီးမှာ သူ့အတွေ့အကြုံကို ပြောပြပါတယ်။
မြန်မာ့ကိုယ်လုံသင်တန်းကို ဖွင့်လှစ်ရခြင်းရဲ့ ရည်ရွယ်ရင်းက အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ်
ယုံကြည်မှုရှိစေဖို့ပဲလို့ Evelyn နဲ့ မီရှဲလ် တို့နှစ်ဦးစလုံးက စိတ်အားထက်သန်စွာနဲ့ ဆိုကြပါတယ်။
“လမ်းလျှောက်ရင်းနဲ့ ကိုယ့်ဘေးမှာကပ်လျှောက်ပြီး ကိုယ့်ကို နှုတ်နဲ့ ကာယိနြေ္ဒနှောင့်ယှက်တာမျိုး
ကိုယ်တိုင်လည်း အမြဲတမ်းလိုလို အများဆုံး ကြုံရတယ်။ တခြားအမျိုးသမီးတွေလည်း
ကြုံရတယ်ဆိုတော့ အမျိုးသမီးတွေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာမျိုးတွေ
သိစေချင်တယ်။ ဒါကြောင့် ကိုယ်တတ်ထားတာတွေနဲ့ပြန်ပြီး သင်တန်းဖွင့်တာပါ။ စစချင်းမှာတော့
အခက်အခဲလေးတွေရှိပေမဲ့ နောက်ပိုင်းမှာ တဖြည်းဖြည်း စိတ်ဝင်စားတဲ့သူ ပိုများလာပြီး ကိုယ်ဖွင့်တဲ့
ရည်ရွယ်ချက်အတိုင်း အမျိုးသမီးတွေလည်း စိတ်ဝင်စားသလို သင်တန်းတက်ပြီးသွားတဲ့အချိန်မှာလည်း
သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိသွားကြတယ်ဆိုတော့ ကိုယ့်ရည်ရွယ်ချက်အတိုင်းဖြစ်တယ်”လို့
သူတို့က ဆိုကြပါတယ်။
ဒီတော့ ဘယ်သူမဆို ဒီသင်တန်းကို စိတ်ဝင်စားလို့ ကိုယ်တိုင်တက် ချင်တယ်ဆိုရင်
http://www.facebook.com/defendwomen မှာ ၀င်ရောက်ကြည့်ရှုနိုင်သလို Junction Mawtin ၅ လွှာမှာ
ရှိတဲ့ Fitness Xpress မှာလည်း စုံစမ်းလို့ရပါတယ်။

No comments: