Sunday, November 23, 2014

HIV ပိုးရှိ၍ လုပ်ငန်းခွင်အတွင်း ခွဲခြားခံရပါက လူ့အခွင့်အရေး ကော်မရှင်က တစ်လအတွင်း ဖြေရှင်းပေးမည်



မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူများကို လုပ်ငန်းခွင်အတွင်း အလုပ်ရှင်များက ရောဂါပိုးရှိသည်ကို အကြောင်းပြ၍ အလုပ်ထုတ်ခြင်း၊ အလုပ်လျှောက်စဉ် အတွင်း HIV ပိုးစစ်ဆေးပြီးမှ လက်မခံခြင်းကဲ့သို့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သို့တိုင်းကြားပါက ဖြေရှင်းပေးမည်ဟု ယင်းကော်မတီမှ အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က မဇ္ဈိမကို ပြောသည်။

“ဒါဟာ လူ့အခွင့်အရေး လူတိုင်းမှာတန်းတူးအခွင့် အရေးရသင့်တယ်။ ဒီလိုခွဲခြားဆက်ဆံမှုကို ကျွန်တော်တို့ကော်မတီ အနေနဲ့ဖြေရှင်းပေးမယ်။သူတို့ကို ဥပဒေအရတော့မဟုတ်ဘဲ ခွဲခြားဆက်ဆံမယ်ဆိုရင် တိုင်းကြားနိုင်တယ်” ဟု ၎င်းကဆိုသည်။
ယင်းကော်မတီမှ လူ့အခွင့်အရေးချိုးဖောက်ခံရသည့် အလုပ်သမားများ၏ တိုင်စာအခြေအနေပေါ်မှုတည်၍  သက်ဆိုင်ရာ ဌာနများသို့ ကော်မရှင်မှ ဖြေရှင်းပေးရန် အကြောင်းစာများ ပို့ဆောင်မည်ဟု ၎င်းကပြောသည်။ ယင်းကော်မတီ၏ အကြောင်းကြားစာအပေါ် သက်ဆိုင်ရာဌာနများက ရက်ပေါင်း ၃၀အတွင်း ပြန်လည် ဖြေရှင်းပေးရမည် ဟု ၎င်းကဆိုသည်။
HIV ပိုးရှိ၍ အလုပ်ထုတ်ခံခဲ့ရသူ တစ်ဦးက “ကျွန်မလုပ်တဲ့ ရွှေဆိုင်က ကျွန်မအမျိုးသားက ဒီရောဂါနဲ့ ဆုံးသွားတော့ ကျွန်မကိုသွေးစစ်ခိုင်းတယ်။ ကျွန်မမှာရောဂါရှိတာကို လိမ်ခဲ့တယ်။ သူတို့က ရိပ်မိလို့အတင်းစစ်ခိုင်းတော့  ရောဂါပေါ်သွားတယ်။ ၂လစာပေးပြီး အလုပ်ထုတ်လိုက်တယ်။ တခြားရွှေဆိုင်တွေသွားလျောက်လည်း ငါတို့ကလိုက်ပြောမယ်လို့ ချိန်းခြောက်တယ်”ဟု ၎င်းကဆိုသည်။

ယခုလက်ရှိ  မြန်မာနိုင်ငံတွင် HIVရောဂါပိုးကူးစက်ခံရသူများ၏ အလုပ်အကိုင် ခွဲခြားဆက်ဆံခံရမှု၊ အလုပ်အကိုင်ရရှိမှုက အဓိက ရင်ဆိုင်နေရသည် ပြဿနတစ်ရပ်ဖြစ်နေသည်ဟု ရတနာမေတ္တာ အဖွဲ့အစည်း(HIV၊AIDS ကျဆင်းရေးအတွက် ကာကွယ်ရေး၊ ကုသရေးပိုင်းကို ဆောင်ရွက်နေသည် အဖွဲ့အစည်း) ဥက္ကဋ္ဌ ဦးမြင့်ဆွေက မဇ္ဈိမသို့ ပြောသည်။

“ခုစက်ရုံတွေ အလုပ်ရုံတွေမှာက ကံယကာရှင်တွေရဲ့ သဘောတူညီချက် မယူဘဲ သွေးစစ်တယ်။ ပိုးတွေ့တယ်ဆို အလုပ်မခန့်ဘူး။ ဒီလိုလုပ်ရပ်တွေက ခွဲခြား ဆက်ဆံမှုပါပဲ” ဟု ၎င်း ကဆိုသည်။

ယင်းအဖွဲ့အစည်းအနေဖြင့် HIVကူးစက်ခံရသူများ အတွက် အလုပ်အကိုင်ရရှိရန် HIVနှင့် ပတ်သက်၍ စင်တာများတွင် ဘဝတူအချင်းချင်း ပညာပေး နှစ်သိမ့်မှုများနှင့် အဖွဲ့အစည်းအတွင်း အလုပ်ခန့်ခြင်းဖြင့် ကူညီပေးနေသည်ဟု သိရည်။
မြန်မာနိုင်ငံတွင် HIV ကူးစက်ခံရသူများ အတွက် လုပ်ငန်းခွင်းအတွင်း ခွဲခြားဆက်ဆံခံရမှု အတွက် ဥပဒေမရှိသေးဟုလည်း ရတနာမေတ္တာအဖွဲ့အစည်း မှဒေါက်တာစိုးတင် (HIV PROJECT MANGER) က မဇ္ဈိမသို့ ပြောသည်။
“ဥပဒေချမှတ်လိုက်ရင်တော့ လုပ်ငန်းခွင်အတွင်း အလုပ်ထုတ်တာတို့၊ HIV ရှိလို့ အလုပ်ထုတ်တာတွေ မဖြစ်တော့ဘူးပေါ့ ဥပဒေအတိုင်းပေါ့" ဟု သုံးသပ်ပြောဆိုသည်။

၂၀၁၃ ခုနှစ်အထိ မြန်မာနိုင်ငံတွင် HIV ဖြင့်နေထိုင်သူ ပျှမ်းမျှ ၁သိန်းရှစ်ထောင့်ငါးရာခန့် ရှိနေပြီး ART ကုထုံးဖြင့် ကုသရန်လိုအပ်သူ ၁ သိန်းနှစ်သောင်းကျော် ရှိကာ ၎င်းတို့အထဲမှ ၅၄ ရာခိုင်နှုန်းကိုသာ ART ကုထုံးဖြင့် ဆေးဝါးထောက်ပံ့ပေးနိုင်သေးသည်ဟု အမျိုးသား ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး (NAP 2013) အစီရင်ခံစာအား ကိုးကား၍ UNAIDS အစီရင်ခံစာတွင် ဖော်ပြထားသည်။


မြန်မာတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများအား ART ကုထုံးပေးရန် တစ်သိန်းနှစ် သောင်းကျော်ရှိပြီး ၅၄ ရာခိုင်နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ

 မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗီပိုး တွေ့ရှိသူများမှ ART ကုထုံးပေးရန် တစ်သိန်းနှစ်သောင်းကျော် ရှိပြီး ၅၄ ရာခိုင် နှုန်းသာ ကုထုံးဆေး ထောက်ပံ့မှု ရရှိ ကြောင်း၊ ကျန် ၄၆ ရာခိုင်နှုန်း မှာ ART ဆေးပေး စင်တာများ နှင့် အလှမ်းဝေး ခြင်း၊ ပိုးကူးစက် ခံထားရသူ ကိုယ်တိုင် လူသိမခံဝံ့သဖြင့် ဆေးလာရောက် မယူ သောကြောင့် ဖြစ်သည်ဟု HIV တားဆီး ကာကွယ်ရေး လုပ်ဆောင်နေသော လူမှု အဖွဲ့အစည်း များမှ ပြောသည်။ အိတ်ခ်ျအိုင်ဗီပိုး ကူးဆက် ခံထား ရလျှင် ART ဆေးပုံမှန် သုံးစွဲမှသာ သက်တန်းစေ့ နေနိုင်ဖို့ အထောက် အကူ ဖြစ် ကြောင်း ဆေးပညာရှင် များကပြောသည်။

”ကျွန်တော်တို့ ချောက်မှာ ရွှေညာမောင်မယ် ပေါ့ဗျာ HIV ပိုးကူး စက်ခံထားရတဲ့ သူတွေကို ART ဆေး အလွယ်တကူ ရယူ နိုင်အောင် ကူညီ စောင့်ရှောက်ဖို့ ဖွဲ့ထား တယ်ပေါ့ဗျာ၊ ဆေးယူသူ ၃ဝဝ လောက်ကို ပေးထား နိုင်တယ်၊ ရပ်ဝေးကနေ လာကြတဲ့ သူ တွေ အတွက် ကျွန်တော်တို့ ချောက်မြို့ ရွှေညာ မောင်မယ်က တည်းခိုနေထိုင်ဖို့ ခရီး စရိတ်က အစ ကူညီပေးရတာ” ဟု ပရဟိတ လုပ်ဆောင်နေသော ကဗျာ ဆရာ ဖေတင်ညွန့်က ပြောသည်။

ချောက်မြို့ ဆေးပေး စင်တာမှာ ပခုက္ကူ စင်တာ ခွဲဖြစ်ပြီး၊ မကွေးတိုင်း အတွင်းမှ ဆင်ပေါင်ဝဲ၊ နတ်မောက်၊ မင်းလှ၊ ပွင့်ဖြူ၊ ရှောက်တော၊ မိချောင်းရဲ စသည့် ဒေသများမှ လာရောက်ရ ကြောင်း သိရသည်။ မြန်မာနိုင်ငံ တစ်ဝန်းမှာ ကူးစက်ခံ ထားရသူ ဦးရေ တစ်သိန်း ရှစ်သောင်းကျော် ရှိပြီး ၄၇ ရာခိုင်နှုန်းသည် အမျိုးသမီး များဖြစ်၍ ၃၉ ရာခိုင် နှုန်းမှာ အသက် ၁၅ နှစ်နှင့် ၂၄ နှစ် ကြား လူငယ်များ ဖြစ်ကြောင်း စစ်တမ်း ကောက် ယူချက် အရ သိရသည်ဟု UNAIDS ထုတ်ပြန်ပါသည်။

”ဒီရောဂါပိုး ဝင်ရင်တော့ အဓိက ကတော့ ဆေးကုသ ခံယူဖို့ လိုပါတယ်။ ဆေးကုသမှု ခံယူမှပဲ ကိုယ့်ရဲ့ သက်တမ်းကို သက်တမ်းစေ့ နေနိုင်အောင် ဆွဲဆန့် သွားနိုင် မှာ ဖြစ်ပါတယ်။ ရောဂါရှိတာ ရှက်စရာ မဟုတ်ပါဘူး၊ ရောဂါက ကိုယ့် ခန္ဓာကိုယ် ထဲကို ဝင်လာတာကို ဒါရှက် ကြောက်နေရင် ဆေးကုသမှု မခံရင် ဝေဒနာတွေ ပိုဆိုး သွားနိုင် ပါတယ်။ ဒါ ကြောင့်မို့လို့ ဆေးကုသမှု ရဲရဲဝင့်ဝင့် ခံယူဖို့လိုပါတယ်” ဟု ဒေါ်ခင်နွယ်ကြည် Nurse Supervisor –Medecins Du Monde မှ ပြောပါသည်။

အိတ်ခ်ျအိုင်ဗီပိုးကို နည်းလမ်းသုံး မျိုးနှင့် ကူးစက်ခံ ရနိုင်ပါသည်။ မသန့် ရှင်းသော ဆေးထိုးအပ် သုံးပြီး သွေးသွင်းခြင်း၊ အိတ်ခ်ျအိုင်ဗီပိုး ကူးစက်ခံ ထားသူ နှင့် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ပိုးရှိသည့် မိခင်မှ တစ်ဆင့် ကလေး မွေးချိန် နှင့် နို့ချို တိုက်ကျွေးခြင်းမှ ကူးစက် ခံရနိုင်သည်။ ဆေးပညာရှင် များ၏ အဆိုအရ ဦးတည် အုပ် စု များဖြစ်သော မူးယစ်ဆေး ထိုးသွင်းသူ၊ အမျိုးသမီး လိင် အလုပ်သမ နှင့် အမျိုးသားချင်း လိင် ဆက်ဆံသူများ ဖြစ်သည်ဟု ဆိုပါသည်။

ဦးမင်း (မကွေး၊ နိုဝင်ဘာ ၁၇)

No comments: