Saturday, November 1, 2014

Sony Xperia Z3 review



လိုအပ်တာတွေ အားလုံးဖြည့်ဆည်းပေးထားတဲ့ Sony Xperia Z3
===========================================

The Good : Z3 မှာ ပိုမိုကြာရှည်ခံတဲ့ ဘက်ထရီ၊ တောက်ပတဲ့မျက်နှာပြင်၊ လှပတဲ့ကိုယ်ထည်တည်ဆောက်ပုံ၊ ရေစိုခံနိုင်တဲ့ feature စတာတွေပါရှိလာပါတယ်။ အကယ်၍ သင့်မှာ PS4 တစ်လုံးရှိခဲ့ရင် Z3 ပေါ်ကနေလည်း PS4 game တွေကို ချိတ်ဆက်ပြီး ကစားနိုင်ဦးမှာပါ။

The Bad : အသစ်ပါရှိတဲ့ Z3 UI က icon တွေဟာ ပုံမှန်ထက် တော်တော်ကြီးကို ကြီးနေပါတယ်။ ကင်မရာမှာ megapixel များများပါရှိလာပေမယ့် Sony အနေနဲ့ ပုံထွက်ကောင်းအောင် အတွင်းပိုင်း image processing ပိုင်းကို ပိုမိုအားထုတ်ဖို့ လိုပါသေးတယ်။

The Bottom Line : အဆင့်မြင့်အစိတ်အပိုင်းတွေပါဝင်တဲ့ Sony Xperia Z3 ဟာ ဒီဇိုင်းပိုင်းနှစ်သက်တဲ့ လူငယ်တွေ၊ စမတ်ကျတဲ့ဖုန်းတစ်လုံးကို ကိုင်လိုတဲ့သူတွေအတွက် ကိုင်ဆောင်ဖို့ သင့်တော်ပါတယ်။

April လမှာ စတင်ရောင်းချခဲ့တဲ့ Sony ရဲ့ နောက်ဆုံးထုတ်အဆင့်မြှင့်စမတ်ဖုန်း Xperia Z2 ထွက်အပြီး ၅ လအကြာမှာပဲ ဂျပန်နည်းပညာကုမ္ပဏီကြီးဟာ ၄င်းတို့ရဲ့ နောက်မျိုးဆက်သစ် Sony Xperia Z3 ကို ဘာလင်မြို့မှာကျင်းပတဲ့ IFA 2014 ပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ 

Sony ဟာအခြားသော ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေဖြစ်တဲ့ Samsung, HTC တို့နဲ့ နှိုင်းယှဉ်ရင် အဆင့်မြှင့်စမတ်ဖုန်း series သစ်မိတ်ဆက်ရာမှာ ပိုမြန်လှပါတယ်။ ဥပမာ Samsung ဟာ ၄င်းတို့ရဲ့ Galaxy S series ကို တစ်နှစ်လျှင် ထုတ်ကုန်တစ်မျိုးသာမိတ်ဆက်ပြီး HTC ဟာလည်း ၄င်းတို့ရဲ့ HTC One Series ဖုန်းတွေကို တစ်နှစ်လျှင် ထုတ်ကုန်တစ်ခုကိုသာ မိတ်ဆက်ပါတယ်။ သို့ပေမဲ့ Sony ကတော့ တစ်နှစ်ကို Z2, Z3 ဆိုပြီး နှစ်အစနဲ့ နှစ်ဆုံးလောက်မှာ မိတ်ဆက်လေ့ရှိတာကြောင့် တခြားသောပြိုင်ဖက်တွေထက်စာရင် ဖုန်းစီးရီးအသစ်တစ်ခုထွက်တာ ပိုမြန်လှပါတယ်။

ဒါကလည်း Sony ရဲ့ ဈေးကွက်ကြောင့်ဖြစ်ပါလိမ့်မယ်။ ဥပမာ Samsung ဆိုရင် ၄င်းတို့ရဲ့ လူသိများတဲ့ High-end ဖုန်းအမျိုးအစားက ၂ခုရှိပြီး ဒီနှစ်မှာဆိုရင် နှစ်စက မိတ်ဆက်ခဲ့တဲ့ Galaxy S5 နဲ့ အခု IFA 2014 ပွဲမှာမိတ်ဆက်ခဲ့တဲ့ Galaxy Note 4 တို့ပါ။ ကုမ္ပဏီတစ်ခုတည်းကနေ ဈေးကွက်ထဲကို အရည်အသွေးမြှင့်ဖုန်း ၂လုံးနဲ့ ယှဉ်ပြိုင်နိုင်ပြီး Sony ကတော့ ၄င်းတို့ရဲ့ အရည်အသွေးမြှင့် High-end ဖုန်းဆိုလို့ Sony Xperia Z series သာ ရှိပါတယ်။ Sony အနေနဲ့ Z series အပြင်အခြားသော အရည်အသွေးမြှင့် ထုတ်ကုန်တစ်ခုကို ထုတ်ဖို့လိုပါလိမ့်မယ်။ အခုတော့ IFA 2014 မှာ မိတ်ဆက်ခဲ့တဲ့ Xperia Z3 အကြောင်း အကြမ်းဖျဉ်းလေ့လာကြည့်ရအောင်ပါ။

Design
တစ်ခါတစ်လေ ရိုးရိုးရှင်းရှင်းပဲ စဉ်းစားတာက ပိုမိုကောင်းမွန်တဲ့ အဖြေတွေထွက်တတ်ပါတယ်။ ဥပမာအားဖြင့်ကြည့်ရရင် ဆိုနီရဲ့ ကိုယ်ထည်ဒီဇိုင်းကိုပါ။ ရိုးရိုးရှင်းရှင်းရှိလှတဲ့ ကိုယ်ထည်ဒီဇိုင်းဟာ modern ဒီဇိုင်းပိုင်းအရကြည့်ရင် အတော်ကြည့်ကောင်းပါတယ်။ Z series ကစလို့ စသုံးခဲ့တဲ့ ဒီ ဒီဇိုင်းသီအိုရီကို Sony က Z3 အထိ သယ်ဆောင်လာခဲ့ပါတယ်။ ယခင် Z series တွေထက် ပိုထူးခြားသွားတာက ဘေးဘောင်အနားကွတ်တွေက လုံးလုံးဝန်းဝန်းဖြစ်လာပြီး သတ္ထုကိုယ်ထည်နဲ့ ဖြစ်လာပါတယ်။ ပိုပြီးလည်း ပေါ့လာသလို၊ ပိုပြီးလည်း ပါးလာပါတယ်။

လောလောဆယ်ထွက်ရှိထားတဲ့ iPhone 6 လိုပဲ Z3 ကိုသင့်လက်ထဲမှာကိုင်ထားတဲ့အချိန်မှာ အဆင့်အတန်းမြင့်တဲ့ဖုန်းတစ်လုံးလိုမျိုး ခံစားစေရမှာဖြစ်ပါတယ်။ သတိထားရမှာက ပြောင်ချောနေတဲ့ နောက်ဘက်ကာဗာဖြစ်ပြီး လက်ရာအဆီတွေ အလွယ်တကူထင်နိုင်ပါတယ်။ အထူးသဖြင့် အနက်ရောင်မော်ဒယ်မှာပါ။ အဖြူရောင်မော်ဒယ်မှာတော့ လက်ရာအဆီထင်မှု အနည်းငယ်သက်သာပါတယ်။

SONY ရဲ့ လမ်းစဉ်အတိုင်းပဲ Z3 ဟာလည်း IP58 rating နဲ့ ရေစိုခံနိုင်ပါတယ်။ ဆိုလိုတာက သင်ဟာ သင့် Z3 ကို ရေအနက် ၁.၅ မီတာအထိ မိနစ် ၃၀ ခန့် အစိမ်ခံနိုင်တယ်ဆိုတာကိုပါ။ (သတိထားရမှာက ဆားငန်ရေဆိုရင်တော့ ပြဿနာရှိနိုင်ပါတယ်) ရေအောက်ပုံတွေရိုက်ကူးနိုင်ဖို့အတွက်လည်း ကင်မရာခလုတ်သီးသန့်ပါရှိပါသေးတယ်။

Internal Specs
Sony ရဲ့ အဆင့်အမြှင့်ဆုံးဖုန်းတစ်လုံးဖြစ်တာကြောင့် ဈေးကွက်ထဲမှာရှိတဲ့ ထိပ်သီးဖုန်းတွေကိုယှဉ်ပြိုင်နိုင်ဖို့ အဆင့်အမြှင့်ဆုံးသော အစိတ်အပိုင်းတွေကို Xperia Z3 မှာ ဖြည့်ဆည်းပေးထားပါတယ်။ Android ဖုန်းတွေဟာ Specification ပြိုင်ပွဲလို့ဆိုရလောက်အောင် ဘယ်လောက်မြန်တဲ့ CPU ကိုသုံးတယ်၊ RAM ဘယ်နှ GB ပါတယ်၊ ကင်မရာက ဘယ်လောက် megapixel ရှိတယ်ဆိုတာကိုပဲ အဓိကထား ယှဉ်ပြိုင်ကြတာကိုတွေ့ရပါတယ်။
Z3 မှာလည်း 2.5 GHz မြန်နှုန်းရှိတဲ့ Snapdragon 801 quad-core processor ပါရှိလာပြီး RAM က 3GB ဖြစ်ကာ Internal Storage ကတော့ 16 GB/ 32GB ဆိုပြီး ၂မျိုးရှိပါတယ်။ Z3 ရဲ့ အကောင်းဆုံးသောအရာတွေထဲမှာ မျက်နှာပြင်လည်းပါပါတယ်။ IPS Panel အမျိုးအစားဖြစ်ပြီး 1920x1080 resolution ရှိ Z3 ရဲ့မျက်နှာပြင်ဟာ တောက်ပပြီး အရောင်ကလည်း စိုပြေလှပါတယ်။ အခြားသော WiFi, Bluetooth 4.0, NFC စနစ်စတာတွေလည်း အားလုံးပါရှိပါတယ်။

Software features
Z2 မှာတော့ Android KitKat 4.4.2 ပါရှိလာပြီး Z3 မှာတော့ ဗားရှင်း 4.4.4 ပါရှိလာပါတယ်။ ဒီဗားရှင်း၂ခုမှာ ကွာခြားချက်က သိပ်ပြီးထူးထူးခြားခြားမှရိလှပါဘူး။ အမှားအချို့ကိုပြင်ဆင်ထားတာ၊ UI ဒီဇိုင်းအနည်းငယ်လောက်ပြင်ထားတာလောက်ပါပဲ။
ကျန်းမာရေးဆိုင်ရာစနစ်တွေခေတ်စားနေတဲ့ခေတ်မှာ Sony လည်း ဒီလမ်းစဉ်ထဲဝင်ရောက်လာပါတယ်။ Lifelog လို့ခေါ်တဲ့ ကျန်းမာရေးစောင့်ကြည့်မှုစနစ်ပါရှိလာပြီး အသုံးလည်းဝင်ပါတယ်။ Sony က ၄င်းရဲ့ အောင်မြင်တဲ့ ဂိမ်းစက်ဖြစ်တဲ့ PlayStation ကို Z3 နဲ့ရောစပ်လိုက်ပါပြီ။ သင့်အိမ်ဧည့်ခန်းထဲမှာရှိတဲ့ PlayStation 4 ပေါ်က ဂိမ်းတွေကို remote အနေနဲ့ Z3 ပေါ်ကနေ အလွယ်တကူကစားနိုင်တော့မှာဖြစ်ပါတယ်။

Camera
Sony Xperia Z3 မှာတော့ Z2 ပါရှိတဲ့ပမာဏအတိုင်းပဲ 20.7 megapixel ရှိကင်မရာပါရှိလာပါတယ်။ ပြိုင်ဘက် flagship ဖုန်းတွေထဲမှာတော့ megapixel အများဆုံးဖုန်းတစ်လုံးပါပဲ။ Z2 ရဲ့ကင်မရာနဲ့ MP ပမာဏတူတယ်ဆိုပေမယ့် အတွင်းပိုင်းမှာ အဆင့်မြင့်တင်မှုတွေ အနည်းငယ်ပြုလုပ်ထားပါတယ်။ ISO sensitivity က 12,800 ထိရှိလာပြီး lens ကလည်း ပိုကျယ်လာသလို ရိုက်ကူးတဲ့အချိန်မှာ တည်ငြိမ်မှုကလည်း ပိုကောင်းလာတယ်လို့ ဆိုထားပါတယ်။ Z2 လိုပဲ ဒီဖုန်းမှာလည်း 4K video တွေကို ရိုက်ကူးနိုင်ဦးမှာပါ။

Auto-focusing စနစ်ကတော့ iPhone 6 နဲ့နှိုင်းယှဉ်ရင် အနည်းငယ် နည်းနေသလိုပါပဲ။ Sony အနေနဲ့ Samsung နဲ့ Apple တို့အသုံးပြုထားတဲ့ phase detection စနစ်ကို အသုံးပြုသင့်ပါတယ်။ ဒီစနစ်ဟာ တကယ်လည်းပဲ ပိုမိုကောင်းမွန်တဲ့ focus တွေကို ပေးစွမ်းနိုင်တာကိုတွေ့ရပါတယ်။ LG G3 မှာလည်း laser auto-focusing စနစ်ပါရှိလာပြီး Sony အနေနဲ့ focus ပိုင်းဆိုင်ရာမှာ နည်းပညာအသစ်တွေကို စမ်းသပ်ထည့်သွင်းဖို့ လိုအပ်နေပါသေးတယ်။

Performance
2.5 GHz ရှိ Quad-core Snapdragon 801 processor နဲ့ RAM 3GB ကိုသုံးထားတဲ့အတွက်ကြောင့် သုံးစွဲမှုအပိုင်းမှာလည်း မြန်ဆန်လှပါတယ်။ သုံးစွဲတဲ့အချိန် ထစ်ငေါ့တာတွေ၊ အဆင်မပြေတာတွေ မရှိပါဘူး။ အဆင့်မြှင့်ဖုန်းလို့ဆိုတဲ့အတိုင်း သုံးစွဲရတာ ချောမွေ့လှပါတယ်။ Quadrant benchmark နဲ့ စွမ်းဆောင်ရည်ရမှတ်တိုင်းတာရာမှာတော့ 20,425 မှတ်ရတာကိုတွေ့ရပြီး ဒါဟာ အခြားသောထိပ်သီးဖုန်းတွေရဲ့ ရမှတ်အတိုင်းပါပဲ။ Samsung Galaxy S5 ကတော့ ရမှတ် 23,707 ရပြီး LG G3 ကတော့ 23,103 မှတ်ရရှိပါတယ်။ သတိထားရမှာက ဒါဟာ hardwareကို အခြေခံတွက်ချက်ထားတာဖြစ်ပြီး ရမှတ်များလို့ စွမ်းဆောင်ရည်ပိုင်းမှာပိုပြီး ထူးထူးခြားခြားကောင်းသွားတာတော့ မရှိပါဘူး။ ဒီဖုန်းက ဟိုဖုန်းထက် ဘယ်နှမှတ်ပိုများတယ်၊ ပိုကောင်းတယ်လို့ ငြင်းခုန်မှုမျိုးတွေကလည်း စိတ်ပျက်စရာပါပဲ။ အဓိကအရေးကြီးတာက ဖုန်းတစ်လုံးကို Hardware + Software ဟန်ချက်ညီအောင် ဘယ်လိုချိန်ရမယ်၊ သုံးစွဲမှုပိုင်း ကောင်းမွန်အောင် ဘယ်လိုစီမံဆောင်ရွက်ထားတယ်ဆိုတာက ပိုအရေးကြီးပါတယ်။ အထူးသဖြင့် RAM 1GB ကိုပဲ ဆက်သုံးထားတဲ့ iPhone 6, 6plus ကိုကြည့်ပါ။ RAM တွေ၊ processor တွေများတာထက် သုံးစွဲမှုပိုင်း အထူးသဖြင့် Software ပိုင်းကို Hardware နဲ့ ဟန်ချက်ညီအောင်မျှနိုင်ဖို့က ပိုအရေးကြီးတယ်လို့ ကျနော်တော့ ထင်မိပါတယ်။

Battery life
Xperia Z3 မှာပိုပြီးကောင်းမွန်လာတာကတော့ ဘက်ထရီပါပဲ။ 3100 mAh ပမာဏရှိ ဘက်ထရီကိုအသုံးပြုထားပါတယ်။ Sony ကလည်း ၄င်းရဲ့ဖုန်းဟာ ၂ရက်ခန့် ပုံမှန်သုံးစွဲမှုကို ခံတယ်လို့ ဆိုထားပါတယ်။ ပုံမှန် email စစ်တာ၊ ဓါတ်ပုံတွေရိုက်တာ၊ ဗီဒီယိုကြည့်တာ၊ သီချင်းနားထောင်တာ၊ ဖုန်းခေါ်ဆိုတာ စတာတွေကို ၂ရက်တိတိ အားထပ်သွင်းစရာမလိုပဲ ဆက်တိုက်သုံးနိုင်ပါတယ်။
စမ်းသပ်ချက်တွေအရတော့ Z3 ရဲ့ ဘက်ထရီဟာ Samsung Galaxy S5 ပြီးရင် ဒုတိယအကောင်းဆုံးဖြစ်ပြီး ၄င်းနောက်မှာတော့ iPhone 6, HTC One M8 နဲ့ LG G3 တို့ရှိနေပါတယ်။

Conclusion
Sony Xperia Z3 ဟာ ယခင် Z series ဖုန်းတွေကို ပြောင်းလဲထားတာထက် အဆင့်မြှင့်ထားတာလို့ ပြောရင် ပိုမှန်မယ်ထင်ပါတယ်။ Z2 နဲ့ Z3 ဟာ နှိုင်းယှဉ်ကြည့်ရင် သိပ်ကွာခြားမှုရှိတာကို မတွေ့ရပါဘူး။ သို့ပေမယ့် ဒီဖုန်းဟာ Sony ရဲ့ အကောင်းဆုံးသော စမတ်ဖုန်းတစ်လုံးဖြစ်တယ်ဆိုတာကိုတော့ ငြင်းလို့မရပါဘူး။ ၄င်းမှာ ပိုပြီးကောင်းမွန်လာတဲ့ ကိုယ်ထည်ဒီဇိုင်း၊ သတ္ထုအားနားကွတ်ကိုယ်ထည်၊ ပိုမိုကြာရှည်ခံလာတဲ့ဘက်ထရီတွေပါရှိလာပါတယ်။
အကယ်၍ သင်ဟာ Z or Z1 ကိုင်ဆောင်သူဖြစ်ပြီး ဖုန်းအသစ်လဲလိုရင်တော့ Z3 ဟာ ပြောင်းကိုင်ဖို့ သင့်တော်တဲ့ဖုန်းတစ်လုံးပါ။ အကယ်၍ သင်ဟာ Z2 ကိုလက်ရှိကိုင်ဆောင်ထားသူဆိုရင်တော့ ပြောင်းကိုင်ဖို့ အချိန်မတန်သေးပါဘူး။

No comments: