Sunday, November 16, 2014

သတင်းသမားတွေ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ



HIV/AIDS ရောဂါနဲ့ပတ်သက်ရင် မြန်မာ သတင်းမီဒီယာတွေ ရေးသားထုတ်လွှင့်ရာမှာ အမှားအယွင်း နည်းနိုင်ဖို့၊ ဝေဒနာရှင်တွေကို ထုတ်ဖော်ရေးသားရာမှာ လိုက်နာရမယ့် စည်းကမ်းတွေ၊ အသုံးအနှုန်းတွေကို သိဖို့ UNAIDS နဲ့ Internews တို့ ပူးပေါင်းပြီး အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၂ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်ခဲ့ပါတယ်။

HIV/AIDS ဆိုင်ရာ ကျန်းမာရေးဆောင်ရွက်နေတဲ့ UNAIDS ကပေးချင်တဲ့ အဓိက အချက်အလက်တွေကို သတင်းမီဒီယာသမားတွေ ရပြီး ဒီရောဂါအကြောင်း တစ်နိုင်ငံလုံးကို ရေးသားတင်ပြတဲ့အခါ ကောင်းမွန်ထိရောက်သွားဖို့ ရည်ရွယ်ပြီး ကျင်းပတာဖြစ်တယ်လို့ Michael Pan က ပြောပါတယ်။

ရန်ကုန်မြို့ Summit ParkView ဟိုတယ်မှာ ကျင်းပတဲ့ ဒီအလုပ်ရုံ ဆွေးနွေးပွဲမှာ HIV ရောဂါဝေဒနာ ခံစားနေရသူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ အရေးကြီးပြီး မှားယွင်းတဲ့ အတွေးအခေါ်တွေနဲ့ ဖယ်ကျဉ်ထားမှုတွေကို စာရင်းပြုစုပြီး ကာယကံရှင်တွေရဲ့အသံကို နားထောင်ရင် ပိုပြီး တုံ့ပြန်မှုတွေ ရနိုင်မယ်လို့ UNAIDS က ဒေါ်အေးအေးနွယ်က ဆိုပါတယ်။

HIV ကူးစက်ခံထားရသူတွေ အဓိကရင်ဆိုင်နေရတာက ခွဲခြားဆက်ဆံခံရမှုဖြစ်ပြီး သူတို့ကို ခွဲခြားဆက်ဆံတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်သလို ဝေဒနာရှင်တွေရဲ့ ခွင့်ပြုချက်မယူဘဲ အလုပ်ရဖို့၊ ကျောင်းတက်ဖို့ သွေးဖောက် စစ်တာလည်း ဒီချိုးဖောက်မှုမှာ ပါဝင်တယ်လို့ ပြောလာသူက မြန်မာအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဦးဉာဏ်ဇော်ပါ။ မည်သူမဆို လူ့အခွင့်အရေး ချိုးဖောက်ခံရရင် တိုင်ကြားလို့ရပြီး စုံစမ်း အရေးယူသွားမယ်လို့ သူက ဆိုပါတယ်။


ကမာရွတ် - သတင်းသမားတွေ HIV ဝေဒနာရှင်တွေနဲ့ ပတ်သက်လို့ လိုက်နာရမှာတွေ 

HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး

UNAIDS နဲ့  Internews (Europe) တို့ ပူးပေါင်းပြီး HIV/AIDS အသိနဲ့ ပတ်သက်တဲ့ ရက်တိုသင်တန်းကို ပြည်တွင်းရှိ ရုပ်သံ၊ ရေဒီယိုသတင်းဌာနတွေ အပါအ၀င် သတင်းမီဒီယာ အားလုံးနဲ့ ဇာတ်ညွှန်းရေး ဆရာတွေကို ဒီကနေ့ နိုဝင်ဘာ (၁၃) ရက်ကနေ (၁၅) ရက်အထိ သင်ကြား ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသား (၄၀) ဦးဝန်းကျင်ကို သင်ကြားပေးမှာဖြစ်ပြီး သင်တန်းကာလပြီးဆုံးတဲ့ နောက်မှာတော့ သင်တန်းသားတွေထဲက သီးသန့်ရွေးချယ်ကာ HIV/AIDS ကူးစက်နှုန်းမြင့်မားနေတဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ လေ့လာခွင့်ပြုသွားဖို့ အသေးစားထောက်ပံ့မှုတွေလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဒုတိယ အကြိမ်ပို့ချတဲ့ ဒီသင်တန်းမှာတော့ မီဒီယာအစုံ ပါဝင်လာပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမ အပတ်သင်တန်းမှာတော့ ပုံမှန် မီဒီယာတွေကိုသာ သီးသန့်ပို့ချပေးခဲ့တာလို့လည်း သိရပါတယ်။

MRTV-4 - HIV/AIDS အသိနှင့် ပတ်သက်ပြီး ပြည်တွင်းမီဒီယာများကို ဒုတိယအကြိမ် အဖြစ် (၃) ရက်ကြာသင်တန်းပေး

No comments: