Monday, September 22, 2014

ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ်


ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ်


 ကာမဂုဏ် ကိုးကွယ်သည့် မာရ်နတ်ဂိုဏ်း တစ်ဂိုဏ်း၏ လိင်အစေအပါး အဖြစ် လုပ်ကျွေး ပြုစုခဲ့ရသူ အန်နာဘယ်လ် ဖော့ရပ်စ်ဆိုသူ အမျိုးသမီးက သူငယ်စဉ်က ဖြတ်သန်းခဲ့ရသည့် ၁၁ နှစ်တာ အမှောင်ကာလများ အကြောင်းကို စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့ပြီး ယင်း မကောင်းဆိုးဝါး ဂိုဏ်းဝင်များ လက်တွင်း သူ့ အား ၁၁ နှစ်လုံးလုံး လိင်ကျေးကျွန် အဖြစ် ငရဲကျ စေခဲ့သည့် မိစ္ဆာဒိဌိ အယူလွဲ မိခင်ဖြစ်သူအား ၎င်းအနေဖြင့် မည်သည့် အချိန်တွင်မျှ ခွင့်လွှတ်မည် မဟုတ်ကြောင်း ရင်ဖွင့် ပြောကြား ခဲ့သည်။

ထိုလိင်အယူလွဲ မိစ္ဆာဂိုဏ်းသို့ ခုနစ်နှစ်သမီး အရွယ်လေးမှာပင် မိခင်ရင်း ဖြစ်သူ ကိုယ်တိုင်၏ သွတ်သွင်းခြင်းကို ခံခဲ့ရသည်ဟု အန်နာဘယ်လ်က ပြောသည်။ ကာမ မာရ်နတ် ကိုးကွယ်သည့် ယင်းဂိုဏ်း၏ ဂိုဏ်းချုပ် အကြီးအကဲ ကော်လင်း ဘတ္တလေး၏ အမိန့် ကို နာခံပြီး အန်နာဘယ်လ် အနေဖြင့် လူမမည် ကလေး အရွယ်မှာပင် မိခင်၏ အယူမှားကြောင့် ကာမဒုက္ခ သားရဲတွင်းထဲ သက်ဆင်း ခဲ့ရခြင်းဖြစ်သည်။

ထိုကဲ့သို့  မိစ္ဆာဂိုဏ်း၏ ကာမ သားကောင်ဘဝသို့ သက်ဆင်းရသူများ အနေဖြင့် ရင်ဖွင့် တိုင်ကြားမှုများ ရှိလာရန် လက်ရှိ အချိန်တွင် ဗြိတိန်တစ်နေရာတွင် မိသားစု ဘဝဖြင့် ပျော်ရွှင်လျက် ရှိနေပြီဖြစ်သည့် အန်နာဘယ်လ်က အရှက်အကြောက်များကို ခဝါချကာ့ ရဲရဲဝံ့ဝံ့ ထုတ်ဖော် ရင်ဖွင့် လာခြင်းဖြစ်သည်။

၎င်း ခုနစ်နှစ်သမီး အရွယ်တွင် မိစ္ဆာဂိုဏ်းချုပ်ကြီး ဘတ္တလေးနှင့် သူမိခင်တို့  သွေးသားနှီးနှော ကာမဂုဏ်ခံစား နေသည်ကို အတင်းအဓမ္မ ကြည့်ရှုခိုင်းစေ ခံခဲ့ရ သည်က လိင်အစေအပါး အဖြစ် လုပ်ကျွေး ပြုစုရမည့် အမိုက်မှောင် အစပျိုး ဖြစ်ကြောင်း သူမ၏ စာအုပ်တွင် ရေးသားထားသည်။

၎င်း ဆယ့်တစ်နှစ်သမီး ရွယ်တွင် နေအိမ်၌ပင် မိစ္ဆာ ဂိုဏ်းချုပ်ကြီး ဘတ္တလေး၏ အဓမ္မ ခြေတော်တင် အသုံးတော် ခံရကာ ပန်းဦး ဆက်သလိုက် ရသည်။ နောက်သုံးနှစ်ခန့် အကြာတွင် ယင်းဂိုဏ်း၏ ကိုးကွယ်ရာ ဓလေ့ထုံးစံ အယူဝါဒ အရ တစ်ဂိုဏ်းလုံး၏ ကာမ ဆက်ဆံခြင်းကို ခံခဲ့ရသည်။

ဘတ္တလေးက ကလေးများ အနေဖြင့် စမ်းသပ်မှုများကို အောင်မြင် ကျော်လွှား နိုင်ခြင်း အားဖြင့် ဘုရားသခင် ထံပါး ကိုယ်တိုင်ကိုယ်ကျ ခစား ဝင်ရောက် နိုင် မည်ဟု ယုံကြည် သက်ဝင် စေအောင် အယူဝါဒ ဖြန့်သည်။ စမ်းသပ်မှုများ ဆိုသည် ကလည်း ၎င်းနှင့်ဖြစ်စေ ဂိုဏ်းသားများနှင့် ဖြစ်စေ ကာမမွေ့လျော် ပျော် ပါး ခြင်းများ သည်လည်း အပါအဝင် ဖြစ်သည်။

ဘတ္တလေးကို ၂၀၁၁ ခုနှစ်တွင်းက ပြည်သူ့ လုံခြုံရေး အကာအကွယ် ပေးနိုင်ရေး အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ရာ ၎င်းအနေဖြင့် ထောင်ဒဏ် အနည်းဆုံး ၁၁ နှစ် ခန့် အပြစ်ပေး ခံသွားရဖွယ် ရှိသည်။ အန်နာဘယ်လ်၏ မိခင်ဖြစ်သူ ဂျက်ကာလိုင်း မာလင်းကိုလည်း အုပ်စုလိုက် ရာဇဝတ်မှုများ ကျုးလွန်မှုဖြင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ သို့ သော်လည်း မိခင်မာလင်း ကြောင့် ကလေးဘဝ တွင်ပင် ကာမ အစေအပါး ဖြစ်ခဲ့ရသူ၊ ယခုထိ အမည်ရင်း ထုတ်ဖော် မပြောဝံ့ ဖြစ်နေရသူ အန်နာဘယ်လ်က သူ့ အား ကပ်ဘေး ဆိုးကြီး ယူဆောင်လာခဲ့သူ မိခင်ကို မည်သည့် အခါမျှ ခွင့်မလွှတ် နိုင်ကြောင်း ပြောခဲ့သည်။
အန်နာဘယ်လ် အသက် ၁၈ နှစ်အရွယ်တွင် ဘတ္တလေး၏ ကလေးကို မွေးဖွားပေးပြီး ၃ ရက်အကြာမှာပင် ပြည့်တန်ဆာ ပြုလုပ်ရန် စေခိုင်းခြင်း ခံခဲ့ရသည်။ ဘတ္တလေး၊ သူမ၏ မိခင် မာလင်း အပါအ၀င် အခြားသူများကို ၂၀၁၁ ခုနှစ်တွင် ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်ရာ လွတ်မြောက်ချိန် အထိ အန်နာဘယ်လ်သည် ယောက်ျား ၁၈၀၀ ခန့်အား ဖျော်ဖြေခဲ့ရသည်။

အဆိုပါ အယူလွဲ ဂိုဏ်း အတွင်းက ကလေးငယ်များသည် အခြားသော ကလေးများနှင့် ဆက်ဆံခြင်း မပြုလုပ်ရကြောင်း၊ ဘတ္တလေး၏ ဝတ်ကျောင်းတွင် ရေရှည် ခစား အမှုထမ်းရပြီး ဘတ္တလေး၏ အမိန့် မှန်သမျှ တစ်သွေမသိမ်း နာခံရကြောင်း အန်နာဘယ်လ်က ၎င်း၏ စာအုပ်တွင် ရေးသားထားသည်။

"ဘယ်တော့မှ သူမျက်လုံးကို မျက်လုံးချင်းဆိုင် ကြည့်ခွင့် ဘတ္တလေးက ခွင့်မပြုဘူး။ ကျွန်မတို့ ကလေးတစ်သိုက် အပေါ် တင်းမာတဲ့ စိတ်ထားနဲ့ အုပ်ချုပ်တယ်။ နောက်ပြီး ဘုရားသခင် စိတ်ငြိုငြင်ခြင်း မရှိဖို့  သူခိုင်းသမျှ လုပ်ရမယ်လို့ အမိန့် ထုတ်ထား ပါတယ်" ဟု အန်နာဘယ်လ်က ဖော်ပြထားသည်။

Mizzima - ကာမဂုဏ်ကိုးသူ မိခင်ကြောင့် မြေစာပင် ဖြစ်ခဲ့ရသူ သမီးငယ်

ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းဖြင့် ပပျောက်နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း ရဲမှူးကြီးတစ်ဦးပြော

ပြည့်တန်ဆာ လုပ်ကိုင်သူများကို တည်ဆဲဥပဒေများအရ ဖမ်းဆီးအရေး ယူခြင်းဖြင့် ယင်းလုပ်ငန်း လုံးဝပပျောက်နိုင်မည် မဟုတ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးမှ ရဲမှူးကြီးတစ်ဦးက ဖလားဝါးနယူးစ်ဂျာနယ် သို့ ပြောသည်။
''ပြည့်တန်ဆာ လုပ်ကိုင်တဲ့သူတွေကို ပြည်သူလူထုက သတင်းပေးလို့ ဖမ်းဆီး မှုတွေပြုလုပ်ခဲ့တဲ့နှစ်တွေ မနည်းတော့ဘူး။ ပြီးတော့ ပြည့်တန်ဆာကျုးလွန်တဲ့ သူတွေကို ဥပဒေအရ အရေးယူတယ်။ တချို့ကို ခံဝန် ထိုးပြီး ပြန်လွှတ်လိုက်တာတွေ ရှိပါတယ်။ နောက်တစ်ခါ ထပ်မိတော့လဲ သူတို့တွေ ပြန်ပါလာတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေ ပပျောက်ဖို့လုပ်ကိုင်နေတဲ့ သူတွေကို လိုက် ဖမ်းနေရုံနဲ့ ထူးလာမှာမဟုတ်ဘူး။ ရှိပြီးသား ပြည့်တန်ဆာ ပပျောက်ရေး ဥပဒေမဟုတ်ဘဲ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတစ်ရပ်ရှိသင့်နေ ပြီ'' ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြည့်တန်ဆာ ပပျောက်ရေးအက်ဥပဒေကို ၁၉၄၉ ခုနှစ် ဧပြီ ၂၁ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို ဥပဒေအရ ပြည့်တန်ဆာလုပ်ကိုင်သူ မည် သူမဆို ဥပဒေပုဒ်မ ၅ (၁) အရ အလုပ်ကြမ်း နှင့် ထောင်ဒဏ်တစ်နှစ်ဖြစ်စေ၊ သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ ကျခံစေရမည် ဟု ဖော်ပြထားသည်။

ကြည့်မြင်တိုင်မြို့နယ် ဗဟိုစံပြငါး ဈေးအနီးတွင် ပြည့်တန်ဆာလုပ်ကိုင်နေသူ တစ်ဦးက ''ကျွန်မတို့ ဒီလုပ်ငန်းလုပ်ပေမယ့် ငွေက အပြည့်အဝမရဘူး။ ခေါင်းကြေးပေး ရတယ်။ ပြီးတော့ သက်ဆိုင်ရာနယ်ထိန်းတွေ ပေးရတယ်။ လုပ်အားခရဲ့ ၃၅ ရာခိုင်နှုန်း လောက်ပဲ ကျွန်မတို့ရတာ။ ကျွန်မတို့လဲ ဒီ အလုပ်ကို ဘယ်လုပ်ချင်မှာလဲ။ အရင်က လွှတ်တော်မှာကြားလိုက်မိတယ်။ ဒီလုပ်ငန်း တွေ တရားဝင် လုပ်ကိုင်ခွင့်ရဖို့လေ။ နောက် တော့ ဘာမှမကြားရတော့ဘူး။ ဒီအလုပ်က နိုင်ငံတိုင်းနီးနီးမှာဆိုရင် တရားဝင်ခွင့်ပြုပေး ထားတယ်။ အဲဒီလိုလုပ်နိုင်မှလဲ AIDS ရောဂါကို လျှော့ချနိုင်မှာ'' ဟု ယင်းကပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ် စန္ဒာမင်းသည် ပြည့်တန်ဆာ တရားဝင်လုပ် ကိုင်ခွင့်နှင့်ပတ်သက်သောအဆိုကို လွှတ်တော်တွင် တင်ပြခဲ့သော်လည်း လွှတ်တော် ကိုယ်စားလှယ်အများစု ကန့်ကွက်မှုကြောင့် ၄င်း၏အဆို ရှုံးနိမ့်ခဲ့သည်။

ရဲမှူးကြီးက ''ပြည်သူတွေကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေက အောက်ခြေက ပြည်သူတွေဘဝကို သိသင့်တယ်။ ပြည့်တန်ဆာ  လုပ်တဲ့သူကလဲ ပြည်သူပဲ။ သူ တို့ကို ကာကွယ်ပေးနိုင်တဲ့ဥပဒေတစ်ရပ် တော့ ရှိသင့်တယ်'' ဟုပြောသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် နယ်စပ်မြို့နယ်အသီးသီးတွင် ပြည့်တန် ဆာလုပ်ငန်းများ ပေါ်ပေါ်တင်တင်လုပ်ကိုင် မှုများကို မီဒီယာများ ကဖော်ပြလျက်ရှိသည်။

ကျော်စိုးဦး၊ Flower News ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၆)။
ရန်ကုန်၊ စက်တင်ဘာ ၁၂။

Yangon Media Group - ပြည့်တန်ဆာ လုပ်ကိုင်သူများကို ဖမ်းဆီးအရေးယူခြင်းဖြင့် ပပျောက်နိုင်မည်မဟုတ်ဟု ရန်ကုန်တိုင်း ရဲမှူးကြီးတစ်ဦးပြော

No comments: