Sunday, August 17, 2014

လေယာဉ်မယ်လော၊ အိမ်ဖော်လော



မြန်မာ-ထိုင်းနယ်စပ်မြ၀တီမှ တစ်ဖက်နိုင်ငံသို့ သွားရောက်မည့် ရွှေ့ပြောင်းလုပ်သားများအား ဇူလိုင်လအတွင်းက တွေ့ရစဉ်

တောင်တရုတ်တွင်

လတ်တစ်လာ South  China Morning Post မှာဖော်ပြထားတဲ့ “မြန်မာအိမ်ဖော် လိုသလောက်မရ ဟောင်ကောင်ဒုက္ခ” ဆိုတဲ့သတင်းက စိတ်ဝင်စားစရာပါ။ သတင်းဓာတ်ပုံမှာတော့ ယခုနှစ် ဖေဖော်ဝါရီမှာ ဟောင်ကောင်ကို တင်သွင်းရောက်ရှိလာတဲ့ မြန်မာပို့ကုန် မြန်မာအိမ်ဖော် ၁၉ ဦးအနက်မှ တစ်ဦးကိုတွေ့ရစဉ်လို့ ဖော်ပြထားတယ်။ အရှေ့တောင်အာရှ အာဆီယံဝင်ရွှေနိုင်ငံမှ ပထမဆုံး တရားဝင်တင်သွင်းရောက်ရှိလာတဲ့ ပထမအသုတ် အိမ်ဖော်ပို့ကုန်ပါတဲ့။ အလုပ်ကြမ်းသမား ရှားပါးနေတဲ့ ဟောင်ကောင်ရဲ့ ပြဿနာကို ဖြေရှင်းမှုတစ်ရက်အဖြစ် တင်သွင်းလာတဲ့ မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်မှ အိမ်ဖော်တွေဟာ ဟောင်ကောင်ကိုရောက်ရှိအပြီး လပိုင်းအကြာမှာ ပြန်ပြေးကုန်ကြလို့ ဟောင်ကောင်မှာ အိမ်ဖော်ရှားပါးပြတ်လပ်မှုပြဿနာ နဲ့ ကြုံတွေ့နေရဆိုပဲ။

ပြည်ပမှ ဟောင်ကောင်သို့ အိမ်ဖော်တင်သွင်းပေးနေသူ ကုမ္ပဏီအေဂျင်နီတွေရဲ့ အစီရင်ခံချက်တွေက ဒီလိုတဲ့။ အိမ်ဖော်လောကမှာကျော်ကြားတဲ့ ဖိလစ်ပိုင်အိမ်ဖော်တွေကို  ငှားရမ်းခေါ်ယူဖို့  ပိုမိုခက်ခဲလာကြောင်း၊ သူတို့တွေက တရုတ်(တိုင်ပေ)၊ တောင်ကိုရီးယား၊ ဂျပန်တို့က စက်ရုံအလုပ်ရုံ အလုပ်အကိုင်တွေကို ပိုမိုရွေးချယ်လာကြကြောင်း၊ အဲဒီမှာဆိုရင် ဟောင်ကောင်က လက်ရှိပေးနေတဲ့ အိမ်ဖော်လခ ဟောင်ကောင် ဒေါ်လာ ၄ဝ၁ဝ (US$ ၅၆၈.၉၂)ထက် ပိုမိုများပြားတဲ့လစာကို ရရှိလို့ပါ။ လက်ရှိ ဟောင်ကောင်မှာ အိမ်ဖော်ဦးရေ (၃၂ဝ,ဝဝဝ)ခန့်ရှိတယ်။ အဲဒီအထဲက ထက်ဝက်ခန့်က အိမ်ဖော်ထိပ်သီး ဖိလစ်ပိုင်တွေပါ။ ကျန်ထက်ဝက်ရဲ့အများစုက အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာနိုင်ငံတို့ကပါ။ ဟောင်ကောင်သို့ အိမ်ဖော်တင်သွင်းရေးအေဂျင်စီတွေကတော့ အရင်ကတည်းက ပြောပါတယ်။ အရင်ကဆိုရင် ဟောင်ကောင်သို့ အိမ်ဖော်တင်သွင်းရေးအေဂျင်စီတွေဟာ အိမ်ဖော်တွေကို စိတ်ကြိုက်ခေါင်းခေါက်ရွေးချယ် ငှားရမ်းခန့်ထားနိုင်ခဲ့တာပါ။ ခုတော့ အိမ်ဖော်ရဖို့တောင် ခက်ခက်ခဲခဲဖြစ်နေပြီး အခုဆိုရင် အိမ်ဖော်ခေါ်ရာမှာ အိုက်တင်ခံရွေးချယ်ပြီး ကြေးများနေလို့ မရတော့ဘူးတဲ့။ အိမ်ဖော်ရှားပါးနေတဲ့ ဟောင်ကောင်သို့ လွန်ခဲ့တဲ့ ခြောက်လကစတင်ပြီး တရားဝင် အိမ်ဖော်ပို့ကုန် ပထမအသုတ် ၁၉ ယောက်ရောက်ရှိလာပြီးနောက် နောက်ထပ်ရွှေမြန်မာ အိမ်ဖော်ဒါဇင်များစွာ တင်သွင်းရောက်ရှိလာဖို့ ရှိခဲ့တာပါ။ ဒါပေမဲ့ ဟောင်ကောင်က သတင်းများအရ မြန်မာအိမ်ဖော်တွေဟာ အဲဒီမှာအသားကျနေထိုင်နိုင်စွမ်း မရှိတာကြောင့် ရောက်ရှိပြီးသူတွေရဲ့ ခြောက်ပုံတစ်ပုံခန့်အထိ ပြန်ပြေးကုန်ကြပြီတဲ့။ဘင်္ဂလားဒေ့ရှ်မှ အိမ်ဖော်တင်သွင်းရေးအေဂျင်စီကလည်း ပထမအသုတ် တရားဝင် အိမ်ဖော်တွေတင်သွင်းခဲ့ပြီး ယခုပြောကြားရာမှာ ဟောင်ကောင်ကို ရောက်သမျှ အိမ်ဖော်ငါးပုံတစ်ပုံဟာ ပြန်လစ်သွားကြပြီတဲ့။

ဟောင်ကောင်မှ အိမ်ဖော်အေဂျင်စီ Golden Mind Employment Agency မှ မန်နေဂျင်းဒါရိုက်တာ“လောရင်ခွမ်”ကတော့ ပြောပါတယ်။ ဟောင်ကောင်ကို မြန်မာအိမ်ဖော် ၉ဝ တင်သွင်းနိုင်ခဲ့ပေမယ့် အခု ၁၄ ယောက် ပြည်တော်ပြန်သွားပြီတဲ့။ 
အဲဒီ အေဂျင်စီဟာ မြန်မာနိုင်ငံမှ အိမ်ဖော်တွေကို ဟောင်ကောင်သို့ တရားဝင်တင်သွင်းခွင့်တစ်ဦးတည်းကိုယ်စားလှယ် မူပိုင်ရထားတာပါ။“သူတို့ (မြန်မာအိမ်ဖော်)ထဲက တချို့က ဘာကြောင့်ပြန်ပြေးလဲဆိုတော့ ဒီ(ဟောင်ကောင်)မှာ အသားမကျဘူး၊ မနေတတ်မနေနိုင်ဘူး ဖြစ်တယ်။ အချို့ကတော့ ဘာကြောင့်ဆိုတာကို ကျွန်တော်တို့ကို မပြောပြဘူး။ သူတို့ပြောပြတာဆိုလို့ အိမ်ပြန်ချင်တယ်ဆိုတာလောက်ပဲ။ ဒီမှာ လက်တွေ့အလုပ်လုပ်ရတာက သူတို့(မြန်မာပြည်မှာတုန်းက စိတ်ကူးယဉ်) ကြိုတင်တွေးဆထားတာနဲ့ ကိုက်ပုံမရဘူး” လို့ “လော”က ပြောတယ်။

တိုးတက်ရစ်ဖို့

“အိမ်ဖော်တင်သွင်းခွင့်အတွက် ဟောင်ကောင်အစိုးရထံက လိုင်စင်ရဖို့ တစ်လပဲကြာတယ်။ ဒါပေမဲ့ မြန်မာဘက်မှာက အလုပ်ဖြစ်ဖို့အတွက် အချိန် နှစ်လ သုံးလ ကြာတယ်။ အဲဒီတော့ သွားပြီပေါ့။ မကိုက်ဘူး” တဲ့။ မြန်မာနိုင်ငံသား အိမ်ဖော်တွေတင်သွင်းခွင့်ကို အခြားအေဂျင်စီတွေကိုလည်း ခွင့်ပြု နိုင်ဖို့အတွက် မဆုံးဖြတ်မီ မြန်မာအစိုးရဘက်က သူ့အေဂျင်စီရဲ့လုပ်ရပ်တွေကို လေ့လာစေ့ငုနေတယ်လို့ သူထင်ကြောင်းလည်း“လော” က ပြောပါတယ်။

ဟောင်ကောင်မှ Technic Employment Service Centre ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ“လူရွှီလန်” ကလည်း အိမ်ဖော်ရင်းမြစ်သစ်ရှာဖွေရေး ရည်မှန်းချက်နဲ့ မြန်မာအစိုးရထံ ချဉ်းကပ်ခဲ့တယ်။ ဒါပေမဲ့ အခက်အခဲပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရတယ်။“အခုတော့ ကျွန်တော့်အနေနဲ့ ပြန်စဉ်းစားနေရပြီ။ ရင်းနှီးမြှုပ်နှံရမှာက အများကြီး၊ ပြန်ရမယ့်အမြတ်က နည်းနည်းလေး”လို့ သူမက ဆိုတယ်။ သူမကပြောရာမှာ အိမ်ဖော်တွေအတွက် ကျန်းမာရေးဆေးစစ်စရိတ်၊ လေ့ကျင့်သင်တန်းပေးရေးစရိတ်စတဲ့ အထွေထွေစရိတ်တွေအတွက် အေဂျင်စီက အိမ်ဖော်တွေထံ ဟောင်ကောင်ဒေါ်လာ (၁၃ဝ,ဝဝဝ)ကောက်ခံခွင့်ကို အင်ဒိုနီးရှားအစိုးရက ခွင့်ပြုပေမယ့် မြန်မာအစိုးရကတော့ နည်းနည်းပါးပါးပဲ ကောက်ခံခွင့်ပြုလို့တဲ့။“လူ”ရဲ့ အေဂျင်စီဟာ ဘင်္ဂလားဒေ့ရှ်အိမ်ဖော်တွေကို ဟောင်ကောင်သို့ တင်သွင်းခွင့် ပထမဆုံးလိုင်စင်ရခဲ့တာဟာ ယမန်နှစ် မေလကပါ။ ဟောင်ကောင်ကို အိမ်ဖော် ၃ဝဝ ကျော်သွင်းခဲ့ပြီးပြီ။“ဒါပေမဲ့ ရာခိုင်နှုန်း ၂ဝ သာ ကျန်တော့တယ်။ ဘာကြောင့်ဆို သူတို့ဆီမှာ အသားမကျဘူး။ ဒီမှာ အလုပ် လုပ်ရတာ ဒီလောက်ခက်ခဲမယ်လို့ သူတို့ ကြိုတွေးထာပုံမရဘူး။ တချို့ကတော့ တစ်နှစ်ပြည့်တော့ ရသမျှငွေနဲ့ ပြန်ကြတာ” လို့ “လူ”က ပြောတယ်။

ရွှေ့ပြောင်းအရေး

အာရှရွှေ့ပြောင်းလုပ်သားအရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့က (AMCB) မှ ပြောခွင့်ရသူ “အီဗန်ဗီလန်နျူဗာ”က လွန်ခဲ့တဲ့ ၂၃ နှစ်က သူအိမ်ဖော်အဖြစ်နဲ့ ရောက်လာစဉ်က တုန်လှုပ်သွားခဲ့ရပုံ၊ ဘာကြောင့်ဆိုရင် ထိုစဉ်က သူ့ဘဝဟာ အလွန်ခက်ခဲကြမ်းတမ်းပြီး ဖိလစ်ပိုင်မှာတုန်းက သူ့ဘဝနဲ့ သိပ်ခြားနားသွားခဲ့ပုံကို ပြောပြတယ်။“ညဘက်ဆို ကျွန်တော့်မှာ ငိုလိုက်ရတာ။ ရသမျှလခက အိမ်ကို ဖုန်းခေါ်တာနဲ့ပဲ ကုန်ရော” တဲ့။“ကျွန်တော်အကြံပေးချင်တာကတော့ သူတို့မှာ တခြားဘဝတူ အိမ်ဖော်တွေနဲ့ မိတ်ဆွေသူငယ်ချင်း ဖွဲ့ခွင့်ပြုဖို့လိုတယ်။ ဒါပေမဲ့ အဲဒါကလည်း မြန်မာတို့ ဘင်္ဂလားဒေ့ရှ်တို့အတွက် မလွယ်ပါဘူး။ ဒီမှာက သူတို့လူမျိုး သိပ်မများသေးဘူး”လို့ အီဗန်က ဆိုပါတယ်။

သူတို့အမြင်

အိမ်ဖော်ကိစ္စမှာ အကြီးဆုံးပြဿနာ ကတော့ ဟောင်ကောင်အစိုးရ၊ အိမ်ဖော်တွေနဲ့ ၎င်းတို့အပေါ် ပြစ်မှုကျူးလွန်နှိပ်စက်သူ အိမ်ရှင်တွေအကြားမှာပါလို့ “ဒေလီ” ဆိုသူက အွန်လိုင်းမှာ မှတ်ချက်ပြုပါတယ်။“ဝမ်းနည်းစရာကောင်းတာကတော့ အိမ်ဖော်တွေကို အာရှတစ်လွှားနဲ့ အရှေ့အလယ်ပိုင်းအိမ်ရှင်တွေက လေးစားမှုမရှိကြခြင်းဘဲ။ ဒီအကြောင်းကြောင့် နာမည်ကောင်းရတဲ့ ကနေဒါကိုဆိုရင် အိမ်ဖော်တွေ သိပ်သွားချင်ကြတာ”လို့ ဟောင်ကောင်မှ “ယူနော့” ဆိုသူ က မှတ်ချက်ပြုတယ်။

“အနိမ့်ဆုံးလုပ်ခရပြီး သူတစ်ပါးလူမျိုးခြားရဲ့ ရေချိုးခန်းသန့်ရှင်းတာ၊ အိမ်သာဆေးတာ ဘယ်လုပ်ချင်ပါ့မလဲ။ ပြည်မကြီးက အိမ်ဖော်တွေခေါ်ပါလား”ဟု Ejaciti ဆိုသူက ဟာသဖောက်တယ်။ 
ပျမ်းမျှ ဟောင်ကောင်သားများ ပိုမိုဆင်းရဲလာကြလို့ ဟောင်ကောင်အစိုးရကလည်း အိမ်ဖော်တွေအားလုံးဝင်မယ့် အနိမ့်ဆုံးလခကို တိုးမပေးနိုင်သေးတာက ပြဿနာရဲ့အကြောင်းရင်းတစ်ရပ်လို့ ဟောင်ကောင်မှ“ဝါရင်း”ဆိုသူက မှတ်ချက်ပြုပါတယ်။ အိမ်ဖော်တွေဟာ တစ်နေ့လျှင် ၁၆ နာရီ အလုပ်လုပ်ကြရပြီး ငွေဝယ်ကျွန်များသဖွယ် သဘောထားနှိပ်စက်လေ့ရှိကြတဲ့ အိမ်ရှင်ဆိုးတွေရဲ့အပြုအမူတွေကို ပြင်သင့်ကြောင်း၊ ကားရေဆေးခိုင်းတာမျိုးဟာ အိမ်ဖော်အလုပ်မဟုတ်ဘဲ ပရော်ဖက်ရှင်နယ်ဆိုင်မှာ ကားရေဆေးသင့်ကြောင်း ဟောင်ကောင်မှ မှတ်ချက်ပြုသူတွေလည်း ရှိပါတယ်။

စဉ်းစားကြကုန်

အရင်က ဒူဘိုင်းမှာ စတိုးဆိုင်ဝန်ထမ်းသွားလုပ်တဲ့ မြန်မာအမျိုးသမီးငယ်တစ်ဦးဟာ ယခုဆိုလျှင် သူမရဲ့ကြိုးစားမှုကြောင့် ကမ္ဘာကျော် အင်မရိတ်စ်(Emirates)လေကြောင်းမှာ လေယာဉ်မယ်ဖြစ်နေတာ တွေ့ရတယ်။ နိုင်ငံတကာအိမ်ဖော်အလုပ်မှာ နာမည်ကြီးခဲ့တဲ့ အာဆီယံပြိုင်ဘက် ဖိလစ်ပိုင်တွေတောင်မှ ခုဆိုရင် ထိုင်ဝမ်၊ ဂျပန်၊ ကိုရီးယားမှ စက်ရုံ၊ အလုပ်ရုံတွေမှာ သွားလုပ်ဖို့ ပြင်နေကြပါပြီ။ မဖြစ်မနေပြည်ပကို ထွက်လုပ်တော့မယ်ဆိုရင် အညာက လယ်တွေ ယာတွေရောင်းပြီး ပြည်ပထွက်နေရတဲ့ မြန်မာတွေအနေနဲ့ သတိထားကြဖို့ လိုနေပါပြီ။

Written by: ကိုနေ(မန်း)


 Ref : SouthChina Morning Post

No comments: