Monday, February 22, 2010

ကြပ်နေတဲ့ တိုင်းပြည်က ချက်နေသူများ

ကျနော့်မွေးရပ်မြေက စင်ကာပူပါ။ အခုတော့ မြန်မာပြည်မှာ အလုပ်လုပ်နေတယ်။ စင်ကာပူသား မြန်မာပြည်မှာ အလုပ်လုပ်တယ်ဆိုလို့ အံ့သြသွားသလား။

အဟဲ … ကျနော်က လူမှမဟုတ်တာ။ လူမဟုတ်ပေမယ့် မြန်မာပြည်မှာ အနေကြာလာတော့ လူစိတ် ဝင်လာတယ် ပြောရမယ်။

ကျနော့်မှာ အကြားတွေ၊ အမြင်တွေ ရှိနေတာကိုး ။ ကျနော်လုပ်နေတဲ့ အလုပ်ကိုက သူတပါး မကြားစေချင်တာတွေကို အလိုလို ကြားနေရတယ်။ သူတပါးကို ပြောချင်တာတွေကိုလည်း တဖက်သူ ကြားသွားအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အစွမ်း ကျနော့်မှာ ရှိနေတယ်လေ။ ကျနော့်နာမည် 'ပီဖင်းဂိုး' ပါ။ 'မစ္စတာ ပီဖင်းဂိုး' ပါ။


chatting အင်တာနက်ဆိုတဲ့ နည်းပညာ မြန်မာပြည်မှာ ခေတ်စားလာတာနဲ့အမျှ ကျနော့်ရဲ့ ညီမောင်၊ သူငယ်ချင်းတွေလည်း မြန်မာပြည်အနှံ့မှာ မြန်မာပြည်သူပြည်သားတို့ လိုအင် ဖြည့်စွမ်းဖို့ ပိုပိုရောက်လာကြတယ်။ ဘာလို့လဲဆိုရင် တိုင်းတပါးမှာ ရောက်နေတဲ့ မြန်မာတွေနဲ့ ပြည်တွင်းမှာ ကျန်ခဲ့တဲ့ သူ့မိသားစုတွေ တွေ့ဆုံ စကားပြောနိုင်ဖို့ ကျနော့်မှာ အစွမ်းရှိတယ်။ အစွမ်းကလည်း အတော်ထက်တော့ မြန်မာ့ဆက်သွယ်ရေးက ကျနော်တို့ကို မကြည်ဖြူနိုင်ကြဘူး။ ကျနော်ကတော့ ရန်ကုန်မြို့စွန်တနေရာ မြို့သစ်ဘက်ခြမ်းတခုက အလုပ်ရှင်ဆီမှာ တာဝန်ထမ်းရသူပါ။

အခု ကျနော်ပြောပြချင်တာက ခင်ဗျားတို့ လူသားတွေ အကြောင်း၊ မြန်မာပြည်သားတွေ အကြောင်းပါပဲ။ ကျနော်ကတော့ လူမဟုတ်တဲ့ စက်ပစ္စည်း နည်းပညာဆိုတော့ ခံစားချက်ပိုင်း၊ အတွေးအခေါ်ပိုင်းဆိုင်ရာမှာ လူတွေလိုတော့ ဖြစ်ချင်မှ ဖြစ်မယ်ပေါ့။ ဒါပေမယ့် ကျနော် ကြားသမျှ၊ သိသမျှ၊ မြင်သမျှတွေကို ခင်ဗျားတို့ လူမျိုးတွေ သိသင့်တယ်ထင်လို့ ဖောက်သည်ချ ပြောပြမယ် စိတ်ကူးမိတယ်။

နားထောင်ချင်ရဲ့လား။

အခုပဲကြည့်လေ ကျနော့်ရှေ့မှောက်မှာ ကျနော့်ကို ဗဟိုပြုပြီး ပြောနေကြတဲ့ အချို့စကားလုံးတွေဟာ စိတ်ဝင်စားဖို့ ကောင်းသလို အင်မတန် ဘဝဆန်ပြီး သနားစရာလည်း ကောင်းနေတတ်ပြန်ရော။ အင်မတန် ကြောက်စရာကောင်းသလို အင်မတန် ယဉ်ကျေးပျူငှာ ဖော်ရွေနေတာမျိုးတွေလည်း တွေ့ရတတ်ပါတယ်။ လောကထဲက အကြောင်းဆိုတော့ ဗျာပါဒတွေနဲ့ အမျိုးမျိုး အဖုံဖုံပါပဲလေ။ သေချာတာကတော့ ကျနော့်ဆီကို လာကြ၊ စကားတွေ ပြောကြတဲ့ လူတွေဟာ မြန်မာပြည်ရဲ့ အခြေခံလူတန်းစား၊ လူလတ်တန်းစား အလွှာက လူအများစုဖြစ်တော့ သူတို့ပြောသမျှ၊ သူတို့ခံစားနေရသမျှဟာ ခင်ဗျားတို့ မြန်မာပြည်ရဲ့ လူထုအသွင်သဏ္ဍာန်အစစ် ဖြစ်လိမ့်မယ်ဆိုတာ အသေချာပါပဲ။ ပြောပြတော့မယ်နော် နားထောင် …။

စိတ်နဲ့ ခံစား မျက်လုံးနဲ့ နားထောင် ......။

တူ ... တူ ...... ပလိစ် လိဖ် ရွာမက်ဆေ့ခ်ျ အဖတား သတုန်း၊ တူ … တူ … ။

"ဟာ … အကို ! ဘာကြီးတုန်းဗျ …။ ခင်ဗျာဟာက ဘာသံတွေမှန်းလည်း မသိဘူး၊ ဘိုသံတွေနဲ့ ပြောနေတယ်"

ဖုန်းလာဆက်တဲ့ လူငယ်က အလန့်တကြားနဲ့ ပြောတာကို ကျနော်က ဝင်ပြောချင်လိုက်တာ။ 'အဲဒါ ဗွိုက်မက်ဆေ့ခ်ျလို့ ခေါ်တယ်ကွ …၊ အဲဒီလောက်တောင် မင်း နားမလည်ဘူးလား' လို့။ ဒါပေမယ့် သူ့ပုံကြည့်ရတာ အခုမှ ကွန်ပျူတာဆိုတာ မြင်ဖူးတဲ့ ပုံပါ။ ကျနော့်ကို စိုက်ကြည့်ပုံများ မျက်လုံးလေးကို ကလည်ကလည်နဲ့။ အဲဒီအချိန်မှာ ဆိုင်ရှင်အစ်ကိုကြီးက စိတ်ရှည်ရှည်နဲ့ ရှင်းပြတယ်။ "အဲဒါ ဗွိုက်မက်ဆေ့ခ်ျလို့ ခေါ်တယ်ကွ၊ ညီလေး ပြောသမျှတွေကို မှတ်ပြီး ညီလေးရဲ့အဖေ ဖုန်းမှာ မှတ်ထားပေးပြီး အသံက ကျန်နေရစ်ခဲ့မှာ၊ ပြောစရာရှိတာသာ ပြောလိုက်၊ မြန်မြန်ပြော"

ဆိုင်ရှင်က ပြောဆိုတော့ ကောင်လေးက -

"ခုနက အစ်မရေ … ကျုပ်ပြောတာကို ဗမာလို နားလည်မလားတော့ မသိဘူး၊ ကျုပ်အဖေ ပြန်လာရင် ပြောပေးပါဗျာ၊ အိမ်က သား ဖုန်းလာဆက်တယ်လို့…. နော် …အစ်မ၊ ဆက်ဆက် ပြန်ပြောလိုက်ပါဦးနော်၊ ပိုက်ဆံလည်း ပို့အုံးလို့ အမေက မှာလိုက်တယ်၊ အရင်နှစ်လစာလည်း မပို့သေးဘူး … အစ်မ၊ ဟုတ်ကဲ့ ကြားလား အစ်မ၊ အိမ်မှာ အကြွေးတွေနဲ့ အတိုးနဲ့ …၊ အမေ အတော်ကြပ်နေတယ်တဲ့ ပြောပေးပါ"

"…. အစ်မ ….နော်၊ အစ်မ …. ဟလို… အစ်မရေ…."

"ဟာ … အစ်ကို၊ သူဘာမှလည်း ပြန်မဖြေဘူး" "ညီလေး … အဲဒါက ဖုန်းထဲမှာ အလိုလိုပြန်ဖြေတဲ့ အသံကွ၊ လူမဟုတ်ဘူး"

"သိဘူးလေ" တဲ့၊ ဇလုပ်သံကြီးနဲ့ ဖြေပုံက။

အဲသလို အသံတွေကို ကျနော် နေ့စဉ် ကြားနေရပါတယ်။ ဘာမှတော့ မဟုတ်ဘူး။ အကြောင်းအရာကလည်း သိပ်အဆန်းကြီး မဟုတ်ဘူး။ ဒါပေမယ့် အဲဒီလို ဖြစ်ရပ်လေးတွေကို သေသေချာချာ၊ စေ့စေ့စပ်စပ် ခြုံငုံပြီး တွေးမယ်ဆိုရင် အင်မတန် ရင်နင့်စရာ အဖြစ်အပျက်တွေ၊ လူမှုရေး နစ်နာဆုံးရှုံးမှုတွေ ဖြစ်နေစေတယ်လို့ သိမြင်လာမှာပါ။ ဒါကလည်း အလုံးစုံ ချွတ်ခြုံကျမှု လမ်းစဉ်ကို လိုက်နေတဲ့ နိုင်ငံကြီးမှာ ဘာမှလုပ်လို့မရတော့လို့ ပညာတတ်အလွှာ ဦးနှောက်ယိုစီးမှု ဖြစ်ပြီး၊ အခု အောက်ဆုံးက ပြည်သူ့အလွှာမှာ လုပ်အားယိုစီးမှု ဖြစ်ပွားနေတာ။ ဒါကြောင့် ကျနော့်ကိုသုံးတဲ့ လူတန်းစားတွေက အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတဲ့ လူတွေ များပါတယ်။

ပိုက်ဆံမရှိလို့ အိမ်မှာ စိတ်ဆင်းရဲနေတဲ့ အမေရဲ့ မှာစကားကို ကွန်ပျူတာ အင်တာနက်ဖုန်းကတဆင့် တိုင်းတပါးနေ ဖခင်ဖြစ်သူကို ငွေလာတောင်းရတဲ့ သားဘဝ။ ခေတ်မမှီ စာမတတ်၊ ဘာသာခြားစကား နားမလည်။ သာမန်တွေးကြည့်ရင်တော့ ဘာမှမဟုတ်တဲ့ နလပိန်းတုံးလေးတယောက် မရဲတရဲနဲ့ စကားလာပြောတာလို့ ဟာသလုပ်စရာပဲ။ ဒါပေမယ့် စေ့စေ့တွေးရင်လေ ... လူတယောက်အနေနဲ့ ...၊ လူမိသားစုတခု အနေနဲ့ ...၊ နိုင်ငံသားတယောက် အနေနဲ့ ...၊ အင်မတန် တန်ဖိုးရှိတဲ့ လူငယ်တယောက် အနေနဲ့ ... သူ့ခမျာ ဆုံးရှုံးမှုပေါင်းများစွာ ဆုံးရှုံးနေတယ်ဆိုတာ သိလာရလိမ့်မယ်။ ပြန်လည် အစားထိုးမရနိုင်တော့တဲ့ ပထမ ဆုံးရှုံးမှုက အဝေးရောက်နေတဲ့ ဖခင်ဖြစ်သူနဲ့ နှစ်ပေါင်းများစွာ ခွဲခွါနေရလို့ ဖခင်အုပ်ထိန်းမှု မေတ္တာရိပ်မြုံကို သူ မရဘူး။ ဒုတိယ စီးပွားရေးကြပ်တည်းတဲ့ မိသားစုမှာ လူလာဖြစ်ရတဲ့အတွက် ပညာရေးထက် စီးပွားရေးကို ဦးစားပေးခဲ့ရမှန်း ပညာမတတ်တဲ့ သူ့ပုံစံက ပြနေတယ်။

မရဲတရဲ မယုံမရဲနဲ့ ပြူးကြောင်ကြောင်လေး ဖြစ်နေပုံကြည့်ရတော့ သူဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်နိုင်စွမ်း မရှိအောင် ဖန်တီးထားခံရတဲ့ ကျဉ်းကြပ်ခြင်း စိတ်အခံကို ခံစားနေရမယ်လို့ သိနိုင်မယ်။ အများကြီး … အများကြီး ခင်ဗျားတို့လူတွေ၊ ခင်ဗျားတို့နိုင်ငံသားတွေ သိလာ၊ မြင်လာ၊ ခံစားလာကြရမှာပါ။ ကြောက်တတ်တဲ့ လူငယ်တွေ များလေလေ၊ ခင်ဗျားတို့အနာဂတ်မှာ အကြောက်တရားတွေနဲ့ စီးပိုးခံရမှုတွေ များလေလေ ဖြစ်မယ်ဆိုတာ ကျုပ်တော့ တွေးတောင် မတွေးဝံ့တော့ပါဘူးဗျာ။ တကယ် ... တကယ်။

ဟော … သူ့အင်္ကျီဟောင်းလေးထဲက ထုတ်လိုက်တဲ့ ဖုန်းဖိုးပိုက်ဆံ အစုတ်အပြတ်လေးတွေကလည်း ခင်ဗျားတို့ နိုင်ငံသားတွေ ဘယ်လောက် နုံခြာ အောက်တန်းကျနေရတယ် ဆိုတာကို ကိုယ်စားပြုနေပြန်ပါရောလား။ စုတ်ပြတ်ခြင်း၊ ပေရေခြင်း၊ တန်ဖိုးထားမခံရခြင်း၊ လူသားအဖိုးအခ ထိုက်တန်စွာ မခံစားရခြင်း၊ ရှင်းရှင်းဆိုရရင် လူ့အခွင့်အရေးဆိုတာ ချို(ဂျို)နဲ့ လားလို့တောင် မေးရမလောက်အောင် တုံးအောက်မှာ ပြားနေ၊ ပိနေတဲ့ ခင်ဗျားတို့ဘဝတွေက ငွေ ဘယ်ကရမလဲ၊ ဒီနေ့ ဘာနဲ့ဗိုက်ဖြည့်မလဲ ဆိုတာနဲ့ပဲ နေဝင်မိုးချုပ် တကုတ်ကုတ်ဆိုတာ ကျုပ် နေ့တိုင်း မြင်တွေ့နေရတာပဲ။ ကျုပ် ပီဖင်းဂိုးလေး မြင်တာတွေကို ပြောတာနော်။ အမှန်ချည်းပြောလို့ စိတ်မဆိုးနဲ့။ အောက်တန်းကျတယ်လို့ အပြောမခံချင်ရင် အထက်တန်းကျတဲ့ အနေအထားမျိုး ရောက်အောင် ကြိုစားကြပေါ့။

ဟော … ဟော … နောက်တယောက် ဝင်လာပါပြီ။ ကလေးတွေကလည်း စိန်ဗိုလ်တင့် တီးဝိုင်းက ပတ်ဝိုင်းများနှယ် ကျနေတာပဲ။ တွဲလွဲရော၊ ရင်ခွင်ပိုက်ရော၊ ထမိန်ဆွဲရော။ ဆိုင်ရှင်က သူ့နှာခေါင်းကို ရှုံ့ပြီး အဲဒီ ခပ်ဝဝ အမျိုးသမီးကို ကြည့်လိုက်တာ သတိထားမိလိုက်တယ်။ ဧကန္တ သူ့ဆီက အနံ့ပြင်းပြင်းတခုကို ရလို့ နေမှာပေါ့။ ဟုတ်ပါ့၊ အပေါစား ရေမွှေးကို တပုလင်းလုံး လောင်းချလာသလား အောက်မေ့ရတယ်။ သူကလည်း လာပြန်ပြီသေး။ ယိုးဒယားကို ဖုန်းဆက်မလို့တဲ့။ သူ့ယောက်ျားဆီကို ဆိုပဲ။ ကျနော် ခေါ်ပေးလိုက်ပါတယ်။ သူတို့ချင်း ပြောနေကြတာတော့ အစုံပဲ။ သူ့ယောက်ျားက သူများနိုင်ငံမှာ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်၊ မြန်မာပြည်က သူ့မိသားစုကို ပိုက်ဆံတွေ ပြန်ပို့ပြီး ကျွေးမွေးထောက်ပံ့နေတာပါ။ သူ့ယောက်ျားက သူ့သားတွေကို တဦးစီ ဖုန်းပြောတယ်။ သူတို့ ပျော်နေကြတယ်။ အဖေပြန်လာရင် ပါဝါရိန်းဂျား ဝယ်ခဲ့လို့ မပီကလာ ပြောတဲ့ အသံလေးကို ကျနော်တောင် သဘောကျတယ်။

မိန်းမဝဝကြီးက သူ့သားတွေအလှည့်အပြီး သူ့ရဲ့ လက်ရှိစီးပွားရေး အခြေအနေတွေကို သူ့ယောက်ျားသိအောင် ရှင်းပြတယ်။ အလုပ်လုပ်ကိုင်စားဖို့ မလွယ်တဲ့အကြောင်း၊ ငွေရှာရခက်သလောက် ငွေသုံးဖို့ကျတော့ ဟောကနဲ ... ဟောကနဲ ကုန်တတ်တဲ့အကြောင်း၊ ယောက်ျားအနေနဲ့ အဲဒီမှာ ဘာလုပ်ရ လုပ်ရ ရအောင် ကြံဖန်လုပ်ပြီး နေဖို့အကြောင်း၊ မြန်မာပြည်ပြန်လာလို့ကတော့ သားသမီးတွေ ထမင်းငတ်ဖို့သာပြင်ထား ဆိုတဲ့အကြောင်း စုံစေ့နေအောင် ပြောနေပါတော့တယ်။ တခါတခါလည်း သူတို့လင်မယားရဲ့ အသံလေးတွေ တိမ်ဝင်သွားတယ်။ တခါတခါလည်း သက်ပြင်းမောတွေ ချကြတယ်။ တခါတခါလည်း ခိခိဟိဟိနဲ့ ရီနေကြတယ်။ သူ့သားတွေက သူ့အမေမျက်နှာကို တလှည့်၊ ကွန်ပြူတာပေါ်က အရုပ်လေးတွေကို တခါ ကြည့်လိုက်နဲ့ သဘောကျနေကြတယ်။ ဘာပဲပြောပြော သူတို့လေးတွေလည်း အဖရှိရဲ့သားနဲ့ ဝေးနေရတဲ့ဘဝ၊ အဝေးရောက် အဖေကို လွမ်းနေရတဲ့ သားတွေဘဝ၊ နိုင်ငံခြားမှာ ကြုံသလို၊ လျှင်သလို ငွေရှာနိုင်မှ မြန်မာပြည်က သူ့မိသားစု စားပေါက်ချောင်မယ့် ဘဝတွေ ဆိုတာတော့ မြန်မာတပြည်လုံး ကြုံတွေ့နေရတော့ ကြည့်ရတာ သူတို့အတွက် သိပ်မထူးခြားသလိုပါပဲ။

ဟော … ဟော … နောက်မိသားစု လာပါပြီ။ သူကျတော့ ကလေးတွေကို ချီလာတဲ့ မိန်းကလေးတယောက်။ ကလေးလေးတွေက မိန်းကလေး အမွှာဗျ။ အသက်က သုံးနှစ်ကျော်ကျော်လောက်လေးတွေ။ သူတို့ကို ချီလာတာက သူ့အဒေါ်၊ သူတို့အမေရဲ့ ညီမတဲ့။ သူတို့တူဝရီးတွေက ဟိုး…တိုင်းတပါး တိုးတက်တဲ့ နိုင်ငံကြီးမှာ အလုပ်လုပ်နေတဲ့ သူတို့မေမေကို 'ဗွီဇက်အို'လို့ခေါ်တဲ့ အင်တာနက် နည်းပညာနဲ့ ရုပ်မြင်သံကြား စကားတွေ ပြောဖို့လာကြတာတဲ့ ။ ကျနော့်ကိုတော့ မသုံးဘူး။ ဒါပေမယ့် ကျနော် မြင်နေ၊ ကြားနေရတယ်။ ကွန်ပြူတာ မျက်နှာစာမှာ ပေါ်တချက် ပျောက်တချက် ဖြစ်နေတဲ့ သူတို့အမေ မျက်ရည်ဝဲဝဲ ပုံရိပ်လေးကို ကလေးလေးတွေက စိတ်မဝင်စားဘူး၊ အပြင်ထွက်ဆော့မယ် ဆိုတာချည်းပဲ။ သူ့ညီမလုပ်သူကပဲ စကားတွေ ပြောနေတယ်။ သူတို့လည်း ငိုလိုက်၊ မျက်ရည်သုတ်လိုက်နဲ့ပါ။ ဘယ်သူ စိတ်ကောင်းနိုင်မှာလဲ။ မခွဲချင်ဘဲ ခွဲရ၊ တွေ့ချင်ရက် မတွေ့ရ။ မေတ္တာဘယ်လောက်ရှိရှိ ကွန်ပြူတာ ဖန်သားပြင်ပေါ်က ပုံရိပ်ကို သူတို့မိခင်လို့ အသိအမှတ်မပြုတဲ့ ကလေးတို့ဘဝ။

သူတို့လေးတွေရဲ့ ဘဝတွေကိုလည်း စိတ်မကောင်းစွာနဲ့ ကျနော် မြင်လိုက်ရပါသေးတယ်။ သြော် … တိုင်းတပါးမှာ အလုပ်လုပ်နေတဲ့ ကလေးတို့အမေက သူရဲ့ 'ဂျီတော့ခ်' ချက်ဘောက်စ်ပေါ်မှာ သူ့ခံစားချက်လေးကို ရေးတင်ထားသေးတယ်၊ 'ပြန်လာချင်လိုက်တာ သမီးတို့ရယ်' တဲ့။

အဲဒီ သမီးအမွှာလေးတွေအမေခမျာ အိမ်ထောင်ရေးကလည်း ကံမကောင်းရှာဘူးဆိုပဲ။ သစ္စာမရှိတဲ့ သူတို့အဖေက နောက်အိမ်ထောင်ပြုသွား၊ ပြည်တွင်းမှာ စီးပွားရှာဖို့ ခက်ခဲလွန်းတဲ့အတွက် သူတို့အမေကလည်း နိုင်ငံခြားမှာ သွားအလုပ်လုပ်နေရ၊ မတတ်သာ ဒီဘဝ ခပ်ခွါခွါနေရတဲ့ ဒီအမွှာသမီးငယ်လေးတွေ ဘဝကို သနားလိုက်တာ။ သူတို့ဘာသာဘာဝ စကားလေး မပီကလာ/ပီကလာနဲ့ မကြားတချက်/ကြားတချက် မျက်နှာလေး ပေါ်လိုက်ပျောက်လိုက် သူတို့အမေရဲ့ အမေးကို ပြန်ဖြေနေပုံများ။

"မေ့မေ့ကို လွမ်းလား ... သမီးလေး" "ရွမ်းဒါပေါ့ ... မေဂျီး" "မေဂျီး ပန်ရာနော်၊ မီးမီးတို့ မှော်နေမယ်နော်" သူတို့လေးတွေရဲ့နေရာ၊ သူတို့အမေ မိခင်နေရာ ခင်ဗျားတို့ ဝင်ခံစားကြည့်။ ဘယ်သူဘယ်လိုနေမလဲ ...။ ချွဲတတ်ကာစအရွယ် သမီးငယ်ကို ခွဲပြီး ဟိုး … တိုင်းတပါးမှာ သွားနေရတာဟာ ဘာကြောင့်လို့ ခင်ဗျားတို့ထင်သလဲ ... ဘာကြောင့်လဲ?

မနေ့တနေ့ကတင် ခင်ဗျားတို့ မြန်မာဝန်ကြီးချုပ်က ကြေညာတယ်လေ။ စီးပွားရေးတွေ တိုးတက်နေပါတယ်တဲ့၊ ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများနေပါတယ်တဲ့။ ကျုပ်တော့ ရီချင်လိုက်တာ။ အမွှာသမီးလေးတို့ရေ … အဲဒီဆိုင်းဘုတ်တွေ၊ သတင်းစာတွေ၊ ဓါတ်ပုံအထောက်အထားတွေကို သေချာ သိမ်းထားကြပါလို့ပဲ ပြောလိုက်ချင်တော့တယ်။ သမီးတို့ မိမရှိ၊ ဖမဲ့ဘဝနဲ့ လူလားမြောက်လာရအောင် အဓိက ဖန်တီးခဲ့တဲ့ တရားခံဟာ အဲဒီသတင်းစာတွေထဲက လူလိမ်ကြီးတွေကြောင့် ဖြစ်တဲ့အကြောင်း ကြီးပြင်းအရွယ်ရောက်လာတဲ့ အချိန်ကျရင် သမီးတို့ နားလည်လာလိမ့်မယ်လို့သာ ပြောချင်တော့တယ်။

အင်း … သူတို့လေးတွေ ငိုမဲ့ငိုမဲ့နဲ့ ပြန်သွားကြပြီ။ ကလေးတယောက်ကို ခါးထစ်ခွင်ချီ၊ နောက်တယောက်ကို လက်မှာဆွဲ မျက်ရည်တွဲလဲနဲ့ ခွဲသွားကြရပြန်ပြီ။ စောစောကတွေ့ခဲ့တဲ့ သူတို့အမေရဲ့ ပုံရိပ်လေးလည်း ကွန်ပျူတာဖန်သားပြင်ပေါ်က ပျောက်သွားပြီပဲ။ သြော် … ဒါကြောင့် ဟိုတနေ့က လာသွားတဲ့ ကလေးလေး တယောက်ပြောတာပဲ၊ သူ့အဖေ ဘယ်မှာနေလဲလို့မေးရင် အိမ်က တီဗွီကြီးကို လက်ညှိုးထိုးပြတယ်တဲ့။ သူမွေးပြီးကတည်းက သူ့အဖေဆိုတာကို ကွန်ပျူတာ ဖန်သားပြင်မှာပဲ မြင်ဖူးတော့ သူ့အသိစိတ်ထဲမှာ သူ့အဖေဟာ အဲဒီဖန်သားပြင်ထဲမှာ နေတယ်လို့ပဲ စိတ်စွဲနေတာ ဖြစ်နိုင်တာပေါ့။ တိုးတက်နေပါတယ်ဆိုတဲ့ ကမ္ဘာကြီးရေ … မေတ္တာတို့ ရှိပါသော်လည်း ပေးခွင့်၊ ခံယူခွင့်၊ ငြိမ်းချမ်းခွင့်မရတဲ့ မြန်မာနိုင်ငံသားတို့ဘဝကို လာကြည့်ကြပါအုံးလို့သာ ကျုပ် ... အော်ဟစ်လိုက်ချင်တော့တယ်။

ဟော … ဟော … ပြောရင်းဆိုရင်း နိုင်ငံပိုင်သတင်းစာကြီးထဲ ဘယ်တော့မှမပျက်တဲ့ မီး၊ အခု မီးပျက်သွားပြန်ပြီ ကျုပ်ဘဝ ခဏတာ အမှောင်ကျ အသက်သေပြီပေါ့ …။ မီးပြန်လာမှ ပြန်လာပြောပြဦးမယ်။

Ref: http://www.yoma3.org/index.php?option=com_content&view=article&id=497:2010-02-20-03-42-48&catid=46:2008-09-21-07-47-53&Itemid=129

No comments: