(၁) ကိုယ်ကိုယ်တိုင်လက်ခံထားတဲ့ အချစ်ရဲ့အဓိပ္ပာယ်
ဖိုးကျော် – ကျွန်တော့်အမြင်နဲ့ပြောရမယ်ဆိုရင် လူတစ်ယောက်က တခြားတစ်ယောက်ပေါ် ဘယ်လောက်ချစ်နိုင်သလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်။ အဲဒီ့အချစ်ရဲ့အတိမ်အနက်နဲ့ အသွားအလာပေါ်မှာပဲ မူတည်ပါတယ်။
သုနြေ္ဒဦး - အချစ်က ချစ်ဖို့ကောင်းပါတယ်။
အနဂ္ဂ - ပျော်ရွှင်စရာကောင်းတဲ့အရာလို့ခံယူထားပါတယ်။
သံသာဝင်း - အချစ်ဆိုတာ အရမ်းကို နူးညံ့သိမ်မွေ့တဲ့အရာလို့ မသံသာ ခံယူထားပါတယ်။
ရသ – အချစ်က everything၊ အချစ်မရှိရင် nothing။
အေသင်ချိုဆွေ – အချစ်ဆိုတာ အေသင့်အနေနဲ့ နားလည်မှုလို့ပဲခံယူတားပါတယ်။ တစ်ယောက်နဲ့တစ်ယောက်ချစ်ရင် ပြီးရောဆိုတဲ့ အစွဲတွေနဲ့လည်း ချစ်လို့မပြီးသေးပါဘူး။ နားလည်မှုဆိုတာလည်းရှိသင့်ပါတယ်။ အဲဒါမှပဲ ဒီနှစ်ယောက်က သဘောတူညီပြီး နားလည်မှုနဲ့ သူ့အပြစ်ကိုလည်းမကြည့်၊ ကိုယ့်အပြစ်လည်းမကြည့်ဘဲ ဖြစ်တတ်တဲ့ သဘောလေးတွေကို နားလည်ခွင့်လွှတ်တတ်တဲ့ချစ်သူမျိုး၊ အချစ် ကိုလည်း အဲဒီလိုပဲခံယူထားပါတယ်။
(၂) ကိုယ့်စိတ်ကူးထဲက ချစ်သူ့ပုံရိပ်နဲ့ လက်တွေ့မှာတွေ့ကြုံရတဲ့ အချစ်က ထပ်တူညီမှုရှိလား၊ ဒါမှမဟုတ် ကွဲပြားမှုရှိလား။
ဖိုးကျော် – စိတ်ကူးထဲက ပုံရိပ်ဆိုတာကိုလည်း ကျွန်တော်က စံတစ်ခုအနေနဲ့မထားပါဘူး။ အဓိကကတော့ ကိုယ်ကချစ်နေရင် ပြီးတာပဲ။ ကုန်ကုန်ပြောရရင် သူကမချစ်ရင်တောင်မှပေါ့။
သုနြေ္ဒဦး - ကိုယ့်ရဲ့ချစ်သူက အရမ်းချောဖို့တော့ မလိုပါဘူး။ အခုသူ့ပုံစံမျိုးကိုကြိုက်တယ်။ ယောက်ျားပီသတာမျိုးပေါ့။
အနဂ္ဂ - ရှိပါတယ်။ ကိုယ့်စိတ်ကူးထဲက ပုံစံအတိုင်းလည်းဖြစ်ပါတယ်။
သံသာဝင်း - ရှင်းရှင်းပြောရရင် စိတ်ကူးထဲမှာ ပုံဖော်ထားတဲ့ ချစ်သူပုံရိပ်ဆိုတာမျိုးတစ်ခါမှမရှိခဲ့ဖူးဘူး။ချစ်သူတစ်ယောက်ထားရင် ဘယ်တော့မှ စံနဲ့ရွေးပြီးမထားဘူးပေါ့နော်။
ရသ – ကျွန်တော့်စိတ်ကူးထဲမှာ ဘယ်သူ့ကိုမှ မမှန်းဖူးပါဘူး။ စိတ်ကူးထဲက ချစ်သူပုံရိပ်ဆိုတာ ကျွန်တော့်မှာ မရှိပါဘူး။ စိတ်ကူးထဲက ချစ်သူဆိုတာက အပြင်မှာရှိနိုင်မှာမှ မဟုတ်တာ။
အေသင်ချိုဆွေ – အခုလောလောဆယ်မှာတော့ အေသင်လိုချင်တဲ့ အချစ်မျိုးကို လုံးဝမရသေးပါဘူး။ လုံးဝကိုကွဲပြားနေပါတယ်။ ဒါပေမဲ့ နောက်တော့ရလာမယ်လို့ထင်ပါတယ်။
(၃) တစ်ယောက်နဲ့ တစ်ယောက် တကယ်အချစ်စစ်၊ အချစ်မှန်နဲ့ ချစ်မိကြဖို့ရာမှာ ဘယ်လိုအကြောင်းတရားတွေ ကအဓိက ကျတယ်လို့ထင်လဲ။
ဖိုးကျော် – ကျွန်တော် ပထမဦးဆုံးပြောတဲ့စကားပဲပေါ့။ အဲဒီတစ်ယောက်ကိုပဲ ကျန်တဲ့တစ်ယောက်က ဘယ်လောက်ထိ ချစ်ပေးနိုင် သလဲဆိုတာပဲပေါ့။ ဘယ်လောက်ချစ်မှာလဲဆိုတာထက် ကျွန်တော်ဘယ်လောက် ချစ်နိုင်လဲပေါ်မှာပဲ မူတည်ပါတယ်။
သုနြေ္ဒဦး - တစ်ယောက်နဲ့တစ်ယောက်နားလည်မှုရှိရင်တော့ အဆင်ပြေမယ်လို့ထင်တယ်။ တစ်ယောက်အကြောင်း တစ်ယောက် သိပြီး တစ်ယောက်လိုအပ်ချက်ကို တစ်ယောက်ဖြည့်ဆည်းပေးနိုင်ရင်ကောင်းတာပေါ့။
အနဂ္ဂ - အချစ်မှာ ဘယ်အချက်တွေ လိုအပ်တယ်ဆိုပြီး ရှိခဲ့တာမျိုးတော့ ကျွန်တော်မသိဘူး။ ရှိလား၊မရှိလားဆိုတာလည်း ကျွန်တော်မသိ ဘူး။ ဒါမျိုးတွေရလား၊မပါရဘူးလားဆိုတာ စဉ်းစားထားဖို့ လိုအပ်လား။ ဘောင်တွေစည်းတွေကနေ စဉ်းစားမယ်ဆိုရင် မလွတ်လပ်တဲ့သ ဘောဆောင်မယ်လို့ထင်ပါတယ်။ အဲလိုဘောင်တွေ စည်းတွေထဲမှာ ရှိရမယ်လို့ ကျွန်တော်မမြင်တတ်ပါဘူး။
သံသာဝင်း - အဲဒါက ချစ်တဲ့သူနှစ်ယောက်အပေါ်မူတည်နေတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်ယောက်နဲ့တစ်ယောက်စိတ်သဘောချင်း တူဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလေ။ ဘယ်ဟာ အဓိကကျလဲဆိုတော့ ဒီလူတစ်ယောက်နဲ့ ချစ်မိတဲ့အခါကျမှ သူဘာတွေလိုအပ်လဲဆိုတာ သိမှာလေ။
ရသ – နံပါတ်တစ် အဓိကက ကိုယ့်ဟာကိုယ် ပိပိရိရိလိမ်နိုင်ရမယ်။ ငါဒီကောင်မလေးကိုပဲ ချစ်တယ်။ ဒီကောင်မလေးက လွဲရင်ဘယ်သူ့ ကိုမှ မချစ်ဘူး။ ဒီကောင်မလေးကိုပဲ ချစ်မှရမယ်ဆိုပြီး ကိုယ့်ဟာကိုယ်ပိပိရိရိ လိမ်နိုင်ရမယ်။ အဲဒါကိုပဲ လူတွေက သစ္စာရှိတယ်လို့ နာမည် ပေးကြသေးတယ်လေ။ ဒါတွေက တစ်ခုပါပဲ။ အချစ်တစ်ခုတည်မြဲဖို့က အဲဒီနှစ်ယောက်လုံးက နောက်ထပ်တစ်ယောက်ထပ်မရှာဖို့ပဲ။
အေသင်ချိုဆွေ – တစ်ယောက်နဲ့တစ်ယောက် အချစ်စစ်၊အချစ်မှန်နဲ့ ချစ်မိဖို့က အဓိကလို့ထင်ပါတယ်။ တစ်ခဏတာ ချစ်တာမဟုတ်ဘဲ တစ်ဘ၀စာချစ်တာကိုလည်းလိုချင်တယ်။ အဓိကကတော့ နားလည်မှုလို့ပဲ ထင်ပါတယ်။
(၄) သူဟာ ကိုယ့်ရဲ့ အချစ်ဦးလား၊ အချစ်ဆုံးလား။
ဖိုးကျော် – အချစ်ဆုံးပေါ့။ အချစ်ဦးဆိုတာတော့ ကျွန်တော့်အသက်အရွယ်နဲ့မဖြစ်နိုင်ဘူးပေါ့။ ကျွန်တော်လည်း ငကဲပဲ။ သူလည်းရည်းစား ထားခဲ့ဖူးတာပဲ။ ကိုယ်လည်း ထားခဲ့ဖူးတာပဲလေ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းနားလည်ထားကြပါတယ်။
သုနြေ္ဒဦး - အချစ်ဆုံးတော့ဖြစ်ချင်ပါတယ်။ အချစ်ဆုံးဆိုတာ ကိုယ့်အတွက် အကုန်လုံးပြီးပြည့်စုံသွားပြီလေ။
ရသ – ကျွန်တော်ပြောမယ်ဆိုရင် ထိပ်ဆုံးမဖြစ်ချင်ဘူး၊ နောက်ဆုံးပဲဖြစ်ချင်ပါတယ်။
အေသင်ချိုဆွေ – အချစ်ဆုံးပဲဖြစ်ချင်ပါတယ်။
(၅) အချစ်ဟာ နီးခြင်း၊ ဝေးခြင်းနဲ့ရော သက်ဆိုင်ပါလား။ အဲဒီအပေါ်မှာရော အချစ်က ပြောင်းလဲသွားတတ်လား။
ဖိုးကျော် – ဆိုင်တယ်လို့ ပြောလို့ရသလို မဆိုင်ဘူးလို့ပြောလို့လည်းရပါတယ်။ အဲဒီအပေါ်မှာထားတဲ့ ကျွန်တော့်အမြင်ကိုရိုးရိုးလေးပြောရ ရင်တော့ စောစောက ကျွန်တော်ပြောခဲ့သလိုပဲ အချစ်ဆိုတာကို နှစ်ဦးသဘောတူ လက်ခံနားလည်ပြီး အဓိပ္ပာယ်ဖွင့်ထားတဲ့ သူတွေရဲ့ ခံစားမှုအတိမ်အနက်နဲ့ပဲ ဆိုင်တယ်လို့ထင်ပါတယ်။
သုနြေ္ဒဦး - အဲလိုတော့ မတည်မီဘူးထင်တယ်။
အနဂ္ဂ - နီးခြင်း၊ ဝေးခြင်းကလား။ ကျွန်တော်လည်း တစ်ခါမှ မကြုံဖူးတော့ မသိဘူး။ တခြားသူတွေအတွက်တော့ ဟုတ်မှာပေါ့။ ကျွန်တော့်အတွက်တော့ အဲ့လိုမရှိပါဘူး။ လက်မခံဘူးရယ်လို့တော့မဟုတ်ပါဘူး။ ကျွန်တော့်မှာ မရှိသေးတဲ့အတွက် ကျွန်တော်မသိ သေးပါဘူး။
သံသာဝင်း - မေမေ့ သီချင်းထဲကလိုပေါ့။ အချစ်စစ်၊ အချစ်မှန်ကို တကယ်ပိုင်ထားကြတယ်ဆိုရင် နေရာတွေ ဘယ်လောက်ဝေးဝေး၊ ဘယ်သူတွေနှောင့်ယှက်နှောင့်ယှက်ပေါ့။ အဓိကကတော့ ကိုယ့်သစ္စာပေါ့။ ကိုယ်ခံယူထားတဲ့ အချစ်၊ ကိုယ့်ရဲ့သစ္စာ၊ ကိုယ့်ရဲ့စိတ်နဲ့ပဲဆိုင် ပါတယ်။ တချို့အနေဝေးလို့ ကွဲသွားတဲ့သူတွေလည်း မြင်ဖူးပါတယ်။
ရသ – ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အထိ လိမ်လို့ရမလဲဆိုတာ ဝေးနေရင်တော့ ကိုယ့်အပေါ်လိမ်လို့ရမှာ မဟုတ်တော့ဘူးလေ။ အချိန်၊ နေရာတွေ သပ်သပ်စီဖြစ်နေတဲ့ နှစ်ယောက်ကတော့ ဘယ်လိုမှမဆုံနိုင်ပါဘူး။ ဆုံလာခဲ့ရင်တော့ အဲဒါက ဘ၀အဆက်ဆက်က ရေစက်ပေါ့နော်။
အေသင်ချိုဆွေ – ဆိုင်ပါတယ်။ အနေနီးရင် ပိုနီးစပ်တယ်ပေါ့နော်။ အနေနီးရင် သံယောဇဉ်ပိုဖြစ်တယ်။ ဒါပေမဲ့လည်း နိုင်ငံခြားရောက် နေတဲ့ ချစ်သူတွေလည်းရှိတတ်ပါတယ်။ ဒါကတော့ ကံပဲပေါ့နော်။ ကိုယ်က တကယ်အချစ်စစ်နဲ့ တွေ့ချိန်တန်ရင် နီးခြင်း၊ဝေးခြင်းနဲ့လည်း ဆိုင်လည်းဆိုင်တယ်၊ မဆိုင်လည်း မဆိုင်ဘူး။ အဲဒါက ကိုယ့်အပေါ်မှာပဲ မူတည်တယ်။ ကိုယ်က သစ္စာရှိရင် နီးနီးဝေးဝေး ချစ်ကြတာပဲ။ အချစ်ကို ခဏပဲဆိုရင်တော့ ဝေးသွားရင် ပိုဆိုးမှာပေါ့။
(၆) လူတွေက ပြောကြတယ်လေ။ အချစ်နဲ့အမုန်းဟာ ကျောချင်းကပ်နေတယ်လို့...ဘယ်လိုထင်လဲ။
အေသင်ချိုဆွေ – အချစ်ကြီးရင် အမုန်းကြီးတယ်ပေါ့။ အရမ်းချစ်နေတဲ့ ချစ်သူတစ်ယောက်က အားလုံးကို ခွင့်လွှတ်နိုင်တယ်။ ဒါပေမဲ့ သူမကြိုက်တာ တစ်ခုကိုလုပ်ရင်တော့ မုန်းသွားကြမှာပဲ။ ကိုယ်ကတော့ အရမ်းချစ်ရတယ်။ သူကတော့ ပေါ့ပေါ့ပျက်ပျက်ထားတယ်ဆိုပြီး မုန်းသွားတာပေါ့နော်။ အဲဒါကြောင့် အချစ်နဲ့အမုန်းက ကျောချင်းကပ်နေတယ်လို့ ပြောကြတာထင်ပါတယ်။ အရမ်းချစ်ပြီးမှ အရမ်းမုန်း သွားတဲ့ သူတွေလည်းရှိကြတာ ဆိုတော့လေ။
ရသ – ဘာကြောင့်လဲဆိုတော့ အချစ်မို့လို့ပြောကြတာ။ တကယ်တော့လူတွေက သူများကိုချစ်တယ်လို့ပြောပြီးတော့ ကိုယ့်ဟာကိုယ် ချစ်နေကြတာ။ မင်းကိုငါချစ်တယ် လို့ပြောလိုက်ပြီးတော့ အဲဒီကောင်မလေးက တခြားကောင်လေးနဲ့ ချစ်တယ်လို့သိတဲ့အချိန်မှာ ဒေါသ တွေပေါက်ကွဲပြီးတော့ အဲဒီကောင်မလေးကို ဓားနဲ့ထိုးသတ်ချင်သတ်မှာပဲ။ အဲဒါတကယ်တမ်း အဖြေထုတ်ရင်တော့ ကောင်မလေးကို ချစ်တာမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ချစ်တာပဲ။ လူတွေက ကိုယ့်ဟာကိုယ် ပြန်ညာနေကြတာပဲ။ အဲဒီလို အချစ်မျိုးတွေကမှ အချစ်နဲ့ အမုန်းက ကျောချင်းကပ်နေတာပါ။ တကယ်တမ်းအချစ်က အဲဒီလိုမဟုတ်ပါဘူး။ သူစိတ်ချမ်းသာစေချင်တယ်။ သူပျော်စေချင်တယ်။ ဒါပေမဲ့ ကိုယ်နဲ့ပတ်သက်ရင် ပိုပျော်စေချင်တယ်။ အတ္တနည်းနည်းလေးတော့ပါရမှာပေါ့နော်။
သံသာဝင်း - အဲဒါက ဖြစ်တော့ဖြစ်နိုင်တယ်။ ချစ်လွန်းအားကြီးရင် သူ့အတွက်ဘာမဆို ပေးဆပ်ချင်နေတာလေ။ လုပ်ပေးချင်တယ်။ နည်းနည်းလေးလွဲသွားတဲ့အခါ ကိုယ်လိုချင်တာနည်းနည်းလေးမရတဲ့အခါကိုယ့်ဘက်က အဲဒီလောက်အထိ ပေးဆပ်ထားပြီးတော့ ဆိုပြီး အရမ်းကြီးချစ်လွန်းအားကြီးတော့ အရမ်းကြီးအမျက်ကြီးတာပေါ့။ ဒါပေမဲ့ ဒီလူကိုတကယ်ချစ်ရင် တကယ်ပေါင်းချင်ရင် ခွင့်လွှတ်ပြီးတော့ စိတ်ချမ်းချမ်းသာသာလေး သွားရရင်တော့ အကောင်းဆုံးပေါ့။ နို့မို့ဆို ရလဒ်က ကိုယ်ချစ်တဲ့ သူနဲ့ကွဲသွားမှာပေါ့။
အနဂ္ဂ - အဲဒါက သတ်မှတ်တဲ့ သူပေါ်မှာပဲမူတည်ပါတယ်။ တစ်ခုခုကို ဘောင်နဲ့ခတ်ပြီး သတ်မှတ်မယ်ဆိုရင်တော့ ကျဉ်းကျပ်နေမှာပေါ့။
သုနြေ္ဒဦး - မှန်ပါတယ်။ အချစ်ကြီးတော့ အမျက်ကြီးသလိုပေါ့။ ဒါကိုလက်ခံပါတယ်။
ဖိုးကျော် – ကျွန်တော်တို့အတွက်ကတော့ အင်အားလည်းဖြစ်စေပါတယ်။
မနေ့က သရဖူမဂ္ဂဇင်းကိုဖတ်ဖြစ်ပါတယ်။ အဲဒီထဲက ဗယ်လင်တိုင်းနေ့အတွက် အင်တာဗျူးပေါ့လေ အနုပညာရှင်တွေရဲ့ အချစ်ပေါ်အမြင် လေးတွေ။ ကျွန်တော်စိတ်ဝင်စားတဲ့ အမေးတစ်ချို့ကို ကူးရေးကောက်နှုတ်ပြီး ပြန်လည်တင်ပြလိုက်ပါတယ်။ သူတို့ပြောဆိုကြတာတွေ ကအများကြီးရှိပေမဲ့ သိချင်တာလောက်ပဲ ကူးရေးဖြစ်ပါတယ်လို့။
No comments:
Post a Comment