Thursday, September 3, 2009

Can Food Always Buy Your Health?

မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို) ဇီဝကမ္မဗေဒအဖွဲ့နှင့် ဇီဝဓာတုဗေဒအဖွဲ့တို့ ပူးပေါင်း၍ Can Food Always Buy Your Health? "အစားအသောက်များသည် ကျန်းမာရေးအတွက် အမြဲကောင်းပါသလား။" ခေါင်းစဉ်ဖြင့် စာတမ်းဖတ်ပွဲတစ်ရပ် ကို ၁၅၊၈၊၂၀၀၉ ရက်နေ့က ရန်ကုန်မြို့၊သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ခန်းမဆောင်(အေ)၌ ပြုလုပ်ခဲ့ပါတယ်။

အဲဒီပွဲမှာ ပါမောက္ခကြီးများ၊ ဆရာဝန်ကြီးများက စာတမ်းအသီးသီးကို ဖတ်ကြားတင်ပြသွားပါတယ်။ စိတ်ဝင်စားဖွယ်ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားရာမှာ သူငယ်ချင်းတို့ ဖတ်ရှုအဆင်ပြေစေဖို့ ခေါင်းစဉ်ခွဲ (၅)ခုဖြင့် တင်ပြသွားမှာပါ။ ဖတ်ရှုအဆင်ပြေစွာဖြင့် ကျန်းမာရေးဗဟုသုတများရရှိပါစေကြောင်း ဆန္ဒပြုလိုက်ရကြောင်းပါ။

(၁) Junk Food
အမှိုက်သရိုက်အစားအစာများ (Junk Food) ဟူသောခေါင်းစဉ်ဖြင့် ဟောပြောမှုမှ ကောက်နှုတ်တင်ပြပါသည်။


(Junk Food) ဟူသော စကားလုံးသည် လွန်ခဲ့သည့်နှစ်ပေါင်း၃၅နှစ်ခန့်က မိုက်ကယ်ဂျက်စ်ကော့ဘ်စင်(Michael Jacobson) ဆိုသူက ပထမဦးဆုံး သုံးစွဲခဲ့ကြောင်းသိရသည်။ စောစောပိုင်းနှစ်များက အဟာရဓာတ်ကြွယ်ဝပြီး လူကြီးများ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းမဟုတ်သော အစားအစာများကို ဆန့်ကျင်ပြောဆိုခဲ့ခြင်းဖြစ်သည်။ Junk Food ဆိုသည်မှာ ကယ်လိုရီမြင့်မားစွာ ပါဝင်ပြီး အဟာရဓာတ်နည်းပါးကာ လူတို့အတွက် များသောအားဖြင့် ဆိုးဝါးသောအစား အစာများကို ဆိုလိုသည်။

၎င်းအစားအစာများတွင် –
(၁) သကြားဓာတ်မြင့်မားစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၂) အဆီဓာတ်လွန်ကဲစွာ ပါဝင်ခြင်း သို့မဟုတ်၊
(၃) ဆားဓာတ်မြင့်မားစွာပါဝင်ခြင်း သို့မဟုတ်၊
ဖော်ပြခဲ့သည့် သကြား၊ အဆီ၊ အငန်မြင့်မားစွာပါဝင်သော အစားအစာအမျိုးအစားအားလုံးကိုခေါ်ပါ သည်။

မရှိမဖြစ် လိုအပ်သော အဟာရဓာတ်များမှာ –
(၁) လုံလောက်သောရေ၊ (၂) လုံလောက်သောကယ်လိုရီ၊ (ကာဗိုဟိုက်ဒရိတ်၊ ပရိုတိန်းဓာတ်နှင့် အဆီတို့မှ တစ်ဆင့် ရရှိသည်)။ (၃) သတ္တုဓာတ်များ၊ (၄) ဗီတာမင်ဓာတ်များဖြစ်သည်။


မည်သည်အစားအစာကို စားမည်နည်းဟုရွေးချယ်ရာတွင် သိထားသင့်သော အချက်များရှိပါသည်။ ကယ်လိုရီဖြည့်ပေးခြင်း ကို အဆုံးအဖြတ်ပေးနေသည့်အချက်များမှာ –
(၁) ဇီဝကမ္မဗေဒဆိုင်ရာအချက်များ၊ (၂) အရသာ၊ (၃) စီးပွားရေးအခြေအနေတို့ ဖြစ်ကြောင်းသိရသည်။ ခန္ဓာကိုယ် အားတည်ဆောက်ပေးမည့် အသားဓာတ်၊ စွမ်းအင်ထုတ်လုပ်ပေးမည့် ကာဗိုဟိုက်ဒရိတ်နှင့် အဆီ၊ရောဂါကာကွယ်မှုပေး သောအစားအစာများ၊ ဗီတာမင်၊ သတ္တုဓာတ်နှင့် ရေတို့ မှန်ကန်သော ပမာဏပါဝင်သည့် အစားအစာတစ်ခုဖြစ်ဖို့လိုသည်။

အသားဓာတ်နှင့် အမိုင်နို အက်စစ်ဓာတ်များ ဘာကြောင့်လိုအပ်ရသလဲဆိုလျှင် ၄င်းတို့က ခန္ဓာကိုယ်ကိုတည်ဆောက်ပေး ခြင်း၊(စီးထရစ်) အက်စစ်စက်ဝန်းတွင် ပြောင်းလဲပါဝင်ခြင်း၊ ဟော်မုန်းများ ထုတ်လုပ်ရာတွင်ပါဝင်ခြင်း၊ ယူရီးယားစက်ဝန်း တွင် ပါဝင်ခြင်းနှင့် သက်ရှိများအတွက် အရေးကြီးသော ဒြပ်ပေါင်းဖြစ်သည့် CoA တွင် ပါဝင်ခြင်းတို့ကြောင့်ဖြစ်ပါသည်။ တိရစ္ဆာန်မှရရှိသော အသားဓာတ်သည် Grade (1) ဖြစ်ပြီး ဟင်းသီးဟင်းရွက်၊ပဲ စသည်တို့မှရရှိသော အသားဓာတ်သည် Grade (2) ဖြစ်သည်။ အသားဓာတ် (1) ဂရမ်တွင် ကယ်လိုရီ(4.1) ရရှိနိုင်သည်။

အဆီများလိုအပ်ရခြင်း အကြောင်းရင်းမှာ ၄င်းတို့က စွမ်းအင်ကိုပေးသည့် ကလာပ်စည်းနံရံ(cell membrance)တွင် ပါဝင် သည်။ စတီးရွိုက်ဟော်မုန်း၊ ဗီတာမင် ဒီနှင့် သည်းခြေဆားများ ထုတ်ထုပ်မှုတွင် ပါဝင်သည်။ အပူဓာတ်၊ လျှပ်စစ်ဓာတ် တို့နှင့် ပတ်သက်၍လည်း ပါဝင်ပြီး အဆီတွင်ပျော်ဝင်သော ဗီတာမင်များကိုလည်း သယ်ယူပို့ဆောင်ပေးသည်။ အခြားသော ဟော်မုန်းများဖြစ်ပေါ်မှုတွင် ပါဝင်သည်။
ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လိုအပ်ခြင်းအကြောင်းရင်းက ၄င်းတို့သည်အရေးကြီးသော လုပ်ငန်းစဉ်များအတွက် အကောင်း ဆုံးသော အင်အားအရင်းအမြစ်ဖြစ်သည်။ ဦးနှောက်အတွက် အင်အားများထောက်ပံ့ပေးသည်။ ထို့အပြင် အခြားသော အရေးကြီးလုပ်ငန်းတာဝန်များတွင် ပါဝင်ကြောင်းသိရသည်။

ဗီတာမင်နှင့် သတ္တုဓာတ်များ ဘာကြောင့် လိုအပ်သလဲဆိုသည်ကိုလည်း ဆွေးနွေးခဲ့သည်။ ဥပမာ – ဟီမိုဂလိုဘင်အတွက် သံဓာတ်၊ အင်ဆူလင်ဟော်မုန်းအတွက် ဇင့်သတ္တုဓာတ်အရေးကြီးပုံစသည်တို့ကို ပြောပြခဲ့သည်။

ယဉ်ကျေးမှုပြောင်းလဲခြင်း Cultural Shift ကြောင့် စားသောက်မှုပုံစံပြောင်းလဲလာပုံကိုလည်း ဆွေးနွေးခဲ့သည်။
လွန်ခဲ့သည့်မျိုးဆက်တစ်ခုတုန်းက အမြန်စာ Fast Food ဆိုသည်မှာ တစ်ခါတစ်ရံမှသာ စားလေ့ရှိသော အစားအစာဖြစ်ပြီး ယနေ့ခေတ်တွင်မူ တိုးတက်များပြားလာသော ကလေးငယ်များအတွက် နေ့စဉ်စားသော အစားအစာတစ်ခု ဖြစ်နေသည်။ ယနေ့ခေတ်မျိုးဆက်သစ်ကို the Junk Food Generation ဟုပင်ခေါ်ဆိုနေရကြောင်း သိရသည်။ ကုန်ထုတ်လုပ်မှု မြှင့်တင်လာသည်နှင့်အမျှ အစားအစာနှင့် ကစားစရာများသည် ဆက်နွှယ်လျက်ရှိကြောင်း ရှင်းပြခဲ့သည်။

အမြန်စာ Fast Food များသည် ညစ်ညမ်းစာပေ Pornography နှင့်အလားတူပင်ဖြစ်သည်ဟု ဆိုထားကြောင်းသိရ၏။
အမှိုက်သရိုက်စာ Junk Food နမူနာများမှာ ဘာဂါမုန့်၊အိုက်စ်ခရင်မ်၊ ခရက်ကာ၊ ဝေဖာမုန့်များ၊ ဒိုးနတ်မုန့်၊ သကြားလုံး၊ အားလူးချောင်းကြော်၊ပေါက်ပေါက်၊ ဆိုဒါအချိုရည်၊ အရသာရှိအောင် လုပ်ထားသော ပီကေစသည်တို့ဖြစ်သည်။

အမှိုက်သရိုက်စာများကို စားခြင်းကြောင့် ကယ်လိုရီလွန်ကဲစွာရရှိပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်ထဲ၌ အဆီအဖြစ်သိမ်း ဆည်း သိုလှောင်ထားရသည်။ ၄င်းတို့ကိုနှစ်ပေါင်းများစွာ စားသုံးနေခဲ့ကြပြီး ဗီတာမင်ချို့တဲ့သည့်ပြဿနာများ၊ နှလုံးရောဂါ၊ ပန်းသေပန်းညှိုးဖြစ်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ သွေးတိုးရောဂါဖြစ်ခြင်း၊သွေးတွင်းကိုလက်စထရောဓာတ် မြင့်မားခြင်း၊ သည်းခြေအိတ်ကျောက်တည်ခြင်း၊ အဆစ်ရောင်ခြင်း၊ဂေါက်ရောဂါဖြစ်ခြင်း စသည်တို့ ဖြစ်ပေါ်လာရသည်။

Junk Food များကို လုံးဝငြင်းပယ်သင့်သလားဆိုရာတွင် အဟာရပြည့်ဝလုံလောက်သော ခန္ဓာကိုယ်အနေဖြင့် Junk Food များတစ်ခါတစ်ရံ စားခြင်းကို ခွင့်ပြုနိုင်ကြောင်း၊ သို့သော် ယနေ့ခေတ်လူအများစုသည် များကိုရှောင်ရှားရန် ရင်ဆိုင်နိုင်ခြင်း မရှိကြောင်း သိရသည်။

Junk Food များကိုစားသုံးရခြင်းအကြောင်းရင်းမှာ ၄င်းတို့သည် (၁) ဈေးနှုန်းချိုသာခြင်း၊ (၂)အလွယ်တကူ ရရှိနိုင်ခြင်း၊ (၃) အရသာရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း သိရသည်။

၎င်းအစားအစာ အများစုသည် စီမံထုတ်လုပ်ထားသော လုပ်ငန်းစဉ်ဖြင့် ပြုလုပ်သည့် အစာများဖြစ်လေ့ရှိပြီး ၄င်းတို့အထဲ တွင် အဟာရဓာတ်အနည်းငယ်မျှ သို့မဟုတ် လုံးဝမပါရှိသော အစာများဖြစ်သည်။

ထိုအစာအများစုကို တာရှည်ခံရန်အတွက် ဓာတုပစ္စည်း ဥပမာ – Hydrogenated Vegetable Oil ကိုထည့်သွင်း အသုံးပြုထားသည်။
ထိုအစာများထဲတွင် အသုံးပြုသော ဟင်းသီးဟင်းရွက်များနှင့် အသားများသည် အမြန်အထွက်တိုးရန်အတွက် ဟော်မုန်းဓာတုပစ္စည်းများ သုံးထားသည်။

ထိုအစာများကို မျက်စိပသာဒဖြစ်စေရန် ဆိုးပေးလေ့ရှိသော ဆိုးဆေးအမျိုးအစားများ၏ စာရင်းနှင့် မည်ကဲ့ သို့သောအစားအစာမျိုးတွင် တွေ့နိုင်သည်၊ မည်ကဲ့သို့သော ဆိုးကျိုးများပေးနိုင်သည် စသည်တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့သည်။

Junk Food များနှင့် ပတ်သက်၍ သုတေသနပြုလုပ်ထားမှုများနှင့် တွေ့ရှိထားချက်များအကြောင်းကိုလည်း နမူနာများပေး၍ ဆွေးနွေးခဲ့သည်။

ဟင်းချိုမှုန့်ဟု အသိများသော Monosodium Glutamate (MSG) ၏ ဆိုးကျိုးများအကြောင်းကို အသေးစိတ် ဆွေးနွေးခဲ့သည်။
ချိုစေသော သကြားတုများအကြောင်းကိုလည်း ဆွေးနွေးခဲ့သည်။

Aspartame ကဲ့သို့သော သကြားတုဆိုလျှင် သာမန်သကြားထက် အဆ၂၀၀ခန့်ပို၍ချိုသည်။ ဖွံ့ဖြိုးကြီးထွားစ အရွယ်ကလေးများ၏ ဦးနှောက်အပါအ၀င် အာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်းသိရသည်။ ခန္ဓာကိုယ်ထဲရောက်သည့်အခါ ဓာတုပစ္စည်းများအဖြစ် ပြိုကွဲသွားပြီး တက်ခြင်း၊ ဦးနှောက်ဖွံ့ဖြိုးမှုထိခိုက်ခြင်းစသည်တို့ ဖြစ်စေနိုင်သည်။ ကိုယ်ဝန်ဆောင်မိခင်များတွင် အချင်းမှ တစ်ဆင့်ဖြတ်၍ သန္ဓေသားထံရောက်ကာ ထိခိုက်စေနိုင်သည်။ အ၀လွန်ခြင်းရောဂါဖြစ်စေနိုင်သည်။

Saccharine ဆိုလျှင်သာမန် သကြားထက် အဆ၃၅၀ပို၍ချိုသည်။ သွေးတွင်းသကြားဓာတ်နှင့် အစာခြေလုပ်ငန်း၊ သွေးခဲ ခြင်းဖြစ်စဉ်တို့ကို ထိခိုက်စေနိုင်သည်။ ဆီးအိမ်၊ သားအိမ်၊ သားဥအိမ်၊အရေပြားနှင့် ၄င်းသွေးကြောများကို ကင်ဆာ ဖြစ်စေ နိုင်ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားရသည်။ ကို ပျက်စီးစေပြီး မွေးရာပါ ချို့ယွင်းမှုများလည်း ဖြစ်စေနိုင် ကြောင်း တိရစ္ဆာန်များတွင် စမ်းသပ်တွေ့ရှိထားသည်။ အ၀လွန်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။

ဖျော်ရည်များတွင် အသုံးပြုလေ့ရှိသော အချိုတု High Fructose Corn Syrup (HFCS) အကြောင်းကိုလည်းဆွေးနွေး ခဲ့ပါသည်။
အမှိုက်သရိုက်အစားအစာများစားခြင်းကြောင့် ကျောင်းသားငယ်များသည် စာသင်ခန်းအတွင်းအနုတ်လက္ခာဏာ ဆောင်သော အပြုအမူ တံ့ပြန်မှုများ Negative Behaviour Reactions ဖြစ်ပေါ်စေသည်။

ဆရာဝန်များအနေဖြင့် ပြဿနာ၏အရင်းအမြစ်ဖြစ်သော အမှိုက်သရိုက်အစာကို မစဉ်းစားမိကြဘဲ ထိုအပြုအမူများကို ဖုံးကွယ်သွားစေသည့် ဆေးဝါးများပေးတတ်ကြသည်။ ထိုဆေးဝါးများကြောင့် ဘေးထွက်ဆိုးကျိုးများ၏ ဒဏ်ကိုလည်း ခံကြရပြန်သည်ဟူ၍ စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

Hydrogenated Oils များ၏ ဆိုးကျိုးများအကြောင်းကိုလည်းရှင်းလင်းခဲ့သည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးစားသုံးသော အစားအစာများကြောင့် မွေးလာသည့်ကလေးအပေါ်မည်ကဲ့သို့ အကျိုး သက်ရောက်မှုများဖြစ်ပေါ်လာနိုင်သည်ဆိုသော အချက်နှင့်ပတ်သက်၍လည်း ဆွေးနွေးရှင်းလင်းခဲ့သည်။
အိုမီဂါ(၃)အဆီအက်စစ်၏ ဦးနှောက်အတွက် မရှိမဖြစ်လိုအပ်ပုံအကြောင်းနှင့် အိုမီဂါ(၆)အဆီအက်စစ်၏ ထိခိုက် စေနိုင်ပုံအကြောင်းများကိုလည်း ပြောပြခဲ့ပါသည်။

လူတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးသည် မိမိတို့စားသောက်သော အစားအစာများ အပေါ်တွင် မူတည်လျက်ရှိကြောင်းနှင့် Junk Food အမှိုက်သရိုက်အစားအစာများအား ပုံမှန်သဘောမျိုး စားသောက် ခြင်းမပြုရန်၊ သို့မှသာလျှင် အရွယ်မတိုင်မီ ကျန်းမာရေး ချို့ယွင်းမှုမဖြစ်စေနိုင်မှာဖြစ်ကြောင်း ဆွေးနွေးရင်း နိဂုံးချုပ်ခဲ့ ပါသည်။
စာကြွင်း ။ ။ ပါမောက္ခဒေါက်တာမြတ်သန္တာ၊ ဌာနမှူး ၊ ဇီဝကမ္မဗေဒဌာန၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ၏ အမှိုက်သရိုက်အစားအစာများ စာတမ်းမှ။

No comments: