Friday, September 25, 2009

အလှမ်းကျယ် အလယ်မလပ်ကြစေဖို့

'ကိုဝင်း ရောက်နေတာ ကြာပြီလားဗျ'

'သိပ် မကြာသေးပါဘူးဗျာ၊ ဒါနဲ့ ခင်ဗျား စောစောရောက်နေနှင့်မယ်လို့ ပြောထားပြီး ဘာလို့နောက်ကျနေတာလဲ၊ ကျွန်တော်ဖြင့် ရေနွေးတစ်အိုး ကုန်တော့မယ်'

'ဆောရီးဗျာ၊ လမ်းမှာ ထီဆိုင်တွေ့တာနဲ့စိတ်ကြိုက်ဂဏန်းအတွဲလေးတွေ ရွေးထိုးနေလို့ နည်းနည်းနောက်ကျသွားတာပါ၊ သည့်အတွက်ကနေ့ လက်ဖက်ရည်ဖိုးကို ကျွန်တော်ပဲ ရှင်းပါ့မယ်ဗျာ'

'ဒီလိုဆိုတော့လည်း ရှိစေတော့ပေါ့ဗျာ၊ အဲ-ခင်ဗျားထီပေါက်ရင်တော့ ဒီလောက်နဲ့မရဘူးနော်'

'ဟောဒီက အထူးမင်္ဂလာစုံတွဲကြီး ပေါက်လို့ကတော့ ခင်ဗျားကြိုက်တဲ့ဟိုတယ် ပြောစမ်းဗျာ'
'ဟ၊လုပ်လှချေလား ကိုယ့်လူရဲ့၊ ခင်ဗျားထီထိုးတာကလည်း ဈေးဖိုးတစ်ပတ်စာလောက် ရှိနေပါ့လား၊ ကံစမ်းတယ် ဆိုပေမယ့် ကိုယ့်ဝင် ငွေနဲ့ ထွက်ငွေမျှအောင် ချင့်ချင့်ချိန်ချိန်လေး လုပ်ဦးမှပေါ့ဗျာ'

'ဒီတစ်ခါတော့ မချင့်ချိန်တော့ဘူးဗျာ၊ ခင်ဗျားတို့ ကျွန်တော်တို့လို ၀န်ထမ်းတွေအဖို့ ဒီတစ်သက် တိုက်နဲ့၊ခြံနဲ့၊ ကားနဲ့ နေနိုင်ဖို့ဆိုတာ အားကိုးစရာ ဒီထီကလေးပဲ ရှိတာဗျ၊ လှံထမ်းလာတာ မြင်ရပေမယ့် ကံထမ်းလာတာ မမြင်ရဘူး ဆိုတဲ့ စကားလည်း အရှိသားမဟုတ်လား'

'ကံယုံပြီးဆူးပုံနင်း ရာလည်း ရောက်နေပါဦးမယ် ကိုလင်းရယ်'

'ကံသာလျှင်အမိ ကံသာလျှင်အဖ ဆိုတဲ့ ဗုဒ္ဓရဲ့စကားရှိသေးတယ်လေဗျာ၊ ခင်ဗျားက ကံကိုမယုံရအောင် ဗုဒ္ဓဘာသာဝင် မဟုတ်သလိုပါ ဘဲလား၊ ခင်ဗျားကြည့်ရတာ အခုခေတ်ပေါ် အနောက်တိုင်းဒဿနတွေကို အားကျပြီး ကံကိုပစ်ပယ်ချင် လာပြီ ထင်တယ်'
'ဘယ်ကလာ အနောက်တိုင်းဒဿနတွေကို အားကျရမှာလဲ ကိုလင်းရယ်၊ ကျွန်တော်တို့ဘ၀မှာ တစ်ခါသေဖူးကတည်းက ပျဉ်ဖိုး နားလည်ခဲ့ပြီးပါပြီဗျ'

'ဒါဆို ခင်ဗျားက ကံ-ကံရဲ့အကျိုးကို ယုံကြည်ဖို့ကိစ္စမှာ ဘာလို့ အတွန့်တက်ချင်နေရတာတုံး၊ အတော်ပါပဲ၊ တလောကဖတ် လိုက်ရ တဲ့ဆောင်းပါးတစ်ပုဒ်ထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး ကျွန်တော်ကြိုက်တဲ့ စာသားလေးတွေကူးထားတဲ့ စာရွက်ပါလာတယ်၊ ဒါဖတ်ပြမှ ခင်ဗျားအမြင် ကြည်လင်သွားမယ်'

'ဆိုစမ်းပါဦး ကိုလင်းရာ၊ ခင်ဗျားလိုလူက တလေးတစားကူးမှတ်ထားရုံမက တခြားသူကိုပါ ဖတ်ပြချင်လောက်အောင် ဖြစ်နေတယ် ဆိုတော့ စိတ်ဝင်စားစရာကောင်းမှာပါပဲ'
'ဒါပေါ့ဗျာ၊ အထူးသဖြင့် ခင်ဗျားတို့လို ကံကိုမယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေတဲ့လူမျိုးအတွက် သင့်လျော်လို့ တမင် ကူးယူလာတာ'
'ဆောင်းပါးက ဘာအကြောင်းအရာမို့လဲ'

'အဓိက ကတော့ အခုတလော ကျုပ်တို့မြန်မာပြည်က လူငယ်စာရေးဆရာတွေနဲ့ စာဖတ်ပရိတ်သတ်တွေအကြား တစ်ကျော့ပြန် ရေပန်းစားလာတဲ့ အိတ်ဇစ်ဝါဒ နဲ့ ပတ်သက်လို့ပေါ့ဗျာ'

'သြော်......ဖြစ်တည်မှုပဓာန၀ါဒ လို့ မြန်မာလိုပြန်ဆိုကြတဲ့ Existentialism ကိုပြောတာလား'
'ဟုတ်ပါ့ဗျာ၊ အိတ်ဇစ်စတင်ရှယ်လစ်ဇင်းဆိုတော့ ခေါ်ရတာ ရှည်လွန်းလို့ အိတ်ဇစ်လို့ အတိုကောက်သုံးကြတယ်၊ အိတ်ဇစ်ဝါဒပေါ့ဗျာ'

'အေးဗျ၊ တစ်ချိန်က ရုပ်ဝါဒ (Materialism) ကို ကျွန်တော်တို့ ငယ်စဉ်က စိတ်ဝင်စားခဲ့သလို အခုခေတ် လူငယ်တချို့ ကလည်း ခင်ဗျား ပြောတဲ့ အိတ်ဇစ်ဝါဒကို စိတ်ဝင်စားလာကြပြန်တာ တွေ့ရသဗျ၊ ဒီဝါဒနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်ကခေတ်မမီဘူး၊နလပိန်းတုံးပဲ၊ ခင်ဗျားသိရင် နည်းနည်းပါးပါးရှင်းပြပါဦး'

'ကျွန်တော်လည်း ခင်ဗျားနဲ့ထူးမခြားနားပါပဲဗျာ၊ ဒါပေမယ့် ဒီဆောင်းပါး ဖတ်မိတော့ အိတ်ဇစ်ဝါဒကို ဗုဒ္ဓ၀ါဒနဲ့ နှိုင်းယှဉ်တင်ပြထားပုံလေး သဘောကျလို့ပါ'
'ဒါဆိုလည်း ခင်ဗျားဖတ်လာတဲ့ အိတ်ဇစ်ဝါဒဆိုင်ရာ ဆောင်းပါးထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး သုံးသပ်တင်ပြထားပုံလေး လုပ်စမ်းပါဦး'

'ကျွန်တော်ဖတ်ပြမယ် နားထောင် – ဤအချက်တွင် အိတ်ဇစ်ဝါဒသည် ဗုဒ္ဓ၀ါဒနှင့် ဆန့်ကျင်လိမ့်မည်ဟု ကျွန်တော် ထင်ပါ ၏။ ဗုဒ္ဓဘာသာတွင် ဗုဒ္ဓ၀ါဒီတစ်ဦးဖြစ်ဖို့အတွက် ပထမဆုံးအချက်အဖြစ် ကံနှင့် ကံ၏အကျိုး (ကမ္မဉ္စ ၊ ကမ္မဖလဉ္စ္စ) ကိုယုံကြည်ရ၏။ ပြီးလျှင် ဒုတိယအဖြစ် သရဏဂုံတည်ရ၏။ အတိတ်ကံကြောင့် ယခုဘ၀တွင် ကံပစ်ချရာ ကံစီမံရာအတိုင်း ဖြစ်လာရခြင်းဖြစ်၏။ အတိတ်ကံ ကြောင့် ချမ်းသာ၊ဆင်းရဲ ကွဲပြားကြရခြင်းဖြစ်၏-တဲ့ဗျ'

'အင်း-အိတ်ဇစ်ဝါဒဆိုတာ ဘာမှန်းရေရေရာရာ မသိသေးတဲ့ ကျွန်တော်တို့အဖို့ ဒီဝါဒဟာဗုဒ္ဓ၀ါဒနဲ့ ဆန့်ကျင်-မကျင်ဆိုတာ မပြောတတ် ပါဘူး၊ အဲ-ဒါပေမယ့် "အတိတ်ကံကြောင့် အခုဘ၀မှာ ကံပစ်ချရာ-ကံစီမံရာအတိုင်း ဖြစ်လာရတယ်၊ အတိတ် ကံကြောင့် ချမ်းသာ၊ဆင်းရဲ ကွဲပြားရခြင်းဖြစ်တယ်"ဆိုတာကတော့ ဗုဒ္ဓ၀ါဒရဲ့အယူဝါဒမဟုတ်ဘူး။ "လူ-ပုဂ္ဂိုလ်-သတ္တ၀ါ တို့ရဲ့ ချမ်းသာ ဆင်းရဲ၊ ကောင်းကျိုး ဆိုးပြစ် ခံစား စံစားမှုမှန်သမျှကို အတိတ်ဘ၀ကပြုခဲ့တဲ့ အပြုအမူတွေက၊ ဒါမှမဟုတ် တစ်စုံတစ်ယောက် သော ဖန်ဆင်းရှင်ထာဝရဘုရားက အစအဆုံးပြဋ္ဌာန်းပေးလိုက်ပြီးသား"လို့ ယုံကြည်ကြတဲ့ ကံကြမ္မာ ၀ါဒ (Fatalism) ပဲဗျ'

"ခင်ဗျားက ဝေဖန်ဖို့တယ်လောတာကိုး၊ လိမ့်ပတ်လည်အောင် ဆက်နားထောင်ဦးမှပေါ့ဗျာ – မျက်မှောက်ကံကော မပါဘူးလားဟု မေးကြပေလိမ့်မည်။ မျက်မှောက်ကံဖြစ်သော ကြိုးစားမှု-ဇွဲရှိမှု စသည်တို့မှာလည်း ထိုပုဂ္ဂိုလ်သတ္တ၀ါသည် ကြိုးစားသူ-ဇွဲရှိသူ ဖြစ်လာမည့် ကံပါလာသောကြောင့် ဖြစ်ပေသည်။ သို့သော် ၀ီရိယကောင်းပါလျက် ကံမကောင်းလျှင် မကြီးပွားနိုင် – တဲ့ဗျား"

"ဒါက ပိုဆိုးလာသေးသဗျ၊ ကြိုးစားဇွဲရှိတဲ့သူဖြစ်ဖို့ ကံပါလာလို့ ကြိုးစားဇွဲရှိကြတယ်ဆိုတဲ့ အယူအဆဟာ လူပျင်းလူဖျင်းတွေဘက်က ရှေ့နေလိုက်ရာ ရောက်နေတော့မှာပေါ့။၊ သူတို့က 'ကျုပ်တို့မှာပျင်းဖို့ကံပါလာ လို့ပျင်းပြီးရေသာခို အချောင်လိုက်နေတာပါခင်ဗျာ' လို့ပြော မှာ ဖြစ်သလို မတရားပြုမူနေသူတွေကလည်း 'ကျုပ်တို့မှာ ဒီလိုကံပါလာလို့ လုပ်ရတာဗျ၊ ကျုပ်တို့လုပ်ချင်လို့ မဟုတ်ဘူး၊ အပြစ် တင်ချင် ရင် အတိတ်ဘ၀ကံကိုပဲ အပြစ်တင်ပါ၊ ကျုပ်တို့မှာ အပြစ်မရှိဘူး' လို့အကြောင်းပြကြတော့မှာပေါ့၊ ဒီလိုသာဆိုလောကမှာ ချီးမွမ်းထိုက် ပူဇော်ထိုက်သူလည်းမရှိ၊ ကဲ့ရဲ့ထိုက်သူလည်းမရှိတော့ဘဲ အားလုံးအတိတ်ဘ၀ကံ ကြောင့်ချည်းပဲလို့ ယူဆရတော့မှာပေါ့။ ဗုဒ္ဓမြတ်စွာက လူသားတွေရဲ့ဘ၀ ချမ်းသာကြီးပွားကြောင်းတရား ငါးပါးအဖြစ် သဒ္ဓါဆိုတဲ့ယုံကြည်ချက်၊ ပညာဆိုတဲ့ ထိုးထွင်းသိမြင်မှု၊ ၀ီရိယဆိုတဲ့ ကြိုးပမ်းအားထုတ်မှု၊ သမာဓိဆိုတဲ့ တည်ကြည်မှုနဲ့ သတိဆိုတဲ့ မမေ့မလျော့ အလေးဂရုပြုမှုတို့နဲ့ပြည့်စုံဖို့ လိုအပ်ကြောင်းကိုသာ ရည်ညွှန်းဟောကြားခဲ့ပါတယ်။

"အေးဗျ၊ ဗုဒ္ဓမြတ်စွာက ၀ီရိယကိုဗိုလ်တစ်ပါးအဖြစ်နဲ့ အလေးအနက်ထား ဟောကြားခဲ့ပေမယ့် အတိတ်ဘ၀ကံကို ထည့်မဟောခဲ့ပုံ ထောက်ရင် မျက်မှောက်ဘ၀ ကြီးပွားချမ်းသာတိုးတက်ရေးအတွက် '၀ီရိယ' က'အတိတ်ကံ'ထက် အများကြီးအရေးပါ အရာရောက်တယ် ဆိုတာ ထင်ရှားနေပြီပဲ"

"ကဲကဲ –ခင်ဗျားရဲ့ အိတ်ဇစ်ဝါဒ ဆောင်းပါးထဲက ဗုဒ္ဓ၀ါဒအပေါ်သုံးသပ်ချက် နောက်တစ်ပိုဒ် ဆက်ဖတ်ပြပါဦးဗျာ"

"နားထောင်ဗျာ....ဆရာစန္ဒြရေးသော တစ်သက်တာမှတ်တမ်းတွင် နဒီဟူသောဗေဒင်အကြောင်း ထူးထူးဆန်းဆန်း ဖတ်ရပါလိမ့်မည်။ နဒီဗေဒင်တွင် လာမေးသူအားလုံးအတွက် ဟောစာတမ်းအသင့် ရှိပြီးသား။ အတိတ်ဘ၀ကိုလည်း ဟောသည်။ လက်ရှိဘ၀ကိုလည်း ဘ၀ဆုံးသည်အထိဟောသည်။ တစ်ခုသောဒေသတွင် တစ်ခုသောအချိန်ကာလ၌ မွေးဖွားခဲ့သော ပုဂ္ဂိုလ်တစ်ဦးအတွက် မည်သူက ဟောစာတမ်းအသင့်ရေးပေးခဲ့ပါသနည်း။ ထိုပုဂ္ဂိုလ်သည် ဤဒေသ-ဤကာလတွင် ဤသို့မွေးပြီး အသက်ဤမျှနေရမည်။ နေရသည့် ဘ၀အတွင်း ဒါတွေ ဒါတွေလုပ်လိမ့်မည်ဆိုသည်ကို ကြိုတင်ပြီးဟောထားနိုင်သော ဗေဒင်ဖြစ်၏။ ဖတ်ကြည့်ကြပါ – တဲ့ဗျား"

"ဆရာစန္ဒြက ဗေဒင်အကြောင်းရေးသွားတာပဲ၊ ဗုဒ္ဓ၀ါဒနဲ့ဘာများ ပတ်သက်လို့လဲဗျာ၊ ဗေဒင်ဆိုတာ ဗေဒ (Veda) ဆိုတဲ့ အတ္တ၀ါဒီ ဗြာဟ္မဏတွေရဲ့ လက်စွဲတော် ဝေဒလေးကျမ်းကဆင်းသက်လာတဲ့ ယုံကြည်မှုတစ်ခုပဲ။ 'မဟာဗြဟ္မာလို့ခေါ်တဲ့ ဖန်ဆင်းရှင်ထာဝရ ဘုရား က တော-တောင်-ရေ-မြေ-ကောင်းကင်-နက္ခတ်တာရာ ရှိရှိသမျှ သက်ရှိသက်မဲ့ ဟူသရွေ့ကို ဖန်ဆင်းထားပြီး နက္ခတ်တာရာတွေရဲ့ သွား လာလှုပ်ရှားမှုနဲ့ သက်ဆိုင်ရာ ဂြိုဟ်စောင့်နတ်မင်းတွေရဲ့ အပြုအမူဟာ သက်ရှိ လူသား တစ်ဦးစီရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းနိုင်တယ်' ဆိုတဲ့ ဟိန္ဒူဗြာဟ္မာဏတို့ရဲ့ အယူအဆနဲ့ 'လောကမှာ မဖောက် မပြန် အစိုးရတည်တံ့နေတဲ့ အရာရယ်လို့ မရှိဘူး'ဆိုပြီး ဖန်ဆင်းရှင် ထာဝရ ဘုရားကို ငြင်းပယ်ခဲ့တဲ့ အနတ္တ၀ါဒီဗုဒ္ဓရဲ့ အယူအဆ ဟာ ပြဒါးတစ်လမ်း သံတစ်လမ်းစီပါဗျာ။ ဒီလို သက်မဲ့ဂြိုဟ် နက္ခတ် တာရာတွေဟာ သက်ရှိလူသားတစ်ဦးစီရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းပေးနိုင်စွမ်းမရှိပုံကို ဗုဒ္ဓမြတ်စွာက နက္ခတ်ကို စောင့်မျှော်သော လူမိုက်ကို အကျိုးစီးပွားသည် လွန်မြောက်သွားပေပြီ၊ အကျိုးစီးပွားကိုရခြင်းသည် အကျိုးစီးပွားလိုလားသူ၏ နက္ခတ်ပင်တည်း၊ နက္ခတ်တာရာတို့သည် အကျိုးစီးပွား စည်းကားတိုး တက်မှုကို အဘယ်မှာပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြကုန်အံ့နည်း လို့အတိအလင်း ဟောကြားခဲ့တာကို ဇာတက ၀တ္ထု၊ ဧကနိပါတ်၊နက္ခတ္တဇာတ်မှာ တွေ့နိုင်ပါတယ်ဗျာ"

"ဟာ၊ ဒီအတိုင်းဆို စာဖတ်ပရိတ်သတ်အနေနဲ့ ဗုဒ္ဓ၀ါဒနဲ့ ဗြဟ္မဏ၀ါဒကို ရောထွေးရှုမြင်ပြီး ဗုဒ္ဓ၀ါဒအပေါ် အမြင်တိမ်းစောင်းကုန်မှာ စိုးရိမ်ရသဗျ၊ အထူးသဖြင့်လူငယ်တွေ အမှန်ကိုသိမြင်လာအောင် ပြန်တည့်မတ်ပေးဖို့ လိုလိမ့်မယ် ကိုဝင်းရေ"
"အင်း......အလျဉ်းသင့်ရင်တော့ ဗုဒ္ဓရဲ့ ကံအယူအဆနဲ့ ပတ်သက်တဲ့ဆောင်းပါး တစ်ပုဒ်လောက်တော့ ရေးသေးတာပေါ့ဗျာ"

"အဲဒီလိုရေးရာမှာလည်း ခင်ဗျားအနေနဲ့ ဓမ္မစာပေပရိတ်သတ်အတွက် ဓမ္မမဂ္ဂဇင်းတစ်ခုခုမှာ အကျယ်တ၀င့်ရေးသင့်သလို ဓမ္မစာပေနဲ့ အလှမ်းဝေးပြီး ခေတ်ပေါ်မဂ္ဂဇင်းတွေနဲ့သာ ရင်းနှီးနေတဲ့လူငယ်အများစုအတွက် ခေတ်ပေါ်မဂ္ဂဇင်းတစ်ခုခုမှာ အခုကျွန်တော်ကူးလာတဲ့ ဆောင်းပါးပါ ဗုဒ္ဓ၀ါဒရေးရာ အယူအဆတိမ်းစောင်းမှုနဲ့ ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးထိပါးမှုကင်းတဲ့ အပြုသဘောဆောင် စာတမ်းတစ်ခု လောက်တော့ မကျဉ်းမကျယ် ရေးသင့်တယ်လို့ထင်တယ်"
"ဒါလည်း အချိန်ရရင်တော့ ကြိုးစားကြည့်သေးတာပေါ့ ကိုလင်းရာ"

"ကဲကဲ ဖတ်လက်စနဲ့ နောက်တစ်ပိုဒ်ဆက်မယ် – ဤအတိုင်းဆိုလျှင် လူတစ်ဦးအတွက် သူမမွေးမီကပင် သူ့အတွက် ဂုဏ်သတ္တိတွေ အနှစ်သာရတွေ ပြဋ္ဌာန်းပြီး ဖြစ်မနေပေဘူးလား။ သာမန် လက်ရိုးဗေဒင်ကိုပင် ကြည့်ပါ။ မွေးဖွားသည့် အချိန်ကိုလိုက်၍ ဇာတာဖွဲ့သည်။ ထိုဇာတာတွင် သူနှင့် သူ့ဝန်းကျင်အကြောင်း အားလုံးပါသည်။ ဟောတတ်သူကဟောလျှင် အဘိုးအဘွားမှအစ သားမြေးမြစ်အထိ ဤ ဇာတာတစ်စောင်တည်းမှ ဟောလို့ရသည် (သတ္တဣသိနဒီဗေဒင်ကျမ်းရှု)။ ထို့ကြောင့် ဇာတာရှင် အတွက် အပြုအမူ၊အပြောအဆို၊ အနေ အထိုင်၊ ပညာ၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး စသည်အားလုံးမှာ ကံကစီမံခဲ့ပြီး မဟုတ်ပါလား....တဲ့"

"ဒီအပိုဒ်ကလည်း အိတ်ဇစ်ဝါဒနဲ့ ဗုဒ္ဓ၀ါဒ နှိုင်းယှဉ်ချက်မဟုတ်ဘဲ အိတ်ဇစ်ဝါဒနဲ့ ဗြဟ္မဏ၀ါဒ နှိုင်းယှဉ်ချက်ပဲ ဖြစ်နေပါလားဗျ၊ ကိုးကားတဲ့ သတ္တဣသိနဒီဗေဒင်ကျမ်းဆိုတာ ဗုဒ္ဓ၀ါဒနဲ့ဘာဆိုင်လို့တုံး၊ ဗြဟ္မဏ၀ါဒက ဆင်းသက်လာတဲ့ ဗေဒင်ကျမ်းကို အကြောင်းပြုပြီး ဗုဒ္ဓ၀ါဒကို ဘယ်လိုလုပ် သုံးသပ်လို့ဖြစ်ပါ့မလဲ။ ဒါကိုသဘောမပေါက်တဲ့ စာဖတ်ပရိတ်သတ်တွေ၊ အထူး သဖြင့် ကိုယ့်မိရိုးဖလာ ဗုဒ္ဓဘာသာ အကြောင်း သေသေချာချာမလေ့လာဖူးတဲ့ လူငယ်တွေအဖို့ ဗုဒ္ဓ၀ါဒအပေါ် အထင်အမြင် လွဲမှားမှုတွေ ဖြစ်လာနိုင်တယ်၊ ကဲ... ဆက်ပါဦးဗျာ"

'ဒီတစ်ပိုဒ်ကတော့ တိုပါတယ်.....ဤနေရာတွင် ကျွန်တော်သည် အိတ်ဇစ်ဝါဒကိုဝေဖန်ခြင်းမဟုတ်ဘဲ အိတ်ဇစ်ဝါဒနှင့် ကံဝါဒတို့ ၀ိရောဓိ ဖြစ်နေပုံကို တင်ပြခြင်းသာဖြစ်ပါ၏။ ကံတရားအကြောင်း ပြောရာတွင်လည်း လူပျင်းများလို ကံကိုသာ ယိုးမယ်ဖွဲ့ပြီး မျှောလိုက် နေဖို့ အားပေးနေခြင်းမဟုတ်ပါ-တဲ့ဗျာ၊ အဲ-တစ်ဆက်တည်း လက်သည်းကွင်းနဲ့-(ထိုသို့ မျှော လိုက် တတ်သူတို့မှာလည်း ထိုသို့မျှောလိုက်ရန် ကံပါလာခဲ့သူများသာဖြစ်၏)-လို့ရေးထားသေးတယ်'

"ကိုလင်း အခုဖတ်ပြတဲ့စာပိုဒ်မှာပါတဲ့ ကံဝါဒဆိုတာ ဘာကိုပြောတာလဲ၊ 'ဗုဒ္ဓ၀ါဒလာ ကံအယူအဆ'ကိုပြောတာလား၊ ဒါမှမဟုတ် ဘ၀တစ်သက်တာ ကောင်းကျိုးဆိုးပြစ်ကို ထာဝရဘုရားသခင်၊ ဒါမှမဟုတ် အတိတ်ဘ၀ကပြုခဲ့တဲ့ ကုသိုလ်၊ အကုသိုလ်တွေကသာ အကြွင်းမဲ့ပြဋ္ဌာန်းပေးလိုက်ပြီးဖြစ်တယ်လို့ ကံယုံပြီးဆူးပုံနင်းခိုင်းတဲ့ 'ကံကြမ္မာဝါဒ'ကိုပြောတာလား ဆိုတာ ကွဲကွဲပြားပြား ဖော်ပြမထားပါလား"

"ကိုဝင်းကလည်းဗျာ၊ အိတ်ဇစ်ဝါဒနဲ့ ဗုဒ္ဓ၀ါဒကို နှိုင်းယှဉ်ပြနေတာပါဆိုမှ ဒီစာပိုဒ်မှာပါတဲ့ ကံဝါဒဆိုတာ ဗုဒ္ဓ၀ါဒလာ ကံအယူအဆကိုပဲ ရည်ညွှန်းနေတယ်ဆိုတာ အထင်းသားပဲဗျ"
"ဒီလိုဆိုရင် အိတ်ဇစ်ဝါဒအကြောင်းကိုတော့ ကျွန်တော်ဘာမှနားမလည်တော့ ဒီဝါဒဟာ 'ဗုဒ္ဓ၀ါဒလာ ကံအယူအဆ' နဲ့ ၀ိရောဓိ ဖြစ် သလား၊ သဟဇာတဖြစ်သလား မပြောနိုင်ဘူး၊ ဒါပေမဲ့ ကံကိုသာယိုးမယ်ဖွဲ့ပြီး မျှောလိုက်နေဖို့ အားမပေးဘူးလို့ ရှေ့ကဆိုထားပြီးမှ နောက်က ကွင်းစကွင်းပိတ်နဲ့ ထိုသို့မျှောလိုက်တတ်သူများမှာလည်း ထိုသို့မျှောလိုက်ရန် ကံပါလာသူ များသာဖြစ်၏လို့ ပြန်ပြီး လူပျင်း တွေဘက်က ရှေ့နေလိုက်ထားပြန်တော့ ရှေ့စကားနောက်စကား မညီညွတ်တဲ့စာပိုဒ်လို့ ဆိုရမှာပဲ။ ဒီလိုရှေ့နောက် မညီညွတ်တဲ့အယူ အဆမျိုးကို ဗုဒ္ဓမြတ်စွာဘယ်တုန်းကမှ မဟောခဲ့ပါဘူး"

"ဒါဆို ဆောင်းပါးရှင် သုံးသပ်ပြနေတဲ့ အတိတ်ဘ၀ကံကိုသာ အကြွင်းမဲ့အားထားတဲ့ အယူအဆဟာ ဗုဒ္ဓ၀ါဒနဲ့ ဘာမှမသက် ဆိုင်တော့ဘူးပေါ့နော်"
"သေချာတာပေါ့ဗျာ၊ ဒီလိုမျက်မှောက်ဘ၀မှာ ဖြစ်လာတဲ့ သုခ၊ ဒုက္ခ၊ဝေဒနာ မှန်သမျှဟာ အတိတ်ဘ၀ကံ တစ်ခုတည်းကို သာ အကြောင်းပြုတယ်ဆိုတဲ့အယူအဆကို ဗုဒ္ဓမြတ်စွာကိုယ်တော်တိုင် ငြင်းပယ်ခဲ့တဲ့ အထောက်အထားကို ပိဋကတ်တော် မှာ အထင်အရှားတွေ့နိုင်ပါတယ်"

"ဗုဒ္ဓမြတ်စွာက မျက်မှောက်ဘ၀တွေ့ကြုံလာခဲ့တဲ့ ခံစား၊ စံစားမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ ဟောကြားခဲ့လို့တုံး ကိုဝင်းရ"

"ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ် အခါကပေါ့ဗျာ၊ မေဠိယသီဝကဆိုတဲ့ ပရိဗိုဇ်တစ်ဦးက ဗုဒ္ဓထံပါးချဉ်းကပ်ပြီး အရှင်ဂေါတမ၊ တစ်စုံ တစ်ရာသော သုခဝေဒနာကိုဖြစ်စေ၊ ဒုက္ခဝေဒနာကိုဖြစ်စေ၊ ဥပေက္ခာဝေဒနာကိုဖြစ်စေ လူသတ္တ၀ါ တို့ခံစားရခြင်းသည် အားလုံး ရှေးကံ ကြောင့်ဖြစ်သည်ဟု အချို့သော သမဏဗြဟ္မဏတို့က ဆိုကြပါသည်။ ဤအရာ၌ အရှင်ဂေါတမက မည်သို့ဆိုပါသနည်း လို့မေးလျှောက်ခဲ့ ဖူးတယ်"

"ဒီမေးခွန်းရဲ့အဖြေဟာ ကျွန်တော်တို့ အခုဆွေးနွေးနေတဲ့ အကြောင်းအရာအတွက် အဖြေပဲဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ဖြေကြားချက်ကိုလည်း ဆက်ပါဦး ကိုဝင်းရာ"

"ဗုဒ္ဓမြတ်စွာက သီဝက၊ ဤလောက၌ ဝေဒနာတို့သည် သလိပ်ကြောင့်သော်လည်းကောင်း၊ လေကြောင့်သော် လည်း ကောင်း၊ သည်းခြေ သလိပ် လေ သုံးပါးပေါင်းဆုံခြင်းကြောင့်သော် လည်းကောင်း၊ ဥတုဖောက်ပြန်ခြင်းကြောင့်သော် လည်း ကောင်း၊ မညီမညွတ်ဆောင်ရွက် ခြင်းကြောင့်သော် လည်းကောင်း၊ သူတစ်ပါး၏ လုံ့လပယောဂကြောင့် သော်လည်း ကောင်း၊ ပြုလုပ်ခြင်း၏အကျိုးတရား(ကမ္မ၀ိပါက) ကြောင့်သော်လည်းကောင်းဖြစ်ကုန်၏။ ဤအကြောင်းကို ကိုယ်တိုင် လည်းသိအပ်၏ လောကသည်လည်း အမှန်ဟုသမုတ်အပ်၏။ သို့ဖြစ်သောကြောင့် တစ်စုံတစ်ခုသောဝေဒနာ ခံစားရခြင်း သည် ရှေးကံကြောင့်သာဖြစ်သည်ဟုဆိုသော သူတို့၏ စကားကို အမှားဟု ငါဆို၏ လို့ဖြေကြားခဲ့တာကို သံယုတ္တနိကာယ်၊ ဝေဒနာသံယုတ်၊ သီဝကသုတ်မှာ အထင်အရှားတွေ့နိုင်ပါတယ်ဗျာ"

'ဟာ၊ အခုအတိုင်းဆို ဒီဆောင်းပါးထဲက ဗုဒ္ဓ၀ါဒနဲ့ပတ်သက်ပြီး ဖော်ပြထားတဲ့ သုံးသပ်ချက်ဟာ တက်တက်စင်အောင် လွဲမှားနေ ပါပေါ့လား၊ လူငယ်ကြိုက် ခေတ်ပေါ်မဂ္ဂဇင်းတစ်ခုမှာ ရေးထားတာဆိုတော့ ဒီအယူမှားတွေကိုဖတ်ပြီး လူငယ်တွေစိတ်ထဲ အမှား ကိုအမှန်ထင်၊ အမှန်ကို အမှားမှတ်သွားကြမှဖြင့် ဒုက္ခပါပဲဗျာ'

'တစ်ချိန်တုန်းကလည်း ခင်ဗျားတို့ကျွန်တော်တို့တစ်တွေ ဗုဒ္ဓ၀ါဒကို အပေါ်ယံရှပ်လေ့လာ၊ အမည်ခံဗုဒ္ဓဘာသာဝင်တွေရဲ့ မတော် မတည့်အပြုအမူတွေကိုကြည့်ပြီး နားမလည်ပါးမလည်နဲ့ ဗုဒ္ဓနဲ့ ဗုဒ္ဓ၀ါဒကို ပုတ်ခတ်ပြီး တိုင်းခြားပြည်ခြားကလာတဲ့ ဘုတ်အုပ်ထူ ကြီးတွေထဲက စာတွေကိုသာ အထင်ကြီးပြီး မတတ်တတတ်နဲ့ဖတ်၊ မဟုတ်တရုတ်တွေလုပ်ခဲ့လို့ အကြီးအကျယ် ဒုက္ခရောက်ခဲ့ဖူးပြီ မဟုတ်လား ကိုလင်းရာ'

'ဟုတ်ပါ့ဗျာ၊ ဒီလိုမှမဖတ်၊ မပြောပြန်ရင်လည်း အချင်းချင်းတိုးတက်တဲ့ အမြင်မရှိတဲ့ကောင်၊ ဓနရှင်ပေါက်စ စသဖြင့် ပုတ်ခတ်ကြ သေးတယ်၊ ဗုဒ္ဓ၀ါဒကိုလည်း လူတန်းစားမမှန်တဲ့ ဘူဇွာဝါဒလို့ တိုက်ခိုက်ပြောဆိုခဲ့ကြသေးတယ်၊ အဲ-ထူးဆန်းတာက အဲဒီတုန်းက အာဘောင်အာရင်းသန်ခဲ့တဲ့ ပုဂ္ဂိုလ်တချို့ဟာ အခုတော့ ၀တ်ဖြူစင်ကြယ်ဝတ်၊ ပုတီးကြီးတွေလည်ပင်းမှာချိတ်ပြီး မုတ်ဆိတ်တဖွားဖွားနဲ့ ဖြစ်နေကြတာ ရယ်စရာပဲဗျာ'

'ဒီလူတွေဟာ ဘယ်ဝါဒကိုမှ ခြေခြေမြစ်မြစ်နားလည်အောင် မလေ့လာဘဲ လူအထင်ကြီးခံချင်တဲ့စိတ်နဲ့ ခါတော်မီဝါဒ တွေနောက် လိုက်ဖို့လောက်သာအားသန်ခဲ့တာဆိုတော့ ဘာလုပ်လုပ်-အစွန်းတရားနှစ်ပါးကို မရှောင်နိုင်တော့ဘဲမှား ပြီးရင်းဆက်မှားနေကြတာ ပေါ့ဗျာ၊ ကဲကဲ ခင်ဗျားဆောင်းပါးလေးဆက်ပါဦး'

'အင်း-ဗုဒ္ဓ၀ါဒနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တွေထဲက နောက်ဆုံးအပိုဒ်ကတော့ဗျာ-လွတ်လပ်မှုအတွက်၊ လွတ်လပ်ရေး အတွက် တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိသည်။ထို့ကြောင့် ကိုယ့်မှာလည်း တာဝန်ရှိသည်၊ ထိုတာဝန်ကိုဆောင်ရွက်နိုင်ဖို့ ကံက ကိုယ့်ကို ပြဋ္ဌာန်းခြင်း၊ ထို့ကြောင့်ပင် ကိုယ်က ကံကိုပြန်၍ ပြဋ္ဌာန်းခြင်းမျိုး ဆက်စပ်ယူနိုင်ပါလိမ့်မည်။ ဥပမာ-လွတ်လပ်မှုကိုမြတ်နိုးခြင်း၊ ရန်သူ ကိုဒူးမထောက်ခြင်း၊ အဖနိုင်ငံတော်အပေါ် သစ္စာကြီးခြင်း။ ဤကိစ္စကို သဘောပေါက်လျှင် အိတ်ဇစ်ဝါဒနှင့် ကံတို့ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲ နေနိုင်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်-တဲ့ဗျာ'

'လွတ်လပ်ရေးအတွက် ကိုယ်အပါအ၀င် တိုင်းသူပြည်သားတိုင်းမှာ တာဝန်ရှိတယ်ဆိုတာကတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီတာဝန်ကို ဆောင်ရွက်နိုင်ဖို့ ကံကကိုယ့်ကို ပြဋ္ဌာန်းတယ်ဆိုတာကတော့ ဘ၀င်ကျစရာ မဟုတ်ဘူးဗျ။ ကိုလင်းလည်း စဉ်းစားကြည့်လေ၊ ဗုဒ္ဓရဲ့ အလိုအရဆိုရင် တိုင်းပြည်တစ်ပြည် လွတ်လပ်ရေး ဆုံးရှုံးခြင်းဆိုတဲ့ မကောင်းတဲ့ရလဒ်-ဒုက္ခဝေဒနာ ခံစားရတာဟာ ဘာကြောင့်လို့ ကျွန်တော်တို့ပြောမလဲ'

'အင်း-ဗုဒ္ဓ၀ါဒီတစ်ယောက်အနေနဲ့ ပြောရမယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ မညီမညွတ်ဆောင်ရွက်ခြင်း ကြောင့်သော် လည်းကောင်း၊ နယ်ချဲ့တို့ရဲ့ လုံ့လပယောဂကြောင့်သော် လည်းကောင်း၊ တိုင်းသူပြည်သား တို့ရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံမြောက် မှားယွင်းတဲ့ပြု လုပ်ခြင်း၏အကျိုးတရား (ကမ္မ၀ိပါက)ကြောင့် သော်လည်းကောင်း တိုင်းပြည်တစ်ပြည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်လို့ အဖြေထုတ် ရမှာပဲဗျ'

'မှန်တာပေါ့ဗျာ၊ လွတ်လပ်ရေးဆုံးရှုံးတာဟာ အတိတ်ဘ၀ကံကြောင့် မဟုတ်သလို လွတ်လပ်ရေးအတွက် တိုင်းသူပြည်သားတိုင်း ပါဝင်ဖို့၊ တိုင်းသူပြည်သားတိုင်း သူ့ကျွန်မခံတွန်းလှန်လိုစိတ်တွေ ဖြစ်ပေါ်လာဖို့ကိုလည်း အတိတ်ဘ၀ကံက ပြဋ္ဌာန်းမပေးနိုင်ပါဘူးဗျာ၊ ကမ္ဘာနဲ့ အ၀န်း လွတ်လပ်ရေးဆုံးရှုံးခဲ့ရတဲ့နိုင်ငံတွေက တိုင်းသူပြည်သားတွေထဲမှာ မျိုးချစ်ပုဂ္ဂိုလ်တွေရှိသလို သစ္စာဖောက်တွေလည်းရှိခဲ့တာပဲ မဟုတ်လား။ လူတစ်ကိုယ် စိတ်တစ်မျိုးစီ ကွဲလွဲနေမှုကို အတိတ်ဘ၀ကံက ဘယ်လိုလုပ်ပြီး ပြဋ္ဌာန်းပေးနိုင်ပါ့မလဲ။ လွတ်လပ်ရေး ပြန်ရကြ တာဟာ အတိတ်ဘ၀ကံကြောင့်မဟုတ်ဘဲ မျိုးချစ်ပြည်သူ ပြည်သားတွေရဲ့ ညီညီညွတ်ညွတ် ဆောင်ရွက်မှု၊ ကာယကံ၊၀စီကံ၊ မနောကံ မြောက် မှန်မှန်ကန်ကန် ပြုမူခဲ့တဲ့ အကျိုးတရား(ကမ္မ၀ိပါက)၊ မျိုးချစ်ခေါင်းဆောင်ကြီးတွေရဲ့ လုံ့လပယောဂ ကြောင့်သာ ဖြစ်တယ်ဆိုတာ မမေ့သင့်ဘူးလေ။ ဒါကြောင့် ဗုဒ္ဓ၀ါဒအရဆိုရင် အတိတ်ကံတစ်ခုတည်းက လူပုဂ္ဂိုလ်တစ်ဦးချင်းကိုရော လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ အနာဂတ်ကိုပါ ပြဋ္ဌာန်းပေးနိုင်စွမ်း မရှိပါဘူး'

'အေးဗျ၊ ဗုဒ္ဓမြတ်စွာရဲ့ ကံအယူအဆဟာ မျက်မှောက်ဘ၀မှာ လူတွေ ကြိုးကုတ်အားထုတ်ကြတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ မြောက် အပြုအမူတွေကိုသာ အမိအဖသဖွယ် အားကိုးအားထားပြုကြဖို့ကို ဆိုလိုတာပဲ၊ အတိတ်ဘ၀ကံ ပစ်ချရာမှာနေ၊ အတိတ်ဘ၀ကံ စေရာ သွားပြီး အတိတ်ဘ၀ကံပြုသမျှ နုရတယ်ဆိုတဲ့ အစွန်းရောက်ကံကြမ္မာဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တာပဲဗျ'

"ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ အတိတ်ကပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံရဲ့ အကျိုးကို အကြွင်းမဲ့မပစ်ပယ်ခဲ့ပေမယ့် အတိတ်ကံ ဘယ်လောက် ဆိုးလို့ ဘယ်လိုဘ၀မျိုး၊ ဘယ်လိုပတ်ဝန်းကျင်မျိုးမှာ မွေးဖွားကျင်လည်ရပါစေ၊ မျက်မှောက်ဘ၀ တစ်သက် တာ ကံကြမ္မာကို လူသား တိုင်းရဲ့ မျက်မှောက်ဘ၀ အပြုအမူတွေကသာ ပြဋ္ဌာန်းကြောင်း အလေးအနက်ညွှန်ပြထားတယ်။ ဒါကြောင့် ဗုဒ္ဓ၀ါဒီတိုင်းဟာ သူတို့ရဲ့ အနာဂတ်ကို သူတို့စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိတယ်။ လူဆိုတာ အတိတ်ဘ၀ကံဆိုတဲ့ ပုံစံခွက်ထဲကထွက်လာတဲ့ သံပတ်ရုပ်မဟုတ်ဘူး။ လူတစ်ဦးချင်းစီရဲ့ အနာဂတ်ဟာ အဲဒီလူတစ်ဦးချင်းစီရဲ့ လက်ထဲမှာပဲရှိ တယ်။ ဘယ်ဥပဒေ၊ တန်ခိုးရှင်တို့ရဲ့ ထိန်းချုပ်မှု အောက်မှာမှမရှိဘဲ လွတ်လပ်စွာ ရွေးချယ်ဆုံးဖြတ်ပိုင်ခွင့်ရှိတယ် ဆိုတာ ဗုဒ္ဓ၀ါဒီတိုင်း နားလည်ထားကြရမယ့် အချက်ပဲဗျ"

"ဒီအတိုင်းဆို လူပုဂ္ဂိုလ်တစ်ဦးဟာ ကံ၊စိတ်၊ဥတု၊အဟာရဆိုတဲ့ အကြောင်းတရားလေးပါး ပေါင်းဆံညီညွတ်မှုကြောင့် ဖြစ်တည်လာခဲ့ ရပြီးတဲ့နောက်မှာ သူ့ဘ၀ရဲ့အနှစ်သာရ ဂုဏ်သတ္တိကို သူ့စိတ်ကြိုက် ဖန်တီးခွင့်ရှိတာပေါ့နော်"

"မှန်တာပေါ့ဗျာ၊ ဒီအယူအဆဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ခြောက်ရာလောက်ကတည်းက ပေါ်ပေါက်ခဲ့ပြီး ကျွန်တော်တို့မြန်မာ တိုင်းရင်းသားတွေရဲ့ အသွေးထဲအသားထဲမှာ ရာစုနှစ်ပေါင်းများစွာ စိမ့်ဝင်တည်ရှိခဲ့တဲ့ ဗုဒ္ဓ၀ါဒစစ်စစ်ပေါ့ဗျာ"

"အေးဗျာ၊ ဒါကိုခေတ်လူငယ် အတော်များများက မသိကြတော့ ဗုဒ္ဓ၀ါဒအပေါ် ယုန်ထင်ကြောင်ထင်ဖြစ်လာကြပြီး အနောက်တိုင်းက လာတဲ့ ဒဿနသစ်တွေနောက်လိုက်ဖို့ ခြေလှမ်းပြင်ကုန်ကြတာပေါ့ ကိုဝင်းရာ"
"တကယ်တော့ဗျာ၊ အခုကျွန်တော်တို့ပြောနေကြတဲ့ အိတ်ဇစ်ဝါဒအပါအ၀င် ဘယ်နိုင်ငံ ဘယ်ဒေသကလာတဲ့ အယူဝါဒ မျိုးကိုမဆို ပွင့်လင်းတဲ့စိတ်ထား (Open Mind) နဲ့ ကြိုဆိုပြီး ခြေခြေမြစ်မြစ် နားလည်အောင် လေ့လာကြမယ်ဆိုရင် မြန်မာလူငယ်တွေအဖို့ ကောင်း သော လက္ခဏာပါပဲ၊ ဒါပေမယ့် ကိုယ့်ရှိရင်းစွဲ ဘိုးဘွားအမွေအနှစ် ဗုဒ္ဓ၀ါဒကိုလည်း ပိုင်ပိုင် နိုင်နိုင်မသိကျွမ်း၊ နိုင်ငံရပ်ခြားဝါဒ သစ်တွေ ကိုလည်း ဂဃနဏနားမလည်ဘဲ သူများယောင်လို့ပေါင်ရတယ် အမောင် တောင် မှန်း မြောက်မှန်းမသိဆိုသလို ဖြစ်လာကြရင်တော့ မကောင်းဘူးပေါ့ဗျာ"

"အေးဗျာ၊ ကျွန်တော်တို့ကိုယ်တိုင် ဗုဒ္ဓဘာသာဝင်ပါလို့ ဆိုပေမယ့် ဗုဒ္ဓရဲ့ကံအယူအဆနဲ့ ဗြဟ္မဏတို့ရဲ့ ကံအယူအဆကို သဲသဲကွဲကွဲ နားမလည်ခဲ့ဘူးဗျာ"

"ဒါကြောင့် မျက်မှောက်ခေတ်မြန်မာလူငယ်တွေကို ကျွန်တော်တို့ တိုက်တွန်းသင့်တာက အရပ်ဆယ်မျက်နှာက လာလာ သမျှအယူဝါဒ ဒဿနတွေကို လေ့လာကြပါ။ ဒါပေမယ့် ဒီလိုမလေ့လာကြခင် ကိုယ့်မိရိုးဖလာ ဘာသာတရားတစ်ရပ်အနေ နဲ့ တည်ရှိနေတဲ့ ဗုဒ္ဓ၀ါဒ အစစ်အမှန်ဟာ ဘာလဲ ဆိုတာလောက်တော့ သိအောင်လုပ်ထားကြပါဦး။ နိုင်ငံခြားကလာတဲ့ ဘုတ်အုပ်ထူကြီးတွေထဲက ခေတ်ပေါ် ဒဿနတွေဆီသာ စိတ်အားထက်သန်နေကြပြီး မွေးရာပါအခွင့်အရေး တစ်ရပ်အနေ နဲ့ လွယ်လင့်တကူ ခူးဆွတ်လေ့လာ လိုက်နာ ကျင့်သုံးနိုင်တဲ့ ဗုဒ္ဓဒဿနကိုတော့ မစူးစမ်းဘဲ ကောက်ချက်ချ မစောကြပါနဲ့၊ အလှမ်းကျယ် အလယ်မလပ်ကြပါစေနဲ့လို့ ပါပဲဗျာ"

ဝင်းသိန်းဦး
(၂၇-၉-၉၂)
ဓမ္မရံသီ၊ ၁၉၉၂ခုနှစ်၊ ဒီဇင်ဘာလ။

No comments: