Monday, September 7, 2009

လက်စနစ်တကျဆေးရင် ကူးစက်ရောဂါတွေ ကာကွယ်နိုင်မှာလား


ဒီနေ့ ကမ္ဘာပေါ်မှာ ရာသီဥတုဖောက်ပြန်မှုတွေနဲ့အတူ ကူးစက်ရောဂါဆန်းတွေကပါ တစ်ခုပြီးတစ်ခုပေါ်ပေါက်ပြီးတော့ ခြိမ်းခြောက်လာနေတာ ဆားစ်ရောဂါ၊ ပြီးတော့ ကြက်၊ငှက်နဲ့ဘဲတွေကနေ ကူးစက်ကြတဲ့ ကြက်ငှက်တုပ်ကွေးရောဂါ A (H5N1) ၊ ပြီးခဲ့တဲ့လအနည်းငယ်လောက်က ပါးစပ်နှာခေါင်းစည်းရောင်းချတဲ့သူတွေအတွက် စီးပွားလမ်းဖွင့်ပေးခဲ့တဲ့ ကမ္ဘာ့လူတုပ်ကွေး A (H1N1) ရောဂါမျိုးစုံပါပဲ။

လတ်တလောဖြစ်ပေါ်နေတဲ့ကူးစက်ရောဂါတွေထဲမှာ ဒီကမ္ဘာ့လူတုပ်ကွေး A(H1N1) ဟာဒီနှစ်ဧပြီလအတွင်းက မြောက် အမေရိကတိုက်မှာရှိတဲ့ မက္ကဆီကိုနိုင်ငံကနေစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရက်ပေါင်း၆၀အတွင်းမှာ ကမ္ဘာ့နိုင်ငံပေါင်း၇၄နိုင်ငံ အထိ ကူးစက်သွားခဲ့ပြီးတော့ လအနည်းငယ်ကြာလို့ ဇွန်လအရောက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကသတ်မှတ် ထားတဲ့အဆင့်တွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ နံပါတ်(၆)အဆင့် ကမ္ဘာ့ကပ်ရောဂါအဖြစ်သတ်မှတ်လိုက်ရတဲ့ရောဂါဆိုတာ အားလုံးသိကြမှာပါ။
လက်ရှိမှာ ကမ္ဘာ့လူထုတစ်ရပ်လုံးကိုခြိမ်းခြောက်နေတဲ့ ဒီကူးစက်ရောဂါတွေကို တစ်ကိုယ်ရေသန့်ရှင်းမှုရှိအောင် ပြုလုပ်ခြင်းနဲ့လည်း ထိရောက်စွာကာကွယ်နိုင်မှာပါ။

အထိရောက်ဆုံးကာကွယ်မှုတစ်ခုကတော့ လက်သန့်ရှင်းမှု ဒါမှမဟုတ် လက်ကိုဆေးကြောပေးဖို့ပါ။ လက်ကိုဆေးကြော ပေးရုံနဲ့ ဒီ A တုပ်ကွေးအပါအ၀င် တခြားကူးစက်ရောဂါအတော်များများကို ကာကွယ်နိုင်လိမ့်မယ်လို့ ကျန်းမာရေးနယ်ပယ် က ဆရာဝန်ကြီးတွေက ပြောကြားကြပါတယ်။ ဒီလက်ဆေးတယ်ဆိုတဲ့နေရာမှာ စနစ်တကျဆေးကြောတတ်ဖို့တော့လိုပါ လိမ့်မယ်။ လက်ဆေးတယ်ဆိုပြီးရော ပုံစံနဲ့မဟုတ်ဘဲ စနစ်တကျဆေးပေးမှသာ ထိရောက်တဲ့ကာကွယ်မှုဖြစ်မှာပါ။


လက်ကို ဒီလိုစင်စင်ဆေးပါ
မြန်မာတို့ရဲ့ဓလေ့ကတော့ အစားအစာစားရင် အများဆုံးက လက်နဲ့အားရပါးရစားကြတာပါ။ ဒါကြောင့် အဲဒီလိုစားသောက် တတ်တဲ့လက်ကို သန့်ရှင်းစင်ကြယ်အောင် ဆပ်ပြာအသုံးပြုပြီး ဆေးကြောပေးရမှာပါ။


ဒီလိုအချိန်မှာ လက်ဆေးပေးပါ


- ထမင်းမစားခင် ဒါမှမဟုတ် အစားအစာတွေကို လက်နဲ့တိုက်ရိုက်ထိတွေ့ပြီး ကိုင်မစားခင်မှာ လက်ကိုဆပ်ပြာနဲ့ စင်အောင်ဆေးရမှာပါ။ ဆေးတဲ့အခါ ဆပ်ပြာ ဒါမှမဟုတ် ဆပ်ပြာအစားထိုးပစ္စည်း၊ သုံးရေသန့်တို့နဲ့ပွတ်တိုက်ပြီး စင်ကြယ် အောင်ဆေးပေးပါ။


- အစားအစာချက်ပြုတ်ဖို့ပြင်ဆင်တဲ့နေရာမှာလည်း လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပြီးမှ အစားအစာတွေကို ကိုင်တွယ်ရပါမယ်။


- ကြက်၊ငှက်၊အသား၊ငါး၊ဥတွေကို ကိုင်တွယ်ပြီးရင်လည်း လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးပေးပါ။ ဒါ့အပြင် တိရစ္ဆာန်တွေကို ကိုင်တွယ်မိတဲ့ အခါမှာလည်း ဆေးကြောပေးရမှာပါ။


- မျက်နှာ၊မျက်စိ၊နှာခေါင်းတွေကို မကိုင်ခင် လက်ကိုဆပ်ပြာနဲ့စင်အောင်ဆေးတာဟာ ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်းကို မ၀င်နိုင်အောင်လို့ တားဆီးနိုင်မှာဖြစ်ပါတယ်။


- ဆေးလိပ်သောက်ပြီးတဲ့အခါ လက်နဲ့အုပ်ပြီး နှာချေပြီးတဲ့အခါ ချောင်းဆိုးလိုက်တဲ့အခါတွေမှာလည်း လက်ကိုဆပ်ပြာနဲ့ဆေးကြောပေးပါ။


- အများသုံးအိမ်သာ၊မိသားစုအိမ်သာ စတာတွေကနေ ထွက်လာပြီးတိုင်း လက်ကိုဆပ်ပြာနဲ့ ဆေးကြော ပေးဖို့လိုပါတယ်။


- လမ်းခရီးသွားနေရင်း မုန့်ပဲသွားရေစာစားမယ်၊ လက်လည်းမဆေးနိုင်တဲ့အနေအထားမျိုးဆိုရင် သန့်ရှင်းတဲ့ စက္ကူလိုမျိုးတစ်ခုခုနဲ့ ကိုင်ပြီးစားပေးရင်ကောင်းပါတယ်။


- နေ့စဉ်သွားလာလှုပ်ရှားတဲ့နေရာမှာ လူအများထိတွေ့ကိုင်တွယ်တဲ့ ကားပေါ်က တန်းနဲ့ခုံတွေ၊ တံခါးလက်ကိုင်နဲ့ ဓာတ်လှေကားခလုတ်၊ဖုန်း၊ငွေစက္ကူစတဲ့ မြောက်မြားလှတဲ့ အရာဝတ္ထုတွေကို ထိတွေ့ရတဲ့အတွက် အဲဒီလိုကိုင်တွယ်ထိ တွေ့ပြီးတိုင်း လက်မှာ ပိုးမွှားတွေကပ်ငြိပါလာနိုင်တာကို သတိထားပြီး လက်ကို ဆပ်ပြာနဲ့သန့်ရှင်းသွားအောင် ဆေးကြော ပေးရမယ်ဆိုတာ မမေ့ဖို့လိုပါတယ်။


လက်ကိုဘယ်လိုဆေးမလဲ
- လက်ကိုဆပ်ပြာ၊ရေတို့နဲ့ဆေးပါ။
- ဆပ်ပြာနဲ့ သေချာစွာပွတ်တိုက်ပါ။
- လက်သည်းကြားထဲကိုလည်း ဆပ်ပြာဝင်ရောက်အောင်ပွတ်တိုက်ပါ။
- သုံးရေနဲ့လက်ကိုလောင်းပြီးဆေးပါ။
- ဆပ်ပြာမရှိလျှင် သဲဆပ်ပြာ၊ ပြာ၊ ပြာရည်၊ကင်ပွန်းသီးရည်၊တရော်ရည် စတာတွေတို့ကို သုံးနိုင်ပါတယ်။
ဒါတွေကို သတိပြု
- လက်ကို ဇလုံထဲမှာ နှစ်မဆေးပါနဲ့။
- တစ်ယောက်လက်ဆေးပြီးသားရေကို နောက်တစ်ယောက်က ထပ်မဆေးပါနဲ့။


ဒါလေးတွေလုပ်ပေးပါ
- အိမ်မှာ လက်ဆေးဖို့ဆပ်ပြာနဲ့ သုံးရေသန့်အမြဲရှိဖို့လိုပါတယ်။
- အိမ်သာထဲမှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ရေဆောင်ထားပေးပါ။
- အိမ်သာကအထွက်မှာ လက်ဆေးဖို့ ဆပ်ပြာနဲ့ရေ အမြဲထားပါ။
- ရုံး၊ဌာန၊ကျောင်း၊အများသုံးအိမ်သာတွေမှာ လက်ဆေးဖို့ဆပ်ပြာနဲ့ရေ အမြဲထားပေးပါ။
- အလှူအတန်းတွေမှာ လက်ဆေးဇလုံထားပေးမယ့်အစား လက်ဆေးဖို့ဆပ်ပြာနဲ့ ရေလောင်းဆေးနိုင်ဖို့ကို စီစဉ်ပေးပါ။
- ဈေးတွေ၊စားသောက်ဆိုင်တွေမှာလည်း လက်ဆေးဖို့ဆပ်ပြာနဲ့ ရေရအောင်စီစဉ်ပေးထားဖို့လိုပါတယ်။


လက်ကိုဘာကြောင့် ဒီလိုဆေးရသလဲဆိုရင် လက်မှာမစင်အညစ်အကြေးအနည်းငယ် (တစ်ဂရမ်)လောက်ကပ်ပါလာတယ် ဆိုရင်တောင် အဲဒီတစ်ဂရမ် ပမာဏမှာ –
ဗိုင်းရပ်စ်ရောဂါပိုး - ၁၀သန်း
ဘက်တီးရီးယားရောဂါပိုးပေါင်း - တစ်သန်း
ကပ်ပါးရောဂါပိုး စုစုပေါင်း - တစ်ရာ တို့က ကပ်ငြိပါလာနိုင်ပါတယ်။


ဒီလိုရောဂါပိုးတွေကစလို့ အခုအခါမှာခေါင်းထောင်ပေါ်ပေါက်လာနေတဲ့လူကလူကို အသက်ရှူလမ်းကြောင်းကနေပါ ထပ်ဆင့်ကူးစက်နေတဲ့ ကမ္ဘာ့လူတုပ်ကွေး A(H1N1) ဟာ နှာချေချောင်းဆိုးလိုက်တဲ့အခါ (ခန္ဓာကိုယ်ပြင်ပ ဥပမာ- ခုံတွေ၊ စားပွဲတွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ) သူ့ရဲ့အနီးအနားက ပစ္စည်းတွေမှာ ကပ်ငြိပြီးခြောက်နာရီ လောက်ကြာ အောင် အသက်ရှင်သန်နေနိုင်တဲ့အတွက်ကြောင့် ကိုင်တွယ်ထိတွေ့မိတဲ့လက်ကနေတစ်ဆင့်ပါလာပြီး လက်ကိုဆပ်ပြာနဲ့ စင်ကြယ်အောင် မဆေးမိတဲ့အခါ ကိုယ့်ဆီပါ ကူးစက်ခံရနိုင်တာကြောင့် လက်သန့်ရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြ ရန် လိုအပ်ပါကြောင်း ဖော်ပြလိုက်ပါတယ်။


Ref: The Voice Weekly Journal (Vol.5/No.43)

No comments: