Tuesday, October 21, 2008

When your child don't want to eat somefoods

သင့်ကလေး အစာမစားဘူးဆိုရင်
(ဒေါက်တာရည်ညွန့်မေ)
မိမိရဲ့ရင်သွေးငယ် အစာမစားဘူး သို့မဟုတ် စားချင်စိတ်နည်းနေမယ်ဆိုရင် မိဘတွေဝမ်းမြောက် ၀မ်းသာ မရှိကြပါ။ ကလေးဘာဖြစ်လို့အစာစားတာ နည်းရတာလဲဆိုတာ သိချင်ကြမှာဖြစ်ပါတယ်။ ဆေးခန်း ရောက်ရင်လည်း ဆရာဝန်ကို ကလေးအစာစားချင်စိတ်များလာအောင် ဘာအားဆေး တွေတိုက်ပေးရမလဲ ဆိုတာ မရိုးနိုင်တဲ့အပ်ကြောင်းထပ်နေတဲ့ ဓာတ်ပြားဟောင်းတစ်ချပ်လိုပဲ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။
ဘာကြောင့် အစာမစားချင်တာလဲ
ကလေးအစာမစားချင်တာဟာ ဖျားလို့လား၊အစာအိမ် အူလမ်းကြောင်းတစ်လျှောက် ရောင်ရမ်း ပိုးဝင်သွား လို့လား၊ လည်ချောင်းနာပြီးမျိုချလို့မရလို့လားစတဲ့ စဉ်းစားစရာတွေ မေးချင်စရာတွေ ဖြစ်လို့လာပါပြီ။ ရေပြောင်း၊မြေပြောင်း ခရီးဝေးသွားလို့လား၊သူစားနေကျ အစားအစာတွေ မဟုတ်လို့ မစားချင်တာလား စတဲ့စဉ်းစားရမယ့် အချက်အလက်တွေရှိတာမို့ ကလေးအစာမစားချင်တာ မျိုးတွေ့ ရင် အလွန်အမင်း မစိုးရိမ်လိုက်ပါနဲ့ဦး။ တစ်ရက်နှစ်ရက်အစားပျက်တာ ကတော့အကြောင်းမဟုတ်လှ ပေမယ့် ရက်ကြာလာရင်တော့ ဆန်းစစ်ဖို့လိုပါတယ်။
ကလေးအစာစားတာနည်းရင် ဘာတွေစဉ်းစားသင့်သလဲ
ကလေးဟာ အစာမစားဘူး၊ရေတွေချည်း နင်းကန်သောက်နေတယ်ဆိုရင် သူ့ရဲ့ခန္ဓာကိုယ်အပူချိန်ကို စစ်ဆေးသင့်ပါတယ်။လည်ချောင်းနာနေသလား၊အာသီးရောင်နေသလားစသည်တို့ကို စစ်ဆေး ဖို့လျှာ လေး ကိုဇွန်းလက်ကိုင်လေးနဲ့ အသာလေးဖိချလိုက်ပြီး “အား”လို့အော်ခိုင်းလိုက်ကာ ခံတွင်းကို စစ်ဆေးကြည့်ရှု လိုက်ပါ။ခံတွင်းရဲ့ နောက်ဖက်ခြမ်း၊ဘယ်နဲ့ညာ နှစ်ဖက်မှာ နီနီရဲနေတဲ့အာသီးလေး တွေတွေ့ရင် အာသီးရောင်လို့ မျိုမချနိုင်တာကြောင့် အစာမစားရဲတော့ဘူးဆိုတာ သိသင့်ပါတယ်။
ဒါမှမဟုတ် အစာမကြေ ဗိုက်အောင့်နေလို့လား၊ကျွေးလိုက်တဲ့ အစာတွေမာကြမ်းကြမ်းဖြစ်နေလို့ အစာကောင်းစွား မကြေညက်တဲ့အတွက် အစာမကြေဘဲဗိုက်နာတတ်ပါတယ်။ သန်ကောင်၊ တုတ်ကောင် တွေရှိနေရင်လည်း ပြဿနာရှိလာနိုင်ပါတယ်။ တစ်ခါတစ်လေ အစာအိမ်အူလမ်း ကြောင်းတစ်လျှောက် ရောင်ရမ်းလာတဲ့အတွက် အစာကို စုပ်မယူနိုင်တော့ဘဲ ၀မ်းပျက်ဝမ်းလျှော ဖြစ်ကာ အစာစားချင်စိတ် လျော့နည်းလာတတ်ပါတယ်။ ဒါ့အပြင် အခြားဖြစ်နိုင်ချေတွေလည်းစဉ်းစား ကြည့်နိုင်ပါသေးတယ်။ အဲဒါတွေကတော့ နားကိုက်လို့လား၊ သွားပိုးစားပြီးကိုက်နေသလား၊ ပါးစပ်ထဲ မှာ အနာလေးတွေရှိလို့လား၊ အူအတက် ရောင်လို့လား၊ ဆီးသွားလမ်းကြောင်းပိုးဝင်လို့များနာကျင်ပြီး မစားနိုင်ဖြစ်ရတာလား ဆိုတာတွေကိုတော့ ဆရာဝန်မှ စမ်းသပ်ကြည့်ရှုပေးနိုင်ပါလိမ့်မယ်။
ကလေးအစာမစားရင် စိုးရိမ်ရသလား
ကလေးဟာ ကိုယ်အပူချိန်လည်းပုံမှန်၊မဖျားမနာဘူးဆိုရင် ဒါမှမဟုတ်အစာစားဖို့ ဆက်ငြင်းဆန်နေ တုန်းပဲဆိုရင် ရေများများတိုက်ပါ။ ဖျော်ရည်များလည်းတိုက်ပါ။ ကလေးအစာမစားတာ ၂၄နာရီကျော် သွားမယ်၊ဘာကြောင့် အစာမစားချင်ဖြစ်တာလဲဆိုတာ မိဘအနေနဲ့မသိဘူးဆိုရင် ဒါဟာ ဆရာဝန်နှင့် တိုင်ပင် ပြသသင့်ပါတယ်။
ဆရာဝန်က မေးမြန်းပြီး ကလေးကိုစစ်ဆေးကြည့်ရှုကာ မိဘများနှင့်ဆွေးနွေးတိုင်ပင်ကာ ဘယ်လိုပြုစု စောင့်ရှောက်ရမယ်၊ကျွေးမွေးရမယ်ဆိုတာ ဆွေးနွေးအကြံပေးပါလိမ့်မယ်။
မိဘတွေအနေနဲ့ ဘာလုပ်ပေးသင့်လဲ
ကလေးစားချင်စိတ်ရှိတဲ့ အစားအစာမျိုးဖြစ်အောင်ပြောင်းလဲ ချက်ပြုတ်ကျွေးမွေးသင့်ပါတယ်။ လိုအပ်ရင် အစာကြေဆေး သို့မဟုတ် ကလေးအားတိုးဆေးလေးတွေ အပိုဆောင်းပေးပါ။ သူကြိုက် တတ်တဲ့ အစာမျိုး ဥပမာ - Milk Shake လိုနွားနို့ကျိုးပြီး အသီးအနှံအမျိုးမျိုးနဲ့ ရောနှောကာ ထည့်စား စေတာမျိုး၊ ပူတင်းဖုတ်ပေးတာမျိုး၊ ကြက်သားကြော်ကျွေးတာမျိုး တစ်လှည့်စီ အစာပြောင်းကျွေးသင့် ပါတယ်။

No comments: