Monday, July 14, 2008

What did Kidney and Livers do in our body?

ကျောက်ကပ်တွေ ဘာလုပ်ပေးနေသလဲ။
လူရဲ့ကျောက်ကပ်တွေဟာ ပဲသီးစေ့နဲ့ သဏ္ဍာန်တူတဲ့အင်္ဂါအစိတ်အပိုင်းများဖြစ်ကြပြီး နောက်ကျောဘက်ခါးဘေးတစ်ဖက်တစ်ချက်မှာတည်ရှိနေပါတယ်။ကျောက်ကပ်တစ်ခုစီမှာ လက်သီးဆုပ်တစ်ဆုပ်စာအရွယ်အစားခန့်ရှိပြီး ၁၅၀ဂရမ်အလေးချိန်ရှိပါတယ်။ ကျောက်ကပ်များဟာ ၂မိနစ်တစ်ခါ ခန္ဓာကိုယ်တစ်ခုလုံးရဲ့သွေးထောက်ပံ့မှုကို စစ်ထုတ်ပေးပါတယ်။ ကျောက်ကပ်ထဲရောက်လာတဲ့ သွေးတွေထဲမှာ အဆိပ်အတောက်များ၊ အညစ်အကြေးပစ္စည်းများနဲ့ ပိုလျှံနေသောဆားဓာတ်များကို စစ်ထုတ်ပေးပြီး ဆီးထဲမှတစ်ဆင့် ၄င်းပစ္စည်းများကို အပြင်သို့စွန့်ထုတ်ပစ်လိုက်ပါတယ်။ ကျောက်ကပ်တွေဟာ သွေးပေါင်ချိန်ကိုမှန်အောင်လုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်ပေးတဲ့အပြင် သွေးနီဥများကိုလည်း ပြုလုပ်ပေးတယ်။ အရိုးတွေကိုလည်း သန်မာစေပါတယ်။
အသည်းက ဘာလုပ်ပေးနေသလဲ။
ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ထဲမှာ အကြီးဆုံးအင်္ဂါအစိတ်အပိုင်းကြီးတစ်ခုအဖြစ်ပါဝင်ရုံသာမက(အဆိပ်အတောက်တွေကို)ဖယ်ရှားပေးနိုင်တဲ့ အရေးကြီးဆုံးအင်္ဂါများအနက်တစ်ခုအပါအ၀င်လည်းဖြစ်ပါတယ်။အသည်းမှာ ခပ်လုံးလုံးအပိုင်းနှစ်ပိုင်းပါဝင်ပြီး ညာဘက်ရင်ညွန့်နဲ့နံရိုးများအောက်ဘက်မှာ တည်ရှိပါတယ်။ အသည်းမှာ အတွင်းဘက်အာရုံကြော အဆုံးဘက်တွေမရှိတဲ့အတွက် ကျေးဇူးတင်စရာ ကောင်းပါတယ်တဲ့။ ဒါကြောင့် အသည်းကို တိတ်တိတ်လေးနေတတ်တဲ့အင်္ဂါအဖြစ် လူသိများကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ အသည်းမှာ ရောဂါဝေဒနာစွဲကပ်လာတဲ့အခါနောက်ကျတဲ့ အခြေအနေရောက်တဲ့တိုင်အောင် မနာမကျင်ဘဲရှိလို့ပါပဲ။ အသည်းဟာ သွေးခဲချိန်မှန်စေတဲ့ အသားဓာတ်တွေကို ပြုလုပ်ပေးတယ်။သွေးထဲက အဆိပ်အတောက်တွေကို ဓာတ်ပြယ်စေတယ်။ ကူးစက်ရောဂါကို တိုက်ခိုက်ရန်ရောဂါပြီးစေတဲ့ ပစ္စည်းတွေကိုထုတ်လုပ်ပေးပါတယ်။ဒါ့အပြင်အဆီဓာတ်ကို ချေဖျက်ပေးရန် သည်းခြေရည်ကိုလည်း ထုတ်လုပ်ပေးတဲ့အပြင် ဗီတာမင်များ၊ သံဓာတ်နဲ့ ဂလူးကို့စ်တို့ကိုလည်း စုဆောင်းထားပေးပါတယ်။
ကျောက်ကပ်နဲ့အသည်းကောင်းစေရန် ဘာလုပ်ပေးရမလဲ။
အသည်းနဲ့ကျောက်ကပ်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းမှထွက်လာတဲ့ အဆိပ်အတောက်တွေကို အပြင်ဘက်စွန့်ထုတ်ပစ်ဖို့တာဝန်ယူရတဲ့ အင်္ဂါအစိတ်အပိုင်းများဖြစ်ပါတယ်။ အသည်းနဲ့ကျောက်ကပ်အားကောင်းစေဖို့ သင်လုပ်ပေးနိုင်တဲ့နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါတယ်။
(၁) ဆားများတဲ့(ဆားငန်တဲ့) အစားအစာတွေဟာ သင့်ကျောက်ကပ်တွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်နှစ်ပြီးတို့စားရတဲ့ အချဉ်ရည်တွေ၊ ငရုတ်ဆီတွေ၊ဟင်းအနှစ်တွေအများကြီးမစားပါနှင့်။
(၂) ရေသောက်နည်းလွန်းတာဟာ ဆီးထဲမှာ သတုဓာတ်ဆားတွေစုပုံများစေကာ ကျောက်တည်စေခြင်း၊အဆိပ်အတောက်အညစ်အကြေးများ စစ်ထုတ်ပေးတဲ့လမ်းစဉ်ကို နှောင့်ယှက်ခြင်းတို့ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါကြောင့်ဆီးထဲပိုးဝင်ရောက် မတွယ်စေရန် နေ့စဉ်ရေ၂လီတာ(ရေသန့် ၁လီတာဝင်၂ဘူး)ခန့်သောက်ပါ။
(၃) ကျောက်တည်စေတဲ့ အစားအစာများစားခြင်းလျှော့ပါ။ ဥပမာ- အနီရောင်အသားများ(အမဲ၊ဆိတ်၊၀က်)၊ပင်လယ်စာများ(ပုဇွန်၊ဂဏန်း)၊ ဟင်းနုနွယ်၊ရူဘတ်မုန်လာဥနီ၊ချောကလက်၊ဒူးရင်းသီး၊ချဉ်ပေါင်ရွက်။
(၄) အသည်းရောင်အသားဝါ(အေနှင့်ဘီပိုး) ကာကွယ်ဆေးထိုးပါ။
(၅) အရက်မသောက်ပါနှင့်။
အသားအများကြီးစားသုံးခြင်းဟာ အသည်းကိုဝန်ထုပ်ဝန်ပိုးဒဏ်ပိစေပါတယ်။ တစ်နေ့လျှင် ငါးကျပ်သားစားလျှင်လုံလောက်ပါတယ်။ခေါင်းကိုက်ပျောက်ဆေးများ၊ ပဋိဇီဝဆေးများမှန်မှန်သုံး စွဲခြင်းကလည်းမကောင်းပါ။ဆေးအများစုဟာ ဇီဝရုပ်ဖြစ်ပျက်စေခြင်း သို့မဟုတ်အသည်းက ပယ်ထုတ်ပစ်ရတဲ့ အတွက် ခံနိုင်ရည်မရှိတဲ့သူတွေမှာ ဆေးအချို့ဟာ အသည်းကိုဒဏ်ရာ ရရှိစေနိုင်ပါတယ်။

No comments: