Saturday, April 7, 2007

When? Why? HOw?

ဓာတ်လှေကားကို ဘယ်တုန်းက တီထွင်ခဲ့တာလဲ
၁၉ရာစုမှ မြို့တွေပေါ်တက်ပြီး အလုပ်လာလုပ်သူတွေ များလာတာမို့ မြို့ပြအဆောက်အဦတွေကို မြင့်သထက်မြင့် အောင်ဆောက်လာကြပါတယ်။ ဒါကြောင့် လက်နဲ့လှည့်ပြီး တင်ရတဲ့ ဓာတ်လှေကားမျိုးကို ပထမပိုင်းမှာ ဖန်တီးခဲ့ကြပြီး ၁၈၈၀ခုနှစ်ကျမှ လျှပ်စစ်မီးနဲ့ မော်တာနဲ့ဆွဲတဲ့ ဓာတ်လှေကားကို စတင်အသုံးပြုခဲ့ကြ ပါတယ်။ ဓာတ်လှေကားအိမ်ကို ဆွဲတင်ပေးတဲ့ကြိုးပြတ်သွား၊ ပြုတ်သွားရင်တောင် အိမ်ကြိးရွေ့လျား၊ပြုတ်ကျတာမျိုး မဖြစ်စေမယ့် လုံခြုံစိတ်ချရတဲ့ ဓာတ်လှေကားကိုတော့ အမေရိကန်အင်ဂျီနီယာ Otisက တီထွင်ပေးခဲ့ပါတယ်။
ရေလောင်းအိမ်သာကို ဘယ်တုန်းက စတီထွင်ခဲ့ပါသလဲ
လွန်ခဲ့တဲ့ နှစ်၁၅၀ကျော်အထိ အိမ်သာတိုင်းလိုလိုဟာ မြေကြီးမှာ အပေါက်လေးတစ်ခု ဖောက်ထားပြီးရှိသမျှ အညစ်အကြေးအားလုံး အဲဒီအပေါက်ထဲ တိုက်ရိုက်ကျဆင်းသွားအောင် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အရင်က တောင်ပေါ်ကအိမ်တွေမှာ အညစ်အကြေးစွန့်တဲ့ပြဿနာ နည်းပေမယ့် တောင်အောက်မှာတော့ သိပ် အဆင်မပြေပါဘူး။ မြို့ကြီးတွေမှာဆို အညစ်အကြေးတွေရဲ့ အနံ့အသက်တွေက လမ်းမတွေတိုင် ပျံ့နှံလာပါတယ်။၁၈ရာစုအကုန်မှာ အဲဒီလိုအနံ့အသက်တွေနဲ့ မသန့်ရှင်းမှုကြောင့် ကျန်းမာရေးထိခိုက်လာတာကို သတိထားမိလာကြပါတယ်။ အဲဒီလိုနဲ့ ၁၉ရာစုမှာတော့ အင်္ဂလန်နိုင်ငံကစပြီး ရေလောင်းအိမ်သာစနစ်နဲ့ ရေသန့် ပိုက်လိုင်းစနစ်ကို စတင်အသုံးပြုလာပြီး နောက်ပိုင်းမှာ အိမ်သစ်ဆောက်တိုင်း ရေလောင်းအိမ်သာနဲ့ ရေသန့်ပိုက် လိုင်း ပါရှိအောင် ဥပဒေနဲ့ပါ ပြဌာန်းခဲ့ပါတယ်။
လျှပ်စစ်မီးမပေါ်ခင်က ဘယ်မီးကို အသုံးပြုခဲ့ကြလဲ
လျှပ်စစ်မီးက ဘယ်တုန်းကစပြီး အိမ်တိုင်ရာရောက်လာသလဲ။ လွန်ခဲ့တဲ့နှစ်တရာကမှ လျှပ်စစ်မီးဆိုတာပေါ်လာ တာမို့အရင်နှစ်ထောင်သောင်းတွေတုန်းက အမှောင်ထုကသာ ကြီးစိုးခဲ့တာပါ။ ဒါကြောင့် ဂူထဲမှာနေသူတွေက သစ်ကိုင်းသစ်ခက်တွေကို မီးရှို့ပြီး အလင်းရောင်ကို ဖန်တီးခဲ့ကြဖူးပါတယ်။ အဲဒီနောက်တော့ ဆီမီးခွက်၊ အဲဒီ နောက်တော့ ဖန်မီးအိမ်တွေသုံးလာကြပါတယ်။ မီးစာကို ဆီထဲနှစ်ပြီး မီးညှိကာ ဖန်အိမ်လေးနဲ့ အလင်းကို ပွင့်အောင်ကြိုးစားလာကြပါတယ်။ နောက်ပိုင်း ပထမရာစုနှစ်လောက်မှာတော့ ပျားဖယောင်းနဲ့ လုပ်ထားတဲ့ ဖယောင်းတိုင်တွေကို တီထွင်လာကြပါတယ်။ နောက်နှစ်ရာပေါင်းများစွာ အဲဒီအလင်းပေးစနစ်ကိုပဲ မပြောင်းမလဲ သုံးခဲ့ကြပါတယ်။တချို့လူတွေကတော့ မီလင်းဖိုအပေါ်ဆင့်မှာ မှန်တစ်ချပ်ထားပြီး အလင်းရောင်ပြန်ရကာ ပိုလင်း အောင် ကြိုးစားကြပြန်ပါတယ်။၁၉ရာစုမှာ ကြက်ဆူဆီသုံးမှန်မီးအိမ်ကို သုံးလာပါတယ်။ ဒါပေမယ့် လျှပ်စစ်မီးသီး ပေါ်လာတဲ့အချိန်ကစပြီး နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့တဲ့ အမှောင်ခွင်းတိုက်ပွဲ အဆုံးသတ်သွားခဲ့ပါတယ်။ ၁၈၈၂ခုနှစ်ဇန်န၀ါရီလ၁၂ရက်နေ့က လန်ဒန်မှာ အိမ်တိုင်ရာရောက် လျှပ်စစ်မီးပေးစနစ်စတင်ခဲ့ပါတယ်။ အဲဒီ နောက်တော့ မိုင်ပေါင်းဘယ်လောက်ဝေးဝေး လျှပ်စစ်မီးကြိုးတွေကတစ်ဆင့် မီးကိုလွယ်လွယ်ကူကူသုံးစွဲနိုင်ကြပါ ပြီ။ အခုခေတ်မှာတော့ လူတွေက မီးခလုတ်ကိုဖွင့်တာနဲ့ ပိတ်တာပဲ လုပ်စရာလိုပါတော့တယ်။
Aprilလထုတ် Teen Magazineမှ တစ်ဆင့်ပြန်လည်ဝေမျှထားတာပါ။

No comments: