Saturday, April 7, 2007

My Love Stories (3)

လူတစ်ယောက်>>>>မနက်မနက်ဆိုရင် ကိုယ်တို့လမ်းကြားကို အမြဲတမ်းဖြတ်သန်းနေတာ နေ့တိုင်းပါပဲ။ လမ်းတွေ အိမ်တွေကိုသူ့တာဝန်အရ လိုက်လံပို့ဆောင်တဲ့ စာတွေအထုပ်တွေအများကြီး။
ကလင် ကလင် လိုမြည်နေတဲ့ဘဲလ်သံက အိမ်ခြံဝမှာအတန်ကြာမြည်နေတာနဲ့ ကိုယ်ကိုယ် တိုင်ပဲ အိမ်ရှေ့ကိုထွက်လိုက်တော့ စာတစ်ထပ်နဲ့အတူမြင်နေရတဲ့ လူတစ်ယောက်ကြောင့် ကိုယ်နည်းနည်းပျော်သွားသလိုပဲ။ ဘာကြောင့်လည်းတော့ မမေးပါနဲ့တော့။
စာတွေ တရွက်ပြီးတရွက် ကိုယ့်ရှေ့က စားပွဲပေါ်မှာ ရောက်သွားသလို ကိုယ့်မျက်နှာပေါ်က အပြုံးကလည်း ပိုပိုကြီးလာသလိုပါပဲ။သူ့အပေါ် လွမ်းဆွတ်ခဲ့ရတာတွေ တမ်းတမျှော်လင့်ခဲ့ရတာတွေကို အဝေးမှာထားခဲ့လိုက်ပါပြီ။
အိုး.....အဲဒီလိုတော့ မလုပ်ပါနဲ့ကွာ ကိုယ်လာနိုင်အောင်ကြိုးစားမယ်။ကိုယ့်ဓာတ်ပုံကို လည်း အများကြီးပို့လိုက်မယ်။ကိုယ်က ကိုယ့်ရုပ်ဆိုးတယ်ထင်လို့ မှတ်တမ်းတင်ဓာတ်ပုံက လွဲလို့ အလှဓာတ်ပုံမရိုက်တာကြာလှပေါ့။
မင်းဓာတ်ပုံတစ်ပုံကိုပဲမြင်ဘူးသေးတယ်။ကိုယ်တို့ခင်မင်ကြတာ တစ်နှစ်တောင်ရှိပြီ ကိုယ်တို့ အပြင်မှာ တွေ့ကြမယ်။ရန်ကုန်ကိုလာခဲ့ပါ။ဓာတ်ပုံမပို့ရင်၊ လာမတွေ့ရင် သူငယ်ချင်းအဖြစ် ကရပ်စဲပစ်လိုက်လို့ရတယ်ဆိုတဲ့မင်းစကားကြောင့်.>>>မင်းကို ကိုယ်လည်းအမှန် တစ်ကယ် တွေ့ချင်စိတ်ကြောင့် ကိုယ်လာမယ် မင်းဆီကို။
လာမယ်......အခုလာမယ်.......မင်းနဲ့တွေ့ရတော့မယ်။ကိုယ်ချစ်တဲ့သူနဲ့တွေ့ရတော့မယ် ဆိုတော့ ရင်ထဲမှာတစ်မျိုးကြီးပါလား။အပြင်မှာတွေ့ရင် သူကိုယ့်ကိုခင်ချင်ပါ့မလား။ ဒီထက်သံယောဇဉ်ထားချင်ပါ့မလား။ အဖေပြောသလို တခြားရန်ကုန်ကလူတွေလိုများ ကိုယ့်ဆီက ကိုယ့်ကိုအသုံးချလိုလို့...စသဖြင့် အတွေးတွေကတော့အများသား။
တော်ပြီကွာ မစဉ်းစားတော့ဘူး သွားမယ် ရန်ကုန်ကိုသွားမယ်။
စိတ်လှုပ်ရှားမှုများနှင့် စတင်တဲ့ခရီးဟာ အထူးအဆန်းဖြစ်နေတာတော့ အမှန်ပါပဲ။ တစ်ယောက်တည်းသွား....ကိုယ့်အားကိုယ်ကိုး ခရီးလေးမို့လေ။
ခါတိုင်းဆိုရင် မိသားစုဝင်တစ်ဦးဦးပါမှ ခရီးထွက်ကျင့်ရှိခဲ့တာပါ။ အပြစ်မဆိုသာတဲ့ အဖေ့ရဲ့ စိတ်မချခြင်းတွေနဲ့ ရစ်နှောင်ထားတဲ့ ကိုယ်ဟာ နည်းနည်းတော့ အားကိုချင်စိတ် ရှိနေသလိုပါပဲ။
ဒီခရီးဟာ ကိုယ့်အတွက် စွန့်စားခန်းကြီးဖြစ်သလို အဆန်းတကြယ် စိတ်လှုပ်ရှားမှုများဖြစ် ပေါ်စေတဲ့ခရီးလေးပါ။
အဖေကပြောတယ်...> ရန်ကုန်ကလူတွေရဲ့အကြောင်း၊ ခရီးစဉ်အကြောင်း၊ သူလာ မကြိုရင် ဘယ်လိုသွား ဘယ်မှာတည်း ဘယ်လိုလုပ်စတဲ့ မှာတမ်းတွေပေါ့။မိဘမေတ္တာပါ သလို စိတ်မချခြင်းတွေပါဝင်နေတဲ့ စကားသံတွေဟာ တစ်ခါတစ်လေ ကိုယ့်အတွက်နွေး ထွေးမှုကိုပေးသလို တစ်ခါတစ်လေတော့လည်း မကောင်းဘူးလို့ အဲဒီအချိန်က မခံစားတတ် ခဲ့တာအမှန်ပါပဲ။ခရီးသွားဖို့သာ စိတ်ကသန်နေတာလေ။
ဘာပဲဖြစ်ဖြစ်လေ အရွယ်ရောက်ပြီး ယောက်ျားလေးတစ်ယောက်အတွက် ကိုယ့်အားကိုယ် ကိုးလိုစိတ်ဖြစ်ပေါ်စေတဲ့၊ လောကသစ်တစ်ခုကို လျှောက်လှမ်းရသလို ခံစားရစေတဲ့၊ ကိုယ့်သံယောဇဉ်ရှိသူကိုတွေ့ရမယ့် ဒီခရီးဟာ အဆင်ပြေချောမွေ့ပါစေကြောင်း ကိုယ်ဆုတောင်းပါတယ်။
တဂျုံးဂျုံး.....ဂျုံး မည်နေတဲ့ ပုခက်လွှဲသလားထင်ရတဲ့ ရထားပေါ်မှာ အိပ်မပျော်ခြင်းများ စွာ အိပ်မပျော်သူဟာ ကိုယ်တစ်ယောက်ထဲလား။ ဘူတာတစ်ခုဝင်တိုင်း မည်မည်လာတတ် တဲ့ ရထားဥသြသံရယ် တံတားတွေကို အဖြတ်မှာ မည်လာတတ်တဲ့ တဂျုံးဂျုံး အသံတွေဟာ ကိုယ့်စိတ်လှုပ်ရှားနေတာကို တိုးမြှင့်စေတာတော့အမှန်ပါပဲ။
ရထားပြတင်းပေါက်ကနေ မည်းမည်းမှောင်မှောင်ထဲမှာ မြင်နေရတဲ့ လယ်ကွင်းတွေ၊ တောင်ပေါ်က စေတီတွေ၊ ညမှောင်မှောင်မှာ အလုပ်ရှုပ်နေကြတဲ့ လူတစ်ချို့ရယ်ကိုကြည့် ပြီး ဘာမှန်းမသိတဲ့ ခံစားမှုတစ်ခုဟာ ရင်ထဲမှာ တလှပ်လှပ်။
မနက်က ဘာမှန်းကိုမသိဘူး ရထားစီးခရီးသည်တွေ ဘူတာရုံမှာများမှများ...စုံစမ်းကြည့် တော့ အခုအဝေးပြေးကားခတွေ ဈေးတအားမြင့်နေတာကြောင့်ရထားစီးသူများလာတာတဲ့။ ဒါကြောင့်နေမှာ လက်မှတ်ကို သုံးရက်လောက်ကြိုဝယ်တာတောင် ကုန်ပြီတဲ့။တော်ပါသေး ရဲ့ ဘူတာက အမကကိုယ့်အသိဖြစ်လို့ သူကြိုဝယ်ပေးထားတာကိုပဲကျေးဇူးတင်နေရတာ။
မနက်ကျရင် ရထားကဘယ်နှနာရီဆိုက်မလဲ မသိဘူး။သူ့ကို ကိုယ်ဖုန်းဆက်ထားတဲ့အချိန် မဆိုက်ရင် သူကတော့ ရပ်စောင့်နေရတော့မှာ။ ဂျင်းအပြာရယ် တီရှပ်အဖြူရယ် သူဝတ်လာ မယ်။ဘူတာအထွက်က ရုပ်ထုတွေရှိတဲ့နားက ခုံတန်းမှာ သူစောင့်နေမယ်တဲ့။ အဖေပြော သလိုသူ ကိုယ့်ကိုယ် လိုလိုလားလားရှိပါ့မလား။ ရန်ကုန်မြို့ကြီးကကော ဘယ်လိုပုံစံလည်း ကိုယ့်ကို နွေးထွေးစွာကြိုဆိုမလား...အစိမ်းသက်သက်ကြိုဆိုမလား။
အခုချိန်မှာ ဘာမှမစဉ်းစားတာပဲကောင်းပါတယ်။ဒါပေမဲ့ ရထားသံတဂျုံး...ဂျုံးက ကိုယ့်ကို အိပ်မပျော်သူကို အိပ်မပျော်အောင်များ လုပ်နေသလား....ကွာ။
ငှက်ပျောသီးတွေ ရမယ်.....ငှက်ပျောသီးတွေ.....ရေရမယ်ရေ စတဲ့အသံတွေကြောင့် ရုတ်တရက်လန့်နိုးသွားတယ်။တိုးကြောင်ကလေးဘူတာရောက်ပြီမကြာခင် ရန်ကုန်ဘူတာ ကြီးကိုရောက်တော့မယ်ဆိုတာကြောင့် ကိုယ့်အထုပ်လေးတွေပြင်ဆင်ရပြီ မေ့မကျန်ခဲ့ အောင်ပေါ့။သေချာတာကတော့ ထိုးမုန့်ထုပ်တွေကိုသေချာစစ်ရတာပါပဲ။ သူကထိုးမုန့်ကြိုက်တယ် မဟုတ်လား။
ဘူတာထဲကို ၀င်ဖို့ ရထားဥသြဆွဲသံနဲ့ အတူကိုယ့်စိတ်တွေဟာ ပျော်ရွှင်သလိုလို၊စိုးရိမ်စိတ် ၀င်သလိုလိုနဲ့ ဟား...ဟား။လူတွေ လူတွေမြို့ထဲမှာ လူကျန်သေးရဲ့လားမေးရအောင် ဘူတာရုံမှာ ကြိတ်ကြိတ်တိုးနေတာ။အထုပ်အပိုးတွေကိုသေချာစွဲကိုင်ပြီး ဘူတာဝင်ပေါက် ဘက်ကို ထွက်လာခဲ့တယ်။ဟာ....သူ့ကိုလည်းမတွေ့ဘူး သေချာစောင့်နေမယ်ပြောပြီး တော့။အော်....ရှေ့ကလှမ်းကြည့်နေတဲ့ ကောင်လေးတစ်ယောက်..သူလည်းကိုယ့်ကို စူးစမ်းတဲ့အကြည့်နဲ့ ကြည့်နေတယ်။ သေချာပါတယ် သူပြောတဲ့အတိုင်းပဲ ကိုယ့်ကို နှုတ်ဆက်တယ်။ မင်းကိုဘူတာထဲလာစောင့်သေးတယ်...ရထားနားကောလာရှာတယ်.. လွဲနေမှာစိုးလို့ ပြောထားတဲ့အတိုင်းဒီနားကစောင့်နေတာ စတဲ့ စကားတွေနဲ့နွေးထွေးစွာ ကြိုဆိုတယ်။အခုမှတွေ့တာဆိုတော့ တစ်ယောက်နဲ့တစ်ယောက်အမ်းနေသလိုပါပဲ။

No comments: