Wednesday, April 13, 2022

ဦးကုလား၏ မဟာရာဇဝင်ကြီး

 စာသင်ခန်းထဲတွင်သမိုင်းအလိမ်ခံနေရသည်




ဦးကုလား၏ မဟာရာဇဝင်ကြီး အမှား သို့မဟုတ် ပုဂံခေတ်မတိုင်ခင်က ဗုဒ္ဓသာသနာရှင်းတမ်း

************************************************************************************

#ဦးကုလား_မဟာရာဇဝင်ကြီး

#သမိုင်းဆိုင်ရာအတွေးအမြင်

#Historical_article


ကျွန်တော်တင်ဖူးခဲ့တဲ့ မြန်မာပြည် ဗုဒ္ဓဘာသာသမိုင်း အပိုင်း ၁ ၂ ၃ ၄ ၅ ကိုဖတ်ပြီး တချို့လူတွေ ဒွိဟစိတ်လေးတွေ ဝင်သွားတာကို သတိထားမိပါတယ်။


မြန်မာပြည် သာသနာသမိုင်းကို လူတော်တော်များများ သိထားတာက အနော်ရထာမင်း က သထုံကို ချီတတ်ပြီး မနူဟာမင်းဆီက ပိဋိကပ်စာပေတွေပင့်ဆောင်လာတယ်ဆိုပြီး သိထားကြတာပါ။

တကယ့်သမိုင်းအမှန်ကို အပိုင်း၄ကို ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။


အပိုင်း၄ မှာတင်ပြခဲ့တာ ဦးကုလားရဲ့ မဟာရာဇဝင်ကြီး လုပ်ကြံစိတ်ကူးယဉ်ဇာတ်ကို အကျဉ်းချူံး တင်ပြထားတာဖြစ်ပါတယ်။


တကယ့်တော့ အားလုံးရဲ့အထင်မှား အမြင်အမှားတွေကို အားလုံးသိရအောင် ကျမ်းဂန်အထောက်အထား ကျောက်စာအထောက်အထားများနဲ့ ရေးသားတင်ပြလိုက်ပါတော့သည်။


တကယ်တော့ အနော်ရထာမင်းဟာ သထုံပြည်ကို စစ်မတိုက်ခဲ့သလို မနူဟာမင်းကိုလည်း ဖမ်းဆီူအကျဉ်းချထားတယ်ဆိုတာ မဟုတ်ခဲ့ပါဘူး။ သထုံကိုဂျွမ်းစစ်သားတွေ ဝင်တိုက်လို့ သထုံပြည်ကျတဲ့အချိန်မှာ မနူဟာမင်းက အနော်ရထာမင်းဆီမှာ လာရောက်ခိုလှုံခဲ့တာ။


နောက်ပြီး ဗုဒ္ဓရဲ့သားတော် အရှင်အရဟံလို ရဟန္တတစ်ပါးက ပိဋိကပ်၃ပုံကို ရဖို့ အနော်ရထာကို သထုံကိုစစ်တိုက်ခိုင်းတာ ဖြစ်နိုင်ပါ့မလား။ နောက်တစ်ချက်က အရှင်အရဟံက သထုံကို သွေးမြေကျအောင် အနော်ရထာကို ခိုင်းပါ့မလား။ 


ဂျွမ်းစစ်သားတွေကြောင့် သထုံပြည်ပျက်ခဲ့ရတယ်ဆိုတာ သမိုင်းအထောက်အထား အတိအကျရှိပါတယ်။ မနူဟာမင်းက ဂျွမ်းစစ်သားတွေရဲ့ ရန်ကိုရှောင်ရင်း ပုဂံမှာလာခိုလှုံပါတယ်။ အနော်ရထာမင်းကလည်း သူ့ရဲ့ စစ်သည်တွေနဲ့ သထုံက ဂျွမ်းစစ်သားတွေကို ပြန်တိုက်ခိုင်းခဲ့တာပါ။ 


#မူလအမှား ဦးကုလား


ပုဂံ၌ အနော်ရထာမင်းစော မတိုင်မီ နတ်နဂါးကိုးကွယ်မှု၊ အရည်းကြီး ကိုးကွယ်မှုများသာရှိခဲ့သည်။ 

အနော်ရထာမင်းသည် သထုံကို အောင်နိုင်ပြီးနောက် ပိဋကတ်သုံးပုံနှင့်တကွ ရှင်အရဟံကို ယူဆောင်ကာ ပုဂံ၌ ထေရဝါဒသနာ ထွန်းကားစေခဲ့သည်ဟု

ဦးကုလား ရေးသားသည့် မဟာရာဇဝင်ကြီး (အေဒီ၁၇၁၄၊ တနင်္ဂနွမေင်းလက်ထက်၊ ညောင်ရမ်းခေတ်) ၌ ဖော်ပြ ပါရှိခဲ့သည်။ 

၎င်း ကို ကိုးကားသော မှန်နန်းရာဇဝင်နှင့်၊ နောက်ရေး ပုဂံရာဇဝင်များ၌လည်း ထိုသို့သာ ရေးသားခဲ့ကြ အမှတ်မှားခဲ့ကြသည်။


#သမိုင်းပညာ ဆိုတာ


သမိုင်းပညာဆိုသည်မှာ ပြည်တွင်း ခေတ်ပြိုင်အထောက်ထားများ၊ ပြည်ပ ခေတ်ပြိုင်အထောက်အထားများ ရှုထောင့်စုံထောက်ခံမှု ရှိသော အချက်အလက် အခြင်းအရာ တို့ကိုသာ အမှန်သမိုင်းဟု လက်ခံမှုပြုပါသည်။ 

အထောက်အထား မရှိက သမိုင်းမရှိပါ (No evidence No history) ။ အထောက်အထား မပြနိုင်ပါက ရာဇဝင်စာ (ခေါ်) မှတ်တမ်း (Chronicle) ဟုသာ ခေါ်ဆိုပါသည်။ 

ထို ရာဇဝင်စာက ပြောသော အချက်အလက် အခြင်းအရာ တို့ကို အမှန်သမိုင်း ဟုလက်မခံပါ။


#ဆန်းစစ်ခြင်း


ထို့ကြောင့် ဦးကုလားပြောသလို အနော်ရထာခေတ်ရောက်မှ ပုဂံသို့ ထေရဝါဒ ရောက်သည် ဆိုသော အယူအဆ အတွက် အထောက်အထား ရှာရန်လိုအပ်ပါသည်။ 

ထိုသို့ လိုအပ်သော ကျောက်စာ အထောက်အထားများကို ရှာဖွေ ကြည့်သောအခါ . . .


၁။ အရည်းဆိုသော စကားကို တွေ့ရပါသည်။ သို့သော် ထိုအရည်း ဆိုသည်မှာ အာရညဝါသီ တောမှီ ပုဂ္ဂိုလ်၊ တောကျောင်း ဘုန်းကြီး များသာဖြစ်ပါသည်။ 

ပါးစပ်ရာဇဝင်များ၌ တွင်ကျယ်နေလို (ပန်းဦးလွှတ်ခြင်း) အစ ရှိသဖြင့် ယုတ်ညံ့သော အလုပ်များလုပ်သည်ဟု အထောက်အထား မရှိပါ။ 

ဘုရားတည်၊ ကျောင်းဆောက်၊ ပရဟိတ အလုပ်များ လုပ်ခြင်း စသည့် ကောင်းမှုကုသိုလ်များအတွက် အလှူမှတ်တမ်း ကျောက်စာ အထောက်အထားများသာ တွေ့ရှိရပါသည်။ 

ထို့အပြင် ပုဂံရာဇဝင်ကြီး ပေမူ တွင်လည်း အရည်းများ သောင်းကျန်းသောကြောင့် နှိမ်နင်းရသည် ဟု မပါရှိပါ။ (အရည်းဆရာကို တောကျောင်းဆရာ၊ ပွဲကျောင်းဆရာ များဟု မှတ်ယူရပါသည်)


၂။ အင်းဝခေတ် ပဲခူး ကလျာဏီသိမ်ကျောက်စာသည် အနော်ရထာခေတ်ထက် နှစ် ၄၀၀ ကျော် နောက်ကျ၍ ပုဂံခေတ် ခေတ်ပြိုင် အထောက် အထေက်အထား မဟုတ်ပါ။ 

ထို ကလျာဏီသိမ်ကျောက်စာ၌ ပုဂံနှင့်သထုံ စစ်ပွဲ ဖြစ်ခဲ့ကြောင်း မပါပါ။ အနော်ရထာမင်းစောသည် သထုံသို့ ချီတက်တိုက်ခိုက်သည် ဆိုသော အထောက်အထား မရှိ။ ကျောက်စာ မှတ်တမ်းလည်း မရှိ။ 

ပုဂံရာဇဝင်ကြီး ၌လည်း ထိုသို့ မဆိုပါ။

ထို့ကြောင့် ရာဇဝင်ကြီး၌ပါသော ပုဂံနှင့် သထုံ စစ်ပွဲကြီး ဖြစ်ခဲ့ကြောင်း အထာက်အထား မရှိ။ ပုဂံနှင့် သထုံ စစ်ပွဲကြီး မဖြစ်ခဲ့ပါ။


ပဲခူး ကိုးသိန်းကိုးသောင်း ဘုရားသမိုင်းတွင် ကြွမ်း (ဂျွမ်း) စစ်သည်များ (ခမာ) ဥဿာပဲခူး ကို ဝိုင်းထားစဉ် သထုံမင်း မနူဟာဘုရင်သည် ပဲခူးဘုရင်ထံ ခိုလှုံနေသည် ဟု ပါရှိပါသည်။ (အနော်ရထာမှ ကျန်စစ်သားနှင့် သူရဲကောင်းလေးယောက် ဦးဆောင်သာ စစ်တပ်ဖြင့် စစ်ကူပေးခဲ့သည်)


ထိုစဉ်အခါက အရှေ့တောင်အာရှဒေသ၌ အင်အားကြီးမားသော ဂျွမ်းစစ်တပ်ကြီး သည် ယိုးဒယား၊ မြန်မာနိုင်ငံတောင်ပိုင်း မှသည် ပဲခူးအထိ စစ်ထိုးလာခဲ့ပါသည်။ 


ပဲခူးမြို့အထိ လာဝိုင်းရံထားသော ထို ခမာစစ်တပ်၏ စစ်လမ်းကြောင်းကျရာ သထုံသည် ပဲခူး မကျမှီကတည်းက ကျခဲ့သည်မှာ အထင်အရှားပင် မဟုတ်ပါလော။


ထို့ကြောင့် ထိုစဉ်က သုဝဏ္ဏဘူမိသထုံသည် ပုဂံနှင့် စစ်ဖြစ်ခြင်း မဟုတ်ပဲ ဂျွမ်း ရန်ကြောင့် ပျက်စီးခဲ့ခြင်းသာ ဖြစ်ပါသည်။ 


သထုံဘုရင် မနူဟာသည်လည်း သထုံပျက်သောအခါ ပဲခူး၌ လာရောက်ခိုလှုံနေပါသည်။ ပဲခူးကို ဂျွမ်းစစ်သည်တို့ လာဝိုင်းသောအခါ မနူဟာသည် ပုဂံဘုရင် အနော်ရထာထံ ရွှေ့ပြောင်း ခိုလှုံခဲ့ခြင်းသာ ဖြစ်ပါသည်။


အနောက်လွန်မင်းလက်ထက် လှေသင်းစုစစ်တမ်းတွင် မနူဟာမင်းသည် လှေတော်ကြီး လေးစင်းနှင့် သမီးတော်ဆက်သကာ ပုဂံသို့ခိုလှုံရောက်ရှိကြောင်း၊ ယင်းလှေတော် လေးစင်းနှင့် လှေတော်သားများကို အနော်ရထာမင်းကြီးက လှေသင်းစုတစ်စု အဖွဲ့ဖွဲ့ပေးရာမှ ဆင်းသက်လာသော လှေသင်းစုဖြစ်ကြောင်း အစစ်ခံသည့် စစ်တမ်းရှိပါသည်။


(ကြပ်ကြပ်စဉ်းစား ကြည့်ကြပါ။ ဂျွမ်းစစ်တပ်ကြီးဟာ သထုံကို ဖြတ်သန်းပြီးမှ ပဲခူးကို ရောက်တာပါ။ ပဲခူးအထိ ဂျွမ်းစစ်တပ်ကြီး ရောက်လာမှတော့ စစ်လမ်းကြောင်းကျတဲ့ သထုံ ကျရှုံးပြီးဆိုတာ သိပ်ထင်ရှားပါတယ်။ သထုံဘုရင်မနူဟာ ကလည်း ပုဂံမှာ လာခိုလှုံခြင်းသာ ဖြစ်ပါတယ်။ )


ထို့ကြောင့် ဗျတ်ဝိ၊ ဗျတ္တနှင့် သထုံကို အနော်ရထာစစ်တိုက်ခဲ့ခြင်း ဆိုသည်မှာ ပုံဝတ္ထုဇတ်လမ်းသာ ဖြစ်ပါသည်။ ထိုပုံပြင်ဇတ်လမ်းကို ဦးကုလားက မဟာရာဇဝင်ကြီးမှာ ဘာကြောင့်ထည့်ရေးတာလဲ။ ဘယ်ကဟာကို ဦးကုလားက ယူရေးတာလည်း ဆန်းစစ်ဖို့လို့ပါသည်။


ဦးကုလား၏ အတ္ထုပ္ပတ္တိကို ပြန်ကြည့်သော် အဖဘက်မှ သူဌေးမျိုး။ 


အမိဘက်မှ အဖွားသည် ယိုးဒယား ပိဿလောက်စော်ဘွားသမီး စောဘုန်းရှိ ဖြစ်ပါသည်။ သမိုင်းသုတေသီ တို့၏ ဆန်းစစ်ချက်၊ လေ့လာချက်များအရ ဦးကုလားသည် မဟာရာဇဝင်ကြီး၌ ယိုးဒယားဘက်မှ ဇတ်လမ်းများ ထည့်ရေးခြင်းမျှသာ ဖြစ်တန်သည်။ 


ဦးကုလားသည် ထိုခေတ် ပွဲကျောင်းများကို နှိပ်ကွပ်လို၍ အရည်းကြီးဇတ်လမ်းများယုတ်ညံ့စေရန် သူ့အဘွား ထံမှရသော ယိုးဒယားဘက်မှ ဇတ်လမ်းကို ထည့်ရေးခြင်းသာ ဖြစ်သည်။ 


ပုဂံစစ်ပွဲ ဆိုသည်မှာလည်း သူ့အဘွားဘက်မှ ရသော ယိုးဒယားဖြစ်ဇတ်လမ်းကို ထည့်ရေးခြင်း မျှသာ ဖြစ်တန်သည်။ ထို့ကြောင့် သထုံ ပုဂံ စစ်ပွဲမှ ဗျတ်ဝိ၊ ဗျတ္တ ဇတ်လမ်းများမှာလည်း ဦးကုလား၏ ရေးသားချက်သာ ဖြစ်ပါသည်။


ဦးကုလားသည် အနော်ရထာဘုရင်၏ သာသနာရေး ဆောင်ရွက်ချက်များကို အလွန်အမင်း ဂုဏ်မြှောက်လို၍ အသောကမင်းကြီး သာသနာ မြှောက်စားပုံ အချက်များကို ဆင်တူယူ ရေးသားခဲ့ဟန်ရှိသည်။


အနော်ရထာက သထုံကိုလည်း မတိုက်၊ သထုံမှ ရှင်အရဟံနှင့် ပိဋကတ်သုံးပုံ ကြောင့်လည်း မဟုတ် ဆိုလျှင် ပုဂံသည် ထေရဝါဒဗုဒ္ဓသာသနာကို ဘယ်က ရသနည်း။


ဟုတ်ကဲ့။ သရေခေတ္တရာ ခေါ် သီရိခေတ္တရာ မှ ရပါသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာ မတိုင်မီ ထေရဝါဒဗုဒ္ဓ သာသနာ ရှိကြောင်း အထောက်အထားများ ကျောက်စာများ လည်း ရှိပါသည် ခင်ဗျား။


၁။ အနော်ရထာမင်း၏ ဖခမည်းတော်ကွမ်းဆော်ကြောင်ဖြူ (ကျောင်းဖြူ) မင်းကို ကျည်စိုးနှင့် စုက္ကတေး တို့မှ နန်းချပြီး အတင်းရဟန်းပြုစေကြောင်း ပုဂံရာဇဝင်ကြီး ၌လည်း ပါ ပါသည်။ ဦးကုလား ရာဇဝင်ကြီး ၌လည်း ပါပါသည်။ 

ရသေ့ ဝတ်စေခြင်း မဟုတ်။ 

ရဟန်းဝတ်စေခြင်း ဖြစ်ပါသည်။ (ဦးကုလား ကိုယ်တိုင် ရှေ့နောက်မညီ ရေးခြင်း။) ထိုမင်း (ကွမ်းဆော်မင်းကြီး) သည် ကျောင်းဖြူကြီး တစ်ဆောင် ဆောက်လုပ်လှူဒါန်းကြောင်း (ပုဂံနံရံမင်စာ အထောက်အထားလည်း ရှိသည်။။ ကျောင်းဖြူကြီး ဆောက်လုပ်လှူဒါန်းသော ကွမ်းဆော်မင်းကြီး မှ ကွမ်းဆော်ကျောင်းဖြူ၊ ကွမ်းဆော်ကြောင်ဖြူ ဖြစ်လာသည်) 


အနော်ရထာ နန်းရသောအခါ ခမည်းတော်ရဟန်းမင်းကြီးကို သံဃာမင်းထီး ဘွဲ့ဆက်ကပ်ကြောင်း ဦးကုလားက ပြောထားပြန်ရာ ရှင်အရဟံမရောက်မီကတည်းက ပုဂံ၌ ထေရဝါဒ သံဃာရှိကြောင်း ပေါ်ပေါက်နေပြန်သည်။


၂။ စောရဟန်းမင်းသည် တုရင်တောင်ထက်မှာ သိမ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ပါသည်။ ၎င်း သိမ်ပျက်သဖြင့် ဥဇနာမင်း (အေဒီ ၁၂၁၂ ခုနှစ်) လက်ထက်တွင် ပြန်လည်ပြုပြင် ဆောက်လုပ်စေသော ကျောက်စာ အထောက်အထားရှိပါသည်။ အသောက တတိယ သင်္ဂါယနာတင်ပြီးနောက်ပိုင်း မဟာယာနမှာ သိမ်ဝင်ခြင်း မရှိ။ သံဃာမရှိ။ ရသေ့ကြီးများသာ ရှိပါသည်။


(ဟုတ်ကဲ့၊ သိမ်ဆိုတာ ထေရဝါဒ မှာပဲ ရှိတာပါ။ သိမ်သမုတ်တယ်ဆိုတာ ထေရဝါဒ ရဟန်းတွေပဲ လုပ်လို့ရတာပါ။ အနော်ရထာက (အေဒီ ၁၀၄၄) မှာ မင်း ဖြစ်တယ်။ ဒီတော့ စောရဟန်းမင်း လက်ထက်ကတည်းက သိမ်ရှိနေလို့ အနော်ရထာ မမွေးမီကတည်းက ပုဂံမှာ ထေရဝါဒ ရှိနေကြောင်း သိပ်ကို ထင်ရှားတဲ့ အထောက်အထား ပေါ့ဗျာ)


(ဒေါက်တာသန်းထွန်းက တုရင်တောင်ထက်မှ စောရဟန်း သိမ် ကျောက်စာ တစ်ခု တည်းနှင့် အနော်ရထာမတိုင် ပုဂံဒေသတွင် ထေရဝဒါ ဗုဒ္ဓဘာသာ မရှိ ဆိုသော အချက်ကို အပြတ်ငြင်းဆိုလိုက်သည်ဟု ပုဂံခေတ်သနာ အတိအလင်း ရေးသားထားခဲ့သည်။) 


#ပုဂံ ဘယ်က စသလဲ (သိရိခေတ္တရာ ခေတ်မှ ပုဂံခေတ်သို့)


အေဒီ ၁ ရာစုအကုန် ၂ရာစု အစလောက်မှာ သရေခေတ္တရာ ပျက်တယ်။ (မင်းနေပြည်တော် ပျက်တာပါ) အေဒီ ၁၀၇ (အေဒီ ၂ ရာစု အစ)မှာ သရေခေတ္တရာမင်းရဲ့တူ သမုဒ္ဒရာဇ်မင်းက ယုန်လွှတ်ကျွန်း၊ ပြူဂါမ (ပျူဈေးမြို့) ဆိုတဲ့ အရပ်မှာ ပထမ ပုဂံမင်းနေပြည်တော် ကို စတည်ထောင်တယ်။ အရိမဒ္ဒနပူရ ဆိုတဲ့ အမည်နဲ့ပါ။


အေဒီ ၃၄၄ (သက္ကရာဇ် ၂၆၆) မှာ နန်းတက်တဲ့ သေဉ်လည်ကြောင်မင်းက လောကနန္ဒာအရပ်မှာ သီရိပစ္စယာ အမည်နဲ့ ဒုတိယ ပုဂံမြို့ကို တည်ထောင်တယ်။


အေဒီ ၅၁၆ (သက္ကရာဇ် ၄၃၈) မှာ နန်းတက်တဲ့ သိုက်တိုင်မင်းက သမထီး အရပ်မှာ တတိယ ပုဂံမြို့ ဖြစ်တဲ့ တမ္မဝတီ မြို့ကို တည်ထောင်ပါတယ်။


အေဒီ ၈၄၆ (သက္ကရာဇ် ၂၀၈) မှာ နန်းတက်တဲ့ ပျဉ်ပြားမင်းက နန်းတက်လို့ ၃နှစ်အကြာ အေဒီ ၈၄၉ မှာ ယခု ပုဂံကို တည်ခဲ့တယ်။ အမည်ကိုတော့ ပထဆုံးပုဂံရဲ့ အမည် ရန်အပေါင်းကို အောင်မြင်သော ဆိုတဲ့ အဓိပ်ပါယျရတဲ့ အရိမဒ္ဒနပူရ လို့ပဲထပ်ပေးတယ်။


အရိမဒ္ဒန၊ သီရိပစ္စယာ၊ တမ္ပဝတီ၊ ဆိုတဲ့ ပုဂံမင်းနေပြည်တော် အမည်တွေကို ကြည့်ပါ။ မွန်နာမည်လည်း မဟုတ်ပါဘူး။ မဟာရာနလို့ ပြောရအောင် သက္ကတ အမည်လည်း မဟုတ်ပါဘူ။ ထေရဝါဒ မှာသာ သုံးတဲ့ ပါဠိ အမည်စစ်စစ်ကြီးတွေ ဖြစ်ပါတယ်။ ဒါဟာလည်း အနော်ရထာမတိုင်ခင် ကတည်းက ထေရဝါဒ ရှိနေတဲ့ အထောက်အထားပါ။


သရေခေတ္တရာ ပျက်ပြီး ပုဂံ ဖြစ်လာတယ်။ ပုဂံ ဟာ သရေခေတ္တရာဆီက ထေရဝါဒ ဗုဒ္ဓသာသနာကို ရခဲ့တယ် လို့ ပြောခဲ့ပါတယ်။ ဒီတော့ သရေခေတ္တရာမှာ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားခဲ့ကြောင်း အထောက်အထား ပြရပါတော့မယ်။


၁၉၂၆ ခုနှစ်၊ မြန်မာနိုင်ငံ ရှေး/သု အရာရှိ ချားဒူးရွိုင်ဇယ် လက်ထက်မှာ သရေခေတ္တရာမြို့ဟောင်း ဦးခင်ဘ ယာခင်းအတွင်းရှိ စေတီငုတ်တိုကို တူးဖေါ်ရာ ရွှေပေချပ် အချပ်၂၀ ရရှိခဲ့သည်။ 


ထိုရွှေပေချပ်များ ပေါ်မှာ ဗုဒ္ဓခေတ်နှင့် အသောကခေတ်သုံး ဗြဟ္မီပွား အက္ခရာများဖြင့် ထေရဝါဒဆိုင်ရာ (သုတ်၊ ဝိနည်း၊ အဘိဓမ္မာ) ကောက်နှုတ်ချက်များ ရေးထိုးထားပါသည်။


သရေခေတ္တရာတွင် အခြား ထေရဝါဒဆိုင်ရာ သာသနိက အဆောက်အဦး၊ စေတီပုထိုးများ၊ အုတ်ခွက်ဘုရားများ စသဖြင့် အထောက်အထားများစွာရှိပါသည်။ 

(ဘောဘော၊ ဘဲဘဲ၊ ဘုရားမာ၊ ပြည်ရွှေဆံတော်) သရေခေတ္တရာ မြို့ဟောင်း မြို့တံခါးဝ မှာပင် ထေရဝါဒဂိုဏ်း ကသာ သုံးပြီး၊ မဟာယာနက မသုံးသော ပါဠိဘာသာဖြင့် ရေးထိုးထားသော မောရသုတ်၊ မင်္ဂလသုတ် ကျောက်စာတိုင်၊ အခြား တစ်ဘက်၌ ရတနာ့သုတ် ကျောက်စာတိုင် များကို တွေ့ရှိချက်အရ သရေခေတ္တရာသည် ထေရဝါဒ ပျူမြန်မာနိုင်ငံတော်ဖြစ်သည်။


ထို သရေခေတ္တရာမှ ထေရဝါဒ ပျူမြန်မာတို့ တည်ထောင်သော ပုဂံသည် ထေရဝါဒ ပုဂံနိုင်ငံတော်သာဖြစ်ပါသည်။ 

သရေခေတ္တရာမင်း၏ တူတော်စပ်သော ပုဂံကို စတည်ထောင်သည့် သမုဒ္ဒရာဇ်မင်း မှ စရေတွက်သော် စောမွန်နစ် အထိ ပုဂံမင်းဆက် ၅၅ဆက် ဖြစ်သည်။ (သင်ပုန်းကြီးဋီကာ၊ ဇာတာတော်ပုံ၊ ) အနော်ရထာသည် ၄၂ယောက်မြောက် မင်းဖြစ်သည်။


ထို ၄၂ ယောက်မြောက် အနော်ရထာမတိုင်မီ ၃ယောက်မြောက် ပျူစောထီး မင်းလက်ထက် က တည်ထားခဲ့သည့် ဗူးဘုရား ဌာပနာ တိုက်အတွင်းမှ အေဒီ ၃ရာစု အုတ်ခွက်ဘုရားများ တွေ့ရှိခဲ့ပါသည်။ 

၎င်းကို ကြည့်ခြင်းအားဖြင့် ပုဂံသည် ထိုခေတ်ကတည်းက ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားနေပြီး ဖြစ်လေသည်။


ပုဂံနိုင်ငံတော်သည် အနော်ရထာမင်း (အေဒီ ၁၀၄၄) မတိုင်မီကတည်းက ထေရဝါဒ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်ကြာင်း အထက်ပါ အထောက်အထားများက သက်သေခံလျက် ရှိပေသည်။ 


ဦးကုလား မဟာရာဇဝင်ကြီးအမှားဟာ စာသင်ခန်းထဲက ကလေးတွေ အသိဉာဏ် အသတ်ခံခဲ့ရသလို မွန်နဲ့ ဗမာလည်း အမုန်းတရားတွေ ကြီးထွားခဲ့ရပါတယ်။ အရှင်အရဟံလည်း အနော်ရထာကို မြှောက်ပေးတဲ့ ဘုန်းကြီးဆိုပြီး မွန်တွေမုန်းတီးတာ ခံခဲ့ရပါတယ်။ ဒါတွေဟာ တကယ်တော့ သမိုင်းအသတ်ခံခဲ့ရတာပါ။


#ကျမ်းကိုးကား


ဘုန်းတင့်ကျော်၊ နှစ်ပေါင်းနှစ်ထာင် ကျော်ခဲ့ပြီဖြစ်သော မြန်မာသမိုင်း (၁၊ ၂)


ဘုန်းတင့်ကျော်၊ ပျူစစ်လျှင်မြန်မာ

 

#crd-to-ownerသိုက်ဖွား#သမိုင်းအကြောင်း

Tuesday, April 12, 2022

“Single mother ဖြစ်ရတာ လွယ်သလား”

 “Single mother ဖြစ်ရတာ လွယ်သလား”




ခုနောက်ပိုင်း Single mother ဆိုတဲ့ အသုံးအနှုန်းတစ်ခု ခေတ်စားလာတဲ့အခါ လူတွေက ပြောကြတယ်။ အဲ့လိုတွေ မြှောက်ပေးတာနဲ့ မိန်းကလေးတွေက လူအထင်ကြီးခံရတယ် ဆိုပြီး သိပ်မစဉ်းစားတော့ဘဲ ခပ်လွယ်လွယ် အိမ်ထောင်ကွဲလာကြလိမ့်မယ်တဲ့။ ဒါနဲ့ ပတ်သက်လို့ Single mother တစ်ယောက် ဖြစ်ရတာ လွယ်မလွယ် ကျွန်တော့်ပတ်ဝန်းကျင်မှာ မြင်မိသလောက်နဲ့ ရေးပြပါမယ်။


Single mother ဆိုတာ အကြောင်းကြောင်းကြောင့် လင်ယောကျာ်းမရှိဘဲ မိခင်တစ်ဦးတည်းကနေပဲ သားသမီးတွေကို၊ မိသားစုကို ဦးဆောင်ပြီး ရပ်တည်နေတဲ့သူတွေကို ခေါ်တာပါ။ ယောက်ျားဆုံးသွားတာ၊ ကွဲသွားပြီး အဲဒီယောက်ျားက သားသမီးကိစ္စ တစ်စက်ကလေးမှ တာဝန်မယူတာ၊ သမီးရည်းစား လွန်ကျူးသွားပြီး တာဝန်မယူဘဲ ထားသွားတာ၊ အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရသွားလို့ မွေးလိုက်ရတာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။ လူတွေဆိုတာကလည်း Celebrity တွေ Single mother ဖြစ်ရင်သာ ချီးကျူးကြတာပါ။ သာမန်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝကတော့ အခက်အခဲပေါင်းများစွာ ရှိနေပါတယ်။ Celebrity ဆိုတဲ့ သူတွေမှာလည်း တကယ်တမ်း ကျွန်တော်တို့ မမြင်နိုင်၊ မသိနိုင်တဲ့ အခက်အခဲတွေ ရှိနေမှာ အသေအချာပါပဲ။


◾၁။ မွေးစာရင်းမှာ အဖေနာမည် ဖြည့်ဖို့


ဒါကတော့ ကိုယ်ဝန်ရသွားတာကို တာဝန်မယူဘဲ ထားသွားတဲ့ ကိစ္စတွေမှာ မိန်းကလေးတွေ အရင်ဆုံး ကြုံရတဲ့ ပြသနာပါ။ (အဓမ္မပြုကျင့်ခံရပြီး ကိုယ်ဝန်ရသွားတဲ့ မိန်းကလေးတွေမှာတော့ ဒီပြဿနာ မရှိတော့ပါဘူး။) ခပ်ရိုင်းရိုင်း ပြောရရင် အဲ့လိုယောက်ျားတွေဟာ တိရစ္ဆာန်သာသာပါပဲ။ တိရစ္ဆာန်တွေမှာ ကြည့်ကြည့်ပါ။ အထီးက အမကို မိတ်လိုက်တယ်။ ပြီးရင် အမက ဇီးရှိလာမယ်။ နောက်တော့ မွေးမယ်။ သူကပဲ အကုန်စောင့်ရှောက်ရတယ်။ အထီးတွေက ဘယ်ဆီနေမှန်း မသိဘူး။ တကယ်တော့ သုက်ထွက်လိုက်ရုံသက်သက်နဲ့ အဖေ မဖြစ်ပါဘူး။ ဒါပေမဲ့ အဖေဆိုတဲ့ နေရာမှာတော့ သူတို့နာမည်ကို ဖြည့်နေရတုန်းပါပဲ။ အဖေနဲ့ အမေ ကွဲသွားတဲ့ ကလေးထက် ဒီလိုအဖေက တာဝန်မယူတဲ့ ကလေးမျိုးက စိတ်ဒဏ်ရာရနိုင်ခြေ ပိုများပါတယ်။ သူ တစ်ချိန် အသက်ကြီးလာတဲ့အခါ အဖေ ဘယ်သူလဲ ဆိုတဲ့ မေးခွန်းကို အမေဖြစ်သူဟာ ရင်ဆိုင်ရမှာပါ။ ကလေးနားလည်အောင်၊ စိတ်ဓါတ်ကျမသွားဘဲလည်း ဘဝကို ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်အောင် အတော်လေး လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။


◾၂။ စီးပွားရေး


များသောအားဖြင့်က စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုတာမျိုးနဲ့ ယောက်ျားရဲ့ ဝင်ငွေပေါ်မှာပဲ မှီခိုနေကြတာများတော့ အိမ်ထောင်ကွဲပြီဆိုတဲ့အခါ ဒီပြဿနာက ထိပ်ဆုံးက စဉ်းစားစရာ ဖြစ်လာပါတယ်။ ဒါကြောင့်လည်း ယောက်ျားက ဘယ်လောက်ဖောက်ပြန်ဦးတော့ သည်းခံနေရတယ်ဆိုတာ ချစ်လို့အပြင် ဒီဝင်ငွေကိစ္စကလည်း အများကြီးပါပါတယ်။ ကွဲသွားပြီးနောက်ပိုင်း သားသမီးကိစ္စကို နှစ်ယောက်အတူ တာဝန်ယူကြတယ်ဆို တော်သေးတယ်၊ နောက်မှာ ဖြစ်ချင်ရာဖြစ် လှည့်ကိုမကြည့်တော့တဲ့ ယောက်ျားမျိုးနဲ့ဆို အတော်လေး အခက်အခဲ ဖြစ်ရပါတယ်။ ကိုယ်ပိုင်အလုပ် ရှိတဲ့သူဆိုရင်တောင် ကိုယ့်တစ်ယောက်တည်းရဲ့ ဝင်ငွေနဲ့ ကလေးကို တာဝန်ယူဖို့ဆိုတာ တအား ရုန်းကန်ကြရတာပါ။ ယောက်ျားအပေါ်သာ လုံးလုံးလျားလျား မှီခိုနေခဲ့ရင်တော့ မတွေးရဲစရာပါပဲ။ အဲ့လိုကနေ ပြည့်တန်ဆာဖြစ်ကုန်တဲ့ Single mother တွေလည်း အများကြီး ရှိပါတယ်။


◾၃။ နေ့စဉ်လူနေမှုဘဝ


မိသားစုတစ်စုမှာ ယောက်ျားအလုပ်၊ မိန်းမအလုပ်ဆိုပြီး အများအားဖြင့် သတ်မှတ်ထားကြတာတွေ ရှိတယ်။ ဥပမာ အဝတ်လျှော်၊ မီးပူတိုက်၊ ထမင်းချက်တာတွေက မိန်းမတွေ လုပ်ကြပြီး၊ ကားပြင်တာ၊ မီးချောင်းလဲတာ၊ ရေပိုက်ပြင်တာ စတာတွေကိုတော့ ယောက်ျားတွေက လုပ်ကြတယ်။ Single mother ဖြစ်သွားတဲ့အခါ အဲ့ဒါတွေကအစ ကိုယ့်အလုပ်၊ ကိုယ့်တာဝန် ဖြစ်လာတယ်။ နောက်ပြီး ညရေးညတာ ယောက်ျားသား မရှိဘူး ဆိုပြီး စိတ်ပူနေကြရတယ်။ မိန်းမတွေချည်း ရှိနေတဲ့ အိမ်ဟာ ရပ်ကွက်ထဲမှာဆို လေးစားခံရမှုလည်း နည်းတယ် မဟုတ်လား။ 


◾၄။ နောက်အိမ်ထောင်ပြုရ ခက်သွားတယ်


ယောက်ျားတစ်ယောက် အိမ်ထောင်ကွဲသွားလို့ တန်ဖိုးကျသွားပြီလို့ ဘယ်သူကမှ မသတ်မှတ်ပါဘူး။ သူ့ကို လက်ထပ်မယ့် မိန်းကလေးတွေ ရှိသလို သမီးရှင်တွေကလည်း ကြည်ဖြူကြပါတယ်။ မိန်းမတစ်ယောက် အိမ်ထောင်ကျဖူးတယ် ဆိုရင်တော့ မြတ်မြတ်နိုးနိုးနဲ့ ချစ်နိုင်သူ သိပ်မရှိသလို သူ့ကို နားလည်လက်ခံပေးမယ့် သားရှင်တွေလည်း သိပ်နည်းပါတယ်။ ကလေးကလည်း ကိုယ်နဲ့ ကျန်ခဲ့တော့ နောက်အိမ်ထောင်ပြုလိုက်ရင် ကလေးများ စိတ်ထိခိုက်သွားမလား ထည့်စဉ်းစားရသေးတယ်။ နောက်ယူတဲ့ ယောက်ျားကလည်း တအားကိုမှ နားလည်ပေးလို့ လက်ထပ်ကြပါမယ်ဆိုတောင် သူက ကလေးလိုချင်တယ်ဆို တစ်ခါ ဖြည့်ဆည်းပေးရပြန်ဦးမယ်။ ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးခြင်းဆိုတဲ့ ဖြစ်စဉ်ကြီးကို ပြန်စရဦးမယ်။ ပြောရရင် Single mother တစ်ယောက်အတွက် နောက်အိမ်ထောင်ပြုဖို့ ဆိုတာ ထင်သလောက် မလွယ်ပါဘူး။


◾၅။ လိင်မှုဆန္ဒ


ဒါကို ရေးရင်တော့ အမျိုးသမီးတွေ ကြိုက်ချင်မှ ကြိုက်လိမ့်မယ်။ ဒါပေမဲ့လည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ လူတွေပဲမို့ ဒီလိုဆန္ဒဆိုတာ ရှိကြတာပါပဲ။ ယောက်ျားတစ်ယောက်အတွက် ဒီဆန္ဒကို ဖြည့်ဆည်းဖို့ရာ သိပ်လွယ်တယ်။ နောက်မိန်းမ ထပ်ယူလို့လည်း ရသလို၊ အဲ့လိုမယူရင်တောင် ဆန္ဒပြည့်ဝစေမယ့် နေရာတွေ အများကြီးပဲ။ မိန်းမတစ်ယောက်အတွက်ကျ ဒီလိုမဟုတ်ဘူး။ သူ့ရဲ့ ဆန္ဒပြည့်ဝမှုအတွက်က တရားဝင် partner တစ်ယောက် လိုကိုလိုတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်းမှာက လိင်ဆန္ဒဆိုတာ ယောက်ျားတွေနဲ့သာ ပိုဆိုင်တယ် တွေးထားကြတာများတော့ ဒီလိုကိစ္စရပ်တွေမှာလည်း မိန်းကလေးတွေဟာ ရစရာမရှိအောင် ကဲ့ရဲ့အပြစ်တင်ခံကြရတယ်။ ကန်တော့ပါရဲ့၊ သွေးဆုံးခါနီးထိ ဒီစိတ်တွေ ရှိတုန်းပဲလား ဆိုတာမျိုးတွေ ပြောတတ်ကြတယ်။


နောက်ပြီး အဲ့ဒီ Sexual desire က ထိန်းချုပ်လို့ ရကောင်းရနိုင်တယ်၊ တချို့ အမျိုးသမီးတွေအတွက်လည်း ပြဿနာ ဟုတ်ချင်မှ ဟုတ်ပေမဲ့ အဲ့ဒီထက် ပိုဆိုးတာ တစ်ခုရှိတယ်။ အဲဒါကတော့ ယောက်ျားတွေရဲ့ အထင်တသေးနဲ့ ချဉ်းကပ်မှုပဲ။ သူက အိမ်ထောင်ကွဲထားတယ်၊ ယောက်ျားဆုံးသွားတယ် ဆိုတော့ ဒါကို လိုချင်နေမှာပဲ ဆိုပြီး ချဉ်းကပ်တာ၊ စကားစတာတွေကို ကြုံရတယ်။ အဲဒါက ကိုယ့်ဟာကိုယ် လိုအင်ဆန္ဒ မပြည့်ဝတာထက် အဆပေါင်းများစွာ ပိုခံရခက်တယ်။

 

◾၆။ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်


တခြားသူစိမ်းတွေ ခဏထားဦး။ ကိုယ့်မိဘ၊ ကိုယ့်ဆွေမျိုးတွေကိုယ်တိုင်ကိုက နင် အထိန်းအသိမ်း ညံ့လို့ဖြစ်တာ ဆိုတဲ့ စကားတွေ တွင်တွင်ပြောတယ်။ မဆီမဆိုင် အပြစ်တင်ခံရတယ်။ ကိုယ့်သားက အိမ်ထောင်ကွဲသွားရင် မိဘက အေးဆေးပဲ။ ကိုယ့်သမီး အိမ်ထောင်ကွဲမှာကိုတော့ သမီးရှင်တွေက သိပ်ရှက်တယ်။


ယောက်ျားတွေကလည်း အထင်သေးတယ်။ မိန်းမအချင်းချင်းလည်း အထင်သေးတယ်။ အိမ်ထောင်ကွဲသွားပြီ ကြားလိုက်ရင်လည်း အားလုံးက သနားတဲ့အကြည့်နဲ့ ဝိုင်းကြည့်တာကို ခံရတယ်။ ကိုယ့်ဟာကိုယ် နေနေတာ အကောင်း၊ သူတို့က သတိပြန်ပြန်လာပေးတယ်။ ကိုယ့်ကလေးကို ကိုယ် ပျိုးထောင်နေတာ အကောင်း။ သူတို့လုပ်မှ ကလေးပါ အငုံ့စိတ် ဝင်သွားနိုင်တယ်။ ။


◾ပြောရရင်တော့ Single mother ဘဝဟာ သိပ်ခက်ခဲပါတယ်။ ဘယ်သူမှလည်း မဖြစ်ချင်ကြပါဘူး။ ဒါပေမဲ့ Single mother မဖြစ်အောင် ဆိုပြီးလည်း ကာကွယ်လို့ မရပြန်ဘူး။ ဘာလို့ဆိုတော့ ပြဿနာရဲ့ အရင်းခံက ကိုယ့်ဆီမှာ ရှိနေတာ မဟုတ်လို့ပဲ။


ဒါကြောင့် သမီးရှင်တွေအနေနဲ့ ကိုယ့်သမီးကို နင် Single mother မဖြစ်စေနဲ့နော် လို့ ဆုံးမထားလို့ မရဘူး။ Single mother ဖြစ်သွားမှာ စိုးတာနဲ့ အတင်းအကြပ် အိမ်ထောင်ကို ထိန်းသိမ်းခိုင်းတာမျိုး၊ သည်းခံခိုင်းတာမျိုးးကလည်း အဆင်မပြေပြန်ဘူး။ ဖြစ်လာရင်သာ အကောင်းဆုံး ရင်ဆိုင်နိုင်အောင် ပြင်ဆင်ပေးထားလို့ပဲ ရမယ်။


အိမ်ထောင်ရေးဆိုတာကို သေချာစဉ်းစား။ ပိုက်ဆံချမ်းသာလို့၊ ရုပ်ချောလို့၊ ရို ပြနေလို့ ဆိုပြီး အလွယ်တကူ မဆုံးဖြတ်လိုက်နဲ့။ ဘဝတစ်လျှောက်လုံးစာအတွက် စဉ်းစားပြီးမှ ဆုံးဖြတ်။ အနည်းဆုံး သဘောထား မတိုက်ဆိုင်လို့ ကွဲကြပြီဆိုရင်တောင် အဆင့်အတန်းရှိတဲ့ အမျိုးသားနဲ့ ယူခဲ့တာဆို Co-parenting လုပ်လို့ ရသေးတယ်။ ကလေးလည်း စိတ်ဒဏ်ရာနည်းမယ်။


◾နောက်ပြီး မှီခို မဖြစ်စေနဲ့။ မှီခို ဆိုတာ နှစ်မျိုးရှိတယ်။ စိတ်ပိုင်းဆိုင်ရာ မှီခိုနေခြင်း (Emotionally dependent) နဲ့ ငွေကြေးဆိုင်ရာ မှီခိုနေခြင်း (Financially dependent) ။


ကိုယ်ပိုင်အလုပ်လုပ်။ ကိုယ်ပိုင်ဝင်ငွေနဲ့ ရပ်တည်။ ယောက်ျားယူတယ်ဆိုတာ ချစ်လို့ နှစ်ဦးသဘောတူ ဘဝတစ်ခုကို တည်ဆောက်တဲ့ Partnership ပဲ ဖြစ်ပါစေ။ သူ့ကို မှီခိုနေရမယ့်၊ သူပြုသမျှ နုရမယ့် ဘ၀ (Ownership) တော့ မဖြစ်စေနဲ့။ နင် ခြံခုန်ချင်ခုန်လေ၊ တာ့တာပဲ ဆိုပြီး ခပ်တည်တည် လက်ပြနိုင်ဖို့ဆိုတာ ကိုယ်ပိုင်ဝင်ငွေရှိမှ ရနိုင်တာပါ။


မိန်းကလေးတွေအနေနဲ့ ငါတို့က အားနွဲ့တဲ့ မိန်းမသားဆိုတဲ့ အတွေးကိုဖျောက်။ ဘာအားမှ နွဲ့မနေဘူး။ မတိုးတက်တဲ့ခေတ်ကတော့ ခွန်အားကို အခြေပြုရတာမို့ မိန်းမတွေကို အားနည်းသူအဖြစ် မြင်ခဲ့ကြတယ်။ ခုခေတ်မှာ တစ်နေ့ တစ်နေ့ ကိုယ်လုပ်ရတဲ့အလုပ်တွေကို စဉ်းစားကြည့်။ ဘယ်နှခုများ ခွန်အားတွေ အများကြီး သုံးနေရသေးလို့လဲ။ ဆိုတော့ အားနည်းတယ်ဆိုတာ တကယ်မဟုတ်ဘူး။ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာကြီးပဲ။


ငယ်ငယ်က မိဘက တာဝန်ယူ၊ ကြီးတော့ ယောက်ျားက တာဝန်ယူ။ စဉ်းစားကြည့်၊ ကိုယ့်ဘဝကိုယ် တာဝန်မယူနိုင်ဘူးလား။ လင်မရှိတဲ့ မိန်းမ မျက်နှာငယ်တယ်တဲ့။ မှားတယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်မရပ်နိုင်တဲ့ မိန်းမကမှ မျက်နှာငယ်ရတာ။ အိမ်ထောင်ကွဲသွားတဲ့ မိန်းမက တန်ဖိုးမရှိတော့ဘူး။ မှားပြန်တယ်။ ကိုယ်တည်ဆောက်ထားတဲ့ အသိုက်အမြုံတစ်ခုကနေ ဘာတာဝန်မှ မယူဘဲ လက်လွတ်စပယ် ထွက်သွားတဲ့သူကသာ တန်ဖိုးမရှိတာ။ ဒီလိုမျိုး Emotionally strong ဖြစ်နေဖို့ လိုတယ်။




◾ဒီဆောင်းပါးက အိမ်ထောင်မရှိသေးတဲ့သူတွေရော၊ အိမ်ထောင်ရှင်တွေရော၊ လက်ရှိ Single mother တွေအတွက်ရော၊ သမီးရှင်တွေအားလုံးအတွက်ပါ ရည်ရွယ်တယ်။ ဘယ်သူမဆို အိမ်ထောင်ပြုကြတဲ့အခါ Happily ever after ပဲ ဖြစ်ချင်တာပဲ။ ဖြစ်မယ်လို့ မျှော်လင့်ကြတာပဲ။ ဒါပေမဲ့ စုံတွဲတိုင်းတော့ ဖြစ်မလာကြဘူး။ ဒီအတွက် မတော်တဆများ Single mother တစ်ယောက် ဖြစ်လာခဲ့ရင် ဘဝကို ယုံကြည်မှုအပြည့်နဲ့ ရှေ့ဆက်နိုင်ဖို့ လိုတယ်။ အဲ့လိုရှေ့ဆက်နိုင်ဖို့ကလည်း Single mother ဖြစ်လာမှ ထကြိုးစားရင် သိပ်ခက်တယ်။ ဒါကြောင့် ငယ်ငယ်ကတည်းက သမီးမိန်းကလေးကို စနစ်တကျ ပျိုးထောင်ခဲ့ဖို့ လိုတယ်။ မိန်းကလေးတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကိုယ် အားနည်းတဲ့သူ၊ တစ်ဆင့်နိမ့်တဲ့သူတွေအဖြစ် မြင်မထားဖို့ လိုပါတယ်။


ဒေါက်တာ ဖြိုးသီဟ

၂၆.၁၁.၂၀၁၉


#16DaysActivism

Monday, April 11, 2022

ကောလိပ်ဂျင်နေဝင်

 ကောလိပ်ဂျင်နေဝင်း




#ရုပ်ရှင်သရုပ်ဆောင်

#ကိုယ်ရေးအကျဥ်း

#မြန်မာ့ရုပ်ရှင်


၁-၁၀-၂၈ ရက်နေ့တွင် ဟင်္သာတမြို့၌ အဖ အငြိမ်းစားရဲဝန်ထောက် ဦးသက်ဖေ နှင့် အမိ ကျောင်းဆရာမ ဒေါ်တင်တို့မှ တစ်ဦးတည်းသောသားအဖြစ် မွေးဖွားခဲ့သည်။ ငယ်နာမည်များ ဖြစ်သော ပါပူးနှင့် နေဒွန်း မှာ လူသိများသည်။


ဟင်္သာတမြို့ ကမ်းမင်း ဟိုက်စကူး ကျောင်းတွင် ပညာသင်ကြားခဲ့သည်။ ဘဝပေး အခြေအနေအရ နွားနို့ လှည့်လည် ရောင်းချပြီး ပညာ သင်ကြားခဲ့ရသည်။ ဝါသနာ အလျောက် ဘောလုံး ကိုလည်း ကြိုးစား ကစားခဲ့သည်။ ပညာ တပိုင်းတစနှင့် ကျောင်းမှ နုတ်ထွက်ပြီး ၁၉၄၆ ခုနှစ်တွင် တပ်မတော်ရေတပ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။


ရေတပ်သားဘဝတွင် ဘောလုံးကစားရာ၌ နာမည်ကျော်ကြားခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ရေတပ်မှ ထွက်ပြီး ရန်ကုန်တက္ကသိုလ်၌ တက်ရောက်ပညာသင်ကြားခဲ့ရာ ၁၉၅၈ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ တက္ကသိုလ် တက်ရောက်စဉ် တက္ကသိုလ် အားကစား အရာရှိ ဦးငြိမ်း၏ စောင့်ရှောက်မှုဖြင့် ဦးငြိမ်းနှင့် အတူ အဆောင်တွင် မှီခို နေထိုင်ပြီး ပညာသင် ကြားခဲ့သည်။


တစ်ဖက်ကလည်း တက္ကသိုလ် ရေကူးကန် ကြီးကြပ်ရေးမှူး တာဝန်ကိုပါသူ ထမ်းဆောင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် လက်ရွေးစင် ဘောလုံးအသင်းတွင် ရှေ့တန်းလူအဖြစ် ပါဝင်ကစားခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင် ဘောလုံးကစားသမား တစ်ဦးအဖြစ် ရွေးချယ်ခြင်းခံရပြီး အင်ဒိုနီးရှား၊ ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံများသို့ သွားရောက်ကစားရာ ခြေစွမ်းပြခဲ့သည်။


၁၉၅၆ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန် လေးနိုင်ငံ ဘောလုံး ဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ၁၉၅၆ခုနှစ် အကောင်းဆုံး ဘောလုံးသမား အဖြစ် သတ်မှတ်ချီးမြှင့်ခဲ့သည်။ ၁၉၅၇-ခုနှစ် ရန်ကုန် တက္ကသိုလ် ဘောလုံး အသင်းကို ခေါင်းဆောင်ကာ ကာလကတ္တား ယူနီဗာစီတီ နှစ်တရာပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည်။


#သရုပ်ဆောင် ကောလိပ်ဂျင်


ဘွဲ့ရပြီးချိန်တွင် မီးရထားဌာနတွင် မီးရ ထားအရာရှိတာဝန် ထမ်းဆောင်ခွင့်ရရန် သူဆက်သွယ် ညှိနှိုင်းခဲ့သည်။ မီးရထားဌာနတွင် တာဝန် ထမ်းဆောင်ရန် သူဆက်သွယ် ညှိနှိုင်း နေစဉ်မှာပင်ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်က စာရေးဆရာ ကြီးဇဝန၏ အောင်မြင် ကျော်ကြား လှသည့်ကောလိပ်ကျောင်း သားဝတ္ထုအား ကောလိပ်ဂျင်အမည်ဖြင့် ရုပ်ရှင် ရိုက်ကူးရန် စီစဉ် နေကြသည်။


ကောလိပ်ကျောင်းသား၏ အဓိကဇာတ်ဆောင် သိန်းဖေ အဖြစ် ကျော်ကြားဆဲ မင်းသားများကို အသုံး မပြုလိုဘဲ သိန်းဖေ၏ စရိုက်နှင့် အံဝင်ဂွင်ကျ ဖြစ်သည့် တက္ကသိုလ် ကျောင်းသားကိုသာ စိစစ်ရွေး ချယ်ပွဲထုတ်ရန် ရည်ရွယ်သဖြင့် ဒါရိုက်တာ ဦးချင်းစိန်မှ ဦးငြိမ်းအား သင့်လျော်သူ ရှာဖွေပေးရန် အကူအညီ တောင်းခံခဲ့သည်။


ဦးငြိမ်း၏ တိုက်တွန်းအားပေးမှုဖြင့် သရုပ်ဆောင် လုပ်ရန် သူပိုင်းဖြတ်ပြီး ဒါရိုက်တာ ဦးချင်းစိန်နှင့် တွေ့ဆုံခဲ့သည်။ ဒါရိုက်တာ ဦးချင်းစိန်မှာ သရုပ်ဆောင်သစ်များ ဖြစ်သော အေဝမ်းဝေဇင်၊ မမြေ၊ အေဝမ်း သိန်းဇော်၊ မေလွင်မြင့်အောင်နှင့် မြင့်စိုးတို့အား မွေးထုတ်ခဲ့ ရုံမျှမက ဗိုလ်မြဒင် ရုပ်ရှင်ကားဖြင့် ဇာတ်ပို့ ထွန်းဝေအား ဇာတ်ဆောင် မင်းသား အဖြစ် လျှမ်းလျှမ်းတောက် ကျော်ကြားစပြေီး အကယ်ဒမီ ပါရစေခဲ့သည့် ဒါရိုက်တာကြီး ဖြစ်သည်။


သူ့အား တွေ့ဆုံပြီးသည်နှင့် မျက်နှာသွင်ပြင်၊ သွားလာ လှုပ်ရှားမှု၊ ပြောဟန် ဆိုဟန်နှင့် သူ့တွင် ကိန်းအောင်းနေသည့် သရုပ်ဆောင်ဗီဇ (Talent) တို့နှင့် ပျော် ပျော်ပါးပါး သွက်သွက် လက်လက်နေတတ်သည့် ကျောင်းသား သိန်းဖေ၏ စရိုက် ကိုက်ညီနေသည်ကို ဒါရိုက်တာ ဦးချင်းစိန်က သိလိုက်သည်။ ပြီးတော့ ဦးချင်းစိန်က သူ့အား ထိုစဉ်က ထင်ရှားနေသော အကယ်ဒမီ ဖိုးပါကြီးကဲ့သို့ ကျွဲကော်မျက်မှန်ကိုလည်း တပ်ဆင် သရုပ်ဆောင် စေခဲ့သည်။


ထို့နောက် စာရေးဆရာ၊ သတင်းစာ ဆရာ မောင်နေဝင်းနှင့် စာရေးဆရာနှင့် ရုပ်ရှင်ဇာတ်ပို့ လုပ်နေသူ တက္ကသိုလ် နေဝင်းတို့ ရှိနှင့်ပြီး ဖြစ်၍ ဘောလုံးသမား နေဝင်း အဖြစ် ကျော်ကြား ပြီး သူ့အမည်ကိုလည်း မပြောင်းလဲလိုတော့၍ နေဝင်း (ဘီအေ) ဟူသည့် သရုပ်ဆောင် အမည်ကို ကင်ပွန်းတပ် ပေးခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင်ကားတွင် နေဝင်း(ဘီအေ)နှင့် အတူ ထပ်ဆင့် အကယ်ဒမီ မြင့်မြင့်ခင်၊ သိန်းဆွေမြင့် (ယခု ဇာတ်ပို့ ဦးဝင်းဆွေ)၊ ချစ်ဆွေလေးနှင့် ရွှေစင်မေတို့အား ဦးဆောင် သရုပ် ဆောင်စေခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင်ကားအား ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုံတင်ခဲ့ရာ ရုံတင်စက ကျော်ကြားဆဲ မင်းသား မဟုတ်ဘဲ မင်းသားသစ် နေဝင်း (ဘီအေ) နှင့် သူ့ပုံပန်းသဏ္ဌာန်ကို ကြည့်ပြီး လူမဝင်ခဲ့၊ ဝင်ကြည့်မိသမျှ လူနည်းစု၏ တစ်ဆင့် စကားဖြင့် တဖြည်းဖြည်း လူကြည့် များလာပြီး ဝင်ငွေစံချိန် တင်သည် အထိ လူကြိုက်များခဲ့သည်။


နေဝင်း (ဘီအေ) အစား ရုပ်ရှင်ကြည့် ပရိသတ်ကလည်း သူ့အား ကောလိပ်ဂျင် နေဝင်းဟု ပြောင်းလဲ သတ်မှတ်ခဲ့ကြသည်။ ကောလိပ်ဂျင်ရုပ်ရှင် ကားမှ သူ့စကား “ကြေပါတယ် မအေးစိန်” မှာလည်း ပြည်သူကြားသို့ အရှိန်အဟုန်ဖြင့် ထိုးဖောက် ရောက်ရှိခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင်တစ်ကားတည်းဖြင့် ဟာသသရုပ်ဆောင် မင်းသား အဖြစ် ရုပ်ရှင်ကြည့် ပရိသတ်က သူ့အား တခဲနက် အားပေးခဲ့သဖြင့် ရုပ်ရှင်ကြည့် ပရိသတ် ပေးသော ကောလိပ်ဂျင် နေဝင်း အမည်ဖြင့်ပင် ဟာသ ရုပ်ရှင်ကားများ ဆက်တိုက် ရိုက်ကူးခွင့် ရခဲ့သည်။


ဟာသ သရုပ်ဆောင် မင်းသားအဖြစ် ကျော်ကြား နေသော ကောလိပ်ဂျင်နေဝင်းအား ဇမ္ဗူအေး ရုပ်ရှင်မှ ဒါရိုက်တာ မောင်မောင်သောင်းက မုန်းရုပ်ရှင်ကားဖြင့် တည်တည် ငြိမ်ငြိမ် သဘာဝ ဇာတ်ရုပ်ကို ပြောင်း၍ သရုပ်ဆောင်စေရာတွင်လည်း အောင်မြင်ခဲ့ ပြန်သည်။


ထို့နောက် ဟာသရုပ်ရှင်ကား များနှင့် သဘာဝ ရုပ်ရှင်ကားများ အပြင် အချို့ ဒါရိုက်တာများက လှုပ်ရှားမှု (Action) အသားပေး ကားများကိုပါ အခါ အားလျော်စွာ ရိုက်ကူး သရုပ်ဆောင်စေခဲ့ကြသည်။


မန်းသူလေးမို့၊ ချစ်အမွှာ၊ ချစ်ပွေလီ၊ ယောက္ခမကြီးရေးတဲ့ ဖူးစာ အိမ်ထောင်စု၊ သီတာကို ဘယ်သို့ချစ်ရမယ်၊ ရွှေဝါ ချစ်ထုံးရယ်ဖြေ၊ ချစ်သောချစ်သူရယ်၊ မမုန်းလေနဲ့ ငပလီစသော ဟာသကားများ မုန်း၊ မျှော်၊ အဖြေ၊ အကယ်၍သာ ချစ်မြေ၊ မေတ္တာမိုးတပေါက်၊ ဘုရားမှာ တစ်ခါဆုံတယ်။


ပန်းပန်လျက်ပါ၊ ဇာခန်းစီးနောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ သံယောဇဉ်၊မောင်ချစ် နှမချစ်၊ စကားဝါ၊ မတဲ့ အတူနေ၊ စိတ်စေတသိက်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ ဘမှန်ဘဇံ အကြောင်း၊ အကာက အချစ်အနှစ်က မေတ္တာ၊ ပယင်းရောင်၊ အားနွဲ့သူပါရှင်၊ ဆိုက္ကားသမားဘခက်၊ သီတာ ပြုံး၊


သဘင်သည် မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင် စသော သဘာဝ ရုပ်ရှင်ကားများ မောင် ချစ်တဲ့သူအငိုတိတ်အောင်၊ ကျောက်ဘီလူးနှင့် ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ် တညင် စသော လှုပ်ရှားမှု အသားပေး ရုပ်ရှင်ကားများတွင် ကောလိပ်ဂျင်နေဝင်း အမည်ဖြင့်ပင် သူသရုပ်ဆောင်ခဲ့သည်။


ကောလိပ်ဂျင် ရုပ်ရှင် ကားမှ စတင်ပြီး ကွယ်လွန်ချိန် အထိ ကျရာဇာတ်ရုပ်တွင် သူ့အဆက် မပြတ် သရုပ်ဆောင်ခဲ့ရာ ရုပ်ရှင်ကား နှစ်ရာ နီးပါးရှိမည်ဟု ခန့်မှန်းရသည်။ ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ အနက် ဒါရိုက်တာ ခင်စိုး၏ ပယင်းရောင် ရုပ်ရှင်ကားတွင် ဘဝကို နာကြည်း၍ အရက်၏ ကျေးကျွန်ဖြစ်ရသူ အဖြစ် သရုပ် ဆောင်ထူးချွန်မှုကြောင့် ၁၉၆၉ ခုနှစ် အမျိုးသား ဇာတ်ဆောင်ဆုကို လည်းကောင်း၊


ဒါရိုက်တာ သုခ၏ အကာကအချစ် အနှစ်က မေတ္တာတွင် မိတဆိုးသမီးအား သဘောမတူသူနှင့် ပေါင်းဖက်၍ စွန့်ပစ်ပြီး ခါမှ မြေးကလေးအား တိတ်တခိုး ချစ်ရသူ အဖြစ် သရုပ် ဆောင် ထူးချွန်မှုကြောင့် ၁၉၇၉ ခုနှစ် အမျိုးသားဇာတ်ပို့ဆုကို လည်းကောင်း ချီးမြှင့်ခံခဲ့ရသည်။


မြန်မာ့ ရုပ်ရှင်သမိုင်းတွင် ဇာတ်ဆောင် မင်းသမီး မပါဝင်ဘဲ ရိုက်ကူး ရုံတင်ခဲ့သည့် ရုပ်ရှင်ကားအဖြစ် ဒါရိုက်တာ ဝင်းဦး၏ အတွယ် အတာနှင့် ဒါရိုက်တာခင် စိုး၏ ဆိုက္ကားသမား ဘခက်သာ ရှိခဲ့သည်။ ဆိုက္ကားသမား ဘခက်တွင် ဇာတ်ဆောင် မင်းသမီးများ မပါဝင်ဘဲ ဇာတ်ပို့များကို သူပင်ဦးဆောင်သွားခဲ့ရာ ကောလိပ် ဂျင်နေ ဝင်း၏ အနုပညာ သတ္တိပင်ဖြစ်သည်။


၁၉၆၂-ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ နှင့် ဒေါ်ခင်တင့်တို့၏ သမီး ဒေါ်ခင်မာလာ နှင့် လက်ထပ်ခဲ့ပြီး မိုးမြင့်သော်တာ ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ကာ ကိုယ်ပိုင်ရုပ်ရှင် ဇာတ်ကားများကို ရိုက်ကူး ထုတ်လုပ်ခဲ့သည်။ ဘာသာမတူ ကွဲပြားသူနှင့် လက်ထပ်ခဲ့သည်ဖြစ်သော်လည်း အောင်မြင်သောအိမ်ထောင်ရေး တည်ဆောက်နိုင်ခဲ့သည်။


၁၉၇၆-ခုနှစ်တွင် `ပယင်းရောင်´ ဇာတ်ကား၊ ၁၉၇၉-ခုနှစ်တွင် `အကာကအချစ် အနှစ်က မေတ္တာ´ ဇာတ်ကားများဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။


ထင်ရှားကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင် အဖြစ် (ကညာပျိုနှင့်ဇရာအို) စသောရုပ်ရှင်တို့တွင်လည်း ထူးချွန်စွာသရုပ်ဆောင်နိုင်ခဲ့သည်။


#ကက်ဆက်ဇာတ်လမ်းများ


သရုပ်ဆောင်အဖြစ်သာမက (ကိုဘထူး၊ မဦးခင်၊ တင်မောင်မောင်) စသည့် ကက်ဆက်ဇာတ်လမ်းအခွေများတွင်အသံဖြင့် ဖျော်ဖြေရာတွင်လည်း နာမည်ရသူဖြစ်သည်။ ၁၉၇၀ ပြည့်လွန် နှစ်များမှ စတင်ပြီး ကက်ဆက် ဇာတ်လမ်းများ ထွန်းကားခဲ့သည်။ ကက်ဆက် ဇာတ်လမ်းများမှာ ကက်ဆက် သီချင်းခွေ များနှင့် အတူ မြို့ပြတွင် မက ကျေးလက်အထိ အင်အား ကြီးမားစွာ ပြန့်နှံ့ခဲ့သည်။


ရုပ်မြင်သံကြားနှင့် ဗီဒီယို ရုပ်ရှင်ကားများ ထွန်းကားချိန် တွင်မှ ကက်ဆက် ဇာတ်လမ်းများ ဈေးကွက်ပျက် သွားခဲ့သည်။ သူကွယ်လွန်ချိန်မှာ ကက်ဆက် ဇာတ်လမ်များ ချုပ်ငြိမ်းသွားသည်ဟု ဆိုနိုင်သည်။ ကက်ဆက် ဇာတ်လမ်းမှာ အသံဖြင့် သရုပ်ဆောင်ပြရခြင်းဖြစ်ရာ ရုပ်ရှင်၊ ဗီဒီယိုနှင့် ပြဇာတ်မှာ ကဲ့သို့ မျက်နှာ အမူအရာနှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများကို လှုပ်ရှား မှုကို ပြခွင့်မရပါ။


အသံဖြင့်သာ နားထောင်သူကို ခံစားအောင် စွမ်းဆောင်ရသဖြင့် ခက်ခဲနက်နဲ လှပါသည်။ ကက်ဆက် ဇာတ်လမ်းများ ထုတ်လုပ် မှုအား ကောင်းစဉ်က ရုပ်ရှင် သရုပ်ဆောင်များ ဇာတ်သဘင် ပညာရှင်များ၊ တေးသံရှင်များနှင့် အနုပညာ ဝါသနာရှင်များပါ အသံဖြင့် သရုပ်ဆောင်သည့် လုပ်ငန်းကို ဝင်ရောက်လုပ် ကိုင်ခဲ့ကြသည်။


အသံဖြင့် သရုပ်ဆောင်ရန် ကြိုးပမ်း အားထုတ်သူများပြားစွာ ပေါ်ထွန်းခဲ့သော်လည်း ပရိသတ်၏ အားပေး လက်ခံမှုကို ဦးဆောင် သရုပ်ဆောင် အဖြစ် သူသာ အပြည့်အဝ ရရှိခဲ့သည်။ ၁၉၇၀ ပြည့်လွန်မှ ၁၉၈၀ ပြည့်လွန်နှစ်များထိ ဆယ်နှစ်ကာလ ထုတ်လုပ်သမျှ ကက်ဆက် ဇာတ်လမ်း၏ ၇၅%ခန့်တွင် သူသာ သရုပ်ဆောင် ခွင့်ရခဲ့သည်မှာ ထူးခြားလှပါသည်။


#ဘဝနိဂုံး


သဘင်သည် မဝင်ရ ရုပ်ရှင်ကားမှာ သူ ကွယ်လွန်သည်ထိ အခက်အခဲအမျိုးမျိုးကြောင့် ရိုက်ကူးပြီးစီးမှု မရှိခဲ့၊ သူကွယ်လွန် သွားသောအခါ လက်ကျန် ဇာတ်ကွက်များတွင် မင်းသား စိန်မြင့်ကို ဆက်လက် သရုပ်ဆောင် စေခဲ့ကြသည်။


မင်းသားနှစ်ဦး ပြောင်းလဲချိန်တွင် ကောလိပ်ဂျင်နေဝင်း၏ ဈာပန သတင်း အား ကြားညှပ်ပြ ခဲ့ကြသည်။ သဘင်သည် မဝင်ရ ရုပ်ရှင်ကားအား နှစ်ချို့ ရုပ်ရှင်ကားဖြစ်သော်လည်း ရုပ်ရှင်ကြည့် ပရိသတ်က သူ့ သံယောဇဉ်ဖြင့် တခဲနက် အားပေးခဲ့ရာ ဝင်ငွေ ကောင်းမွန်ခဲ့သည်။


(၂- ၆- ၈၃) ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခင်မာလာနှင့် သား ရုပ်ရှင်သရုပ်ဆောင် ရာဇာနေဝင်း၊ သမီး အဆိုတော် ဟေမာနေဝင်းတို့ အပါအဝင် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။


သူကွယ်လွန်ပြီးချိန်တွင် ဇနီးသား သမီးများက သူ့အနုပညာ အမွေကို ထိုက် တန်စွာပင် ခံယူပျိုးထောင် နေကြသည်။ ဇနီးဖြစ်သူ ဒေါ်ခင် မာလာမှ ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံယူပြီး ခိုင်တို့ ညီအစ်မ၊ ချစ်ရင် မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်များနှင့် ဗီဒီယို ကားများစွာကို မိုးမြင့်သော်တာ ရုပ်ရှင်မှ အောင်မြင်စွာ ရိုက်ကူးထုတ်လုပ် လျက်ရှိ သည်။


သမီးဖြစ်သူ ဟေမာနေဝင်းမှ စတီရီယိုတေး များရော မြန်မာသံစဉ်တေး များပါ ပိုင်နိုင်စွာ သီဆိုပြီး ကျော်ကြားသော တေးသံရှင်ဘဝကို ခိုင်မာစွာ ရပ်တည် လျက်ရှိသည်။


ပြီးတော့ သားဖြစ်သူ ရာဇာနေဝင်း ကလည်း မိခင်၏ မြေတောင်မြှောက်မှုဖြင့် ရုပ်ရှင်ကြည့် ပရိသတ် လက်ခံအားပေးသော သရုပ်ဆောင်အဖြစ် အဖေ့ ခြေရာကို နင်း၍ ရုပ်ရှင်ကားများနှင့် ဗီဒီယိုကားများ အဆက်မပြတ် ရိုက်ကူးခဲ့သည်။ သူကွယ်လွန်သည်မှာ နှစ်(၃၀) ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း သူ့လုပ်ရပ်များကြောင့်ကောလိပ်ဂျင်နေဝင်းဟူသည့် သူ့နာမည်မှာဘယ်တော့မှ သေမည် မဟုတ်ဘဲ ထာဝရ ရှင်သန်နေပါလိမ့်မည်။


စာကြွင်း ။     ။ မူလရေးသားမျှဝေသူအမည်ကို မသိသောကြောင့် Credit မပေးထားခြင်းဖြစ်ပါသည်။

Sunday, April 10, 2022

နှင်းဆီစိုက်ပျိုးရာတွင် ဂရုစိုက်ရမည့် အချက်မျာ

 နှင်းဆီစိုက်ပျိုးရာတွင် ဂရုစိုက်ရမည့် အချက်များ




===🌹🌹🌹===


နှင်းဆီပန်းသည် အခြားပန်းများနှင့် မတူဘဲ တစ်နှစ်လျှင် (၄-၅) လခန့် ရေခဲသော အရပ်မှလွဲ၍ အပူပိုင်းတိုင်းပြည်များမှ အအေးပိုင်းတိုင်းပြည်များအထိ ကမ္ဘာအနှံ့ စိုက်ပျိုးနိုင်ပါသည်။ နှင်းဆီပန်းသည် အရောင်အသွေးစုံလင်ပြီး သင်းပျံ့သော ရနံ့ ရရှိခြင်းကြောင့် “ပန်းဘုရင်မ” ဟု တင်စားခေါ်ဝေါ်ကြပါသည်။ နှင်းဆီ စိုက်ပျိုးမှု၏ ၄၀% သည် အနီရောင် ဖြစ်ပါသည်။


🔰စိုက်ပျိုးမည့် မြေနေရာရွေးချယ်ခြင်း


✅ နှင်းဆီစိုက်ပျိုးမည့် နေရာသည် အရိပ်ကင်းလွတ်ရမည်။

✅ လေပြင်းတိုက်ခတ်ခြင်းမှ လွတ်ကင်းရပါမည်။ လေထုညစ်ညမ်းမှု ကင်းစင်ပြီး လေဝင်လေထွက် ကောင်းရမည်။

✅ ရေစီးဆင်းမှု ကောင်းရပါမည်။ တစ်နေ့လျှင် နေရောင်ခြည် အနည်းဆုံး ၆ နာရီ ရရှိရပါမည်။

✅ မြေချဉ်ငံဓာတ် ၅.၆ မှ ၆.၅ တွင် ကောင်းစွာ စိုက်ပျိုးနိုင်ပါသည်။


🔰မြေချမစိုက်မီ သတိပြုရမည့် အချက်များ


✅ နှင်းဆီပင် တစ်ပင်မှ (၄-၆)နှစ်အထိ ပန်းရနိုင်ပါသည်။

✅ မြေချ မစိုက်မီ ရှည်လွန်းသော အမြစ်၊ လိမ်ကောက်သော အမြစ်များနှင့် ကျိုးပဲ့ပျက်စီးနေသော အမြစ်များကို ကတ်ကြေးထက်ထက်ဖြင့် ဖြတ်ပေးရပါမည်။

✅ ရွေ့ပြောင်းစိုက်စဉ် ကျိုးပဲ့ပျက်စီးသွားသော အကိုင်းအညွန့်များအား ဖယ်ရှားပေးရမည်။

✅ အဖူးမြှုပ်ထားသော နေရာ၏ အထက်ကပ်လျက်ရှိ အောက်ခံပင် ငုတ်တိုအား တတ်နိုင်သမျှ အဖူးမြှုပ်ထားသောနေရာ အနီးကပ်၍ ဖြတ်ပေးရပါမည်။ ပန်းဖူးများပါရှိပါက ဖယ်ရှားပေးရမည်။

✅ ရောဂါရနေသော အစိတ်အပိုင်းများကို လုံးဝဖယ်ရှားပေရပါမည်။ ရောဂါကာကွယ်နိုင်ရန် မှိုသတ်ဆေးဖြင့် ကြိုတင်ပက်ဖျန်းခြင်း၊ စိမ်ပေးခြင်း ပြုလုပ်ပေးရပါမည်။


🔰ရေပေးခြင်းနှင့် အပင်ပြုစုခြင်း


✅ နှင်းဆီတွင် ရေပေးမှု မမှန်ပါက အပင်ဖြစ်ထွန်းမှု နည်းစေပါသည်။ နှင်းဆီသည် အမြစ်မှ ရေဝပ်ခြင်းကို မကြိုက်သလို အရွက်များခြောက်သည်အထိ ရေပြတ်ခြင်းကိုလည်း မနှစ်သက်ပေ။

✅ နုံးမြေတွင် စိုက်သော နှင်းဆီခင်းကို နွေရာသီတွင် တစ်ပတ်တစ်ကြိမ်၊ မိုးရာသီတွင် အပင်အခြေအနေကို ကြည့်၍လည်းကောင်း၊ ဆောင်းရာသီတွင် ၁၀ ရက် ၁၄ ရက်တစ်ကြိမ် ရေသွင်းပါက လုံလောက်ပါသည်။

✅ သဲဆန်သော မြေတွင်မှု နွေရာသီ၌ လိုအပ်လျှင် နေ့စဉ်လောင်းသင့်ပါသည်။ ရေလောင်းရေသွင်းခြင်းကို နံနက်ခင်းနှင့် ညနေခင်းတွင်သာ ပြုလုပ်သင့်ပါသည်။ ရေသွင်းချိန် တစ်ကြိမ်နှင့် တစ်ကြိမ်အကြား အပေါ်ယံမြေခြောက်လျှင် မြေဆွပေးရန် သင့်တော်ပါသည်။


🔰 ပိုးရောဂါ ကာကွယ်ခြင်း


✅ ယခုလိုဆောင်းရာသီတွင် နှင်းဆီ ကွမ်းတံတွေးကွက်(ဒေါင်းနီး) ရောဂါနှင့် လှေးပိုး၊ မွှားပင့်ကူနီများ အကျများသောကြောင့် ပိုးရောဂါ စတင်တွေ့ရှိကတည်းက နှင်းဆီ ပန်းဖြတ်မည့်ရက်နှင့်ခွာပြီး ကြိုတင်ဆေးသုံးပေးသင့်ပါသည်။


🔰ပန်းခူးခြင်း


✅ နှင်းဆီပန်းစိုက်ပျိုးရာတွင် ပန်းခူးသူသည် အဓိက ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပန်းခူးသူသည် နှင်းဆီပန်း စီးပွားဖြစ်စိုက်ပျိုးရာတွင် အရှုံးအမြတ်ကို အဆုံးအဖြတ်ပေးနိုင်သောကြောင့် ဖြစ်ပါသည်။


✅ နှင်းဆီပန်းခိုင်တွင် ပန်းပွင့်အောက်ကပ်လျက် ပထမအရွက်နှင့် ဒုတိယရွက်များမှာ အများအားဖြင့် အရွက်မွှာ (၃) ခုစီသာပါတတ်ပြီး တတိယရွက်မှစကာ အရွက်မွှာ (၅) ခုမှ (၇) ခုထိ မျိုးအလိုက်ပါတတ်ပါသည်။ တတိယအရွက်သည် ပုံမှန်အရွက် ဖြစ်ပါသည်။


✅ ပန်းဖြတ်ပြီး ပင်စည်ငုတ်နှင့် အနီးဆုံးအဆစ်များတွင် (၃) ရွက်မှာ တစ်ရွက်စ နှစ်ရွက်စ ပြန်ထွက်တတ်ပါသည်။ ပန်းခိုင်ကို ပင်စည်ငုတ်အနီးရှိ သုံးရွက်မွှာအရွက်၏ အထက်မှ ဖြတ်ပါက ပန်းဖူးမပါသော အညွန့်သာ ထွက်လာမည် ဖြစ်ပါသည်။


✅ ပန်းပွင့်အောက်ကပ်လျက် ပထမ၊ ဒုတိယ သုံးရွက်မွှာ အရွက်များနှင့် ငါးရွက်မွှာပါသော တတိယအရွက်များမှ ဖြတ်ပါကလည်း အခိုင်တိုသော ပန်းပွင့်များသာ ရရှိမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရွက်များအရင်းရှိ ကြားဖူးများသည် ချွန်သော အဖူးများဖြစ်ပြီး ၎င်းတို့မှ အရိုးတို ပန်းပွင့်များ ထွက်လေ့ရှိပါသည်။


✅ တတိယအရွက်၏ အောက်ဘက်ရှိ အရွက်များ အရင်းတွင်မူ လုံးဝန်းသော ကြားဖူးသာ ရှိပြီး ၎င်းတို့မှ အရိုးရှည် ပန်းခိုင်များ ထွက်စေပါသည်။


✅ ပန်းခိုင်တစ်ခိုင်ဖြတ်မည်ဆိုပါက လုံးဝန်းသော အဖူးများရှိသော အပိုင်း သို့မဟုတ် ပင်စည် အကိုင်း ပေါ်၌ ငါးရွက်မွှာ အရွက်နှစ်ရွက်ချန်ပြီးမှ ဖြတ်သင့်ပါသည်။


===🌹🌹🌹===


#ဒေါက်တာ ညိုညို နှင်းဆီစိုက်ပျိုးနည်းမှ ကိုးကား ကောက်နှုတ်ထားပါသည်။


#Awba #Cometfertilizer

#နှင်းဆီ


ကိုင်းဖြတ်ရာမှ အပင်ပျိုးနည်း =>





ပန်းစည်းမှ ကိုင်းကို အပင်ပျိုးနည်း =>





မြေပြင်တွင် ပျိုးပင်ကို ချစိုက်နည်း =>





(Zawgyi)



===🌹🌹🌹===





























🔰ပန်းခူးခြင်း














===🌹🌹🌹===






#Awba #Cometfertilizer

#နှင်းဆီ

Saturday, April 9, 2022

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

  ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ




ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


#ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ


အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။


#ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။


ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသှငျးဆကျဆံနေစဉျ သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။


တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ လိင်ဆက်ဆံဖော်ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


#သူ့ရဲ့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။


တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ သုက်ထွက်ချိန်ဟာ ပုံမှန်အတိုင်းဖြစ်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါမှာ ဆန္ဒပြီးမြောက်ပြီး မိနစ် ၃၀ ထက်ပိုကြာနေတတ်ပါတယ်။ ဒီလိုကြာနေတဲ့အခါ ကိုယ်တိုင် လက်နဲ့အာသာဖြေလိုက်ရမှ သို့မဟုတ် ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးလိုက်တော့မှ သုက်ထွက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိသလို လုံးဝမထွက်လာတဲ့သူတွေလည်း ရှိပါတယ်။


သုက်ထွက်တော့မယ့် အချိန်မှာ ရုတ်တရက် စိတ်ကတခြားရောက်သွားတာ၊ စိတ်မပါသလို ဖြစ်သွားတာ၊ သုက်ထွက်ဖို့ ခက်ခဲတာ၊ တစ်နေသလို ခံစားရတာ၊ အရှိန်လျော့သွားတာ အစရှိတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ဆက်ဆံနေကျ မဟုတ်တဲ့ အဖော်တွေ၊ တချို့သော ကိုယ်နဲ့ အသားမကျတဲ့ နေရာ၊ အခြေအနေမျိုးတွေမှာ သုက်ထွက်ဖို့ ကြာတတ်ပါတယ်။ ဒါကိုတော့ အခြေအနေအရ သုက်ထွက်ရန်ကြာခြင်း (Situational Delayed Ejaculation) လို့ ခေါ်ပါတယ်။


#သုက်ထွက်ချိန် ကြာမြင့်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။


စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အတွေးတွေက လိင်စိတ်ဆန္ဒကိုပါ လွှမ်းမိုးသွားတာကြောင့် လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချစ်ရေးကိစ္စ အဆင်မပြေတာ၊ စိတ်ဆိုးဒေါသထွက်နေတာ၊ ကိုယ့်စိတ်ထဲမှာ မှန်းထားသလောက် လက်တွေ့လိင်ဆက်ဆံတဲ့အခါ စိတ်တိုင်းမကျတာတွေကြောင့်လည်း အဖြစ်များပါတယ်။


ကျန်းမာရေးအခြေအနေအရ ကျောရိုး၊ တင်ပါးဆုံရိုးမှာ ရှိတဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်နေတာ၊ ဆီးကျိတ်ခွဲစိတ်မှုအပြီး အာရုံကြောထိခိုက်သွားတာ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း၊ ကျားဟော်မုန်း နည်းလာခြင်း၊ မွေးရာပါချို့ယွင်းချက်တွေ၊ စိတ်ကျရောဂါပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ အရက်အလွန်အကျွံသောက်ခြင်းကြာင့် သုက်ထွက်ကြာနိုင်ပါတယ်။


#သုက်ထွက်ကြာတာကို ဘယ်လိုကုသမလဲ။


မကုသဘဲ ထားလိုက်လို့ ပျောက်သွားတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လကြာ ဝေဒနာခံစားနေရတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်ဆက်ဆံနေစဉ် သုက်ထွက်ဖို့ ကြာလွန်းတယ်လို့ ခံစားနေရရင်၊ ဒီလိုဖြစ်နေတာ ၆လထက် ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။ သွေးဖောက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ တခြားသော ရောဂါတွေ၊ ကျားဟော်မုန်း ပမာဏ၊ ဟော်မုန်းမျှခြေ အပြောင်းအလဲ၊ လတ်တလော ခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ကိုယ့်ရဲ့ လိင်တံမှာ ကောင်းစွာထောင်မတ်နိုင်ခြင်း၊ တခြားသော ပြဿနာတွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။


တရားခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီးသွားမှ ကုသမှုခံယူဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း၊ ကုထုံးတွေကို ဆရာဝန်က အကြံပေးမှာဖြစ်ပါတယ်။ သုက်ထွက်ကြာတာကို မကုသဘဲ ပစ်ထားလိုက်ရင် သူ့နောက်ကွယ်မှာ လိင်စိတ်သာယာမှု မရှိတာ၊ လိင်ဆက်ဆံရမှာ စိုးရိမ်ပူပန်တာ၊ မျိုးမအောင်တာ၊ မြုံတာ၊ လိင်စိတ်ဆန္ဒနည်းသွားတာအပြင် တခြားစိတ်ကျန်းမာရေးမှာပါ ထိခိုက်လာနိုင်သလို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့လည်း လူမှုရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာရှိနေတယ်လို့ သံသယရှိနေရင် မရှက်ပါနဲ့။ တွေ့ရာ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ စောစောသိလေ ကုသပျောက်ကင်းဖို့ ပိုလွယ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။


HELLO SAYARWON


(Zawgyi) 





ရေးသားသူ Ye Myo Myat































HELLO SAYARWON