Thursday, April 4, 2013

HIV ပျောက်ကင်းနိုင်ပြီလား



ဂျပန်နိုင်ငံတွင် HIV ကာကွယ်ဆေးများ စမ်းသပ် ကုသမှုများ စတင်ပြုလုပ်နေ
  သုတေသီတွေက  Rwanda နိုင်ငံမှာ  ဂျပန်နိုင်ငံထုတ် HIV  ဗိုင်းရပ်စ်ပိုး ကာကွယ်တဲ့ ဆေးဝါးတွေနဲ့ လက်တွေ့ စမ်းသပ် ကုသမှုတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ကာကွယ်ဆေးတွေကို ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့နဲ့ တိုကျိုတက္ကသိုလ် ဆေးသိပ္ပံဌာန သုတေသီတွေက ပူးပေါင်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

သုတေသီတွေက HIV  ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးရိုးဗီဇတွေကို အသုံးပြုပြီး ကာကွယ်ဆေးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ  HIV ကာကွယ်ဆေးတွေဟာ ရောဂါပိုး ကူးစက်ခံနေရတဲ့ ခန္ခာကိုယ်တွင်းရှိ  HIV  ရောဂါ ပိုးတွေကို ထပ်မံပုံတူ ပွားများလာစေပြီး၊ ပွားများလာတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ခန္တာကိုယ်တွင်းရှိ ရောဂါပိုးတွေကို ပြန်လည်ခုခံ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ အမှုန့်ပုံစံမျိုးဖြစ်ပြီး နှာခေါင်းမှ တစ်ဆင့် ရှုရှိုက်ရမှာ ဖြစ်ပါတယ်။

HIV ရောဂါပိုးဟာ ခန္ခာကိုယ်အတွင်းရှိ အချွဲမြှေးတွေမှ တစ်ဆင့် ကူးစက်ပျံ့ပွားတတ်တဲ့ ရောဂါအမျိုးအစား ဖြစ်တာကြောင့် အခုလို အမှုန့်ပုံစံမျိုး ဖန်တီး ပြုလုပ် ရတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ အခြေစိုက် အဖွဲ့တွေဟာ အဆိုပါဆေးတွေကို  Rwanda နိုင်ငံမှာ စတင် စမ်းသပ် ကုသမှုတွေ ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ဗြိတိန်နိုင်ငံမှာ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ  နှစ်စဉ် HIV ရောဂါပိုး ကူးစက်ခံနေရသူ ၂.၅ သန်းကျော်ရှိပြီး ဗိုင်းရပ်စ်ပိုးတွေရဲ့ သန္ဓေပုံစံအမျိုးမျိုး ပြောင်းလဲမှုတွေကြောင့် ကာကွယ်ဆေး ဖန်တီးပြုလုပ်ရာမှာ သုတေသီတွေအနေနဲ့  အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။
MRTV-4 - ဂျပန်နိုင်ငံတွင် HIV ကာကွယ်ဆေးများ စမ်းသပ် ကုသမှုများ စတင်ပြုလုပ်နေ

HIV ပျောက်ကင်းနိုင်ပြီလား

နွေဦး ရာသီဖြစ်၍ ရာသီဥတုက ပူပြင်းစ ပြုလာ၏။ တောင်လေ တစ်ချက်အဝှေ့တွင် ရော်ရွက်ဝါတို့ ဝေါခနဲ ထပျံကြ၏။ အနက်ရောင် ဆူပါကတ် မော်တော်ဆိုင်ကယ် တစ်စီးသည် လမ်းသုံးဆယ် တစ်လျှောက် အရှေ့မှ အနောက်သို့ မောင်းနှင်လာနေ၏။ မုံရွာသား ဒေါက်တာ လင်းနိုင်ထွန်းသည် ဆိုင်ကယ်စီးရင်း ခံ့ညားထည်ဝါလှသော မန္တလေး ဘူတာရုံကြီးကို ငေးကြည့်နေမိ၏။ ၇၇ လမ်းထိပ်သို့ ရောက်သောအခါ တောင်ဘက်သို့ ချိုးကွေ့ကာ ၇၇ လမ်းအတွင်းသို့ ဝင်သွား၏။

မကြာမီ လမ်း ၃ဝ နှင့် ၃၁ ကြား ၇၇ လမ်းပေါ်ရှိ နောင်ရိုး လက်ဖက်ရည် ဆိုင်ရှေ့တွင် ရပ်သွား၏။ ဆိုင်အတွင်း၌ မုံရွာသူ ဒေါက်တာ ဝင်းဝင်းမြ ရောက်ရှိနေ၏။ ဒေါက်တာ လင်းနိုင်ထွန်း ဆိုင်အတွင်း ဝင်လာ ချိန်တွင် ဒေါက်တာ မိုးမိုးခင်၊ ဒေါက်တာ သီတာမိုးကြည် နှင့် ဒေါက်တာဝင်းနီလာ တို့သည်လည်း ဆိုင်ကယ်ကိုယ်စီဖြင့် ရောက်လာကြ၏။

''လာ- ကိုလင်း၊ ဖန်ချိုနဲ့ ထမင်းဆီဆမ်း မှာထားပြီးပြီ''
''ကောင်းတယ်ကွာ။ ဆာနေတာနဲ့ အတော်ပဲ''
''ကိုလင်း ဘာမှ မစားရသေး ဘူးလား''
''မစားရသေးဘူး။ ညကလည်း တစ်ညလုံး မအိပ်ရဘူး။ လူက ညောင်နာနာ ဖြစ်နေတယ်။ ဖန်ချို တစ်ခွက်လောက် သောက်လိုက်မှ လန်းသွားမယ် ထင်တယ်''
''ဘာဖြစ်လို့ မအိပ်ရတာလဲ''
''အိမ်ဘေးက အိပ်ခ်ျအိုင်ဗွီပိုး ဝင်နေတဲ့ လူနာပေါ့။ တစ်ညလုံး အသက်ငင်နေတယ်။ မိုးလင်းမှ ဆုံးသွားတယ်။ လူနာရဲ့သားက ငယ်သူငယ်ချင်း။ မုံရွာမှာတုန်းက တစ်ကျောင်းတည်း။ သူငယ်ချင်းက အကူအညီ တောင်းတော့လည်း ကူညီရတာပေါ့။ ဒါနဲ့ မအိပ်ရတာ''
''သြော်- ဟုတ်လား။ ဆေးရုံ မတင်ဘူးလား''
''ရောဂါက ကျွမ်းနေပြီလေ။ လူနာ ဆန္ဒကလည်း အိမ်မှာပဲ ခေါင်းချချင်တယ်ဆိုတော့ လုပ်ပေး ရတာပေါ့ကွာ။ အောက်ဆီဂျင်ဘူးတွေ၊ ချွဲစုပ်စက်တွေ ငှားရတာပေါ့ကွာ''
''ကုသိုလ် ရပါတယ်ကွာ။ လူနာ ဘဝကူးကောင်းသွားတာပေါ့''
''သားလုပ်သူကလည်း တရားခွေတွေ ဖွင့်ပေးတယ်။ ဘဝကူး ကောင်းသွားတာပေါ့ကွာ''
''ရောဂါက ဘယ်လိုကူးတာတဲ့လဲ''

''ရင်နာစရာတော့ ကောင်းတယ်။ လူနာက လူရိုးကွ။ နယ်ကို ကိစ္စတစ်ခုနဲ့သွားရင်း ဖျားတော့ ဆေးထိုးတယ်။ နယ်စွန် နယ်ဖျားဆိုတော့ ဆရာဝန် မရှိဘူး။ ရမ်းကုပဲ ရှိတယ်။ အဲဒီမှာက ဆေးစွဲနေတဲ့ လူတွေ ပေါတယ်။ ရမ်းကုက ပိုးရှိတဲ့ ဆေးစွဲလူနာမှာ သုံးပြီးသား အပ်နဲ့ ထိုးပေးလိုက်တယ်။ လူရိုးကြီး ခမျာမှာ ဘုမသိ ဘမသိနဲ့ ရောဂါကူးသွား ပါရော''
''ဖြစ်မှဖြစ်ရလေကွာ''


''မြို့ပြန်ရောက်တော့ တီဘီ ဖြစ်တယ်။ ရိုးရိုးတီဘီပဲ ထင်တာပေါ့။ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခံရတဲ့ လူနာတွေမှာ တစ်ဝက်လောက်က တီဘီ လက္ခဏာနဲ့ လာတတ်တယ်။ သတိမထားရင် ရောဂါ နာမည်တပ်တာ မှားတတ်တယ်။ ဆေးလောကသားတွေ အတွက် သင်ခန်းစာပေါ့ကွာ။ ရောဂါ ကျွမ်းမှပဲ ရောဂါမှန်း သိရတယ်။ ဒါနဲ့ပဲ ကွယ်လွန်သွားရော ဆိုပါတော့''
''အဖြစ်မှန်ကို မသိရင် လူရိုး ကြီးခမျာ အပျော်အပါးလိုက်စား တယ်လို့ အထင်လွဲ ခံရဦးမှာနော်''
''ဟုတ်တာပေါ့ကွာ။ သေလည်းသေ၊ သိက္ခာလည်းကျဆိုသလို ဖြစ်ဦးမှာ''
''မှန်တာပေါ့။ အိပ်ခ်ျအိုင်ဗွီက စောစောကုရင် မသေဘူးကွ''
''မသေရုံတင် ဘယ်ကမလဲ။ ပျောက်တယ်လို့တောင် ပြောနိုင်ပြီကွ''
''ဟေ- ဟုတ်လား။ စိတ်ဝင် စားစရာပဲ ရှင်းပြပါဦး''


''Atlanta မှာ ဆေးပညာညီ လာခံတစ်ခု မကြာခင်က လုပ်သွားတယ်။ ညီလာခံနာမည်က TheContference on Retroviruses and Opportunistic Infections တဲ့။ အဲဒီညီလာခံမှာ Baltimore မြို့မှာရှိတဲ့ Johns Hopkins University က Dr. Deborah Persaud က စာတမ်းတစ်စောင် တင်ပြသွားတယ်။ သူက ဗိုင်းရပ်စ်ပိုး ပါရဂူဆိုပါတော့''
''ဘာအကြောင်းလဲကွ''


''Mississipp ပြည်နယ်က ကလေးတစ်ယောက် အကြောင်းကွ။ ကလေးအမေဆီက ပိုးကူးစက်ခံရတယ်။ မွေးပြီး ရက်သုံးဆယ်မှာ ဆေးစကုတယ်။ ခုနစ်နှစ်ခွဲ ရှိပြီး ပြန်စစ်တော့ ပိုးမတွေ့ဘူး။ ကမ္ဘာပေါ်မှာ ဒုတိယမြောက် ရောဂါပျောက်သူ အဖြစ် မှတ်တမ်းတင်ခံရဖို့ နီးစပ်နေပြီတဲ့''


''အသေးစိတ် ပြောပြပါဦး''

''ပါရဂူကြီးက PotentiallyCurable လို့ ပြောသွားတယ်။ ရောဂါပျောက်ဖို့ အလားအလာ ရှိတယ်ပေါ့ကွာ။ လွန်ခဲ့တဲ့၂ဝဝ၇ ခုနှစ်တုန်းက Timothy Ray Brown ဆိုတဲ့ လူနာဟာ ကမ္ဘာမှာ ပထမဦးဆုံး အကြိမ် ရောဂါပျောက်တဲ့ လူနာလို့ မှတ်တမ်းတင် ခံခဲ့ရတယ်''

''Brown တုန်းက သွေးကင်ဆာ ကုရင်း ပျောက်တာမဟုတ်လား''
''ဟုတ်တယ်။ သွေးကင်ဆာကုဖို့ အလှူရှင်ဆီ ကနေ ရိုးတွင်း ချဉ်ဆီယူပြီး အစားထိုး ကုသတယ်။ အလှူရှင်မှာက ထူးခြားတဲ့ မျိုးရိုး ဗီဇရှိတယ်။ စာထဲက လိုပြောရင် Rare Genetic Mutation That Resistic HIV Infection ပေါ့ကွာ''
''မွေးရာပါ မျိုးရိုး ဗီဇမူကွဲကြောင့် ပိုးကို သဘာဝ အလျောက် ခုခံနိုင်စွမ်းရည် ပါလာတဲ့ သဘော ပေါ့နော်''
''ဟုတ်တယ်။ ရိုးတွင်းချဉ်ဆီ အစားထိုး ကုသလိုက်တော့ သွေးကင်ဆာရော၊ HIV ပါ ပျောက်သွားတယ်''
''ကံကောင်း လိုက်တာကွာ''
''တကယ် ကံကောင်းတာကွ။ သွေးကင်ဆာကလည်း သေလောက်တဲ့ ရောဂါ၊ HIV ကလည်း သေလောက်တဲ့ ရောဂါ၊ ရောဂါ အကြီးကြီးနှစ်ခု ဖြစ်တာတောင် မသေဘူး။ တကယ် အသက်ပြင်းတဲ့ လူနာပဲ''
''သွေးကင်ဆာကို Stem CellTransplant နဲ့ ကုတာပေါ့နော်''

''ဟုတ်တယ်ကွ။ Stem CellTransplant ထည့်ပေးမှ ရိုးတွင်းချဉ်ဆီ အသစ်ပြန်ရမှာလေ။ ခုလူနာကျတော့ တစ်မျိုးကွ''
''ပြောပါဦး''
''ကလေးက ကျေးရွာဆေးရုံမှာမွေးတာ။ အမေက ရောဂါရှိတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေတုန်းက ရောဂါ ကုမထားဘူး။ Prenatal HIV Treatment ယူမထားဘူး။ ကလေးမွေးတော့မှ ရောဂါရှိမှန်း သိတာ။ ဆရာဝန်တွေက ကလေးကို ရောဂါကူးဖို့ နီးစပ်နေတာ သိသွားတယ်။ ဒါနဲ့ ဆေးတွေတွဲဖက်ပြီး သုံးတဲ့နည်းနဲ့ ကုတယ်''
''Antiretroviral Therap ပေါ့နော်''


''ဟုတ်တယ်။ ကလေးကို ကျေးလက်ဆေးရုံကနေ ဆေးရုံကြီးကို ပို့လိုက်တယ်။ Jackson မြို့မှာရှိတဲ့ University of Mississippi Medical Center ကို ရောက်သွားတယ်''
''ပိုပြီးပြည့်စုံတဲ့ နေရာပေါ့နော်''


''မှန်တယ်ကွ။ အဲဒီမှာ ပါရဂူ တစ်ယောက်ရှိတယ်။ Dr. HannahGay တဲ့။ Paediatric HIV Specialist ကွ။ သူက 3 Standard HIV- Fighting Drug နဲ့ ကုတယ်။ Cocktail ပေါ့ကွာ။ ကလေးကမွေးပြီး နာရီ ၃ဝ ပဲ ရှိ သေးတယ်။ နုနုလေးပေါ့ကွာ''
''ရောဂါ မကျွမ်းခင် ကုနိုင်လိုက်တယ်ပေါ့''
''စောနိုင်သမျှ စောစောကုလိုက်ရတဲ့ သဘောပဲ။ ကလေး ကံကောင်းတယ် ဆိုရမှာပဲ။ ကျေးလက်ဆေးရုံမှာပဲ ဆက်ရှိနေရင် တစ်မျိုး ဖြစ်ဦးမယ်''
''ဆက်ပါဦး''


'Dr. Gay က ပြောတယ်။ ကလေးက ရောဂါကူးစက်ခံရဖို့ အခွင့်အရေး များနေတယ်တဲ့။ ဒါကြောင့် စောစောကုတာတဲ့''
''ဘယ်လောက်ကြာကြာ လုပ်ပေးတာတဲ့လဲ''
''၁၈ လကြာအောင် ကုတယ်။ ၁၈ လပြည့်တော့ ကလေးက မလာတော့ဘူး။ မလာတော့ဘူး ဆိုတာလည်း အမေက လာမကုတာ ကြောင့်ကွ။ ဘာကြောင့် မလာလဲဆိုတာ သေသေချာချာ မသိရဘူး။ ဒါပေမယ့် နောက် ၅ လ အကြာမှာ ပြန်လာပြတယ်။ ကြားကာလမှာ ဆေးကုသမှု ပြတ်သွားတယ်''


''ကလေးကို ပြန်စစ်ဆေးလား''
''စစ်ဆေးတာပေါ့။ စစ်ကြည့်တော့ ပိုးမတွေ့ဘူး''

''ထူးဆန်းတယ်နော်''
''ထူးဆန်းတယ်။ ဒီရောဂါမှာဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝက ပိုးတွေဟာ ကိုယ်ထဲမှာ ပုန်းနေတတ်တယ်။ Hideo တွေ ဖန်တီးနေတတ်တယ်။ Reservoir လို့လည်းခေါ်တယ်။ ပိုးက ရှင်းရှင်း မပျောက်ဘူး။ ဆေးရပ် လိုက်ရင် ပြန်ပေါ်လာရော''
''ခုကျတော့ ဆေးရပ်လည်း ပြန်မပေါ်ဘူးနော်''


''ဟုတ်တယ်။ The Foundationfor AIDS Research ဆိုတဲ့ အဖွဲ့ကြီးက ပါရဂူ Dr. RowenaTohnston က ပြောတယ်။ မွေးပြီး မကြာခင် စောစောကုလို့ ခုလို ရလဒ်မျိုးရတာ ဖြစ်ပါလိမ့်မယ်တဲ့။ ခုကိစ္စက စိတ်ဝင်စား စရာ အလွန်ကောင်းပါတယ်တဲ့။ ဒါဟာ ပထမဆုံး မှတ်တမ်းဝင် ကိစ္စပါတဲ့။ သုတေသန ဓာတ်ခွဲဌာနကြီး ခြောက်ခုက ပါရဂူတွေက စမ်းသပ်ချက် မျိုးစုံလုပ်ပြီးပါပြီတဲ့။ နောက်ဆုံးပေါ်
နည်းတွေလည်း သုံးပါတယ်တဲ့။ ဒါပေမယ့် ပိုးကို ရှာမတွေ့ပါဘူးတဲ့''
''အံ့သြစရာပါပဲ''


'The Terrence HiggingsTrust ဆိုတဲ့ အေအိုင်ဒီအက်စ်ရောဂါဆိုင်ရာ စေတနာ့ ဝန်ထမ်းအဖွဲ့ကြီးက ပြောရေး ဆိုခွင့်ရှိသူက ခုကိစ္စကို ဆက်လေ့လာဖို့ တိုက်တွန်းထားတယ်။ တခြား အလားတူ ကလေးတွေကို ကုဖို့ လမ်းညွှန်ချက်တွေ ရလာနိုင်ပါတယ်တဲ့''
''လူနာတွေ အတွက် ဝမ်းသာစရာပဲကွ''


''ဟုတ်တယ်။ ကုလို့ ပျောက်ရင် သိပ်ကို ဝမ်းသာစရာကောင်းတာပေါ့။ ဆေးလောက အတွက် မင်္ဂလာသတင်းပဲ''
''ကဲ- မင်္ဂလာရှိသွားအောင် သုံးဆောင်လိုက်ပါဦး။ ဒီဝိုင်းအတွက် ကုန်ကျစရိတ်ကို ဓာတ်ခွဲမှူး ကိုညိုမြင့်က တာဝန်ယူထားတယ်''
''ဟေ- ဟုတ်လား။ ဘာအတွက်လဲ''
''မွေးနေ့အတွက် ဒါနပြုတာပါတဲ့''
''ကဲ- ဒါနမြောက်သွားအောင် တဝစားပြီကွာ၊ ဟဲ ဟဲ''


ရည်ညွန်းချက် ။ ။ BBC News rS"US HIV Baby Cured by EarlyDrus Treatment" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကား ပါသည်။
ဈေးကွက် - HIV ပျောက်ကင်းနိုင်ပြီလား

Wednesday, April 3, 2013

Android Device တစ်ခုကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း(၁၀)နည်း


မသိသေးတဲ့ သူငယ်ချင်းများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်
Google ရဲ့ Product တစ်ခုဖြစ်တဲ့ Android အသုံးပြု Device တွေဟာလက်ရှိအချိန်မှာ အရေအတွက်အားဖြင့် အလွန်များပြားတဲ့ အနေအထားတစ်ရပ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ Androide အသုံးပြု Phone နဲ့ Tablet တွေဟာ လူအများစုရဲ့ နေ့စဉ်ထိတွေ့မှုများတဲ့ အရာဝတ္ထုတွေဖြစ်လာသလို၊ မကြာတော့မယ့်အချိန်အတွင်းမှာ Essential ဆိုတဲ့အနေအထား တစ်ခုထိကိုရောက်ရှိလာမှာဖြစ်ပါတယ်။ Android Device တွေကို အကောင်းမွန်ဆုံးကိုင်တွက် အသုံးပြုနိုင်ဖို့အတွက် Android Device တွေကို အကောင်းဆုံးထိန်းသိမ်းစောင့်ရှောက်နည်း (၁၀)နည်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁). အသုံးမပြုတဲ့ Application Process တွေကို Stop ပြုလုပ်ပါ။

Android ရဲ့ သဘောတရားအရ Application နဲ့ Game တို့ကို အသုံးပြုပြီးတဲ့အချိန်မှာ Stop ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။ Exit ပြုလုပ်ပြီးချိန်မှာတောင် Background Process အနေနဲ့ လုပ်ဆောင်မှုတွေရှိနေနိုင်တဲ့အတွက် Task Killer လိုမျိုး Application အသုံးပြုပြီး Process Kill ပြုလုပ်သင့်ပါတယ်။

(၂). Call Log များကိုရှင်းလင်းပေးပါ။

Android Phone အနိမ့်ပိုင်း Handset တွေမှာ ကြုံတွေ့တတ်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ Call Log တွေများလာတဲ့အမျှ ဖုန်းခေါ်ဆိုမှုတွေမှာ အမှားအယွင်းများလာတတ်ပြီး၊ ပိုမိုလေးလံတဲ့လုပ်ဆောင်ချက်တွေကို တွေ့ကြုံရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့အနည်းဆုံး တစ်နေ့တစ်ကြိမ် Call Log များကို Clear ပြုလုပ်သင့်ပါတယ်။

(၃). အသုံးမပြုတဲ့ Connectivity များကိုပိတ်ထားပါ။


Android Device အသုံးပြုသူ အများစုအနေနဲ့ Wifi နဲ့ Bluetooth တို့ကိုအချိန်တော်တော်များများမှာ ဖွင့်လှစ်ထားတတ်တဲ့ အလေ့အထရှိပါတယ်။ Wifi ဖွင့်လှစ်ထားခြင်းအတွက် Notification Bar မှာ Alert Icon တွေနဲ့ ရှုပ်ထွေးနေမှာဖြစ်သလို၊ အဆိုပါ Process တွေအတွက်လည်း Battery သုံးစွဲမှု ပမာဏ မြင့်တက်စေပါတယ်။

(၄) Application အများအပြားထည့်သွင်းခြင်းမှ ရှောင်ကြဉ်ပါ။

တချို့သော Android Device User တွေဟာ မိမိရဲ့ Device အတွင်းမှာ Application နဲ့ Game တွေကိုများစွာ ထည့်သွင်းထားလေ့ရှိပါတယ်။ သိုလှောင်နိုင်မှု ပမာဏမြင့်မားတဲ့ Device တွေအတွက် ပြဿနာ မရှိပေမယ့် သိုလှောင်နိုင်မှုပမာဏ နည်းပါးနေမယ်ဆိုရင်တော့ ဒါဟာကြီးမားတဲ့ ပြဿနာရပ်တစ်ခုပဲ ဖြစ်ပါတယ်။

(၅). Process အများအပြားကို တစ်ပြိုင်နက်အသုံးပြုခြင်း ဆင်ခြင်ပါ။

Android ရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ တစ်ချိန်ထဲမှာ Process အများအပြားအသုံးပြုမှုကို ဆင်ခြင်သင့်ပါတယ်။ အသုံးပြုလို့ ရနိုင်တာမှန်ပေမယ့် အကြောင်းတစုံတရာကြောင့် Stop ပြုလုပ်ရမယ်ဆိုရင် Web Browser လို Application တွေအတွက် Data Error ဖြစ်နိုင်ပါတယ်။

(၆). Device များကို Reboot ပြုလုပ်ပေးပါ။

တစ်ချို့သော Android User များဟာ Device များကို အသုံးအကြာကြီး Reboot မပြုလုပ်ဘဲ သုံးစွဲလေ့ရှိပါတယ်။ အချို့သော Process များနဲ့ Installation များအတွက် Device တွေကို Reboot ပြုလုပ်ပေးဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် အနည်းဆုံး သုံးရက်ကို တစ်ကြိမ်တော့ Device Reboot ပြုလုပ်ပေးသင့်ပါတယ်။

(၇). Launcher ကို တစ်ခုထက်ပိုမို မသုံးစွဲသင့်ပါ။


Android ရဲ့ Launcher တွေဟာ ဆန်းသစ်မှုတစ်ခုလို့ ဆိုနိုင်ပြီး ပုံစံ၊ ဒီဇိုင်းများစွာနဲ့ အလွယ်တကူ ရယူနိုင်မှာဖြစ်ပါတယ်။ Default ပါဝင်တဲ့ Home နဲ့ Launcher တွေဟာ အဆင်မသင့်ခဲ့ဘူးဆိုရင်တော့ Display ကိုပြဿနာဖြစ်စေနိုင်တဲ့အတွက် Launcher ကိုထည့်သွင်းအသုံးပြုမယ်ဆိုရင် တစ်မျိုးထအသုံးပြုသင့်ပါတယ်။

(၈). Root ပြုလုပ်ထားတဲ့ Device များအတွက် Superuser ပိတ်ထားပါ။

Android ရဲ့ Root ပြုလုပ်ထားတဲ့ Device များမှာ Superuser ကိုအသုံးမလိုရင် ပိတ်ထားသင့်ပါတယ်။ Superuser ရဲ့လုပ်ဆောင်ချက်တွေဟာ Device ကိုအသုးပြုချိန်မှာ ပိုမိုလေးလံစေပြီး၊ System ထဲကိုလည်း ၀င်ရောက်ပြင်ဆင်နိုင်တဲ့အတွက် အသုံးမပြုလိုတဲ့အချိန်တွေမှာ ပိတ်ထားသင့်ပါတယ်။

(၉). Auto-Sync ကိုပိတ်ထားပါ။

Auto Sync ဆိုတာကတော့ Android Account တွေရဲ့ Wifi ချိတ်ဆက်အသုံးပြုချိန်မှာပဲဖြစ်ဖြစ်၊ EVDO နဲ့ EDGE အသုံးပြုတဲ့အချိန်မှာပဲဖြစ်ဖြစ် Data တွေကို သိမ်းဆည်းဖလှယ်ပေးတဲ့ နည်းစနစ်တစ်ခု ဖြစ်ပါတယ်။ Auto Sync ကိုပိတ်ထားခြင်းဖြင့် Battery အသုံးပြုနှုန်းရဲ့ 10 ရာခိုင်နှုန်းကို သက်သာစေနိုင်သလို၊ လုပ်ဆောင်ချက်တွေကိုလည်း ပိုမိုမြန်ဆန်စေမှာ ဖြစ်ပါတယ်။

(၁၀). Hardware နှင့်ကိုက်ညီသော Android Version ကိုသာအသုံးပြုပါ။

Android Version အသစ်တွေများစွာဟာ သတ်မှတ်Hardware တွေအလိုက်ထွက်ရှိနေပါတယ်။ မိမိရဲ့ Device ဟာ သတ်မှတ် Version အလိုက်သာ ထည့်သွင်းအသုံးပြုနိုင်မယ်ဆိုတာ သိထားသင့်ပါတယ်။ Version မှားယွင်းမှုကြောင့် Device အပေါ်မှာ ထိခိုက်မှုများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။

Ref: Internet Journal

Tuesday, April 2, 2013

နေ့နှင့်ညတို့ ထပ်တူကျချိန်




ဒေါ်အေးသီသည် ပန်းကန်ထဲမှ ထမင်းကို ဇွန်းဖြင့်ခပ်၍ ရွဲ့စောင်းနေသောသူမ ပါးစပ် ထဲသို့ တုန်တုန် ချည့် ချည့်၊ အလွဲလွဲ အချော် ချော်နှင့် ထည့်လိုက် သည်။ နေအတော်မြင့်ပြီး နံနက်စာတုန်း ကလည်း ဟုတ်တိ ပတ်တိ မစားလိုက် ရသဖြင့် သူမ အတော် ဆာနေပြီ။ ခြောက်သွေ့ သော ငါးလေး ချက်နှင့် ချဉ်ရည် ဟင်း ရောမွှေ ထား သည့်ထမင်းက ပါးစပ်ထဲတွင် တပွစိ စိနှင့်  တော်တော်နှင့် မျိုချ မရဘဲ သူမ၏ ပိန် လှီလှီ လည်ချောင်း လေး ထဲတွင် အ ချိန် အတော် ကြာ သည် အထိ တစ်ဆို့ ဆို့ကြီး ဖြစ်နေ ၍  ကြောင် တောင် တောင်နှင့် ရှေ့ တူ ရူသို့ ငေးနေပြန်သည်။

“ဒေါ်ကြီး စားလေ၊ ဘာငေးနေတာလဲ။ ဒေါ်ကြီးကိစ္စ တွေပြီးမှ  ကျွန်မ သွားလို့ရမှာ၊ စား စား”ဒေါ်အေးသီသည် သူမ နောက်မှ ထွက်ပေါ် လာသော တူမဖြစ်သူ မူမူ့ အသံကြောင့် လည်ပြန် လှည့်ကြည့် လိုက် သည်။ ထိုအခါ တူမဖြစ်သူ  မူမူကပင် ဆက်၍ “၀ပြီလား”ဟု ထပ်မေးလိုက် ရာ ဒေါ် အေးသီလည်း ယောင်နနနှင့် ရောယောင် ခေါင်းညိတ် လိုက်မိသည်။

ထိုအခါ မူမူက “အလ ကား ဗိုက်ဆာတယ်၊ ဆာ တယ်နဲ့၊ ကျွေးတော့လည်း ဟုတ်တိ ပတ်တိ မစားဘဲနဲ့။ သက်သက် လျှောက်အော် နေတယ်။ လူကြားလို့ မကောင်းဘူး။ သူများကြားရင် အိမ်က လူတွေက ထမင်း မကျွေးဘဲ အငတ် ထားတယ် ထင်ဦး မယ်”ဟု တဖျစ်တောက် တောက်ပြောရင်း ဒေါ်အေးသီ ခုတင်ပေါ် တင်ထားသည့် စားပွဲပု လေးပေါ်ရှိ ထမင်းပန်း ကန်ကို သိမ်းလိုက်ပြီး အနား မှာရှိသော ပုဆိုးပိုင်းနှင့် ဒေါ်အေးသီ ပါးစပ်ကိုသုတ် ကာ  ရေတစ်ခွက်ကို စားပွဲ ပေါ်တင် ပေးလိုက်သည်။

ဒေါ်အေးသီလည်း မူမူက နားလည်မှု လွဲကာ စားလက်စ ထမင်းပန်းကန် သိမ်းသွားသဖြင့် မ၀သေး သော သူမ ဗိုက်ကို ထပ်ဖြည့်ရန် ရေခွက်ကို မော့သောက် လိုက် ရာ တဟွတ်ဟွတ်နှင့် သီး တော့သည်။
“ဒေါ်ကြီးကလည်း လုပ်ပြန်ပြီ၊ အိပ်ရာနဲ့ စောင်တွေ စိုကုန်ပြီ။ ဖြည်းဖြည်း သောက်ပါလို့ ပြောထားရဲ့ သားနဲ့။ ကဲ ထ ထ ကျွန်မ မသွားခင် အပေါ့သွားထား လိုက်”
မူမူက ပြောပြော ဆိုဆို ဒေါ်အေးသီကို ရေအိမ်သို့ တွဲ ပို့ပေးလေရာ ဒေါ်အေးသီ လည်း ယောင်နနနှင့် ပါသွား ပြီး သူမ ရေသောက် မပြီး သေးသည်ကို မေ့သွားလေ ၏။

ဒေါ်အေးသီသည် လေ ဖြတ်သူတို့ ထုံးစံအတိုင်း သူမ ပြောလိုသည့် အကြောင်း အရာကို တစ်ခွန်းနှင့် တစ်ခွန်း စဉ်းစားပြီး မနည်း အားယူမှ ပြောနိုင်သလို တစ်ခါတစ်ရံ မေးလျှင်လည်း တော်တော် နှင့် ပြန်မဖြေ နိုင်ပေ။ ထို့အပြင် စကား တစ်ခွန်းကို ထပ်ချည်း တလဲလဲ ပြောချင်ပြောနေ တတ်ပြန်သေးသည်။

“မူမူ ငါ ဒီနေ့ ရေချိုးရ မှာလား”
ဒေါ်အေးသီထံမှ လေမဆက် သည့် အမေးကို မူမူက “ဒီနေ့ ကျွန်မ မအားသေး ဘူး။ မနက်ဖြန်မှ ချိုး၊ ဒီနေ့ ဈေးဝယ် ပေးရဦးမယ်”
မူမူက ဒေါ်အေးသီကို ခုတင်ဘေးရှိ ပက်လက် ကုလား ထိုင်ပေါ်တွင် ထိုင်စေ ပြီး “ကဲ ကျွန်မ သွားတော့ မယ်”ဟု ပြောကာ ထွက်သွား ဟန်ပြင် လိုက်သည်။ ထိုအခါ မှ ဒေါ်အေးသီသည် ခုနက ရေသောက် နေသည် ကို သတိရသွားပြီး “ငါ၊ ငါ”ဟု သူမ ပါးစပ်က ထွက်သွားသော် လည်း ရှေ့မဆက်နိုင်ဘဲ တ ငါငါနှင့် သာ ရှိနေ၏။

“ခက်ပြီ၊ ဒေါ်ကြီး လုပ်ပုံနဲ့ ဆိုင်အတွက် ဈေးဝယ်ဖို့ နောက်ကျ တော့မှာပဲ။ ပြော ဘာလုပ် ပေးရမှာလဲလို့”ဟု မျက်နှာ ရှုံ့မဲ့ပြီး စိတ်မရှည်စွာ ဖြင့် မူမူက ခပ်ဆောင့်ဆောင့် မေးလိုက်သဖြင့် ဒေါ်အေးသီ လည်း ကြောင် အအ ဖြစ်သွား ပြီးမှ ရေသောက် ချင်သည်ကို  သတိရလာပြန်၏။ သို့သော် ထိုစကားစုတို့က သူမ နှုတ် ဖျားမှ ရုတ်တရက် ထွက်မရသဖြင့် ခုနက ရေသောက်စဉ် ခုတင်ပေါ်တွင် ဖိတ်ကျသည့် ရေကွက်ပေါ်ကို လက်ဖြင့် ပုတ်ပြလိုက်သည်။

ဤသည်ကို မူမူက “သြော်၊ ခုတင်ပေါ်မှာပဲ အိပ် မယ်လား”ဟုဆိုကာ ဒေါ်အေး သီကိုတွဲ၍ ခုတင်ပေါ် သို့ တင် ပေးလိုက်လေ၏။ ဒေါ်အေး သီက ပါးစပ်ကလည်း စိတ် ထဲရှိတာ ရုတ်တရက် ထွက် မလာ၊ မူမူ လုပ်ပေးတာက လည်း တခြားဖြစ်နေလေရာ၊ ခုတင်ခြေရင်းရှိ သောက်ရေ အိုးရှိရာသို့ မေးတငေါ့ငေါ့နှင့် လုပ်နေပြန်၏။ ထိုအခါ မူမူက ခုတင်ခြေရင်းရှိ စောင်ကိုခြုံ ခိုင်းသည် ထင်ပြီး ဒေါ်အေးသီကို ခြုံပေးလိုက် တော့ သည်။

ထိုအခါ ဒေါ်အေးသီသည် ဒေါသ ထွက်သွားပြီး  တဟိုဟိုနှင့် သောက်ရေအိုးစင်ကို လက်ညှိုးထိုးပြ လိုက် ၏။
“ဟာ ဒေါ်ကြီးကလည်း ဒီမှာ ဈေးသွားဖို့ နောက်ကျနေ ပါတယ်ဆိုမှ ဘာမှန်းလဲ မသိဘူး။ တံခါး ပိတ်ခိုင်းတာလား၊ ကဲကဲ ပိတ်ထားခဲ့ပြီ”ဟု ဗျစ်တောက် ဗျစ်တောက်ပြောကာ သူမကို တံခါးပိတ်ခိုင်း သည်ထင်ပြီး သောက်ရေအိုးစင် ဘေးရှိ တံခါးပေါက်ကို ပိတ်လိုက် ပြီး ဒေါ်အေးသီရှိရာ အိမ် ဘေး အဖီလေးထဲမှ ကသောကမျော ထွက်သွား၏။ ထို့နောက် မူမူသည် ကပ်လျက် အိမ်မှ ဒေါ်ခင်လှနှင့် အချီအချ စကားပြောသံကို ဒေါ်အေးသီ ကြားနေရသည်။

“အန်တီလှရေ၊ သမီး ဈေးသွားပြီ၊ အိမ်ဘက်ကြည့် လိုက်ဦး”
“အေး၊ အေး။ နင့် ဒေါ်ကြီး ထမင်းကျွေးခဲ့ပြီး ပလား၊ မူမူ”
“ပြီးပြီ၊ အိမ်သာလည်း တက်ပြီးပြီ၊ အိပ်ချင် တယ်ဆို လို့ ခုတင်ပေါ် ပြန်တင်ခဲ့ တယ်။ တံခါးပိတ်ခိုင်းလို့ ပိတ်ထားပေးခဲ့တယ်”
ခဏနေတော့ စကားသံ ပျောက်သွားပြီး ဒေါ်ခင်လှ၏ စက်သံ တဂျောင်းဂျောင်းက ဒေါ်အေးသီ နားထဲ ၀င်လာ သည်။
ရာသီဥတုက တပေါင်း လလယ်ထဲ ရောက်နေ သည်မို့ ပူအိုက်လှသည်။ တကယ်တော့ မနက်ကတည်း က ဒေါ်အေးသီ တစ်ယောက် ပူအိုက်ကာ ရေချိုးချင်နေမိ သည်။ ခုတော့ တူမဖြစ်သူ မူမူက ဆိုင်အတွက် ဈေး ၀ယ်ပေးရန် စိတ်စောနေပြီး သူမ နှင့် နားလည်မှု လွဲကာ သူမကို စောင်ခြုံပေး၊ တံခါးပိတ်ပေး လုပ်သွားသဖြင့် ဒေါ်အေးသီ တစ်ယောက် ချွေးများ လှိမ့်ထွက်ပြီး ရေငတ် လာတော့ သည်။

အသက် ငါးဆယ်ကျော် အပျိုကြီး ဒေါ်အေးသီ တွင် အစ်ကို တစ်ယောက်၊ မောင်တစ်ယောက်၊ လက်ရှိ သူမနှင့် အတူနေသူ ညီမထွေးကြည် အပါအ၀င် မွေးချင်း လေးယောက် ရှိသည်။ ထွေးကြည်သည် ဈေးထဲတွင် ကုန်စုံရောင်းပြီး သူ့ယောက်ျား ကတော့ ပွဲစားလိုလို၊ ဘာလိုလို နှင့် မည်မည်ရရ အလုပ်အကိုင် မရှိပေ။ ထွေးကြည်တွင် သားသမီး သုံးယောက်ရှိပြီး သားအကြီးက ပန်းရန်ဆရာ ဖြစ်ပြီး အိမ်ထောင်ရှိသည်။ သားအငယ် ကတော့ လျှပ်စစ် ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံတစ်ရုံတွင် လုပ်သည်။ အငယ်ဆုံး မူမူကတော့ ဆယ် တန်းနှစ်ခါ ကျပြီးကတည်းက အိမ်မှာပင်နေကာ အိမ်မှုကိစ္စများ တာဝန်ယူနေရသူဖြစ် သည်။

ဒေါ်အေးသီ ကျန်းမာစဉ်တုန်း ကတော့ ဆိုင်မှာ ရောင်းသည့် လက်လီအထုပ် မျိုးစုံ ကူထုပ်ပေး။ အိမ်၏ အိမ်မှု ကိစ္စမှန်သမျှ ကူလုပ်ခဲ့သည်။ သို့သော် ကိုယ်တစ်ခြမ်း လေဖြန်းသွား ကတည်း က ဒေါ်အေးသီမှာ အိမ်ထဲ၌ ပင် ထူမည့်၊ တွဲမည့်သူရှိမှ လှုပ်ရှားနိုင်တော့သည်။ သူမ ခြေတစ်လှမ်း ရွှေ့ဖို့ အချိန်များ စွာ ယူရသောကြောင့် ဘေး လူမပြောနှင့်၊ ဒေါ်အေးသီ ကိုယ်တိုင်ပင် သူမဘ၀ကို စိတ်ကုန်လှသည်။ သူမ ပြည့်စုံတုန်း၊ သန်တုန်းမြန် တုန်းကတော့ မောင်တွေအိမ် မှာနေခဲ့တာဖြစ်ပြီး ခရုဆန်ကျွတ် ဘ၀ရောက်မှ ထွေးကြည်အိမ် ကို ရောက် လာတာ ဖြစ်သည်။ ထွေးကြည်တို့ မိသားစု ကလည်း ရန်ကုန်မြို့ ၏ လူနေမှု အဆင့်အနေ နှင့် လူတမ်းစေ့ အဆင့်မျှသာ။ ထို့ကြောင့်လည်း ထွေးကြည် တို့မိသားစုကို ကျေးဇူးတင် ပြီးရင်း တင်နေမိသည်။

အစ်ကို ကိုမောင်ဘိုနှင့် မောင်ဖြစ်သူ မောင်ပိုတို့ အကြောင်း အတွေးရောက် သွားတော့ သူမ၏တစ်ဖက် ပြဲ၊ တစ်ဖက်မှေး မျက်လုံး တစ်စုံမှ ပူနွေးသောမျက်ရည် တွေက သူမ၏ နားသယ်စပ် မှတစ်ဆင့် ဖြူခြောက် ခြောက် ဆံစပ်ကြားထဲသို့၊ ထိုမှတစ်ဆင့် မည်းညစ်ညစ် ခေါင်း အုံးပေါ်သို့ တလိမ့်လိမ့် စီး ကျလာတော့သည်။
မအေးသီ
  ၇ တန်း ရောက်သည့်နှစ်တွင် အဖေက လူမမာ တစ်ပိုင်းဖြစ်ကာ  အိပ်ရာထဲ လဲသဖြင့် မိသားစု များသော သူမတို့အိမ်၏ စီးပွားရေး အဆင်မပြေတော့ ပေ။

ထို့ကြောင့် အမေက “မောင်ဘိုက စာတော်တယ်၊ အငယ် နှစ်ယောက်က အမေ့ကို ဘာမှ ကူညီ နိုင်မဲ့ဟာတွေ မဟုတ်ဘူး။ ငါ့သမီးကိုမှ အမေ့ကို ကူညီနိုင်မှာ၊ အမေ က ငါ့သမီးပဲ အားကိုးတာ” ဟုဆိုသဖြင့် မအေးသီက ဆယ်တန်းကျောင်းသား အစ်ကို မောင်ဘိုနှင့် အငယ် နှစ်ယောက်ကို ကျောင်းဆက် တက်စေခဲ့ပြီး သူမကတော့ ပညာရေး တစ်ပိုင်း တစ်စနှင့် ထွက်ကာ အမေနှင့် ဒိုးတူပေါင်ဖက် စီးပွားရှာ၊ အဖေ့ ကိုလည်း ပြုစုခဲ့သည်။

မအေးသီအထက်က အစ်ကိုကြီး ကိုမောင်ဘိုက စာအတော်ဆုံးမို့ အမေ၏ ဦးစား ပေးခြင်းကို ခံရသည်။ အငယ်မ ထွေးကြည် ကျတော့  မိန်းမ မပီမသနှင့် ဘာလုပ်လုပ် အမေနှင့် တဆူဆူ၊ ထို့ ကြောင့် အမေ၏ အခေါက်အထစ် အဆူအဆဲ ကို ထွေးကြည် မခံရအောင် ဘယ်အလုပ် မဆို ထွေးကြည် ကိုယ်စား မအေးသီသာ လုပ်ပေး ရ လေ့ရှိ သည်။ ထွေးကြည် အောက်က မောင်ပိုကျတော့ တစ်မျိုး။ အငယ်ဆုံးမို့ အလို လိုက်သမျှ ကြီးလာတော့  ခပ်ပေပေနှင့် တစ်အိမ်လုံး ဗိုလ်ကျတတ်ပြီး သူ အနိုင်ဆုံးလူမှာ မအေးသီဖြစ်သည်။

မအေးသီသည် အစ်ကို မောင်ဘိုအား စာတော်သူမို့ ဦးစားပေးရ၏။ ထွေးကြည် ကျတော့ အသုံးမကျ၍ ဖြည့်ဆည်းပေးရ၏။ အငယ်မောင်ပို ကျတော့ ဗိုလ်ကျသည်မို့ အရှုံးပေးရ၏။ ထို့ကြောင့် မအေးသီသည် ချက်ကစားပွဲ မှ နယ်ရုပ်တစ်ရုပ်လို ညီအစ်ကို မောင်နှမတို့၏ နိုင်ဖတ်၊ ခိုင်းဖတ်၊ အားလုံးအတွက် ဖြည့်ဆည်း ပေးရသည့်နေရာ တွင်ရှိသည်။ အစ်ကိုမောင်ဘို ဆယ်တန်းအောင်တော့ ရုံးတစ်ရုံးတွင် စာရေး လုပ်ရင်း  စာပေးစာယူတက် သည်။ သူ့လခနှင့် သူ့စရိတ် ကာမိရုံတင်မို့ အမေနှင့် မအေးသီ မနည်းရုန်း ရသည်။ “နင့်အစ်ကို ဘွဲ့ရရင်တော့ ငါ တို့သားအမိ အသက်ရှူချောင် ပါပြီ။ အဲဒီအခါကျ ညည်း လည်း ငြိမ်းပြီအေ့”လို့ တရရ ပြောကာ တစ်နေကုန် ခါးချည့် မတတ် ဖယောင်း တိုင်စက် တွင်လုပ်ရသော မအေးသီကို  အမေက အားပေးတတ်သည်။

မအေးသီတို့ သားအမိ ကုန်းရုန်းရှာရင်း အတွန်းအထိုး ကောင်း၍ ထွေးကြည် ၁၀တန်း ရောက်ခဲ့ သော်လည်း စာမေးပွဲ မဖြေခင်ပင် ဆိုင်းမဆင့် ဗုံမဆင့် ခိုးရာ လိုက်ပြေးလေ  သည်။ စုံစမ်းသိရ သလောက် ကောင်လေးက မိဘများ မရှိတော့ဘဲ၊ အစ်မ လုပ်သူသာ ရှိပြီး အထက်တန်းပင် မအောင်သူ၊ ပေါ့ပေါ့လေလေ ထဲက ဖြစ်နေသည်။ အမေ စိတ်ဆိုးသည်မှာ ရစရာမရှိ။ ဒီကြားထဲ အဖျားခတ် ခံရသူ က မအေးသီ ဖြစ်သည်။

မအေးသီမို့ လမ်းတစ်ခု ထွက်မည်ဆိုတိုင်း အစ်ကို ဖြစ်သူ၏ “ဘယ်သွားမှာလဲ၊ ဘယ်သူနဲ့လဲ၊ ဘာလုပ် သွား မှာလဲ၊ ဘယ်အချိန်ပြန်လာမှာ လဲ”စသည့် မေးခွန်းတွေကို သူ ကျေနပ် လောက်သည် အထိဖြေနိုင်မှ သွားခွင့် ရသလို၊ မောင်လုပ်သူ မောင်ပိုကလည်း “ထွေးကြည်လို အချိုးမျိုးချိုး ရင် သတ်ပစ်မယ်”လို့ ဘာ မဆိုင်ညာမဆိုင် အသားလွတ် ကြိမ်းတာကို မအေးသီ ခံခဲ့ရသည်။ ထို့ကြောင့် လင်ယူ စောသည့် ထွေးကြည်ကို မိုက်တွင်းနက် လှချည့်ဟု မအေးသီ ထင်မိသလို “ငါ့အတွက်နဲ့တော့ မိဘညီအစ်ကို မောင်နှမ အရှက် မရ စေရဘူး”ဟု စိတ်ပိုင်းဖြတ်ခဲ့မိပြီး သူမနှင့် လူငယ်ဘာဝ မျက်လုံးချင်း စကားပြောသည့် အဆင့်တွင် ရောက်နေသော အိမ်နီးချင်း၊ ငယ်သူငယ်ချင်းဖြစ်သူ ကိုခင်ဆင့်အား ရဲရဲပင် မကြည့်မိအောင် သတိထား နေလိုက် တော့သည်။

ကိုခင်ဆင့်ကလည်း မအေးသီဘက်က ရုတ်ခြည်း ဆိုသလို မီးနီသွားကာ အိမ် ရှေ့ခြံဝန်း အတွင်းမှာပင် အရိပ်အယောင် မတွေ့ရ တော့သဖြင့် ရှေ့ဆက်တိုးရန် လက်လျှော့ လိုက်လေ တော့သည်။ ထို့ ကြောင့် မအေးသီ၏ လူငယ်  သဘာဝ ချစ်ဇာတ် လမ်းလေး မှာ အစ်ကိုနှင့် မောင်ဖြစ်သူ ၏ ရမ်းကြိမ်းသည့် အကြိမ်း အမောင်း တို့ကြောင့် စိတ်ကူး နှင့်ပင် မရူးလိုက် ရဘဲနှင့် ပြည်ဖုံးကား ချလိုက်ရလေ၏။

အဖေ ဆုံးပြီးတော့ ထွေးကြည်တို့ လင်မယား လည်း ရန်ကုန်သို့ ပြောင်း သွားသည်။ မအေးသီသာ အမေနှင့်အတူ ဖယောင်းတိုင် စက်တွင် တစ်နေကုန် လုပ်ရ၊ အိမ်မှု ကိစ္စတွေ လုပ်ရနှင့် အချိန်ရှားပါး သလောက် မောင်ပိုကတော့ ဆယ်တန်း နှစ်ခါကျပြီး ဆန်ပွဲစား ယောင်ယောင်၊ ဘာယောင်ယောင် နှင့် တစ်မြို့နှင့်တစ်မြို့ ကူးချည်သန်းချည် လုပ်နေပြီး တစ်ခါတစ်ရံ အမေက သူ သုံးရန်အတွက်ပင် ပြန်ပေးနေ ရသေး၏။

အစ်ကို ကိုမောင်ဘို ဘွဲ့ ရခဲ့ပြီမို့ အမေ အားပေးခဲ့သလို မအေးသီ အားတက်မည်ကြံ ကာရှိသေး၊ အစ်ကို မောင်ဘိုက ဘွဲ့ရပြီးပြီးချင်း သူနှင့် တစ်ရုံးတည်းမှ ဘွဲ့ရ ပညာတတ် အမျိုးသမီးနှင့် လက် ထပ်လိုက် တော့သည်။ အမေက မုဆိုးမပေမဲ့ အထက်တန်း စာရေးကြီး ဖြစ်သည့် သား မျက်နှာမငယ်စေရန် အကြွေး တင်ခံ၍ မင်္ဂလာဆောင်ကို မျက်နှာပန်းလှစေ ခဲ့ပြီး ထိုမင်္ဂလာအကြွေး အတွက် မအေးသီတို့သား အမိသာ နဂိုထက်ပို ရုန်းခဲ့ ကြရ ပြန်၏။

အစ်ကို ကိုမောင်ဘို၏ မင်္ဂလာကြွေး ဆပ်ကောင်း နေတုန်း မောင်ပိုက ပုသိမ်မှ ဆန်စက ပိုင်ရှင်၏ တစ်ဦး တည်းသော သမီးကို ခိုးပြေးလေသည်။ အမေက မောင်ပို မိန်းမ အရှာတော် သည်ဟု ချီးမွမ်းပေမဲ့ မိန်းကလေးရှင် ဘက်က မောင်ပိုနှင့် သဘော မတူနိုင် သောကြောင့် မိန်းက လေးရှင်ဘက်က ကျေနပ်စေ လောက်သည့် မင်္ဂလာပွဲကို  ဆင်နွှဲရန် အိမ်ကို ပေါင်နှံကာ စီစဉ်ပေးခဲ့ရ တော့သည်။

လအနည်းငယ် အတွင်းမှာပင် ယောက္ခမ ဖြစ်သူ၏ ဆန်စက်ကို မောင်ပိုက ဦးစီး ရသည်အထိ အဆင် ပြေသွား တော့ “ဟဲ့ အေးသီ၊ ခု နင့် မောင် ကောင်းစားပြီတော့၊  အမေတို့ အိမ်ပေါင်ရတာ တန် သဟဲ့”ဟု အမေ ကျေနပ်ခဲ့ သလို မအေးသီလည်း ပျော် ခဲ့ရသည်။

မောင်ဘိုနှင့် မောင်ပိုတို့၏ အိမ်ထောင်တွေက အမေ မျှော်လင့်ခဲ့သလို ပြည့်စုံခဲ့ပေမဲ့ သားအမိ နှစ်ယောက်က တော့ အသက်ရှူမချောင် သည့်အပြင် လက်ရှိအိမ်ကို  ထိုးအပ်ကာ ပြန်အမ်းငွေ အချို့ ယူပြီး မြို့စွန် ကွက်သစ်ရှိ အိမ် ဟု ဘုရားစူး ခေါ်နိုင်သော တဲ သာသာပေါ်သို့ ပြောင်းခဲ့ရ တော့သည်။

ကံဆိုးမသွားရာ မိုး လိုက်လို့ ရွာလို့ မအေးသီ ငယ်ငယ်က ကြားဖူးခဲ့သော် လည်း သိပ်လေး လေးနက် နက် မရှိခဲ့ပေ။ ခုတော့ သူမ လက်တွေ့တွေ့ကာမှ ယုံလိုက် ရ၏။ အမေသည် အကောင်းသား အမွန်သား နေရင်း မူးလဲ ကာ မအေးသီ လက်ပေါ်မှာ ပဲ ဆုံးသွားသည်။ ရန်ကုန် ပြောင်းသွားသော ထွေးကြည်  ကို ဆက်သွယ်လို့ မရခဲ့ပေ။

အမေ ရှိသည့်အချိန်က သီတင်းကျွတ်မှ ကိတ်မုန့်တစ် လုံးစီနှင့် ရောက်လာတတ် သော မောင်ဘိုနှင့် မောင်ပိုတို့ က မအေးသီနေသော တဲသာသာ အိမ်ကိုရောင်းကာ အမွေ ခွဲယူခဲ့ကြသည်။ မအေးသီမှာ  အစ်ကို မောင်ဘိုအိမ်တွင်  လိုက်နေခဲ့ရသည်။ အစ်ကို မောင်ဘို တို့က ပြည့်စုံပေမဲ့ လည်း ယောက်မ ဖြစ်သူက စေးနှဲ သူဖြစ်သည်။ မအေးသီက အစ်ကိုအိမ်တွင် ထမင်း စားရုံကလွဲ၍ ကိုယ့်အသုံး စရိတ်ကိုယ်သုံးကာ အိမ်မှု ကိစ္စမှန်သမျှကို မလစ်ဟင်း အောင် လုပ်ကိုင်ပေး၏။ ဒါ ပေမဲ့ ၀င်ငွေရသော အလုပ်ကို မလုပ်နိုင် တော့သဖြင့် တဖြည်း ဖြည်းနှင့် သူမ ဝေစု ငွေလေး ကုန်သွားတော့သည်။

“ရုံးကိစ္စနဲ့ ပုသိမ်ကို သွားရမယ်၊ အေးသီ၊ နင် လည်း ကလေးတွေ ကျောင်း ပိတ်တုန်း မောင်ပိုတို့ဆီ စိတ် ပြေလက်ပျောက် လိုက်လည် ချင်လိုက်ခဲ့လေ”ဆိုပြီး ယောက်မက ပြောတော့ သူ့အိမ်လည်း သူမ တာဝန်ယူ ထားရတာ နည်းနည်းဖြင့် သက်သာသက်သာ၊ မတွေ့ရတာကြာသော မောင်ဖြစ်သူ နဲ့လည်း တွေ့ရ ဆိုပြီး ပုသိမ်ရှိ မောင်ပိုအိမ်ကို  လိုက်လာလိုက်တာ အဲဒီကတည်းက ခုချိန်ထိ အစ်ကိုတို့ မြောင်းမြကို ပြန် မရောက် တော့ပေ။

ထို့ကြောင့် ထွေးကြည် လင်ရစက မအေးသီမို့ အပြင် သွားရင် “ဘယ်သွားမှာလဲ၊ ဘယ်အချိန် ပြန်မှာ လဲ”စ သည့် မေးခွန်းတွေနှင့် စိတ်ဝင် တစား မေးခဲ့သည့် အစ်ကို ကိုမောင် ဘိုသည် မောင်ပိုတို့ အိမ်ကို  ရောက်နေတာ နှစ်ပေါက်နေ ပြီဖြစ်သော သူမကို “ဘယ် တော့ပြန်လာမှာလဲ”ဟု မမေး သောအဖြစ်ကို တွေးပြီး စိတ်မကောင်း ဖြစ်မိသေး သည်။

သည်လိုနှင့် အစ်ကိုက လည်း ပြန်မခေါ်၊ မောင်ပိုကို လည်း “နင့်အိမ်မှာပဲ ငါ နေမယ်လို့” ပြောရမှာလည်း မထွက်နှင့် အခက်တွေ့ နေစဉ်  မောင်ပိုမိန်းမက ကိုယ်ဝန်ရှိ ပြီး “ကျွန်မ မွေးဖွားပြီးမှ ပြန် ပါ။ အစ်ကိုတို့ အိမ်မှာ မမအေး ဘာအလုပ် ရှိလို့လဲ”ဆို သည့် စကားကြောင့် ရေငတ် သူ သောက်ရေ သန့်ဘူးကြီး တစ်ဘူး ရသကဲ့သို့ ထခုန်မိ မတတ် သူမ ၀မ်းသာခဲ့ရ၏။

မအေးသီ မောင်ပိုတို့ အိမ်သို့ ရောက်လာခဲ့တာ မောင်ပိုတို့ သမီးဦး လေးမမွေး ခင်ကတည်း က ဖြစ်သည်။ မောင်ပို မိန်းမ ဖြစ်သူမှာ တွန့်တွန့်တိုတို မရှိပေမဲ့ မအေးသီကို လင်ဖြစ်သူ၏ အိမ်တော်ပါ ကျွန်ကဲ့သို့ နံနက်လင်း ကတည်းက ဒိုးဆက်အောင် ခိုင်းတတ်သည်။ အလုပ် အကိုင်တော်သူ မအေးသီပင် ဟီးချယူရ၏။ ဒါပေမဲ့ မအေးသီမှာ အစ်ကို ကလည်း ပြန်မခေါ်တဲ့ အတူတူ မောင်ဖြစ်သူ အိမ်မှာ ၀၀လင်လင်စား ပြီး အလုပ်နှင့် လက်နှင့်မပြတ် ခိုင်းခံရ တာကို ပင် ကျေးဇူး တင်နေရမည့် ဘ၀ဖြစ်နေ၏။

တစ်ခါတစ်ရံလည်း ထွေးကြည်လို ဖြစ်ချင်ရာဖြစ် ငယ်တုန်းက လင်တစ်ယောက် ကောက်ယူ လိုက်ရ ကောင်း သားဟု စိတ်ပေါက်ပေါက်နှင့် မအေးသီ တွေးမိပြန်တော့ ကိုခင်ဆင့် မျက်နှာက သူမ မျက်စိထဲတွင် ပေါ်လာသည်။ ဒါပေမဲ့ ကိုခင်ဆင့်က အိမ် ထောင် ကျပြီး ကလေး သုံး ယောက်အဖေဖြစ်ကာ ဆံပင် ဖြူနေရှာပြီ။

မောင်ပိုတို့အိမ်တွင် ယောက်မလုပ်သူ ခိုင်းဖတ် ဘ၀ဖြင့် အတူနေ လာတာ မောင်ပိုသမီး အကြီးမပင် နှစ် တန်းကျောင်း သူဖြစ်ပြီး အငယ် ကောင်လေးပင် ကျောင်းအပ် တော့မည့် အရွယ်သို့ ရောက်လာခဲ့သလို၊ မအေးသီသည် လည်း ဒေါ်အေးသီ အခေါ်ခံရ သည့် အရွယ်သို့ရောက်လာ ခဲ့ပြီ။

တစ်နေ့တော့ အ၀တ် လျှော်ရင်း အုတ်ကန်မှာ ချော် လဲသောကြောင့် လက်ကျိုးရာ ကျောက်ပတ်တီး ကိုင်ရတော့ သည်။ သို့သော် ကျောက်ပတ်တီး ဖြေပြီး လအတော် ကြာသည်အထိ လက်က ကျဉ်ကာ ဘာကိုင်ကိုင်မမြဲ၊ မခံမရပ်နိုင်အောင် ကိုက်ခဲ သည်မို့ ရန်ကုန်တက် ကုရာမှ  မထင်မှတ်ဘဲ ထွေးကြည်နှင့် ပြန်ဆက်သွယ် မိခဲ့သည်။ ငယ်ငယ်က မိုက်တွင်းနက် လှချည့်ဟု ဒေါ်အေးသီ ထင် ခဲ့သော ထွေးကြည်က သူမ အပေါ်တွင် ၀မ်းပန်းတသာရှိ ခဲ့ပြီး အစ်ကိုနှင့် မောင်လုပ် သူတို့ကတော့ ဒေါ်အေးသီကို ဖုန်းဖြင့်တောင် သတင်း မမေး တော့ပြီ။

အဲသည်လို အူလည် လည်နှင့် ဒေါ်အေးသီ ညီမ အိမ်ပေါ်သို့ ရောက်လာခဲ့ရ ခြင်း ဖြစ်တော့သည်။ ခုတော့ အသက်ကလေး အထောက် မှာ ကံအကြွင်းကြောင့် ကိုယ် တစ်ခြမ်း လေဖြန်း သွားခဲ့ပြန် သည်။ သူမ သန်တုန်းမြန်တုန်း အသုံးတည့် တုန်းကတောင် လိုလိုချင်ချင် မရှိ ကြသူတွေက ခုလိုအိုနာ ကျိုးကန်းဘ၀ ရောက်တော့ အသံ ပျောက်ကုန်၏။ ခုတော့ ထွေးကြည် တို့မိသားစု သည်သာ သူမအတွက် အားကိုးရာဖြစ် တော့သည်။

သို့သော် ထွေးကြည်တို့ မိသားစုမှာ နေ့စဉ်လူခွဲမရှိဘဲ ဒေါ်အေးသီကို လရှည်ကြီး ပြုစုရသဖြင့် စိတ်ပန်းလူပန်း နှင့် တစ်ခါတစ်ရံ စိတ်မရှည် ဖြစ်လာကြသည်မှာလည်း မဆန်းပေ။ သူမကလည်း လေဖြတ်သူတို့ ထုံးစံအတိုင်း ပြောချင်သည့် စကားများက  လိုရာမရောက်၊ ပါးစပ်က ထွက်ချင်ရာ ထွက်တတ်ပြီး နှုတ်ဆွံ ကိုယ်လေးကာ မှတ်ဉာဏ်များ ကလည်း ချို့တဲ့ သွားလေပြီ။

လပေါင်းများစွာ အိပ်ရာဖျာ ကပ်ဖြစ်သူ ဒေါ်အေးသီမှာ သူတစ်ပါး အကူအညီ မပါဘဲ လုပ်နိုင်တာ ဆို၍ တွေးချင် ရာ တွေးနိုင်တာတစ် ခုသာရှိ၏။ ထို့ကြောင့် သူမ ၏ အချိန်အတော် များများကို တွေးတောရင်း ဖြင့်သာ ကုန် ဆုံးရသည်။
ခုလည်း တပေါင်း လဆန်းလို ပူအိုက်သည့် အချိန် တွင် တူမဖြစ်သူ မူမူက ဒေါ်အေးသီ ဆိုလိုသည်ကို သဘောပေါက်လွဲပြီး စောင်ခြုံကာ တံခါးပါပိတ်ပေး လိုက်သဖြင့် အလင်းရောင် နည်းပြီး လေ၀င်လေထွက် မကောင်းသည့် အိမ်ဘေးအဖီ လေးထဲတွင် တိတ်ဆိတ်စွာ လဲလျောင်းလျက် သူမ၏ အတိတ်ကို တွေးနေမိခြင်း ဖြစ်သည်။

ခရီးလွန်ပြီး အဝေး ရောက်နေသော သူမစိတ်တွေ ကို ချွေးတွေနင့်ကာ အာ ခေါင်တွေ ခြောက်လာခြင်း က အနီးသို့ ပြန်ခေါ် သလိုဖြစ်  သွားတော့မှ ရေဆာခြင်း၊ ဗိုက်ဆာခြင်းကို တစ်ဖန် သတိရသွားပြန်သည်။ သူမ နားစွင့်လိုက်တော့ ခေါင်းရင်းအိမ်မှ စက်နင်းသံနှင့် စကား ပြောနေသံကို ကြားနေရသ ဖြင့် ရှိသမျှအား ကုန်သုံးပြီး  “ရေဆာတယ်၊ ဗိုက်ဆာ တယ်”ဟု ခပ်ကျယ်ကျယ် အော်ပစ်လိုက်သည်။သူမ၏ အော်သံကြောင့်  ခေါင်းရင်း အိမ်မှ စက်နင်းသံ ပြတ်သွားပြီး အမျိုး သမီး နှစ်ယောက်၏ စကားပြောသံကို  ဒေါ်အေးသီ အတိုင်းသား ကြားလိုက်ရ၏။“ခြေရင်းအိမ်က အဘွားကြီးအသံ မဟုတ် လား။ မူမူ သွားတာမှ နာရီဝက် မကြာသေးဘူး။ အော်သံ ကြားရပြီ”

“ခုန မူမူပြောတော့ ကျွေးမွေးပြီးလို့ အိပ်ချင်တယ် ဆိုလို့ ခုတင်ပေါ် ပြန်တင်ပေး ခဲ့တယ်တဲ့၊ အိပ်ပျော်ပြီး ယောင်နေ သလားမှ မသိ တာ၊ အဘွားကြီးက မှတ်ဉာဏ်တွေ ချို့ယွင်းပြီး ပါးစပ်က အော်ချင်ရာအော် တာ။ တော်သေးတယ်၊ တချို့ဆို စကားတောင် မပြော တတ်တော့ဘူးတဲ့”
“ဒါလည်း ၀ဋ်ပဲနော်၊ ကြောက်စရာ ကောင်းလိုက် တာ”

“ကဲ ကြောက်စရာ ကောင်းတာ နောက်ထား၊ အ၀တ်တွေ ရုပ်လိုက်ဦး။ နေအရမ်းပူတော့ အ၀တ်တွေ အရောင်လွင့်တယ်”
စကားသံတွေ ပြတ် သွားပြီး စက်နင်းသံကို ဒေါ်အေးသီ ကြားရပြန် သည်။ ဒေါ်အေးသီ၏ ၀မ်း ထဲက လှပ်ခနဲ၊ လှပ်ခနဲနှင့် အာခေါင်တွေကလည်း ခြောက်လာပြီ။ သူမ လဲလျောင်းရာ အဖီလေးထဲကို သူမ၏ တစ်ဖက်မှေး တစ်ဖက်ပြဲ မျက်လုံးနှင့် ဝေ့ကြည့်မိတော့ မိုးမှောင်ကျနေသည့် အလား ဘာကိုမှ သဲသဲကွဲ မမြင်ရပေ။ သို့သော် သူမမကြည့် နိုင်သည့် အိမ်အဖီ လေး၏ အပြင်ဘက်မှာတော့ နွေနေ့လယ် ခင်း၏ တောက်ပ သော နေရောင်ကြောင့် လင်းလင်း ကျင်းကျင်း ရှိနေဆဲ။


ကျူရီ
(ရွှေအမြုတေ မဂ္ဂဇင်း ဧပြီလ ၂၀၁၃)

Monday, April 1, 2013

ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ



ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမားများကြား HIV ကူးစက်ခံရမှုနှုန်း တိုးလာကြောင်း လူမှုရေးနှင့် ကျန်းမာရေး ဆိုင်ရာ ၀န်ဆောင်မှုများပေးနေသည့် မဲဆောက်မြို့ အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ (NGO) ထံမှ သတင်းရရှိသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ ရွှေ့ပြောင်း အလုပ်သမားများ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် လူမှုရေးနှင့် ကျန်းမာရေး ဖွံ့ဖြိုးတိုးတက်ရေး အသင်း (SHDA) ၏ လေ့လာထားချက်အရ ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပိုမို တိုးလာကြောင်း သိရသည်။
SHDA မှ ဒါရိုက်တာ ဦးရာဇာက “အရင်နှစ်တွေက ဆိုရင် မယ်တော်ဆေးခန်းမှာ သွေးစစ်တာနဲ့ ကျနော်တို့ဆီကို ရောက်လာတဲ့ လူဦး ရေက တနှစ်မှာ အသစ်၂၀၀ တွေ့ခဲ့တယ်။ အခုနောက်ပိုင်း တနှစ်ကို လူနာအသစ် ၃၅၀ လောက်ထိ တိုးလာတယ်”ဟု ပြော သည်။

နယ်စပ်နှင့် ပြည်တွင်းမှ လူနာများအား အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် မယ်တော်ဆေးခန်းမှ ဒုတိယညွှန်ကြား ရေး မှူး ဒေါက်တာအဲ့သ၀ါ က “HIV ဖြစ်နှုန်းက တိုးလာတယ်။ ဒါပေမယ့် တချို့ ပြောင်းရွှေ့ လုပ်သားတချို့က ကျန်းမာရေး အာမခံမရှိတော့ ဆေးဝါးမရဘူး။ ARV မရပေမယ့် သူတို့အတွက် အိမ်တိုင်ရာရောက် စောင့်ရှောက်မှုပေးတာတွေတော့ လုပ်တယ်” ဟု ပြော သည်။

မယ်တော်ဆေးခန်း၏ ကျန်းမာရေး စောင့်ရှောက်မှုကို ရယူသည့် HIV ပိုး ကူးစက် ခံထားရသူပေါင်း ၁၀၀ ကျော်ရှိပြီး အများစုမှာ အမျိုးသမီးများဖြစ်ကာ ၎င်းတို့ အနက် သုံးပုံ ၁ ပုံသာ ထိုင်းအစိုးရ ကျန်းမာရေး ဌာန၏ ဆေးဝါး ကုသမှုကို ရရှိကြောင်း ဒေါက်တာ အဲ့သ၀ါ က ပြောသည်။

သို့သော် ရွှေ့ပြောင်း အလုပ်သမားများသည် စားဝတ်နေရေး အဆင်ပြေနိုင်မည့် နေရာဒေသများသို့ ရွှေ့ပြောင်းနေရခြင်းများ ရှိရာ တချို့ ရပ်ကွက်များတွင် ကူးစက်ခံရမှုနှုန်း လျော့ကျသည်များလည်း ရှိကြောင်း HIV/AIDS ကူးစက်မှု ကာကွယ်တားဆီးရေး အသိပညာပေး လုပ်ငန်းများ အဓိက လုပ်ကိုင်နေသည့် မဲဆောက် အခြေစိုက် World Vision မှ တာဝန်ရှိသူ တဦးက ပြောသည်။
“ကျနော်တို့ တာဝန်ယူရတဲ့ ရပ်ကွက်တွေမှာ ပြောင်းရွှေ့မှုနှုန်း အရမ်းများတော့ အသိပညာပေး လုပ်ငန်းတွေလုပ်ရတာ သိပ် မထိ ရောက်သလို ဖြစ်တယ်။ သေသွားတာတွေ၊ ပြောင်းရွှေ့သွားတာတွေကြောင့် တချို့ရပ်ကွက်တွေမှာ လျော့တယ်”ဟု World Vision မှ ဦးနေဦး က ပြောသည်။

SHDA မှ ဒါရိုက်တာ ဦးရာဇာ ကလည်း ARV ကုထုံးလိုအပ်နေသည့် HIV Positive များအတွက် ဆေးဝါးရရှိမှု အခြေအနေ အခက် အခဲများရှိပြီး အကူညီပေးမှုများ လိုအပ်ကြောင်း ပြောသည်။

“ARV လွယ်လွယ်ကူကူ ရဖို့အတွက်က အလုပ်သမား တော်တော်များများမှာ တရားဝင် လက်မှတ် အထောက်အထား မရှိကြဘူး။ ကျနော်တို့အဖွဲ့က စောင့်ရှောက်ထားတဲ့ လူတွေ အတွက်တော့ အလှူရှင် တယောက်က ၀ယ်တိုက်နေပါတယ်” ဟု ဦးရာဇာက ဆက်ပြောသည်။

ထို့အပြင် မဲဆောက်မြို့ရှိ NGO များနှင့်ဆက်သွယ်ကာ ဆေးဝါးကုသနေသူများ အတွက် မယ်တော် ဆေးခန်းနှင့် မဲဆောက် ဆေးရုံ ကြီးတို့မှ ARV ရရှိသော်လည်း အကန့်အသတ်ရှိကြောင်း Social Action for Woman (SAW) အဖွဲ့မှ သိရသည်။
SAW မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးမင်းမင်းက “ARV ရဖို့အတွက်က အကန့်အသတ် တွေရှိပါတယ်။ ဘယ်ကမှ မရဘူးဆိုရင် ၀ယ်တိုက်ရတာ များတယ်။ လူနာတယောက်ကို ARV ဆေးဝါးဖိုး ကုန်ကျစရိတ်က ၁ လမှာ ဘတ် ၃,၀၀၀ ကနေ ၄,၅၀၀ ကြားမှာ ရှိပါတယ်” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ရွှေ့ပြောင်း လုပ်သားများအကြား HIV ကျန်းမာရေး ၀န်ဆောင်မှုများ ပေးနေသည့် လူမှု အဖွဲ့အစည်းများမှာ မယ်တော်ဆေးခန်း၊ SAW၊ MAP ဖောင်ဒေးရှင်း၊ World Vision နှင့် SHDA တို့ဖြစ်ကြောင်း သိရသည်။
မဲဆောက် ဒေသ၌ လာရောက် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၂ သိန်း ခန့် ရှိကြောင်း အလုပ်သမားအရေး ဆောင်ရွက် နေသူများက ခန့်မှန်း ပြောဆိုကြသည်။
မြတ်စုမွန်
News Colloction - ထိုင်းရောက် မြန်မာ အလုပ်သမားများကြား HIV ကူးစက်နှုန်း တိုးလာ

သွားနှင့် ခံတွင်း ကုသမှု ခံယူသူ ၇,၀၀၀ ကျော်အား HIV ပိုးစစ်ရန် တိုက်တွန်းထား

ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် သွေးမှ တစ်ဆင့် HIV ပိုး ကူးစက်နိုင်သည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ် ခဲ့ကြသည်။
အမေရိကန်နိုင်ငံတွင် ကျန်းမာရေး အာဏာပိုင်များက အိုကလာဟိုးမားရှိ သွားနှင့်ခံတွင်း ဆရာဝန် တစ်ဦး၏ လူနာများအား HIV ရောဂါပိုး စစ်ဆေးမှု ပြုလုပ်ရန် တိုက်တွန်းလျှက် ရှိသည်။ ဆရာဝန် အသုံးပြုသော ပစ္စည်းများ၏ ပိုးသတ်မှု အခြေအနေနှင့် အခြားသော စံနှုန်းမမီသည့် ဂွမ်းဖတ်များကို အသုံးပြုနေကြောင်း စစ်ဆေး တွေ့ရှိသည့်နောက် သွေးမှ တစ်ဆင့် HIV ပိုး ကူးစက်နိုင်သည့် အခြေအနေကို တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။ ထို့ကြောင့်လည်း အဆိုပါ ဆရာဝန်၏ လူနာ (၇၀၀၀) ကျော်တို့အား HIV ပိုး ကူးစက်မှု ရှိမရှိ စစ်ဆေးပါရန် တိုက်တွန်းထားခြင်း ဖြစ်သည်။

ဒေါက်တာ စကော့ ဟာရင်တန်မှာ ယခုအခါ ပြဿနာများနှင့် ကြုံနေရပြီ ဖြစ်သည်။ စစ်ဆေးမှုများအရ ဒေါက်တာ ဟာရင်တန်၏ လက်ထောက်များသည်လည်း သန့်ရှင်းမှု မရှိသည့် ကိရိယာ တန်ဆာပလာများကို အသုံးပြုနေကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။ ထို့ကြောင့် HIV အပြင် အသည်းရောင် အသားဝါ B ပိုးနှင့် C ပိုး ကူးစက်မှုများ အတွက်ပါ စိုးရိမ်စရာ ဖြစ်လာသည်။ ထိုဖြစ်စဉ်များ ပေါ်ပေါက် ခဲ့သည့် နောက် ပိုင်းတွင် ဒေါက်တာ ဟာရင်တန်သည် ၎င်း၏ ဆေးကုလိုင်စင်ကို အသာတကြည် အပ်နှံခဲ့သလို တူလ်ဆာနှင့် အိုဝက်ဆိုတို့ရှိ ၎င်း၏ ဆေးခန်းကိုလည်း ပိတ်ခဲ့ရသည်။

တာဝန် ရှိသူများက ယခုစစ်ဆေးမှုတွင် ဒေါက်တာ ဟာရင်တန် ပူးပေါင်း ပါဝင်ခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။ ၎င်းသည် ဆေးကုသမှု လိုင်စင် ထာဝရ ပိတ်သိမ်းခံရဖွယ် ရှိနေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကြားနာမေးမြန်းမှုကို ဧပြီလ (၁၉) ရက်နေ့တွင် တွေ့ကြုံရမည် ဖြစ်သည်။ အိုကလာဟိုးမား သွားဘက်ဆိုင်ရာ ဆရာဝန်များ ဘုတ်အဖွဲ့သည် ဟာရင်တန်၏ ရုံးခန်းများတွင် ပိုးမွှားကင်းစင်မှု စိတ်မချရသည့် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့သလို ယင်းသည် ကူးစက်ရောဂါများ ပျံ့ပွားရန် လုံလောက်သည့် အနေအထားမျိုး ရှိနေကြောင်း အတည်ပြုထားသည်။

Source: US News
Planet Myanmar Network - သွားနှင့် ခံတွင်း ကုသမှု ခံယူသူ ၇,၀၀၀ ကျော်အား HIV ပိုးစစ်ရန် တိုက်တွန်းထား