Saturday, February 28, 2026

❝ ရွှေမင်းသား ❞

 ❝ ရွှေမင်းသား ❞



ဆက်တီခုံ ပေါ်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်း ( ယခု အသက် ၄၄ နှစ် ) ရဲ့ ပုံစံက ရုပ်သေးရုပ် တစ်ရုပ်ကို ခုံပေါ် တင်ထားသလို ပြေလျော့နေတယ် ။ ဦးမြတ်သူဝင်း နဲ့ စကားစမြည် ပြောဖို့ သူ့ရုံးခန်းကို ကျွန်တော် သွားတာပါ ။ ဦးမြတ်သူဝင်း က မသန်စွမ်းသူတွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ် ။


သူကလည်း ကျွန်တော် လာမယ် ၊ သူ့ ဘဝနဲ့ သူ့ ဆောင်ရွက်မှုတွေ မေးမယ်ဆိုတာ သိပြီးသားပါ ။ ကျွန်တော်က ဦးမြတ်သူဝင်း မွေးဖွားရာ ဒေသနဲ့ မိဘတွေ အကြောင်းကို စမေးတယ် ။ 


“ ကျွန်တော့် မိဘများက အဖေက ဦးတင်မောင်ဝင်း ၊ ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူး အငြိမ်းစား ၊ ကျွန်တော့် အမေက ဒေါက်တာဒေါ်သန်းဌေး ၊ ပြည်မြို့ ဆေးရုံကြီးက ဆေးရုံအုပ်ကြီး ”


“ ကျွန်တော်တို့ မောင်နှမ သုံးယောက် ရှိပါတယ် ။ အစ်မ ကလည်း ဆရာဝန်ပါ ၊ ခုတော့ ဘရူနိုင်း မှာ ။ ညီလေး ကလည်း ဆရာဝန် ၊ နယူးဂျာစီ အမေရိကား ရောက်နေတယ် ”


“ ဦးမြတ်သူဝင်း မသန်စွမ်းတာက မွေးရာပါလား ”


“ ဟုတ်တယ်ဆရာ ။ ကျွန်တော့် ရောဂါက မြန်မာလိုတော့ သူငယ်နာအကြောတင်းပေါ့ ။ ကျွန်တော်က ဦးနှောက်ကို ထိတာ ။ ကျွန်တော့်ကို မွေးတဲ့အချိန်မှာ ဗိုက်ခွဲ မွေးတာတွေ ဘာတွေ ခေတ်မစားသေးဘူး ။ ညှပ်ဆွဲမွေးတာ ။ ညှပ်ဆွဲမွေးတော့ ရေမွန်းသွားတယ် ။ ဦးနှောက်ကို ထိတယ်ပေါ့ ။ ဒါပေမဲ့ ကျွန်တော်က ကံကောင်းပါတယ် ။ ကျွန်တော်တို့လို ကလေးတွေက ဦးနှောက်ကို ထိရင် ဉာဏ်ရည် ထိခိုက်တတ်တယ် ”


ဆက်တီခုံ ပေါ်မှာ ရုပ်ခန္ဓာက အားမရှိသလို ပြေလျော့နေပေမဲ့ သူဟာ စွမ်းရည်ထက်မြက်တဲ့သူ ဖြစ်ကြောင်း သူ့ လုပ်ရပ်တွေက သက်သေပြနေတယ် ။ ဦးမြတ်သူဝင်း ဟာ ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများကုမ္ပဏီလီမိတက်ရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်ပါတယ် ။ လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ ကတော့ ရွှေမင်းသား အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ရွှေမင်းသား ကြော်ငြာလုပ်ငန်း ၊ ရွှေမင်းသားပုံနှိပ် လုပ်ငန်း ၊ ရွှေမင်းသား ကားလုပ်ငန်းတွေ ဖြစ်တယ် ။


“ ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှုကို ဘယ်အချိန်မှာ စကြုံရသလဲ ” 


ဒီမေးခွန်းကို မေးဖို့ အားနာစရာ ကောင်းပေမဲ့ ကျွန်တော် မေးလိုက်တယ် ။ ဦးမြတ်သူဝင်းရဲ့ တုံ့ပြန်ပုံက သိပ်ကောင်းတယ် ။


“ အရမ်းကောင်းတဲ့ မေးခွန်းပါ ”


ဦးမြတ်သူဝင်းက စကား ခဏရပ်တယ် ။ သူ့ နံဘေးမှာ ထိုင်နေတဲ့ ဝန်ထမ်းအမျိုးသမီး တစ်ယောက်က သူ့ပါးစပ်က သွားရည်အချို့ကို တစ်ရှူးစက္ကူနဲ့ သုတ်ပေးတယ် ။


“ ကျွန်တော့် အကြောင်း ပြောရင် အမေနဲ့ အဖေ အကြောင်းက ဆယ်ခွန်းမှာ ကိုးခွန်းပါတယ် ။ ကျွန်တော်တို့ အနေနဲ့ နယ်မြို့မှာ ဆိုတော့  ၊ ဆရာဝန်သားသမီး အရာရှိသားသမီး ဆိုတော့ ဘာပဲပြောပြော ဦးစားပေးခံရတဲ့ အနေအထားမှာ ရှိပါတယ် ။ အမေက ဘာပြောသလဲ ဆိုတော့ ကျွန်တော့်ကို မွေးလာတဲ့ အချိန်က စပြီး ပိုက်ဆံသုံးရာ ( ကျပ် ၃ဝဝ ) ရှိရင် တစ်ရာ ( ကျပ် ၁ဝဝ ) ကို အိမ်မှာ ငွေသား အတိုင်းစုတယ် ၊ နောက်တစ်ရာကို ရွှေဝယ်တယ် ။ နောက်တစ်ရာကို Saving certificate ( ငွေစုလက်မှတ် ) ဆိုပြီး စုတာ ။ ကျပ် ၁ဝဝ စုတာ ၁၂ နှစ်ကြာရင် ၃၄၆ ကျပ် ဖြစ်မယ်ဆိုပြီး စုတာ ။ အမေက အရမ်း အမြော်အမြင် ရှိတယ် ” 


ကျွန်တော့် အတွေးထဲမှာ ငွေစုလက်မှတ် တန်ဖိုးနဲ့ အင်ဖလေးရှင်းကို ချိန်ဆကြည့်နေမိတယ် ။


“ အမေက ပြောဖူးတယ် ။ ဘဏ်ထဲ အပ်ထားတဲ့ ပိုက်ဆံက Saving certificate နဲ့ ရွှေနဲ့ ကွာဟချက် များလာတယ် ။ ချက်ချင်းပဲ saving certificate တွေ ထုတ်ရောင်းပြီး ကျွန်တော့် အတွက် ရွှေဝယ်စုတယ်တဲ့ လက်တွေ့ကျတာပေါ့ ”


“ အဖေကတော့ အမျိုးသား ဖြစ်တော့ ပိုက်ဆံ ရှာမယ်ပေါ့ ။ ငါ့သား တစ်သက်စာ ပုံပေးခဲ့မယ် ဆိုတဲ့ အတွေးနဲ့ ကြိုးစားတယ် ။ အဖေနဲ့ အမေက ကျွန်တော့်အပေါ်မှာ ချဉ်းကပ်တဲ့ point of view ( ရှုထောင့် ) က မတူဘူး ။ အဖေ့ နည်းလမ်းက တစ်မျိုး ၊ အမေ့နည်းလမ်းက တစ်မျိုး ”


ကျွန်တော် မေးတဲ့ မေးခွန်းက ကိုယ်က သူများနဲ့ မတူဘူးဆိုတဲ့ ခံစားမှု အကြောင်း ။ ဦးမြတ်သူဝင်းရဲ့ အဖြေက မေးခွန်းနဲ့ တိုက်ရိုက် မဆိုင်ပေမဲ့ စိတ်ဝင်စားစရာ ကောင်းလို့ ကျွန်တော် ငြိမ်ပြီး နားထောင်နေတယ် ။


“ အမေက နှစ်လမ်းပြိုင်ပေါ့ ။ အဖေရှာဖွေတဲ့ ဥစ္စာဓန ကိုလည်း စုတယ် ။ နောက်တစ်ဖက်ကတော့ လူကြားထဲမှာ ကျွန်တော် နေတတ်ထိုင်တတ်ဖို့ ။ ဥပမာ ဆရာ ကျွန်တော့်ဆီ လာလည်တယ် ၊ လာလည်တဲ့အခါ ငါဆရာကြီးကွ ဆိုပြီး လာရင် ကျွန်တော် အနေအထိုင် ကျပ်တယ်ပေါ့ ။ တစ်ခါ အရမ်းကြီး အောက်ကျို့ပြီး လာလည်ပြန်ရင်လည်း အနေအထိုင် ကျပ်တယ် ”


ကျွန်တော့် အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ခပ်မြန်မြန် သုံးသပ် ကြည့်လိုက်တယ် ။ ဘယ်ပုံစံလဲ ။


“ ဆရာနဲ့ ကျွန်တော် ခုမှ first time ( ပထမဆုံး ) တွေ့ဖူးတယ် ။ ဒါပေမဲ့ ဆရာ့အပေါ် friendly ( မိတ်ဆွေပီသစွာ ) ရင်းနှီးမှု ရှိသွားပြီ ။ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် နေတတ်ထိုင်တတ် သွားရင် လောကကြီးက နေလို့ ထိုင်လို့ သိပ်ကောင်းတာ ။ ကျွန်တော့် အမေက နေတတ်ထိုင်တတ်အောင် သင်ပေးရမယ်လို့ အမြဲပြောတယ် ”


“ ကျွန်တော် လေးတန်း ဖြေတဲ့ အချိန်မှာ သင်္ချာရည်ချွန် စာမေးပွဲဆိုတာ ရှိတယ် ” 


“ ပြည် မှာပဲလား ”


“ ပြည် မှာပဲ ။ သင်္ချာရည်ချွန် စာမေးပွဲမှာ ကျွန်တော် သင်္ချာရည်ချွန် ရတယ် ခင်ဗျ ။ အဲဒီမှာ ကျွန်တော် မသန်စွမ်းတာကို ဘယ်လို စသိသလဲဆိုတဲ့ မေးခွန်းကို ဖြေဖို့ ကြုံလာပြီ ” 


ဆက်တီခုံမှာ လျော့ရိလျော့ရဲ ထိုင်နေတဲ့ ကျွန်တော်ဟာ ခါး ပြန်မတ်သွားတယ် ။ သူ့စကားကို နားစိုက်ထောင်မိတယ် ။


“ ကျွန်တော်တို့ ပြည်မှာ နွေရာသီ ဆိုရင် တစ်တန်းစာ စာကြိုကြိုသင်တယ် ။ ဥပမာ ငါးတန်း တက်မယ်ဆိုရင် လေးတန်း အောင်တဲ့အချိန် ငါးတန်းစာကို ကြိုသင်တယ် ။ ကျွန်တော်တို့ ပြည်မြို့က ပညာရေး အလေးထားတဲ့ မြို့ပါ ။ အဲဒီမြို့မှာ လူ ဖြစ်ရတယ် ဆိုတော့ ကံကောင်းပါတယ် ။


“ ငါးတန်းစာ သင်တော့မယ် ဆိုတဲ့ အချိန်မှာ ကျွန်တော့်ကို စာသင်မဲ့ ဆရာမလေး လာတယ် ။ ကျွန်တော့် အမေက ဘာပြောသလဲ ဆိုတော့ ငါ့သားဟာ တကယ်လို့ ကွန်ပတ်စ်သာ မကိုင်နိုင်ရင် ကျွန်တော်သည် ပညာရေးကို ရပ်လိုက်ရတော့မဲ့ သဘောရှိတယ် ။ ပညာရေးသာ ရပ်လိုက်ရရင် သူ ဘယ်လောက်စိတ် ထိခိုက်မှာလဲလို့ အမေ့မှာ အတွေးရှိတယ်တဲ့ ”


ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဦးမြတ်သူဝင်းရဲ့ လက်ချောင်းကလေးတွေရှိရာ ကျွန်တော့် မျက်စိက ရောက်သွားတယ် ။ လက်ချောင်းတွေက ပီပီပြင်ပြင် သန်သန်မာမာ မဟုတ်ဘူး ။ ငှက်ပျောပင်က ညှိုးရော်တဲ့ ငှက်ပျောသီး နုတွေလိုပဲ ပိန်လိမ်နေတယ် ။


“ ကျုရှင်ဆရာမလေး ကျွန်တော့်ကို စာသင်ပေးဖို့ လာတဲ့ အချိန်မှာ ကျွန်တော့် အဖေက ကွန်ပတ်စ်ဘူးတွေ ၊ ပေတံတွေ ၊ ခဲတံတွေ ၊ စာအုပ်တွေ ဝယ်လာတာပေါ့ ။ အမေက လိုက်ကာ ကြားထဲကနေ ကျွန်တော့်ကို ချောင်းကြည့်နေတယ် ။ သူ ချောင်းကြည့်နေခဲ့တဲ့ အကြောင်း အမေက ဒိုင်ယာရီ ရေးထားတယ် ။ အမေ့မှာ ဒိုင်ယာရီ ရေးတဲ့ အလေ့ရှိတယ် ။ အဲဒီနေ့က ရေးတဲ့ ဒိုင်ယာရီ စာအုပ်လေးကို ကျွန်တော် အသက်ကြီးလာတော့ အမေက ပြန်ပြတယ် ”


“ ဘယ်လို ရေးသလဲ ဆိုတော့ အဖေ့ကို တိုင်တည်ပြီး ရေးထားတာ ။ 


      မောင် ၊ ညိုတော့ အရမ်းစိတ်လှုပ်ရှားနေတယ် ။ အကယ်၍ သားက ကွန်ပတ်စ် မကိုင်နိုင်ခဲ့သည် ရှိသော် ညိုတို့ ဘာဆက်လုပ်မလဲ ။ မောင်ကတော့ မသိဘူး ။ ပျော်ပျော်ရွှင်ရွှင်ပဲ ။ သားဘယ်ကွန်ပတ်စ်ဘူး ကြိုက်သလဲ ၊ မကြိုက်တာ ညီလေးကို ပေးလိုက် ၊ သားက ကြိုက်တာယူ ။ ဆရာမ ကော်ဖီ သောက်ပါဦး ။ သူကတော့ ပူပင်သောကတွေ မသိဘူး ။ အဲဒီအချိန်မှာ အဖေက အမေ့ကို လှမ်းခေါ်တယ် ။ ညို အပြင်ထွက်ခဲ့ဦးလေ ။ ကျွန်တော့် အမေက အလုပ် မပြီးသေးလို့ ဆိုပြီး အပြင် ထွက်မလာဘူးတဲ့ ။


အဲဒီအချိန်ကို အမေက အသေးစိတ် ရေးထားတယ် ”


“ သားကွန်ပတ်စ်ဘူးကို ဖွင့်လိုက်ပြီ ။ ကွန်ပတ်စ်မှာ နှစ်ဖက်ချွန်နဲ့ တစ်ဖက် ချွန် ခဲတံညှပ်တဲ့ဟာ ရှိတယ် ။ ကျွန်တော်က တစ်ဖက်ချွန် ကွန်ပတ်စ်ကို ကိုင်လိုက်တယ် ။ ခဲတံညှပ်တယ် ။ ကိုင်ပြီး ခဲတံညှပ်တဲ့အထိ အမေ စိတ်လှုပ်ရှားတုန်းပဲ ။ ဆရာမက တြိဂံပုံ ဆွဲခိုင်းတာကို သားက ကွန်ပတ်စ်နဲ့ ထောက်ဆွဲလိုက်တာ မြင်ရတော့ အမေ ပျော်လွန်းလို့ အပြင်ကို ပြေးထွက်လာတယ်တဲ့ ”


“ စက်ဝိုင်း ဆွဲတာလား ၊ တြိဂံဆွဲခိုင်းတာလား ”


“ တြိဂံ ။ နှစ်လက်မ ရှိတဲ့ အနားနဲ့ တြိဂံ ဆွဲရမယ် ဆိုရင် ပေတံမှာ နှစ်လက်မကို ကွန်ပတ်စ်နဲ့ ထောက်ပြီး တိုင်းဆွဲတာ ”


“ အမေက ငိုပြီး ပြေးထွက်လာတော့ အဖေက ညို ဘာဖြစ်လို့လဲ ။ ခိုက်မိလို့လား မေးတယ် ။ အမေက စိတ်လှုပ်ရှားလွန်းလို့ပါတဲ့ ”


ဦးမြတ်သူဝင်း က ပြောရင်း ချောင်းတွေ ဆိုးပါတယ် ။ ဝန်ထမ်း အမျိုးသမီးတစ်ယောက်က ရေတစ်ဖန်ခွက် ယူလာပြီး သူ့ကို တိုက်တယ် ။


“ အမေက စိတ်ပူပန်မှု ရှိတယ်ပေါ့ ။ ဒါပေမဲ့ မှန်ကန်သော နည်းလမ်းအားဖြင့် ချဉ်းကပ်မှု ရှိတယ် ။ အမေက ငါ့များ အထင်သေးလို့ ၊ ကွန်ပတ်စ်ကို ငါ မကိုင်နိုင်မှာ ကျနေတာပဲပေါ့နော် ။ တကယ်တော့ အမေ စိတ်ပူပန်ရှာတာ ။ ဒီနေရာမှာ တစ်ချက် ကျွန်တော် ကြုံရတာပေါ့ ”


ကိုယ်က သူများနဲ့ မတူဘူး ဆိုတဲ့ ခံစားမှုနဲ့ ပတ်သက်တဲ့ ကျွန်တော်ရဲ့ မေးခွန်းကို ဦးမြတ်သူဝင်း က စိတ်ဝင်စားစရာ ကောင်းအောင် ဖြေသွားတယ် ။ အားမနာ ပါးမနာ နောက်မေးခွန်း တစ်ခု ကျွန်တော် မေးပြန်တယ် ။


“ ကလေးဘဝ ကစားကြရာမှာ ကိုယ်က သူများနဲ့ တန်းတူရည်တူ ဝင်မကစားနိုင်လို့ ဘေးက ထိုင်ကြည့်နေခဲ့ရတာမျိုး ကြုံခဲ့ဖူးလား ”


သူ့ တုံ့ပြန်မှုကတော့ အရင် တစ်ကြိမ်လိုပါပဲ ။ ရွှင်ရွှင်လန်းလန်း ပြုံးလိုက် ပြီး ' very good question ' လို့ အရင် ပြောတယ် ။


“ ကျွန်တော် ငယ်ငယ်ကလေး ကတည်းက ဦးဆောင်တဲ့ နေရာမှာ နေတယ် ။ အတန်းထဲမှာ ဆိုရင် ကျွန်တော်က မော်နီတာ ။ အတန်းခေါင်းဆောင်ပေါ့ ၊ ဆရာတွေက လုပ်ခိုင်းတယ် ။ ကျွန်တော် မျက်နှာမလိုက်ဘူး ”


“ ကျွန်တော်တို့ ငယ်ငယ်က ဘောလုံးကန်တယ် ၊ ကလေး ဆိုတော့ ဂိုးကျဉ်း ကစားတာ ။ ဘောလုံး ကန်တော့ ကျွန်တော် ကိုယ်တိုင် ဝင်ကန်တယ် ။ ဘယ်လိုလဲ ဆိုတော့ ချိုင်းထောက်နဲ့ ကျွန်တော်က ဂိုးစောင့်တယ် ။ ဂိုးကျဉ်း ဆိုတော့ စဉ်းစား ကြည့်ပေါ့ ၊ ချိုင်းထောက်နဲ့ ပိတ်လိုက်တော့ ဘယ်သူမှ ဂိုးသွင်းလို့ မရတော့ဘူး ။ ကျွန်တော် ဂိုးစောင့်တဲ့ ဘက်က နိုင်တယ် ။ အသိုင်းအဝိုင်းက ကျွန်တော့် အပေါ်မှာ အမြဲကောင်းတယ် ၊ အားလုံးတန်းတူပဲ ။ ကျွန်တော့်မှာ စိတ်ဓာတ်ရေးရာ ထိခိုက်မှ မရှိသလောက်ပါဘဲ ။ ဂိုးကျယ်တွေ ကန်ကြတော့ ကျွန်တော် ဒိုင်လူကြီး လုပ်တယ် ”

 

“ စိတ်ဓာတ် ကျတာမျိုး မဖြစ်ဖူးဘူးလား ”


“ စိတ်ဓာတ် ကျတာတွေ ဘာတွေ အင်မတန် နည်းပါတယ် ။ လူဆိုတဲ့ အတွက်ကြောင့် ခံစားချက်တော့ ရှိတာပေါ့ ။ စိတ်တိုတတ်တယ် ၊ ဝမ်းနည်းတတ်တယ် ။ ကျွန်တော်တို့က လူ ။ သွေးက မျောက်သွေးတွေ မဟုတ်ဘူး ။ ဒုက္ခိတ ဖြစ်သွားတာကို ခံစားရမယ် ။ လူကိုး ။ မဟုတ်ရင် စက်ရုပ် ဖြစ်သွားမယ် ။ ဒါပေမဲ့ အကြာကြီး မဖြစ်နဲ့ ။ အကြာကြီး ဝမ်းနည်းပူဆွေးပြီး မပြီးနိုင် မစီးနိုင် မဖြစ်စေနဲ့ ”


“ ကျွန်တော့် အဖေက အမြဲတမ်း ပြောပါတယ် ။ လက်ဝှေ့ဝိုင်းမှာ လောကဓံ နဲ့ ထိုးကြကြိတ်ကြတဲ့အခါ ကိုယ်က လဲကျမယ် ။ လဲကျမှာ မကြောက်နဲ့ ။ ဘာကြောက် ရမှာလဲ ၊ ပြန်မထနိုင်မှာပဲ ကြောက် ။ လောကဓံက တစ် ၊ နှစ် ၊ သုံး ၊ လေး ရေသွားမှာ ။ တစ်ဆယ် ပြည့်လို့မှ ပြန်မထနိုင်ရင်တော့ မင်း ရှုံးသွားပြီတဲ့ ”


“ ပြန်ထဖို့အတွက် မိတ်ဆွေကောင်းတွေ အားပေးတဲ့ လက်ခုပ်သံက အရေးကြီးသလား ”


“ ကျွန်တော့် အယူအဆ ကတော့ အရေးကြီးမယ် ထင်တယ် ။ ဒါပေမဲ့ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင်ပဲ ။ လဲကျတဲ့အခါ ကိုယ့် အတွင်းအားတွေ ပြန်စုပြီး ကုန်းရုန်း ထရတယ် ။ လက်ခုပ်သံသည် အားမရှိဘူးတော့ မဟုတ်ပါဘူး ။ အကုန်လုံးတော့ ဆိုင်နေတာပဲ ”


 ••••• ••••• •••••


❝ နှလုံးသား ထက်မြက်သူ ❞


မသန်စွမ်းသူဦးရေ သုံးထောင်ကျော် ( ၃၄၆၁ ဦး ) ကို ထောက်ပံ့ကူညီ ပေးပြီးတဲ့ ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ဥက္ကဋ္ဌ ဦးမြတ်သူဝင်း ကိုယ်တိုင်ကလည်း မသန်စွမ်းသူ ဖြစ်ပါတယ် ။


သူ့ကို ပြည်မြို့မှာ မွေးဖွားခဲ့ပြီး မိခင်က ပြည်ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းဌေး ၊ ဖခင်က ဆည်မြောင်း ညွှန်ကြားရေးမှူး အငြိမ်းစား ဦးတင်မောင်ဝင်း ပါ ။


ရွှေမင်းသားဖောင်ဒေရှင်း ( မြန်မာ ) ရဲ့ ပင်မရုံးခန်းကို ရန်ကုန်လမ်းမတော် မှာ ဖွင့်ထားပြီး မြန်မာနိုင်ငံ အထက်ပိုင်း ရုံးခွဲကို မန္တလေး ချမ်းအေးသာစံမြို့နယ်မှာ ဖွင့်ထားတယ် ။ သူ့ရုံးခန်းကို ကျွန်တော် ရောက်သွားပါတယ် ။ ဦးမြတ်သူဝင်း ကြိုးစား ဖြတ်သန်းခဲ့ရတဲ့ ဘဝခရီးကို ကျွန်တော် မေးတယ် ။


“ ကျွန်တော် ကြီးပြင်းတာကတော့ ပြည်မြို့မှာ ကြီးပြင်းတာပေါ့ ။ အထက ( ၁ ) ပြည်မြို့က ဆယ်တန်းအောင်ပါတယ် ။ ဆယ်တန်း အောင်စဉ်ကာလမှာ ဂုဏ်ထူး သုံးခု ။ ဆေးတက္ကသိုလ် အမှတ်ကို ကပ်မီတာ မဟုတ်ဘူး ။ ကောင်းကောင်း မီခဲ့ပါတယ် ”


“ လွတ်လွတ်ကျွတ်ကျွတ်ပေါ့ ”


“ ပဲခူးတိုင်း တစ်တိုင်းလုံးမှာ ကျွန်တော် တစ်ယောက်တည်း သင်္ချာ အမှတ်ပြည့် ၁ဝဝ ရတာ ။ ကျွန်တော်က ကျန်းမာရေး အနေအထားကြောင့် ဆေးတက္ကသိုလ် မတက်နိုင်ပေမဲ့ အဲဒီတုန်းက အာရ်အိုင်တီ ခေါ်တာပေါ့ ၊ ရန်ကုန်စက်မှုတက္ကသိုလ် တက်ရမလား စဉ်းစားသေးတယ် ”


"ဆယ်တန်း ဘယ်နှစ်က အောင်သလဲ ”


“ ၁၉၈၃ ခုနှစ်က အောင်ပါတယ် ။ ၁၉၈၇ ခုနှစ်မှာ အင်္ဂလိပ်စာမေဂျာနဲ့ ဘီအေဘွဲ့ရတယ် ။ ကျွန်တော် ကွာလီဖိုင်း ဆက်တက်တယ် ။ ကျောင်းက ပိတ်လိုက် ဖွင့်လိုက်နဲ့ ၁၉၉၂ မှာ ကျောင်းပြီးတယ် ”


“ ကျောင်းနေစဉ်က ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြပါဦး ” 


“ ကျွန်တော် ဆယ်တန်း ဖြေခါနီးတော့ တီအီးအို အိမ်ကို လာတယ် ။ Township Education Officer ”


“ မြို့နယ်ပညာရေးမှူး ”


“ တီအီးအို ဦးကိုကိုကြီးက အိမ်လာတယ် ။ သားလေး ဆယ်တန်း ဖြေတော့မယ် ၊ သားက ပညာ သိပ်တော်တယ် ။ ကျွန်တော်တို့ ဘာလုပ်ပေးရမလဲလို့ ကျွန်တော့် မိဘတွေကို မေးတယ် ။ ကျွန်တော်က ဆရာကြီးကို စိတ်ဆိုးသွားတယ် ။ ဒါကတော့ ကျွန်တော်တို့ မသန်စွမ်းသူတွေရဲ့ ဖီလင်ပေါ့ ။ ကျွန်တော်တို့ကို သနားတယ် ဆိုရင် မကြိုက်ဘူး ။ အသနားခံဖို့ ဆိုတာ ကျွန်တော်တို့ ရာဇဝင်မှာ မရှိဘူး ”


ဦးမြတ်သူဝင်း ဟာ အမြင်အရပင် မသန်စွမ်းကြောင်း သိသာပါတယ် ။ ဒါပေမဲ့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း ၊ ကြော်ငြာလုပ်ငန်း ၊ ပုံနှိပ်လုပ်ငန်း ၊ ကားလုပ်ငန်း ၊ စီးပွားရေးလုပ်ငန်း လေးခုကို ရွှေမင်းသား အကျိုးဆောင်လုပ်ငန်းများ ကုမ္ပဏီလီမိတက် အဖြစ် လုပ်ကိုင်နေသလို လူမှုရေးလုပ်ငန်းကိုလည်း ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) အဖြစ် အောင်မြင်စွာ လုပ်ဆောင်နိုင်တာမို့ စွမ်းဆောင်နိုင်စွမ်းကြီးသူဖြစ် ကြောင်း တွေ့နိုင်တယ် ။


“ သမိုင်းဆိုတဲ့ ဘာသာရပ်က မေးခွန်းကို နှစ်နာရီပဲဖြေရတယ် ။ သမိုင်းက စာတွေ အများကြီး ရေးဖြေရတာ ၊ အချိန်ပို ယူဦးမလား ဆရာကြီးက မေးတယ် ။ အချိန်ပို ယူဦးမလားဆိုတဲ့ မေးခွန်းဟာ ကျွန်တော့် စိတ်ထဲ ကျွန်တော့်ကို စော်ကားတယ်လို့ ခံစားရတယ် ။ ကလေးဆိုတော့ ဆရာတွေရဲ့ စေတနာကို သိပ်မသိဘူးပေါ့ ။ ကျွန်တော့်ကို စော်ကားတာပဲ ၊ အချိန်ပို မယူဘူးပေါ့ ”


သူ့အားမာန်နဲ့ သူ့ကိုယ်ကိုယ် ယုံကြည်မှုကို သူ့မျက်နှာပေါ်မှာ ကျွန်တော် မြင်တွေ့ နေရတယ် ။


“ ကျွန်တော့် အမေကတော့ ဆရာကြီးကို တစ်ခုတော့ တောင်းဆိုချင်ပါတယ် ။ စာမေးပွဲဖြေရင် ကန်တော့ပါရဲ့ ၊ အပေါ့အပါး သွားချင်တယ် ။ ဘာညာဆိုရင် Seating plan ( ထိုင်ခုံအနေအထား ) အရ အလယ်လောက် ရောက်နေရင် ကျွန်တော် ထွက်ရ ခက်နေမယ် ။ အဲဒီတော့ ကျွန်တော့် စားပွဲကို ရှေ့ဆုံးတန်းမှာ ထားပေးဖို့ ပြောတယ် ။ ကျွန်တော့် စိတ်ထဲမှာ ငါ့မှာ အားနည်းချက် တစ်ခုတော့ ရှိနေပါလားလို့ လက်ခံလိုက်ရတော့တာပါ ”


“ ပညာသင်ယူချိန် စိတ်လေ သွားတာမျိုး ဖြစ်ခဲ့ဖူးလား ”


“ ဆယ်တန်းမှာ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ပထမ ၊ ဒုတိယ ၊ တတိယ လှည့်ယူနေကြတာပါ ။ ခုထိလည်း အရမ်းချစ်တဲ့ သူငယ်ချင်းတွေပါ ။ သူတို့က ရိုးရိုးသားသား ပြောတာပါ ။ မြတ်သူဝင်း မင်း ဘာဖြစ်လို့ ဒါလောက် စာကျက်နေ တာလဲ ။ ဆယ်တန်းမှာ အမှတ်တွေ အများကြီးရတော့ မင်း ဘာလုပ်မှာလဲ ။ ဆေးတက္ကသိုလ်လည်း မတက်နိုင်ဘူး ဘာဘူးပေါ့ ဆိုတော့ ကျွန်တော့် စိတ်တွေ လေသွားတယ် ။ ကလေးဆိုတော့ ဟုတ်သားပဲ ၊ ပျော်ပျော်ပဲ နေတော့မယ်ပေါ့ ” 


“ ပျော်ပျော်ပဲ နေဖြစ်သေးလား ”


“ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တယ် ။ ကျွန်တော့်အစ်မနဲ့ ကျွန်တော်က ၁၁ လပဲ ကွာတယ် ။ သူက ကျွန်တော့်ကို ကိုကို ခေါ်တယ် ၊ ကျွန်တော် က သူ့ကို မမ ခေါ်တယ် ။ ကိုကို နင် ဘာဖြစ်နေတာလဲ ၊ ဘာစိတ်ညစ်နေတာလဲ မေးတယ် ။ ကျွန်တော်က ငါဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့ အောင်လည်း နင်တို့လို ဆရာဝန်ဖြစ်မှာ မဟုတ်ဘူး ပြောလိုက်တယ် ။ မမက စကားတစ်ခွန်းပဲ ပြန်ပြောတယ် ။ နင် ဆရာဝန်ဖြစ်ပြီး ငါတို့က နင့်ကို ခိုင်းစားချင်လို့ မဟုတ်ဘူး ၊ ငါ့မောင်လေး ဆယ်တန်းအောင်တုန်းက အမှတ်တွေ ဘယ်လောက် ရသလဲ ဆိုတာ ဂုဏ်ယူချင်လို့တဲ့ ။ အစ်မက စကားလေး တစ်ခွန်းပဲ ဆုံးမလမ်းညွှန်လိုက်တယ် ”


သူ ဆယ်တန်းအောင်တော့ ဂုဏ်ထူး သုံးဘာသာ ၊ သင်္ချာအမှတ် ၁၀ဝပြည့် နဲ့ ဆေးကျောင်းတက်ဖို့ အမှတ်ကောင်းကောင်း မီတယ်ဆိုတာ ကျွန်တော် သတိရတယ် ။ သူ့စကားကို နားထောင်နေရင်း Forrest Gump ဆိုတဲ့ ရုပ်ရှင်ကားကို အမှတ်ရလာပါတယ် ။ ဇာတ်လိုက်က ငယ်စဉ်မှာ ခြေမသန်ဘူး ။ ကြီးပြင်းလာချိန် မှာတော့ အလွန်အပြေးမြန်တဲ့ သူတစ်ဦး ဖြစ်လာတယ် ။


“ Forrest Gump ကြည့်မိမယ်ထင်တယ် ၊ ဘယ်လိုခံစားလဲ ” 


“ ကောင်းပါတယ် ။ ဆရာ ဘယ်လိုထင်လဲ ” 


“ တော်တော် ကြိုက်ပါတယ် ”


“ ဘယ်နေရာလဲ ”


“ တစ်ကားလုံး ကြိုက်ပါတယ် ။ ဘဝကို အားမလျှော့ဘဲ ပြန်လည်ထူထောင် ပြပုံ ကြိုက်တယ် ။ ပထမ သူ မသန်စွမ်းဘူး ၊ ဒါပေမဲ့ ရအောင် ထခဲ့တယ် ။ Forrest က ခြေမသန်တော့ ဒူးအောက်ပိုင်း သံချောင်းတွေနဲ့ ထိန်းထားရတယ် ။ ကျောင်းသားလေး ဘဝမှာ လူဆိုးလေးတွေက သူ့ကို ဝိုင်းလိုက်ကြတယ် ။ လူဆိုးလေးတွေ လက်က လွတ်အောင် သေပြေးရှင်ပြေး ပြေးတဲ့အခါ သူ့ ခြေထောက်မှာ ဆိုင်းထားတဲ့ သံပြားသံချောင်းတွေ တစ်ခုချင်း ပြုတ်ထွက်ကျပြီး သူက လွတ်အောင် ပြေးသွားတဲ့ အခန်းကို မျက်စိထဲက မထွက်ဘူး ”


ဦးမြတ်သူဝင်း က ပါပီလွန် ဖတ်ဖူးသလား မေးတယ် ။ ပါပီလွန်စာအုပ်ကို ကျွန်တော် ဖတ်ဖူးကြောင်း ပြောတော့ သူက ဘယ်လို ကွာသလဲ မေးပါတယ် ။ 


“ တစ်မျိုးစီပါပဲ ။ Forrest Gump က ခြေမသန်တဲ့ ဘဝကနေ အလွန် အပြေးသန်ပြီး စစ်မြေပြင်မှာ အခြားသူတွေကို ကယ်ပေးသယ်ပေးနိုင်သူတစ်ယောက် အဖြစ် လူ့လောကထဲ တိုးဝင်လာတယ် ။ ပါပီလွန်က အကျဉ်းထောင် ထဲက လွတ်မြောက်အောင် အကြိမ်ကြိမ် ကြိုးပမ်းပြီး လွတ်မြောက်သွားတယ် ”


“ တစ်ခါတလေ လူတွေက ကိုယ့်ဒုက္ခကို အကြီးကြီးလို့ ထင်တတ်ကြတယ် ။ လူတိုင်းက အတ္တသမားတွေမို့ ကိုယ့်ပြဿနာပဲ ကြီးတယ်လို့ ထင်ထာပေါ့ ။ Forrest Gump လည်း ကျွန်တော် အရမ်း ကြိုက်တယ် ။ ပါပီလွန် ကျတော့ အနှိပ်စက်ခံရတယ် ။ ထောင်ထဲက ထွက်ပြေးဖို့ ခဏခဏ ကြိုးစားတယ် ။ ဒုက္ခသုက္ခချင်း ယှဉ်လိုက်ရင် ကျွန်တော်တို့က နတ်ပြည် ရောက်နေတဲ့ အတိုင်းပဲ ။ အဲဒါတွေနဲ့ ကျွန်တော် အားယူတာပေါ့ ။ ထဖို့အတွက် လူတိုင်း အားယူပုံချင်း မတူဘူးပေါ့ ” 


“ မသန်စွမ်းသူတွေ အတွက် မိသားစုဝင်တွေရဲ့ ဖေးမမှုက တော်တော် အရေးပါသလား ”


“ ဟာ ပါတာပေါ့ ။ မိဘတွေက လက်ဦးဆရာ ။ ကျွန်တော်တို့ မွေးကတည်းက မိဘရဲ့ သွန်သင်အားပေးမှုနဲ့ ကြီးပြင်းခဲ့တာ ။ အရမ်းဆိုင်တယ် ။ Enviroment ( ပတ်ဝန်းကျင် ) အရမ်းဆိုင်တယ် ။ ခွဲခြား ဆက်ဆံခံရရင် ဘယ်ပျော်မှာလဲ ။ အဖေရော အမေရော ကျွန်တော့် အတွက် အရမ်း ကျေးဇူးကြီးမားပါတယ် ”


“ ဦးမြတ်သူဝင်း လုပ်နေတဲ့ လုပ်ငန်းတွေက ဝန်ဆောင်မှုလုပ်ငန်းတွေ များတယ်နော် ”


“ ကျွန်တော် ထမင်းစားမယ် ၊ ရေသောက်မယ် ၊ ဘာလုပ်မယ် ညာလုပ်မယ် ဆိုတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ကို သူများတွေက ကူညီကြတယ် ။ ကျွန်တော့်ရဲ့ မသိစိတ်က သူများကို ကူညီချင်နေတယ် ။ တစ်သိန်းရင်းပြီး တစ်သိန်းမြတ်တဲ့ လုပ်ငန်းထက် ဝန်ဆောင်မှုနဲ့ ရတဲ့ လုပ်ငန်းကို ကျွန်တော် ပိုပြီး တန်ဖိုးထားတယ် ”


“ စီးပွားရေး လုပ်ရတာ အဆင်ပြေရဲ့လား ”


“ စီးပွားရေးလောက ရောက်လာတော့ စီးပွားရေးလောက ဆိုတာ ကြမ်းတမ်း လွန်းပါတယ် ။ စိန်ခေါ်သံတွေ များလွန်းပါတယ် ။ တက္ကသိုလ်ကောလိပ်မှာတုန်းက သူငယ်ချင်းတွေ လိုတော့ မဟုတ်ဘူးပေါ့ ။ စီးပွားရေးလောကမှာ ကျွန်တော့်ကို ညှာတဲ့လူတွေ ရှိသလို ကျွန်တော့်ကို တီးတဲ့သူတွေလည်း အများကြီး ရှိတာပဲ ။ ကျွန်တော်ရဲ့ မသန်စွမ်းမှုဟာ ကျွန်တော့်ကို တွန်းအား ဖြစ်စေပါတယ် ။ ကျွန်တော် ပိုလုပ်ရမှာပါလား ၊ ကျွန်တော် ပိုကြိုးစားရမှာပါလား ၊ ကျွန်တော် ပိုရိုးသားရမှာပါလား ၊ လူတွေအပေါ်  ပိုသစ္စာ ရှိရမှာပါလား ၊ ကျွန်တော့် မသန်စွမ်းမှုကြောင့် တွန်းအား ဖြစ်စေတယ် ”


“ လူမှုရေးလုပ်ငန်းတွေ လုပ်ရာမှာကော အဆင်ပြေသလား ”


“ လူမှုရေးလုပ်ငန်း ထဲမှာလည်း ကျွန်တော့် အတွက် စိန်ခေါ်သံတွေ အများကြီးပဲ ။ ဘဝတူ မသန်စွမ်းသူတွေရဲ့အကျိုးကို အများကြီး မဟုတ်တောင် တစ်ထောင့် တစ်နေရာက လုပ်ပေးတယ် ။ မသန်စွမ်းသူတွေ အတွက် လုပ်ငန်းတွေကို ရွှေမင်းသား ဖောင်ဒေးရှင်း ( မြန်မာ ) ဆိုပြီး လုပ်တယ် ။ ၂၀၁၀ ခု မေလ ၁ဝ ရက်နေ့ အထိပေါ့ ။ ၃၄၆၁ ဦးကို ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ လုပ်နိုင်ခဲ့ပါပြီ ။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို အကုန်လုံး မဟုတ်တောင်မှ သူတို့ဘဝကို အတိုင်းအတာ တစ်ခု အထိ ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့ပါပြီ ”


အနီးရှိ ဝန်ထမ်း အမျိုးသမီး တစ်ယောက်ကို ရွှေမင်းသားဖောင်ဒေးရှင်း ( မြန်မာ ) ရဲ့ ၂၀၀၉ - ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာ စာအုပ်တစ်အုပ် ယူခိုင်းပြီး ကျွန်တော့်ကို ပေးတယ် ။


စာအုပ်ထဲမှာ မသန်စွမ်းသူတွေ ပညာသင်ကြားခွင့်ရအောင် ၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာ သင်ပေးပြီး အလုပ်အကိုင် ဝင်ငွေရအောင် ၊ ကျန်းမာရေး စောင့်ရှောက်မှုကို အများနည်းတူ ရအောင် ၊ လူမှုအသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ ဝင်ဆံ့နိုင်အောင် ၊ စွမ်းရည် မြင့်တက်လာအောင် လုပ်ဆောင်ပေးနေပုံတွေကို ရောင်စုံ ဓာတ်ပုံတွေနဲ့ ဖော်ပြထားတယ် ။


“ ကမ္ဘာမှာ လူဦးရေရဲ့ ၁ဝ ရာခိုင်နှုန်းသည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ မြန်မာနိုင်ငံမှာ two point three six percentage ( ၂.၃၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းလို့ သတ်မှတ်တယ် ။ လူ ၁ဝ သိန်း ကနေ ၁၅ သိန်းကြား ရှိတယ် ။ ဒီ လူဦးရေဟာ မြို့ကလေးတစ်မြို့လောက် ။ ကျွန်တော် အဓိက လုပ်တာကတော့ မသန်စွမ်းတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ အလုပ်အကိုင်ရရှိရေး ၊ သူတို့ကိုယ် သူတို့ ယုံကြည်ချက်တွေ ရလာအောင် ကျွန်တော်တို့ ဆောင်ရွက်တာပါ ”


သူ့ ရုံးခန်းထဲကို ကျွန်တော့် မျက်စိဝေ့ ကြည့်လိုက်တော့ မသန်စွမ်းသူ အချို့ကို မြင်မိတယ် ။


“ ကျွန်တော်ရုံးမှာ ဝန်ထမ်း ၄၄ ယောက် ရှိတယ် ။ ၁၄ ယောက် မသန်စွမ်း ။ ၃ဝ ရာခိုင်နှုန်းလောက်သည် မသန်စွမ်း ။ အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ်လုပ် အလုပ်လုပ်လို့သာ ပြောတယ် မလုပ်တတ်ကြဘူး ။ လုပ်တတ်တယ် ၊ လုပ်ရည်ကိုင်ရည် ရှိတယ် ။ အရင်းအနှီး မရှိဘူး ”


“ စိတ်ဓာတ်ခွန်အားကော ဖြည့်ပေးသလား ”


“ ဘဝတူ မသန်စွမ်းတွေကို နည်းနည်း ပြောချင်တယ် ။ မသန်စွမ်းဖြစ်သွားတိုင်း စိတ်ဓာတ်ကျစရာ မလိုဘူး ”


ဦးမြတ်သူဝင်း က ပြောတာ ခဏနားပြီး ရေသောက်တယ် ။


“ နီးခြင်း ဝေးခြင်း ၊ ပုခြင်း တိုခြင်း ၊ ဖြူခြင်း မည်းခြင်း ၊ အားမရှိခြင်း အားသန်ခြင်းသည် တကယ့်တကယ်တော့ နှိုင်းယှဉ်ချက်တွေပဲ ။ ကျွန်တော့်ကိုယ် ကျွန်တော် မသန်ဘူးလို့ ဘယ်တော့မှ မရှိဘူး ။ လူတိုင်းလည်း ဘယ်သူမှ မရှိကြပါနဲ့ ။ စွမ်းဆောင်နိုင်သလောက် ကြိုးစားကြရင် ကျွန်တော်တို့မှာ ကံ ဉာဏ် ဝီရိယ ဆိုတာ ရှိတယ် ။ ကံကတော့ ရှောင်လွှဲလို့ မရတာတွေ ထားလိုက်တော့ ။ ဉာဏ် ဆိုတာလည်း တစ်ယောက်နဲ့ တစ်ယောက် ကွာဟချက် သိပ်မရှိဘူး ။ ဝီရိယ ထားပြီး အားကြိုးမာန်တက် အလုပ် လုပ်ကြပါ ။ မိမိ ကိုယ်သာ အားကိုးရာလို့ မသန်စွမ်းတွေ အတွက် မှာချင်တာ ”




 ⎕ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments: