Saturday, January 17, 2026

ဟိုတုန်းက မန္တလေးတိုင်းဘောလုံးအသင်း

 ◾️ဟိုတုန်းက မန္တလေးတိုင်းဘောလုံးအသင်း




◾️မန္တလေးနဲ့ ဘောလုံး


ဘောလုံးအားကစားနည်းနဲ့ ရွှေမန်းသားတို့ ရင်းနှီးကျွမ်းဝင်ခဲ့တာ နှစ်ပေါင်း(၁၂၀) ကျော်ပြီဖြစ်ပါတယ်။ ရွှေမန်းသားတို့ရဲ့သည်းခြေကြိုက်အားကစားက ဘောလုံးဆိုတာ ငြင်းစရာ မလိုပါဘူး။ ၁၉၀၀ ပြည့်နှစ်မှာရွှေမန်းမြို့ရဲ့ ကျက်သရေဆောင် ယူဘီအေအေ (ယခု ဗထူးကွင်း)မှာ ဘောလုံးပွဲများစတင် ကျင်းပ ခဲ့ပါတယ်။ 


ဝီလီယံယန်းဂါးဖလား(အထက်အောက်မြန်မာပြည်ဘောလုံးဗိုလ်လုပွဲ)နဲ့ ကျောက်ကုန်သည်ဒိုင်း ဘောလုံး ပြိုင်ပွဲတို့ဟာ ရွှေမန်းဘောလုံးခေတ်ဦးမှာ ထွန်းတောက်ခဲ့တဲ့ ပြိုင်ပွဲတွေဖြစ်ပါတယ်။


နောက်ပိုင်းကာလတွေမှာတော့ ဗထူးကွင်းဖွင့်ဖလား၊ ဗထူးအမှတ်ပေးပြိုင်ပွဲ၊ ဗထူးကွင်းပိတ်ဖလား၊ ရတနာပုံဒိုင်းတိုင်းကောင်စီဥက္ကဋ္ဌဖလားနဲ့ရွှေကုန်သည်များဖလားဘောလုံးပြိုင်ပွဲတို့မှာ ဌာနဆိုင်ရာကလပ် အသင်းများသာမက မြို့မချမ်းအေးသာစံ၊ ၄၅ တာ၊ ပုလဲနက် စသည့် အပျော်တမ်းအသင်းများလည်းဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။


ယှဉ်ပြိုင်မှုအားကောင်းသည့်ပွဲစဉ်များဆိုလျှင် ယနေ့ခေတ် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များထက် ကြည့်ရှုသည့်ပရိသတ် ပိုမိုခဲ့ပါတယ်။ အဲဒီခေတ်အခါက မန္တလေးတက္ကသိုလ်နဲ့ စိန်ပန်းရပ်ကွက်တွေက မြင်းလှည်းနှင့်လာရောက်ကြည့်ရှု အားပေးသလို ဈေးချိုဝန်းကျင်မှာလည်း ဘတ်စကားများနှင့်

လာရောက်ကြည့်ရှု အားပေး ကြပါတယ်။ 


ပွဲစဉ်ကောင်းသည့် နေ့ဆိုလျှင်ဈေးချိုမှ ဆိုင်ပိုင်ရှင်များကညနေ ၃ နာရီလောက်မှာဆိုင်စောသိမ်းပြီး စက်ဘီးများနှင့် ဗထူးကွင်းသို့လာလေ့ရှိပါတယ်။ဗထူးကွင်းက ဘောလုံးအတွက်နာမည်ကြီးရုံသာမက အားပေး သည့် ပရိသတ်များ ပွဲကြည့်ရင်းစားသည့် ဗထူးကွင်း မြီးရှည်၊ စမူဆာသုပ်နဲ့အကြော်သုပ်တို့ကလည်း နာမည်ကျော်ခဲ့ပါတယ်။ 


ဗထူးကွင်းမှာ ယှဉ်ပြိုင်ကစားမည့်ပွဲစဉ်များကို ဆေးရုံကြီး၊ နာရီစင်၊ အနောက်ကျုံးထောင့် စသည့် နေရာတွေမှာ တစ်ရက်ကြိုပြီး ကြော်ငြာထားပါတယ်။ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မန္တလေးတိုင်းဘောလုံးအသင်းနဲ့ ရန်ကုန်က ပထမတန်းအသင်းများရဲ့ ခြေစမ်းပွဲများနဲ့ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲ ပွဲစဉ်တွေမှာ ပရိသတ်အင်အားကတော့ ကြက်ပျံမကျ စည်ကားခဲ့သလိုလက်မှတ်တစ်စောင် ရဖို့အတွက်လည်းအတော်ကြိုးစားခဲ့ရပါတယ်။


ညနေ ၄ နာရီမှာ ယှဉ်ပြိုင်ကစားတဲ့ပွဲစဉ်ကိုကြည့်ဖို့အတွက် မွန်းလွဲ ၁ နာရီကတည်းက ဗထူးကွင်းကို သွားခဲ့ရပါတယ်။ပရိသတ်တွေရဲ့ အော်သံတွေကလည်း သုံးပြပတ်လည်ကြားခဲ့ရပါတယ်။ ဗထူးကွင်းမှာယခင်လို ပြိုင်ပွဲများကျင်းပနိုင်မှု လျော့နည်းနေသော်လည်း ရွှေမန်းသားတို့က ဘောလုံးကို

နှစ်သက်နေဆဲ၊ အားပေးနေဆဲဖြစ်ပါတယ်။


◾️ပြည်ထောင်စုဒိုင်း


မြန်မာ့ဘောလုံးအားကစားသမိုင်းမှာသက်တမ်းအရှည်ဆုံးနဲ့ အောင်မြင်မှုအရှိဆုံးပြိုင်ပွဲက ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲ(ပြည်ထောင်စုဒိုင်း)ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းက နံပါတ်တစ်ဖြစ်သလိုမန္တလေးတိုင်းဘောလုံးအသင်းကလည်း ပြည်နယ်နှင့်တိုင်း ဘောလုံးပြိုင်ပွဲမှာ ရေပန်းစားနာမည်ကြီးခဲ့တဲ့ နံပါတ်တစ်အသင်းဖြစ်ပါတယ်။ 


ရွှေမန်းသားတို့ကလည်း ဒေသစွဲ၊ ဇာတ်စွဲကြီးစွာဖြင့် အချိန်၊ ငွေကုန်ကြေးကျခံပြီးအားပေးခဲ့ပါတယ်။ အသင်းဗိုလ်စွဲရင် ဂုဏ်ပြုကြိုဆိုသလို အကြောင်းတစ်ခုခုကြောင့်မန်းတိုင်းအသင်း ရှုံးနိမ့်ရင်လည်း သတင်းစာတွေထဲမှာ အားပေးသည့် ကြော်ငြာများထည့်သွင်းပြီး ဂုဏ်ပြုလေ့ရှိ တယ်။


အဲဒီအချက်ကတော့ ရွှေမန်းသားဘောလုံးဝါသနာရှင်များရဲ့ထူးခြားချက်ပေါ့။ အဲဒီခေတ်အခါတွေက ပြည်သူလူထုစိတ်ဝင်စားမှုအရှိဆုံးအရာတွေထဲမှာ ပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲက ရှေ့ဆုံးကပါတယ်။


မန္တလေးတိုင်း ဘောလုံးအသင်းက၁၉၈၇၊ ၁၉၈၈၊ ၁၉၉၀၊ ၁၉၉၁နဲ့ ၁၉၉၂ ငါးနှစ်ဆက်တိုက် ဗိုလ်စွဲပြီး ပြည်ထောင်စုဒိုင်းကြီးကမန်းတောင်ရိပ်ခိုခဲ့ရတယ်။ သုံးနှစ်ဆက်တိုက်အနိုင်ရရှိပြီး ပြည်ထောင်စုဒိုင်းကြီးရဖို့ နတ်ကြီးသည်ဆိုသော်လည်း နောက်ဆုံးမှာတော့မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က မန္တလေးတိုင်းသို့ ပေးအပ်ချီးမြှင့်ခဲ့ရတယ်။


မန္တလေးတိုင်းအသင်းက ၁၉၅၆ နဲ့၁၉၅၇၊ ၁၉၆၂နဲ့ ၁၉၆၃၊ ၁၉၇၄နဲ့ ၁၉၇၅၊၁၉၈၄နဲ့ ၁၉၈၅တို့မှာ နှစ်ကြိမ်ဆက်တိုက်အနိုင်ရရှိခဲ့သော်လည်း ပြည်ထောင်စုဒိုင်းကြီးကို အပိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ဘူး။


အခုလိုအောင်မြင်ခဲ့ရတာက ကစားသမား၊နည်းပြ၊ အုပ်ချုပ်သူများရဲ့ ကြိုးစားမှု၊ ပရိသတ်များရဲ့ အားပေးမှု၊ ရန်ကုန်ရောက် မန္တလေးသားများနဲ့ မန္တလေးအသင်း (ရန်ကုန်)တို့ရဲ့ကူညီပံ့ပိုးမှုများကြောင့် ဖြစ်တယ်။ ရန်ကုန်ရောက်မန္တလေးသားများရွှေမန်းသားတို့က ဘောလုံးအားကစားတွင်သာမက စာပေ၊ ဂီတ၊ အနုပညာတွင်လည်း ‘မန္တလေးသားစိတ်ဓာတ်’ဒေသစွဲကြီးသူတွေဖြစ်တယ်။ 


အကြောင်းအမျိုးမျိုးကြောင့်ရန်ကုန်ရောက် မန္တလေးသားများက မန်းတိုင်းအသင်းဗိုလ်စွဲဖို့ ဘက်ပေါင်းစုံက ကူညီအားပေးလေ့ရှိတယ်။ အဲဒီခေတ်က သတင်းစာတွေမှာပြည်နယ်နှင့်တိုင်းဘောလုံးပြိုင်ပွဲအသင်းကိုဝေဝေဆာဆာဖော်ပြသလို စာဖတ်သူများစိတ်ဝင်စားစေရန်အတွက် အသင်းများရဲ့ ထင်ရှားတဲ့ နိမိတ်ပုံများနဲ့ ဖော်ပြလေ့ရှိတယ်။


မန္တလေးတိုင်းအသင်း ခြေချော်လက်ချော် ဖြစ်၍ ရှုံးနိမ့် သွားပါက ‘ထိုးမုန့်ကြီးဆီနည်းသွားပြီ၊ ထိုးမုန့်ကြီး မှိုတက်ကုန်ပြီ’လို့ သရော်ကလိပြီး ရေးကြပါတယ်။ မန္တလေးသားများကလည်း မန်းတိုင်းအသင်း အကြိုဗိုလ်လုပွဲရောက်ပါက အုပ်စုလိုက် ရန်ကုန်ဆင်း၍ အားပေးကြပါတယ်။


မန္တလေးတိုင်း ဘောလုံးအသင်းမှာလေးကြိမ်ပါဝင်ကစားခဲ့ပြီး နှစ်ကြိမ်ဗိုလ်စွဲအောင် စွမ်းဆောင်ခဲ့သော ဘောလုံးသမားဟောင်းများအသင်းဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဝင်းကြီးက ကစားသမားတွေကို တိုင်းဘောလုံးဆပ်ကော်မတီက ရွေး ချယ်ပါတယ်။ ကော်မတီဝင်များက ပျက်ရက်မရှိ ဘောလုံးပွဲကြည့်ပါတယ်။


ဦးစိန်ဝင်း (ကျောင်းအုပ်ကြီး)၊ ဦးဘသိန်း၊ ဦးခင်နီ၊ ဦးဘစန်း(ပါမောက္ခအရှေ့တိုင်းဌာန၊ မန္တလေးတက္ကသိုလ်) တို့က မန်းတိုင်းအသင်းဗိုလ်စွဲဖို့ စွမ်းဆောင်ခဲ့သူများဖြစ်ပါတယ်။ တစ်လခန့် စခန်းသွင်းလေ့ကျင့်ပြီးရန်ကုန်ပထမတန်းအသင်းများ၊ စစ်ကိုင်းနဲ့ကချင်အသင်းတွေနဲ့ခြေစမ်းပွဲ ကစားပါတယ်။


အသင်းရန်ကုန်ရောက်ရင် ရန်ကုန်ရောက်မန္တလေးသားများက လိုအပ်သည်များကို ကူညီဖြည့်ဆည်း ပေးပါတယ်။ ဦးဘရင်၊ ဦးမောင်ကို၊ ဦးမြသောင်း (အဆွေတော်အပ်ချုပ်စက်)နဲ့ မန္တလေး အသင်း(ရန်ကုန်)တို့ရဲ့ ကူညီမှုကအံ့မခန်းစရာပါပဲ။


စာရေးဆရာ၊ သတင်းစာဆရာဦးကြည်မြ၊ မင်းသားညွန့်ဝင်းတို့က မန္တလေးတိုင်းအသင်းကို အများကြီး ကူညီအားပေးပါတယ်။ဗိုလ်စွဲပါက ဧည့်ခံပွဲကျင်းပပေးပြီး မင်းသားညွန့်ဝင်းက သူ့အိမ်မှာ ရုံ မတင်ရသေးတဲ့ ဇာတ်ကားတွေပြသပါတယ်။ 


မန္တလေးအသင်း(ရန်ကုန်)မှ တာဝန်ရှိသူများက Campသို့လာရောက်ပြီး ထမင်း၊ ဟင်းများနဲ့ မုန့်များပေးပို့သလို အောင်ပွဲရပါက ချက်ချင်း ဂုဏ်ပြုပွဲလုပ်ပေးပါတယ်။


“ကျွန်တော်က ၁၉၇၅မှ ၁၉၇၈အထိမန်းတိုင်းအသင်းမှာ လေးနှစ်ဆက်တိုက်ပါဝင်ကစားခဲ့ရာ ၁၉၇၅၊ ၁၉၇၇ မှာ ဗိုလ်စွဲခဲ့ပြီးအသင်းခေါင်းဆောင် တာဝန်ယူခဲ့ပါတယ်။မန်းတိုင်းအသင်းရဲ့ အောင်မြင်မှုခရီးမှာ မန္တလေး အသင်း(ရန်ကုန်) ရဲ့ ပံ့ပိုးကူညီအားပေးမှုကို မှတ်တမ်းတင်ထားရမည်”ဟုဦးဇော်ဝင်းကပြောပါတယ်။


ရန်ကုန်မြို့တွင် ရှစ်နှစ်ခန့်နေထိုင်ခဲ့သော တရားလွှတ်တော်ဥက္ကဋ္ဌ၊ စာရေးဆရာ၊သတင်းစာဆရာ ဦးကြည်မြက မန်းတိုင်းအသင်းနိုင်နိုင်၊ ရှုံးရှုံး သူ့ခြံဝင်းထဲမှာ အတီးအမှုတ်၊အဆိုအကတွေနဲ့ ဧည်ခံပွဲလုပ်ပေးပါတယ်။


ဒေသစွဲကြီးတဲ့ ဆရာ ကြည်မြကို ရန်ကုန်သားများက “ကိုကြည်မြကတော့ လွန်သဗျို့”ဟုပြောတတ်ပါတယ်။ထိုအခါ ဆရာကြည်မြက “အဲဒါဒေသစိတ်ပေါ့၊ တရားစကားနဲ့ပြောရင်တော့ ဘ၀တဏှာပေါ့ ဗျာ”ဟု တိုတိုဖြေလေ့ရှိပါတယ်။


မန္တလေးအသင်း(ရန်ကုန်)က ပြည်နယ်နှင့်တိုင်းဘောလုံး ပြိုင်ပွဲတစ်လျှောက်လုံး မန္တလေးတိုင်းဘောလုံး အသင်းက အောင်နိုင်ရေးအတွက် ကူညီအားပေးမှုကို ဒေသခံရွှေမန်းသားတို့ သိရှိမှုနည်းပါးခဲ့ပါတယ်။


◾️ရွှေရတုတိုင်ပြီ


ရန်ကုန်မှာ ရောက်ရှိနေထိုင်ကြတဲ့မန္တလေးသား၊ မန္တလေးသူအချင်းချင်း ချင်ခင်ရင်းနှီးစွာ မကြာခဏ တွေ့ဆုံကြရန်နဲ့ သာရေးနာ ရေးအစရှိတဲ့ လူမှုကိစ္စများမှာ တတ်နိုင်သမျှဝိုင်းဝန်းကူညီကြရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ မန္တလေးအသင်း(ရန်ကုန်)ဟာ ၂၀၂၂ခုနှစ် စက်တင်ဘာ ၁၇ ရက်က နှစ်(၅၀)ရွှေရတု ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။


အသင်းရဲ့ ရွှေရတုခရီးအထိမ်းအမှတ်အဖြစ်မဂ္ဂဇင်းထုတ်ဝေခဲ့ရာအောင်မြင်ခဲ့ပါတယ်။မန္တလေးအသင်းကို စစ်ကြိုခေတ်၁၉၁၀ပြည့်နှစ်က သွားစိုက်ဆရာကြီးဦးအောင်ဘို၊အလွတ် ပညာသင်ကျောင်းကျောင်းအုပ်ကြီး ဆရာခို၊ ဆရာကြီး ဦးကံမြင့်၊ကျန်းမာရေးဝန်ထောက်ဦးကြည်နဲ့ ဦးသံဒိုင်စသည်တို့ဦးဆောင်၍ ကန်တော်ကလေးမန္တလေးလမ်းမှာ ‘ရတနာပုံနေပြည်တော်မန္တလေးအသင်း’ကို တည်ထောင်ခဲ့ပါတယ်။


ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားချိန်အထိ ရန်ကုန်မြို့ မန္တလေးလမ်း၌ အသင်းပိုင်အဆောက် အအုံနှစ်ခုနဲ့ ထည်ဝါစွာ ဘာသာရေးနဲ့ လူမှုရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။စစ်ပြီးခေတ်မှာ ဆရာဦးဘလှ၊ ဦးဘသန်း(ရွှေဘုန်းရှိန်)၊ ဦးဘသိန်း(သမီးတော်)၊ဦးလှမောင် (သင်္ဂဟ) စသည်တို့က မိမိတို့ရဲ့လုပ်အားငွေဖြင့် ဘိုကလေးဈေးလမ်းနဲ့ကုန်သွယ်လမ်းထောင့်ရှိ အဆောက်အအုံမှာမန္တလေးကလပ်ကိုတည်ထောင်ခဲ့ပါတယ်။


အဆိုပါကလပ်က ၁၉၅၈ခုနှစ်မှာ ရပ်စဲသွားခဲ့ပါတယ်။၁၉၇၂ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာကွမ်းခြံကုန်း ဘူတာကြီးနဲ့ မျက်နှာချင်းဆိုင်ရှိမော်လမြိုင်ကျောင်းတိုက်အတွင်းမှာ ဆရာဦးဘလှ၊ ဦးဧမောင်၊ သခင်အုန်းဖေ၊ ဦးဘရင်၊ဦးညွန့်ရီ၊ ရွှေဘုန်းရှိန်၊ ဒေါ်အုန်းကြည်တို့အမှူးပြုကာ အသင်းကို တည်ထောင်ခဲ့ပါတယ်။


အသင်းက နှစ်စဉ် ဝါဆိုသင်္ကန်းကပ်၊ကထိန်ပွဲ၊ သက်ကြီးပူဇော်ပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲ၊ ဂုဏပူဇာသဘင်၊ မိတ်ဆုံမုန့်ရောင်းပွဲ၊လေ့လာရေးခရီးစဉ်နဲ့ သင်တန်းများ ဖွင့်လှစ်ပေးခဲ့ပါတယ်။


အောင်ပွဲရ မန္တလေးတိုင်း အားကစားအသင်းများအားလည်း ချီးကျူးဂုဏ်ပြုပွဲများကို အသင်းတိုင်း၌ ကျင်းပခဲ့ပါတယ်။ နှစ်စဉ်မန္တလေးချမ်းသာကြီးဆန်လှူအသင်းနဲ့ ချမ်းသာကြီးဘုရားကိုလည်း အလှူငွေများ လှူဒါန်းခဲ့ပါတယ်။


၂၀၀၇ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ကမဟာမုနိဘုရားကြီးအရှေ့မုခ်နဲ့ချမ်းသာကြီးဆန်လှူသင်းတိုက်အရှေ့မှာ သံဃာတော်အပါး ၁၀၀၀ကို ငါးသလောက်ဟင်းဖြင့် ဘုံဆွမ်းလောင်းလှူခဲ့ပါတယ်။ မန္တလေးရတနာပုံမြို့ တည်နန်းတည်နှစ် (၁၅၀)ပြည့် အထိမ်းအမှတ်မဂ္ဂဇင်းကိုလည်း အသင်းက ကြီးမှူး၍

၂၀၀၉ခုနှစ် မေလမှာ ထုတ်ဝေခဲ့ပါတယ်။


ထူးခြားမှုကတော့ ငါးနှစ်ဆက်တိုက်အနိုင်ရရှိပြီး ပြည်ထောင်စုဒိုင်းကြီးကို မန်းတောင်ရိပ်၌ ထာ၀ရနားခိုရန် စွမ်းဆောင်ခဲ့သော မန္တလေးတိုင်းဘောလုံးအသင်းအားဂုဏ်ပြုသည့်အနေဖြင့် ၁၉၉၃ ခုနှစ် မေလမှာမန္တလေးအသင်း စာစဉ် (၃)အဖြစ် မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခဲ့ ပါတယ်။


◾️မန်းတောင်ရိပ်မဂ္ဂဇင်း


“မန္တလေးအသင်းသက်တမ်း နှစ် (၂၀)ပြည့်သည့်နှစ်တွင် မန္တလေးတိုင်းဘောလုံးအသင်းကလည်း ငါးနှစ်ဆက်တိုက်ဗိုလ်စွဲအနိုင်ရကာ ပြည်ထောင်စုဒိုင်းကြီးကို အပိုင်ဆွတ်ခူးရရှိပါသည်။ ယင်းဖြစ်ရပ်ကို ဂုဏ်ပြုသည့်အ နေဖြင့် ဤမန်းတောင်ရိပ်စာစောင်ကိုထုတ် ဝေခြင်းဖြစ်ပါသည်”ဟု မန်းတောင်ရိပ်

မဂ္ဂဇင်းဥယျောဇဉ်တွင် ဖော်ပြထားပါတယ်။


အောင်မြင်မှုရရှိခဲ့သော မန္တလေးတိုင်းဘောလုံးအသင်းအား ၁၉၉၂ခုနှစ် ဇန်နဝါရီ၂၅ ရက်မှာ အသင်းတိုက် ခန်းမဆောင်မှာဂုဏ်ပြုပွဲကျင်းပ ပြီး ဆုငွေကျပ် ၁၅၀၀၀ ချီးမြှင့်ခဲ့ပါတယ်။ ပြည်ထောင်စုဒိုင်းကြီး မန္တလေးတောင်တော်ရိပ်၌ ရာသက်ပန်ခိုလှုံလေပြီဟူသော သဘောဖြင့် မဂ္ဂဇင်းကို ‘မန်းတောင်ရိပ်ခို’နာမည် စတင်ယူခဲ့ကြသော်လည်း ကိုမြတ်ဆွေ(ဒေးဒရဲ မြတ်ဆွေ)နဲ့ ဦးဘထွေးတို့ရဲ့ တင်ပြမှုကြောင့် မန်း တောင်ရိပ်ခိုမှ ‘မန်းတောင်ရိပ်’ဟု အမည် ပြောင်းလဲခဲ့ပါတယ်။


မြန်မာနိုင်ငံမှာ ဘောလုံးတစ်သင်းအောင်မြင်မှုအတွက် မဂ္ဂဇင်းတစ်စောင်ထုတ်ဝေခြင်းက ကြုံတောင့် ကြုံခဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အဲဒီမဂ္ဂဇင်းက မန်းတိုင်းဘောလုံးအသင်းအောင်မြင်မှုသမိုင်းမှတ်တမ်းများ၊နာမည်ကျော်ဘောလုံးသမားများ၊မန်းတိုင်းအသင်းရဲ့ထူးခြားမှုများနဲ့မန်းတိုင်းအသင်းအောင်နိုင်ရေးအားပေးကြသူများအကြောင်းတို့ ပါဝင်ပါတယ်။


မန္တလေးတိုင်းဘောလုံးအသင်းအောင်မြင်မှုရရှိရေးအတွက်နှစ်စဉ်နှစ်တိုင်းကူညီအားပေးဖြည့်ဆည်းပေးခဲ့သော မန္တလေးအသင်း(ရန်ကုန်)ကို ရွှေမန်းသားတို့က ယနေ့အချိန်အထိ အမှတ်တရ ဂုဏ်ပြုနေဆဲဖြစ်ပါတယ်။


ရေး-နောင်(ရူပ)

 

No comments: