Friday, March 29, 2024

“ပြဿနာက ကိုယ် ဖြစ်နေသလား ပြန်စဉ်းစားကြည့်ပါ”

 “ပြဿနာက ကိုယ် ဖြစ်နေသလား ပြန်စဉ်းစားကြည့်ပါ”




🔳 တစ်ယောက်နဲ့ ပြဿနာဖြစ်တယ်။ အဲဒီလူရဲ့အလွန် ဖြစ်နိုင်တယ်။


နှစ်ယောက်နဲ့ ပြဿနာဖြစ်တယ်။ အဲဒီလူရဲ့အလွန် ဖြစ်နိုင်သေးတယ်။


၄-၅ ယောက်မကနဲ့ ဖြစ်လာတယ်။ ဖြစ်တဲ့လူပဲ ပြောင်းသွားတယ်၊ ကိုယ်ကတော့ မပြောင်းဘူးဆို ပြဿနာရဲ့ အရင်းခံက ကိုယ်များဖြစ်နေသလား ပြန်စဉ်းစားကြည့်သင့်ပါတယ်။


🔳 ဒီနေရာမှာ ကိုယ်က မြင်ရင် မြင်တဲ့အတိုင်း ပြောတတ်သူ၊ အားမနာတတ်သူ၊ လက်ပိုက်ကြည့်မနေတတ်သူမို့ လူမုန်းများတာမျိုးနဲ့တော့ မရောထွေးစေလိုဘူး။


လူတွေကြားမှာ နေတဲ့အခါ အများနဲ့ အဆင်ပြေဖို့ သူတို့အကြိုက်ပဲ လိုက်နေရမယ် ဆိုတာက အဓိပ္ပါယ်မရှိဘူး။ လူများတိုင်းလည်း မှန်နေတာမှ မဟုတ်ပဲကိုး။


အဲဒီလို လူတွေမှာကျ ယုံကြည်မဲ့သူ၊ အလုပ်တွဲလုပ်မဲ့သူတွေ ရှိတယ်။ အမြင်မတူတာကို လက်ခံပေးနိုင်ရင်၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားနိုင်ရင် သူတို့နဲ့ ဘာပြဿနာမှ မရှိဘူး။ ကုန်ကုန်ပြောရရင် လူကို ကြည့်မရရင်တောင် မူအရတော့ သူ့ကို လေးစားလို့ရတယ်။


🔳 အပေါ်မှာ ပြောခဲ့တဲ့ လူပုံစံမျိုးကျ သူ့ရဲ့ Personality, Attitude စတဲ့အပိုင်းတွေမှာ ပြဿနာ ရှိနေတာ။


ငါပဲ မှန်တယ်၊ ငါပဲ ကောင်းတယ်၊ တစ်လောကလုံးက မကောင်းဘူး၊ ဒီလိုအတွေးတွေ ရှိကြတယ်။ အဝေဖန်လည်း မခံနိုင်ဘူး။ တစ်ခုခုဆို လိုတာထက် ပိုပြီး အလွန်အကျွံ တုံ့ပြန်တယ်။ ဒီတော့ သူ့ပတ်ဝန်းကျင်မှာ ရှိသမျှ လူအားလုံးဟာ သတိနဲ့ နေနေရတယ်။ နည်းနည်းကလေးမှ အတိမ်းအစောင်း မခံဘူး။ စကားအမှား မခံဘူး။ ဒါ့အပြင် သူ့မပြောတာတွေကိုလည်း သူ့ဟာသူ အဓိပ္ပါယ်ကောက်ပြီး ပြဿနာ ရှာနေတတ်သေးတယ်။


🔳 အရင်က စာတွေထဲလည်း ထည့်ရေးဖူးပါတယ်။


တစ်ခါက အဖိုးကြီးတစ်ယောက် အိပ်နေတုန်း သူ့မုတ်ဆိတ်မှာ မြေးလေးတွေက နောက်ပြောင်တဲ့သဘောနဲ့ အင်မတန် အနံ့ပြင်းတဲ့ ခရင်မ်တွေ သွားသုတ်ထားသတဲ့။ အဲဒါနဲ့ အဖိုးကြီးက နိုးလာတော့ အဲဒီအနံ့ ဆိုးဆိုးကြီးကို ရနေတာပေါ့။


ဘယ်နားမှာလဲ လိုက်ရှာတယ်၊ မီးဖိုချောင်ထဲ သွားတော့လည်း ဒီအနံ့၊ အိမ်ရှေ့ ထွက်တော့လည်း ဒီအနံ့၊ ဘယ်သွားသွား အနံ့က ရနေတော့ သူက ပြောလိုက်တယ်၊ ဟာ တစ်အိမ်လုံးလည်း နံစော်နေတော့တာပါလားတဲ့။ အမှန်တော့ အနံ့က သူ့မုတ်ဆိတ်မှာပဲ ရှိနေတာ။ ဒါပေမဲ့ သူကတော့ တစ်လောကလုံးက အနံ့ထွက်နေတယ်ပဲ ထင်နေတယ်။


လက်တွေ့ဘဝမှာလည်း အဲ့ဒီလိုလူတွေ အများကြီးရှိတယ်။ ပြဿနာရဲ့ အရင်းခံက သူ့မှာ ရှိနေတာ။ ဒါပေမဲ့ သူ့ကိုယ်သူ သတိမထားမိဘူး။ ပတ်ဝန်းကျင်ကိုပဲ လက်ညှိုးထိုးနေမိတတ်တယ်။


🔳 Narcissistic Personality Disorder ဆိုတာလည်း ဖတ်ဖူးကြမယ် ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အရေးကြီးတဲ့သူအဖြစ် အလွန်အမင်း အထင်ရောက်နေတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဖြစ်ပါတယ်။


လူတွေဆီက Attention ကို လိုချင်တယ်။ တောင့်တတယ်။ မရရအောင်လည်း လုပ်တယ်။ အလေးစားခံချင်တယ်။ အဲဒီလိုရဖို့အတွက် ဘာမဆို လုပ်ဖို့ ဝန်မလေးဘူး။ ဘယ်သူ့ကို ထိုးချဖို့မှ နောက်မတွန့်ဘူး။ မနာလိုစိတ်လည်း များတယ်။ ခက်ထန်တယ်။ ကိုယ့်ထက် နိမ့်ပါးတဲ့သူဆို သိပ်အနိုင်ကျင့်တယ်။


အပေါ်ယံကြည့်လိုက်ရင် သန်မာသယောင်၊ ရဲတင်းသယောင်၊ ခက်ထန်သယောင် ထင်ရပေမဲ့ အတွင်းထဲမှာ ပြိုလဲနေတယ်။ မိမိကိုယ်မိမိ လေးစားမှု ပျောက်ဆုံးနေတယ်။ ဒါကြောင့်ပဲ နည်းနည်းကလေးတောင် ဝေဖန်မခံနိုင်တာ ဖြစ်တယ်။ ပြောလိုက်တာနဲ့ ဝုန်းခနဲ ထလောင်သွားတတ်တယ်။


🔳 အဲဒီလို လူတွေဟာ အလုပ်အကိုင်၊ မိသားစု၊ အိမ်ထောင်ရေး ဘယ်တစ်ခုမှာမှ အဆင်ပြေတယ်ရယ်လို့ မရှိဘူး။ သူပဲအမှန်၊ သူပဲအကောင်း ဖြစ်နေတော့ ဘယ်သူနဲ့မှလည်း ရေရှည်အဆင်မပြေဘူး။ အဲဒီလို အများနဲ့ မဝင်ဆံ့တဲ့အတွက် Sense of belonging က ပျောက်ဆုံးနေတယ်။ သူ့အနားမှာ ဘယ်သူမှ မရှိသလို ခံစားနေရတယ်။ ဒီအခါ သူ့ရဲ့ စိတ်အခြေအနေက ပိုဆိုးလာပြီး အပြုအမူတွေကလည်း ပိုခက်ထန်လာတယ်။ လူတွေက ပိုစွန့်ခွာလာတယ်။ အဲဒီလိုနဲ့ပဲ သံသရာ လည်ကုန်တော့တာပေါ့။


အကြောင်းရင်းကို အတိအကျ မသိပေမဲ့ မျိုးဗီဇနဲ့ ဆိုင်သလို၊ ငယ်ဘ၀ အတွေ့အကြုံတွေနဲ့လည်း ဆိုင်တယ်လို့ ဆိုပါတယ်။ အလွန်အမင်း ချီးကျူးမြှောက်ပင့် အလိုလိုက်ခံခဲ့ရတာ၊ ဒါမှမဟုတ် လျစ်လျူရှုခံခဲ့ရတာတွေ ကြုံဖူးရင် အဲဒီလို ဖြစ်လာတတ်ပါတယ်။ အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ပိုပြီး တွေ့ရတတ်တယ်။


🔳 Self-awareness အားနည်းတဲ့အတွက် ကျွန်တော်/ ကျွန်မမှာတော့ ကိုယ်ရည်ကိုယ်သွေး ပြဿနာ ရှိနေပြီလို့ သတိထားမိဖို့ သိပ်ခက်ပါတယ်။ သွားပြောရင်တောင် ပြောတဲ့သူကို ရန်ပြန်တွေ့ဦးမှာကို။


ပြဿနာက သူ့မှာ ရှိနေတဲ့အတွက် ဘဝက ဘယ်လိုမှ နေမပျော်ဘူး။ စိတ်ဖိစီးမှု၊ စိတ်ပူပန်မှုတွေ အမြဲမပြတ် ကြုံနေရမယ်။ အဲဒီအတွက် စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ လုပ်ရင်းနဲ့မှ ဒီအကြောင်းရင်းခံကို သတိထားမိလာတာမျိုးပဲ အဖြစ်များတယ်လို့ ဆိုပါတယ်။


(သတိချပ်စေလိုတာကတော့ အပေါ်က အချက်တွေနဲ့ ကိုက်ညီနေတိုင်း တစ်ယောက်ယောက်ကို Narcissistic Personality Disorder ရှိနေပြီဆိုပြီး လွယ်လင့်တကူ တံဆိပ်မကပ်မိဖို့ပါပဲ။ ကျွမ်းကျင်တဲ့ ပညာရှင်တွေရဲ့ စစ်ဆေးမှုနဲ့သာ အတည်ပြုနိုင်တာ ဖြစ်ပါတယ်။ Knowledge တစ်ခုအနေနဲ့ပဲ သိထားစေချင်တာပါ)


🔳 အဓိကကတော့ အစွန်းနှစ်ဖက် လွတ်ဖို့ပဲလို့ မြင်ပါတယ်။ အဲဒီအလယ်အလတ်လမ်းစဉ်က အရာအားလုံးမှာ အရေးကြီးတယ် ဆိုတာကို ကြာလေ ကြာလေ ပိုသဘောပေါက်လာလေပဲ။


တစ်ယောက်ယောက်နဲ့ အဆင်မပြေတိုင်း ငါ့အမှား၊ ငါ့အပြစ်၊ ငါ့ဘက်က လိုအပ်သွားတာ ဆိုပြီး တွေးနေတာကလည်း အခါခပ်သိမ်းမှာ အဆင်မပြေဘူး။


အဲဒီလိုပဲ၊ ငါပဲ အမှန်၊ ငါပဲ အကောင်း၊ လက်မတထောင်ထောင်၊ လက်ညှိုးတထိုးထိုး လုပ်နေတိုင်းလည်း အဆင်မပြေဘူး။


ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ဖို့၊ သိအောင်လုပ်ဖို့ကတော့ အရေးကြီးဆုံးပါပဲ။


🔳 ဒါကြောင့်ပဲ Self-awareness ဟာ EQ အားကောင်းဖို့အတွက် အခြေခံအကျဆုံး Foundation လို့ ပြောရတာပါ။ ကိုယ့်ကိုယ်ကိုယ်မှ သတိမထားမိဘဲနဲ့ ကိုယ့်ခံစားချက်တွေကို သူများအပေါ် ပုံမချမိ​အောင် ကိုင်တွယ်နိုင်ဖို့၊ တစ်ပါးသူဘက်က ဖြည့်တွေးတတ်ဖို့၊ အများနဲ့ ဆက်ဆံရေး အဆင်ပြေဖို့ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။


ဒေါက်တာ ဖြိုးသီဟ

(၂၈.၃.၂၀၂၄)


Ref: Narcissistic Personality Disorder: Signs, Traits and Tests - WebMD


*** Dr. Phio Thiha ရဲ့စာမျက်နှာမှ ကူးယူဖော်ပြသည်။ 

Sunday, March 17, 2024

မြန်မာဘာသာစကား

 



တရုတ်-တိဗက်မြန်မာဘာသာစကား


မြန်မာဘာသာစကားသည် မြန်မာနိုင်ငံ၏ ရုံးသုံး ဘာသာစကားဖြစ်သည်။ ဗမာလူမျိုးနှင့် ဗမာနွယ်ဝင်(ဓနု၊ အင်းသား၊ တောင်ရိုးနှင့် ယော)တို့၏ ဇာတိစကားဖြစ်သည်။ ဗမာလူမျိုးတို့သည် တိဘက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman Languages) ပြောဆိုသည့် လူမျိုးနွယ်စုကြီးမှ အကြီးဆုံးသော လူမျိုးဖြစ်သည်။ လူဦးရေ ၃၈သန်းကျော်ခန့်သည် မြန်မာဘာသာစကားကို မိခင်ဘာသာစကား အနေဖြင့် သုံး၍ မြန်မာတိုင်းရင်သားများသည် ဒုတိယဘာသာစကား အနေဖြင့် သုံးသည်။


မြန်မာဘာသာစကားသည် တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုတွင် ပါဝင်သည်။ တိဘက်-ဗမာနွယ် ဘာသာစကားများ အုပ်စုသည် တရုတ်-တိဗက်နွယ် ဘာသာစကားများ မိသားစု (Sino-Tibetan Languages Family) ထဲတွင် ပါသည်။ မြန်မာဘာသာသည် တက်ကျသံရှိသော (tonal) ၊ နိမ့်မြင့်အမှတ်အသားရှိ (pitch-register) ဖြစ်သော၊ ဧကဝဏ္ဏစကားလုံး (monosyllabic) အလွန်များသော ဘာသာစကား ဖြစ်သည်။ ကတ္တား-ကံ-တြိယာ စကားလုံးအစီအစဉ်ဖြင့် ရေးသော သရုပ်ခွဲဘာသာစကား (analytic language) လည်းဖြစ်သည်။ မြန်မာအက္ခရာများသည် ဗြာဟ္မီအက္ခရာ မှ ဆင်းသက်လာသည်။


အတန်းအစားခွဲခြင်း


မြန်မာဘာသာစကားသည် တရုတ်-တိဗက်နွယ် ဘာသာစကား မိသားစု ၏ ဗမာနွယ်ဘာသာစကားများ (Burmish languages) မှ တစ်ခုဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲတွင် တရုတ်နွယ် ဘာသာစကား (Sinitic) မဟုတ်သည့် ဘာသာစကားများတွင် သုံးစွဲသူ အများဆုံး ဘာသာစကား ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများထဲ၌ မြန်မာဘာသာစကားသည် စာပေအရေးအသားစနစ် ပေါ်ထွန်းခဲ့ရာတွင် တရုတ်စာ၊ ပျူစာ၊ တိဗက်စာနှင့် တောင်ဂွတ်စာ တို့နောက် ပဉ္စမမြောက် ဖြစ်သည်။


ဒေသိယစကားများ


ဧရာဝတီမြစ်ဝှမ်း တစ်လျောက်တွင် နေထိုင်ကြသော မြန်မာစကား ပြောဆိုသူများသည် ကွဲပြားခြားနားမှု မပြောပလောက်သော စကားလုံးအသုံးအနှုန်း ကွာခြားမှုသာ ရှိသည်။ သို့သော် စံပြုမြန်မာစကားဖြင့် ကွာခြားသည့် ဒေသိယစကား ပြောဆိုသည့် လူနည်းစုများကို မြန်မာနိုင်ငံ၏ ဘေးအစွန် ဒေသများတွင် တွေ့ရသည်။ အဆိုပါ ဒေသိယစကားများမှာ


တနင်္သာရီတိုင်းဒေသကြီး – ဘိတ်စကား၊ ထားဝယ်စကား၊ ပုလောစကား

မကွေးတိုင်းဒေသကြီး – ယောစကား

ရှမ်းပြည်နယ် – အင်းသားစကား၊ တောင်ရိုးစကား၊ ဓနုစကား

ရခိုင်ပြည်နယ်တွင် ပြောဆိုကြသော ရခိုင်စကားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြောဆိုကြသည့် မရမာစကား များအား မြန်မာ ဒေသိယစကားများအဖြစ် ယူဆကြသလို တခါတရံ သီးခြားဘာသာစကား များအဖြစ်လည်း ယူဆကြသည်။ ရခိုင်စကားသည် ရှေးဟောင်း မြန်မာစကားနှင့် အတူဆုံးဖြစ်သည် ([r] အသံသုံးသေးသည်)။ တနင်္သာရီတိုင်း၏သီးခြားစကားများမှာ သံရပ်ကိုတိုးသည်။ ထားဝယ်ဘာသာသည် [-l-] (ရှေးဟောင်းမြန်မာစာမှ အသုံးပြုသည်) အလယ်သုံးသေးသည်။ စကားအသုံးအနှုန်းနှင့် အသံထွက်များတွင် ကွာခြားမှု ရှိကြသော်လည်း ဗမာဘာသာစကား၏ ဒေသိယစကားများတွင် အပြန်အလှန် နားလည်နိုင်စွမ်း ရှိကြသည်။ အများအားဖြင့် နိမ့်မြင့်သံ လေးမျိုးရှိခြင်းနှင့် ဗျည်းသံများတူခြင်းနှင့် စာရေးသားရန် မြန်မာအက္ခရာများကိုသာ သုံးကြခြင်း စသည်တို့တွင် တူညီကြသည်။


ဧရာဝတီ မြစ်ဝှမ်းဒေသ


ရန်ကုန်-မန္တလေး တို့တွင် တစ်ဆက်တစ်စပ်တည်း ပြောဆိုကြသော စံပြု မြန်မာစကားသည် ဧရာဝတီ မြစ်ဝှမ်းတွင် သုံးသော စကားများပင် ဖြစ်သည်။ အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ကြားအဓိက စကားကွာခြားမှုမှာ အသံထွက်ကွာခြားခြင်း မဟုတ်ဘဲ စကားလုံးရွေးချယ်မှု ကွာခြားခြင်းဖြစ်သည်။ ဧရာတီမြစ်ဝှမ်းအတွင်း အသံထွက် ကွာခြားမှု အနည်းငယ် ရှိသည်။ ဥပမာ ရဟန်းသံဃာများကို ကပ်လှူသည့် ဆွမ်းကို အထက်မြန်မာပြည်က ဆွမ်း [sʰwáɴ] ဟု စာလုံးပေါင်းအတိုင်း အသံထွက်သော်လည်း အောက်မြန်မာပြည်တွင် ဆွန်း [sʰʊ́ɴ] ဟု အသံထွက်ပါသည်။ မန္တလေးတွင် ကျား၊ မ မရွေး မိမိကိုယ်ကို "ကျွန်တော်"ဟု ညွှန်းဆို ပြောကြားလေ့ရှိသည်။ ရန်ကုန်တွင်မူ ‘ကျွန်တော်’ကို အမျိုးသားများသာ သုံးကြပြီး အမျိုးသမီးများက "ကျွန်မ"ဟု သုံးနှုန်းသည်။ အထက်မြန်မာပြည်တွင် မိခင်နှင့် ဖခင်ဘက်မှ ဆွေမျိုးသားချင်းများကို ခွဲခြား ခေါ်ဝေါ်နေဆဲ ရှိပြီး အောက်မြန်မာပြည်တွင်မူ သိသိသာသာ ခွဲခြား ထားခြင်း မရှိပေ။ ဥပမာ အထက်မြန်မာပြည်တွင် ဖခင်၏ အမနှင့် ညီမအား အရီးကြီးနှင့် အရီးလေးဟု လည်းကောင်း၊ မိခင်၏ အမနှင့် ညီမအား ဒေါ်ကြီးနှင့် ဒေါ်လေးဟု ခေါ်ဝေါ်ကြသည်။ အောက်မြန်မာပြည်တွင် ဒေါ်ကြီးနှင့် ဒေါ်လေးဟုသာ ခေါ်ဝေါ်သည်။


မြန်မာစကားသည် အထက်မြန်မာပြည်တွင် မြစ်ဖျားခံခဲ့သည် ဆိုသော်လည်း ယနေ့ မြန်မာနိုင်ငံတွင် စံအဖြစ် အသိအမှတ်ပြုထားသည့် လေယူလေသိမ်းနှင့် အသုံးအနှုန်းမှာ ရန်ကုန်မြို့မှ လေယူလေသိမ်းနှင့် အသုံးအနှုန်းများ ဖြစ်သည်။ ဤသို့ ဖြစ်ရသည်မှာလည်း ရန်ကုန်မြို့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် မြို့တော်ဖြစ်လာသည်က တစ်ကြောင်း သတင်းမီဒီယာများ၏ လွှမ်းမိုးမှုကြောင့် တစ်ကြောင်း တို့ကြောင့် ဖြစ်သည်။ ကုန်းဘောင်ခေတ်တွင် မင်းနေပြည်တော်မှာ မန္တလေးမြို့ဖြစ်သောကြောင့် ယခင်ကမူ မန္တလေးမြို့သူ မြို့သားများ ပြောကြားသည့် လေယူလေသိမ်းကို စံအဖြစ် ယူဆကြသည်။


အောက်မြန်မာပြည်တွင် ဘာသာစကားပျံ့နှံ့မှု


မြန်မာစကား ပြောသူများ၊ အထူးသဖြင့် ဧရာဝတီ မြစ်ဝှမ်းတွင် နေထိုင်ကြသူများ ကြားတွင် အပြောစကားသည် မှတ်သားဖွယ်ရာပင် ညီညွတ်တူညီသည်။ အဓိကကျသော ပထမအကြောင်းအရင်းမှာ ရိုးရာ ဘုန်းတော်ကြီးကျောင်း ပညာရေး စနစ်ကြောင့် ဖြစ်သည်။ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများသည် ပညာရေးကို များစွာ အားပေးပြီး စကားအပြောအဆို အရေးအသားကောင်းမွန် ညီညွတ်အောင် အလေးထား သင်ကြားပေးသည်။


ဗြိတိသျှတို့သည် မြန်မာပြည်တစ်ခုလုံးကို သိမ်းပိုက်ပြီး ငါးနှစ်အကြာတွင် တစ်ပြည်လုံး ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ ကုန်းဘောင်မင်းဆက် နယ်မြေအတွင်း အမျိုးသားများ စာတတ်မြောက်မှုနှုန်းများ ထူးခြားစွာ မြင့်မားနေပြီး ၆၂.၅ ရာခိုင်နှုန်းအထိ ရှိသည်။ စာတတ်မြောက်မှု မရှိသေးသော လူနည်းစုလူမျိုးများရှိရာ တောင်ပေါ်ဒေသအချို့ကို ထည့်သွင်းတွက်ချက်ခြင်း မပြုလျှင် ထိုကိန်းဂဏန်းထက် ပိုမိုများမည်ဖြစ်ရာ ထိုခေတ်အခါအနေဖြင့် အလွန်မြင့်မားသော နှုန်းထားဖြစ်သည်။ အထက်မြန်မာပြည်မှ ဗမာမျိုးနွယ် ဗမာစကားပြောသူများ အောက်မြန်မာပြည်သို့ ပြောင်းရွှေ့နေထိုင်ကြသည်မှာ များစွာ မကြာသေးသော်လည်း အောက်မြန်မာပြည်တွက်လည်း ​ဗမာလူမျိုးများပျံ့နှံ့နေထိုက်ကြပြီး ၎င်းတို့ကို အောက်သားဟုခေါ်ကြသည်။ ၁၈ ရာစု အလယ်ပိုင်းအထိ အောက်မြန်မာပြည်တွင် မွန်လူမျို၊ ​ဗမာ နှင့်အခြာလူမျိုးများ နေထိုင်ကြပြီး ​ဗမာဘာသာစကားက လွှမ်းမိုးထားသည်။ ၁၇၅၇ ခုနှစ်တွင် မြန်မာစကားပြောသည့် ကုန်းဘောင်မင်းဆက်က ဟံသာဝတီပြည်ကို အနိုင်ရရှိပြီးနောက် စတင်၍ အောက်မြန်မာပြည်တွင် ဗမာစကားကိုသာ အဓိကထား သုံးစွဲလာကြသည်။ ၁၈၃၀ ခုနှစ်ရောက်သော အခါ ၎င်းဒေသတွင် နေထိုင်သူများ၏ ၉၀ ရာခိုင်နှုန်းက ကိုယ့်ကိုကိုယ် ဗမာ ဟု သတ်မှတ်ပြောဆိုကြသည်။ အကြောင်းရင်းမှာ အထက်မြန်မာပြည်မှ ဗမာများ ပြောင်း ရွေ့လာခြင်း၊ ယဉ်ကျေးမှုဓလေ့ ကူးပြောင်းခြင်း၊ မွန်လူမျိုးများ ယိုးဒယားသို့ရွှေ့ပြောင်းခြင်း၊ အပြန်အလှန်သွေးနှောခြင်းများကြောင့် ဖြစ်နိုင်သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် ဆန်ထုတ်လုပ်မှု အရှိန်မြှင့်လာခြင်း၊ အထက်မြန်မာပြည်တွင် နိုင်ငံရေးတည်ငြိမ်မှု မရှိခြင်းများကြောင့် ရွှေ့ပြောင်းမှုမှာ ပိုမိုများပြားလာခဲ့သည်။


ဧရာဝတီ မြစ်ဝှမ်းဒေသ၏ ပြင်ပ

ဧရာဝတီမြစ်ဝှမ်းနှင့် ပိုမိုဝေးကွာလေ ဒေသိယစကားများသည် စံပြုမြန်မာဘာသာစကားနှင့် ပိုမိုဝေးကွာလေဖြစ်သည်။ ၎င်းတို့မှာ ယောစကား၊ ပလောစကား၊ ဘိတ်စကား၊ ထားဝယ်နှင့် အင်းသားစကားတို့ ဖြစ်သည်။ စကားအသုံးအနှုန်းနှင့် အသံထွက်ပုံတို့ များစွာ ကွဲပြားသော်လည်း ဒေသိယစကားများသည် တစ်ခုနှင့် တစ်ခု အပြန်အလှန်လေ့လာနားလည်နိုင်စွမ်း ရှိကြသည်။ အထူးသဖြင့် တနင်္သာရီ ဒေသရှိ စကားများသည် စံပြုမြန်မာစကားနှင့် နှိုင်းယှဉ်လျှင် ပို၍ ရှေးဆန်သည်။ ရှေးဟောင်း မြန်မာစကားတွင်သာ တွေ့ရသော (လဆွဲ – ဥပမာ – အ္လ ) သံသည် စံပြုမြန်မာစကားတွင် မရှိတော့သော်လည်း ထားဝယ်စကားနှင့် အင်းသားစကားများတွင် ကျန်ရှိနေသေးသည်။ ဘိတ်စကားပြောသူများမှာ ၂၅၀၀၀၀ ခန့်ရှိပြီး ထားဝယ်စကား ပြောသူများမှာ ၄၀၀၀၀၀ ခန့် ရှိသည်။


ရခိုင်စကားတွင် အထင်ရှားဆုံးမှာ ရှေးမြန်မာစကားမှ မပြောင်းလဲပဲ ကျန်ရှိနေသော "ရ" သံ [ɹ]ဖြစ်သည်။ ၎င်းအသံသည် ခေတ်ပေါ် စံပြုမြန်မာစကားတွင် "ယ" သံ [j] အဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။ နောက်တစ်ခုမှာ 'ဧ' သရသံနှင့် 'ဣ' သရသံတို့ ပေါင်းစပ်သွားခြင်း ဖြစ်သည်။ ထို့ကြောင့် စံပြုမြန်မာစကားတွင် 'ခွေး' ဆိုသော အသံသည် ရခိုင်စကားသံအားဖြင့် "ခွီး" ဟု အသံထွက်ပါသည်။


အသုံးခွဲခြားခြင်း

မြန်မာဘာသာစကားတွင် အသုံးမူကွဲ နှစ်မျိုးရှိသောကြောင့် စုံတွဲဘာသာစကား (Diglossia) ဖြစ်သည်။


စာပေဟန် – အမြင့်(မြန်မာစာ) → စာကြီးပေကြီးရေးသားခြင်း၊ သတင်းစာများ၊ အစိုးရ ဌာနဆိုင်ရာ ရုံးစာများ၊ ရုပ်သံ ရေဒီယို သတင်းကြေညာခြင်း၊ မိန့်ခွန်းပြောခြင်း စသည်တို့တွင် သုံးနှုန်းသည့် ပုံစံ ဖြစ်သည်။

စကားပြောဟန် – အနိမ့် (မြန်မာစကား) → နေ့စဉ်သုံး စကားပြောဆိုသောပုံစံ၊ သာမန်ရုပ်သံအစီအစဉ်များ၊ ကာတွန်း/ဝတ္ထုများ စသည်တို့တွင် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပြောဆိုနေကြသည့် ပုံစံ ဖြစ်သည်။

မြန်မာ စာပေပုံစံသည် သာမန်အားဖြင့် အသုံးမရှိတော့သည့် ရှေးရိုးဆန်သော သဒ္ဒါဆိုင်ရာ စကားလုံးများ (ဥပမာ – ပစ္စည်း၊ဝိဘတ်၊ နာမ်စား၊ သမ္ဗန္ဓ) ကို ဆက်လက်ထိန်းသိမ်းသုံးစွဲလျက် ရှိသည်။ အများအားဖြင့် အရေးပုံစံတွင် သုံးနှုန်းနေသော သဒ္ဒါဆိုင်ရာ စာကားလုံး တို့သည် မြန်မာစကားပြောပုံစံတွင်ရှိသော သဒ္ဒါဆိုင်ရာ စာကားလုံးတို့ဖြင့် လုံးဝ ဆက်စပ်မှုမရှိပါ။ ဥပမာ –


နာမ်စား – (မြန်မာစာ အသုံး) ဤ → (မြန်မာစကား အသုံး) ဒီ

နာမ်စား – (မြန်မာစာ အသုံး) ထို → (မြန်မာစကား အသုံး) ဟို

ဝိဘတ် – (မြန်မာစာ အသုံး) ၌ → (မြန်မာစကား အသုံး) မှာ

ပစ္စည်း – (မြန်မာစာ အသုံး) များ → (မြန်မာစကား အသုံး) တွေ

ပစ္စည်း – (မြန်မာစာ အသုံး) ၏ → (မြန်မာစကား အသုံး) ရဲ့

သမ္ဗန္ဒ – (မြန်မာစာ အသုံး) နှင့် → (မြန်မာစကား အသုံး) နဲ့

သမ္ဗန္ဒ – (မြန်မာစာ အသုံး) လျှင် → (မြန်မာစကား အသုံး) ရင်

စကားပြောဟန်သည် လေးနက်မှု၊ အာဏာခွန်အားနှင့် ခန်းနားထည်ဝါမှု မရှိသောကြောင့် သမိုင်းကြောင်းအားဖြင့် စာရေးသားခြင်းအတွက် စာပေဟန်ကို ပို၍သုံးခဲ့ကြသည်။ ၁၉၆၀ ကျော်အလယ်ပိုင်းနှစ်များမှ စတင်၍ အချို့သော မြန်မာစာရေးဆရာများသည် စာပေဟန်ကို ဖျောက်ဖျက်ပြီး စကားပြောဟန်ဖြင့် အစားထိုးရန် ကြိုးစားခဲ့ကြသည်။ မင်းလတ် ကဲ့သို့ မြန်မာ ဘာသာဗေဒပညာရှင် အချို့က စာပေဟန်မှ ခွဲထွက်ရန်အတွက် အဆိုပြုခဲ့ကြသည်။ စာရေးသားသည့်အခါမှာ စာပေဟန်ကို အတော်များများ အသုံးပြုနေကြ သော်လည်း များမကြာမီကစတင်ပြီး ဟိတ်ဟန်မလိုတဲ့ စာရေးသား ခြင်းကိစ္စတွေမှာ စကားပြောဟန်ကို အသုံးပြုခြင်းဟာ ခေတ်စားလာပြီ ဖြစ်ပါတယ်။ ယနေ့အခါမှာတော့ ရုပ်သံသတင်း၊ ရုပ်ပြစာအုပ်၊ ကြော်ငြာအရေးအသား စသည့် ကိစ္စတွေမှာ စကားပြောဟန် သို့မဟုတ် ပိုမိုရိုးရှင်းပြီး ပေါ့ပါးတဲ့ စာရေးဟန်တွေကို ပြောင်းလဲ အသုံးပြုနေကြပြီ ဖြစ်သည်။


အပြောစကားမှ ယဉ်ကျေးသိမ်မွေ့မှု အဆင့်အလိုက် စကားလုံးသတ်မှတ်ချက်များနှင့် စကားပြောသူတွေရဲ့ အသက်အရွယ်၊ ဆွေမျိုးတော်စပ်မှု စသည့် အနေအထားအရ အရိုအသေပြု ခေါ်ဝေါ်ရတဲ့ အသုံးအနှုန်းတွေ ရှိသည်။ ယဉ်ကျေးသိမ်မွေ့မှုကို ပြသရန်အတွက် "ပါတယ်"၊ "ပါခင်ဗျ" စသည့် ဝိဘတ် များကို မကြာခဏ အသုံးပြုကြသည်။ နာမ်စားတွေမှာလည်း အသုံးပုံစံ အမျိုးမျိုးရှိသည်။ ဆရာ/ဆရာမ၊ အရာရှိ၊ အသက်ကြီးသူ စသည့်သူများအား ခေါ်ဝေါ်ရန်အတွက် ယဉ်ကျေးတဲ့စကားအသုံးအနှုန်းပုံစံတွေ သတ်မှတ်ထားရှိသည်။ ဘာသာရေးနဲ့သက်ဆိုင်တဲ့ ရဟန်းသံဃာတွေနဲ့ ပတ်သက်ပြီး ပြောဆိုရေးသားတဲ့ အသုံးအနှုန်းများသည်လည်း သာမန် နေ့စဉ်သုံး စကားပြော အသုံးအနှုန်းများဖြင့် များစွာ ကွာခြားသည်။


တက်ကျသံဘာသာစကား

သွင်ပြင်လက္ခဏာတစ်ခုမှာ မြန်မာဘာသာစကားတွင် အသံအနိမ့်အမြင့်ပြောင်းလျှင် စကားလုံးအဓိပ္ပာယ်ပြောင်းခြင်း ဖြစ်သည်။ တက်ကျသံကို အင်္ဂလိပ်ဘာသာစကားတွင် tone ဟုခေါ်သည်။ က၊ ကာ၊ ကား၊ လု၊ လူ၊ လူး၊ ပန့်၊ ပန်၊ ပန်း စသည်ဖြင့် အသံအတက်အကျ ပြောင်းခြင်းသည် တက်ကျသံပြောင်းခြင်း ဖြစ်သည်။ က၊ ကာ၊ ကား ဟူသော စကားလုံးသုံးလုံးသည် ဗျည်းလည်းတူသည်၊ သရလည်းတူသည်၊ တက်ကျသံသာကွဲပြားသည်။ တက်ကျသံကွဲပြားသည်သာမက စကားလုံးတစ်လုံးစီ၏ အဓိပ္ပာယ်လည်း ကွဲပြားသွားသည်။


သူကနေသည်။

သူကာနေသည်။

သူကားနေသည်။

အထက်ပါဝါကျများတွင်တွေ့ရသည့်အတိုင်း တက်ကျသံပြောင်းပြောရုံဖြင့် အဓိပ္ပာယ်များ ပြောင်းသွားသည်။ ဤဘာသာစကားမျိုးကို တက်ကျသံဘာသာစကားဟု ခေါ်သည်။ ထို့ကြောင့် မြန်မာဘာသာစကားသည် တက်ကျသံဘာသာစကားဖြစ်သည်။


စကားလုံးအသံထွက်များ

ဤအပိုင်းတွင် နိုင်ငံတကာ အသံထွက်သင်္ကေတ (နိုင်ငံတကာ သဒ္ဒဗေဒအက္ခရာ) များကိုအသုံးပြုထားခြင်းများပါဝသ်သည်။


ဗျည်းများ

အောက်ပါတို့သည် ဗျည်းများဖြစ်ကြ၍ ဗျည်းစစ်စစ်ကို ပုံဖော်ရာ၌ "က်၊ ခ်၊ ဂ်..." ဟုရေးသားရသော်လည်း အမြင်ပိုင်းဆိုင်ရာနှင့် ဖတ်ရှုမှု လွယ်ကူစေရန် "က၊ ခ၊ ဂ..." ဟူ၍သာ ဇယားများထဲ၌ ဖော်ပြထားသည်။


နောက်ထပ် အချက်အလက်များ နှုတ်ခမ်း, သွား ...

ဂျန်နီနှင့် စန်းစန်းနှင်းထွန်း (Jenny & San San Hnin Tun (2016:15)) တို့အရ 'သ' ၏ သင်္ကေတဖြစ်သော θ နှင့် ð တို့သည် ပွတ်တိုက်ဗျည်းများ (/θ, ð/) များဖြစ်ကြ၍ ထိုသင်္ကေတများနေရာ၌ သွားဌာန်ရပ်သံများဖြစ်သော (/t̪, d̪/) ကိုသာသုံးသင့်သည်ဟု ဆိုသည်။


(သရရွေ့) သွားရင်းဗျည်း 'ရ်' (/ɹ/) သည် မွေးစားစကားလုံးအချို့တွင် 'ယ်' နေရာ၌ အစားထိုး(တူညီသော) ဗျည်းဖြစ်နိုင်သည်။


​နောက်ဆုံးနှာသံ /ɰ̃/ သည် မူရင်းနောက်ဆုံးနှာသံ လေးခုဖြစ်သော ⟨မ်⟩ /m/, ⟨န်⟩ /n/, ⟨ဉ်⟩ /ɲ/, ⟨င်⟩ /ŋ/ တို့နှင့် လျှာဖျားကော့ဗျည်း ⟨ဏ⟩ /ɳ/ (ပါဠိစာလုံးများ၌သုံးစွဲ) အတွက် အစားထိုးရေးသားနိုင်ကာ နှာသံပြုသင်္ကေတ သေးသေးတင် (ံ) သည် က→ကံ ဟု နှာသံပြရာတွင်သုံးစွဲကြ၍ အများအားဖြင့် နှာသံလယ်နေရာကို အစားထိုးနိုင်လေသည်။ ဥပမာ တံခါး (တန်ခါး, tankhá) ၊ တံတား (တန်တား, tantá) တို့နှင့် ပါဠိနှင့် မူရင်းမြန်မာစကားရှိ ⟨မ်⟩ ကိုလည်း အစားထိုးနိုင်သည်။ အထူးသဖြင့် ငံ (ငမ်, ngam) ၊ သုံး (သုမ်း, thóum) ၊ ဆုံး (ဆုံးမ်, sóum) တို့ဖြစ်ကြသည်။ သို့သော်လည်း 'ည်' နေရာကိုမူ အစားမထိုးနိုင်ပေ။ 'ည' ကို နှာသံအဖြစ် အသိအမှတ်မပြုထားသောကြောင့်ဖြစ်ကာ 'ည်' သည် အရှေ့အဖွင့်/ပွင့် သရများဖြစ်သော အီး ([iː])၊ အဲ ([eː]) (သို့) အေး ([ɛː]) တို့နှင့် ပို၍ နီးစပ်သည်။


နောက်ဆုံးနှာသံကို သရ၏နှာသံအဖြစ် သတ်မှတ်ယူဆကြသည်။ သံရင်းမျိုးပြားအရ 'လေလမ်းကြောင်းပိတ်ရပ်သံများ'၏ အရှေ့တွင် နှာသံအဖြစ်တည်ရှိနိုင်သည်။ သာဓကပြရလျှင် မုန်တိုင်း (မုန်ဒိုင်း) ကို သဒ္ဒဗေဒပုံစံဖြင့် /mòʊɰ̃dáɪɰ̃/ ဟုရေးသားထားသည်ကို အသံထွက်ကြသည်မှာ [mõ̀ũndã́ĩ] အဖြစ် အသံပြုကြလေသည်။

သရများ

နောက်ထပ် အချက်အလက်များ လုံးချင်းသရ, သရတွဲ ...

သရတွဲများကို ပြသရာ၌ တစ်လုံးချင်းစီ၏ အသံကို ရေးသားထားခြင်းဖြစ်သည်။ ထိုအသံနှစ်ခုသည် ပူးပေါင်း၍ လျင်မြန်စွာရွတ်ဆိုရသည်။ ဥပမာ : /eiʔ/ ဆိုလျှင် အိတ်/အိပ် ၊ /ouʔ/ ဆိုလျှင် အုတ်/အုပ် ၊ /aũ/ ဆိုလျှင် အောင် စသဖြင့်ဖြစ်၏ ။


လေးသံ

မြန်မာဘာသာ သံနေသံထားဘာသာဖြစ်တော့ phonemic ခြားနားချက် သရအသံပေါ်မှာမူတည်သည်။ မြန်မာဘာသာမှာ အသံခြားနားချက်များက လေသံ၊ phonation၊ အသံအ‌ရှိန်၊ အဓွန့်၊ နှင့် သရအရည် အားလုံးပေါ်မှာလည်းမူတည်သည်။ အသံခြားနားချက်လေးခုရှိသည်။


နောက်ထပ် အချက်အလက်များ အသံနာမည်, IPA ...

နမူနာမှာ ‌အသံတွေစကားလုံများ၏ အဓိပ္ပယ်ပျောင်းသည်။


နိမ့်သံ /kʰà/ (ခါ)

တက်သံ /kʰá/ (ခါး)

သက်သံ /kʰa̰/ (ခ)

တိုင်သံ /kʰaʔ/ (ခတ်)

/N/ ပါတဲ့ဝဏ္ဏမှာ တိုင်သံမပါဘူး။


နိမ့်သံ /kʰàN/ (ခံ)

တက်သံ /kʰáN/ (ခန်း)

သက်သံ /kʰa̰N/ (ခန့်)

အက္ခရာ

အကျယ်တဝင့် ဖော်ပြထားသောဆောင်းပါးများ - မြန်မာအက္ခရာ နှင့် မြန်မာအက္ခရာသမိုင်း


မြန်မာအက္ခရာနမူနာများ

ဝေါဟာရ

မြန်မာဝေါဟာရ အများစုသည် တိဗက်-ဗမာနွယ် ဘာသာစကားများ (Tibeto-Burman) စကားမျိုးနွယ်ဝင်ဖြစ်ပြီး ဧကဝဏ္ဏစကားလုံး(monosyllabic) ဘာသာစကား ဖြစ်သည်။ ။ သို့ပေမဲ့ အချို့ဝေါဟာရများ အထူးသဖြင့် မွေးစားဝေါဟာရများမှာမူ အသံ တစ်သံထက် ပိုထွက်လေ့ရှိသည်။ မွေးစားဝေါဟာရများမှာ များသောအားဖြင့် နာမ် ပုံစံနများ ဖြစ်ကြသည်။


ဗုဒ္ဓဘာသာ၏ ကျမ်းစာပေ ဘာသာစကားဖြစ်သော ပါဠိဘာသာစကားသည် မြန်မာဘာသာစကားအပေါ် အထူးလွှမ်းမိုးမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာလူ့အဖွဲ့အစည်းအား ဗုဒ္ဓဘာသာက အထူးလွှမ်းမိုးခြင်း၊ မြန်မာဘာသာစကားနှင့် ပါဠိဘာသာစကားကြား ဆင်တူသည့် အသံထွက်စနစ် ရှိခြင်း၊ မြန်မာစာရေးစနစ် ကိုအသုံးပြု၍ ပါဠိဘာသာစကားကို လုံးဝတိတိကျကျ ရေးသားနိုင်ခြင်း စသည့်အချက်များကြောင့် ဖြစ်သည်။ ပါဠိမှ ဆင်းသက်လာသော မွေးစားစကားလုံးများသည် ဘာသာတရား၊ အစိုးရ၊ ဝိဇ္ဇာ၊ သိပ္ပံ တို့နှင့် ဆက်နွယ်လေ့ ရှိသည်။ ပါဠိစကားလုံးများကို မွေးစားရာတွင် ပုံစံ လေးမျိုးဖြင့် မွေးစားသည်။


တိုက်ရိုက်မွေးစားခြင်း – ပါဠိစကားလုံးအား မူရင်း ပါဠိအတိုင်း ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "ဒေါသ" → မြန်မာဘာသာစကားဖြင့် "ဒေါသ"

ပါဠိဘာသာစကားဖြင့် "လောဘ" → မြန်မာဘာသာစကားဖြင့် "လောဘ"

အတိုကောက်မွေးစားခြင်း – ပါဠိစကားလုံးအား အတိုချုံ့၍ ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "ကမ္မ" → မြန်မာဘာသာစကားဖြင့် "ကံ"

ပါဠိဘာသာစကားဖြင့် "အရုဏ" → မြန်မာဘာသာစကားဖြင့် "အာရုဏ်"

ပါဠိဘာသာစကားဖြင့် "ကုသလ" → မြန်မာဘာသာစကားဖြင့် "ကုသိုလ်"

နှစ်ခါမွေးစားခြင်း – မူရင်းပါဠိစကားလုံးအား မတူညီတဲ့ မြန်မာစကားလုံးနှစ်မျိုးအတွက် ယူသုံးသည်

ပါဠိဘာသာစကားဖြင့် "မာန" → မြန်မာဘာသာစကားဖြင့် "မာန" နှင့် "မာန်"

ပေါင်းစပ်မွေးစားခြင်း – မြန်မာစကားလုံးနှင့် ပါဠိစကားလုံးများအား ရောစပ်၍ စကားလုံးအသစ် တီထွင် အသုံးပြုသည်

လေယာဉ်ပျံ – လေ←(မြန်မာစကားလုံး) + ယာဉ်←(ပါဠိစကားလုံး) + ပျံ←(မြန်မာစကားလုံး)

အင်္ဂလိပ်ဘာသာမှ မွေးစားစကားလုံးများသည် သိပ္ပံနှင့်နည်းပညာ၊ တိုင်းတာ ခြင်တွယ်ခြင်း၊ ခေတ်သစ် ပညာရပ်များနှင့် ဆက်နွယ်သည်။

မွန်ဘာသာသည် မြန်မာဘာသာအပေါ် လွှမ်းမိုးမှု မရှိသောကြောင့် မွန်ဘာသာမှ မွေးစားထားသော ဝေါဟာရများနှင့် မြန်မာ ဝေါဟာရများကို ခွဲခြားနိုင်ရန် ခဲယဉ်းလှသည်။

သင်္သကရိုက်ဘာသာ (ဘာသာတရား)၊ တရုတ်ဘာသာ (ကစားနည်းနှင့် အစားအသောက်) နှင့် ဟိန္ဒီဘာသာ (အစားအသောက်၊ အုပ်ချုပ်ရေးနှင့် ရေကြောင်းပို့ဆောင်ရေး) မွေးစားစကားလုံးများကိုလည်း တွေ့ရသည်။

တစ်ခြားဘာသာများမှ မွေးစားထားသည့် မြန်မာဝေါဟာရများလည်း ရှိသေးသည်။

နောက်ထပ် အချက်အလက်များ ဘာသာ, နံပါတ် (မွေးစားစကာလုံ၊ နာမ်မှ) ...

သာဓက –


ဒုက္ခ ([doʔkʰa̰]) – ပါဠိ "dukkha"

ရေဒီယို ([rèdìjò]) – အင်္ဂလိပ် "radio"

စနစ် ([səniʔ]) – မွန် "စ္နတ်‌"

ကော်ပြန့် ([kɔ̀pja̰n]) – အင်္ကျီတို (ဖူကျန့်) တရုတ် 潤餅 (jūn-piáⁿ)

ဇနီး ([zəní]) – ဟိန္ဒီ पत्नी (jani)

ခေါက်ဆွဲ ([kʰaʊʔ sʰwé]) – ရှမ်း "ၶဝ်ႈသွႆး"

ပေ ([pè]) – ပေါ်တူဂယ် pé

အလံ ([əlàn]) – အာရပ် alam

ပြင်ပလင့်ခ်များ

Burmese/Myanmar script and pronunciation at Omniglot

Myanmar Unicode Character Picker Archived 9 December 2012 at Archive.is

Myanmar Unicode Implementation Public Awareness Archived 2 January 2014 at the Wayback Machine.

Myanmar3 keyboard layout Archived 17 September 2008 at the Wayback Machine.

myWin2.2 Archived 20 August 2008 at the Wayback Machine.

Fonts supporting Burmese characters

Burmese Wikipedia:Font page

Burmese Unicode & NLP Research Centre Archived 9 February 2006 at the Wayback Machine.

Parabaik Myanmar Unicode Project GPLed and OFLed Archived 9 February 2008 at the Wayback Machine.

Myanmar-English Unicode dictionary

ကျမ်းကိုး


မြန်မာဝေါဟာရသရုပ်ခွဲကျမ်း


 - ဝေါဟာရသရုပ်ခွဲကျမ်းဆိုသည်မှာ အဘိဓာန်ထက်ပိုမိုကျယ်ပြန့်ပြီး ဘာသာစကားတစ်ခု၏ ဝေါဟာရများကို ဘာသာဗေဒနည်းအရ အသေးစိတ် ခွဲခြမ်းစိတ်ဖြာထားခြင်း ဖြစ်သည်။ ၎င်းတွင် ဘာသာစကား၏ အလွန်အသုံးဝင်သော အရင်းအမြစ်များကို ထိန်းသိမ်းပေးထားနိုင်ခြင်း၊ စကားလုံး တစ်လုံးချင်းစီကို သာမက ယင်းစကားလုံးနှင့် ဆက်စပ်လျက် ရှိသော စကားလုံးများကို လေ့လာနိုင်ခြင်း စသည့် အဘိဓာန်တစ်ခုထက် ပိုမိုလေးနက်သော အသုံးဝင်မှုများ ပါဝင်သည်။ ထို့ကြောင့် ဝေါဟာရသရုပ်ခွဲကျမ်းသည် နိုင်ငံတစ်နိုင်ငံ၊ ဘာသာစကားတစ်ခုအတွက် မရှိမဖြစ် လိုအပ်သော အရင်းအမြစ်တစ်ခု ဖြစ်သည်။


မြန်မာနိုင်ငံ၏ ဘာသာစကားများ


မြန်မာနိုင်ငံတွင် ပြောဆိုအသုံးပြုနေသည့် ဘာသာစကားများမှာ ၁၀၀ ခန့်ရှိသည်။ မြန်မာဘာသာစကား ကို လူဦးရေ၏ သုံးပုံနှစ်ပုံခန့် ပြောဆိုအသုံးပြုကြပြီး ရုံးသုံးဘာသာစကားလည်းဖြစ်သည်။

တရုတ်-တိဗက်နွယ် ဘာသာစကားများ

တရုတ်-တိဘက်နွယ် ဘာသာစကား မိသားစုကို အချို့က တိဗက်-ဗမာနွယ် ဟူ၍လည်းကောင်း၊ ထရန်စ်-ဟိမာလေးယန်း ဟူ၍လည်းကောင်း ခေါ်ဆိုကြသည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် ဘာသာစကား ၄၀၀ ကျော်ပါဝင်ပြီး အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင်အာရှဒေသများတွင် ပြောဆို အသုံးပြုကြသည်။ အင်ဒို-ယူရိုပီယန် ဘာသာစကားများပြီးလျှင် ဒုတိယမြောက် အသုံးပြုသူ အများဆုံးရှိသည့် ဘာသာစကားများ ဖြစ်သည်။ တရုတ်-တိဗက်နွယ် ဘာသာစကားများတွင် မိခင်ဘာသာစကားအဖြစ် အများဆုံးသော ဘာသာစကားများမှာ တရုတ်ဘာသာစကား အမျိုးမျိုး၊ ဗမာ ဘာသာစကား နှင့် တိဘက်ဘာသာစကား တို့ဖြစ်ကြသည်။ တရုတ်-တိဘက်နွယ် ဘာသာစကား အတော်များများကို ဝေးလံသော တောင်ပေါ်ဒေသများတွင်ရှိသော လူမျိုးစုလေးများက ပြောဆိုလျက် ရှိကြပြီး ယင်းတို့နှင့်ပက်သက်သော မှတ်တမ်းမှတ်ရာများ နည်းပါးသည်။


#generalknowledgeforburmese

Thursday, March 14, 2024

"ပန်းချီဆရာကြီး ဦးအုန်းလွင်"

◾ ရေးသူ - ပန်းချီသိန်းဇံတင့်


ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု စာနယ်ဇင်းလောကတွင် အောင်မြင်ကျော်ကြားနေချိန် စာရေးသူ ဗဟန်းမြို့နယ် ကိုယ့်မင်းကိုယ့်ချင်းလမ်းရှိ ပန်းချီအနုပညာ ကျောင်းတက်နေစဉ် ၁၉၇၀-၁၉၇၁ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်သင်တန်းတက်ရောက်သင်ကြားနေချိန် ပန်းချီ သင်တန်းသား၊ သင်တန်းသူများအား ကန်တော်ကြီးမြေပဒေသာကျွန်း ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်ဦးမှ မြင်တွေ့နေရသော ရွှေတိဂုံ စေတီတော်မြတ်ကြီးအား လက်တွေ့ရေးဆွဲပြသ၊ သင်ကြား ပေးသွားတာကိုစာရေးသူအပါအဝင် ကျောင်းသား၊ ကျောင်းသူအားလုံးတို့က ဆရာကြီး၏လက်ရာကိုထူးခြားစွာဖြင့် တွေ့မြင်ခဲ့ကြရသည်။ ရေဆေး၏ အယူအဆ၊ ရေးနည်းရေးဟန်များအား သတ်မှတ်ရေချိန် အတိုင်းအတာ၊ ရေဆေးအကြည် (Water Colour) အား ကျွမ်းကျင် ပိုင်နိုင်စွာဖြင့် ရေးဆွဲပြသသွားတာကို စာရေးသူတို့ အတုယူရေးဆွဲကြရာဆရာကြီး၏ လက်ရာနှင့် ဆီနှင့် ရေလိုပါပဲကွာခြားလှသည်။


နောင်တစ်ချိန်တွင် ပန်းချီ ဆရာကြီး ဦးအုန်းလွင် ဖြစ်လာမည့် ငယ်နာမည် 'အပါ'လေးကို မွန်ပြည်နယ် မုဒုံမြို့ နယ် တံခွန်တိုင်ကျေးရွာ၌ အဖ ဦးငယ်၊ အမိ ဒေါ်ရွှေသဲတို့က ၁၉၀၇ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖွားမြင်သည်။ မွေးချင်းမောင်နှမ ခုနစ်ဦးရှိကာ အစ်ကိုကြီး လေးဦးနှင့် အစ်မကြီးနှစ်ဦးတို့ရှိကြပြီး အငယ်ဆုံးသား ဖြစ်သည်။ ငယ်စဉ်အရွယ်က ဇာတိမြေမှ ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ပဲခူးတိုင်း သာယာ၀တီမြို့ (B.M.A)ကျောင်း၊ပြည်မြို့ အထက်တန်းကျောင်းနှင့် ရန်ကုန်မက်သဒစ် ဟိုက်စကူးကျောင်းတွင် အဋ္ဌမတန်းအထိ ပညာသင်ကြားခဲ့သူဖြစ်သည်။


ကျောင်းမှပြုလုပ်သော ဘေဒီရှိုးပြပွဲတွင် ဆရာ ဦးအုန်းလွင်၏ လက်ရာကို ပညာဝန် ဒေါ်မြစိန်က တွေ့ရှိ သဘောကျသွားသဖြင့် ဝင်ဆာနယူတန်ကုမ္ပဏီက ပန်းချီပစ္စည်း ကျပ် ၂၀ ဖိုး ဝယ်ယူခွင့်ပေးခဲ့သည်။ပြည်မြို့၌ အဋ္ဌမတန်းအောင်မြင်သောအခါ ၁၉၂၆ ခုနှစ် မေလတွင် မြန်မာအဆွေကုမ္ပဏီက ထုတ်ဝေသည့် ဒဂုန်မဂ္ဂဇင်းက ကျင်းပသော ပန်းချီပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆရာဦးအုန်းလွင်က စတုတ္ထဆုရရှိခဲ့သည်။ ဆရာဦးဘလုံက ပထမဆု၊ ဆရာဦးမောင်မောင်တင်က ဒုတိယဆု၊ ဆရာဦးစုက တတိယ ဆုနှင့် ဆရာဦးအုန်းလွင်က စတုတ္ထဆု ရရှိခဲ့ခြင်းပင် ဖြစ်သည်။


၁၉၂၆ ခုနှစ် ဇူလိုင်လတွင် မြန်မာအဆွေကုမ္ပဏီ၌ တစ်လ ကျပ် ၄၀ ဖြင့်ပန်းချီဆရာအဖြစ် ဝင်လုပ်ခဲ့သည်။ တစ်နှစ်ခန့်ကြာသော် ဆရာဦးဘလုံက ခေါ်သဖြင့် မြန်မာအဆွေကုမ္ပဏီမှထွက်ကာ 'ဘလုံအုန်းလွင်' စတူဒီယိုဖွင့်၍ ကိုယ်ပိုင်ပန်းချီလုပ်ငန်းလုပ်ကိုင်ခဲ့သည်။ ဘားမားအတ်ကလပ်တွင်လည်း ဆရာဦးဘဉာဏ်၊ ဦးဘဇော်တို့၏ ပန်းချီသင်တန်းတွင် ရေဆေးပညာကို လေ့လာသင်ယူခဲ့သည်။


၁၉၂၉ ခုနှစ်တွင် ဗြိတိသျှဘားမားမှ ပန်းချီ ဦးစံလွင်ကခေါ်သဖြင့် လက်ထောက်ပန်းချီဆရာအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် လခစားပန်းချီဆရာအဖြစ်မှ နုတ်ထွက်၍ လွတ်လပ်သော ပန်းချီဆရာဘ၀ဖြင့် ရပ်တည် နေထိုင်ခဲ့သည်။ တွံတေး မြို့သူ မသန်းနှင့် အိမ်ထောင်ကျခဲ့သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက် ကိုယ်စားလှယ်အဖြစ် ၁၉၅၂ ခုနှစ်တွင် တရုတ်နိုင်ငံပေကျင်းမြို့သို့ သွားရောက်ခဲ့ရသည်။ ပေကျင်းမြို့ အစိုးရအနုပညာကျောင်း၌ ပန်းချီအနုပညာကို လေ့လာခဲ့သည်။ ၁၉၅၈ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ သွားရောက်ခဲ့ရာ တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံ၊ ရူမေးနီးယားနိုင်ငံတို့တွင် ပန်းချီနှင့် အခြား အနုပညာများကို လေ့လာခဲ့ရသူဖြစ်သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီဆရာကြီးများဖြစ်ကြသော ဆရာကြီး ဦးဘဉာဏ်၊ ဆရာကြီး ဦးဘဇော်၊ ဆရာ ဦးဘလုံနှင့် ဆရာဦးစံလွင်တို့ထံမှ ပန်းချီပညာများ ဆည်းပူးခဲ့ရသည်။ ၁၉၂၆ခုနှစ်မှစ၍ ဒဂုံမဂ္ဂဇင်းတွင် စာနယ်ဇင်းသရုပ်ဖော်ပန်းချီများစွာ ရေးဆွဲခဲ့သူဖြစ်သည်။ မြန်မာ့ရိုးရာပန်းချီနှင့် ဥရောပပန်းချီကို ပေါင်းစပ်၍ ရေးခြယ်မှုကို စတင်ခဲ့သူလည်း ဖြစ်ပေသည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် ပန်းချီပညာသာမက ဂီတနှင့် အကပညာကိုလည်း မြတ်နိုးစွာ လိုက်စားခဲ့သူတစ်ဦးဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်သည် မိမိကိုယ်မိမိ ယုံကြည်မှု အပြည့်အဝရှိသူဖြစ်သည်။ ထို့ကြောင့်လည်း အောင်မြင်ခဲ့သူဖြစ်သည်။ ၁၉၂၆ခုနှစ်မှစ၍ပန်းချီလောကထဲသို့ရောက်လာပြီး သူ၏ စိတ်၊ သူ၏မျက်စိဖြင့် နှစ်ပေါင်း ၆၀ ကျော် ပန်းချီအတွက် အပေးအယူလုပ်ခဲ့သည်။ စာလည်းရေးခဲ့သူဖြစ်သည်။ ပန်းချီဆရာကြီး ဦးအုန်းလွင်ရေးသားခဲ့သော ဆောင်းပါးမှာ ရှုမ၀မဂ္ဂဇင်းတွင် အခန်းဆက်ပါခဲ့သော 'ရက်ပေါင်း ၄၀ စိန့်တိုင်းဝယ်' ဖြစ်သည်။


စာရေးသူ စန္ဒာရုပ်စုံမဂ္ဂဇင်းတွင် ခေါင်းစီးစာတန်းလေးတွေ ရေးဆွဲနေရချိန်တွင် တစ်နေ့မှာ စာရေးသူအား ယမန်နေ့ကအပ်လိုက်သော ခေါင်းစီးစာတန်းကို ရေးပြီးသွား၍ မဂ္ဂဇင်းတိုက်သို့ လာပြန်အပ်ချိန် စန္ဒာမဂ္ဂဇင်းရုံးခန်းအတွင်းက ငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်နေသော ပန်းချီ ဆရာကြီး ဦးအုန်းလွင်အား မြင်တွေ့လိုက်ရချိန် အယ်ဒီတာစားပွဲတွင် ထိုင်နေသော ဆရာကြီးဦးတင့်တယ်အား စာရေးသူကရေးဆွဲလာသော ခေါင်းစီးစာတန်းအားပြသလိုက်စဉ် ဆရာကြီးက သေချာစွာကြည့်ပြီး စာရေးသူအား "ဉာဏ်ပူဇော်ခ သွားထုတ်လိုက်" ဟု ပြောလိုက်သဖြင့် စာရေးသူကငွေထုတ်ပေးသူ၏ စားပွဲရှေ့ခုံတွင် ထိုင်လိုက်ရာ ငွေထုတ်ပေးသူက စာရေးသူအားငွေထုတ်ပေးလိုက်သဖြင့် စာရေးသူလည်းငွေထုတ်ပေးသူနှင့် ဆရာကြီး ဦးတင့်တယ်အား နှုတ်ဆက်၍ ရုံးခန်းအတွင်းမှ ထွက်ခဲ့သည်။ ဗိုလ်ချုပ်လမ်းဘက်သို့သွားနေသော ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မြင်လိုက်သဖြင့် မီအောင်လိုက်ပြီး ဆရာကြီး၏ လက်ကိုဆွဲကာ "ဆရာကြီးကို ကျွန်တော် လက်ဖက်ရည်တိုက်ပါရစေ" ဟု ပြောကာ ဆရာကြီး ဦးအုန်းလွင်အား ဘေးနားတွင်ရှိနေသော ဘားလမ်း (ယခု မဟာဗန္ဓုလပန်းခြံလမ်း) အတွင်းရှိ 'ရွှေမင်းသမီး'လက်ဖက်ရည်ဆိုင်အတွင်းသို့ လက်ဆွဲခေါ်လာပြီး လွတ်နေသော စားပွဲခုံတွင် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကြကာ ကိုယ့်ကိုယ်ကိုယ်ပဲ ပဏာမ ဆရာကြီးအား မိတ်ဆက်ပေးခဲ့ရသည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်ကလည်းကိုယ် ဝါသနာပါတဲ့ အလုပ်ကို ကြိုးစားကာ တိုးတက်အောင်မြင်အောင်လုပ်ဖို့ ၊ နာမည်မပျက်ရလေအောင် လုပ်ကိုင်ဖို့ မှာကြားခဲ့ဖူးသည်။ ဆရာကြီးဦးအုန်းလွင်နှင့် ဒီတစ်ကြိမ်ရင်းရင်းနှီးနှီး မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရတာပါ။ ဆရာကြီးက လက်ဖက်ရည်သောက်၊ မုန့်စားပြီး ဆရာကြီး ဦးပြည့်စုံနှင့် ချိန်းထားလို့ဟုဆိုကာ နှုတ်ဆက်၍ ထသွားပါတော့သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်၏ ဟန်ပန် စရိုက်လက္ခဏာများကို လေ့လာလျှင် အောက်ပါအတိုင်းတွေ့ရှိရပါမည်-


(၁) လူပုံပန်းသဏ္ဌာန်မှာ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ဖြူနွဲ့နွဲ့ဖြစ်သည်။ အရောင်အသွေး ပြေပြစ်၍ မျက်စိပသာဒ အေးမြသော အဝတ်အစားများကိုသာ လိုက်ဖက်ညီညီဖြင့် အစဉ်သပ်ရပ် သန့်ရှင်းစွာ ဝတ်စားဆင်ယင်၍ လှုပ်ရှားသွားလာနေထိုင်တတ်သူဖြစ်သည်။


(၂) အရက်သေစာကို စည်းကမ်းရှိစွာ သောက်စားတတ်ပြီး အရက်သေစာကြောင့် ဂုဏ်သတင်း ညှိုးမှိန်ခြင်းနှင့် အကျင့်သိက္ခာထိခိုက်ခြင်းမရှိ။ ရောဂါဝေဒနာ စွဲကပ်မှုမရှိခဲ့ကြောင်း သိရသည်။


(၃) မြန်မာအက၊မြန်မာ့ဂီတကို နှစ်သက်မြတ်နိုးသည်။ တယောနှင့် ပတ္တလားကို ကျွမ်းကျင်စွာ တီးတတ်သည်။ မြန်မာ့ဘီလူးအကကို ကျွမ်းကျင်စွာ ကတတ်သူ ဖြစ်သည်။


(၄) စကားကောင်းသည်။ စကားဝိုင်းများ၌ ငေး၍ နားထောင်ရအောင် အပြောကောင်းသူဖြစ်သည်။ ကိစ္စတစ်ရပ်ရပ်ကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်ရုံမက နားထောင်သူအား အရသာအစုံဖြင့် လှုပ်ရှားသွားအောင် ပြောနိုင်သူဖြစ်သည်။


(၅) စာဖတ်ဝါသနာပါကာ စာပေဗဟုသုတလိုက်စားသည်။ အင်္ဂလိပ်စာ၊ မြန်မာစာကို နှံ့စပ်စွာ ဖတ်သူ ဖြစ်သည်။ ဝတ္ထု၊ ဆောင်းပါးများ၊ စာတမ်းများ အများအပြား ရေးသားခဲ့သည်။ အမှာစာများ ရေးသားခဲ့သည်။


(၆) စိတ်နေသဘောထား အလွန်ကောင်းမွန်သည်။ ရိုးသားသိမ်မွေ့သူဖြစ်သည်။ တည်ကြည်ဖြောင့်မတ်သည်။ စာနာတတ်သော်လည်း ပွင့်ပွင့်လင်းလင်းပြောဆိုတတ်သည်။ လောဘနည်းသည်။ ငွေကြေးကို မမက်မောဟု သိရသည်။


(၇) မည်သည့်အခါမျှ အလုပ်ကို ပြီးစလွယ် လုပ်လေ့ မရှိ။ ပန်းချီကားမြောက်မြားစွာ ထောင်ချီ၍ ရေးဆွဲခဲ့သော်လည်း ပန်းချီကားတစ်ချပ်ရေးတိုင်းရေးတိုင်း သေချာကျနစွာ ကြိုးစား၍ လက်စွမ်းပြရေးသားခဲ့သည်ချည်းဖြစ်သည်။


ပန်းချီဆရာကြီး ဦးအုန်းလွင်တွင် အိမ်ထောင်သုံးဆက်ရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ်တွင် တွံတေးမြို့သူ မသန်းနှင့် လက်ထပ်ခဲ့သည်။ ၁၉၃၆ ခုနှစ်မှ ၁၉၄၃ ခုနှစ်အထိ မအုန်းနှင့် ပေါင်းဖက်ခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် မအေးကြည်(မုဒုံ)နှင့် အိမ်ထောင်ပြုခဲ့သည်။ ၃-၁- ၂၀၂၄ (ဗုဒ္ဓဟူးနေ့) က စာရေးသူ စာရေးဆရာကြီး ပန်းချီ ဦးလှတင်ထွန်းနေအိမ်သို့ ရောက်သွားသည့်အခါ ပန်းချီဆရာကြီး ဦးအုန်းလွင်ရဲ့အကြောင်း ဆရာဦးလှတင်ထွန်းပြောပြတာလေး အမှတ်တရ ရေးလိုက်ရပါသည်။ "ပန်းချီဆရာကြီး ဦးအုန်းလွင်သည် အသက် (၇၀)ကျော် အရွယ်ရောက်သည့်တိုင် မန္တလေးမြို့နှင့် ပုဂံမြို့သို့ တစ်ခါတစ်ရံမျှ မရောက်ဖူးခဲ့။ လေယာဉ်ပျံမစီးဖူးခဲ့သူ ဆရာတစ်ဦးပါ။ "ပန်းချီဆရာကြီး ဦးအုန်းလွင်ကို မျက်စိရောဂါကုသပေးဖို့ မန္တလေးမြို့က လူထုဒေါ်အမာဆီ လိုက်ပို့တဲ့အထဲမှာ ဆရာပါတယ်။ ဒါပေမဲ့ မျက်စိကတော့ ကုသလို့ မရပါဘူး။ လေယာဉ်ပေါ်ကဆင်းတော့ လာကြိုနေတဲ့ လူထုဒေါ်အမာက ဆရာကြီးကိုတွေ့တော့ ဝမ်းသာအားရနဲ့ ဆရာကြီးလက်ကိုဆွဲပြီး နှုတ်ဆက်ရင်း ဆရာ့လက်တွေ ပူလို့ပါလား ပြောလို့ ပူမှာပေါ့။တစ်လမ်းလုံး မအေးကြည်ကို နှိပ်ပေးလာရတာကိုးလို့တောင် ရယ်စရာ ပြောလိုက်သေးတယ်။ လေယာဉ်ပေါ်မှာ ဆရာကြီးရဲ့ဇနီး ဒေါ်အေးကြည်က တစ်လမ်းလုံး လေယာဉ်မူးတော့ အန်လာတာလေ။ အဖော်လိုက်ခဲ့တဲ့ လူကို လူမမာက ပြုစုလာရတယ်ဆိုပြီး ရယ်စရာပြောတာပါ"


ပန်းချီဆရာကြီး ဦးအုန်းလွင်သည် သေခြင်းတရားအပေါ် ဆရာကြီးသိရှိ၍ 'ဇာတိ၏ ပန်းတိုင်သည် မရဏ'ဟူသော ဆိုစကားကိုပြောဆိုကာ သတိရှိသူတစ်ဦးဖြစ်ကြောင်း သိရသည်။ ပန်းချီဆရာကြီးဦးအုန်းလွင်သည် မျက်မမြင်ဘ၀ဖြင့် စကားပြောမည့်အဖော်ကို စောင့်မျှော်ရင်းဖြင့် ပျင်းရိဖွယ်အချိန်များကို ဖြတ်သန်းနေရချိန်တွင် အလွန်နှစ်သက်သော အရက်သေစာကို အဖော်မလုပ်။ကုန်လွန်ခဲ့ပြီးသော အောင်မြင်ခဲ့သည့် အချိန်ကာလများကိုလည်း တသ၍မနေပါ။ မိမိအောင်မြင်မှုများကိုလည်း ဝါကြွားခြင်း အလျှင်းမရှိဘဲ မိမိပတ်ဝန်းကျင်တွင် ကျက်သရေရှိရှိ ဩဇာညောင်းစွာ နေထိုင်ခဲ့သူတစ်ဦးဖြစ်သည်။ ဆရာကြီး၏ ဘ၀တစ်သက်တာတွင် ပန်းချီပညာတစ်ခုတည်းဖြင့်သာ အသက်မွေး၍ အနုပညာရှင်ဘ၀ကိုသာခံယူခဲ့သူဖြစ်သည်။ ထို့ကြောင့် ပန်းချီဆရာကြီး ဦးအုန်းလွင်ဟု သမိုင်းတွင် ကျန်ရစ်စေခဲ့သူ အသက် (၈၁)နှစ်အရွယ် ၁၉၈၈ ခုနှစ် ဇွန် ၂၇ ရက် နံနက် ၃ နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါကြောင်း စာနယ်ဇင်း နိုင်ငံကျော် ပန်းချီဆရာကြီး ဦးအုန်းလွင်အား အမှတ်တရ ရေးသားလိုက်ရပါသည်။


မှီငြိမ်း -

- သုတေသီဆရာ ရာမညဦးကိုကိုနိုင်၏ မြန်မာ့ပန်းချီသမိုင်း။

- ဝင်းသဥ္ဇာမျိုး - ပန်းချီဦးအုန်းလွင်။

Sunday, March 3, 2024

မြို့ပွဲ

 


_________နုနုရည် (အင်းဝ)


(ရွှေအမြုတေ၊ နိုဝင်ဘာ၊ ၁၉၉၉။)


“ပွဲဦးအစ၊ မဏိစည်သူ၊ နောင်ဘုရား အကြိုတော်ထောက်မှာမို့ ရွာစားရေ ... ပုစွန့်လက်မ ကက္ကရရွှေစည်” 


“ရွှေခန်းမင်းကြီး ကြွလာပါပြီ ဘုရား၊ ရွှေခန်းမင်းကြီးပါ ဘုရာ့” 


“ပခန်း ဘဘကျော်ကြီးပါ ဘုရား၊ ပခန်း ဘဘကျော်ကြီးပါ ဘုရား” 


“x x x သိင်္ဂါရွှေရောင် x x x ထိန်ဝါဝေပြောင် x နန်း x ဆောင် ဆောင်ခန်း x x မန်းဘုံတွေ ဝင်းဝေလျှံ စံတည်ကာဖဲငယ်လို သဲငွေ့ ပြန့် x x ...” 


“ဟေ့ ... ဟေ ... ဟေ့ ... စိမ်းရောင်စို xx တောင်ညိုမြလှိုင်း × × × သီတာခွေလို့ ရေပတ်လည်ဝိုင်း ဟေ့ ... ဟေ့ ... ဖေကြီးရေ၊ ဖေကြီးရေ ...” 


အေ့ ... ထွီ၊ နေညိုတော့ လေပြိုသဟေ့၊ ပခန်းအဖေကြီးကို စောင့်မျှော်ခစား နေကြတဲ့ မောင်းမမိဿံ၊ မင်းပရိသတ် အစုံအညီ ပါလားဟေ့၊ ဟုတ်ကဲ့လား၊ ရွာစားကျော် ကျော်စိန်နီတူးနဲ့ အဆိုတော် မအာပြဲတွေကလည်း အတီးတွေ၊ အဆိုတွေနဲ့ အကြိုတော် ထောက်တယ်ပေါ့ ဟုတ်ကဲ့လား၊ ဟေ့ ... ဖေကျော်ကြီး လာရင် ပြည်တော်ကြီး တစ်ခုလုံး အေးစေရမယ်ဟေ့၊ ခြောက်မယ့်နတ် မဟုတ်ဘူး၊ ကျွေးမယ့်နတ်ကွ၊ ဟုတ်ကဲ့လား၊ အေ့ ... အေ့ ... ဆက်စမ်းအရက်၊ ဒါ ဘာလဲကွ၊ တုတ်ကောက်လေးနဲ့ ဂျော်နီ၊ ရော့ ... ပြန်ထားလိုက်၊ ဖေကြီး မကြိုက်သေးဘူး၊ ဟို အလယ်ကောင်က ပုဝိုင်းဝိုင်းကြီးက ဘာလဲ၊ ယူခဲ့စမ်း၊ ဘာ ... ချီးဗားစ်၊ မကြိုက်ဘူး၊ ဟိုဘက်က ပုလင်းကရောကွ၊ ရွှေရောင်ကလေး၊ ဂိုးလေဘယ် မြန်မြန်ဆက်ဟေ့၊ ဖေကြီး ကြိုက်ပြီ၊ ရွှေအတိတ် ရွှေနိမိတ်နဲ့ ရွှေရောင် လွှမ်းရအောင်။ ဖွင့်စမ်း၊ ရွှေအရက်ကို။ 


“x x ရွှေငွေလိုရာပစ္စည်း x စည်းစိမ်ပြည့် x အောင်စေ x x x တင့်ဆန်းခမ်းနားလွန်းတဲ့ ဇာတ်တော်သားမောင်တွေ x x x သိဒ္ဓိလိုရာ ပြည့်ကာ x x ရှင်းရှင်းလင်းလင်း x x x နဝင်းဓာတ်ကို ချွေ x” 


လိုရာ ပြည့်စေရမယ်ဟေ့၊ ဟုတ်ကဲ့လား ကိုးနဝင်း၊ ကိုးဓာတ်၊ အားလုံး အောင်စေအေးစေ ရမယ်ဟေ့၊ ဟိုညီဘွား ဘာကြည့် နေတာလဲကွ၊ လာ ... လာ ... ထစမ်း၊ ဘာလဲ မင်းဆက်ထားတဲ့ ရွှေအရက်ကို နှမြောနေတာလား၊ ဟုတ်လား၊ ကျယ်ကျယ်ပြော၊ ခုကျတော့ အသံလေးက တိုးတိုးလေး၊ မပွင့်တပွင့်၊ ညနေ ညနေ ကာရာအိုကေ စားသောက်ဆိုင်၊ ရက်စတောရင့်တွေ မှာတော့ မင်းအသံ ဒီလို ဟုတ်မထင်ပါဘူးကွာ၊ ဖေကြီးကို ဆက်ရတဲ့ ရွှေအရက်ဖိုးက မင်း အဆိုတော် ကောင်မလေးတွေကို စွပ်တဲ့ ပန်းကုံဖိုးလောက် မများပါဘူးကွ၊ ဟုတ်ကဲ့လား၊ ရှက်မနေနဲ့၊ ပြောစမ်း၊ မင်း ပင်လယ် ငါးဖမ်းလှေက ဘယ်လောက်နဲ့ ရောင်းချင်တာ၊ ငါးဆယ်၊ ဘာ ... ပြောပါ ကျယ်ကျယ်၊ လေးဆယ်၊ အေး ... လေးဆယ် မရနိုင်ဘူး၊ သုံးဆယ်ကျော် ရမယ်၊ သုံးဆယ်ကျော် ရရင် တော်ပြီလား၊ ရပြီလို့ သဘောထားလိုက်၊ ခဏနေ ယူမယ့်လူ လာလိမ့်မယ်၊ မင်းတို့ချင်း တစ်ခါတည်း တွေ့လိုက်၊ ပြီးရော မဟုတ်လား၊ အေး ... မင်းတို့သစ္စာ၊ လူမှာကတိတဲ့၊ မင်းကတိ မင်း မှတ်မိသလား၊ ဒီစက်လှေ ရောင်းထွက်ရင် ဒီနှစ် တောင်ပြုန်း နန်းတော်ကြီးမှာ လိပ်ပြာရှင် အထိန်းကတော်ကို တက်ပွဲ ပေးပါမယ် ဆိုတဲ့ ကတိစကား အားလုံး အကြားဟေ့၊ ပြီးခဲ့တဲ့ အပတ်က အင်ဂျင်နီယာကြီး ပေးတဲ့ပွဲမှာ ဟောဒီလို လက်ဝါးချင်း ရိုက်ခဲ့တာဟေ့၊ ဟုတ်ကဲ့လား။ 


ဟေ့ ... ညီဘွား၊ ကျေနပ်တယ်နော်၊ အေး ... ကျေနပ်ရင် သွား ... ထိုင်၊ နေဦး ... ခဏ၊ ရော့ .... အောင်မြင်ခြင်း အထိမ်းအမှတ် ရွှေအရက်လေး တစ်မော့ မော့သွားဦး၊ သွားတော့၊ ထိုင်တော့။ လာခဲ့ နောက်တစ်ယောက်၊ ဟိုဟာမ၊ ဟိုဟာမ စိန်မိုက်ကယ် ဝမ်းဆက်နဲ့ စိန်ပွဲစားမမ၊ ကြွခဲ့ပါဦး ရှေ့နားကို။ ပြောစမ်း၊ ရှုပ်နေတဲ့အမှု၊ ဖေကြီး ရှင်းပေးလိုက်တာ လင်းသွားပလားဟေ့။ ပွဲစားသက် ဘယ်လောက်ရင့်ရင့် လူယုံသတ်တော့ ခံရတာပဲ မဟုတ်လား။ ဆယ်သိန်းတန် စိန်လက်ကောက်၊ နည်းတဲ့ ပစ္စည်းလား၊ အဲဒီတုန်းက နင် ဒီလို ခဲတံနှုတ်ခမ်းနီ အညိုလေး ဆိုးနိုင်သလား၊ မရယ်နဲ့ ဖေကြီးကယ်လို့ နင် ဒီလို ရယ်နိုင်တာ မဟုတ်လား။ အေး ... ဒီတော့ ဖေကြီး အမိန့်စကား ဘာတဲ့တုံးဟဲ့၊ ဝတ်လဲတော် ရွှေပုဆိုး အမျိုးမှန် အဖိုးတန် လွန်းရာကျော်နဲ့ ဆွစ်ဇာလန်တိုင်းဖြစ် ရွှေဇာဖျင် ပဝါရောင်စုံများ ဆင်မြန်းလိုတယ်လို့ အမိန့်မှာတမ်း ခြွေထားတယ် မဟုတ်လားဟေ့၊ ခေါင်းညိတ်နေလို့ မပြီးဘူး၊ တစ်ပတ်အတွင်း လာဆက်၊ လိပ်ပြာရှင် အထိန်းကတော် ခရီးထွက်ရမယ်၊ ခရီးစဉ်က တောက်လျှောက်၊ ပွဲစဉ်တွေက တောက်လျှောက်၊ ဒီပွဲ ပြီးတာနဲ့ မြစ်ဝကျွန်းပေါ်ဘက်၊ ဟင်္သာတနဲ့ ဖျာပုံက အင်းသူကြီးနဲ့ ဆန်ကုန်သည်ပွဲ၊ နှစ်ပွဲပြီးရင် ရန်ကုန် ပြန်လာ၊ အရက်ကုမ္ပဏီ တစ်ပွဲ၊ ပြီးတာနဲ့ မန္တလေးတက်၊ တောင်ပြုန်း အရှင်နှစ်ပါးပွဲ မစခင် ကြိုပွဲပေါ့။ စိန်တိုက်တစ်ပွဲ က၊ ပြီးရင် တောင်ပြုန်းကူး၊ ဟိုမှာ အင်ဂျင်နီယာနဲ့ ဟောဟိုက စက်လှေသူဌေးတို့ရဲ့ နှစ်ထပ်တက်ပွဲက၊ မင်းနှစ်ပါး ချိုးရေတော် သုံး၊ ပြီး နောက်တစ်နေ့ ညမှာ။ ပြီးတော့ ဝါခေါင်လဆန်း ဆယ့်သုံးရက်ကျ မိန်းမနတ်တက်ပွဲ၊ တောင်ပြုန်းပြီးရင် အမရပူရမှာ သမားတော်ကြီးရဲ့ ပျော်ပွဲအောင်ပွဲ၊ ပြီးတာနဲ့ ရတနာ့ဂူပွဲဝင်၊ အမယ်လေး၊ မောလိုက်တာ၊ ပေးစမ်းတဲ့ ရွှေအရက်၊ အာခြောက်တယ်၊ ဟဲ့ ... အဲယားကွန်း နှစ်လုံးစလုံး ဖွင့်ရဲ့လား၊ အအေးခလုတ်ကို မိုင်ကုန်တင်စမ်း၊ အိုက်တယ်၊ ကိုယ့် ပရိသတ်ကလည်း များတာကိုး၊ အထိန်းကတော်ရဲ့ တိုက်ခန်းမ ကျယ်လှပြီ ထင်တာ၊ ဟော ... ဟော လာကြပြီ၊ လာကြပြီ၊ အမေတွေ၊ အမေတွေ၊ မိခင်တွေ၊ ကဲ ... မိခင်တွေကို ဂုဏ်ပြု လိုက်ကြရအောင်။ 


“x x မာတာမိခင် x ချစ်ရေစင်က ကြည်လင်အေးမြ x စမ်းရေကျသို့ × × ဘဝလွန်ကဲ လှိုက်လှဲချစ်စွာ x x x ခိုင်မြဲမေတ္တာ ... ဥပမာ တင်စရာ x x x သီဒါခုနစ်တန် ပဗ္ဗတ္တနှယ်ထု x x x မေယုဗဟို၊ မြင်းမိုရ်ပဗ္ဗတ္ထ x x x နှိုင်းစံမရ x x အနန္တဂိုဏ်းဝင် x x ကျေးဇူးရှင်ဟု ဂုဏ်တင်မြှင့်စေ x x x ခေါ်ကြပါပေ x မေမေ x x မေမေ x x မေမေ xx” 


အေး ... မိခင်မေတ္တာ ဆိုတာ မြင်းမိုရ်တောင်ထု ပမာပြုရင်တောင် မိခင်မေတ္တာက သာချင်သေးသတဲ့ဟဲ့၊ ဪ... အ(ေ!)မတွေက ဖေကြီးကျော်ကို ပျော်ကြေး ဆက်ကြဦးမလို့လား ကဲ ... ကဲ ... ရော့ အမြဲရွှင်နေအောင်၊ ဘဲကင်စားကြ၊ ဟုတ်ကဲ့လား၊ အင်း ... အမြဲရွှင်နေအောင် ဘဲကင်ကို ဘာလို့ ကျွေးရတာလဲ ဆိုတော့ အင်း ... ဟဲ့ ... မိခင်နဲ့ ကလေးဆိုတာ ဘာလဲဟေ့၊ အားနွဲ့တဲ့ မိန်းမသားလေးတွေကို စောင့်ရှောက်ဖို့ မဟုတ်လားဟေ့၊ အေး ... မိန်းမတွေထဲမှာလည်း ကိုယ့်ရင်သွေးကို ကြက်လို ရင်အုပ်မကွာ စောင့်ရှောက်တတ်တဲ့ မိန်းမတွေ ရှိသလို ဘဲလို ဥပြီးတာနဲ့ ပစ်သွားတတ်တဲ့ မိန်းမတွေလည်း ရှိတယ်၊ အဲ ... အဲဒါကို တန်ပြန်ဆန့်ကျင် နိယာမသဘော အနေနဲ့ အမေတွေကို ဘဲကင် ကျွေးတာဟေ့၊ ကဲ ... လုပ်လိုက်ပါဦး၊ “မေမေ” လေး၊ နောက်တစ်ကျော့လောက်။ မေမေ ... မေမေ ... မေမေ။ လာ ... လာ ... တို့မြို့သူ အမေမင်းသမီးကြီး လာခဲ့၊ ဆိုင်းနောက်ကနေ အော်ချည်း မနေနဲ့။ ရှေ့ကို ထွက်က၊ အမေသီချင်းကို အမေက ကပြီး ဖေကြီးကို ချော့၊ ဟုတ်ပြီ ကလိုက်စမ်း၊ ဟဲ့ ... မကရတဲ့ နှစ်တွေအတွက် အတိုးချ ကစမ်းဟေ့။ ဟိုတုန်းက တစ်ခေတ် တစ်ခါက နာမည်ကျော်ခဲ့တဲ့ မင်းသမီးကြီး၊ ခုတော့ ဖေကြီးကျော်ရဲ့ မောင်းမကြီး၊ ကဲ ... ရပ် ... တော်တော့၊ တော်တော့၊ အမယ်လေး ... နွှဲပစ်လိုက်တာ ချွေးတွေများတောင် ထွက်လို့၊ သွား 'သွား။ ကဲ ... ကဲ ... ဟိုနောက်က စာရေးဆရာ ကတော်ကြီး၊ ထပါဦး၊ ထပါဦး၊ ဘယ်မလဲ ဖေကြီးအတွက် ပုလင်း၊ ဟင် ... စာရေးဆရာက အပြောကတော့ ကောင်းတယ်၊ နောက်ရေးမယ့် စာအုပ်က မိန်းမငယ် တစ်ယောက်ရဲ့ ဘဝအကြောင်း ဟုတ်လား၊ အဲလိုဆိုတော့ မိန်းမတွေ ဘဝနဲ့ အားမာန်တွေပေါ့၊ အဲဒါဆိုရင် ဒီအကြောင်းအရာဟာ အမေတွေနဲ့ ဆိုင်တာပေါ့၊ ကဲ ... ဒီစာအုပ်ထွက်ရင် အမေတို့ ဒီမြို့နယ်အတွက် သုံးရာ တာဝန်ယူလိုက်၊ မကောင်းဘူးလား၊ တခြားမြို့နယ် တွေလည်း ကြော်ငြာပေးလိုက်၊ ဟုတ်ကဲ့လား ...၊ အမယ်လေး ... ဖေကြီးကျော်မှာ စာအုပ် ကိုယ်စားလှယ်လည်း လုပ်ရသေးတာ၊ ကဲ ... စာရေးဆရာ ကတော် ကျေနပ်ပြီလား၊ ဖေကြီး ကျေနပ်အောင်၊ ဖေကြီး ပျော်အောင်၊ ဖေကြီး ကြက်လောင်းရင် လောင်းကြေး တထောင် လောင်းရမယ်၊ ဟုတ်ကဲ့လား၊ ကဲ ... ကဲ ... ကားပွဲစား ကတော် မဟဝှာ၊ လက်အုပ်လေး ချီလို့၊  ဖေကြီးနား ကပ်လာပြန်ပြီ။ ဘယ်ကားကို ရောင်းခိုင်းဦးမလို့တုံး၊ ဟေ ... အံမာ ...၊ ဒီငါးရာတန်လေး တရွက်က ပွဲခလား၊ ရောင်းလိုက်ရတဲ့ ကားက နှစ်ဆယ်ကျော်၊ ဟဲ့ ... နင်တို့ အမြဲတမ်း ထောင်ထောင် ထောင်ထောင်နဲ့ နေချင်တာ မဟုတ်လား၊ ထောင်တန် ထုတ်စမ်း၊ တရွက် မရဘူး၊ နှစ်ရွက် ထုတ်၊ ဟဲ့ ... မှတ်မိရဲ့လား၊ ဟိုတခါ ကားတုန်းကလည်း ဖေကြီး ဘယ်လို ထုတ်ပေး လိုက်သလဲ၊ အိမ်မှာ ပျော်ပွဲ ပေးတုန်းကလေ၊ အိမ်ပေါ်ကို နတ်လည်း ရောက်နေပြီ၊ ဆိုင်းတောင် ရောက်နေပြီ၊ အဲဒါကို အိမ်ရှေ့ ရပ်ထားတဲ့ကား ရောင်းချင်တယ်။ ဒါမှ နတ်ပွဲ ကြီးကြီးကျယ်ကျယ် ပေးနိုင်မှာ ဆိုလို့လေ၊ အထိန်းကတော် သောက်နေတဲ့ ရေနွေးခွက်နဲ့ ပက်၊ ဆန်တဆုပ် ကျဲပြီး စိန်ပန်းခက်နဲ့ ရိုက်လိုက်တာ ထွက်သွားတာပဲ မဟုတ်လား။ အေး ... နေဦး၊ ဒီနှစ် တောင်ပြုန်း လိုက်မှာဆို၊ လိုက်မှာလား၊ အို ... ဘာနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ၊ လေယာဉ်ပျံနဲ့ လာလာ၊ မီးရထားနဲ့ လာလာ၊ ကားနဲ့ လာလာ၊ ကြိုက်တာနဲ့ လာ။ ဖေကြီးကျော် ကတော့လေ နတ်ချစ်သူ အပေါင်းကို ဘာနဲ့ခေါ်မလဲ သိလား ...။ 


“ဟေ့ ... စိန်ခွါသံ x x မြိုင်ယံပေါ်၊ ပန်းခင်းတဲ့လမ်းကိုနော် x x x အဿဇာနည်မော် x x x ဇက်ကိုဖွင့်လို့၊ လာပေါ့ ကိုကြီးကျော် ...” 


ဖေကြီးကျော်က နတ်ချစ်သူ အပေါင်းကို မြင်းပေါ်တင်ပြီး အားလုံးကို ခေါ်မယ်လို့၊ လိုက်ကြမယ် မဟုတ်လား၊ ကဲ ... အားလုံးကို စားတော်စာ ပန်းသီးပွဲ ချပြီး ဝေလိုက်ပါဦး၊ အားလုံး အောင်စေ၊ အေးစေ ရမယ်ဟေ့၊ ဟုတ်ကဲ့လား။ ကဲ ... ကဲ ... ဘာလဲ ... ဘာလဲ။ ကပ်လာပြန်ပြီ။ နောက်တယောက်၊ ကန်ထရိုက်တာ မမ၊ ဘယ်အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းခိုင်းဦး မလို့လဲ၊ ကန်ထရိုက်တွေ အကုန်လုံး ပိုက်ဘော မိနေတာ၊ နင်လည်း အများနည်းတူ ခံရမှာပဲ။ ဒါပေမဲ့ ဖေကြီး ထုတ်ပေးလို့ နင့်အခန်းတွေ အများကြီး ထွက်တယ် မဟုတ်လား၊ နင် မုန့်လက်ဆောင်းကုန်းမှာ နေတုန်းက ဖေကြီး ဟောခဲ့တာလေ၊ အိမ်ငှါးနေတုန်း အိမ်လိုချင်တယ်၊ ရွှေမထုခွဲချင်ဘူး ဆိုလို့လေ၊ ဟေ့ ... မထုခွဲရဘဲ အိမ်ပိုင်ရမယ်လို့ တခါတည်း အိမ်ရှင်က အကျပ်အတည်း ဖြစ်ပြီး ဈေးပေါပေါနဲ့ ထိုးပေး သွားရတယ် မဟုတ်လား။ အေး ... အေး၊ ဘယ်အိမ်လဲ ... သံ(သန်!)လျင်က အိမ်လား၊ အေး ... ထွက်စေချင်ရင် ကိုယ့်ဘုရားကျောင်းမှာ မုံ့ဆန်းလေး ကောင်းကောင်းလုပ်၊ သရက်သီးလေး၊ ပန်းသီးလေးနဲ့ တင်လိုက်၊ စာဖတ်တဲ့ ဆရာတွေ စားရအောင်၊ ဟုတ်ကဲ့လား၊ ဟော ... ဟော ... ဟိုအဘွားကြီး ဒါက ဘယ်တုံး၊ ပြန်မလို့လား၊ ဟုတ်လား၊ ဖေကြီး ကြက်လောင်း မပြီးခင် ပြန်ရတယ် ဆိုတဲ့ ထုံးစံ ရှိလို့လား၊ ပြောပါဦး၊ ကဲ ... ဘယ်မလဲ။ လက်ဝါးချင်း ရိုက်ထားတဲ့ ပုလင်း ပါသလား၊ ပါးစပ်က ပြောပါ၊ လက်ညှိုး ထိုးပြ မနေပါနဲ့၊ အေး ... စင်ပေါ်က ပုလင်း၊ ဘယ်ပုလင်းလဲ၊ ဟို ဂျော်နီပုလင်း အနီလား၊ တပုလင်းတည်းလား၊ ခေါင်းမညိတ်နဲ့ မရဘူး၊ ငါ နိုင်ငံခြားကို ပို့တာ နှင့်သား တယောက်တည်း မဟုတ်ဘူး၊ နှစ်ယောက်၊ ညီအစ်ကို နှစ်ယောက်ကို ပို့ပေးတာလေ၊ တပုလင်းနဲ့ ရမလား၊ နောက် တပုလင်း နက်ဖြန် ယူခဲ့။ ကဲ ... သွား၊ ပြန်ချင်ပြန်၊ အဘွားကြီး ဆိုတော့ ခါးနာ၊ ကျောအောင့် ကြာကြာ မထိုင်နိုင်ဘူး၊ ဟုတ်ကဲ့လား။ 


ကဲ ... ဟိုမောင်းမကြီး ကရော ဘာပြောချင်တာတုံး၊ ပြောပါဦး။ နိုင်ငံခြားခရီး ကိစ္စပဲ မဟုတ်လား၊ ပြီးခဲ့တဲ့နှစ်က ဂျပန်ကိစ္စ၊ ဂျပန်သွားဖို့ ဖြစ်တယ် မဟုတ်လား။ ဖေကြီးက သဘောမတူလို့ လေယာဉ်ပျံ လက်မှတ်တွေ ဝယ်ပြီးမှ အကုန်ဖျက်ပစ်ရတယ် မဟုတ်လား။ အေး ... အခု သွားရမှာက ဘယ်အရပ်ကတုံးဟေ့၊ အမေရိကား၊ ရတယ်၊ လုပ်လိုက်တော့၊ လေယာဉ်ပျံ လက်မှတ်တွေ၊ ဗီဇာတွေ၊ ပတ်စပို့တွေ၊ ဖေကြီးက သွားခွင့်ပြုတယ်၊ ဟုတ်ပြီလား။ ထွက်ခါနီးရင်တော့ အိမ်မှာ ထိုင်ပွဲလေး တပွဲပေးလိုက်။ ပြီးတော့ ဖေကြီး ပဝါတပိုင်းကို ဆောင်သွား။ ဘာအန္တရာယ်မှ မရှိ။ အားလုံး အဆင်ပြေ ရမယ်ဟေ့။ နေဦး ... မောင်းမကြီးက ခေါ်လာတဲ့ ဗီဒီယို မင်းသားရဲ့ မိန်းမရော။ မွေးပြီးပြီလား၊ ဟိုတပတ်က အထိန်းကတော်ဆီကို ကလေးမွေးဖို့ တယ်လီဖုန်းနဲ့ ရက်တောင်းလို့ ရက်ပေး လိုက်ရသေးတယ်။ ပြောလိုက်ဦး။ တယ်လီဖုန်းနဲ့ ဆက်ပြီးတော့ ဖြစ်ဖြစ်၊ အထိန်းကတော် ပေးတဲ့ရက် မွေးတယ်ဆိုရင် ပုဆိုး တအုပ်၊ ပဝါ တပိုင်း၊ ပုလင်း တလုံးနဲ့ လာခဲ့ရမယ်လို့၊ ဟဲ့ ဒံပေါက်ပွဲတွေ ချ။ ဇွန်းခက်ရင်းတွေ တပ်၊ ဆာတဲ့လူတွေ စားကြ၊ အအေးသံဗူးတွေရော သောက်ကြ၊ ရှိတယ်၊ မနက်ကပဲ အအေးဗူးတွေ ထုတ်တဲ့ ကုမ္ပဏီပိုင်ရှင် ကိုယ်တိုင် လာပို့သွားတာ၊ ငါး ပါကင်တောင်။ အဲဒီ ကုမ္ပဏီပိုင်ရှင်ရဲ့ အမေက သားအိမ်မှာ အလုံးဖြစ်တာ၊ ကင်ဆာအလုံးပေါ့၊ ခွဲရမှာတဲ့၊ မခွဲချင်ဘဲ ပျောက်ချင်တယ်တဲ့၊ မိန်းမတွေ ဖြစ်တဲ့ ရောဂါဆိုတော့ အနောက်အမေကြီးနဲ့ ဆိုင်တာပေါ့။ အနောက်သခင်မကြီးကို တိုင်တည်ပြီး ကုပေးလိုက်တယ်။ ဟော ... နောက်ရက်ကျ မခွဲရတော့ဘူးတဲ့။ သက်သာ သွားသတဲ့။ နတ်က အိုဂျီတော့ မဟုတ်ဘူးပေါ့။ အားလုံးကျန်းမာ သက္ကရာဇ် ၂၀၀၀ မှာတဲ့။ ဟုတ်ကဲ့လားဟေ့ ...၊ ဟော ... ဟော ... ကြည့်စမ်း၊ လှေကားဝမှာ ဘီယာနဲ့ ပြည်သာအောင် လုပ်နေတဲ့ ညီဘွားကြီး၊ လာခဲ့စမ်း၊ အဖေကြီးကို အခစား နောက်ကျလှချည့်လားကွ၊ ဟေ ... ဘယ်မလဲ ဘီယာ၊ ဘယ်နှစ်ကပ် ပါလဲ၊ တဒါဇင် မပါရင် မင်း ဖေကြီးနား မကပ်နဲ့ကွာ၊ ပါရဲ့လား၊ အေး ... ဟုတ်ပြီ။ မင်းရဲ့ ဘီယာဆိုင်တွေ တမြို့နယ်ပြီး 

တမြို့နယ်၊ တတိုင်းပြီး တတိုင်း၊ တပြည်လုံး ပျံ့နှံ့ သွားစေရမယ် ဆိုရင် ကျေနပ်မလား၊ ဟေ့ ... အေး ... အောင်စေရမယ်၊ အေးစေရမယ်၊ ဒီနားမှာ ထိုင်ခစား၊ စီးကရက်လည်း ကြည့်သောက်၊ ကော်ဇောတွေ မီးလောင် ပေါက်ဦးမယ်။ ကဲ ... ကဲ ... ခုနှစ်ရက်သားသမီး ပြဿနာ ဖြေရှင်းရတာနဲ့ ဖေကြီး ကြက်လောင်းချိန် နောက်ကျတော့မယ်။ ဟေ့ ... ဖေကြီး ဖလားမှာ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာနော်၊ သောင်းငွေကျော်မှ ဖေကြီး လောင်းမှာ၊ ကဲ ... ရွာစားရေ ...။ 


“ဂုဏ် ... ဂုဏ် ... ဂုဏ် ... ဂုဏ်ဆိုတာ ငွေကိုခေါ်တယ် ... ငွေကိုသာ ရေလိုသုံးရင် ... တပြည်လုံးမှာ ... လုပ်သမျှတင့်တယ် ... ဟေ့ ... ဂုဏ် ... ဂုဏ် ... ဂုဏ်တဲ့ဗျ” 


#နုနုရည်အင်းဝ

#မြို့ပွဲ


ချစ်ခြင်းများစွာဖြင့်....

#shared_by_louis_augustine စာပျေပ့ခ်ျထဲမီ ကူးယူမျှဝေပေးပါသည်။