Saturday, August 19, 2023

အငြင်းပွားနေရဆဲ ဘုရင်တစ်ပါး သို့မဟုတ် တူတန်ခမန်

 သမိုင်းထဲက အငြင်းပွားနေရဆဲ ဘုရင်တစ်ပါး သို့မဟုတ် တူတန်ခမန်




 အီဂျစ်ဖာရိုဘုရင် တူတန်ခမန် ဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ ကျော်ကတည်းက အမှန်တကယ် ရှိခဲ့တဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။ သူဟာ ကမ္ဘာ့သမိုင်းမှာ အရေးပါ အရာရောက်သူ ဘုရင်တစ်ပါး မဟုတ်ပေမယ့် ခုချိန်ထိ သူနဲ့ပက်သက်ပြီး လေ့လာနေရဆဲ ဖြစ်ပါတယ်။ ဖာရိုဘုရင် တူတန်ခမန်နဲ့ပက်သက်ပြီး လျှို့ဝှက်ချက်တွေများစွာ၊ အကြောင်းချင်းရာတွေ များစွာ ရှိနေသေးတယ်လို့ ခံယူထားကြတဲ့အတွက် တူတန်ခမန်ရဲ့ သမိုင်းမှတ်တမ်းဟာ နှစ်စဥ်ပြောင်းလဲနေရပါတယ်။ ကဲ တူတန်ခမန်ဆိုတဲ့ ဖာရိုဘုရင်လေးအကြောင်း ၂၀၂၂ ထိ မှတ်တမ်းကို ကြည့်ကြရအောင်ပါ။


 တူ ဘုရင် လို့ လူသိများတဲ့ တူတန်ခမန် ဘုရင်ဟာ ဘီစီ ၁၃၃၂ ကနေ ၁၃၂၃ ထိ အီဂျစ်နိင်ငံကို

အုပ်ချုပ်ခဲ့သော ဖာရိုဘုရင် ဖြစ်ပါတယ်။ သူ့အသက် ၈ နှစ် ၉ နှစ်အရွယ်မှာ နန်းတက်ခဲ့သူ ဖြစ်ပါတယ်။

သူဟာ နန်းတက်စဥ်မှာ ငယ်ရွယ်လွန်းတဲ့ အတွက် မိခင်နဲ့ အဘိုးဖြစ်သူ အပါအ၀င် အရေးပါအရာ

ရောက်သူ ပြည်နယ်အရာရှိ၊ စစ်သူကြီးချုပ်တို့က ထိန်းကျောင်းသင်ပြပေးခဲ့ရပါတယ်။ တူတန်ခမန်     ဘုရင်လေးရဲ့ နန်းသက်ဟာ တိုတောင်းပြီး အီဂျစ်သမိုင်းအတွက် အရေးလည်းမပါပါဘူး။ ၁၉၂၂ မှာ သူ့ရဲ့ 

သင်္ချိုင်းနဲ့ မံမီ ရုပ်အလောင်းကို ရှာတွေ့ခဲ့ကြပြီး နောက်မှာ သူဟာ သမိုင်းမှာ အရေးပါလာခဲ့ပြီး    ရှေးအီဂျစ်တို့ရဲ့  အလေ့အထနဲ့ ဓလေ့များကို ပိုမိုသိလာစေခဲ့ပါတယ်။ တူတန်ခမန်ဘုရင်ရဲ့ အရေးပါဆုံးအောင်မြင်မှုကတော့ ဖခမည်းတော် အာခီနာတန် ( Akhenaten) ပြောင်းလဲခဲ့တဲ့ ဘာသာရေးဆိုင်ရာ ပြောင်းလဲမှုတွေကို ပယ်ဖျက်ပြီး မူလ အမူရာ (Amun-Ra) ကိုးကွယ်ယုံကြည်မှုကို အီဂျစ်နိုင်ငံမှာ ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ 

 


  


 တူတန်ခမန် ၏ ခမည်းတော် အာခီနာတန် ဘုရင်ဟာ အီဂျစ်ထီးနန်းကို ၁၇ နှစ်ကြာ အုပ်စိုးခဲ့ပြီး 

မြို့တော် အာမာန (Amarna) သို့ ပြောင်းရွှေ့ စိုးစံခဲ့ကာ အငြင်းပွားစရာတွေကို ဖန်တီးခဲ့သူ ဘုရင်တစ်ပါးဖြစ်ပါတယ်။ သူဟာ အီဂျစ်ရှေးဟောင်း ကိုးကွယ်ယုံကြည်မှုကို တော်လှန်ခဲ့ပြီး ပန်သီယွန် (Pantheon)နတ်ဘုရားများကို ဖယ်ရှားခဲ့ပါတယ်။ ပြီးတော့ သူဟာ ယခင်က မထင်မရှားနတ်ဘုရား အေတန်(Aten)ကို တစ်ပါးတည်းသော နတ်ဘုရားအဖြစ် ကိုးကွယ်ရန် သတ်မှတ်ခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ အလွန်ပြဿနာများစေခဲ့ပြီး လူအများက လက်ခံခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့်လည်း တူတန်ခမန်ဟာ သူနန်းတက်ပြီးပြီးချင်းမှာ ဘာသာရေးကိစ္စကို အရင်ဆုံးဖြေရှင်းပေးခဲ့ရတာပါ။


 တူတန်ခမန်ဘုရင်ရဲ့ မယ်တော်နဲ့ ပက်သက်ပြီး ဒီနေ့ထိ အငြင်းပွားစရာတွေ ဖြစ်နေတုန်းပါပဲ။ 

တူတန်ခမန်ရဲ့ မယ်တော်ဖြစ်နိုင်ချေ ရှိသူ ၃ ယောက်ရှိပြီး ကီယာ(Kiya)၊ ဘုရင်မ နီဖာတီတီ ( Queen 

Nefertiti ) နဲ့ အမျိုးသမီးငယ် နောက်တစ်ယောက်တို့  ဖြစ်ပါတယ်။ ကီယာနဲ့ နီဖာတီတီ တို့ကို အာခီနာ

တန် ဘုရင်ရဲ့ မိဖုရားများ အနေနဲ့ သိထားကြတာဖြစ်တဲ့အတွက် သူတို့ထဲက တစ်ယောက်ဟာ တူတန်ခ

မန်ရဲ့ မယ်တော်လို့ ဆိုကြပါတယ်။ ဒါပေမယ့် တူတန်ခမန် ရဲ့ အဘွားဖြစ်သူ တီရယ်( Tiye ) ရဲ့ မံမီရုပ်အ

လောင်းနဲ့အတူ KV 35 အုတ်ဂူအတွင်း အမည်မသိ အမျိုးသမီး မံမီ ရုပ်အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြ

ပါတယ်။ မျိုးရိုးဗီဇ စစ်ဆေးတွေ့ရှိချက်များအရ အမျိုးသမီး မံမီရုပ်အလောင်းဟာ တူတန်ခမန်ရဲ့    မယ်တော်ဖြစ်ကြောင်း ဆိုကြပြန်ပါတယ်။ ဤအကြောင်းအရာနဲ့ ပက်သက်ပြီး အီဂျစ်သမိုင်း ပညာရှင်များကြားမှာ ငြင်းခုံနေကြတုန်းပါပဲ။


 တူတန်ခမန် ရဲ့ ခမည်းတော်ဘက်က ဘိုးဘွားများကတော့ ဖာရိုဘုရင် အေမန်ဟိုတပ် ၃ (Amenhotep III) နဲ့ မိဖုရား တီရယ် (Tiye) တို့ ဖြစ်ကြပြီး ဘိုးတော် ဘုရင်အေမန်ဟိုတပ် ၃ ဟာ အီဂျစ်ထီးနန်းကို ၁၄ ရာစုရဲ့ တစ်၀က်လောက် အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ ရှေးဟောင်း အီဂျစ် ဖာရိုဘုရင်တွေထဲမှာ အအောင်မြင်ဆုံး ဘုရင်တစ်ပါးဖြစ်ပြီး  ငြိမ်းချမ်းရေး ရေရှည်ခံခဲ့သလို မြို့ရွာနိုင်ငံ တိုးတက်ရေးနဲ့ ယဥ်ကျေးမှု အဆင့်မြင့်အောင် စွမ်းဆောင်ခဲ့သူပါ။ 


 တူတန်ခမန်ဘုရင်ဟာ အသက်ငယ်ငယ် ၁၈ နှစ် ၁၉ နှစ်လောက်မှာ သေဆုံးခဲ့ရတာဖြစ်ပြီး ဘီစီ ၁၃၂၄ လောက်လို့ ခန့်မှန်းကြပါတယ်။ သူသေဆုံးပုံနဲ့ ပက်သက်ပြီး လေ့လာတွေ့ရှိချက်များစွာ ရှိပါတယ်။ တူတန်ခမန်ရဲ့ ဦးခေါင်းခွံ အတွင်းပိုင်းမှာ ကျိုးပဲ့နေတဲ့ အရိုးအပိုင်းအစလေးတွေကို တွေ့ခဲ့ရတဲ့အတွက် တူတန်ခမန်ဟာ နောက်ဘက်ကနေ ခေါင်းကို ရိုက်နှက်ပြီး သတ်ဖြတ်ခံခဲ့ရတာလို့ အချို့ ပညာရှင်တွေက ဆိုကြပါတယ်။ ပညာရှင်အများစုကတော့ ဒီဒဏ်ရာဟာ မံမီ ရုပ်အလောင်းကို တူးဖော်စဥ်က မထင်မှတ်ဘဲ ရခဲ့တာဖြစ်နိုင်ပြီး တူတန်ခမန်ဘုရင်ဟာ လုပ်ကြံခံရတာ မဟုတ်ဘူးလို့ ယုံကြည်ကြပါတယ်။ တူတန်ခမန်ဘုရင်ရဲ့ သေဆုံးခြင်းနဲ့ စပ်လျဥ်းပြီး တိကျခိုင်လုံတဲ့ အထောက်အထားတစ်ခု ကတော့ သူ့ဒူးခေါင်းဟာ ကျိုးနေတာပါပဲ။ ဒူးခေါင်းကို ကုသထားတဲ့ လက္ခဏာ တစ်ခုမှ မတွေ့ရဘဲ သူဟာ သေဆုံးခါနီးမှာ ဒူးခေါင်းကျိုးခဲ့ရတာ ဖြစ်ပါတယ်။ သူ့ရဲ့ သင်္ချိုင်းဂူထဲမှာ နှစ်ဘီးတပ်စစ်ရထားတွေကို တွေ့ခဲ့ရပြီး သူဟာ စစ်ရထားပေါ်က အရှိန်နဲ့ ပြုတ်ကျ သေဆုံးခဲ့တာ ဖြစ်နိုင်တယ်လို့ဆိုကြပြန်ပါတယ်။ ဒါပေမယ့် ဒါကိုလည်း အတည်မပြုနိုင်သေးပါဘူး။ နောက်ထပ် အချက်တစ်ချက်ကတော့ သူ့ရဲ့ မံမီရုပ်အလောင်းမှာ ငှက်ဖျားပိုးရှိခဲ့ကြောင်း ရှာတွေ့ခဲ့ကြတာပါပဲ။ ငှက်ဖျားရောဂါဟာ သူ့ကိုသေစေတဲ့ အကြောင်းရင်း ဖြစ်နိုင်သလို ၊ ငှက်ဖျားနဲ့ သေဆုံးခဲ့တာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုနည်းနဲ့ပဲ သေဆုံးခဲ့သည်ဖြစ်စေ အထက်ပါ အကြောင်းအရာတွေနဲ့ တော့ တစ်ခုမဟုတ်တစ်ခုနဲ့ သက်ဆိုင်နေမှာပါ။ 


 တူတန်ခမန်ဘုရင်ရဲ့ သက်တမ်းတစ်လျှောက်မှာ အဓိကအကြံပေး ပုဂ္ဂိုလ် ၂ ဦးကတော့ ပြည်နယ်အရာရှိ အိုင်း ( Ay ) နဲ့ စစ်တပ်ရဲ့ ဦးစီးချုပ် ဟိုရမ်ဟက် (Horemhub) တို့ဖြစ်ကြပါတယ်။ ဘုရင်တူတန်ခမန် ကွယ်လွန်ချိန်မှာ ဟိုရမ်ဟက် ဟာ စစ်ပွဲရှေ့တန်းကို ရောက်နေတဲ့အတွက် အိုင်း ဟာ နန်းတက်ခွင့်ရသူ ဖြစ်ခဲ့တာပါ။ အိုင်း သည် အီဂျစ်ထီးနန်းကို ၃ နှစ်မျှ စိုးစံခဲ့ပြီးနောက် ကွယ်လွန်ခဲ့ရာတွင် ဟိုရမ်ဟက်က ဖာရိုဘုရင်ဖြစ်ခဲ့ပြန်ပါတယ်။ သူဟာ ထီးနန်းကို နှစ်ပေါင်း ၃၀ နီးပါး ဆက်ခံ အုပ်ချုပ်ခဲ့ပါတယ်။


 ဘုရင်တူတန်ခမန်ရဲ့ သင်္ချိုင်းဂူကို ဗြိတိသျှ ရှေးဟောင်းသုတေသန ပညာရှင် ဟိုဝါဒ်ကာတာ

( Howard Carter ) နဲ့ သူ့အလုပ်သမားတွေက ဘုရင်တောင်ကြား ( valley of kings ) မှာ ၁၉၂၂ နို၀င်ဘာ

လ ၄ ရက်နေ့ မှာ ရှာတွေ့ခဲ့ကြတာပါ။  ပထမကမ္ဘာစစ်ပြီးဆုံးချိန်မှာ ကာတာဟာ အီဂျစ်ရှေးဟောင်း

ဂူသင်္ချိုင်းများစွာ ကြားမှာ တူတန်ခမန် ဘုရင်ရဲ့ အုတ်ဂူပျောက်ဆုံးနေတာကို ကျယ်ကျယ်ပြန့်ပြန့် ရှာဖွေ

ခဲ့သူဖြစ်ပါတယ်။ 


 အခြားသော အီဂျစ်တော်၀င် ဂူသင်္ချိုင်းတွေနဲ့ ယှဥ်ရင် တူတန်ခမန် ဘုရင်ရဲ့ သင်္ချိုင်းဂူဟာ အတော်လေးကို သေးပါတယ်။ ဒါပေမယ့်  ရွှေထည်ပစ္စည်းများနဲ့ ရတနာများ၊ စစ်ရထားများ၊ အ၀တ်အစား၊ လက်နက်နဲ့ ရုပ်တုများပါ အပြည့်ထည့်ထားခဲ့ပါတယ်။ အဲဒီထဲကမှ ရတနာ ပစ္စည်း ၅၀၀၀ ကျော်ဟာ ကာလတန်ဖိုး ဖြတ်လို့မရနိုင်ပါဘူး။ ဖိနပ် အရံရာပေါင်းများစွာကိုလည်း သင်္ချိုင်းဂူထဲမှာ ထည့်သွင်းမြှုပ်နှံခဲ့ကြပါသေးတယ်။ သူ့ရဲ့ ခေါင်းတလားကို သုံးထပ်အလွှာ ပြုလုပ်ထားပြီး အောက်ဆုံးသောအလွှာက ရွှေသားအတိဖြစ်ပါတယ်။ သူ့ရဲ့ ဂူသင်္ချိုင်းဟာ ကျိန်စာတွေသင့်နေတယ်လို့ ယုံကြည်ထားကြပြီး ၀င်ရောက်သူတွေအနေနဲ့ ရှေးဟောင်းကျိန်စာတွေသင့်နိုင်တယ်လို့ အတော်များများက ယုံကြည်ထားကြပါတယ်။ သင်္ချိုင်းကို ယခင်က ၂ကြိမ်တိတိ တူးဖော်လုယက်ခံရဖူးပြီး လုယက်သူတွေဟာ လက်ဗလာနဲ့ ပြန်သွားရတာချည်းပါပဲ။ 


 အီဂျစ်ဘုရင် တူတန်ခမန် ဟာ သေဆုံးသွားခဲ့တာ နှစ်ပေါင်းမနည်းမနော ကြာခဲ့ပါပြီ။ သူ့ရဲ့ ချမ်းသာကြွယ်၀မှုနဲ့ သူ့အကြောင်းကတော့ နှောင်းလူတွေအတွက် တသသပြောဖြစ်နေကြမယ့် ပုံပြင်တစ်ပုဒ်အဖြစ်တော့ အနည်းဆုံး ကျန်ရစ်ခဲ့မှာ သေချာပါတယ်။ မိတ်ဆွေရော ဘုရင်တူတန်ခမန်အကြောင်းဖတ်ပြီး မှတ်ချက်တစ်ခုခု မပေးချင်ဘူးလား။


စာဖတ်သူအားလုံး အသိပညာကြွယ်၀ကြပါစေ.....

ကိုသန့် 19.7.23––

********************

No comments: