Wednesday, April 28, 2010

ကိုယ့်ရည်းစား ဘာကြောင့်လိမ်တာလဲ

မုသားပြောတဲ့ ကိစ္စဟာ သိပ်တော့ မဆန်းလှပါဘူး။ လူနေမှု အသိုင်းအ၀ိုင်း ထဲမှာ ရှင်သန်နေသရွေ့ နေ့စဉ်နဲ့အမျှ မုသားပေါင်း များစွာနဲ့ နပမ်းလုံး နေရဦးမှာ ဖြစ်ပါတယ်။ တချို့လူတွေဟာ ခဏခဏ လိမ်ကြတယ်။ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတွေ တောင်မှ လိမ်လည်ပြေဆို တတ်ကြတယ်။ ယောက်ျား တစ်ယောက် လိမ်လည် ပြောဆိုတာနဲ့ မိန်းမ တစ်ယောက် လိမ်လည် ပြောဆိုတာ အကြောင်းရင်းခြင်း၊ ပုံစံခြင်း၊ သဘော သဘာဝခြင်း မတူညီပါဘူး။ အောက်ပါ အကြောင်းရင်း များဟာ ရည်းစား၊ ချစ်သူ (ယောက်ျား)တွေ ဘာကြောင့် မုသား ဆိုရသလဲဆိုတာ အဖြေထုတ်ထားတဲ့ အမှန်အတရား တစ်စိတ်တစ်ဝက် သာဖြစ်ပြီး ယင်းအမှန်တရား တချို့ကြောင့် သင့်ရဲ့ အချစ်ရေးမှာ လူလိမ်လူညာ ချစ်သူနဲ့ ရှောင်ရှားနိုင်ပြီ ဆိုရင် ဖော်ပြရကျိုးနပ်ပြီလို့ .....  

"ခင်ဗျား ကျွန်တော့ကို လိမ်ညာလို့ ကျွန်တော် စိတ်မကောင်း မဖြစ်မိပါဘူး။

အခု အချိန်ကစပြီး ခင်ဗျားကို မယုံကြည်နိုင် တော့တာ အတွက်ပဲ ကျွန်တော်စိတ်မကောင်း ဖြစ်မိတာပါ။"

ဖရိုင်ဒ်ရစ်ခ်ျ နီယက်ချီ  

၁။ အဟားမခံရဖို့

ဘယ်သူမှ လူရှေ့သူရှေ့မှာ ပေါတောတော၊ အတတ၊ အူတူတူ၊ တုံးအအ ပုံစံမျိုး မဖြစ်ချင်ပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ အဲ့ဒီ အခြေအနေမျိုး ဆိုက်တော့ မယ်ဆိုရင် လိမ်ပြော လိုက်ခြင်းဖြင့် ထွက်ပေါက် ရနိုင်မယ်လို့ ယုံကြည်တဲ့ အတွက် လိမ်ပြော တတ်ကြပါတယ်။ လိမ်ပြော လိုက်ခြင်းဖြင့် ပိုကောင်းလိမ့်မယ်လို့ ယူဆတဲ့အတွက် လျှာဖျားက မုသားစကားထွက်လာရတာ ဖြစ်ပါတယ်။  


၂။ ရှောင်ထွက်ဖို့

အင်္ဂလိပ် ဘာသာစကားမှာ White Lie ကို အတိုချုပ်ပြောရရင် တစ်ဦးတစ်ယောက် အတွက် စိတ်မကောင်း မဖြစ်စေရန် ပြောကြားသော မုသားလို့ အဓိပ္ပာယ် ရပါတယ်။ ဒီမုသားမျိုးဟာ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက် အတွက် ကာကွယ် ပေးတာမျိုး စတဲ့အခါမှာ သုံးတဲ့ မုသားမျိုး ဖြစ်ပါတယ်။

နောက်တစ်မျိုး ကတော့ ကိုယ်မလုပ်ချင်တဲ့ အလုပ်တစ်ခုကို မလုပ်ချင်တဲ့ အတွက် လိမ်ပြောတဲ့ မုသားပါပဲ။ ဒီမုသား နှစ်မျိုးစလုံးဟာ အခြေအနေတစ်ခု၊ တစ်စုံတစ်ခုမှ လုပ်ကိုင်ဖို့ ငြင်းဆန်တဲ့ သဘောတွေပါနေပြီး လူတွေဟာ အဲ့ဒီအခြေအနေ နှစ်မျိုး စလုံးနဲ့ကြုံလာ ရင်လည်း မုသားဆိုလိမ့်၊ ဆိုတတ်ကြောင်း သိစေအပ်ပါတယ်။  


၃။ အရှက်မကွဲစေဖို့

ဒီမုသားမျိုးဟာ အပေါ်ဆုံးက မုသားမျိုးနဲ့ ဆင်တူပါတယ်။ လူတွေဟာ သူတို့ အရှက်ကွဲတော့မယ် အခြေအနေမှာလည်း ထွက်ပေါက် ရလိုရငြား ရုန်းထွက်တဲ့ အနေနဲ့ မုသား ဆိုတတ်ကြပါတယ်။

 

၎။ သက်သေပြဖို့

လူတွေဟာ တစ်စုံတစ်ခု၊ ဖြစ်ရပ်မှန်တစ်ခု မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားတဲ့ အခါမှာလည်း လိမ်ညာ ခြင်းကို အားအင် တစ်ရပ်အဖြစ် အသုံးချ တတ်ကြပါတယ်။ အမှန်တစ်ဝက်၊ မုသားတစ်ဝက် ပြောသလိုမျိုးပေါ့။ ဒါပေမဲ့ မုသားတစ်ခုရဲ့ အနက်အရှိုင်းကို လျှော့မတွက်မိဖို့ အရေးကြီးပါတယ်။  


၅။ အသေးအဖွဲ

လူတွေဟာ အသေးအဖွဲလို့ ထင်ပြီး လိမ်ညာ တတ်ကြပါသေးတယ်။ လိမ်ညာခြင်းကို အသေးအဖွဲလို့ ထင်မှတ်နေပြီး တော့လည်း အသေးအဖွဲ ကအစ လိမ်ညာတတ်ကြပါတယ်။  


၆။ အချစ်၊ ကာမ ရဖို့

လူတွေဟာ သူတပါးရဲ့ အချစ်၊ ကာမယူဖို့အတွက်လည်း မုသား ဆိုတတ်ကြပါတယ်။ (ယေဘူယျအားဖြင့်) လူတစ်ယောက်ရဲ့ ကာမကို ရဖို့ မချစ်လည်း ချစ်တယ် ပြောတတ်ကြပါတယ်။ ယူဖို့ ဆန္ဒ မရှိလည်း အတည်အကျယူပါ့ မယ်ဆိုပြီး မုသားဆိုတတ်ကြပါတယ်။ လူတွေ မုသားအများဆုံး ထွက်တဲ့ အကြောင်းရင်းက အဲ့ဒီ အချစ်နဲ့ကာမ ရယူတဲ့နေရာမှာ ပါပဲ။ ဒီလို လိမ်ညာ နည်းကတော့ လိုချင်တာကို ရယူချင်တဲ့အခါ လိမ်လည်နည်းလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

 

၇။ အလိမ်ပြိုင်ပွဲဝင်

လူတွေဟာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်း တွေနဲ့လည်း အလိမ်ပြိုင်တတ်ကြပါတယ်။ ခုခေတ် လူငယ်စကားနဲ့ ပြောမယ်ဆိုရင်တော့ "ကျပ်တယ်" "စားတယ်" ပေါ့။ ဘယ်သူက ဘယ်လောက် "ကျပ်နိုင်မလဲ" "စားနိုင်မလဲ" ဆိုပြီး မုသားပြိုင်ကြပါတယ်။


  ၈။ အပြစ်ကြောက်လို့

ဒါကတော့ လူတိုင်းနီးပါး လိမ်လည်ကြတဲ့ အကြောင်းရင်းတစ်ခုပါပဲ။ ယောက်ျားပဲဖြစ်ဖြစ်၊ မိန်းမပဲဖြစ်ဖြစ် ဇာတ်ပေါ်ဓားဝဲလာခဲ့ရင် များသောအားဖြင့် လိမ်လည်တတ်ကြပါတယ်။ ၀မ်းနည်းစရာကောင်းတဲ့ သတင်းက အသည်းမာတဲ့ ယောက်ျားတွေဟာလည်း အပြစ်ဒဏ်ကြောက်ပြီး လိမ်လည် တတ်ကြတဲ့အချက်ပါပဲ။ လူအတော်များများဟာ အပြစ်ကလွတ်ရင် ပြီးရော ဘာပဲဖြစ်ဖြစ် လိမ်လိုက်မယ် ဆိုပြီး လိမ်လည်တတ်ကြပါတယ်။  


၉။ မာနအတွက်

တချို့လူတွေဟာ သူတို့ရဲ့ မာနထိပါးခံရမှာ၊ ပျက်စီးသွားမှာ ကြောက်ပြီး လိမ်လည်တတ်ကြပါတယ်။ အဖြစ်အပျက် တစ်ခုဟာ မှန်နေသော်လည်း မာနမျက်နှာ ထောက်ပြီး ဇွတ်အတင်း လိမ်လည်တတ်ကြပါတယ်။  


၁၀။ ကာကွယ်ဖို့

နိဂုံးချုပ်ဆိုရရင် လူတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ ထိခိုက်လာမယ့် ဘေးအန္တရာယ် အမျိုးမျိုးကနေ ကာကွယ်ဖို့အတွက်လည်း လိမ်လည်တတ်ကြကြောင်း ပြောကြားလိုပါတယ်။


ဒါကြောင့် အကြံပေးလိုတာက လိမ်လည်စကာပြောတတ်တဲ့ ချစ်သူ ရည်းစားကို ဝေးဝေးကနေ ရှောင်နိုင်ရင် ရှောင်ပါလို့။ မရှောင်နိုင်ဘူးဆိုရင်လည်း အလိမ်ခံလိုက်ပါ။ တချို့ကျတော့လည်း သိသိကြီးနဲ့ကို အလိမ်ခံနေတာတွေ ရှိသေးတယ်။ အလိမ်ခံပြီးကို ချစ်နေတာပေါ့။ မိမိသဘောအတိုင်း မိမိဆန္ဒအတိုင်းပါပဲ။ ဒါပေမဲ့ တစ်ခုတော့ အကြံပေးပါရစေ။ လိမ်တတ်တဲ့ ချစ်သူနဲ့တွေ့ရင် (သို့) လိမ်တတ်တဲ့ ချစ်သူရှိနေရင် သူပြောသမျှ စကားများကို ၁၀၀ ရာခိုင်နှုန်းများ မယုံလိုက်လေနှင့်။ မိမိမျက်စိနှင့် တပ်အပ်မြင်မှသာ ယုံကြည်လိုက်ပါလို့ ..... ။

 

Ref: 8 DAYS - A WEEK Journal (19 February - 26 February 2010 )

No comments: