Thursday, March 5, 2009

Qui Tao (Thai Noddles)

ကျွန်တော် ရန်ကုန်ရောက်ခါစက ဒီအစားအစာကို ဘာမှန်းမသိပါဘူး။ နာမည်ကလည်း ကွေ့သယိုတဲ့။ နောက်သူငယ်ချင်းလိုက်ကျွေးတော့မှ မြည်းစမ်းဖူးတာ။ မဆိုးပါဘူးတစ်မျိုးလေးပဲ။ ငရုတ်သီးကြိုက်သူ တွေကတော့ ရှုးရှုးရှဲရှဲစားပေါ့။ ကျွန်တော်ကတော့ အစပ်လျော့ ပြီးစားဖြစ်ပါတယ်။ သူငယ်ချင်းတို့လည်း အိမ်မှာ သူငယ်ချင်းတွေစုပြီး အလွယ်တကူလုပ်စားလို့ရအောင် ဝေမျှလိုက်ပါတယ်။ ကွေ့သယိုက ထိုင်းရိုးရာအစားအစာပါ။ ထိုင်းနိုင်ငံရဲ့ လမ်းဆုံလမ်းခွမှာလေ မြန်မာနိုင်ငံမှာ မုန့်ဟင်းခါးဆိုင် တွေရှိ သလိုမျိုးကွေ့သယိုရောင်းတဲ့ဆိုင်တွေရှိကြပါတယ်။


ကွေ့သယို (ထိုင်း အစားအစာ)
ပါဝင်သောပစ္စည်းများ
(၁) ကြက်ရိုး (သို့မဟုတ်) ၀က်ရိုး - ၂၅ကျပ်သား
(၂) ကြက်သား အသားနွှင်ပြီး - ၃၀ ကျပ်သား
(၃) ငါးဖယ်ခြစ် - ၁၅ကျပ်သား
(၄) ရယ်ဒီမိတ် ကြက်ကြော်လုံး - ၂၀လုံး
(၅) ၀က်သားလုံး - ၂၀လုံး
(၆) ဆန်ခေါက်ဆွဲခြောက် - တစ်ထုပ် (ရှမ်းခေါက်ဆွဲအဖတ်ဖြင့်လည်း ပြုလုပ်နိုင်သည်။)
(၇) ပဲပင်ပေါက်နှင့် ကန်စွန်းရွက် - ၁၅ကျပ်သားနှင့် ကန်စွန်းရွက် တစ်စည်း။
(၈) ငရုတ်ကောင်းမှုန့် - အနည်းငယ်
(၉) ငရုတ်သီး အကျက်မှုန့် - ငါးကျပ်သား
(၁၀) သကြား - ၁၀သား
(၁၁) တရုတ်နံနံ နှင့်ကြက်သွန်မြိတ် - ငါးကျပ်သားစီ
(၁၂) ခရုဆီ - အနည်းငယ်
(၁၃) ကြက်သွန်ဖြူ ဆီချက် - အနည်းငယ် ကြိုတင်ချက်ထားပါ။

ပြုလုပ်ပြင်ဆင်ပုံ
ကြက်ရိုးကို ဦးစွာခုတ်ထစ်ဆေးကြောပြီး ဆားအနည်းငယ်ထည့်ကာ ချင်း၊ ကြက်သွန်ဖြူ ဓားပြားရိုက်၍ ပွက်ပွက်ဆူအောင် တည်ထားပါ။ ဆန်ခေါက်ဆွဲပြားအခြောက်ကို တစ်နာရီခန့် ရေစိမ်ထားပြီး ပွက်ပွက် ဆူသော ရေနွေးအတွင်းသို့ ခေတ္တစိမ်ထားပါ။ နောက်ရေစစ်ထားပါ။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျော ထားပါ။ ငရုတ်သီးအကျက်မှုန့်ကို ဆီအနည်းငယ်နဲ့ ကြော်ထားပြီး ကန်စွန်းရွက်အညွန့်ကလေးများကို နွှင်ထားပါ။ တရုတ်နံနံနှင့် ကြက်သွန်မြိတ် အားလုံးဆေးကြောသန့်စင်ထားပါ။ ကြက်ရိုးပြုတ် ပွက်ပွက် ဆူပါက အပေါ့အငန်အရသာမြည်းကြည့်ပြီး ခရုဆီနဲ့ လိုအပ်သည်များကို ထည့်ပေးပါ။

အရသာအနေတော်ဖြစ်ပြီ ဆိုပါက ခေတ္တပြန်တည်ထားပါ။ ငါးဖယ်ခြစ်ကို ဆား၊ အရသာမှုန့် အနည်း ငယ်ထည့်၍ နယ်ပြီး အလုံးကလေးများပြုလုပ်ကာ ပြုတ်ထားပါ။ကြက်သားကိုလည်း ခပ်ပြားပြား ကလေးများလှီးပြီးပြုတ်ထားပါ။ ထို့နောက် ပွဲပြင်မည်ဆိုပါက ဟင်းရည် ပန်းကန်လုံးအတွင်း ဆန်ပြား ခေါက်ဆွဲတစ်ပွဲစာထည့်ပြီး အသားလုံး၊ ငါးဖယ်လုံး၊ ကြက်သားပြား၊ ပဲပင်ပေါက် ကန်းစွန်းရွက်၊ ငရုတ်ဆီချက်၊ ကြက်သွန်ဖြူဆီချက်နဲ့ သကြားတစ်ဇွန်းတို့ကို ထည့်ပြီး အပေါ်မှ ပြုတ်ရည်ကိုလောင်း ထည့်ပါ။ အသင့်လှီးထားသော တရုတ်နံနံနှင့် ကြက်သွန်မြိတ်ကို ထည့်ပြီး ငရုတ်ကောင်းမှုန့် အနည်း ငယ်ဖြူးပေးပါ။
ပူပူလောင်လောင်စားသုံးရန်ဖြစ်ပါသည်။ ကွေ့သယိုနဲ့ တွဲဖက်စားသုံးရန် ငရုတ်သီး ဆော့စ်ကိုလည်း ပြုလုပ်ပေးဖို့ လိုအပ်ပါသည်။ ကွေ့သယိုကို အသုပ်အနေဖြင့်လည်း ပြုလုပ်စားသုံးနိုင်ပါသေးသည်။

No comments: