Tuesday, August 26, 2008

Today Reading....

ကျွန်တော်ဒီနေ့ဖတ်ဖြစ်တဲ့ မင်းမြတ်သူရရဲ့ ရွှေဥာဏ်ရှင်ဆိုတဲ့ စာအုပ်ထဲက တရုတ်ရိုးရာ သိစရာတစ်ချို့ကို သိရလို့ သူငယ်ချင်း တို့များသိချင်မလားဆိုပြီး ပြန်ကူးရေးပေးလိုက်ပါတယ်။
ဒါတွေဟာ သူငယ်ချင်းတို့သိပြီးသားတွေလည်း ဖြစ်ချင်ဖြစ်နိုင်တာ ပေါ့နော်။ ဒါပေမဲ့ ဖတ်ကြည့်ပါဦးလို့..။

(၁) ငါတို့တရုတ်တွေဟာ နှစ်သစ်ကူးပွဲတော်၊ ဆိုင်သစ်ဖွင့်ပွဲ၊ ပျော်ပွဲရွှင်ပွဲတွေမှာ ဗျောက်ဖောက်ပြီးတော့ ကျင်းပလေ့ရှိတယ်။ ဗျောက်အိုးဖောက်တယ်ဆိုတာ မကောင်းတဲ့နာနာဘာဝ သရဲတစ္ဆေ တွေကို မောင်းထုတ်တာကွ၊ငါတို့တရုတ်တွေဟာ သရဲတစ္ဆေတွေကို ဗျောက်အိုးနဲ့ဖောက်ပြီး မောင်းထုတ်လို့ရတယ်လို့ ယုံကြည်ကြတယ်။

(၂) ပေါက်စီကို ငါတို့တရုတ်ဘာသာနဲ့ မန်ထိုလို့ခေါ်တယ်။ ရှေးလွန်လေပြီးသောအခါ မန်လူမျိုးတွေနဲ့ ဘုရင့်ရဲ့စစ်တပ်ကြီးဟာ တိုက်ပွဲဖြစ်ပွားတယ်။ဘုရင့်ရဲ့စစ်သူကြီးဟာ မန်လူမျိုးတွေကို သုံ့ပန်းအဖြစ်နဲ့ဖမ်းဆီးခေါ်ဆောင်လာတယ်။ လမ်းခရီးမှာ အလွန်ရေစီးသန်တဲ့ မြစ်ခရီးကိုဖြတ်သန်းရတယ်၊ ဒီမြစ်ရဲ့ မြစ်စောင့်နတ်ကြီးဟာ အလွန်တန်ခိုးကြီးတယ်၊လူတွေကို ဖမ်းစားပြီး သေအောင်လုပ်တတ်တယ်ဆိုပြီးတော့ အမည်သတင်းထွက်တယ်၊ ဒါကြောင့် ဘုရင်ရဲ့ စစ်သည်တွေက သူတို့ဖမ်းဆီးထားတဲ့ မန်လူမျိုး သုံ့ပန်းတွေရဲ့ဦးခေါင်းကိုဖြတ်ပြီးတော့ မြစ်စောင့်နတ်ကို ယဇ်ပူဇော်ရ မယ်လို့ပြောတယ်။ဒါပေမဲ့ စစ်သည်တွေရဲ့အကြီးအကဲ စစ်သူကြီးဟာ ကြင်နာသနားတတ်တဲ့ စိတ်ဓာတ်ရှိတဲ့အတွက် မန်လူမျိုးတွေရဲ့ ဦးခေါင်းကိုဖြတ်မဲ့အစား သူတို့ရဲ့ဦးခေါင်းနဲ့ ပုံသဏ္ဍာန်တူအောင် မုန့်လုပ်ပြီးတော့ နတ်ကိုပူဇော်ပသလိုက်တယ်။ ဒီအချိန်ကစပြီးတော့ မန်လူမျိုးတွေရဲ့ ဦးခေါင်းပုံစံနဲ့တူတဲ့ပေါက်စီကို လုပ်စားကြတယ်။ ဒါကြောင့်ပေါက်စီရဲ့နာမည် မန်ထိုဟာ မန်လူမျိုးများရဲ့ ဦးခေါင်းလို့ အဓိပ္ပါယ်ရှိတယ်။

(၃) "ဟိုရုပ်ပုံထဲက မုတ်ဆိတ်ဖြူကြီးနဲ့ ရယ်မောပျော်ရွှင်နေတဲ့ လူဝကြီးကဘယ်သူလည်း"
ငါတို့တရုတ်တွေရဲ့ ဖိုးသက်ရှည်နတ်မင်းကြီးကွ၊ အန်းကုန်းဘိုးတော် လို့ခေါ်တယ်။

(၄) "ပါကွအင်း" ငါတို့တရုတ်တွေက အလွန်အလေး အနက်ထား ကြတယ်။ ဒီပါကွအင်းကို ဖူးရှိလို့ခေါ်တဲ့ ရှေးဟောင်းသူတော်စင်ကြီး တစ်ဦးက တီထွင်ခဲ့တယ်ကွ။ဒီပါကွအင်းမှာ သဘာဝအချင်းအရာ ရှစ်ခုနဲ့ ယင်ယန်လို့ခေါ်တဲ့ အမှတ်တံဆိပ်ပါတယ်။ ဒီအင်းကိုဆောင်ထားခြင်းဖြင့် စုန်းနဲ့ကဝေတွေရဲ့ လှည့်စားမှုကို အောင်မြင်နိုင်တယ်၊ ကျက်သရေမင်္ဂလာနဲ့လည်း ပြည့်စုံနိုင်တယ်ကွ။

(၅)အိမ်နံရံမှာချိတ်ထားတဲ့ ကြိုးကြာငှက်ပုံကတော့ ကြိုးကြာငှက်ဟာ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းကိုကိုယ်စားပြုတယ်။ဟိုဘက်နောက်က နံရံဟာ ဂန္ဓာမာပန်းပွင့်ကြီးကိုလည်း ကြည့်လိုက်စမ်း၊ စီးပွားဥစ္စာ တိုးတက်ခြင်း၊ ပျော်ရွှင်ခြင်းကို ကိုယ်စားပြုတဲ့ပန်းပဲ။
ကျန်တော့ကျန်ပါသေးတယ်တခြားအကြောင်းအရာတွေ။ဒီနေ့တော့ ဒီလောက်ပါပဲ.....။

No comments: