Saturday, January 26, 2008

Split path

လမ်းခွဲ

ငါတို့စကားတွေ ပြောကြရအောင်
အဲဒီစကားတွေထဲမှာ လေထဲလွင့်သွားတာတွေပါမယ်
ရင်ထဲနင့်သွားတာတွေလည်းပါမယ်

ငါတို့စကားတွေပြောကြရအောင်
အဲဒီစကားတွေထဲမှာ ဝေ့လည်ကြောင်ပတ်စကားတွေပါမယ်
တမင်တကာမေ့ပြီး ကြောင်ပတ်ပစ်လိုက်ရတဲ့ စကားတွေလည်းပါမယ်

ငါတို့စကားတွေပြောကြရအောင်
အဲဒီစကားတွေထဲမှာ ဘ၀က ပြဌာန်းပြီးသားစကားတွေပါမယ်
ဘ၀ကိုပြန်ပြီး ပြဌာန်းချင်တဲ့ စကားတွေလည်းပါမယ်

ငါတို့စကားတွေပြောကြရအောင်
အဲဒီစကားတွေထဲမှာ ဘ၀အကြောင်းဖွဲ့ဆိုတဲ့ အချစ်စကားတွေပါမယ်
အချစ်အကြောင်းဖွဲ့ဆိုတဲ့ ဘ၀စကားတွေလည်းပါမယ်

ငါတို့စကားတွေပြောကြရအောင်
အဲဒီစကားတွေထဲမှာ မြှားအလှည့်မှားတဲ့ ဗက်တာတစ်ခုရဲ့
ရူပဗေဒသဘောတရားအကြောင်းတွေပါမယ်
ဒစ်ဖရန်ရှိတ် အလုပ်ခံရတဲ့ ကိန်းဂဏန်းတစ်ခုရဲ့
သင်္ချာသဘောတရားအကြောင်းတွေလည်းပါမယ်

ငါတို့စကားတွေပြောကြရအောင်
ဘာတွေဖြစ်ဖြစ်ပေါ့ ငါတို့မပြောချင်တဲ့စကားကို ငါတို့မပြောကြဘဲ
ငါတို့မသွားချင်တဲ့ ဘ၀ကိုတော့ ငါတို့သွားကြတာပေါ့

အလွမ်းဆိုတာ
ရင်ထဲဒဏ်ရာတစ်ခုရှိမှ အနေပျော်တတ်သူတွေအတွက်
ခမည်းတစ်ခုမဟုတ်လား
လွမ်းရပါစေ
လွမ်းမယ်.......။

မောင်စိုးသစ် (မန္တလေး)

No comments: