Wednesday, October 28, 2015

USB Stick အစားထိုး ဒေတာကပ်ခွာ - Magic leap - အာရုံခံစနစ်ပါဝင်တဲ့ ရှူးဖိနပ် Nike



USB Stick အစားထိုး ဒေတာကပ်ခွာ 


မကြာခင် ဒေတာကပ်ခွာကို သုံးပြီး ကွန်ပျူတာတွေကနေ ဒေတာကူးနိုင် ပို့နိုင်တော့မှာပါ။

သိပ္ပံပညာရှင်တွေဟာ ကပ်ခွာနုတ်တွေနဲ့ သဏ္ဍာန်တူတဲ့ data storage deviceတွေကို တီထွင်လိုက်ပါတယ်။ ပြီးတော့ ကွန်ပျူတာတစ်လုံး၊ ဒါမှမဟုတ် တခြားစက်တစ်ခုခုမှာ ကပ်လိုက်ရုံနဲ့ ဒေတာ အလွှဲအပြောင်း လုပ်နိုင်တယ်လို့ သိရပါတယ်။

သေးငယ်ပြီး စက္ကူအလား ပါးလွှာတဲ့ driveတွေကို Datastickies လို့ခေါ်ပါတယ်။ တကယ့် ကပ်ခွာနုတ်တွေလိုပဲ တစ်ခုပေါ်တစ်ခုထပ်ပြီး ကပ်ထားလို့ရပါတယ်။ လိုအပ်ရင် ဆွဲခွာပြီး အသုံးပြုရမှာပါ။

Graphene တွေနဲ့ လုပ်ထားပြီး 32G သိုလှောင်မှုပမာဏထိရှိတဲ့ driveတွေကို ရောင်းချပေးပါလိမ့်မယ်။ Graphene ဆိုတာက ကာဗွန်အက်တမ်တွေနဲ့လုပ်ထားပြီး လျှပ်စစ်ကူးအားကောင်းတဲ့ အရာတစ်ခုပါ။

Datastickies driveတွေရဲ့ ဈေးနှုန်းနဲ့ စတင်ရောင်းချပေးမယ့် နေ့ကိုတော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။

( Jack )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

ဝဘ်ဆိုဒ်တွေကိုမေ့ထားပြီး Facebook ထဲမှာတင် သတင်းဖတ်စေချင်

 Facebook က ကျွန်တော်တို့အတွက် သတင်းစာစင်ဖြစ်ချင်ပါတယ်တဲ့။

Facebook App ထဲမှာတင် သတင်းဆောင်းပါးတွေကို အသင့်ဖတ်နိုင်မယ့် Feature ကို Facebook က ထုတ်နေပါပြီ။ သတင်းခေါင်းစဉ်တွေကို ဖတ်ရုံတင်မဟုတ်ဘဲ၊ သတင်းဆောင်းပါး အဆုံးထိ ဖတ်နိုင်စေပြီး သတင်းဗီဒီယိုတွေကိုလည်း ကြည့်စေနိုင်မယ်လို့ Facebook က အောက်တိုဘာ ၂၀ရက်နေ့မှာ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅လတုန်းက ဒီလို feature ကို အကန့်အသတ်နဲ့ မိတ်ဆက်ခဲ့ဖူးပါတယ်။

Facebook ထဲမှာ သတင်းဖတ်ရတာဟာ စံဝဘ်ဆိုဒ်တစ်ခုမှာဖတ်ရတာထက် ၁၀ဆ ပိုမြန်တယ်လို့လည်း ဆိုပါတယ်။ ပိုမြန်တဲ့ loading, ပိုကောင်းတဲ့ အပြင်အဆင်တွေ ဖြစ်စေရမယ်လို့လည်း Facebook က ကတိပေးထားပါတယ်။

“ကျွန်တော်တို့ အာရုံအစိုက်ဆုံးအရာကတော့ နေ့စဉ်တန်ဖိုးကို ထောက်ပံ့ပေးဖို့ပါပဲ။” လို့ Instant Articles အဖွဲ့ကို စီမံခန့်ခွဲနေသူ Chris Cox က Wall Street ဂျာနယ်ကလုပ်တဲ့ WSJDLive အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

မဂ္ဂဇင်းတွေ၊ ဝဘ်ဆိုဒ်တွေ နဲ့ နေ့စဉ်သတင်းစာတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တစ်နေ့တစ်နေ့ကို သတင်းဆောင်းပါးပေါင်း ၁၀၀၀ Facebook မှာ ထုတ်ဝေဖို့ စီစဉ်နေတယ်လို့ Facebook ကပြောခဲ့ပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

♪ တရုတ်နိုင်ငံက Apple Store အတု ♫

 
ကမ္ဘာ့နိုင်ငံအနံ့အပြားရှိ နိုင်ငံများတွင် ကန့်သက်ချက်ဖြင့် ဖွင့်လှစ်ထားတဲ့ Apple Store ဟာ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံ Kunming (ကူမင်) မြို့မှာ Apple မှ တရားဝင်ဖွင့်လှစ်ထားခြင်းမဟုတ်ပဲ Apple Store အတုတစ်ဆိုင် ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Apple Store ဟာ Apple ကုမ္ပဏီ မှ တရားဝင်ဖွင့်လှစ်ထားတဲ့ Apple Store များနှင့် ခွဲခြားမရအောင် တူလွန်းနေပါတယ်။ ဆိုင်အပြင်အဆင်ကအစ ရောင်းတဲ့ ပစ္စည်းက အဆုံးအကုန်လုံးက Apple Store နဲ့ တထေရာတည်းဖြစ်အောင်ကို ဖန်တီးဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ Apple ရဲ့ တရားဝင် Store ဟာ နှစ်ခုတည်းရှိပြီး ရှန်ဟိုင်း နဲ့ ဘေကျင်းတို့မှာ ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ Apple Store အတုဟာ ဆိုင်အပြင်အဆင်ကို Apple Store အစစ်နဲ့ လုံးဝတူအောင်ဖန်တီးထားဖြစ်ပြီး ဆိုင်မှာ လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းတွေကလည်း Apple ရဲ့ တရားဝင် Store ရှိ ဝန်ထမ်းများနည်းတူ Apple အမှတ်တံဆိပ်ပါ T-Shirt အပြာရောင်များကိုသာ ဝတ်ဆင်ထားကြခြင်းဖြစ်ပါတယ်။ ရောင်းတဲ့ ပစ္စည်းများကလည်း Apple ပစ္စည်းများသာ ဖြစ်ပြီး iPhone ၊ iPad ၊ iPod ၊ Mac Book Air ၊  Mac Book Pro  ၊ i Mac နှင့်အခြား Apple ပစ္စည်းများကိုသာ ရောင်းချပါတယ်။

ဆိုင်ရဲ့ ပုံစံဟာအခြား Apple Store များနည်းတူ နှစ်ထပ်ဖြစ်ပြီး အပေါ်ထပ်ကို တက်မဲ့ လှေကားကိုလည်း Apple ရဲ့  တရားဝင် Store မှာရှိတဲ့ လှေကားနဲ့ တူအောင် ဖန်တီးထားပါတယ်။ ကောင်တာထားပုံတွေကအစလည်း လုံးဝကွဲခြားမရအောင် ဖန်တီးထားပါတယ်။ သာမန် Apple အသုံးပြုသူ တစ်ယောက်အနေနဲ့ အဆိုပါ Apple Store ကို ဝင်သွားမိပါက Apple Store အစစ်အဖြစ်ထင်မှတ်မိမှာ မလွဲပါပဲ။

Ref : Wired
Aung Ko Htet (MMA)
#aungkohtet_mma

မျက်မှန်တပ်စရာမလို တကယ့်အပြင်မှာ မြင်သလို မြင်ရမယ့် Magic leap

Google နဲ့ Qualcomm တို့ကနေပြီးတော့ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၄၀ အကုန်ကျခံပြီးတော့ တီထွင်ဖန်တီးတဲ့ ရုပ်ရှင် နည်းပညာ တစ်ခု အောင်မြင်သွားပါပြီ။ ရုပ်ရှင် ဆိုတဲ့အတိုင်းပဲ တကယ်အပြင်မှာ အရှင် လတ်လတ်ရှိသလိုကို မျက်မှန်တပ်စရာမလိုပဲ မြင်ရတော့မယ့် နည်းပညာ ဖြစ်ပါတယ်။ သူ့ကို Magic Leap လို့ အမည်ပေးထားပါတယ်။

သူ့အကြောင်းမပြောခင် လက်ရှိ ရုပ်ရှင်ရုံနဲ့ ပရိုဂျက်တာများရဲ့ အလုပ်လုပ်ပုံကို ပြောပြပါရစေ။ ပရိုဂျက်တာကို ထိုးတဲ့ ရုပ်ပုံကနေ အလင်းပြန်ပြီးတော့ Angel တစ်ခုကနေ မျက်လုံးပေါ်ကို အလင်းပြန်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ပုံရိပ်တွေ ပေါ်လာပါတယ်။ ယခု Magic Leap ကတော့ ဘယ်နံရံကိုမှ ပြန်ကန် မထွက်ပဲ မျက်စိကို တိုက်ရိုက်သွားမယ့်အလင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Retina ကို တိုက်ရိုက်ထိတာကြောင့် တကယ့် လက်တွေ့ အပြင်လောကမှာ မြင်ရတဲ့ ခံစားချက်မျှိုးကို ဦးနှောက်သို့ ပို့ပေးပြီး အပြင်မှာ မြင်တွေ့ဖြစ်ပျက်နေတဲ့ အရာတစ်ခုလို့ ခံစားမိစေပါလိမ့်မယ်။ Microsoft က ပြုလုပ်တဲ့ Hololens ကလည်း ယင်းနဲ့အလားတူပေမယ့် သူက မျက်မှန်တပ်ရပါတယ်။ Magic leap က တပ်စရာ မလိုပါဘူး။ ကြည့်နေရင် ကြည့်နေတဲ့ လူတိုင်းရဲက မျက်စိ ကို တိုက်ရိုက်သွားပါတယ်။
ရုပ်ရှင် ရုံတွေမှာသာ အစားထိုးမယ်ဆိုရင် ပိတ်ကား မလိုတော့ ပါဘူး။ Magic Leap နဲ့ ကြည့်လို့ရမယ့် ပထမဆုံး ရုပ်ရှင်ကိုလည်း စတင်ရိုက်ကူးနေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ နောက်တစ်ခုအနေနဲ့ ကတော့ Gaming Industry မှာ အသုံးချမှု ဖြစ်ပါတယ်။ Gaming အတွက်လည်း အသုံးချနိုင်တဲ့အပြင် လုပ်ငန်းခွင်သုံးလည်း ဖြစ်လာနိုင်တာကြောင့် သူ့ကိုသာ ဈေးသက်သက်သာသာနဲ့ တွင်တွင်ကျယ်ကျယ်သာ အသုံးပြုနိုင်ရင် လာမယ့် ၇နှစ် အတွင်း ဖန်သားပြင် ဆိုတာ ပျောက်ကွယ်လာနိုင်ချေ ရှိကြောင်းတော့ ခန့်မှန်းထားကြ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း (MMA)

အာရုံခံစနစ်ပါဝင်တဲ့ ရှူးဖိနပ် Nike က ထုတ်တော့မည်

Back to the future လို့အမည်ရတဲ့ ရုပ်ရှင်ဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ခန့်က အင်မတန် အောင်မြင်ခဲ့ ပါတယ်။ ယင်း ရုပ်ရှင်ထဲမှာ၂၀၁၅ ခုနှစ်ကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ်။ အဲ့ဒီတိုင်းမှာ လူ့ရဲ့ လမ်းလျှောက်မှု အနေအထားပေါ်မူတည်ပြီးတော့ စီးထားတဲ့ ဖိနပ်က အတင်းအကြပ် မှန်ကန်အောင် ပြောင်းလဲပေးနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ယင်းကဲ့သို့ ဖြစ်နိုင်မဖြစ်နိုင်ကို လူတွေ ဝေဖန်ခဲ့ကြပေမယ့် ယခုတော့ တကယ်ဖြစ်လာပါပြီ။ Nike ကနေ ထုတ်လုပ်နေပြီဖြစ်တဲ့ ရှူးဖိနပ်ဖြစ်ပါတယ်။

၂၀၁၆ နှစ်ဆန်းလောက်မှ ရောင်းချဖွယ် ရှိပါတယ်။ တရားဝင် ဓာတ်ပုံနဲ့ ဗီဒီယိုများကို တင်ခဲ့ ပါတယ်။ စမ်းသပ် အသုံးပြုနေမှုကိုလည်း Nike မှ အရာရှိ အချို့က Twitter ပေါ် တင်ခဲ့ကြ ပါတယ်။ သူ့ကို Limited Edition ထုတ်ပြီးတော့ ရောင်းချမှာ ဖြစ်ပါတယ်။ ဖိနပ်ဟာ ရုပ်ရှင်ထဲကလို လုပ်ဆောင်ချက် အပြည့်ဝ မလုပ်နိုင်ပေမယ့် စီးလိုက်တာနဲ့ ကြိုးအလိုအလျောက်တင်းပေးတာ လမ်းလျှောက်မှုပေါ် မူတည်ပြီးတော့ ခြေထောက်မနာအောင် ပြုပြင်ပေးတာတို့ ပြုလုပ်မှာ ဖြစ်ပါတယ်။
ယင်း ရှူးဖိနပ် အပြင် Back to the future များ ပစ္စည်းများကို ၂၀၁၆ နှစ်ဆန်းပိုင်းမှာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
.
Ref: mashable
အောင်ခမ်း (MMA)

Tuesday, October 27, 2015

Medical check-up before marriage အိမ်ထောင်မပြုခင် ဆေးစစ်ချင်




၁။ ဆရာရှင့် သမီးတို့နှစ်ယောက်စလုံး အသက် (၃ဝ) ပါ။ လက်ထပ်တော့မှာမို့ နှစ်ယောက်စလုံး ဆေးစစ်ရင် ဘယ်လိုပြော စစ်ရမလဲ။ ဘာတွေစစ်သင့်လဲသိချင်လို့ ဖြေပေးပါဆရာ။ ကျေးဇူးတင်ပါတယ်ရှင့်။ 

၂။ အိမ်ထောင်မပြုခင် ဘာတွေဆေးစစ်ဖို့ လိုမလဲဆရာ။ ရုပ်ရှင်ပညာပေးကားတွေမှာ လက်မထပ်ခင် ဆေးစစ်ဖို့လိုတယ် ဆိုတာတွေ ကြားသိရပါတယ်။ ဘာရောဂါတွေကို စစ်ရမလဲ။

အိမ်ထောင်ကျလို့ လင်-မယားအတူနေတဲ့အခါ ဆက်ဆံရေးပြဿနာ မရှိအောင်၊ သူ့ရောဂါတွေ ကိုယ့်ဆီ၊ ကိုယ့်ရောဂါတွေ သူ့ဆီ မကူးစက်အောင်၊ ကိုယ်ဝန်ဆောင်ရင် အန္တရာယ်မရှိအောင်၊ မွေးလာမဲ့ သားသမီးတွေလဲ ကျန်းမာသန်စွမ်းအောင် ကြိုတင်ဆေးစစ်ထားဘို့ လိုအပ်ပါတယ်။ 

ဖြစ်လာမှ ကုရမယ်ဆိုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကတော့ အကောင်းဆုံးဖြစ်တယ်။ သတိဆိုတာ ပိုတယ်မရှိ ဆိုတဲ့ ဥပဒေသကို လိုက်နာတာ ကောင်းပါတယ်။ ဒါပေမဲ့ လိုတာထက်တော့ မပိုသင့်ပါ။ စိတ်လှုတ်ရှားမှုထက် စိတ်ပူပင်သောကအထိတော့ မထားသင့်ပါ။ နှလုံးသားဆန္ဒကို ဦးနှောက်ကကျော်လွန်တာမျိုး ရှိပါတယ် အမြဲတမ်းတော့ မဟုတ်ပြန်ဘူး။ ဒီစာဖတ်ပြီး အကုန်လုံး မလုပ်နိုင်လို့လဲ စိတ်အားမငယ်သင့်ပါ။ 

အိမ်ထောင်ပြုမဲ့သူတိုင်း မလွဲမသွေ စစ်ဆေးဘို့လိုအပ်တဲ့ ဆေးစစ်နည်းတွေ သတ်မှတ်ထားတာတော့ မရှိပါ။ ဒါပေမဲ့ အကြံကောင်းတွေ ပေးပါမယ်။ အကြံဥာဏ်ဆိုတာ အမိန့်၊ စည်းမျဉ်းမဟုတ်လို့ လိုက်နာချင်သူများကသာ လိုက်နာကြတယ်။ 

• Anaemia သတို့သမီးလောင်းက သွေးအားနည်းမနေသင့်ပါ။ HB (ဟီမိုဂလိုဘင်) ပုံမှန်ရှိနေရမယ်။ သံဓါတ်အားဆေး သောက်နေတာနဲ့ ကောင်းပါမယ်။ သံဓါတ်ကြွယ်ဝတဲ့ အစာတွေလဲ ရွေးစားရမယ်။ 

• Thyroid လည်ပင်းကြီး ဟော်မုန်း မှန်နေသင့်တယ်။ များလဲမကောင်း၊ နည်းလဲ မကောင်းပါ။ ဆေးကုလို့ရပါတယ်။


• Sugar ဆီးချို ရှိ-မရှိ သိထားသင့်တယ်။ 


• Blood groups သွေးစစ်ရင် သွေးအုပ်စုဆိုတာ ၂ မျိုးသိဘို့လိုတယ်။ (အေ-ဘီ-အို-အေဘီ) အပြင် Rh အပေါင်းလား၊ အနုတ်လား။ အနုတ်ဖြစ်နေရင် သတိထားရမယ်။ ၁၅% မှာ အနုတ်ဖြစ်နေတယ်။ ကိုယ်ဝန်ဆောင်ရင် ထပ်စစ်ရမယ်။ Rh factor ခေါ်တယ်။ (ရေးထားတာရှိပါတယ်။)


• STDs လိင်ကတဆင့် ကူးစက်ရောဂါတွေ ဘယ်သူဆီမှာဖြစ်ဖြစ် ရှိနေရင် ကြိုတင် ဆေးကုပါ။
• HIV/AIDS (အေအိုင်ဒီအက်စ်) မလွဲမသွေစစ်ပါ။


• Hepatitis အသဲရောင် (ဘီ) နဲ့ (စီ) ပိုးစစ်ရမယ်။ (ဘီ) အတွက် ကာကွယ်ဆေးရှိတယ်။ ပိုးရှိနေတာသိထားရင် ကိုယ်ဝန်ကိုရော၊ မွေးလာမဲ့ကလေးအတွက်ပါ ကြိုတင်လုပ်စရာတွေ အချိန်မီသိမယ်။


• Pap smears test နဲ့ သားအိမ်ဝကင်ဆာ မရှိတာသေခြာအောင် စစ်သင့်တယ်။ 


• Thalassaemia gene (သာလာဆီးမီးယား) မျိုးဗီဇစစ်တဲ့အခါ နှစ်ယောက်က Silent carrier ဖြစ်နေရင် ကလေးကို ဒီရောဂါရစေဘို့ ၂၅% ရှိတယ်။ မွေးရာပါမျိုးဗီဇရောဂါတခု ဖြစ်တယ်။ မြေထဲပင်လယ်ဒေသနဲ့ ဆိုင်တယ်။ သွေးနီဥထဲက (ဟီမိုဂလိုဘင်) ဆိုတာမှာ ချို့ယွင်းချက်ရှိနေတာ။


• Sickle cell anaemia (ဆစ်ကယ်ဆဲလ်) သွေးအားနည်ရောဂါ မျိုးဗီဇတွေ စစ်ရမယ်။ Haemophilia, Celiac or Hemoglobinopathy ဆိုတာတွေလဲ စစ်နိုင်ရင် ကောင်းပါတယ်။


ဆေးစစ်တာတွေအပြင် ကျန်းမာရေးသုတတွေလဲ လိုပါအုံးမယ်။ ကိုယ်ဝန်တားနည်းတွေကိုလဲ ဖတ်-မှတ်၊ မေးမြန်း-စုံစမ်းထားသင့်တယ်။ တခါတည်း ကလေးယူတော့မှာလား။ စောင့်ချင်သေးလား။ ကလေး တယောက်ပြီး တယောက် ဆက်ယူမှာလား။ မိသားစုစီမံကိန်း ချထားသင့်တယ်။ 

သူများနိုင်ငံက မိန်းကလေးတွေသာမကပါ မြန်မာနိုင်ငံသူတွေလဲ ကျန်းမာရေးအသိ ပိုတိုးလာနေတာ သဘောကျဘို့ ကောင်းတယ်။ တနေ့ကဘဲ (ဟန်းနီးမွန်း) ရက်က ရာသီလာရက်နဲ့ တိုက်နေလို့ ဘယ်လိုလုပ်ရမလဲ မေးလာတယ်။ မှန်တယ် နေ့ရက်ကို ပြင်လို့ရတယ်။ ဒီအသိပညာကိုလဲ ရယူထားသင့်တယ်။

Gynecology exams မီးယပ်ဆေးစစ်တာ လုပ်နိုင်ရင်ကောင်းတယ်။ တကယ်လို့ တင်ပါဆုံတွင်းအင်္ဂါတွေ ရောင်ဘူးရင်၊ ရောင်နေရင် ကြိုတင် ဆေးကုထားရမယ်။ ကလေးရနိုင်ခြေလဲ ကြိုသိလို့ လုပ်သင့်တာတွေ လုပ်ထားနိုင်တယ်။ ယောက်ျားကလဲ Semen Analysis သုက်ပိုးစစ်ဆေးတာ လုပ်နိုင်ရင် ကောင်းတယ်။ 

၂ဝဝ၄ ခုနှစ် မကုန်ခင် တရုတ်နိုင်ငံမှာ လက်မထပ်ခင် ဆေးစစ်တာတွေကို အခမဲ့ လုပ်ပေးမယ်လို့ ကြေညာတယ်။ ဒေသဆိုင်ရာ အစိုးရတွေက အကုန်အကျခံမယ်။ ဥပမာ (လိုရှန်) ခရိုင်အစိုးရကနေ ဒီအစီအမံအတွက် တနှစ်မှာ ယွမ် ၂ သိန်းခွဲ သုံးစွဲမယ်။ အရင်ကတော့ အိမ်ထောင်ပြုမဲ့သူတိုင်း မလုပ်မနေရ ဆေးစစ်တာ လုပ်ကြရတယ်။ အမိန့်သာထုတ်တယ် ၂% ကသာ လိုက်နာတာတွေ့ရလို့ အခုလိုပြင်လိုက်ရတာ ဖြစ်တယ်။ မွေးရာပါ ရောဂါတွေ၊ ကူးစက်ရောဂါတွေ၊ နှလုံးရောဂါ၊ စိတ်ရောဂါတွေကို စစ်ဆေးမယ်။ အရင်က ပူပူနွေးနွေးလက်ထပ်တဲ့ မြို့နေ စုံတွဲတွေထဲက ၁ဝ% မှာ ပြောခဲ့တဲ့ရောဂါတွေ တွေ့ရှိရတယ်လို့ ကျန်းမာရေးဌာနမှတ်တမ်းတွေအရ သိရတယ်။ တောနယ်တွေမှာ ၁၃-၁၅% ရှိတယ်။ မြန်မာနိုင်ငံမှာ ဘယ်လောက်ရှိပြီး ဘယ်တော့ အဲလို အစိုးရကနေ ကူမလဲ မသိပါ။

အချုပ်ပြောရရင် ကျန်းမာရေးအသိရှိတာ အလွန်ကောင်းတယ်။ ဖြစ်နိုင်ရင် အသေးစိတ်၊ မဟုတ်ရင် အခြေခံကျတာတွေ စစ်ဆေးထားသင့်တယ်။ လိုအပ်တာ ကုသထားရမယ်။ အိမ်ထောင်မပြုခင်ဆိုရင် ပိုပြီးသတိထားသင့်ကြတယ်ဆိုတာကိုလဲ သတိပေးပါရစေ။ 

- Blood group matching before marriage လက်မထပ်ခင် သွေးအုပ်စုစစ်ဘို့ အရေးကြီးသလား http://dts-medicaleducation-adult.blogspot.in/…/blood-group…
- Marriage Advice (1) သီတင်းမကျွတ်ခင် ဖတ်စေချင် (၁) http://doctortintswe.blogspot.com/…/…/marriage-advice-1.html


- Marriage Advice (2) သီတင်းကျွတ်ရင် ဖတ်စေချင် (၂) http://doctortintswe.blogspot.com/…/…/marriage-advice-2.html


- Marriage Advice (3) အိမ်ထောင်ရေးနဲ့ ကူးစက်ရောဂါ http://doctortintswe.blogspot.com/…/…/marriage-advice-3.html


Dr. တင့်ဆွေ


စာကြွင်း ။   ။ ဆရာကြီးဒေါက်တာတင့်ဆွေရဲ့ ဘလော့ခ်ကတစ်ဆင့်ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။

Monday, October 26, 2015

ကြက်သား ရခိုင်ချက် - ရခိုင်ငါးပိထောင်း - ငှက်ပျောဖူးသုပ် သို့မဟုတ် အဓိကဟင်းလက်သုပ် - ဘူးညွန့် သို့မဟုတ် ရွှေဖရုံညွန့်ဟင်းချို



 ကြက်သား ရခိုင်ချက်
ပါဝင်ပစ္စည်းများ
ကြက်သား ၄၀ကျပ်သား၊ ရခိုင်ငရုတ်သီးအနီခြောက်တောင့် ၁၀တောင့်၊ငရုတ်သီးစိမ်း ၁၀တောင့်၊ ကြက်သွန်အနီ ဥကြီး ၃လုံး၊ ကြက်သွန်ဖြူ ၁၅မြွှာ၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ငရုတ်သီးအရောင်တင်မှုန့် စားပွဲတင်ဇွန်းနှင့်တစ်ဝက်၊ မရမ်းသီး(သို့) သရက်သီး အနည်းငယ်၊ ဆား/နနွင်းမှုန့် အနည်းငယ်၊ ပဲဆီမွှေး ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ကြက်သားကို အနေတော်အတုံးလေးတွေ ခုတ်ထစ်၍ ရေဆေးပြီး ဆား၊ အချိုအရသာ၊ နနွင်းမှုန့်တို့ဖြင့်နယ်ထားပါ။
ရခိုင်ငရုတ်သီးအရှည်တောင့်၊ ငရုတ်သီးစိမ်းနဲ့ ကြက်သွန်နီ၊ဖြူတို့ကို ညက်အောင်ရောထောင်းထားပါ။
မရမ်းသီး(သို့မဟုတ်) သရက်သီးကို ပါးပါးလှီးပေးထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ဒယ်အိုးထဲမှာဆီထည့်ပါ။ ဆီပူလျှင် ထောင်းထားတဲ့ ငရုတ်သီးကြက်သွန်အနှစ်များကို ဆီသတ်ပါ။
ကြက်သွန်များ ရွှေဝါရောင်သမ်းပြီး ငရုတ်သီးစိမ်းနံ့ပျောက်သွားရင် မရမ်းသီးနဲ့ကြက်သား၊ အချို၊အငန်တို့ကိုထည့်ပြီး သမအောင် မွှေပေးပါ။
ပြီးလျှင် ကြက်သားနူးရန်အတွက် ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်တည်ပါ။ အသားကိုနူးအိတဲ့အထိ ရေထည့်ပြီး ချက်ပေးပါ။ အသားနူးပြီဆိုရင် ဟင်းအရသာမြည်းကာ မီးဖိုပေါ်မှချလို့ရပါပြီ။
အိမ်သားများ လျှာလည်သွားစေမယ့် ကြက်သားရခိုင်ချက်လေးပါ။ အချဉ် အစပ်ကြိုက်သူများအတွက် ဟင်းကောင်းတစ်ခွက်ဖြစ်ပါတယ်။
ရခိုင်ငါးပိထောင်း
ပါဝင်ပစ္စည်းများ
ငရုတ်သီးရှည်ပွ ၅ကျပ်သား၊ စိမ်းစားငါးပိ ကွမ်းသီးလုံးခန့်၊ ဆား အနည်းငယ်၊ မန်ကျည်းမှည့် အသစ် (သို့မဟုတ်) သံပရာသီး သင့်ရုံ၊ ကြက်သွန်နီ ၂ဥ၊ နံနံပင် လိုသလောက်။
ပြင်ဆင်ချက်ပြုတ်ပုံ
ငရုတ်သီးစိမ်းကို ရေဆေး၍ ရေစစ်ထားပါ။ ၀ါးသီတံဖြင့် ငရုတ်သီးစိမ်းအလယ်မှာ ဖောက်၍သီပါ။ မီးအေးအေး မီးသွေးမီးဖိုနှင့်ကင်ပါ။
စိမ်းစားငါးပိကို ဆားနှင့် နယ်ပါ။ ယောက်မနှင့် ငပိကိုကင်ပါ။ ငရုတ်သီးနွမ်း၍ အမည်းရောင် နည်းနည်းသန်းလာလျှင် မီးကင်ခြင်း ရပ်ဆိုင်းပါ။
ငရုတ်ဆုံထဲသို့ ငရုတ်သီးကင်၊ ဆား၊ ဟင်းခတ်မှုန့် တစ်ခါတည်း ထည့်ထောင်းပါ။ ညက်ကာနီးတွင် ကြက်သွန်နီ ထည့်ထောင်းပါ။ အချဉ် အတွက် သံပရာသီးထည့်ပါ။ အပေါ့အငန်မြည်းပါ။ အပေါ့အငန် အဆင်ပြေလျှင် နံနံပင်ထည့်ပြီး တစ်ချက်နှစ်ချက်ခန့် ထောင်း၍ အသင့်စားသုံးနိုင်ပါပြီ။
ရခိုင်ထမင်းပွဲ အဓိကဟင်းလက်သုပ်
ပါဝင်ပစ္စည်းများ
ငှက်ပျောဖူး ၁ဖူး၊ ပိန်းဥ အလုံး ၂၀၊ ပဲသီး ၁၅တောင့်၊ ပဲကြာဇံ ၅ကျပ်သား၊ မြေပဲအကျက် ၁၀ကျပ်သား၊ ပုစွန်ခြောက်အမှုန့် ၅ကျပ်သား၊ ငရုတ်သီးအစိမ်း ၂၅တောင့်၊ နှမ်းအလှော် ၅ကျပ်သား၊ ကြက်သွန်နီ ၄ဥ၊ ငံပြာရည်(အချို) စားပွဲတင်ဇွန်း ၁ဇွန်း၊ အချိုအရသာမှုန့် လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ ပဲဆီမွှေး ၅ကျပ်သား။
ပြင်ဆင်ချက်ပြုတ်ပုံ
ငှက်ပျောဖူးကို အပေါ်ယံအလွှာမှ ရင့်မာတဲ့အပိုင်းများ ဖယ်ရှား၍ ရေဆေးပြီး နူးအောင်ပြုတ်ပြီးလျှင် နုပ်နုပ်စဉ်းပါ။
ပိန်းဥကို အခွံနွှာပြီးကျက်အောင်ပြုတ်၍ မနုပ်တနုပ်စဉ်းပါ။ ပဲသီးကိုရေဆေး၍ ကျက်ရုံလေးပြုတ်ကာ စဉ်းထားပါ။
ပဲကြာဇံကိုလည်း အနေတော်အရွယ်ဖြတ်တောက်ပြီး နူးအိအောင်ပြုတ်၍ ဆန်ကာနဲ့ရေစစ်ထားပါ။
မြေပဲကို မညက်တညက်ထောင်းပါ။ ငရုတ်သီးစိမ်းကို ခပ်ပါးပါးလေးလှီးပေးပါ။ နှမ်းကို တစ်ဝက်ထောင်းပြီး ကျန်တဲ့တစ်ဝက်ကို ဒီအတိုင်းထားပါ။
ကြက်သွန်နီကို ပါးပါးလှီးပြီး ဆီချက် ချက်ထားပါ။
အားလုံးပြင်ဆင်ပြီးလျှင် ဇလုံခပ်ကြီးကြီးထဲမှာ ပြင်ဆင်ထားတဲ့ အဆာပလာများအားလုံး၊ အချို၊အငန်၊ဆီချက်အားလုံးထည့်ပြီး သမအောင်နယ်ပေးပြီးရင် အရသာမြည်းပါ။
အိမ်သားများစိတ်ကြိုက်ဖြစ်ပြီဆိုရင် ပန်းကန်ပြားထဲပြောင်းထည့်ပါ။ ရခိုင်ရိုးရာ ဟင်းလက်သုပ် ပြင်ဆင်လို့ပြီးပါပြီ။
ဘူးညွန့်ဟင်းချို
ပါဝင်သည့်ပစ္စည်းများ
ဘူးညွန့် လတ်လတ်ထွားထွား ၆ညွန့်ခန့်၊ ကြက်သွန်ဖြူ ၂ဥ၊ စိမ်းစားငါးပိ(ရခိုင်) ဆီးဖြူသီးခန့်၊ ပုစွန်ခြောက် ၁၅ကောင် (သို့မဟုတ်) ကြက်သား(ရိုး) ၅ကျပ်သား၊ နံနံပင် ၂ပင်၊ ဆူးပုပ်ညွန့် ၃ညွန့်။
ပြင်ဆင်ချက်ပြုတ်နည်း
ပုစွန်ခြောက်ကို ညက်အောင်ထောင်းပါ။ ပုစွန်ခြောက်မှုန့်ကို ရေနို့ဆီဘူး ၃လုံးခန့်ထည့်ပြီး ရေဆူအိုးတည်ပါ။ ငါးပိထည့်ပါ။
ဘူးညွန့်ကို အရိုးအရွက်သီးခြားဆီနွှင်ပြီး ရေဆေးထားပါ။ ဟင်းရည်အိုး ကျိုက်ကျိုက်ဆူလာလျှင် ဆား၊ဟင်းခတ်မှုန့်ထည့်ပါ။
ပြီးလျှင် ဘူးရိုးကို အရင်ထည့်ပါ။ ဘူးရိုးနူးချိန်တွင် ဘူးရွက်ထည့်ပါ။ အဖုံးခဏ အုပ်ထားပါ။ ၃မိနစ်ခန့်ရှိလျှင် အဖုံးဖွင့်လိုက်ပါ။
အပေါ့အငန်မြည်းပါ။ အပေါ့အငန်တော်လျှင် ဆူးပုပ်ရွက်နှင့် နံနံပင်ခပ်ပါ။ မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူထည့်ပါ။ ငရုတ်သီးဆားထောင်းနှင့်လိုက်ဖက်ပါသည်။
Credit: တိုင်းရင်းသားရိုးရာဟင်းလျာ