Sunday, August 6, 2023

Qualified Teacher တစ်ယောက်ဖြစ်ဖို့

 ဒီစာကိုရေးရင် ဖတ်ရသူအများအဖို့ စိတ်မသက်မသာဖြစ်ပြီး အဆဲခံရနိုင်တာကိုလည်း တွေးမိပါတယ် (အပြင်မှာမဟုတ်ရင်တောင် စိတ်ထဲက ဆဲသွားကြမှာဘဲလေ)။ အမြင်ကပ်ပြီး reach မတက်အောင် ကျော်သွားကြမှာကိုလည်း သိပါတယ်။




ဘာလို့ဆို မြန်မာနိုင်ငံမှာ စံလွဲနေမှုက တစ်နေ့ထက်တစ်နေ့ များသည်ထက်များလာလို့ပါ။ 


ဒါကြောင့်ရေးပါမယ်။ 


👩‍🏫 ဆရာ (teacher) တစ်ယောက်ဖြစ်ဖို့လွယ်သလား။ 

လွယ်တယ် မလွယ်ဘူးဆိုတာဟာ သက်မှတ်ချက်တစ်ခုမို့ ဒီနေရာမှာ ကျော်သွားပြီး နောက်ဆုံးမှသာဖြေကြည့်ကြရအောင်ပါ။


မေးခွန်းကိုပြောင်းလိုက်မယ်။

👩‍🏫 ဆရာတစ်ယောက်ဖြစ်ဖို့ ဘာတွေလိုအပ်သလဲ။


Instructor နဲ့ Teacher မကွဲဘဲ ဘွဲ့ရတာနဲ့ စာသင်ကြတဲ့ မြန်မာနိုင်ငံမှာ ဒီမေးခွန်းမေးရတာ နည်းနည်းရှက်စရာပါ။


- ဘွဲ့ရရုံနဲ့ရရောလား

- စာရှင်းပြနိုင်ရုံနဲ့ရရောလား

- စာတော်ရုံနဲ့ရရောလား

- နာမည်ခံလိုက်ရုံနဲ့ရရောလား

- ဆယ်တန်းအမှတ် စာမေးပွဲအမှတ်ကောင်းရုံနဒ့ရရောလား


ဆရာတစ်ယောက်ဖြစ်ဖို့အတွက် Dimension ပေါင်းစုံကနေ လိုအပ်တဲ့ Qualifications တွေမရေမတွက်နိုင်အောင်ရှိပါတယ်။ 


ဒီထဲကမှ လူအပြောများကြတဲ့ Qualifications Categories ၃ခုကို ‌တစ်ချက်ကြည့်ကြည့်ရအောင်။


💟 Personal Qualifications 

💟 Academic Qualifications 

💟 Professional Qualifications 


ဆရာ/ဆရာမ အစစ်ဆိုရင် သိပြီးဖြစ်မှာပါ။ 

အရေးအကြီးဆုံး Key Factors တွေကိုဘဲ စုစည်းပြီးအောင်မှာ ဆက်ဖော်ပြပေးပါမယ်။


💟 Personal Qualifications

Personal Qualifications ဆိုတာကတော့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့အတွက် ဖြစ်နိုင်ဖို့အတွက် လူတစ်ယောက်မှာ ရှိထားသင့်တဲ့ ကိုယ်ပိုင်ရှိရင်းစွဲ စိတ်နေသဘောထားစွမ်းဆောင်ရည်ကိုပြောတာပါ။ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့ ရှိသင့်တဲ့ ကိုယ်ပိုင်ကိုယ်ရည်ကိုယ်သွေးလို့အလွယ်ပြောလို့ရပါတယ်။ ဘာတွေပါလဲဆက်ကြည့်ပါ။


🌟 Ethics & Integrity (ကျင့်ဝတ်သိက္ခာနှင့် သမာဓိ)

ဆရာ/ဆရာမ တစ်ယောက်ဖြစ်လာဖို့ဆိုရင် ဒီလူတစ်ယောက်သာ လူမှုအဖွဲ့အစည်းမှာ ကျင့်ဝတ်သိက္ခာနဲ့ အညီရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်ဖို့လိုပါတယ်။ ဒါ့အပြင် စာသင်ကြားဖို့ပြင်ဆင်ဆောင်ရွက်ရာမှာ၊ သင်ကြားနေစဉ်မှာ၊ အကဲဖြတ် စစ်ဆေးရာမှာ "ဘယ်သူမှ ထိုင်မကြည့်နေရင်တောင် အမှန်ဆုံးနဲ့ အကောင်းဆုံးကို ဆောင်ရွက်တတ်ဖို့" - သမာဓိ - ကလည်းဦးစွာလိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။


🌟 Love of Learning (သင်ယူခြင်းကိုချစ်မြတ်နိးမှု) 

Teachers are forever learners လို့ဆိုတဲ့အတိုင်း အမြဲသင်ယူလေ့လာလိုစိတ်ပြင်းပြသူ လေ့လာဦးဆောင်သူတွေဖြစ်နေမှသာ ဆရာ တစ်ယောက်ဖြစ်ဖို့ရာ သင့်တော်ကိုက်ညီမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဘွဲ့တွေ ဒီဂရီတွေ လက်မှတ်တွေဆိုလိုတာမဟုတ်ပါဘူး။ အမြဲပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်၊ အသိပညာ ကို အမြဲမပြတ်လေ့လာသင်ယူနေခြင်းကိုဆိုလိုပါတယ်။ 


🌟 Compassion (ကရုဏာတရား)

ကြင်နာ သနားတတ်တဲ့ စိတ်ရင်းခံ ကိုယ်ရည်ကိုယ်သွေးဟာလည်း ကလေးတွေနဲ့ ဆက်ဆံပြောဆိုရာမှာ ကောင်းသည်ထက်ကောင်းအောင် လမ်းညွှန်ပြသနိုင်ဖို့ရာ တွန်းအားတစ်ခုဖြစ်စေပါတယ်။ 


🌟 Sense of Humor (ဟာသဉာဏ်)

စာသင်ခန်းထဲမှာ ဘာသံမှမကြားချင်ဘူး လက်ကိုပိုက်  ပြောတာနားထောင် ဆိုတဲ့ ခေတ်ကကုန်သွားပါပြီ။ အတန်းထဲမှာ ရှိတဲ့ ကလေးတွေရဲ့ stress, anxiety တွေကိုလျော့ချနိုင်ဖို့ ပျော်စရာကောင်းတဲ့ သင်ယူမှုပတ်ဝန်းကျင်ကိုဖန်တီးနိုင်ဖို့ အဆိပ်အတောက်မဖြစ်သော ဟာသဉာဏ်ရှိမှုဆိုတဲ့ ကိုယ်ရည်ကိုယ်‌သွေးဟာလည်းအရေးကြီးပါတယ်။ 


🌟 Flexibility & Adaptability (လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်စွမ်း)

အပေါ်မှာပြောခဲ့သလို The world is changing every single second ပါ။ ဒါကြောင့် ဆရာ/ဆရာမ တစ်ယောက် ဟာ ဘယ်မှာပဲ သင်မယ်၊ ဘယ်လိုပဲသင်တတ်တယ်၊ ဘယ်သူ့ကိုပဲသင်ချင်တယ် ဆိုတာမျိုး လုပ်လို့မရနိုင်ပါဘူး။ လိုက်လျောညီထွေစွာ ကိုက်ညီပြုမူတတ်ဖို့လိုအပ်ပါတယ်။ တစ်ယူသန် တစ်စွန်းရောက် ကိုယ်ရည်ကိုယ်သွေးဖြစ်လို့လည်းမရပြန်ပါဘူး။ 


🌟 Creativity (ဆန်းသစ်ဖန်တီးနိုင်မှု)

ဒီနေရာမှာ creativity ဆိုတာဟာ ပစ္စည်းတွေ အရာတစ်ခုခုဖန်တီးဆန်းသစ်နိုင်တာတင်မကပါဘူး။ သင်ကြားနည်းသစ်တွေ၊ ပြုစုပျိုးထောင်မှုနည်းနာတွေကို တစ်သမှတ်ပုံသေမဟုတ်ဘဲ အခြေအနေနဲ့အချိန်အခါပေါ်ကိုက်ညီ ပြီး ဆန်းသစ်နိုင်စွမ်းကိုလည်းဆိုလိုပါတယ်။ 


🌟 Attitude towards success (အောင်မြင်မှုသို့ရှေးရှုသောစိတ်ထား)

ဆရာ/ဆရာမ လုပ်မယ်ဆိုရင် "မရနိုင်ပါဘူး" "နင်တို့မဖြစ်နိုင်ပါဘူး" "ငါမလုပ်နိုင်ပါဘူး" ဆိုတဲ့ စိတ်‌နေသဘောထားမျိုးရှိလိူ့မရပါဘူး။ ပထမဦးစွာ ကိုယ့်ကိုယ်ကို အောင်မြင်ဖို့ရာဦးဆောင်နိုင်ရပါမယ်။ ဒါမှသာ ကျောင်းသားတွေရဲ့ အောင်မြင်မှု၊ သင်ကြားသင်ယူခြင်းရဲ့ အောင်မြင်မှုကို ရှေးရှုဦးတည်နိုင်မှာဖြစ်ပါတယ်။


🌟 Teacher Aptitudes (ဆရာ့ပါရမီ) 

Teacher Aptitudes ဆရာ့ပါရမီ ဆိုတာကတော့ natural talents or skills လို့ပြောရမှာပါဘဲ။ မွေးရာပါ ပါလာတဲ့ ဆရာ့မာန် ဆရာ့စိတ် လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။ ဒီထဲမှာ ဆရာတစ်ယောက် ကောင်းမွန်သွာ ရပ်တည်၊ သင်ကြား၊ ပြောဆို၊ ဆုံးမ၊ ဆက်ဆံနိုင်ဖို့ရာ အဆင်သင့်ဖြစ်/လိုအပ်တဲ့_

- communication

- trust building

- nurturing

- patient

- attention

- critical thinking

အပြင်အခြားသော စွမ်းဆောင်ရည်တွေပါဝင်နေပါသေးတယ်။ 


ဒါတွေကတော့ ဆရာ/ဆရာမ တစ်ယောက်ဖြစ်ဖို့ရာအတွက် တစ်ဦးတစ်ယောက်ဆီမှာရှိသင့်တဲ့ ရှိရင်းစွဲ ကိုယ်ရည်ကိုယ်သွေးတွေဖြစ်ပါတယ်။ စာဖတ်သူဟာ ဆရာ/ဆရာမ အစစ်တစ်ယောက်ဆိုရင် ပြန်စစ်ဆေးကြည့်ပါဦး။ 


💟 Academic Qualifications 

ဒါကတော့ ဆရာ/ဆရာမ တစ်ယောက် ဖြစ်ဖို့အတွက် မရှိမဖြစ် အခြေခံလိုအပ်တဲ့ "ပညာရပ်ဆိုင်ရာ" အရည်အသွေးတွေပဲဖြစ်ပါတယ်။ ပညာရပ်ဆိုင်ရာအ‌ရည်အသွေးတွေဟာ ဆရာ ဆရာမဖြစ်ခြင်း အပြင် ဆရာ/ဆရာမ အဖြစ် အသိအမှတ်ပြုခံရခြင်း နဲ့လည်း တိုက်ရိုက်အချိုးကျပြန်ပါတယ်။ 


🌟 Relatable Degree (သက်ဆိုင်ရာ ဘွဲ့ ဒီဂရီ)

ဆရာ/ဆရာမ တစ်ယောက်အဖြစ်ရပ်တည်ဖို့ဆိုရင် ပညာရေးနဲ့သက်ဆိုင်တဲ့ Degree တစ်ခုခုလိုအပ်ပါတယ်။ B.A. (Edn), B.Ed., M.Ed., Ed.D., Ph.D. (Edn) စသည်ဖြင့်ပေါ့။ ဒါမှာ ခိုင်မာရေရာတဲ့ ရပ်တည်ချက်တစ်ခုအဖြစ်ရှိနိုင်မှာဖြစ်ပါတယ်။

***ပညာရေးအဆင့်အတန်းမြင့်မားတဲ့နိုင်ငံတွေမှာ ဘာဘွဲ့နဲ့ဘဲကျောင်းပြီးထားထား စာသင်မယ် ဆရာ ဆရာမလုပ်မယ်ဆိုရင် M.Ed. လိုမျိုးဆက် Join ပြီးမှသာ လိုင်စင်လျှောက်ခွင့်ရနေချိန် မြန်မာနိုင်ငံမှာ M.B.B.S ပြီးတာနဲ့ ဘိုင်အိုသင်ပြီးအထင်ကြီးထံနေရတာဟာ စဉ်းစားစရာပါ။ 


🌟 Subject Matter (ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှု)

ဆရာ/ဆရာမ တစ်ယောက်ဟာ မိမိအနေနဲ့ သင်ကြားမယ့် ဘာသာရပ်ရဲ့ အနက်ရှိုင်းဆုံးနေရာထိ လေ့လာ သင်ယူထားဖို့လိုအပ်ပါတယ်။ ဖတ်စာအုပ်ကြည့်ပြီးသင်တတ်တယ်ဆိုတာထက် ဒီစာအုပ်ရဲ့ အလွန် (Beyond the course book) မှာရှိတဲ့ ပညာရပ်ဆိုင်ရာကို သိရှိထားဖို့ကလည်း အဓိကကျလိုအပ်ပါတယ်။ 


🌟 Teaching credentials & certificates (ဆရာဖြစ်လက်မှတ်/လိုင်စင်/ထောက်ခံချက်)

ဆရာတစ်ယောက်အဖြစ်ရပ်တည်ဖို့ရာ လိုအပ်တဲ့ ထောက်ခံချက်လိုင်စင်များ၊ ထောက်ခံချက်များ၊ အသိအမှတ်ပြုလက်မှတ်များကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ပြန်ပါတယ်။


🌟 Methodology Coursework (သင်ပြနည်းနာနှင့် လေ့ကျင့်မှု)

စာရှင်းပြတတ်တာနဲ့ "I'm a teacher" ဆိုရင် နတ်ပြည်ကြွလိုက်ပါ။ သင်ပြနည်းနာ methodology ဆိုတာမသိဘဲ စာသင်နေကြတာဟာ ကလေးတွေရဲ့ သင်ယူမှုကို ဖျတ်ဆီးတာနဲ့တူတူပါဘဲ။ Methodology မှာမှ 

- Pedagogy

- Andragogy

- Heautagogy စတဲ့ နည်းနာ နည်းလမ်းပေါင်းများစွာကို ‌လေ့လာ၊ လေ့ကျင့်၊ သိရှိထားမှ မတူညီတဲ့ ကလေးတွေကို မတူညီတဲ့နည်းလမ်းပေါင်းများစွာနဲ့ မတူညီတဲ့အခြေအနေတွေမှာ အမှန်ကန်ဆုံး လမ်းပြနိုင်မှာဖြစ်ပါတယ်။ 

"Not every method is effective for everyone everytime" ဆိုကြောင့် ဒီအရည်အသွေးဟာ ဆရာ/ဆရာမ တစ်ယောက်အတွက် အဓိကလိုအပ်ပြန်ပါတယ်။ 


🌟 Student Teaching (Practical) (လက်တွေ့သင်ကြားမှု) 

လက်တွေ့သင်ကြားမှု၊ နေ့တိုင်းစာသင်ကြားတာထက် ကိုယ့်ရဲ့ စီနီယာတွေ အတွေ့အကြုံရင့်သူတွေရှေ့မှာ micro teaching သဘောမျိုး သင်ပြနိုင်စွမ်း သင်ပြထားတဲ့ အတွေ့အကြုံတွေက အမှန်တကယ် လိုအပ်ပါတယ်။


🌟 Curriculum Development (သင်ရိုးညွှန်းတမ်းဆိုင်ရာ သိနားလည်မှု)

ဆရာတွေဟာ မိမိတို့အနေနဲ့ စာသင်ကောင်းရုံနဲ့မပြီးပြန်ပါဘူး၊ ကိုယ်သင်ကြားနေတဲ့ အသုံးပြုနေတဲ့ သင်ရိုးရဲ့ အတိမ်အနက်ကိုနားလည်လေ့လာဖို့ လိုအပ်ပါတယ်။ ဒါမှ objectives ပြည့်မီခြင်း၊ အကဲဖြတ်လေ့လာခြင်း၊ လုပ်ငန်းစဉ်အလိုက် လိုက်လျောညီထွေစွာ ‌သင်ကြားခြင်း စတာတွေမှာ လွယ်ကူအဆင်ပြေမှာဖြစ်ပါတယ်။ 


🌟 Continuing Education (ဆက်လက်ဖြစ်တည်နေသောပညာရေး)

ပညာရေးအခေါ်အရ CPD (Continuing Professional Development) လို့လည်းခေါ်ပါတယ်။ တစ်နှစ်မှာ ဒိအတန်းဒီစာအုပ်ဒါကိုသင်တယ် နောက်နှစ်ဒါဘဲသင်ရမယ် ဒါဘဲ‌လေ့လာတယ် ငါရပြီးသားပါ အလွတ်သင်လို့ရပါတယ်ဆိုတာမျိုးတွေးတတ်ကြရင်အဆင်မပြေပါဘူး။ အမြဲသင်ယူပြီး မိမိကိုယ်ကို အချိန်နှင့်တပြေးညီ မြှင့်တင်တည်ဆောက်နေခြင်းဟာလည်း ဆရာ/ဆရာမတစ်ယောကိအဖြစ်ရပ်တည်ဖို့ရာလိုအပ်နေပြန်ပါတယ်။ 


ဒါတွေကတော့ ပညာရပ်ဆိုင်ရာ အရည်အသွေးတွေဖြစ်ပါတယ်။ ပြန်ဆန်းစစ်ကြည့်ကြပါဦးနော်။ 


💟 Professional Qualifications

Only professionals know professionalism. မိမိရဲ့ နယ်ပယ်၊ လုပ်ငန်းခွင်မှာ အဓိပ္ပါယ်ရှိတဲ့ being တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိရှိ အချိန်ကြာကြာပျော်ရွှင်မှုရနိုင်ဖို့ဆိုရင် ဒီ professional qualification တွေကမရှိမဖြစ် ဖြစ်ပါတယ်။ 


🌟 Professional Ethics (ဆရာကျသော ကျင့်ဝတ်သိက္ခာ) 

ဒါကတော့ ဆရာ/ဆရာမ တစ်ယောက်အနေနဲ့ဆိုရင် ဘက်မလိုက်ဘဲ ဆုံးဖြတ်နိုင်တာ၊ ကျင့်ဝတ်ကိုစောင့်ထိန်းတာ၊ လာဘ်မစား/မပေးတာ၊ ကျောင်းသားရဲ့ privacy ကိုစောင့်ထိန်းတာ ဒါတွေပါဝင်ပါတယ်။

ကျောင်းသားရဲ့ privacy ဆိုတဲ့နေရာမှာ personal data သာမက အမှတ်စာရင်း၊ behavior note, special care ဒါတွေကိုလည်း စောင့်ထိန်းဖို့လိုပါတယ်။ 


🌟 Classroom Management (စာသင်ခန်းအား စီမံကွပ်ကဲမှု)

စားပွဲခုံနေရာချတာနဲ့ classroom decorations က စလို့ ကျောင်းသားတွေစည်းကမ်းနဲ့အညီ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပြုမှု ဆက်ဆံ သင်ယူနိုင်အောင်ဖန်တီးဆောင်ရွက်တာတွေအဆုံး ပါဝင်ပါတယ်။ 


🌟 Lesson Planning (သင်နည်းမှတ်စု)

စာသင်မယ်ဆိုရင် zoom ဖွင့် laptop ရှေ့ထိုင်ပြီး ပရမ်းပတာသွားလို့မရသလို စာအုပ်ဖွင့်ပြီး အခန်းထဲဝင် ပြောချင်တာပြောမယ်ဆိုရင်လည်း သင်ယူမှုဦးတည်ချက်ကိုရောက်ဖို့ဝေးစွ ဂယက်ထနေတာနဲ့တင် စာသင်ချိန်ကုန်သွားမှာပါ။ အစီအစဉ်တကျ အချိန်ကိုက် ထိရောက်စေဖို့ lesson planning ကလည်းအရေးကြီးပါတယ် ဒါဟာ professional teacher တစ်ယောက်အတွက် basic need ဖြစ်ပါတယ်။


🌟 Assessment Skill

ဆရာ/ဆရာမတစ်ယောက်ဟာ ‌ေကျာင်းသားတွေအတွက် စစ်ဆေးအကဲဖြတ်မှုတွေအမြဲ ဆောင်ရွက်ဖို့လိုအပ်ပါတယ်။ ဒါမှသာ Progress ကိုလည်းသိနိုင်မှာဖြစ်သလို Teaching Approach ကိုလည်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။ စစ်ဆေးအကဲဖြတ်မှုဆိုတဲ့နေရာမှာ စာရွက်ကြီးပေါ်မေးခွန်းကြီးရေးပေး နေရာခွဲ ရော့ဖြေ Exam! ဆိုတာအပြင် formative assessment, summative assessment မျှတစွာအသုံးချနိုင်ခြင်း Table of specification မှာပါဝင်တဲ့ HOT (Higher order thinking) အထိရောက်အောင်‌ အကဲဖြတ်နိုင်တဲ့ မေးခွန်းများဖန်တီးစီစဉ်ခြင်းတွေလည်း ပါဝင်ပြန်ပါတယ်။ 


🌟 Differentiation (ခွဲထုတ် စီစဉ်နိုင်မှု)

မတူညီတဲ့ သင်ယူသူ ကျောင်းသားတွေအတွက် မတူညီတဲ့ လမ်းညွှန်မှုတွေသုံးဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ "အနာနဲ့ဆေး တည့်အောင်ပေး" ဆိုသလို လိုအပ်တဲ့ကျောင်းသားကို လိုအပ်သလိုဖြည့်ဆည်းပေးနိုင်တာ၊ စစ်ဆေးအကဲဖြတ်ရာမှာလည်း အားလုံးအတွက် မျှတစွာ စဉ်းစားအကဲဖြတ်နိုင်တာမျိုးတွေဟာလည်း professional teacher တစ်ယောက်အတွက် လိုအပ်တဲ့အရာတစ်ဖြစ်ပါတယ်။ 


🌟 Appearance (ပုံပန်းသွင်ပြင်)

ဝတ်ပုံ စားပုံ ပြောပုံ ဆိုပုံ နေပုံထိုင်ပုံ

အဆုံးစွန်ဆုံး Facebook ပေါ်မှာ စာတစ်ကြောင်း ရေးတာကအစ ကလေးတွေအတွက် အဆိပ်အတောက်မဖြစ်အောင် ဂရုစိုက်ရပါတယ်။ 


🌟 Technology Integration (နည်းပညာ အသုံးချနိုင်စွမ်း) 

***ဆရာဝဏ္ဏနဲ့ဆွေးနွေးရင် နည်းပညာကိုချန်ခဲ့လို့ ဘယ်ရမလဲ - ဆိုတဲ့ ကျွန်တော့် သူငယ်ချင်းပြောသလိုပါဘဲ။ ပြောရပါဦးမယ်။

နည်းပညာခေတ်မှာ ဆရာ/ဆရာမတွေအနေနဲ့ နည်းပညာကိုအသုံးချတတ်ဖို့ကလည်း လိုအပ်လာပါပြီ။ ဒီနေရာမှာ နည်းပညာကိုအသုံးချနိုင်တယ်ဆိုတာ *PowerPoint နဲ့ ပြင်ပြီးသင်တာ၊ *Zoom ကိုသုံးပြီး သင်တာမျိုးထက်ပိုပါတယ်။ ဒီနည်းပညာနဲ့ ကိုယ့်ရဲ့ ကျောင်းသားတွေရဲ့ သင်ယူမှုကို ဘယ်လိုမြှင့်တင်နိုင်မလဲ၊ heautagogical နည်းအရ သူတို့ကိုယ်တိုင် လေ့လာသင်ယူမှုတစ်အဖြစ် ဘယ်လိုဖန်တီးမလဲ၊ သင်ကြားမှုပြင်ဆင်ရေးတွေမှာ အချိန်ကုန်လူပန်း သက်သာအောင် ဘယ်လိုစီစဉ်မလဲ ဆိုတာတွေပါဝင်ပါတယ်။ 


🌟 Teacher Leadership (ဆရာ့ဦးဆောင်မှုအခန်းကဏ္ဍ)

Teacher Leadership ကိုမဆွေးနွေးခင်၊ Leader Teacher (LT) နဲ့ Teacher Leader (TL) ကိုကွဲပြားစေချင်ပါတယ်။ LT တွေဟာ အခွင့်အာဏာအရ ကျောင်းက‌ေသာ်လည်းကောင်း ခန့်အပ်ခြင်းခံထားရတဲ့ ရာထူးရထားတဲ့ ခေါင်းဆောင်ဆရာတွေဖြစ်ပါတယ်။ 

TL ကတော့ပြောင်းပြန်ပါ။ Every teacher can be teacher leader if....... ဟုတ်ပါတယ် ပိုမိုကောင်းမွန်တဲ့ အရွေ့တစ်ခုကိုသွားကြဖို့ ပါဝင်ဦးဆောင်ကြသူတွေ၊ မိမိရဲ့လုပ်ဖော်ကိုင်ဖက် ဆရာတွေ အတွက် မိမိရဲ့ ကျောင်းအတွက် စွမ်းဆောင်ရည်မြှင့်တင်မှုတွေမှာ အားပေးကူညီတာ အကြံဉာဏ်ပေးတာ ဒါ့အပြင် မိမိရဲ့ ရပ်ရွာ community မှာ တက်ကြွစွာပါဝင်ဆောင်ရွက်တာတွေဟာ Teacher Leader တစ်ယောက်ရဲ့ ပြယုဂ်တွေဘဲဖြစ်ပါတယ်။ system တစ်ခုကို မပြောင်းနိုင်သေးဘဲ ရှိရင်းစွဲအတိုင်း လှိမ့်ပိမ့်ပြီးသွားနေရတာဟာ teacher leader တွေ ပျောက်ကွယ် (သို့) နည်းပါး နေလို့ဖြစ်ပါတယ်။ 


ဒါတွေကတော့ professional qualification တွေဖြစ်ပါတယ်။ 


စာအရှည်ကြီးဖတ်လာပေးလို့ ကျေးဇူးတင်ပါတယ်။ ဆိုတော့ ပထမမေးခွန်းကို ပြန်ဖြေကြည့်ချိန်တန်ပါပြီ။ 

"ဆရာတစ်ယောက်ဖြစ်ဖို့ လွယ်သလား"


ဒီစာကိုရေးရတာဟာ အရမ်းဝမ်းနည်းပြီး စိတ်ဆိုးလို့ရေးတာပါလို့ ဝန်ခံချင်ပါတယ်။ ကျွန်‌တော် ဆယ်တန်းအောင်ပြီးလို့ စာစသင်ဖို့ကြိုးစားတဲ့အချိန်မှာ ၁၀တန်း ဇီဝ‌ေ‌ဗဒသင်ပြဖို့ 

- Diploma in General Science ကို အစဦး‌ဆုံး ပြန်လေ့လာခဲ့ပါတယ်။

- အဲ့နောက်မှာ Learning how to teach နဲ့ Understanding Learning ဆိုတဲ့ course ၂ ခုကို future learn နဲ့ EdX ကနေ လေ့လာခဲ့ပါတယ်။ 

- ပြီးတော့ Diploma in Behavioral Science ကို Open ကနေလေ့လာခဲ့ပါတယ်။ ပြီးမှ ရဲရဲကြီးစာသင်ရဲခဲ့တာပါ။ 

ကျွန်တော်လေ့လာခဲ့တာဟာ လုံးဝ နှမ်းစေ့သာသာလောက်လေးပါ။ ဒါပေမယ့် အခုအချိန်မှာ "ငွေရလွယ်တယ်" ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေတ်ပျက်ထဲမှာ စီးပွားရေးသမားတွေ ကျောင်းတွေထောင်ကြတယ်။ Method, Psycho ဘာမှမသိတဲ့သူတွေကို ဆရာ ဆရာမ လုပ်ခွင့်ပေးကြတယ်။ တစ်ဖက်မှာလည်း ပညာဒါနပါအကြောင်းပြပြီး concept မမှန်သောသူတွေနေရာကိုလွယ်လွယ်နဲ့ဝင်ယူလာကြတယ်။ အရမ်းမလွယ်နေဘူးလား။ Role တစ်ခုကိုယူချင်လား၊ ရတယ် ယူပါ၊ ဒါပေမယ့် ထိုက်သင့်တဲ့ အရည်အချင်းကတော့ ရှိသင့်တယ်လေ။ 

နောက်တစ်ဖက် အရင်က ကိုယ့်ရဲ့ profession မှာ နေကြ လုပ်ကြ ကိုင်ကြ၊ ဒါပေမယ့် ခေတ်ပျက်မှာ ဆရာ/ဆရာမ တွေကောက်လုပ်။ ပြောချင်တာက ကိုယ့်ရဲ့ profession ကိုမှ သစ္စာမရှိတဲ့သူတွေ တန်ဖိုးမထားတဲ့သူတွေဟာ ပညာရေးကိုရော တန်ဖိုးထားကြမယ်ထင်သလား။ ကျွန်တော် designer လုပ်ခဲ့ဖူးတယ် design ဆွဲတယ်။ editing လည်းရတယ်။ ခုကျွန်တော့်ကို project လာအပ်ကြတယ်၊ ငြင်းတယ် ဘာလို့လည်းဆိုတော့ ကျွန်တော့် profession မှမဟုတ်တာ တကယ် professional တွေဆီညွှန်းပေးတယ် ချိတ်ပေးလိုက်တယ်။ ပြောချင်တာက သစ္စာရှိပါ၊ ချစ်ပါ။ Thai က Professor ကပြောဖူးတယ် ငတ်ရင် ငတ်ပါစေ ဒီ profession ကိုမစွန့်လွှတ်ဘူး သစ္စာမဖောက်ဘူး ဆိုမှ Professionalism တဲ့။


ဆွဲတင်နိုင်သလောက် ဆွဲတင်မှာပါ။ 

Educate လုပ်နိုင်သလောက်လုပ်ဦးမှာပါ။

အသက်ရှိသရွေ့ မျှဝေနိုင်သလောက်မျှဝေဦးမှာပါ။

ပိုကောင်းတဲ့ ပညာရေး အရွေ့တစ်ခုကိုမျှော်လင့်မိပါရဲ့။ 


ဆရာ/ဆရာမအစစ် ဖြစ်ချင်ရင်_

🍀 ကြိုးစားပါ 

🍀 လိုအပ်တာတွေဖြည့်ဆည်းပါ

🍀 အတူတူသင်ယူပါ


ရေးသားမျှဝေသူ - ဆရာ ဝဏ္ဏထွန်း (Wunna Htun)

Saturday, July 15, 2023

ဖြည့်စွက်အား‌ဆေးများကို

 -------------|   ဖြည့်စွက်အား‌ဆေးများကို ဘေးမဖြစ်အောင် သောက်သုံးနိုင်ဖို့   |---------------




"ဆရာမ အားဆေး ‌သောက်ရမလား..." 


အဲ့မေးခွန်းက ကျွန်မအတွက် လူနာတွေ အမေးအများဆုံး မေးခွန်းတစ်ခုပါ။ လူအတော်များများက အားဆေးသောက်ရ၊ အားဆေးထိုးရတာကို ‌အတော် နှစ်ခြိုက်ကြပါတယ်။ "အားဆေး" ဆိုတဲ့ စကားလုံးမှာတင် စွမ်းအားတွေရှိနေတယ် ထင်ပါရဲ့။ 


တကယ်လည်း လက်တွေ့မှာ ကိုယ်ပြောစရာမလိုဘဲ အားဆေးတွေ အမျိုးစုံသောက်နေတဲ့သူတွေ များပါတယ်။ အခုဆို ပြည်သူလူထုကြား ဖြည့်စွက်ဆေး ခေါ် supplement vitamins များဟာ အတော် popular ဖြစ်ပါတယ်။ သောက်သုံးတဲ့ လူဦးရေဟာလည်း များပြားလို့ လာ‌နေပါတယ်။ ရွေးချယ်စရာတွေက ကိုယ့်နိုင်ငံထုတ် ဆေးတွေအပြင် ကုမ္ပဏီမျိုးစုံကနေ USA made, Germany made စသည်ဖြင့် ပုလင်းခန့်ခန့်ကြီးတွေနဲ့ ထည့်ထား၊ ကြော်ငြာအားလည်း ကောင်းတာမို့ သောက်ချင်စရာပါပဲ။ 


ယခုပို့စ်မှာတော့ ထိုဆေးများကို သောက်ပုံ‌သောက်နည်း မှန်စေဖို့နဲ့ သတိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။ 


ဒီပို့စ်ဟာ အားဆေးတွေကို သောက်ဖို့တိုက်တွန်းတဲ့ ပို့စ်မဟုတ်သလို ဆေးတစ်ခုစီရဲ့ အကျိုးအပြစ်တွေကို ပြောတဲ့ပို့စ်လည်း မဟုတ်ဘဲ ဆေးတွေကို နည်းလမ်းမှန်မှန် သောက်နိုင်ဖို့အကြောင်း အသိပညာပေး သက်သက်သာဖြစ်ပါတယ်။ 

...

...


(၁) ဗီတာမင်မျိုးစုံပါတဲ့ အားဆေးများ (Multivitamins) 


ဈေးကွက်ထဲမှာ တံဆိပ်အမျိုးမျိုးနဲ့ ရနိုင်ပါတယ်။ ဆေးတစ်လုံးထဲမှာ ဗီတာမင်နဲ့ သတ္တုဓာတ်မျိုးစုံ ပေါင်းစပ်ထားတာပါ။ ဘယ်လိုသောက်ရမယ် ဘာတံဆိပ် သောက်ရမယ်ဆိုတာ တစ်ခါတလေလည်း အသက်အရွယ်နဲ့ ကျားမအလိုက် ညွှန်းဆိုထားလေ့ရှိပေမယ့် ယေဘူယျအားဖြင့်တော့ ပါဝင်ပစ္စည်းတွေ သိပ်ကွာလေ့မရှိပါဘူး။ 


Multivitamin ဆေးတွေကို တစ်နေ့တာ ဘယ်အချိန်ဖြစ်ဖြစ် သောက်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ ခန္ဓာကိုယ်က အချို့ဗီတာမင်တွေကို အစာနဲ့တွဲသောက်ရင် ပိုစုပ်ယူမှုကောင်းတတ်လို့ မနက်စာ၊ နေ့လည်စာ၊ ညစာ ဘယ်အချိန်ဖြစ်ဖြစ် အစာစားပြီးချိန်မှာ သောက်ပေးရင်‌တော့ ပိုသင့်တော်ပါတယ်။ 

.


(၂) ရေမှာပျော်ဝင်နိုင်သော ဗီတာမင် အားဆေးများကို ဘယ်လိုသောက်မလဲ 

(Water soluble vitamins) 


ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်ဓာတ်များမှာ ဗီတာမင် C နဲ့ B1 (Thiamine) , B2 (Riboflavin) , B3 (Niacin) , B5 (Pantothenic acid) , B6 (Pyridoxine) , B7 (Biotin) , B9 (Folic acid) နဲ့ B12 ( Cobalamin) စတဲ့ ဗီတာမင်ဘီဓာတ်များ ပါဝင်ပါတယ်။ ရေမှာ ပျော်ဝင်တယ်ဆိုတဲ့ အဓိပ္ပါယ်က ဆေးသောက်ပြီးရင် ရေထဲမှာပျော်ဝင်ပြီး ခန္ဓာကိုယ်မှာ သိုလှောင်မထားဘဲ ဆီးနဲ့အတူ စွန့်ထုတ်နိုင်လို့ပါ။ 


သူတို့ကို အစာစားပြီးရော မစားခင်ပါ သောက်နိုင်ပါတယ်။ ချွင်းချက်အနေနဲ့ ဗီတာမင် B12 ကတော့ အစာနဲ့သောက်ရင် ပိုကောင်းပါတယ်။ 


ဗီတာမင် C နဲ့ B12 ကို ၂ ခုလုံးသောက်မယ်ဆိုရင် တူတူမသောက်ပါနဲ့။ အနည်းဆုံး ၂ နာရီခြားပါ။ ဗီတာမင် C က B12 ကို အသုံးမပြုနိုင်အောင် ဟန့်တားနိုင်ပါတယ်။

.


(၃) အဆီမှာ‌ ပျော်ဝင်သော ဗီတာမင်များ 

(Fat soluble vitamins)


Fat soluble vitamins များမှာ ဗီတာမင် A, D, E, K တို့ ပါဝင်ပါတယ်။ သူတို့ကတော့ ကိုယ်ထဲက အဆီတွေမှာ စုပ်ယူသို‌လှောင်ထားနိုင်တဲ့ ဗီတာမင်တွေပါ။ သူတို့ကို အစာစားပြီးသောက်တာက ပိုပြီး စုပ်ယူမှုအားကောင်းစေလိို့ အစာစားပြီးသောက်ပေးပါ။ အသည်းမကောင်းတဲ့သူတွေနဲ့ အူလမ်းကြောင်းပြဿနာကြောင့် အစာစုပ်ယူမှုမကောင်းတဲ့သူတွေမှာ ပိုလိုလေ့ရှိပါတယ်။ 

.


(၄) သံဓာတ်အားဆေးများ 

(Iron tablets) 


သံဓာတ်ကတော့ အစာအိမ်ထဲ အစာမရှိတဲ့အချိန် ခန္ဓာကိုယ်က ပိုစုပ်ယူနိုင်ပါတယ်။ အဲဒါကြောင့် သူ့ကို အစာနဲ့ဝေးဝေး သောက်ပါ။ ရိုးရိုးရေနဲ့ သောက်လို့တော့ရပေမယ့် သံပရာရည်လေးနဲ့ သောက်တာက သံဓာတ်စုပ်ယူမှုကို ပိုကောင်းစေပါတယ်။   


သံဓာတ်အားဆေးတွေက ဗိုက်အောင့်ဗိုက်နာ ဖြစ်တတ်ပါတယ်။ ဒါတွေဖြစ်ရင်တော့ သိပ်မခံစားရ‌‌အောင် အစာစားပြီး သောက်ကြည့်နိုင်ပါတယ်။ ပုံမှန်ဆိုရင် အမျိုးသားတွေနဲ့ သွေးဆုံးပြီး အမျိုးသမီးတွေဟာ ကျန်းမာရေးပြဿနာ ထွေထွေထူးထူးမရှိရင် သံဓာတ်အားဆေးသောက်ဖို့ မလိုတတ်ပါဘူး။ 

.


(၅) သတ္တုဓာတ်အားဆေးများ 

(Minerals) 


ကယ်လစီယမ်၊ မဂ္ဂနီစီယမ်၊ ဇင့် (Calcium, Magnesium, Zinc) စတဲ့ ဆေးတွေကို ဆိုလိုတာပါ။ အဲ့ဆေးတွေက သောက်တဲ့ပမာဏများရင် အချင်းချင်း အူကနေစုပ်ယူမှုကို ဟန့်တားပါတယ်။ ထိုဆေးတွေကို တစ်ချိန် တစ်ခါထဲ တူတူမသောက်သင့်ပါဘူး။ အစာမရှိဘဲ သောက်ရင်လည်း အစာအိမ်နာတာမျိုး ဖြစ်နိုင်တဲ့ အတွက် အစာစားပြီးမှပဲ သောက်ပါ။ အချိန်ခွဲသောက်ပါ။ အဲ့ဆေးတွေကို Multivitamins အားဆေးတွေနဲ့လည်း အတူတူ တစ်ချိန်ထဲ တွဲမသောက်ပါနဲ့။ 

.


(၆) ဗီတာမင် A


ဗီတာမင် A က လူတိုင်း သောက်စရာ မလိုတတ်ပါဘူး။ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေမှာ အများဆုံး လိုတာပါ။ လိုတာထက်ပိုပြီး (more than 10000 IU) သောက်ရင်လည်း ကိုယ်ဝန်ဆောင်သည်တွေမှာဆိုရင် ကလေးအင်္ဂါမစုံတာ (Birth defects) တွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ကိုယ့်သဘောနဲ့ကိုယ် မသောက်ဘဲ ညွှန်ကြားတဲ့အတိုင်းပဲ သောက်ရပါမယ်။ 

.


(၇) ကိုယ်ဝန်ဆောင် အားဆေးများ 

(Prenatal vitamins) 


ကိုယ်ဝန်ဆောင် မိခင်မှာ ကလေးကြီးထွားဖို့အတွက် Folic acid နဲ့ Iron ပိုလိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင် အားဆေးတွေမှာ အဲဒါတွေ ပါပြီးသားပါ။ အချို့ ကိုယ်ဝန်အားဆေးများကတော့ သံဓာတ်များများ ပါဝင်ရင် ဆေးသောက်ပြီး အန်ချင်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်ရင် အစာတစ်ခုခုစားပြီးမှ ဆေးသောက်တာမျိုး လုပ်နိုင်ပါတယ်။ မသက်သာရင်တော့ ဆရာဝန်ကို ပြန်ပြောပါ။ 

.


(၈) ဖြည့်စွက်အားဆေးများနဲ့ အခြားဆေးများ ဓာတ်ပြုခြင်း 


ဖြည့်စွက်အားဆေးများဟာ သင့်‌ရဲ့ ရောဂါအတွက် သောက်နေရတဲ့ ဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ ဓာတ်ပြုတယ်ဆိုတာက အလွယ်ပြောတာပါ။ ဒြပ်ပေါင်းတွေ ဖြစ်သွားတာကို ပြောတာမဟုတ်ပါဘူး။ ရောဂါအတွက်သောက်နေတဲ့ဆေးတွေကို အားဆေးတွေက ဟန့်တားတာတို့ အားပေးတာတို့လုပ်ရင်း သွေးထဲမှာ ဆေးပမာဏ များအောင်လုပ်နိုင်သလို၊ နည်းအောင်လည်း လုပ်နိုင်တာကို ဆိုလိုတာပါ။


ဥပမာ - 

Warfarin (ဝါဖရင် သွေးကျဲဆေး) သောက်နေတဲ့သူက ဗီတာမင် K ပါတဲ့ Multivitamin  အားဆေးကို သောက်မိခဲ့ရင် Warfarin ဆေးရဲ့အစွမ်းမရတော့ဘဲ ရောဂါအတွက် မထိရောက်တာမျိုး ဖြစ်နိုင်ပါတယ်။ Warfarin ဆေးသောက်သူဟာ ဗီတာမင် K ပါတဲ့ အား‌ဆေးကို မိမိဆရာဝန် မညွှန်ကြားဘဲ လုံးဝ မသောက်သင့်ပါဘူး။ 


လည်ပင်းဟော်မုန်းဆေး (Thyroxine) သောက်နေတဲ့သူတွေမှာ ကယ်လစီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ် အားဆေးများကို thyroxine ဆေးနဲ့ ၄ နာရီ ခွာသောက်ရပါမယ်။ တူတူသောက်လိုက်မိရင် လည်ပင်းဟော်မုန်းဖြည့်ဆေးက အလုပ်မလုပ်တော့ပါဘူး။ 


အဲဒီတော့ ကိုယ်ဟာ အားဆေးတွေရော ရောဂါအတွက် ဆေးတွေရော ပေါင်းသောက်မိနေရင် ကိုယ်သောက်တာ မှန်/မမှန် ဆရာဝန်ကို သေချာပြ‌န်မေးဖို့ လိုပါတယ်။ 

.


(၉) တစ်နေ့တာ ဗီတာမင် လိုအပ်ချက် (Recommended daily allowance)


ဘယ်ဗီတာမင် သတ္တုဓာတ်ပဲဖြစ်ဖြစ် လူရဲ့အသက် ကျား/မ ပေါ်မူတည်ပြီး တစ်နေ့မှာ ဘယ်လောက် သောက်ရမယ်ဆိုတာ သတ်မှတ်ထားတာ ရှိပြီးသားပါ။ အဲဒါကို Recommended daily allowance လို့ခေါ်ပါတယ်။ အားဆေးပုလင်းပေါ်က ဆေးပမာဏပါဝင်မှုမှတ်တမ်းများကို မသောက်ခင် လေ့လာပါ။ တစ်နေ့တာလိုအပ်ချက်ထက် ပိုနေတဲ့ အားဆေးတွေ သောက်နေမိရင်တော့ ဆေးတွေက ဘေးဖြစ်နိုင်ပါတယ်။ အားဆေးတွေက တစ်ခုနဲ့တစ်ခု ပါဝင်နှုန်း ချွတ်စွပ်တော့ မတူကြပါဘူး။ အနည်းအများကွာသလို တချို့ဆေးတွေမှာ တချို့ဗီတာမင်တွေ မပါတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဘူးပေါ်က စာတွေကို ဖတ်ကြည့်ပါ။ နားမလည်ရင် ဆရာဝန်ကို အရင်မေးပြီးမှ သောက်ပါ။ 

.


(၁၀) သူများသောက်တဲ့ ဆေး လိုက်မသောက်ပါနဲ့။ 


လူတိုင်းက ကိုယ့်လိုအပ်ချက်နဲ့ကိုယ်ပါ။ သူများက ဗီတာမင် D သောက်တိုင်း ကိုယ်လိုက်သောက်ဖို့ မလိုပါဘူး။ ကိုယ့်မှာ ဗီတာမင် D ပိုသွားနိုင်ပါတယ်။ ကိုယ့်ရဲ့ အသက်၊ ကျား/မ ပေါ် မူတည်ပြီး ကိုယ့်ရဲ့လိုအပ်ချက်အတိုင်း ရွေးချယ်ရတာပါ။ ‌


အမျိုးသမီးက သံဓာတ်များများပါတဲ့အားဆေးသောက်လို့ အမျိုးသားကပါ သံဓာတ်အားနည်းရောဂါမရှိဘဲ တူတူသောက်ချင်လို့ လိုက်မသောက်ရပါဘူး။ အသက်ကြီးတဲ့ အဘိုးအဘွားတွေက လူငယ်တွေနဲ့ ယှဉ်ရင် ဗီတာမင်ဆေးတွေ ပိုလိုတတ်ပြီး လူလတ်ပိုင်းအရွယ်နဲ့ လူငယ်တွေက ဆေးသောက်ဖို့ သိပ်မလိုတာ များပါတယ်။ အဲဒီတော့ ကိုယ်က အားဆေးသောက်မယ်ဆိုရင် အားဆေးကို ကိုယ့်ရဲ့အသက်အရွယ်၊ ကျား/မ၊ သွေးဆုံးပြီလား မဆုံးသေးဘူးလားရယ် အခြားကျန်းမာရေးပြဿနာများပေါ် မူတည်ပြီး ရွေးချယ်ရပါတယ်။ 

.


(၁၁) ဆေးမှတ်တမ်းထားပါ။ 


အား‌ဆေးကို သက်စောင့်ဆေးသဖွယ် သောက်နေကြတဲ့သူအများစုက လူကြီးပိုင်းများ ဖြစ်ကြပြီး သူတို့မှာ ကျန်းမာရေးပြဿနာ တစ်ခုမဟုတ်တစ်ခု ရှိတတ်ကြပါတယ်။ အဲဒီတော့ အားဆေးတွေနဲ့ မိမိရောဂါအတွက် ဆေးဝါးတွေပါ သောက်နေရသူတွေဆိုရင် ဆေးမှတ်တမ်း သေချာလုပ်ထားပါ။ အားဆေးများ အားလုံးနဲ့ အခြားဆေးဝါးတွေကို စာအုပ်တစ်အုပ်ထဲ ချရေးထားပါ။ ဘယ်ဆေးကို ဘယ်အချိန်သောက်တယ်ဆိုတာပါ တစ်ခါတည်း အစီအစဉ်လုပ်ထားပါ။ ဆေးခန်းသွားရင် အဲဒီစာအုပ်ကို ပြပေးပါ။ အဲဒါမှ ဆေးအချင်းချင်း တည့်/မတည့် သတိထားလို့ရပါမယ်။ တူတူမသောက်သင့်တာကို တွဲသောက်မိရင် ဆေးရဲ့အစွမ်းကို ခံစားရမှာမဟုတ်သလို ဘေးလည်းဖြစ်နိုင်ပါတယ်။  

.


(၁၂) အာဟာရပြည့်ဝ‌အောင် စားခြင်းက အကောင်းဆုံးအားဆေးပါ။ 


နောက်ဆုံးပိတ်နဲ့ အရေးအကြီးဆုံးအချက်ကတော့ အားဆေးသောက်တိုင်း ခွန်အားတွေဖြစ်စေတာ မဟုတ်ဘူးဆိုတာပါပဲ။ အားဆေးဆိုတာ သဘာဝအစားအစာ‌တွေမှာရှိပြီးသား ဗီတာမင် သတ္တုဓာတ်တွေကို သန့်စင်ပြီး စုပေါင်းထားတာပါ။ ဓာတ်တစ်ခုခုချို့တဲ့တဲ့ရောဂါ Deficiency syndromes တွေမှာပဲ အားဆေးတွေရဲ့ အစွမ်းက သိသိသာသာ ထိရောက်ပါတယ်။ 


ဥပမာ - သံဓာတ်အားနည်းလို့‌ သွေးအားနည်းတာဆိုရင် သံဓာတ်အားပြည့်မှ နေပြန်ကောင်းပါမယ်။ သံဓာတ်အားဆေး မဖြစ်မနေ သောက်ဖို့လိုပါတယ်။ အဲဒီလို ချို့တဲ့တဲ့အခြေအနေ မဟုတ်ရင်တော့ အားဆေးများဟာ လူတိုင်းရဲ့ကျန်းမာရေးအတွက် ထိရောက်စွာ အကျိုးပြုတာဟာ မသိသာပါဘူး။ 


ဓာတ်တစ်ခုခုချို့တဲ့တဲ့ အခြေအနေမရှိနေဘူးဆိုပါက အားဆေးနဲ့ မိမိရောဂါဆေးဝါးများ ယှဉ်လာရင် ရောဂါဆေးဝါးကိုပဲ အမြဲဦးစားပေးပါ။ 


ဥပမာ - သွေးတိုးရောဂါအတွက်ဆေးကျ ဝယ်မသောက်ဘဲ နှလုံးအားကောင်းအောင် antioxidant တို့ Zinc တို့ ဝယ်သောက်နေရင် အကျိုးမရှိတဲ့အပြင် ပိုက်ဆံပဲ အပိုကုန်ပါမယ်။ 


ဆေးဈေးတွေကလည်း တက်လာတော့ ငွေကြေးအခက်အခဲအရ ‌ဆေးကို ချွေတာပြီး ဝယ်ရမယ်ဆိုရင် မိမိရောဂါအတွက် ဆေးဝါးများကိုပဲ ဦးစားပေးဝယ်ရပါမယ်။ 


အားဆေးသပ်သပ် မသောက်လည်း အာဟာရပြည့်ပြည့်ဝဝ စုံစုံလင်လင်စားရင် လိုအပ်တဲ့အာဟာရနဲ့ စွမ်းအင်တွေ ရမှာပါပဲ။ 


အဲဒီတော့ အား‌ဆေးသောက်ရမလား ဆိုတဲ့မေးခွန်းကို ဖြေပေးရရင်တော့ ဗီတာမင်ဓာတ်ချို့တဲ့ပြီး မဖြစ်မနေသောက်ရမယ့် အခြေအနေမျိုးမရှိရင် ဈေးကြီးတဲ့ အားဆေး ဝယ်သောက်တာထက် အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ ကိုယ်လက်လှုပ်ရှား အားကစားလုပ်ခြင်းမှာ ရင်းနှီးမြှုပ်နှံဖို့ကိုပဲ ပိုအကြံပေးချင်ပါတယ်။ 

..

..


ပြည်သူအားလုံး ‌ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံး...


ညီညွတ်မျှတပြီး ကျန်းမာပျော်ရွှင်ကြပါစေလို့ ဆုတောင်းလျက် ။ ။ 


အထူးကုသမားတော်တစ်ဦး

တယ်လီကျန်းမာ

Friday, July 14, 2023

မြန်မာပြည်ရှိ မြေအမျိုးအစား




 မြန်မာတစ်ပြည်လုံးမှာ မြေမျိုးကြီး(၂၄)မျိုး

ရှိနေပေမဲ့ လက်ရှိအမှန်တကယ်

စိုက်ပျိုးရေးမှာအသုံးချနေတာကတော့

မြေမျိုးကြီး(၉)မျိုးပဲရှိပါတယ်..


အခြား အသုံးမပြုသေးတဲ့ မြေမျိုးကြီး(၉)မျိုး

အထဲက ပြုပြင်အသုံးချလို့ ရနိုင်တဲ့မြေများကို ဘယ်လိုပြုပြင်သင့်ပြီး

ဘယ်လိုသီးနှံတွေစိုက်ပျိုးသင့်တယ်

ဆိုတာကိုလဲ လက်လှမ်းမှီသလောက်

တင်ပြပေးလိုက်ပါတယ်………


____________________________

အဓိကမြေမျိုးကြီး(၉)မျိုး 

____________________________


(၁)နီညိုတောမြေ

(Red Brown Forest)

----------------------------

အမြဲစိမ်းသစ်တောများရှိရာ ဝိတိုရိယအငူမှ

မော်လမြိုင်..နာဂရေအငူမှမြစ်ကြီးနားထိ

ကျယ်ပြန့်စွာတွေ့ရပြီး ရေစီးဆင်းမှုကောင်း

၍ ပင်လယ်ရေမျက်နှာပြင်အထက်

၁၀၀၀-၄၀၀၀ ပေကျော်အမြင့်တွင်

တွေ့ရသည်..


မိုးရေချိန်             - ၈၀-၂၀၀  လက္မ

မြေသားနုကြမ်း  - အလယ်အလတ်

                                   မြေစေးသမ

မြေချဉ်ငံကိန်း    - 5.5-6.5  pH

မြေဆွေးပါဝင်မှု -  နည်း


ရာဘာ  သီဟိုသရက် နာနတ်

စသည့်သီးနှံများစိုက်ပျိုးလျက်ရှိပြီး

N အသင့်အတင့်နှင့် P အသင့်အတင့်မှ

များများဖြည့်ဆည်းပေးရန်လိုအပ်သည်..

မြေတိုက်စားမှုကိုလဲကာကွယ်သင့်သည်..


(၂) ဝါညိုတောမြေ

(Yellow Brown Forest)

--------------------------------

ပဲခူးရိုးမ  ရခိုင်ရိုးမ စသည့်

၃၀၀-၁၅၀၀ ပေအတွင်းရှိ နိမ့်သော

တောင်ကုန်းများတွင်တွေ့ရသည်..


မိုးရေချိန်             - ၈၀-၂၀၀  လက္မ

မြေသားနုကြမ်း  - သဲသမ-မြေစေးသမ

မြေချဉ်ငံကိန်း    - 5.0-6.5   pH

မြေဆွေးပါဝင်မှု -   အလယ်အလတ်


သစ်တော  ဥယျာဉ်ခြံအဖြစ်အသုံးပြုလျက်

ရှိပြီး N အသင့်အတင့်နှင့် P အသင့်မှ

များများဖြည့်ဆည်းပေးရန်လိုအပ်သည်..

မြေတိုက်စားခြင်းမှကာကွယ်ရမည်..


(၃) ဂဝံမြေ

(Lateritic)

-------------------

အောက်မြန်မာနိုင်ငံ (သို့) တောင်ဘက်ပိုင်း

တွင်တွေ့ရပြီး ပဲခူးရိုးမနှင့်တနင်္သာရီ

(အထူးသဖြင့် မော်လမြိုင်ဒေသ)တွင်

ဂဝံမြေများကို ပေ ၃၀၀ အောက်တွင်

တွေ့ရှိရသည်..


မိုးရေချိန်                - ၈၀-၂၀၀  လက္မ

မြေသားနုကြမ်း     - သဲသမ

မြေချဉ်ငံကိန်း       - 4.0-5.0   pH

မြေဆွေး                 - နိမ့် / နည်း


ရာဘာ သီဟိုဠ်သရက် ဥယျာဉ်ခြံ စိုက်ပျိုး

အသုံးပြုလျက်ရှိသည်..အာဟာရချို့တဲ့မှု

နှင့်ပြုပြင်ထိန်းသိမ်းရန်လုပ်ငန်းအထူး

အထွေမရှိပါ..


(၄) မြေဝါသဲဝန်း

( Cinamon )

---------------------------

အပူပိုင်းဇုံပတ်ဝန်းကျင်ဒေသများ  ကုန်းမြင့်

ဒေသများနှင့် ဆက်နွှယ်၍တွေ့ရှိရသည်..

အထူးသဖြင့် ပူအိုက်စွတ်စိုသော 

ရာသီဥတုရှိသည့် မကွေး မန္တလေး စစ်ကိုင်း

ဒေသရှိ သစ်ကြံ့ပိုးရောင်မြေများကို

မြေဝါသဲဝန်းဟုခေါ်သည်..


မိုးရေချိန်             - ၄၀-၆၀   လက္မ

မြေသားနုကြမ်း  - သဲသမ  နုံးသမ

မြေချဉ်ငံကိန်း     - 5.5-6.5  pH

မြေဆွေး               -  အလယ်အလတ်


ပဲမျိုးစုံ နှမ်း ပြောင်း ဝါ စသည့်ယာသီးနှံများ

စိုက်ပျိုးပြီး N နှင့် P များများဖြည့်ဆည်း

ပေးရန်လိုအပ်သည်..မြေတိုက်စားခြင်းမှ

ကာကွယ်ရန်လိုအပ်သည်..


(၅) မြေနီသဲဝန်း

( Savanna )

-------------------------

အပူပိုင်းဇုံဒေသများဖြစ်သည့် မိတ္ထီလာ

မြင်းခြံ မကွေး စစ်ကိုင်း နှင့် ရွှေဘိုဒေသ

များတွင်ထူးခြားစွာတွေ့ရှိရပြီး အချို့နေရာ

များတွင် ဆပ်ပြာပေါက်မြေ  ဆားဆပ်ပြာ

ပေါက်မြေများနှင့်တွဲဖက်တွေ့ရသည်..


မိုးရေချိန်              - လက္မ ၄၀  အောက်

မြေသားနုကြမ်း   - သဲသမ

မြေချဉ်ငံကိန်း      - 7.0-8.5   pH

မြေဆွေးပါဝင်မှု  -  အလွန်ညံ့


ပဲ ပြောင်း နှမ်း ဝါ မြေပဲ စသည့်ယာသီးနှံ

များနှင့်ဟင်းသီးဟင်းရွက်များစိုက်ပျိုး

ကြသည်.. N အသင့်အတင့်နှင့်

P အသင့့်မှများများဖြည့်ဆည်းရန်လိုသည်

မြေတိုက်စားခြင်းမှကာကွယ်ရမည်..


(၆) စနယ်မြေ

( Compact )

------------------------

မြေနီသဲဝန်းကဲ့သို့ အပူပိုင်းဇုံဒေသများတွင်

တွေ့ရှိရပြီး ပေါက်ရောက်ပင်အများစုမှာ

ဆူးခြုံပင်များဖြစ်သည်..ရေ လေ တိုက်စား

မှုများပြီး အဟာရဓါတ်များအထူးဖြည့်တင်း

ပေးရန်လိုအပ်သည်..


မိုးရေချိန်              - ၄၀-၆၀  လက္မ

မြေသားနုကြမ်း   - မြေစေးသမ

မြေချဉ်ငံကိန်း     - 7.5-8.0  pH

မြေဆွေးပါဝင်မှု  - အလွန်ညံ့


လယ်ယာဥယျာဉ်သီးနှံများဖြစ်သည့်

စပါး ပဲ ပြောင်း ဝါ ကြံ ငရုတ် ဟင်းသီး

ဟင်းရွက်များစိုက်ပျိုးကြသည်..

N အသင့်မှများများ

P အသင့်အတင့်

K နည်းနည်း    ဖြည့်ဆည်းပေးရန်လို..

ရေသွင်းစိုက်ပျိုးရန်နှင့်ရေနှုတ်မြောင်း

ဆောင်ရွက်ပြုပြင်ရန်လိုသည်..


(၇) မြေနီ

( Red Earth )

------------------------

ရှမ်းကုန်းပြင်မြင့်တွင်တွေ့ရှိရပြီး ပင်လယ်

ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ နှင့်

အထက်တွင်တွေ့ရသည်..မြေသားအတိမ်

အနက် အလွန်ထူပြီး မြေသားအရောင်

တဆက်တစပ်တည်းတွေ့ရသည်..


မိုးရေချိန်               - ၆၀-၈၀   လက္မ

မြေသားနုကြမ်း    - မြေစေးသမ

မြေချဉ်ငံကိန်း      - 5.0-6.5  pH

မြေဆွေးပါဝင်မှု   - အတော်အတန်များ


ပဲမျိုးစုံ မြေပဲ အာလူး ပြောင်းသီးနှံများ

စိုက်ပျိုးကြသည်.. N နှင့် P များများ

လိုအပ်သည်..တောင်ယာစနစ်အစား

လှေခါးထစ်စိုက်ပျိုးရေးတိုးချဲ့သင့်သည်..


(၈) မြေဝါ

( Yellow Earth )

-------------------------

ရှမ်းကုန်းပြင်မြင့်၏ အနိမ့်ပိုင်းဆင်ခြေလျော

တွင်တွေ့ရပြီး ဂဝံမြေနှင့်မြေနီကြားတွင်

နယ်နိမိတ်သဖွယ်ဖြစ်ပေါ်တည်ရှိသည်

ကိုတွေ့မြင်ရသည်..


ပါဝင်သောအချက်အလက်များအားလုံး

မြေနီနှင့်ဆင်တူသည်..


(၉) လယ်မြေ

( Meadow )

-------------------------

မြန်မာနိုင်ငံ၏တောင်ဖက်ပိုင်း ဧရာဝတီ

ပဲခူး ရန်ကုန် တနင်္သာရီဒေသများတွင်၄င်း

ကမ်းရိုးတန်းဒေသများ(ရခိုင် တနင်္သာရီ မွန်)တို့တွင်၄င်း အပူပိုင်းဇုံမြေပြန့်ဒေသများ

တွင်၄င်း ရှမ်းပြည်နယ်နေရာအနှံ့အပြား

တွင်၄င်းတွေ့ရသည်..


မိုးရေချိန်              - ၂၀၀  လက္မအထက်

မြေသားနုကြမ်း  - မြေစေး(အလွန်စေး)

မြေချဉ်ငံကိန်း     - 4.5-6.0 pH

မြေဆွေးပါဝင်မှု - နည်း


စပါးနှင့်သီးထပ်ပဲမျိုးစုံနှမ်းစိုက်ကြသည်..

အမိုးနီးယမ်းမြေသြဇာမကျွေးသင့်ပါ..

P ဖြည့်ဆည်းသော်လည်းချို့တဲ့တတ်..

pH5.5အောက်တွင် Al နှင့် Fe တို့က

P ကိုထိန်းချုပ်သဖြင့် ထုံးချပေးရန်

လိုအပ်သည်..


 (Than_Win_Agri)


Credit to Ko Htin Ag Shein.

Saturday, July 8, 2023

Mapo Tofu အကြောင်း

 မာဖော်တို့ဖူး (麻婆豆腐)




ဒီနေ့တော့ မိုးရာသီမှာ စားလို့ကောင်းတဲ့ အစားအစာတွေထဲက တစ်မျိုးဖြစ်တဲ့ ထုံထုံစပ်စပ် နဲ့ အင်မတန်ခံတွင်းမြိန်စေမယ့် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ချန်တူးမြို့က နာမည်ကြီးဟင်းလျာ တစ်မျိုးဖြစ်တဲ့ မာဖော်တို့ဟူး အကြောင်းလေးကို ကျွန်မတို့ 天下第一 တင်ပေးပါမယ်။ 


မာဖော်တို့ဟူးဆိုတာ ချင်ခေတ်ကို စတင်တည်ထောင်စဉ် (၁၈၆၂ခုနှစ်) အခါက ချန်တူးမြို့ မြောက်ဘက်ပိုင်းမှာရှိတဲ့ ဝမ့်ဖူတံတားဘေးနားက ချန်ရှင့်စန့်ထမင်းဆိုင်ကနေ အစပြုခဲ့တာ ဖြစ်ပါတယ်။ ထမင်းဆိုင်ပိုင်ရှင် ချန်ချွင်းဖူဟာ အစောပိုင်းထဲက ကွယ်လွန်သွားခဲ့တာကြောင့် ဇနီးဖြစ်သူဟာ ထမင်းဆိုင်ကို ဆက်လက်လုပ်ကိုင်ခဲ့ရပြီး ဇနီးဖြစ်သူရဲ့ မျက်နှာပေါ်မှာ ကျောက်ပေါက်အနည်းငယ်ရှိတာမို့ ချန်မာဖော်လို့ အများကခေါ်ဝေါ်ကြပါတယ်။ (အရင်ခေတ်က အမျိုးသမီးတွေ အိမ်ထောင်ကျတဲ့အခါ ကိုယ့်ရဲ့ မျိုးရိုးနာမည်ကို ဆက်ခံခွင့်မရှိတော့ပဲ ခင်ပွန်းသည်ရဲ့ မျိုးရိုးနာမည်အောက်မှာပဲ နေရပါတယ်။ သေဆုံးသွားတဲ့အခါမှာလည်း ကိုယ့်မျိုးရိုးနာမည် ရေးခွင့်မရှိပဲ ခင်ပွန်းသည်မျိုးရိုးနာမည်နဲ့ပဲ ကမ္ပည်းတိုင်မှာ ရေးလေ့ရှိကြတယ်။ ဒါ့ကြောင့် အဲ့ခေတ်က စကားလေးတခွန်းရှိခဲ့တယ်။ သမီးတွေ အိမ်ထောင်ကျသွားရင် သွန်ပစ်လိုက်တဲ့ရေလို့ ဆိုကြတယ်။ ဘာလို့ဆို သွန်ပစ်လိုက်တဲ့ရေဆိုတာ ပြန်ရရိုးထုံးစံ မရှိတော့ဘူးလေ။ အဲ့တာကြောင့် တရုတ်လူမျိုးတွေဟာ နောက်ပိုင်း တစ်အိမ်ထောင် ကလေးတစ်ယောက်စနစ် ဖြစ်လာတဲ့အခါမှာ သမီးလေး မမွေးချင်တော့ပဲ မျိုးရိုးနာမည် ဆက်ခံမယ့်သားလေးပဲ လိုချင်ကြတာမျိုး ဖြစ်လာခဲ့ရတယ်။ ဒါ့ကြောင့် အခုလက်ရှိ တရုတ်နိုင်ငံမှာ အမျိုးသမီးရှားပါးတဲ့ ပြဿနာဖြစ်ပေါ်နေပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ သတို့သမီးရှာတဲ့ ကိစ္စရပ်တွေ ဖြစ်ပေါ်လာရတာပါ။ မာဖော်တို့ဖူးကနေ လမ်းကြောင်းတွေလွဲကုန်ပြီ။ မာဖော်ဆီ ပြန်သွားရအောင်နော်။ 😁) 


အဲ့ခေတ်တုန်းက ဝမ့်ဖူတံတားအဆင်းက သူ့ထမင်းဆိုင်လေးဟာ တံတားပေါ်မှာ လှည်းလေးတွေ တွန်းတဲ့သူ၊ ဝေါယာဉ်ထမ်းတဲ့သူ အစရှိသဖြင့် လုပ်အားနဲ့ အလုပ်လုပ်ရတဲ့ အခြေခံလူတန်းစားတွေ နားခိုရာနေရာလည်း ဖြစ်ပါတယ်။ ပြီးတော့ ဆီကုန်သည်တွေလည်း ခရီးတထောက် နားတတ်ကြပါတယ်။ အဲ့တော့ အဲ့လိုလူတွေ စုမိတဲ့အခါတိုင်း သူတို့အတွက် သက်သက်သာသာနဲ့ အရသာရှိရှိစားဖို့ရာ မာဖော်ကို တို့ဟူးနဲ့ အမဲသား ဝယ်ပေးပြီး ဆီကုန်သည်တွေက ဆီစိုက်ထုတ်ကာ ဟင်းကောင်းတစ်ခွက် ချက်စေပါတယ်။ မာဖော်ကလည်း စိတ်စေတနာကောင်းရှိသူမို့ ဒီလိုလုပ်အားနဲ့ ပင်ပန်းလှတဲ့ သူတို့တွေကို ခံတွင်းမြိန်မြိန်နဲ့ စားကောင်းစေချင်တာကြောင့် တတ်စွမ်းသ၍ အကောင်းဆုံး ချက်ပေးပါတယ်။ ဒီလိုနဲ့ မကြာခဏဆိုသလို ချက်ပေးရာက တို့ဟူးဟင်းချက်ရတာကို ကျွမ်းကျင်လာပြီးတော့ အနံ့အရသာမရှိတဲ့ တို့ဟူးအဖြူထည်ကို သူမတူထူးခြားတဲ့ မွှေးရနံ့နဲ့ စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ်တတ်လာကာ ချန်မာဖော်တို့ဟူး ဆိုပြီးတော့ နာမည်ကြီးလာပါတော့တယ်။ အဲ့လိုနဲ့ ချင်ခေတ်နောက်ပိုင်းမှာ ချန်မာဖော်တို့ဟူးဟင်းဟာ ချန်တူးမြို့ရဲ့ နာမည်ကျော် အစားအစာအဖြစ် သမိုင်းမှာ မှတ်တမ်းတင်ခံခဲ့ရတဲ့အထိ လူကြိုက်များတဲ့ ဟင်းလျာတစ်မျိုး ဖြစ်လာခဲ့ပါတော့တယ်။



(Dou Chi )

၁၉၀၉ ခုနှစ်မှာ ချန်တူးမြို့ ထုံးဆူသတင်းစာတိုက်က ထုတ်ဝေတဲ့ <ချန်တူးတခွင်လည်ပတ်ခြင်း> ဆိုတဲ့ ဆောင်းပါးထဲမှာ မြို့ရဲ့ အထင်ကရစားသောက်ဆိုင် ၂၃ ဆိုင်ကို စာရင်းပြုစုရာမှာ ချန်မာဖော် တို့ဟူးဟင်းလျာဆိုင်က ထိပ်ဆုံးကနေ ဖော်ပြခြင်းခံခဲ့ရပါတယ်။ ချန်မာဖော်ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ နောက်ပိုင်းမျိုးဆက်တွေအထိ တို့ဟူးဟင်းလျာချက်နည်းကို လက်ဆင့်ကမ်းပေးခဲ့တာကြောင့် ယခုဆိုရင်တော့ ကမ္ဘာအနှံ့အပြားက တရုတ်ဟင်းလျာဆိုင်တိုင်းမှာ မာဖော်တို့ဟူးဟင်းကို မှာယူသုံးဆောင်နိုင်ပါတယ်။ 


မာဖော်တို့ဟူးဟင်းဟာလည်း ထုံ စပ် မွှေး ဆိုတဲ့ အရသာပါရှိပြီး ချဉ်ချိုအရသာလည်း ပါဝင်ပါသေးတယ်။ ထမင်းနဲ့တွဲဖက်စားလို့ အင်မတန်မှ ထမင်းမြိန်စေတဲ့ဟင်းတစ်ခွက်ပါပဲ။ ချက်နည်းကလည်း မခက်ပါဘူး။ 


(Dou Chi ပဲပိစပ်အနှစ်နဲ့ လုပ်ထားသော)


မာဖော်တို့ဟူးချက်နည်း


အိုးထဲမှာ ဆီကို အပူပေးပြီး ငရုတ်သီးမှုန့် ထည့်ပါမယ်။ ပြီးရင် ကြက်သွန်ဖြူနဲ့ဂျင်းနုတ်နုတ်စင်းရယ် တောက်တောက်စင်းထားတဲ့ အမဲသားရယ်ကို ထည့်ကြော်ပြီး တို့ချင်း (dou chi) လို့ခေါ်တဲ့ ပဲပိစပ်တစ်မျိုးကိုထည့်ပါမယ်။ အရသာအတွက်ဆား၊ ကြက်သားမှုန့် အနည်းငယ်ထည့်မွှေပြီး တို့ဟူးထည့်ပါမယ် (စီးတီးမတ်က ဂျပန်တို့ဟူးအဖြူ ) ပြီးရင် ရေအနည်းငယ်ထည့် သာသာလေးမွှေပြီး အဖုံးအုပ်ထားပါ။ အရည်အနည်းငယ်ခမ်းပြီး အရသာဝင်လောက်ပြီဆိုရင်တော့ မီးပိတ်ပြီး ဟွားကျောင်းမှုန့်အနည်းငယ်ဖြူးကာ အပူရှိန်နဲ့ အဖုံးပိတ်နှပ်ထားလိုက်ပါ။ ပြီးရင်တော့ အိုးထဲကခတ်ပြီး အရသာရှိစွာ သုံးဆောင်နိုင်ပါပြီနော်။ ဝါဝင်တော့မှာဆိုတော့သတ်သတ်လွတ်လုပ်စားလည်းရပါတယ်။ အမဲသားမထည့်ရင် သက်သက်လွတ်ဟင်းတစ်ခွက်ရပါတယ်။ 




#ZinSnow(天下第一)

Tuesday, July 4, 2023

Mala Xiang Guo (မာလာရှမ်းကော)

 မာလာရှန်းကောဟင်းလျာ 




ဒီတခါမှာတော့ ကျွန်မတို့ 天下第一 Page အနေနဲ့ လတ်တလော Fb ပေါ်မှာ အစားများနေကြတဲ့ Chilli Pot ဆိုတဲ့ မာလာရှန်းကောအကြောင်း ဗဟုသုတ မျှဝေပါ့မယ်။


မာလာရှန်းကောဆိုတာ ချုန်ချင့်ပြည်နယ် ကျင်းယွင်တောင်ကြားရွာရဲ့ ဒေသအစားအစာ တမျိုးပါ။ ဒေသခံပြည်သူတွေရဲ့ အိမ်ဟင်းချက်နည်း တစ်မျိုးပါပဲ။ ထုံ စပ် မွှေး ဆိုတဲ့ အရသာတွေကို တအိုးထဲပေါင်းစပ်ထားတာ ထူးခြားမှုပါပဲ။ ပြောကြတာကတော့ ဒေသခံတွေဟာ ပုံမှန်ဆို ဟင်းရွက်တွေ တအိုးကြီးတည်ပြီး ဟင်းခတ်မှုန့် အမွှေးအကြိုင်မှုန့်တွေ ထည့်ပြီး ရောကြော်ကာ စားလေ့ရှိပါတယ်တဲ့။ သို့ပေမယ့် အထူးဧည့်သည်တွေ လာတဲ့အခါမှာတော့ ခါတိုင်းကြော်စားနေကျ အရွက်အစုံကြော်တဲ့ အိုးထဲမှာ အသားတွေ၊ ပင်လယ်စာတွေ၊ ကလီစာတွေ၊ မျှစ်၊ ပဲပြားခြောက် အစရှိသဖြင့် ထည့်ပြီး ကြော်လှော်ချက်ပြုတ်ပါတယ်တဲ့။ မချက်ခင် အရင်ကြော်ထားတာမို့ ချက်တဲ့အခါ အသားနဲ့ ပင်လယ်စာတွေဟာ အရသာ ဝင်လွယ်ပြီးတော့ အသားရဲ့ လတ်ဆတ်တဲ့ နဂိုမွှေးရနံ့တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တအိုးမွှေး ဆိုပြီး ဖြစ်လာရာက မာလာရှန်းကောဆိုတဲ့ ဟင်းတစ်မျိုး ပေါ်ပေါက်လာပါတော့တယ်။


မာလာရှန်းကော ဆိုတာ စပ်ပေမယ့် မငြီးငွေ့သွားဘူး။ လတ်ဆတ်ပြီး ညှီနံ့မရှိဘူး။ ရနံ့မွှေးပြီး ခံတွင်းတွေ့စေတယ်။ အရသာကို တမ်းတနေစေတဲ့ ထူးခြားတဲ့အရသာမျိုး ပိုင်ဆိုင်ထားတယ်။ ဒီမာလာရှန်းကော ချက်တဲ့အခါမှာ ထည့်ရတဲ့ ငရုတ်သီးတွေကို ရွေးချယ်တဲ့အခါ အထူးသတ်မှတ်ချက်တွေ ရှိတယ်။ အထူးကောင်းမွန်တဲ့ ငရုတ်သီးကတော့ စီချွမ်ပြည်နယ်မှာသာ ထွက်ရှိတဲ့ အော့ကျင်ထျောင် ဆိုတဲ့ ငရုတ်သီးပါပဲ။ ဒီငရုတ်သီးဟာ စပ်စပ်လေးနဲ့ အရမ်းကို မွှေးပါတယ်တဲ့။ သူ့ရဲ့ အစပ်အရသာဟာ ခံတွင်းမြိန်စေတာမျိုးပါတဲ့။ မာလာရှန်းကောရဲ့ ဟင်းခတ်အမွှေးအကြိုင်ဟာလည်း စီချွမ်ပြည်နယ်မှာသာ ရှိပြီးတော့ အမျိုးအစား ၁၀ မျိုးအထက်ကို ပေါင်းပြီး ဖော်စပ်ထုတ်လုပ်ထားတာပါတဲ့။ အဲ့အမွှေးအကြိုင်တွေထဲမှာ အစာအိမ်ကို ကာကွယ်ပေးတဲ့၊ အပူကျစေတဲ့၊ အစပ်စားပြီး ဝမ်းဗိုက်နာခြင်းကို ကာကွယ်ပေးတဲ့ တရုတ်တိုင်းရင်းဆေးတွေလည်း ပါဝင်ပါတယ်တဲ့။ သူ့ရဲ့ အမွှေးအကြိုင် ဟင်းခေတ်မှုန့်တွေဟာ ဟင်းပွဲကို အနီရဲရဲနဲ့ လှစေတဲ့အပြင် မွှေးရနံ့တွေဟာ နှာပွင့်လောက်အောင်ကို စူးရှပြီး ကိုယ်ကြိုက်ရာရွေးတဲ့ အသားအရွက်ကို အခုရွေး အခုချက်ပေးတာကြောင့် လတ်ဆတ်ပြီး ခံတွင်းမြိန်စေတဲ့အတွက် ကျန်းမာရေးကို လိုက်စားသူတွေ အကြိုက်တွေ့နေကြတဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်တဲ့။ (အအေးမိ နှာပိတ် ခံတွင်းပျက်နေသူတွေအတွက် စားလို့သင့်တော်တယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးတွေလည်း ပါတော့ အစပ်ကြောင့် အစာအိမ်နာမှာ၊ ဗိုက်ပျက်မှာ မပူရတော့ဘူးဆိုပဲ)




အစပ်ပေါ်မှာလည်း အဆင့်တွေ ခွဲထားပေးပါသေးတယ်။ စပ်တယ်ဆိုရုံလေး၊ နည်းနည်းစပ်၊ အလယ်အလတ်စပ်၊ အစပ်များများ၊ အစပ်ပြင်းပြင်း စသဖြင့် ကိုယ်စားနိုင်တဲ့ အစပ်ပမာဏကို လိုတိုးပိုလျှော့လုပ်နိုင်လို့ လူတော်တော်များများ အကြိုက်တွေ့နေကြတာ ဖြစ်ပါတယ်။ အခုလို မိုးအေးအေး ရာသီလေးနဲ့ဆို မာလာရှန်းကောက အလိုက်ဖက်ဆုံးပါပဲတဲ့။




မာလာရှန်းကောလုပ်နည်း (ဝန်းရံပေးကြဘာပေါ့နော့် :P)


ပါဝင်သောပစ္စည်းများ


ဟင်းသီးဟင်းရွက် - မျှစ်ဖြူ၊ ကြာစွယ်၊ ဝါးပိုးမျှစ်၊ ဆလပ်ရွက်၊ ဂေါ်ဖီထုပ်၊ မှို၊ ပန်းပွင့်၊ အာလူး၊ ကန်စွန်းဥ စသဖြင့် ကိုယ်နှစ်သက်ရာကို အနေတော်လေးတွေ လှီးဖြတ်ထားပါ။ (ရေဆေးဖို့တော့ မပြောတော့ဘူးနော်)

ကြွက်နားရွက်တို့ မှိုခြောက်တို့ ကြိုက်လည်း ထည့်လို့ရပါတယ်။


ပင်လယ်စာ - ဂဏန်း၊ ပုဇွန်၊ ရေဘဝဲ ကြိုက်တာသာ ထည့်ကြော်ဖို့ အသင့်ပြင်ထားပါ။


အသား - ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသား စသဖြင့် ပါးနိုင်သမျှ ပါးပါးလှီးထားပါ။

အသဲတွေ အမြစ်တွေ ကလီစာတွေ ကြိုက်လည်း ထည့်လို့ရပါတယ်တဲ့။ အသင့်စားငါးဖယ်လုံးတို့ အသားချောင်းတို့လည်း စားချင်ရင် ထည့်လို့ရသေးတယ်နော်။ ကိုယ်စားချင်တာတွေ အကုန်ထည့်လို့ရတယ်ဆိုပြီး အကုန်လုံး ဇွတ်မထည့်ပါနဲ့ဦးနော်။ မာလာရှန်းကောက တအိုးချက်ရင် ၈၀၀ ဂရမ်လောက်က ချက်လို့ အဆင်ပြေဆုံး ပမာဏပါတဲ့။ 




အသားအရွက် အားလုံး ၈ မျိုးလောက်သာ ရွေးတာ အသင့်တော်ဆုံးပါတဲ့။ အဲ့တော့ တမျိုးကို ၁၀၀ ဂရမ်လောက်ပဲပေါ့။ ၁၆ မျိုး စားချင်ရင် တမျိုးကို ၅၀ ဂရမ်လောက်ပဲ ထည့်ပေါ့နော့်။


麻辣香锅的调料 


(မာလာရှန်းကောရဲ့အရသာစပ်နည်း):五香油 (ငါးမျိုးအမွှေးဆီ 100ml)、郫县豆瓣 (ပိရှန့်ပဲပိစပ် နုတ်နုတ်စင်း 30ml)、火锅调料 (ဟော့ပေါ့အမှုန့် 50g)、干辣椒 (ငရုတ်သီးခြောက် 80g)、姜片 (ဂျင်းပါးပါး 15g) 大蒜 (ကြက်သွန်ဖြူနုတ်နုတ်စင်း20g)、 葱段 (ကြက်သွန်မိတ်အရင်းပိုင်း 15g)、料酒 (ဟင်းချက်အရက် ထမင်းစား ၁ဇွန်း)、糖 (သကြား လက်ဖက်စားဇွန်း ၂ဇွန်း) 、盐 (ဆားအနည်းငယ်)、鸡精 (ကြက်သားမှုန့်အနည်းငယ်)、白芝麻 (နှမ်းဖြူအနည်းငယ်)、香菜 (နံနံပင်အနည်းငယ်)




ငါးမျိုးအမွှေးဆီက ဘာလဲ သိချင်ကြမယ် ထင်ပါတယ်။ အဲ့တော့ ငါးမျိုးအမွှေးဆီ အကြောင်း အရင်ပြောပြပါမယ်။ ငါးမျိုးအမွှေးဆီ ပြုလုပ်ဖို့ဆိုရင် 八角2块 (နာနတ်ပွင့်၂ပွင့်)、花椒5克 (ဟွားကျောင်း 5g)、草果1个 (ချောင်ကော ၁လုံး)、香果1克 (ရှန်းကော 1g)、 丁香1克 (သင်းရှန်း 1g)、山奈2克 (စန်းနိုက်မှုန့် 2g)、干辣椒10克 (ငရုတ်သီးခြောက် 10g)、茴香5克 (ဟွေရှန်း 5g)、肉寇1个 (ရို့ခို့ ၁လုံး)、 山奈1块 (စန်းနိုက် ၁တုံး)、桂皮1块 (သစ်ကြားပိုးခေါက်၁တုံး)、香叶2片 (ကရဝေးရွက် ၂ရွက်)、油 (ဆီ)

ငါးမျိုးအမွှေးဆီထဲမှာပါတဲ့ တချို့ပစ္စည်းတွေဟာ တရုတ်တိုင်းရင်းဆေးတွေပါ။ တရုတ်တန်းက တရုတ်ဆေးဆိုင်တွေမှာ မေးကြည့်ပေါ့နော်။ အကုန်ရှိမယ်တော့ အာမမခံဘူး။




ပြုလုပ်ပုံကတော့ အိုးထဲမှာ ဆီကိုအပူပေးပြီး အပေါ်ကပြောတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးထည့်ပြီးတော့ မီးမျှင်းမျှင်းနဲ့ အနံ့မွှေးပြီး အရောင်ပြောင်းတဲ့အထိ ဆီသတ်ပါ။ ပြီးရင် အဖတ်တွေ စစ်ပြီး ဆီပဲယူမှာပါ။ အဲ့ဒီဆီကိုလေ တရုတ်ဆိုင်တွေမှာ ခံတွင်းလိုက်တဲ့ အစားအစာဖြစ်တဲ့ သခွားသီးသုတ်တို့ ရေညှိသုပ်တို့ထဲမှာလည်း ထည့်စားလို့ရပါတယ်။ ငါးမျိုးမွှေးဆီဟာ ရနံ့မွှေးရုံတင်မကဘူး တိုင်းရင်းဆေးတွေ ပါဝင်တာကြောင့် အစပ်စားပြီး အစာအိမ်ကို မထိခိုက်စေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါပြောပြလို့ မာလာရှန်းကောကို အစပ်ပြင်းပြင်းစားမယ်တော့ စိတ်မကူးပါနဲ့ဦးနော်။ တစ်ယောက်နဲ့ တစ်ယောက် အစာအိမ်ချင်း မတူကြတာမို့ ခံနိုင်ရည်ဆိုတာလဲ ရှိသေးတော့ ကိုယ့်အစာအိမ်နဲ့ ကိုယ် ချင့်ချိန်စားကြပေါ့နော်။




ကဲ အဓိကကျတဲ့ မာလာရှန်းကောလုပ်နည်းကို ပြောပါတော့မယ်။


အရင်ဦးဆုံး သုံးထပ်သား၊ ကျက်ဖို့ အချိန်ပေးရမယ့် အသားတွေရယ် မှို ကြွက်နားရွက်စတဲ့ အလွယ်တကူမကျက်နိုင်တဲ့ အရာတွေကို အစဉ်လိုက် ရေနွေးနဲ့ပြုတ်လိုက်ပါ။ မီးအရှိန်ကို သတိထားပေးပါ။ မီးတအားမပြင်းဖို့နဲ့ ပျော့ဖတ်သွားအောင် ပြုတ်မပစ်ဖို့ လိုပါတယ်။ ပြီးရင် ပြုတ်ထားတာတွေအားလုံးကို ဆယ်ပြီး ရေသေချာစစ်ပါမယ်။ ရေမစင်ရင် ကြော်တဲ့အခါ ရေတွေထွက်လာပြီး ခြောက်ခြောက်လေးဖြစ်မှာ မဟုတ်တော့ဘူး။




ပြီးရင် ငရုတ်သီးအခြောက်တောင့် (အော့ကျင်ထျောင် သို့မဟုတ် မီးပုံးငရုတ်သီးတောင့် ငရုတ်ပွ ခေါ်မှာပေါ့နော်) ကို အစေ့ထုတ်ပြီး ထက်ခြမ်း လှီးထားပါမယ်။ အမြင်လှချင်ရင်တော့ ထက်ခြမ်းမလှီးပဲ အစေ့ပဲ ထုတ်ထားလည်းရပါတယ်။


အိုးထဲကို ငါးမျိုးမွှေးဆီထည့်ပြီး ငရုတ်သီးအခြောက်တောင့်ကို မွှေးလာတဲ့အထိ ကြော်ပါ။ မွှေးလာတာနဲ့ ငရုတ်သီးကို ပြန်ဆယ်ယူထားပါ။


ပြီးရင် သုံးထပ်သား သို့ နှစ်သက်ရာ အသားကို ရေခြောက်ပြီး မွှေးတဲ့အထိ ကြော်လိုက်ပါ။ မီးမလျှော့ပါနဲ့။ ခပ်မြန်မြန် ကြော်ရမှာပါ။ 

အသားမွှေးပြီး ခြောက်လာတာနဲ့ ပဲပိစပ်အနှစ်ရယ် ဟော့ပေါ့အမှုန့်ရယ် ထည့်ပါမယ်။ အဲ့မှာ ဆီဟာ အနီရောင်ပြောင်းပြီး မွှေးလာပါလိမ့်မယ်။ အဲ့အခါကျမှ ဂျင်းပါးပါးရယ် ကြက်သွန်ဖြူရယ် ထည့်ပြီး ခဏကြော်လိုက်ပါမယ်။ ဆား၊သကြား၊ဟင်းချက်အရက်၊ကြက်သားမှုန့်စတာတွေကို ပဲပိစပ်နုတ်နုတ်စင်းပြီးတာနဲ့အဲ့ထဲတခါထဲရောထည့်ထားလိုက်ပါ။


ပြီးရင်တော့ ကျက်ဖို့ခက်တဲ့ အသားအရွက်တွေ အရင်ထည့် ကျက်ဖို့လွယ်တာ နောက်မှထည့်ပြီး အရသာဝင်အောင် ကြော်ပေးရပါမယ်။ 


အားလုံးကျက်ပြီဆိုရင်တော့ အပေါ်ကနေ နှမ်းဖြူဖြူးပြီး နံနံပင်လေးအုပ်လိုက်ရင်တော့ စွဲမက်ဖွယ်ကောင်းတဲ့ အရသာလေးနဲ့ သွားရည်ယိုစရာ မာလာရှန်းကောဟင်းပွဲလေး ရပါပြီ။




#ZinSnow(天下第一)