Tuesday, January 7, 2014

နှလုံးသားတွင် အလှဆင်ပါ


လူတို့နှလုံးသားမှာ အမုန်းမပွားဖို့ လိုပါသည်။ အမုန်းတရားများ ဘေးဖယ်၍ အပြုံးနှလုံးသားများ ကိန်းဝပ်ခြင်းဖြင့် ငြိမ်းအေးခြင်းအစစ်အမှန်ကို ပိုင်ဆိုင်ခံစားနိုင်မှာ ဖြစ်ပါသည်။ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက” ဟုဆိုလျှင် “တစ်လောကလုံး အေးချမ်းခြင်းအစ နှလုံးသားလှပခြင်းက” လို့ ပြောချင်ပါသည်။

တစ်မျိုးသားလုံး စည်းကမ်းရှိဖို့ဆိုလျှင် စာသင်ကျောင်းများက စတင်လေ့ကျင့် ညွှန်ပြပေးရမည် ဖြစ်ပါသည်။ နိုင်ငံတစ်ခု သာယာစည်ပင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလျှင် တိုင်းသူပြည်သားအားလုံး ပညာတတ်ဖို့ လိုပါသည်။ ပညာတတ်ရန် စာသင်ကျောင်းများကို ဖြတ်သန်းကြရမှာ ဖြစ်ပါသည်။ စာသင်ကျောင်းများမှ စည်းကမ်းစနစ်များကို ပူးတွဲသင်ကြားပေးမည် ဆိုပါက စည်းကမ်းရှိပြီး ပညာတတ်သော လူကောင်းလူတော် အများအပြား ပေါ်ထွက်လာမှာ သေချာပါသည်။ လူကောင်းလူတော်များစွာရှိသော တိုင်းပြည်သည် ကမ္ဘာ့အလယ်မှာ ထည်ဝါကြွားဝင့်နိုင်မှာ ဖြစ်ပါသည်။

ထိုနည်းတူစွာ လူသားတစ်ဦးချင်းစီ၏ ဘ၀ခရီးတစ်လျှောက် ချမ်းမြေ့ကြည်နူး ပျော်ရွှင်နိုင်ဖို့ နှလုံးသားများကို အလှဆင်ခြင်းဖြင့် ဖန်တီးတည်ဆောက်နိုင်မှာ ဖြစ်ပါသည်။   လူသားတစ်ယောက် ဖြစ်တည်ရှင်သန်ကြီးပြင်းရာ ရပ်ဝန်းအနေအထားသည်လည်း ထိုသူ၏ နှလုံးသား ဖွဲ့စည်းမှုအပေါ် ရိုက်ခတ်လွှမ်းမိုးမှုရှိမှာ သေချာပါသည်။ ကိုယ်ခံအားကောင်းခြင်း၊ မကောင်းခြင်းနှင့် ဗီဇသန္ဓေ အမူအကျင့်များကလည်း နှလုံးသားပုံရိပ်ကို ထင်ဟပ်ပုံပေါ်စေမှာ ဖြစ်ပါသည်။

လူအချို့သည် နှလုံးသားအတုကို ခုတုံးလုပ်ကာ အပေါ်ယံ အဆင်တန်ဆာများစွာဖြင့် နှလုံးသားအစစ်ပမာ ခြယ်သတတ်ကြပါသည်။ အပြောချိုချို၊ အငိုအရယ်၊ လီဆယ်ကာဖြင့် ပလီပလာ မသတီစရာများကိုလည်း ပြုလုပ်တတ်ကြပါသည်။ ဇာတ်လမ်းဇာတ်ကွက်များကို လိုရာဆွဲကပြသကဲ့သို့ အချိန်အခါကိုလိုက်၍ နှလုံးသားကို အမိန့်ပေး စေခိုင်းတတ်ကြပါသည်။ ထိုသူများ၏ နှလုံးသားသည် သံပတ်ပေးစက်ရုပ်သဖွယ် အလုပ်လုပ်နေလျက် ရှိနေတတ်ပါသည်။ သူတို့၏ ဘ၀ပန်းချီကားသည် သူတို့၏ လက်ရာအစစ် မဟုတ်တော့ဘဲ ကွန်ပျူတာသရုပ်ဖော် ဗီနိုင်းကားချပ်ကို အပေါ်မှ ထပ်အုပ်ထားသည်နှင့် တူနေတတ်ပါသည်။

တချို့နှလုံးသားများသည် ရင့်သန်ခိုင်မာသော နှလုံးသားအဆင့်သို့ မရောက်မီမှာဘဲ ညှိုးနွမ်းပွန်းပဲ့၊ ထိခိုက်ပျက်စီး သွားရသည်လည်း ရှိပါသည်။ နှလုံးသားနုနုများတွင် ဆူးကြမ်းကြမ်းကြီးများ ထိုးဖောက်စူးဝင်ခံရခြင်းဟု ဆိုချင်ပါသည်။ နှလုံးသားမှာ ဒဏ်ရာရလျှင် နှလုံးသားပျက်မည်။ နှလုံးသားပျက်လျှင် စိတ်ထားပျက်မည်။ စိတ်ထားပျက်လျှင် ဘ၀အလှတွေပျက်မည်။ ဘ၀အလှတွေပျက်လျှင် လောကကြီးတစ်ခုလုံး အကျည်းတန်ဆုံးသော ပန်းချီကားများဖြင့် ပြည့်နှက်နေလိမ့်မည်။

နှလုံးသားတွေ ပကတိဖြူစင်သန့်ရှင်းဖို့ လိုပါသည်။ သန်မာထွားကျိုင်း ဖွံ့ဖြိုးဖို့ လိုပါသည်။ အစဉ်သဖြင့် လတ်ဆတ်ကျန်းမာနေဖို့ လိုပါသည်။ မိမိတို့၏ နှလုံးသားများတွင် အနာအဆာ မရှိပါမှ မျိုးဆက်တို့၏ အသစ်နှလုံးသားများတွင်လည်း ပိုးပေါက်ကင်းသည့် နှလုံးသားများ ဖြစ်စေပါလိမ့်မည်။ ရိုးသားသိမ်မွေ့သော၊ ရွှင်မြူးလန်းဆန်းသော၊ မျှတကြည်လင်သော နှလုံးသားပိုင်ရှင်များသာလျှင် နောက်ထပ်နှလုံးသား အလှများကို ထွန်းကားပေါ်ထွက် စေနိုင်မည်ဖြစ်ပါသည်။ နှလုံးသားအလှများ စီရရီ များများစားစား ဖြစ်တည်လာဖို့ တစ်ဦးချင်းစီ၏ ခံယူချက်၊ ယုံကြည်ချက်များအပေါ်၌ မူတည်သည်ဟု ဆိုချင်ပါသည်။

အမှန်စင်စစ် အရိုးစင်းဆုံး နှလုံးသားသည် အလှဆုံးဖြစ်ပါလိမ့်မည်။ ရိုးစင်းဖြောင့်မတ်ခြင်းသည်ပင် အလှဆင်မှုဖြစ်ပါသည်။ ထိုအလှထက် ပို၍လှသောအလှ မရှိဟုလည်း ဆိုချင်ပါသည်။ ထိုအလှဆင်မှုကို မမြင်တွေ့သူ၊ မသိရှိသူ၊ အလှဟု မထင်မှတ်သူများသည် အလှကို လိုက်လံရှာဖွေကြသည်။ အလှကို မျက်ကွယ်ပြု၍ ရှာဖွေကြသည်ဖြစ်သောကြောင့် သူတို့တွေ့ရမည်မှာ သဘာဝမကျသော၊ အရောင်ဆိုးထားသော ပကာသန အလှများသာ ဖြစ်ပါလိမ့်မည်။
ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအားလုံး မှန်မှန်ကန်ကန် တိုးတက်မြင့်မားလာမှုကို ငံ့လင့်စောင့်စားနေသော အများစုဖြစ်သည့် တိုင်းရင်းသားပြည်သူများ အသီးသီးအသက နှလုံးသားများတွင် အလှဆင်ဖို့ လိုအပ်ပါသည်။ အမြဲထာဝရ နှလုံးသားများ လှပနေကြရပါမည်။ မင်္ဂလာနှစ်သစ် စတင်ချိန်မှစကာ နှလုံးသားများတွင် အလှဆင်ကြပါဟု
လှပမှုအပေါင်းသည် နှလုံးသားမှမြစ်ဖျားခံ ဆင်းသက်လာသည်ဟု ဆိုချင်ပါသည်။ နှလုံးသားလှလျှင် အေးချမ်းရမည်။ ကြည်နူးရမည်။ ကျေနပ်ပျော်ရွှင်မှုများစွာကို ခံစားရရှိနိုင်သည်။ တစ်ဦးချင်းစီ၏ နှလုံးသားလှခြင်းသည် မိသားစု အသိုက်အ၀န်းကိုလည်း ပို၍ရင်းနှီး နွေးထွေးစေသည်။ ယုံမှားသံသယကင်းစွာဖြင့် အပြန်အလှန် ချစ်ခင်မှုကို ရှင်သန်စေသည်။ ညီညွတ်စည်းလုံးမှုအတွက် အထောက်အပံ့ ဖြစ်စေသည်။ လူသားအချင်းချင်း ရိုးသားချစ်ကြည်စွာ ပေါင်းဖက်နိုင်ရန်မှာ နှလုံးသားလှခြင်းသည် အခြေခံ အကြောင်းရင်းတစ်ရပ် ဖြစ်ပါသည်။ နှလုံးသားလှသူများ ဆုံတွေ့ဆက်ဆံမှုအကြား၌ မည်သည့်အဆင်မပြေမှု ပြဿနာမျှ မရှိနိုင်ဟု ယူဆမိပါသည်။

နှလုံးသားများသည် မိမိကိုယ်တွင်းတွင်လည်း စင်ကြယ်လှပရမည်။ မိမိ မိသားစု နေအိမ်တွင်လည်း စင်ကြယ်လှပရမည်။ မိမိတို့ ကျင်လည်ရာ ရုံး၊ အဖွဲ့အစည်း၊ လုပ်ငန်းများတွင်လည်း စင်ကြယ်လှပရမည်။ နေ့စဉ် လူမှုဆက်ဆံရေး ရပ်ဝန်းတွင်လည်း စင်ကြယ်လှပရမည်။ ကူးသန်းသွားလာရာ လမ်းမများ၊ ယာဉ်ရထားများပေါ်တွင်လည်း စင်ကြယ်လှပရမည်။ နှလုံးသားလှသူများသည် အပြောအဆို ချိုသာယဉ်ကျေးသည်။ အပြုအမူ သိမ်မွေ့နူးညံ့သည်။ အနေအထိုင် ရိုးရှင်းဖြူစင်သည်။ နှလုံးသား လှသူများနှင့် ကြုံတွေ့ရသူတိုင်း စိတ်ချမ်းသာကြသည်။

မိမိတို့ကိုယ်တိုင်လည်း နှလုံးသားတွင် အလှဆင်ကြရမည်။ တစ်ပါးသူများ၏ နှလုံးသားတွင်လည်း အလှဆင်နိုင်ရေးအတွက် ရှေ့ဆောင်ညွှန်ပြပေးကြရမည်။ ကလေးသူငယ်များ၊ လူငယ်လူရွယ်များ၏ နှလုံးသားများတွင်လည်း လှပလိုစိတ်များ၊ အလှဆင်လိုစိတ်များ ကိန်းအောင်းလာအောင် သွန်သင်ပံ့ပိုးပေးကြရမည်။ လောကနီတိ၊ ဂါရ၀တရား၊ ဘာသာရေး အဆုံးအမများနှင့် စာပေကျမ်းဂန်လာ နိပါတ်တော်များမှတစ်ဆင့် နှလုံးသားများတွင် အလှဆင်နိုင်ပါသည်။

နှလုံးသားတွင် အလှဆင်လိုသူ တိုးလာခြင်းသည် မင်္ဂလာတစ်ပါး ဖြစ်ပါသည်။ အလှဆင်လိုသူသည် အလှဆင်ရန် ပစ္စည်းကို လုံ့လစိုက်ကာ လိုက်ရှာမည်ဖြစ်ပါသည်။ နှလုံးသားကို အလှဆင်လိုသူကလည်း နှလုံးသားအတွက် လိုအပ်သော အာဟာရဓာတ်ကို မှီဝဲသုံးဆောင်ရန် အားထုတ်ကြိုးပမ်းမည် ဖြစ်ပါသည်။ ဤနေရာတွင် ရိုးရှင်းသက်သာ လွယ်ကူမှုအရှိဆုံး နှလုံးသား အလှဆင်နည်းမှာ စာပေဖတ်ရှု လေ့လာဆည်းပူးခြင်း ဖြစ်ပါသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟုဆိုထားပါသည်။

စာပေမှတစ်ဆင့် အသိကိုရမည်။ အသိမှတစ်ဆင့် အတွေးသို့ လှမ်းတက်နိုင်မည်။ နောက်တစ်ဆင့် အကျင့်ဖြင့် ပေါင်းစပ်နိုင်မည်။ “အသိ၊ အတွေး၊ အကျင့်” မှန်ကန်ပြည့်စုံသည့်အခါ နှလုံးသားသည် လှပဝေဆာ ဖူးပွင့်လာမည်ဖြစ်သည်။ ထိုအခါ ဘ၀ရသများကို ကောင်းခြင်းသုခများဖြင့် ခံစားနိုင်ကြမည်ဖြစ်သည်။ မွန်မြတ်ခြင်းများကို ပိုင်ဆိုင်နိုင်ကြမည်ဖြစ်သည်။

နှလုံးသားလှသူ ပေါများလာသည့်အခါ ရောင်းရေးဝယ်တာမှအစ လုပ်ငန်းဆောင်ရွက်ရမှုအားလုံး မြန်ဆန်ချောမွေ့လာမည်ဖြစ်သည်။ လမ်းမများတွင် သွားရလာရတာ အန္တရာယ်ရှင်း ဘေးကင်းလာမည်ဖြစ်သည်။ လူမြင်ကွင်း၌ မထေမဲ့မြင် ပြုလုပ်မှုများ၊ အရိုသေတန်မှုများ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာမှ သွေဖည်မှုများကို မြင်တွေ့ရမှု နည်းလာမည်ဖြစ်သည်။ နေရာမရွေး အမှိုက်စွန့်ပစ်ခြင်း၊ ယာဉ်လမ်းစည်းကမ်း ဖောက်ဖျက်ခြင်း၊ အများသူငါအား အနှောင့်အယှက်ပြုခြင်း စသည့်ကျူးလွန်မှု အမျိုးမျိုးလည်း လျော့ကျလာမည်ဖြစ်သည်။

ထို့ကြောင့် လူတိုင်းလူတိုင်း၏ နှလုံးသားများ လှပနေဖို့ လိုပါသည်။ နှလုံးသားမလှသေးသူများ အနေဖြင့်လည်း နှလုံးသားတွင် အလှဆင်ရန် လိုအပ်ပါသည်။ နေရာတိုင်း၊ ဒေသတိုင်း၊ အချိန်တိုင်းအတွက် နှလုံးသားကို အလှဆင်ခြင်းသည် အရှုံးမရှိ၊ အမြတ်သာရှိမည်မှာလည်း သေချာပါသည်။ အမြတ်တကာ့အမြတ်ဆုံး၊ အလှဆုံး နှလုံးသားများကို ပိုင်ဆိုင်ထားကြ စေလိုပါသည်။ လူသားတိုင်း၏ နှလုံးသားများ လှပနေမှ ဒေါသမီး၊ လောဘမီး၊ မောဟမီးများအပြင် ရန်မီးများ၊ စစ်မီးများငြိမ်းအေးကာ ကမ္ဘာကြီး သာယာနေမည်ဖြစ်ပါသည်။

နှလုံးသားများ အစဉ်လှပနေဖို့ ပြင်ဆင်ရန်မှာ နောက်မကျသေးဟု ဆိုချင်ပါသည်။ ယခုချက်ချင်း ပြင်ဆင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပါသည်။ နှလုံးသားများတွင် အလှဆင်ရန်အတွက် အခွင့်အလမ်းများက အားလုံးအတွက် လက်လှမ်းမီနေပါသေးသည်။ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးမှသည် နိုင်ငံ့အရေးအထိ အစစအရာရာ အဆင်ပြေစေဖို့ နိုင်ငံသားတိုင်း နှလုံးသားတွင် အလှဆင်ကြရပါမည်။ အရွယ်ရှိတုန်း၊ ကျန်းမာတုန်း၊ အချိန်အခါပေးတုန်း လုံ့လစိုက်ကာ နှလုံးသားတွင် အလှဆင်နိုင်အောင် လုံ့လစိုက်ကြရပါမည်။

နှလုံးသားတွင် အလှမဆင်ခဲ့သူများ၊ နှလုံးသား မလှသူများကြောင့် တိုင်းပြည်ရေတိမ် နစ်ခဲ့ရသည်။ နောက်ပြတ်ကျန်ရစ်ခဲ့ရသည်။ အငြိုးအတေးများ၊ လက်စားချေမှုများ၊ အာဏာ၊ နယ်မြေ၊ ရာထူး၊ ပိုင်ဆိုင်မှု လုယူဖန်တီးမှုများ၊ ထင်ရာစိုင်း ကိုယ်ကျိုးကြည့်မှုများ လက်စမသတ်နိုင်အောင် ကြုံတွေ့နေကြရသည်။ နှလုံးသားလှသူ အချို့၏ စွန့်လွှတ်အနစ်နာခံမှုကြောင့် လွတ်လပ်ရေးရကာ မြန်မာနိုင်ငံဟု ရပ်တည်နိုင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် နှလုံးသား မလှသူများ ခြယ်လှယ်အုပ်ချုပ်ခဲ့သဖြင့် လမ်းလွဲ၊ လမ်းပျောက်ခဲ့ကြရသည်။

ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးအားလုံး မှန်မှန်ကန်ကန် တိုးတက်မြင့်မားလာမှုကို ငံ့လင့်စောင့်စားနေသော အများစုဖြစ်သည့် တိုင်းရင်းသားပြည်သူများ အသီးသီးအသက နှလုံးသားများတွင် အလှဆင်ဖို့ လိုအပ်ပါသည်။ အမြဲထာဝရ နှလုံးသားများ လှပနေကြရပါမည်။ မင်္ဂလာနှစ်သစ် စတင်ချိန်မှစကာ နှလုံးသားများတွင် အလှဆင်ကြပါဟု တိုက်တွန်းလိုက်ရပါသည်။
Written by: 
လွင်ချန်ဖြိုး (နတ်မောက်)

Monday, January 6, 2014

သရုပ်ဆောင်ဂန္တဝင် ဗိုလ်ချုပ်ကျော်ဘ သားနှင့် ခရိုနီများ အရှုပ်တော်ပုံ


 ၂၀၀၈ ခုနှစ်၊ မူးယစ်ဗဟို အစီရင်ခံစာမှ ထုတ်နုတ်တင်ပြပါသည်-

(တရားခံ မင်းနိုင်(ခ) စိုးလှိုင်မြတ်၏ အစစ်ခံချက်မှ-)

ကိုအောင် (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သား)နှင့် ဆက်သွယ်ရင်းနှီးမှု

၂ဝဝ၇ ခုနှစ် စက်တင်ဘာလခန့်က ပိုင်အိုးနီးယားကလပ်သို့ ကျွန်တော်သွားစဉ် ကိုအောင်နှင့်ရင်းနှီးခဲ့ပြီး ကိုအောင်မှ ကျွန်တော်အား စိတ်ပြောင်း/စိတ်ကြွဆေးပြားများ ပေးသုံးစွဲခဲ့ပြီး ကျွန်တော်မှလည်း အက်စ်တစီ ဆေးပြားများ ပြန်လည်ပေးသုံးခဲ့ဘူးပါသည်။ ကိုအောင်ကို ၄င်းနှင့်အမျိုးတော်သူ နဝရတ်(ခ)မဇာ မိတ်ဆက်ပေး၍ သိရှိရပါသည်၊ကိုအောင်နှင့် တစ်ခါတစ်ရံခန့်သာ ဆုံဖြစ်ပြီး ၄င်း၌ဆေးပြားရှိလျှင် ပေးပြီး ကျွန်တော်၌လည်း ရှိလျှင် တွေဆုံသည့်အခါတိုင်း ပေးဖြစ်ပါသည်။

၂ဝဝ၇ခုနှစ် နိုဝင်ဘာလတွင် ပိုင်အိုးနီးယားကလပ်၌ ကိုအောင်မှ ကျွန်တော်အား ' ၅' တံဆိပ်ပါ အဝါရောင် ဆေးပြား(၅)ပြားအား ပေးခဲ့ပြီး ထိုဆေးများကို ကျွန်တော်မှ မိန်းကလေးများနှင့် မဆက်ဆံမီ နာရီဝက်ခန့် အလို၌ ရေနှင့်တစ်ကြိမ်လျှင်(၁)လုံး သောက်ခဲ့ရာ (၃)ကြိမ်ခန့် သောက်ခဲ့ဘူးပါသည်၊ ထိုဆေးပြားအား လျှာအောက်တွင် ထည့်၍ငုံထားပါက ပို၍ကောင်း ကြောင်း ကိုအောင်မှ ပြောဘူးပါသည်၊ယခု သိမ်းဆည်းခံရသော ' ၅ 'တံဆိပ်ပါအဝါရောင်ဆေးပြား(၂)ပြားမှာ ကိုအောင်မှ ပေးခဲ့သော ဆေးပြားများ ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ် ဧပြီလ သင်္ကြန်တွင် လျှောက်လည်ရင်း သရုပ်ဆောင်ဂန္တဝင်နှင့်ရင်းနှီးခဲ့ပြီး ၂ဝဝ၇ ခုနှစ် ဒီဇင်ဘာလတွင် ချစ်သူ ဖြစ်ခဲ့ပါသည်။ ၄င်းနှင့်ကျွန်တော်တို့သည် အက်စ်တာစီဆေးပြားသုံးစွဲဘူးပါသည်။ ၄င်းအား ကျွန်တော်ပေး၍ သုံးစွဲခြင်းဖြစ်ပါသည်၊၂ဝဝ၇ ခုနှစ် နိုဝင်ဘာလခန့်တွင် ကျွန်တော်၏ သူငယ်ချင်းဖြစ်သူ အမေရိကန်နိုင်ငံနေ ကျော်သူအောင်အား ရန်ကုန်သို့ပြန်ရောက်လာစဉ် ၄င်းမှ အက်တစီ ဆေးပြား(၁၅)ပြား ပေးသဖြင့် သုံးစွဲခဲ့ပါသည်။ ကျော်သူအောင်မှာ အမေရိကန်နိုင်ငံတွင် နေထိုင်လျက် ရှိပါသည်။

အောင်ဇော်ရဲမြင့် ( ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်၏သား)နှင့်ဆက်သွယ်ရင်းနှီးမှု
၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီလခန့်တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် နဝရတ်(ခ)မဇာ မိတ်ဆက်ပေးသဖြင့် အောင်ဇော်ရဲမြင့်နှင့် ရင်းနှီးခဲ့ပြီး (WY)စိတ်ကြွဆေးပြား ပေးသုံး၍ မကြာခဏ သုံးစွဲဘူးပါသည်၊ အောင်ဇော်ရဲမြင့်၏ဖုန်းအမှတ်မှာ ဝ၉-၅ဝဝဝဝဝ၅ ဖြစ်ပါသည်။ ၂ဝဝ၈ ခုနှစ် မတ်လ ပထမပါတ်တွင်ပင် ကျွန်တော် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော်ရဲမြင့်မှ (WY) စိတ်ကြွဆေးပြား (၇ဝ)ပြားကို ကျွန်တော်၏ ဘောင်းဘီအိတ်ထဲသို့ လက်ဆောင်ပေးသွားခဲ့၍ ရရှိခဲ့ပါသည်၊၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် ကျွန်တော်သည် ပိုင်အိုးနီးယားကလပ်သို့သွားစဉ် အောင်ဇော်ရဲမြင့် နှင့် တွေ့ဆုံပြီး ၄င်းမှ ကျွန်တော်၏မွေးနေ့ အတွက် အက်တက်စီဆေးပြား (၃ဝ) ပြားပေးခဲ့ပါသည်၊ကျွန်တော်မွေးနေ့ မှာ ၂ဝဝ၈ မတ်လ ၃ဝ ရက်နေ့ ဖြစ်ပါသည်။

(မူးယစ်ဗဟိုအစီရင်ခံစာမှ ကောက်နုတ်ချက်)

မောင်ဝိတ်၊ အောင်ဇော်ရဲမြင့်နှင့် မလေးရှားနိုင်ငံသား မန်းနီးတို့၏ဆက်စပ်မှု
၂ဝဝ၆ ခုနှစ် စက်တင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်သည် မလေးရှားနိုင်ငံသို့ စီးပွားရေး လုပ်ငန်းများ (လှော်ကားဥယျာဉ်တွင် ကာစီနိုဝိုင်းဖွင့်ရန်၊ ဘိုင်အို ဒီဇယ်ထုတ်သည့်စက်များ ပြည်တွင်းသို့ သွင်းရန်) ဆောင်ရွက်ရန် သွားရောက်ခဲ့ပါသည်။ ထိုသို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုသို့ တည်းခိုစဉ် မန်းနီးဆိုသူမှ လာရောက်တွေ့ဆုံ၍ စားသောက်ဆိုင်များ၊ ကလပ်များသို့ခေါ်၍ ဧည့်ခံခဲ့ပါသည်။ ထိုသူမှာ မလေးရှား မာဖီးယားဖြစ်ကြောင်း ကိုအောင်မှပြောပြ၍ သိရှိခဲ့ပါသည်။ စားသောက်ဆိုင်များ၊ ကလပ်များသို့ သွားရောက်သည့်အခါ မန်နီးမှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်း မိတ်ဆက်ပေးပါသည်။ ကာစီနိုဝိုင်းသို့သွားသည့်အခါ ကိုအောင်အား မောင်ဝိတ် င်္Family ဟုသာသိရှိကြပါသည်။ မောင်ဝိတ်နှင့် အောင်ဇော်ရဲမြင့်တို့ ကာစီနိုဝိုင်းသို့ သွားရောက်ဖူးသည့်အတွက် မောင်ဝိတ် Family ဟုသိရှိခြင်းဖြစ်ပြီး ကာစီနိုဝိုင်းအား ဘွတ်ကင်ပြုလုပ်သည့်အခါ မောင်ဝိတ် Family ဟုသာ ပေးခဲ့ပါသည်။ မန်းနီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြတ်အောင်တို့ နေပြည်တော်၌ မင်္ဂလာဆောင်စဉ် မလေးရှားနိုင်ငံမှလာရောက်ခဲ့ပါသည်။

(တရားခံ ချမ်းကျော်၏ စစ်ချက်မှ-)

အောင်ဇော်ရဲမြင့် လက်နက်နှင့် ပတ်သက်သည့်ကိစ္စများ
၂၆။ ကျွန်တော်သည် အောင်ဇော်ရဲမြင့်နှင့်အတူ Micasa ဟိုတယ်တွင် အတူတည်းခိုနေစဉ် သေနတ်လိုချင် ကြောင်း၊ ကျော်စွာမြင့်အား လာရောက်ပေးရန်ဖုန်းဆက်ပြောရာ ကျော်စွာမြင့်မှ ပစ္စတို ၉ MM သေနတ်နှင့် လေ့ကျင့်ရေးသေနတ်တို့အား လာရောက်ပေးပါသည်။ BME ကလပ်သို့သွားသည့်အခါ တစ်ခါတစ်ရံယူသွားပြီး မန်နေဂျာကိုခေါ်ပြီး ကားတံခါးဖွင့်ပြကာ သေနတ်ပါကြောင်း ပြောပြခြောက်လှန့်တတ်ပါသည်။

၂၇။ ၂ဝဝ၆ ခုနှစ် နိုဝင်ဘာ၊ ဒီဇင်ဘာလခန့်တွင် ကျော်စွာမြင့်မှ Micasa ဟိုတယ်သို့ လာရောက်၍ အောင်ဇော်ရဲမြင့်အား သေနတ်လာပို့စဉ် ကျွန်တော်လည်း အခန်းထဲ၌ ရှိနေပါသည်။ ထိုလာပို့သည့် ၉ MM သေနတ်မှာ သေနတ်အစစ်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ကိုင်ကြည့်ခဲ့ပါသည်။ ဟိုတယ်အခန်းထဲတွင် ကိုနေလင်းကျော်ပါရှိနေပြီး ၉ MM သေနတ်အား နေလင်းကျော်မှကိုင်၍ သေနတ်ကျည်အိမ်ကို ဖြုတ်ကြည့်ပါသည်။ သေနတ်ကျည်အိမ်ထဲတွင် ကျည်ဆံမပါရှိပါ။ အပြင်၌လည်း ကျည်ဆံမတွေ့ပါ။ ကျွန်တော်မှလည်း လေ့ကျင့်ရေးသေနတ်ဟု ကိုအောင်ဇော်ရဲမြင့်မှ ပြောကြားသည့် အရှည် (ခေါက်လျက်) ၁ ပေကျော်ခန့်ရှိ သေနတ်ကို ကိုင်၍ကြည့်ပါသည်။ သေနတ်မှာ ခေါက်၍ထားပြီး ကိုယ်ထည်တွင် ကပ်ထားသည်ကို တွေ့ရပါသည်။ သေနတ်ကိုယ်ထည်မှာ စီးစီးပိုင်ပိုင်ရှိပြီး လေးပါသည်။ သေနတ်ကိုယ်ထည် တစ်ခုလုံးမှာ သံထည်ဖြင့်ပြုလုပ်ထားပြီး ကျွန်တော်မှ ၂ ကြိမ်ခန့်ကိုင်တွယ်ကြည့်ရှုခဲ့ပါသည်။ ထိုနေ့က သေနတ်လာပေးချိန်မှာ ည ၈ နာရီ ၉ နာရီခန့်ရှိပြီး သေနတ်လာပို့ပြီး နာရီဝက်ခန့်အကြာတွင် ကျော်စွာမြင့်မှာ ပြန်သွားပါသည်။ သေနတ်လာပို့သည့်နေ့က Micasa ဟိုတယ်တွင် ကိုအောင်နှင့်အတူနေထိုင်သူ မဖြူဖြူ (ခ) အုန်းမွှေးလုံး၊ ကျော်လှိုင်၊ နေလင်းကျော်တို့လည်း ရှိနေပါသည်။ သေနတ်လာပို့သည်ကို ဖြူဖြူမှာ အများဆုံး သိရှိနိုင်ပါသည်။ သေနတ်လာပေးပြီးနောက် ရက်မမှတ်မိနေ့ညပိုင်းတွင် BME-1 ကလပ်သို့ ကိုအောင်မှ သေနတ်အရှည်ကို ၄င်း၏ကား (အမည်အမျိုးအစားမမှတ်မိ) ပေါ်တွင် တင်ဆောင်လာသည်ကို ကျွန်တော်မှ တွေ့ရှိခဲ့ပါသည်။ အလားတူ BME-1 မှ ဝန်ထမ်းများလည်း သိရှိနိုင်ပါသည်။ ထိုနေ့ညက ကလပ်သို့ရောက်စဉ် နေလင်းကျော်မှ ကျွန်တော်၏ လက်ကို ဆွဲကိုင်ရင်း သူ၏ခါးကိုစမ်းခိုင်းရာမှ သေနတ်ယူဆောင်လာသည်ကို စမ်းသပ်မိပါသည်။

မိုးဇေညိမ်း

Saturday, January 4, 2014

ထင်ရှားမှတ်သား ၂ဝ၁၃ သမိုင်း စကားများ


၂ဝ၁၃ မကြာမီ ကုန်ဆုံးတော့မည်။ ၂ဝ၁၃ အတွင်း နာမည်ကျော် ပုဂ္ဂိုလ်များ၏ ထင်ရှား မှတ်သားစကား များကို လေထဲပျောက်ပျက် မသွားစေရန် စုစည်း တင်ဆက် လိုက်ပါ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်
”ကျွန်မ သမ္မတ မဖြစ်ချင်ဘူး လို့ ဟန်ဆောင် လိုက်ရင် ကျွန်မ မရိုးသားရာ ကျမှာပေါ့။ အဲဒီအစား ကျွန်မ ပြည်သူတွေ အပေါ် ရိုးရိုးသားသား ပြောပါတယ်” ဟု နေပြည်တော် တွင် ဇန်နဝါရီ ၃ဝ ရက်က ကျင်းပသော ကမ္ဘာ့ စီးပွားရေး ဖိုရမ်၏ စကားဝိုင်း၌ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ၂ဝ၁၅ ခုနှစ် သမ္မတ ရာထူးနှင့်ပတ်သက်၍ ပြောသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
”တပ်မတော်သည် တိုင်းရင်းသား လူမျိုး အားလုံး ပါဝင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု တပ်မတော်” ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ပြောကြားချက် ကို ဒီဇင်ဘာ ၃ ရက် နေ့ ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ ကမြန်မာ့နိုင်ငံ ရေးဖြစ်စဉ်များနှင့် ပတ်သက်၍ စိုးရိမ် ပူပန်လျက်ရှိ ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့ သီတင်းကျွတ် လပြည့်နေ့ တွင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ မိသားစုကို သွားရောက် ကန်တော့စဉ် ဦးသန်းရွှေ ကပြော ဆိုလိုက်ခြင်း ဖြစ်ကြောင်း သူရဦးရွှေမန်း က နေပြည် တော်၌ ကျင်း ပသော သတင်းစာ ရှင်းလင်းပွဲတွင် ပြော သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
သမ္မတ ရာထူးကို ၂ဝ၁၅ ခုနှစ်တွင် ဆက်ခံရန် စိတ်ဝင်စားကြောင်းကို ဇွန်လက ဝါရှင်တန်မြို့ ဗီအိုအေ သတင်း ဌာနနှင့် တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း က အတည်ပြုပြောဆိုသည်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ ရိုဟင်ဂျာများ သည် နိုင်ငံသား မဟုတ်သော် လည်းနိုင်ငံမဲ့ မဖြစ်စေလို၍ မြန်မာနိုင်ငံတွင်း နေ ထိုင်ခွင့် ပေးထားခြင်း ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က နေပြည်တော် ရှိ စက်မှု ဝန်ကြီးဌာန ခန်းမ တွင် ကျင်းပပြုလုပ်သည့် မီဒီယာ များနှင့်တွေ့ဆုံပွဲ တွင် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြန်လည်နေရာ ချထား ရေးဝန်ကြီး ဦးခင်ရီက ပြောသည်။

လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်
”ကြွေးတင်တာကို ဆပ်လို့ရအောင် ထမင်းတစ်နပ် လျှော့စားပေါ့။ တစ်လ ပြည့်လို့ ရှိရင် ငါဘယ်လောက် ဆပ်နိုင်မလဲ။ ခြောက်လ ဆိုရင် ဘယ်လောက် ဆပ်နိုင်မလဲ။ ငါနဲ့ ငါ့မိသားစုတွေလည်း တစ်နပ် လျှော့စားမယ်။ ဒီလို စိတ်ဓာတ်မျိုး ဥပုသ် စောင့်တဲ့ သဘောမျိုးပေါ့ဗျာ။ ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ ပေါ့။ ငါတို့ ဥပုသ်စောင့်နေတယ်၊ ဒီလို စိတ်ဓာတ်နဲ့ လုပ်လိုက် ရင် အကြွေးကျေ သွားမှာပေါ့။ ရလာပါ လိမ့်မယ်ကွာ။ ရလာပါ လိမ့်မယ် ကွာနဲ့နေရင် မရရင် ကြွေးမကျေဘူး။ ကြွေးမကျေရင် သံသရာထဲ ကလွတ်မှာ မဟုတ်ဘူး။ နောင်ဘဝကျရင် ကျွန်ပြန် ဖြစ်လိမ့်မယ်” မတ်လ အတွင်းက ဧရာဝတီတိုင်း တွင် လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်က ပြောကြားခဲ့သည်။

ဦးအောင်မင်း
မေလ ၂၈ ရက်နေ့ က ရှမ်းပြည်နယ် လားရှိုးမြို့ ၌ စတင်ဖြစ်ပွား ခဲ့သော ပဋိပက္ခ များ၏ နောက်ကွယ် တွင် ကြိုးကိုင်သူ ရှိကြောင်း ကချင်ပြည်နယ် မြစ်ကြီး နားမြို့ တွင် မေလ ၂၉ ရက်နေ့က ကျင်းပသော ကေ အိုင်အေနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်း တွင် ဦးအောင်မင်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်
ယခုနှစ် နိုဝင်ဘာလက ဦးမြတ်ခိုင် ၏ ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်ရောင်းချပွဲတွင် ”ယခင်အစိုးရ လက်ထက် နိုင်ငံရေး အကျဉ်းသားများ သည် ဥပဒေ ချိုးဖောက်သော ရာဇဝတ်သား များဖြစ်ပြီး ပြစ်မှုကျူးလွန် သူများ ဖြစ်သည်”ဟု တစ်ချိန်က စစ်ထောက်လှမ်းရေး ဌာန၏ အကြီး အကဲဟောင်း ဦးခင်ညွန့် က ပြော လိုက်သည်။

ကြံ့ခိုင်ရေးပါတီမှ ဦးအောင်သောင်း
ပြည်ထေင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်သိမ်းခြင်း၊ ပြန်လည် ရေးဆွဲခြင်းသည် အန္တရာယ် ကြီး၍ ဆိုးရွားသော အကျိုး ဆက်များ ရှိ လာနိုင်ကြောင်းကို အောက်တိုဘာလ လဆန်းက ကြေညာချက် ထုတ်ပြန် လိုက်ပြီး အခြေခံ ဥပဒေ အသစ်ရေးဆွဲမှု သည် ငြိမ်းချမ်းရေး ကို ထိခိုက်မည်ဟု ကြံ့ခိုင်ရေး ပါတီမှ ဦးအောင်သောင်းက ပြောသည်။

ဦးတေဇ
ဦးတေဇက သစ်ပင်မြောက်မြားစွာ ကို ခုတ်ခဲ့သည့် အမှားကို ဖွံ့ဖြိုးမှု နည်းပါးသော နယ်စပ်ဒေသ များတွင် လိုအပ်နေသော ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများ တွင် အားဖြည့် လုပ်ဆောင်ခြင်းဖြင့် ပြန်လည် ပေးဆပ် သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့ ကုန်သည် ကြီးများ ဟိုတယ်တွင် ပြုလုပ်သည့် ဂမ်လမ်ရာဇီတောင် တက် အောင်မြင်ခြင်း အထိမ်းအမှတ် အခမ်းအနားတွင် ပြောသည်။

Credit: Popular News Journal

Friday, January 3, 2014

ကြက်ကောက်ညှင်း အစာသွပ်

ကြက်ကောက်ညှင်း 

ကြက်ကောက်ညှင်းကို ခရစ်စမတ် နဲ့ နှစ်သစ်ကူးမှာ လုပ်စားနိုင်ဖို့ တင်ပေးလိုက်ပါတယ်။ ကြက်သားကို တညသိပ် (သို့) အနည်းဆုံး ၂နာရီနုပ်ပြီ ပေါင်းထားမို့ အသားကလည်း အရမ်းနူးအိနေပါတယ်။ ပြီလျှင် ကြက်ပေါင်းထားတဲ့ အရည်နဲ့ ကောက်ညှင်းကို ချက်တာမို့ အရသာ ပျော်ဖွယ်ရာ မရှိပါဘူး။ ဒီကြက်ကောက်ညှင်း အစာသွပ်ဟင်းလျာကို စားသောက်ဆိုင်ကြီးများမှာ မှာယူစားသုံးနိုင်ပါတယ်။ ခုပဲ သူငယ်ချင်းတွေနဲ့ တပျော်တပါး ချက်ကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ
  • ကြက်၁ကောင် – ၈၀၀ ဂရမ်
  • ကောက်ညှင်းဆန် – ၂လုံး (ရေဖြင့်ဆေးပေးပါ)
  • မှိုပွင့်ခြောက် – ၈ခု (ရေဖြင့် ပြုတ်ပြီ ရေပြန်စစ်ကာ တ၀က်ကို ပါးပါးလှီးထားပါ)
  • ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၄ဇွန်း
  • မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးထားပါ)
  • ကြက်အသဲအမြစ် – ၃စုံ (အတုံးသေးများတုံးပါ) (ဒယ်ထဲ ဆီအနည်းငယ်ဖြင့် ကြက်အသဲအမြစ်ကို ကြောပြီ ပြန်ဆယ်ထားပါ)
  • ပဲငံပြာရည် အနောက်
  • ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်း)
  • ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်း)
  • ခရုဆီ  
ချက်ပြုတ်နည်း 
၁။ ကြက်တစ်ကောင်လုံး အတွင်း၊အပြင်ကို ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၃ ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ဇွန်း) ဖြင့်နုယ်ပေးပါ။ ပြီးလျှင် တညသိပ်(သို့) အနည်းဆုံး ၂နာရီခန့် နုပ်ထားပေးပါ။ 

၂။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီး နုပ်ထားသော ကြက်တစ်ကောင်လုံးကို အညှိရောင်သန်းသာသည်အထိ ကြော်ပေးပါ။
၃။ ပြီးလျှင် ခွက်ကြီးထဲ ကြက်တစ်ကောင်လုံးထည့် ပေါင်းအိုးဖြင့် မိနစ် ၃၀ခန့်ပေါင်းပေးပါ။


၎။ ကြက်တစ်ကောင်လုံးပေါင်းပြီးလျှင် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း၂ဇွန်း) ထည့်ပါ။
၅။ ပြီးလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း ထည့်မွှေပေးပါ။
၆။ ကြက်အသဲအမြစ်၊ ပုဇွန်ခြောက်၊ မှိုထည့်ပါ။
၇။ ထို့နောက် ကောက်ညှင်း ထည့်ပြီး ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း) ၊ ပဲငံပြာရည်အနောက် (စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆား (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့် မွှေပေးပါ။
၈။ ပေါင်းထားသော ကြက်သားမှရသော အရည်များကို ဒယ်ထဲထည့်ပေးပါ။
၉။ လိုအပ်ပါက ကောင်းညှင်းဆန် မြှပ်သည်အထိ ရေအနည်းငယ်ထည့်ပေးပါ။
၁၀။ ပြီးလျှင် အဖုံးအုပ်ထားပြီး မီးအနည်းငယ်ဖြင့် ရေခန်းသည်အထိတည်ထားပေးပါ။
၁၁။ ရေအနည်းငယ်ခန်းသွားလျှင် အဖုံးဖွင့်ပြီး မကပ်အောင် မွှေပေးပါ။


၁၂။ ကောက်ညှင်းရလျှင် တချို့ကောက်ညှင်းများကို ကြက်ကောင်လုံးထဲ အစာသွပ်ပေးပါ။ ကျန်သော ကောက်ညှင်းများကို စတီခွက် ထဲထည့်ပေးပါ။

၁၃။ ပြီးလျှင် ကြက်ကောင်လုံး နှင့် စတီခွက်ထဲများ ကောက်ညှင်းများကို ပေါင်းအိုးထဲ ထည့်ပြီး ၄၅မိနစ်ခန့်ပေါင်းပေးပါ။
၁၄။ ထို့နောက် ကြက်သားများကို ဓားဖြင့် အနည်းငယ်လှီးပြီ ဇောက်ပန်းကန်တစ်ခုထဲ ကြက်သား၊ မှိုထည့်၊ အစာသွပ်ထားသော ကောက်ညှင်းထည့်ပြီ ဇွန်းဖြင့် အနည်းငယ် သိပ်ပေးပါ။


၁၅။ ပြီမှ ဇောက်ပန်းကန်လုံကို ပန်းကန်ပေါ်သို့ မှောက်ချလိုက်ပြီ အရသာရှိစွာ ကြက်ကောက်ညှင်းကို သုံးဆောင်လို့ရပါပြီ…


Thursday, January 2, 2014

၂၀၁၄ စီးပွားရေး အလားအလာ




၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေးကို ရိုက်ခတ်စေမည့် လုပ်ဆောင် ချက်ခြောက်ခု ရှိသည်။ နိုင်ငံခြား ဘဏ်များကို ၂၀၁၄ နှစ်ဆန်း ပိုင်းတွင် လုပ်ပိုင် ခွင့်ပြုရန် စီစဉ် ထားခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ သားရ င်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခုကို တစ်ခု တည်းဖြစ်အောင် ပြန်လည်ပြဋ္ဌာန်း ရန်ရှိခြင်း၊ အီးယူ-မြန်မာ အလုပ်အဖွဲ့၏ သဘောတူညီချက်များ၊ ပို့ကုန်မြှင့်တင်ရေး မဟာဗျူဟာ စတင်ခြင်း၊ အာဆီယံ ဥက္ကဋ္ဌ တာဝန် ယူခြင်းနှင့် ထိုင်းနှင့် မလေးရှားနိုင်ငံ တို့ရှိ မြန်မာရွှေ့ပြောင်း လုပ်သားများ၏ အခြေ အနေများ တို့ဖြစ်သည်။

အဆိုပါ အချက်များသည် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းအတွက် အကောင်းဖြစ်လာနိုင်သလို ဆိုးကျိုးသက်ရောက်မှုလည်း ရှိလာနိုင်သည်။ မြန်မာအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့် လှစ်ထားသော နိုင်ငံခြားဘဏ်များကို ၂၀၁၄ ခုနှစ် ပထမ ၄ လအတွင်း ၀န်ဆောင်မှုအချို့ကို ခွင့်ပြုပေးနိုင်ရန် စီစဉ်လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် အစိုးရက နိုင်ငံခြားဘဏ်များအား ပြည်တွင်း ဘဏ်များနှင့် ပူးပေါင်းဖွင့်လှစ်ခွင့်ပြုရန် ဘဏ်ခွဲဖွင့် လှစ်ပေးရန်နှင့် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံ ခွင့်ပေးရန် တို့ဖြစ်သည်။ အဆိုပါ အချက်သုံးချက်မှ နှစ်ချက်ခွင့်ပြုပေး ရန်ရှိသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြား ဘဏ်ကိုယ်စားလှယ်ရုံး ငါးဆယ်ကျော်ရှိသည်။

အဆိုပါ အချက်သုံးချက်မှ နိုင်ငံခြားဘဏ်များ အနေဖြင့် ပြည်တွင်း ဘဏ်များနှင့် ပူးပေါင်းလုပ်ကိုင် လိုသော ဆန္ဒမရှိကြောင်း မြန်မာ့ရှေ့ဆောင် ဘဏ်မှ ဒုတိယ အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်စိုးမင်းကဆိုသည်။ သို့သော် ဘဏ်ခွဲဖွင့်ခွင့်နှင့် ငွေချေးဝန်ဆောင်မှုများ ပေးလိုက်ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုက်လာနိုင် သည်ဟု ဦးကျော်စိုးမင်းကဆိုသည်။ သို့သော် ၂၀၁၄ ခုနှစ် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် ပတ်သက်၍ “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ကိုကာကိုလာ စီးပွားရေးပဲ သောက်ရင်တော့ အဆာပြေသွားတယ်။ ဒါပေမဲ့ ဗိုက်မ၀ဘူး အာဟာရမဖြစ်ဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်ကသုံး သပ်သည်။

မြန်မာနိုင်ငံရ င်းနှီးမြှုပ်နှံ မှုကော်မရှင်က ရေးဆွဲပြဋ္ဌာန်း ခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေကို တစ်ခုတည်းပေါင်းစပ်ရန် အတွက် ပြင်ဆင်ရေးဆွဲလျ က် ရှိသည်။ ထိုကဲ့သို့ပေါင်းစပ်လိုက်သည့်ဥပဒေကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင်ကျင်းပမည့် လွှတ်တော်၌ တင်ပြနိုင်ရန် ရေးဆွဲလျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူကဆိုသည်။ “ရှိပြီးသား နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေထဲကို မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေ ထည့်ပေးလိုက်ပြီး win-win ဖြစ်အောင်လုပ်ရင်တော့ ဘာပြဿနာမှမရှိနိုင်ဘူး”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် ဒုဥက္ကဋ္ဌဦးနှင်းဦးက သုံးသပ်သည်။

လက်ရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားသား များကို အခွန်ကင်းလွတ်ခွင့်ပေး ထားပြီး မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံသား များအား အခွန်ကင်းလွတ်ခွင့်မပေးထားပေ။ ထို့ကြောင့် အဆိုပါဥပဒေနှစ်ရပ်ပေါင်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများနှင့် မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များကို တန်းတူအခွင့်အရေးပေး လိုက်ပါက ပြည်တွင်း လုပ်ငန်းရှင်ကြီးများနှင့်မယှဉ်နိုင်သော လူငယ် စီးပွားရေး လုပ်ငန်းရှင်များ အတွက် အခြေအနေပိုကောင်းလာနိုင်သည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ကြသည်။

နောက် အရေးပါသောသက်ရောက်မှုတစ်ခုမှာ ၂၀၁၃ နိုဝင်ဘာလအတွင်း အီးယူ-မြန်မာအလုပ်အဖွဲ့ ဆွေးနွေးပွဲများမှ သဘောတူညီမှုများဖြစ်သည်။ အဆိုပါဆွေးနွေးပွဲများအရ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းတို့တွင် နက်နက်ရှိုင်းရှိုင်းပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြသည်။ အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်နှင့် မြန်မာနိုင်ငံဗဟိုဘဏ်တို့သည် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ကြပြီး အီးယူရင်းနှီးမြှုပ်နှံမှုဘဏ်မှ ၂၀၁၄ ခုနှစ်မှစတင်ကာ ချေးငွေထုတ်ချေးရန် သဘောတူညီခဲ့ကြသည်။
အဆိုပါသဘောတူညီချက်ကို အီးယူလွှတ်တော်မှ အတည်ပြုပြီး အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် ငွေထုတ်ချေးမည်ဖြစ်ပြီး နှစ်စဉ်ယူရိုသန်း ၃၀ မှ ၁၀၀ ကြား ထုတ်ချေးနိုင်လိမ့်မည် ဖြစ်သည်။ သို့သော် အီးယူ-မြန်မာအလုပ်အဖွဲ့ဆွေးနွေးပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရင်းနှီးမြှုပ်နှံသူများအနေဖြင့် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကို လျစ်လျူမရှုရန်နှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီးပွားရေးအရ တာဝန်ယူမှုတစ်ခုတည်းနှင့် မြန်မာနိုင်ငံသို့မလာရန် နိုင်ငံရေးအရတာဝန်ယူမှုပါ ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

ထိုပြောကြားချက်ကြောင့် ဥရောပမှ ရင်းနှီးမြှုပ်နှံမည့်သူများအနေဖြင့် လက်တွန့်သွားခဲ့ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သူ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ထို့အပြင် ဥရောပသမဂ္ဂအောက်ရှိ ကုန်အမှတ်တံဆိပ် လေးသောင်းခန့်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန်ရှိသော်လည်း ၎င်းတို့ကို ကာကွယ်ပေးနိုင်မည့် တိကျသည့် မူပိုင်ခွင့်မရှိသဖြင့် စောင့်ကြည့်နေဆဲဖြစ်သည်ဟု အီးယူ-မြန်မာရုံးခွဲ၏ မြန်မာနိုင်ငံရေးရာကျွမ်းကျင်မှုတာဝန်ခံ ဥပဒေပညာရှင် ဦးမင်းတေဇာညွန့်တင်ကပြောကြားသည်။ “Market တွေ ဖွင့်ပေမယ့် တိုးတက်အောင်လုပ်ဖို့ မလွယ်သေးဘူး။
အီးယူတို့ အမေရိကန်တို့ ဈေးကွက်တွေပွင့်လာပေမယ့် စံချိန်စံညွှန်းသတ်မှတ်ချက်များကြောင့် ဈေးကွက်ရဖို့မလွယ်သေးဘူး”ဟု အီးယူ-မြန်မာအလုပ်အဖွဲ့တွင် ပါဝင်သူ ဦးနှင်းဦးကသုံးသပ်သည်။ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က လေ့လာထားသော (Doing Business 2014) အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးရှိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံ၌ မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရန် ခက်ခဲသော နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံရပြီး အဆင့် ၁၈၂ တွင် တည်ရှိနေခြင်းမှာလည်း မြန်မာနိုင်ငံစီးပွားရေးအတွက် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရန်အတွက် အစိုးရအနေဖြင့် အထူးစီးပွားရေးဇုန်သုံးခု တည်ဆောက်လျက်ရှိသည်။ ထိုအထူးစီးပွားဇုန်သုံးခုကို၂၀၁၃ နိုဝင်ဘာ ၃၀ ရက်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။ 

ထားဝယ်ရေနက်ဆိပ်ကမ်းမှာမူ အကောင်အထည်မဖော်နိုင်သေးပေ။ အထူးသဖြင့် ထားဝယ်ရေနက်စီမံကိန်းမှာ ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကြန့်ကြာနေဦးမည်ဖြစ်သည်။ သို့သော် သီလ၀ါအထူးစီးပွားရေးဇုန် ဖွင့်လှစ်နိုင်ခြင်းမှာ မြန်မာနိုင်ငံသို့ အလုံးအရင်းဖြင့် ၀င်ရောက်ရန်ပြင်ဆင်နေသော ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာရန် တွန်းအားတစ်ခု ဖြစ်ခဲ့သည်။

ထို့အပြင် စွမ်းအင်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍတိုင်းတွင် တင်ဒါအောင်ထားသော လုပ်ငန်းများမှာ ၂၀၁၄ ခုနှစ်တွင် ၀င်ရောက်လုပ်ကိုင်လာမည်ဖြစ်သည်။ စွမ်းအင်ကဏ္ဍတွင် လုပ်ကွက် ၃၀ လေလံတင်ထားပြီး လေလံအောင်သည့်စာရင်းကို ဇန်န၀ါရီတွင် ကြေညာမည်ဖြစ်သည်။ ဆက်သွယ်ရေးကဏ္ဍတွင် လေလံအောင်ထားသော အော်ပရေတာနှစ်ခုလည်း ၂၀၁၄ ခုနှစ်အတွင်း တရားဝင်လုပ်ကိုင်နိုင်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွက် အခြားအရေးကြီးသော လုပ်ငန်းမှာ ပို့ကုန်လုပ်ငန်းဖြစ်သည်။ အစိုးရအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ပို့ကုန်လုပ်ငန်းမြှင့်တင်နိုင်ရန်အတွက် ပို့ကုန်မဟာဗျူဟာအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

အဆိုပါစီမံကိန်းမှ ဆန်၊ ပဲ၊ ရေထွက်ပစ္စည်း သစ်တောထွက်ပစ္စည်း အထည်ချုပ်လုပ်ငန်းနှင့် ရော်ဘာကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်ရန် ဖော်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ခုနှစ်တွင် ဆန်နှင့် အထည်ချုပ်လုပ်ငန်းများ ကောင်းမွန်လာနိုင်ပြီး အထူးသဖြင့် ဥရောပဈေးကွက်နှင့် ဂျပန်နိုင်ငံတို့ကိုတင်ပို့နိုင်သော အရည်အချင်းမြင့်ဆန်များမှ အရောင်းအ၀ယ်ကောင်းလာနိုင်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတိုးအောင်မြင့်ကပြောသည်။ “ဆန်အပါအ၀င် လယ်ယာထွက်ကုန်တွေက အရင်လို ပိတ်လိုက်၊ ဖွင့်လိုက် မလုပ်တော့တဲ့အခါကျတော့ ဈေးကွက်ရနေပြီး ဒီနှစ်မှာ ငွေလဲနှုန်းကလည်းမဆိုးတဲ့အတွက် လာမယ့်နှစ်လည်း လယ်ယာထွက်ကုန်ကတော့ အခြေအနေကောင်းဦးမှာပဲ။ တရုတ်နိုင်ငံကလည်း စီးပွားရေးကောင်းနေတဲ့အတွက် ပုံမှန်ထက်တော့ မကျသွားနိုင်ဘူး”ဟု မူဆယ်၊ နန့်ခမ်း ကုန်သည်စက်မှုအသင်းမှ တစ်ဦးကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်တွင် အစည်းအဝေးကြီးလေးခုနှင့် ဆက်စပ်အစည်းအဝေးပေါင်းများစွာကို ပုဂံနှင့် နေပြည်တော်တို့တွင် ကျင်းပမည်ဖြစ်သည်။ ထိုအစည်းအဝေးများမှာ ဇန်န၀ါရီလတွင် ၃၆ ကြိမ်၊ ဖေဖေ၀ါရီလတွင် ၁၁ ကြိမ်၊ မတ်လတွင် အကြိမ် ၈၀၊ ဧပြီလတွင် အကြိမ် ၂၀၊ မေလတွင် ၁၃ ကြိမ်၊ ဇွန်လတွင် ၁၂ ကြိမ်၊ ဇူလိုင်လတွင် ၂၆ ကြိမ်၊ သြဂုတ်လတွင် ၂၇ ကြိမ်၊ စက်တင်ဘာလတွင် ၁၁ ကြိမ်၊ အောက်တိုဘာလတွင် ၁၇ ကြိမ်နှင့် ဒီဇင်ဘာလတွင် ၂၅ ကြိမ်တို့တွင် ကျင်းပမည်ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံသို့ အဓိကငွေလွှဲပို့ပေးနေသော ရွှေ့ပြောင်းလုပ်သားများ၏ အခြေအနေမှာမူ ၂၀၁၄ ခုနှစ်တွင် အလားအလာသိပ်မကောင်းပေ။ မြန်မာနိုင်ငံသား သုံးသန်းကျော် အလုပ်လုပ်ကိုင်နေသာ ထိုင်းနိုင်ငံရေးမငြိမ်မသက်မှုများကြောင့် ထိုင်းစီးပွားရေးလုပ်ငန်းမှာ ကျဆင်းလျက်ရှိပြီး အလုပ်သမားများမှာလည်း အချိန်ပိုမဆင်းရခြင်းအပါအ၀င် လုပ်ခလစာများလည်း လျော့နည်းလာနေပြီ။ “တကယ်လို့ ယင်လပ်အစိုးရသာပြုတ်ပြီး အခြားအဖွဲ့တက်လာမယ်ဆိုရင် မြန်မာလုပ်သားတွေအတွက် အခြေအနေပိုဆိုးသွားနိုင်တယ်”ဟု အလုပ်သမားအရေး ဆောင်ရွက်နေသော အင်န်ဂျီအိုမှတာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများ မကြာခဏတိုက်ခိုက်ခံနေရသဖြင့် မြန်မာနိုင်ငံသားများမှာ ပြည်တော်ပြန်သူများ တစ်နေ့တခြား များပြားလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် စီးပွားရေးအခြေအနေမှာ ထင်သလောက်မတိုးတက်လာနိုင်ဟု ပညာရှင်များနှင့် လုပ်ငန်းရှင်များက ခန့်မှန်းထားကြသည်။ သမ္မတဦးသိန်းစိန်အနေဖြင့် လက်ကျန် လ ၃၀ တွင် စီးပွားရေးတိုးတက်အောင် အဓိကဆောင်ရွက်မည်ဟု ၂၀၁၃ နှစ်လယ်ပိုင်းမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)တို့မှာ စီးပွားရေးလုပ်ငန်းအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်မီးအပါအ၀င် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတို့၌ ကူညီမှုများပေးလျက်ရှိသည်။

နေထိုင်စားသောက်စရိတ် မြင့်တက်လာမှုကြောင့် လက်ရှိတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၇ ရာခိုင်နှုန်းထိ တက်လာသဖြင့် ထိုအခြေအနေကိုသတိထားရန် ကမ္ဘာ့ဘဏ်က မကြာသေးမီက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ ထို့အပြင် လုပ်ရမည့်လုပ်ငန်းများ များပြားသလောက် စွမ်းဆောင်မှု၊ စွမ်းရေးပိုင်းက လိုက်မမီသေးပါ။ ထို့အတွက် ပြင်းထန်သောသက်ရောက်မှုများ ရှိနိုင်ပါသည်။ ငွေကြေးဖောင်းပွမှုများ ပြန်လည်မြင့်တက်လာခြင်း နိုင်ငံခြားငွေလဲနှုန်း မတည်ငြိမ်ခြင်းအပြင် အခြားငွေရေးကြေးရေးဆိုင်ရာ မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည်ဟု ကမ္ဘာ့ဘဏ်၏ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်အတွက် ကြားဖြတ်မဟာဗျူဟာမှတ်စုစာတမ်းတွင် သတိပေးထားသည်။ 

အောင်သူရ၊ ပြည်သိမ်း
Credit: 7 Day News Journal