Friday, November 20, 2009

To empower the well train assistant

'ကွန်ပျူတာ ပြင်ခိုင်းထားတာ ရပြီလား'

'အလုပ်တွေ နည်းနည်းများနေလို့ ညနေလောက်လာယူပါလား'

'ဘယ်အချိန်လာရမလဲ'

'၅း၀၀နာရီဆိုရင် လာယူလိုရပါပြီ'

ကွန်ပျူတာပြင်ရန်လာ၍အပ်ထားသူ၏ မျက်နှာပေါ်တွှု ဘ၀င်မကျမှုက အထင်းသားပေါ်နေသည်။ မှန်ပါသည်။ အခုခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းများက အသုံးမတည့်သူအတွက် အရေးမပါဟန်ရှိသော်လည်း သုံးတတ်သူသုံးနေသူအတွက် နေ့ကိုညကူး၍ မခွဲခွာနိုင်၊ မခွဲခွာရက် ခုပြင် ခုလိုချင်သည်။

ကျွန်တော်က အေးကိုဘက်လှည့်ကာ

'သူငယ်ချင်းမြင်တဲ့အတိုင်းပဲ၊ အားလုံးက just do it.. ပဲ'


X��������� x���������� x


ကျောင်းမှ ဘွဲ့အသီးသီးရရှိကြပြီးနောက် ကျွန်တော်နှင့် အေးကိုတို့ ရန်ကုန်မြို့ကြီးကို တက်ကာ ကွန်ပျူတာသင်တန်း၊ အီလက်ထရွန်းနစ် သင်တန်းမျိုးစုံတက်ခဲ့ကြသည်။ အသက်မွေး၍ ၀မ်းကျောင်းရန်ဟူသော ရည်ရွယ်ချက်ကိုယ်စီနှင့်။

ထို့နောက် ကိုယ့်မြို့ကိုယ်ပြန်၊ ဆိုင်ကလေးတွေ ဖွင့်ကြသည်။ အဆင်ပြေပါသည်။ ခေတ်ကိုက အိုင်တီခေတ်ပေကိုး။ အဓိကကတော့ စာစီစာရိုက်နှင့် မိတ္တူကူးလုပ်ငန်း။ ခုဆိုင်တွေများလာတော့ ဟန်းဖုန်း အမ်ပီသရီး၊ အမ်ပီဖိုးပြုပြင် အသံသွင်းလုပ်ငန်း ပိုလာသည်။

လုပ်ရကိုင်ရ အဆင်ပြေလာသော်လည်း ဆိုင်ဝန်ထမ်းပြဿနာက မပြေမလည်ဖြစ်လာသည်။ လုပ်သက်ရလာတော့သူတို့အလုပ်ကို တတ်သည်ကျွမ်းကျင်သည်ဟု သူတို့ထင်လာကြသည်။ အရင်းအနှီးရှိသူကဆိုင်ခွဲဖွင့်သည်။ တချို့က လစာပို၍များများရသောဆိုင်များ၊ နိုင်ငံခြားအဖွဲ့အစည်းများသို့ ကူးပြောင်းသွားကြသည်။ နောက်ဆုံး လူဟောင်းကျွန်တော်နှင့် တပည့်လက်သစ်များသာကျန်သည်။ ထို့ကြောင့် ကျွန်တော်သည် မနက်မိုးလင်းမှ နေ၀င်ချိန်အထိ ဆိုင်စောင့်နတ်ကြီးဖြစ်နေလေတော့သည်။

အလုပ်မတွင်ကျယ်သည့် အထဲ အသံမလာလို့၊ ခလုတ်ကလေးပြုတ်နေလို့၊ အဖုံးပြုတ်လို့ စသည် စသည် အသေးအဖွဲများကို အချိန်ကုန်ခံကာ အခမဲ့ကြည့်ပေးရသည် ကလည်းရှိသေးသည်။ လုပ်သက်လည်း ရလာပြီမို့ မိတ်ကလည်းရထားပြီ။ ညဆို ၈း၀၀နာရီ၊ ၉း၀၀နာရီနှင့် အလုပ်ကို သိမ်း၍မရ။


X��������� x���������� x


တစ်ရက် အေးကိုဆိုင်သို့ ရောက်လာသည်။

'မင်းကိုကြည့်ရတာထန်းလျက်ခဲ ခွေးလျက်ခံရသလိုပဲ၊ တဖြည်းဖြည်းနဲ့ လုံးပါးပါးနေပြီ၊ အရိုးပဲကျန်တော့တယ်'

မှန်ပါသည်။ အအိပ်မမှန်၊ အစားမမှန်မှုများစုပေါင်း၍ ကျွန်တော့်ကျန်းမာရေးကို ထိခိုက်စပြုလာကြောင်း သတိထားမိသည်။

'ကူညီပါဦးကွာ၊ မင်းကတော့ ၀၀ဖြိုးဖြိုး စည်စည်ပင်ပင်နဲ့၊ ပြီးတော့ မင်းမှာ သင်တန်းတွေတောင် ဖွင့်ထားသေးတယ်ဆို'

'အင်းကွ၊ အခုငါ့မှာ အသုံးလုံးသင်တန်းပါ တွဲဖွင့်နေတယ်'

'ဘာပြောတယ်'

'မင်းထင်တဲ့ 'အ' သုံးလုံးမဟုတ်ဘူး။ ငါ့အသုံးလုံးက အင်္ဂလိပ်စာ၊အင်တာနက်နဲ့ အီးမေးလ်သင်တန်းတွေကို ပြောတာ'

'အော်ငါ့မှာတော့ တပည့်မမြဲတော့ ဘာမှတိုးချဲ့လို့ မရပါဘူးကွာ'

'ငါလဲ အဲဒီပြဿနာကိုကြုံခဲ့ရတာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ တပည့်မြဲနည်းကို သွားတွေ့တယ်'

'ဆိုစမ်းပါဦး'

'တပည့်မြဲချင်ရင် အလုပ်တွေအများကြီးချဲ့ပြီးလုပ်'

'လုပ်နေတာပဲလေ နေ့မအိပ်ညမအိပ်'

'ဒီတစ်လုပ်တည်းကိုပြောနေတာမဟုတ်ဘူးကွ၊ တပည့်တွေမွေး၊တော်တဲ့ကြိုးစားတဲ့ တပည့်ကိုအလုပ်တာဝန်ခွဲပေး၊ ခံစားခွင့်ကိုလဲ အပြည့်အ၀ပေး၊အဲဒီကဏ္ဍကို ကိုယ်လှည့်ကြည့်စရာ မလိုတော့ဘူး'

'အင်း'

'၀န်ထမ်းကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးမယ်၊ ခံစားခွင့်အပြည့်အ၀ ပေးမယ်ဆို ကုတ်နဲ့ကော်ထုတ်တောင် သွားမှာမဟုတ်ဘူး၊ တို့အလုပ် ရှင် တော်တော်များများက ရသမျှအမြတ်ကို အိတ်ထဲထည့်ဖို့ချည်း စဉ်းစားတယ်၊ ဒါဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သများကြားမှာ စေတနာတွေ သံယောဇဉ်တွေ မှေးမှိန်လာမှာကတော့ ဓမ္မတာပဲ၊ အဲဒီလိုစိတ်ရှိတဲ့လူမျိုးဟာသော့တွဲကြီးခါးချိတ်၊ အိပ်ဆေးသောက်ပြီး အိပ်နေရတဲ့ လူတန်းစားမျိုးဖြစ်သွားမယ်၊ လုပ်ငန်းလဲပိုပြီး တိုးချဲ့နိုင်မှာ မဟုတ်ဘူး၊ တိုးချဲ့ပြီးလုပ်တဲ့ လူတိုင်းဟာ ယုံယုံကြည်ကြည် တာဝန်ပေးကြလို့'

'အင်း...'

'ကိုယ့်ဖို့သာကြည့်တဲ့သူဟာ သေရင် ဆိုင်မှာ တစ္ဆေဖြစ်ရင်ဖြစ် မဖြစ်ရင် ပြိတ္တာဖြစ်ဖို့သေချာတယ်၊ မင်းအလုပ်ကိုချဲ့၊ လုပ်နိုင်တဲ့ ၀န်ထမ်းကို တာဝန်ပေးပြီး စမ်းကြည့်စမ်းပါ၊ ဒါက ငါ့လက်တွေနည်း၊ အခုဆို ငါလွတ်လပ်သွားပြီ'

နောက်တစ်ရက် လေယာဉ်ဖြင့် သူ့ငပလီသို့ ထွက်ခွာသွားသည်။ ပြီးလျှင်ရန်ကုန်သွားမည်။ လိုအပ်သော သင်တန်းများတက်မည်၊ပစ္စည်း များဝယ်မည်ဟုဆိုပါသည်။ ကျွန်တော်သာ အလုပ်အပ်သူများ၏ အပြောခံအဆူခံနှင့် ဆိုင်ခန်းထဲက ပြင်ပကမ္ဘာထဲသို့ ထွက်၍မရောက်။ အတွေးအခေါ်ကွာလျှင် ဘ၀လည်းကွာခြားသွားရပါသော်ကောဟု အတွေးဝင်မိပါတော့သည်။

ခင်မောင်ဝင်း (စစ်တွေ)



--
With Love,
Alex

Who want to be an online love hunter?

<span style="font-family:zawgyi-one;">

ဆောင်ရန်ရှောင်ရန် Online အချစ်

ကွန်ပျူတာထဲမှာ ချစ်သူရှာတော့မယ်ဆိုရင် အမြင်အာရုံကိုအားကိုးလို့မရပါဘူး။ မုချအမှားကြုံရတတ်ပါတယ်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ့်ရဲ့လက်ရှိသွင်ပြင်ရဲ့ အပြစ်အနာအဆာတွေကို တတ်နိုင်သမျှ ဖုံးအုပ်ထား လေ့ရှိပါတယ်။ ဓာတ်ပုံကိုသေးသေးလေး တင်ထား၍သော်လည်းကောင်း၊ ကိုရီးယားမင်းသားမင်းသမီးပုံတင်ထား၍သော် လည်းကောင်း၊ Photoshop ဖြင့်ဓာတ်ပုံပြင်ထား၍သော်လည်းကောင်း အမျိုးမျိုးဖြင့် အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားလေ့ ရှိပါတယ်။

ဒီလိုအွန်လိုင်းအထာတွေမသိဘဲ ဆင်ကန်းတောတိုးရှာပြီးမှ နဖူးတွေ့ဒူးတွေ့အပြင်မှာ ရင်ဆိုင်ရတဲ့အခါမှာ ပြောသလို၊ ပြသလို မဖြစ်လာတဲ့အခါမှာ Download လုပ်ထားတဲ့အချစ်ကို အမြန်ဆုံး stay ရှောင်ရပါတော့တယ်။ တချို့ကတော့ ရှောင်ရှားရင်းပုန်း ကွယ်ရင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ လက်မြှောက်အရှုံးပေးသွားကြပါတယ်။ ဒီအဖြစ်အပျက် တွေဟာ အပြင် လောကမှာ တကယ်လက်တွေ့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပါ။ ယုံတမ်းစကားမဟုတ်ပါဘူး။

နောက်ပြီး အွန်လိုင်းအချစ်ဟာ အချစ်စစ်ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ ပြဿနာကလည်းရှိပါသေးတယ်။ အွန်လိုင်းမှာ အချစ်စစ်ရှိနိုင်ပါတယ်။ အွန်လိုင်းမှာတွေ့ပြီး အပြင်မှာ လက်ထပ်သွားကြတဲ့စုံတွဲတွေတွေ့ဖူးပါတယ်။ ဒါကြောင့် ကွန်ပျူ တာထဲက အချစ်ဟာ အပြင်လောကမှာ သင်ရှာသလို တူညီတဲ့ စားကျက်မဟုတ်တာကြောင့် တောမကျွမ်းရင် မုဆိုးကနေ သားကောင်ဖြစ်တတ်ပါတယ်။

သားကောင်မဖြစ်ချင်ရင်တော့ တောကျွမ်းဖို့လိုပါတယ်။

(၁)      မိန်းမတွေဟာ အပြောကောင်းတာ သဘောကျတတ်ပါတယ်။ ဒါပေမဲ့ အချစ်ဝတ္ထုထဲက စာသားတွေ ခိုးချပြီးပြော တာကိုတော့ ဖီးလ်မလာပါဘူး။ အပြင်မှာ မတွေ့သေးဘဲ အွန်လိုင်းမှာပဲ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်မယ်လို့ ကတိပေး ထားရင်တော့ ဒုက္ခလှလှကြီးတွေ့ရတတ်ပါတယ်။ အဲဒီလိုကတိမျိုး မပေးမိပါစေနဲ့။

(၂)      ပထမတွေ့ဆုံခြင်း(First Date)ဟာ သမားရိုးကျနဲ့ ရိုးရှင်းသန့်စင်ဖို့လိုအပ်ပါတယ်။ အဆင့်ကျော်ချင်နေတဲ့ မျက်လုံးအရောင် မတောက်မိစေပါနဲ့။

(၃)      ကိုယ်တွေ့လိုက်တဲ့ အမျိုးသား၊ အမျိုးသမီးဟာ ကိုယ့်အတွက် နတ်သား၊နတ်သမီးသဖွယ်ဖြစ်နေဦးတော့ အလွန် အမင်း ငမ်းငမ်းတက် မျက်နှာမျိုးမဖြစ်မိစေပါနဲက။ တစ်ဖက်လူကြောက်လန့်ထွက်ပြေးသွားတတ်ပါတယ်။ ကိုယ့်အပေါ် လည်း အထင်အမြင်သေးသွားတတ်ပါတယ်။

(၄)      ပထမတွေ့ဆုံခြင်းမှာ တစ်ဖက်သူရဲ့အသွင်အပြင်အား ချီးကျူးပေးပါ။

(၅)      တွေ့ဆုံမှုအဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့်ထပ်တက်ပါ။ အပြင်ထွက်လျှောက်လည်ဖို့ချိန်းပါ။ ကိုယ့်ဘက်က အဲဒီလိုပြောဖို့နှုတ်တွန့်နေတယ်ဆိုရင်တော့ နောက်လူကပြောသွားမှာဖြစ်တယ်။

(၆)      တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါစေ။ ဟန်ပန်အမူအယာသည် ယုံကြည်မှုအပြည့်အ၀ရှိနေရပါမယ်။ ယင်းသို့သော ဟန်ပန်အမူအယာသည်ဆွဲဆောင်မှုရှိသော အမူအယာဖြစ်သည်။

(၇)      ရိုးသားမှုရှိပါ။ အရပ်အမြင့်အား မဆိုစလောက်လေးလိမ်ညာထားခြင်း၊ အသားအရောင်အား မဆိုစလောက်လေးပို ပြောထားခြင်း၊ ရူပါအား မည်သည့်မင်းသားမင်းသမီးနှင့် ယောင်ယောင်မှားမှားတူသည်ဟု ပိုပြောထားခြင်းတို့သည် နောက်ဆုံး၌အိုးနင်းခွက်နင်းနှင့် အရှက်ကွဲရတတ်သည်။

(၈)      အပြင်မှာ မတွေ့ဆုံခင် ဖုန်းဖြင့်အရင် ဆက်သွယ်ရင်းနှီးမှုရအောင်ပြုလုပ်ပါ။

(၉)      တိတ်ဆိတ်သော၊ လူနေကင်းသော နေရာမျိုး၌တွေ့ဆုံခြင်းမပြုပါနှင့်။ ပထမတွေ့ဆုံခြင်းသည် လူသူအများသွား ရောက်ကြသည့်နေရာမျိုးသာဖြစ်သင့်သည်။

(၁၀)    ဓာတ်ပုံထဲက ပုံစံနှင့်အပြင်၌မြင်တွေ့ရသော ပုံတို့သည်ဟန်မဆောင်နိုင်အောင် ခါးတောင်းကျိုက်ပြီး လန့်ပြေးချင် စရာဖြစ်နေဦးတော့ ကိုယ့်အတွင်းစိတ်ခံစားမှုအားဖုံးသိပ်ထားပြီး မိတ်ဆွေအဖြစ်သို့ ကူးပြောင်းနိုင်ရန်ကြိုးစားပါ။ စိတ်ပျက် လက်ပျက် ပုံစံမဖြစ်သွားပါနှင့်။

ယင်းတို့သည် ကွန်ပျူတာတောထဲ၌ကျက်စားမည့် အချစ်မုဆိုးများအတွက် အကင်းမျှသာရှိသေးသည်။ သို့သော် ထိုအကင်းနှင့်ပင် အွန်လိုင်းအချစ်မုဆိုးတစ်ယောက်လုပ်ရန် အခြေခံအချက်များ ပြည့်စုံသွားပြီ ဖြစ်သည်။ ဆိုးကျိုးသက် ရောက်နိုင်မှုအလားအလာနည်းသွားပြီဖြစ်သည်။


Ref: 8 Days A week Journal Vol. 1 No. (35)

</span>



--
With Love,
Alex

Monday, November 9, 2009

Mrauk Oo and Pinn taya

မြောက်ဦး ရောက်ဖူးသည်ရှိအောင်


မြောက်ဦးမြို့ဟာ ရှေးရခိုင်ဘုရင်တွေ ထီးနန်းစိုးစံခဲ့ရာဖြစ်ပြီး ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ထင်ရှားတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

မြောက်ဦးမြို့ဟာ စစ်တွေ-ရန်ကုန် ကားလမ်းမကြီးပေါ်မှာတည်ရှိပြီး ဧရိယာစတုရန်းမိုင်ပေါင်း ၄၉၁.၉ပေမိုင် (၃၁၄၂၂) ဧကကျယ်ဝန်းပါတယ်။ တောင်ကုန်း၊ တောင်တန်း၊မြေနိမ့် မြစ်ဝှမ်းလွင်ပြင်တွေဖြစ်ပြီး မြေသြဇာကောင်း တာကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေဖြစ်ထွန်းပါတယ်။ တောင်ယာစပါးနဲ့ ဆီထွက်သီးနှံတွေကို အဓိကထားစိုက်ပျိုးသလို ဟင်းသီး ဟင်းရွက်တွေနဲ့ သစ်သီးဝလံပေါများစွာ ထွက်ရှိပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တွေဆီတင်ပို့တဲ့ဒေသ တစ်ခု လည်း ဖြစ်ပါတယ်။

လာမယ်ဆိုရင်
ရန်ကုန်ကနေ တစ်ညအိပ်ကားလမ်းခရီးနဲ့ လာနိုင်သလို စစ်တွေကနေ အဝေးပြေးကားတွေစီး ပုဏ္ဏားကျွန်းမြို့နဲ့ ကျောက်တော်မြို့တို့ကို ဖြတ်ကျော်လာနိုင်ပါတယ်။ တောတောင် ကုန်းနဲ့ရွှေရောင်စပါးခင်းတွေကိုလည်း လမ်းခရီးမှာ တွေ့မြင်ခံစားနိုင်ပါတယ်။ စစ်တွေမြို့က တစ်ပတ်နှစ်ကြိမ်ပြေးဆွဲတဲ့ ပြည်တွင်းရေကြောင်း သင်္ဘောအပြင် စင်းလုံးငှား မော်တော်ဘုတ်တွေ၊ လိုင်းဆွဲမော်တော်တွေကို စီးနင်းလာနိုင်ပါတယ်။

ရာဇ၀င်မြို့တော်ဟောင်း
ဓည၀တီခေတ်၊ ဝေသာလီခေတ်၊လေးမြို့ခေတ်နဲ့ မြောက်ဦးခေတ်စတဲ့ ခေတ်တွေထဲက ရခိုင်ဘုရင်နန်းစိုက်ခဲ့တဲ့ နောက် ဆုံးခေတ်လည်းဖြစ်ပါတယ်။ အေဒီ ၁၄၃၉ခုနှစ်မှာ ရခိုင်ဘုရင်မင်းစောမွန် ထူထောင်ခဲ့တယ်လို့ သိရပါတယ်။ မြောက်မြားစွာရှိနေတဲ့ အကြံအစည်တွေကို ဦးဦးဖျားဖျားအောင်မြင်ခဲ့ရသလို မြို့အစုစုကို ဦးစွာတည်ရှိခြင်းဖြစ်တာကြောင့် မြောက်ဦးလို့ခေါ်တဲ့ အယူအဆရှိပါတယ်။ တစ်ခေတ်တစ်ခါက အာရှမှာ အပေါကြွယ်ဝဆုံးနဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်တဲ့ မြို့ဖြစ်ခဲ့တာမို့ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ်၊ စပိန်တွေနဲ့ ဒတ်ခ်ျလူမျိုးတွေလာရောက်ပြီး စီးပွားကုန်သွယ်ခဲ့တဲ့မြို့ လည်းဖြစ် ပါတယ်။

ရှေးဟောင်းစေတီပုထိုးတွေနဲ့ မြောက်ဦးမြို့ကို ၀င်လိုက်တာနဲ့မှုန်ပျပျစိမ်းစိုစို တောင်မြင့်တောင်ကုန်းတွေပေါ်မှာ သကာ ရင့်ရောင်အဆင်းနဲ့ ရှေးဟောင်းစေတီ၊ ပုထိုးတွေတွေ့ရပါတယ်။ ရှေးဟောင်းသုတေသနပြတိုက်ကို အရင်က နန်းတော်ရာ အနီးမှာ တွေ့ရသလို မြို့ပတ်ပတ်လည်မှာ မြို့တံတိုင်းနဲ့ ကျုံး၂၄ခုရှိပါတယ်။ ရှေးဟောင်းဘုရားစေတီပုထိုးတွေ၊ လိုဏ်ဂူ ကြီးတွေ၊ဘုန်းကြီးကျောင်းတော်ဟောင်းတွေကို စုစုပေါင်းလေ့လာဖူးမြင်မယ်ဆိုရင် ငါးရက်ကနေ ခုနှစ်ရက်အထိ အချိန်ယူ ရမှာပါ။ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်မြို့သတ်မှတ်ထားတာမို့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည် ပတ်နေတဲ့အတွက် မြို့အတွင်းမှာ ဟိုတယ်နဲ့တည်းခိုခန်းတွေကို တိုးချဲ့တည်ဆောက်ထားပါတယ်။ မြောက်ဦးမြို့ကိုပတ်ပြီး တော့ ဘုရားဖူးမယ်ဆိုရင် ဂျစ်ကား၊မြင်းလှည် အပြင် မီနီဘတ်စ်တွေနဲ့လည်း လှည့်ပတ်နိုင်ပါတယ်။ သည်နှစ်မှာတော့ သုံးဘီးဆိုင်ကယ်တွေ၊ ထော်လာဂျီတွေနဲ့ သွားလာကြတာ တွေ့ရပါတယ်။

ဆုတောင်းပြည့်ဖို့
မြောက်ဦးမှာ မာန်ငါးပါးဘုရားကို တစ်နေ့တည်းဖူးနိုင်ရင် ဆုတောင်းပြည့်တယ်လို့ ရှေးအယူအဆတွေရှိနေပါတယ်။ မာန်ငါးပါးဘုရားတွေဟာ စေတီတစ်ဆူစီထဲမှာ သီးခြားရှိနေပါတယ်။ လောကမာန်အောင်၊ မင်္ဂလမာန်အောင်၊ ရတနာ့ မာန်အောင်၊ ဇိနမာန်အောင်နဲ့ သကျမာန်အောင် စတဲ့ မာန်ငါးပါးကို ရှေးရခိုင်ဘုရင်တွေတည်ထားကိုးကွယ်ခဲ့ ရာလည်းဖြစ် ပါတယ်။ ဒါ့အပြင် ဘုရားရှစ်သောင်းကျော်တို့ကို တစ်နေရာတည်းမှာ ဖူးမြင်တွေ့ရတဲ့ ရှစ်သောင်းပုထိုးတော်ကြီးထဲမှာ ဘုရားဇာတ်တော်ကြီးတွေကို ထုဆစ်ထားတဲ့ ကျောက်ဆစ်လက်ရာတွေကိုတွေ့မြင်နိုင်ပါတယ်။ ရှစ်သောင်းပုထိုးတော်ဆီကပဲ ရှေ့ခပ်လှမ်းလှမ်းမှာ ထုက္ကန့်သိမ်ပုထိုးတော်ကြီးဟာ ပန်းချီကားတစ်ချပ်သဖွယ် တည်ရှိနေ ပါတယ်။ လေးမျက်နှာစေတီ၊ လင်ဗန်း(ပန်းကန်)စေတီတွေနဲ့ အခြားထင်ရှားတဲ့ စေတီပုထိုးတွေကိုပါ ဖူးမြင်နိုင်ပါတယ်။


သဘာဝအလှတွေနဲ့ ပင်းတယ
ပင်းတယဆိုတဲ့ နာမည်က ရှမ်းနာမည်ဖြစ်ပြီး အဓိပ္ပာယ်က ကျယ်ပြန့်တဲ့လွင်ပြင်ဖြစ်တယ်လို့ ဆိုကြတယ်။
တောင်ကြီးမြို့ကို ဟန်မြင့်မိုရ်-ရွာငံ-တောင်ကြီးလမ်းကနေသွားတဲ့အခါ ရွာငံမြို့နဲ့ မိုင်၄၀အကွာမှာ ကျုံးလမ်းခွဲရှိတယ်။ ကျုံးလမ်းခွဲရဲ့ ဘယ်ဘက်ကို ၁၂မိုင်သွားရင် ပင်းတယမြို့ကို ရောက်ပါတယ်။

ပင်းတယကို သွားရာလမ်းတစ်လျှောက်မှာ စိမ်းစိုလှပတဲ့တောင်တန်းကြီးတွေ နောက်ခံနဲ့တောင်ယာစိုက်ခင်းတွေရဲ့ ရှုခင်း တွေကမြေပြန့်ဒေသနဲ့မတူ အမြင်တစ်မျိုးဆန်းလှတယ်။ ယာခင်းမြေနီနီတွေပေါ် အတန်းလိုက်စိုက်ပျိုးထားတဲ့ ဂေါ်ဖီထုပ် ခင်း၊ ပန်းမုန်လာခင်းတွေကလည်း လတ်လတ်ဆတ်ဆတ်မို့ မြင်သူလိုချင်စရာကောင်းလှပါတယ်။ ပင်းတယနယ်တစ်ဝိုက်မှာ သည်လိုတောင်ယာတွေကို စိုက်ပျိုးပြီးအသက်မွေးနေသူတွေကတော့ ဓနု၊ ပအို့ဝ်၊တောင်ရိုး၊ ရှမ်းစတဲ့ တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။

သက်ရင့်သစ်ပင်
ပင်းတယမြို့မှာ သက်တမ်းရင့်သစ်ပင်ကြီးတွေရှိနေတာကို ထူးထူးခြားခြားတွေ့ရတယ်။ သစ်ပင်ကြီးတွေရဲ့ အမြင့်နဲ့ ပင်စည်ကိုကြည့်တာနဲ့ သက်တမ်းကို ခန့်မှန်းနိုင်ကြမှာပါ။ သစ်ပင်ကြီးတွေဟာ တစ်ပင်နဲ့တစ်ပင် ထိစပ်နေကြတဲ့အတွက် ရာသီဥတုက အေးချမ်းသာယာပြီး နေလို့ကောင်းတယ်။ အရိပ်ကောင်းကောင်း သစ်ပင်ကြီးတွေနားမှာ ဟိုတယ်တွေ၊ အင်း တွေနဲ့ စားသောက်ဆိုင်တွေရှိတဲ့အတွက် အေးအေးဆေးဆေး အနားယူတည်းခိုလို့ရပါတယ်။

ပင်းတယမြို့က ပင်းတယရွှေဥမင်စေတီ သဘာဝလိုဏ်ဂူဘုရားဟာ ရှမ်းပြည်နယ်ရဲ့ ကျော်ကြားမှုတစ်ခုလည်း ဖြစ်တယ်။ ပင်းတယလိုဏ်ဂူဘုရားဟာ ထုံးကျောက်တောင်ကနေ သဘာဝအတိုင်းလိုဏ်ဂူဖြစ်ပေါ်လာပြီး အရှည်ပေ ၄၉၀နဲ့ အမြင့် ၇၅ပေရှိတယ်လို့ သိရတယ်။ ပင်းတယလိုဏ်ဂူဘုရားကိုသွားတဲ့အခါ ဘုရားစောင်းတန်းမရောက်ခင်မှာ သက်တမ်းရင့် ညောင်ပင်ကြီးတွေကို အံ့သြဖွယ်တွေ့ရတယ်။ ညောင်ပင်ကြီးတွေရဲ့ကိုင်းတွေဟာ ဘေးကိုဖြာထွက်နေတယ်။ ပင်းတယလာ ဧည့်သည်တွေက ညောင်ပင်ကြီးတွေနဲ့ အမှတ်တရ ဓာတ်ပုံရိုက်နေကြတာကိုလည်း တွေ့ရပါတယ်။ ပင်းတယလိုဏ်ဂူဘုရားဟာ တောင်ကမ်းပါးယံပေါ်မှာ တည်ရှိပြီး စောင်းတန်းကနေ တက်လို့ရတယ်။ စောင်းတန်းဘေးက လမ်းလေးအတိုင်းကွေ့ပတ်ပြီး တောင်တစ်ဝက်အထိ ကားနဲ့လည်းတက်လို့ရတယ်။ ဈေးဆိုင်တန်းနားကနေ သွားတဲ့အခါ ရန်မူနေတဲ့ ပင့်ကူကြီးနဲ့ ဒူးထောက်ပြီးမြှားနဲ့ပစ်နေတဲ့ ကုမ္မာဘယ မင်းသားတို့ရဲ့ ရုပ်တုတွေဟာ ပုံပြင်ဆန်ဆန် ပင်းတယ ဂူ ဖြစ်ပေါ်လာတဲ့အကြောင်းကို သင်္ကေတတစ်ခုလိုဖော်ပြနေတာပါ။

ဒဏ္ဍာရီထဲက ပင်းတယ
ငွေတောင်ပြည်ကို အစိုးရတဲ့ နတ်မင်းကြီးရဲ့ သမီးတော်ခုနှစ်ဖော်တို့ဟာ ရေကန်ကြီးဆီကို ရေကစားလားရင်း သည်လိုဏ် ဂူကြီးအတွင်းမှာ အိပ်စက်ကြတယ်။ ပင့်ကူကြီးတစ်ကောင်ဟာ နတ်သမီးတွေရှိနေတဲ့ လိုဏ်ဂူဝကို သူ့ရဲ့တုတ်ခိုင်လှတဲ့ ပင့်ကူမျှင်တွေနဲ့ အထပ်ထပ်ပိတ်ဆို့ထားတယ်။ နတ်သမီးတွေရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားရတဲ့ ကုမ္မာဘယ မင်းသားဟာ ပင့်ကူကြီးကို မြှားနဲ့နှိမ်နင်းလိုက်တယ်။ မင်းသားဟာ ပင့်ကူကို အနိုင်ရတဲ့အခါ 'ပင့်ကူကိုရပြီ'လို့ ကြုံးဝါးတာ ကို အစွဲပြုပြီး ပင့်ကူရလို့ ခေါ်ဆိုရာကနေ ပင်းတယလို့ အမည်တွင်လာတယ်လို့ ဒဏ္ဍာရီကဆိုတယ်။ ကုမ္မာဘယမင်းသား ရုပ်နဲ့ ပင့်ကူရုပ်တွေဟာလည်း ပင်းတယရောက် အမှတ်တရဓာတ်ပုံရိုက်ကြတဲ့နေရာ တစ်နေရာဖြစ်ပါတယ်။

ရုပ်ထုတွေနဲ့ အမှတ်တရဓာတ်ပုံရိုက်ပြီးတဲ့အခါ ပင်းတယလိုဏ်ဂူဘုရားကို စောင်းတန်းကနေ ခြေကျင်တက်လို့ရသလို ဓာတ်လှေကားနဲ့လည်း တက်လို့ရတယ်။ ဓာတ်လှေကားဟာ မှန်တွေနဲ့ကာထားတာဖြစ်လို့ ဓာတ်လှေကားစီးနေတဲ့ အချိန်မှာပဲ ပင်းတယမြို့ရဲ့အလှအပကို ကြည့်ရှုခံစားနိုင်ပါတယ်။ တောင်ပေါ်ကကြည့်လိုက်ရင် အုံ့မှိုင်းနေတဲ့ သစ်ပင်ကြီး တွေနဲ့ ဘုတ်တလုတ်ရေကန်ရဲ့အလှကို အထင်ကရတွေ့ရတယ်။ ရေကန်ဟာ နတ်သမီးခုနှစ်ဖော် ရေကစားတဲ့ရေကန်လို့ ဆိုကြတယ်။ အနောက်ဘက်က မြင့်မားတဲ့တောင်တန်းနဲ့ တောင်ယာစိုက်ခင်းတွေကလည်း ပင်းတယမြို့အလှကို ဖြည့် ဆည်းပေးထားပါသေးတယ်။

သဘာဝတရားရဲ့ လက်ဆောင်
အရှေ့ဘက် သံပြာသာဒ်က လှေကားထစ် တစ်ဆယ့်တစ်ထစ်တက်သွားပြီး ဂူအတွင်းဝင်လိုက်တဲ့အခါ ဘုရားရှင် ကိုယ်စား တော် ရုပ်ပွားတော် ဆင်းတုတော်အများကြီးကို ဖူးတွေ့ရတယ်။ ဂူအတွင်းအ၀င်အ၀မှာပဲ မြေပေါက်စေတီကို ရွှေတွေအိနေ အောင် ချထားတယ်။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဂူနံရံတွေမှာ နေရာမလပ် အထပ်ထပ်ဖြစ်အောင် ရွှေချပြီး ထုလုပ်ကိုးကွယ် ထားကြတဲ့အတွက် ဂူတစ်ဂူလုံးဟာ ရွှေရောင်တွေတောက်နေတယ်။ အထူးအဆန်းဖြစ်လို့ ခရီးသွားတွေနဲ့ ဘုရားဖူးတွေက စိတ်ဝင်စားကြတယ်။ ဂူအတွင်းမှာ ဆင်းတုတော်တွေကြား လူသွားဖြစ်ရုံဝင်္ကဘာပတ်လမ်းလုပ်ထားတယ်။

ရှုမဆုံးတော့သည်
ပင်းတယဂူထဲမှာတွေ့ရတဲ့ ရက်စွဲပါ ဆင်းတုတော်တွေကိုလေ့လာတွေ့ရှိချက်အရ ကုန်းဘောင်ခေတ်ထက်မစော နိုင်ဘူး လို့သိရတယ်။ ပင်းတယဂူထဲက ဘုရားတံကဲ နဲ့ပလင်တွေကို အနုပညာလက်ရာအနေနဲ့ လေ့လာလို့ရတယ်။ ဆံပင်ရေညှစ်တဲ့ အမျိုးသမီးရုပ်ပုံတွေကိုလည်း တွေ့ရတယ်။ မြေပြန့်ဒေသတွေမှာ ဆံပင်ရေညှစ်တာ နတ်အမျိုးသားဖြစ် ပေမဲ့ ရှမ်းပြည်နယ်မှာ နတ်အမျိုးသမီးဖြစ်နေတာကို တွေ့ရတယ်။ ပင်းတယဂူထဲက ပန်းချီပန်းပုတွေဟာ ကုန်းဘောင် ခေတ်ဦးက လက်ရာများဖြစ်တယ်လို့ဆိုတယ်။
ပင်းတယဂူထဲကို အတွင်းကျကျလျှောက်သွားတဲ့အခါ သဘာဝအလျောက်ဖြစ်နေတဲ့ ကျောက်ခက်ပန်းဆွဲတွေကို ၀ါးလုံးနဲ့ တီးကြည့်ရင် မောင်းသံ၊ စည်သံတွေထွက်တယ်။ သဘာဝအတိုင်း ဖြစ်လာတဲ့ ကျော်ကစက်တိုင်တစ်တိုင်ဟာ သုံးရာသီလုံး ရေမခန်းဘူး၊အဲသည့်ရေက ဆေးဖက်ဝင်တယ် အန္တရာယ်ကင်းတယ်လို့ဆိုတယ်။ ဂူအတွင်းမှာ စစ်စီးသုတ်ထားတဲ့ ချွေး ထွက်ကိုယ်တော်နှစ်ဆူရှိတယ်။ အဲသည့်ဆင်းတုတော်နှစ်ဆူဟာ ရွှေသင်္ကန်းကပ်လို့မရဘူး။ ကျန်းမာရေးအတွက်ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ယုံကြည်ကြတယ်။ ပင်းတယဂူထဲက ကျောက်ခက်ပန်းဆွဲတွေ ပန်းချီပန်းပု လက်ရာတွေနဲ့ ရှေးဟောင်းဘုရားတွေကို လေ့လာရင်း လိုဏ်ဂူအဆုံးကိုရောက်တဲ့အခါ ဂူပေါက်တစ်ပေါက် တွေ့ရတယ်။ အဲသည့်ဂူပေါက်ကနေ ဆက်သွားရင် ပုပ္ပါးရောက်တယ်၊ ပုဂံရောက်တယ်လို့လည်းဆိုကြတယ်။

ပွဲတော်နွှဲပျော်
ပင်းတယရွှေဥမင်စေတီ သဘာဝလှိုဏ်ဂူဘုရားပွဲတော်ကို တပေါင်းလမှာ နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ မြေလတ်ဒေသမှာ ကြီးကျယ်စည်ကားတဲ့ ဘုရားပွဲတစ်ခုဖြစ်တယ်။ ဘုရားပွဲချိန်မှာ ဈေးတန်းဟာ တစ်မိုင်ကျော်လောက်ရှည်ပြီး ငါးရက်ခြောက် ရက်ကြာကျင်းပတယ်လို့သိရတယ်။

ပင်းတယမြို့ရဲ့အရှေ့မြောက်ဘက် ငါးမိုင်လောက်ဆက်သွားရင် ကုံလုံဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ ကျောင်းနဲ့ လွမ်းစေတီ စဉ့်စံကျောင်းတော်ကြီးကို သွားရောက် လေ့လာနိုင်တယ်။ ဆရာတော်ဘုရားကြီးဟာ ၂၀၀၄ခုနှစ်မှာ ပျံလွန် တော်မူခဲ့ပြီး ကျန်ရစ်ခဲ့တဲ့ ရုပ်ကလာပ်တော်ကို တောင်ကမူလေးပေါ်မှာ လွမ်းစေတီတည်ပြီး ပူဇော်ခံထားရှိခဲ့တယ်။ တောင်စွယ်တောင်တန်းတွေနဲ့ ရှမ်းကုန်းပြင်မြင့်တွေ ပတ်လည်ဝိုင်းနေတဲ့ ဆရာတော်ဘုရားကြီးရဲ့ လွမ်းစေတီကို စဉ့်တွေနဲ့ တန်ဆာဆင်ထားတာဖြစ်တဲ့အတွက် လွမ်းမောစရာကောင်းလှတယ်လို့ဆိုပါတယ်။

Wednesday, November 4, 2009

Power Booster Drink

အဟာရဓာတ်ပြည့်ဝသော ခွန်အားဖြည့် အချိုရည်
လူတို့၏ ဖန်တီးပြုပြင်စီရင်ခြင်းမပါဘဲ သဘာဝအလျောက် ဖြစ်ပေါ်သည့် အဟာရဓာတ်ပြည့်ဝသော ခွန်အားဖြစ်စေသည့် အားဖြည့်အချိုရည်တစ်မျိုးဖြစ်သော 'အုန်းရည်' အကြောင်းတင်ပြလိုပါသည်။
ရှေးယခင်ကတည်းက ရိုးရာအစဉ်အလာအဖြစ် အုန်းရည်ကို အားဖြည့်အရည်အဖြစ် အသုံးပြုခဲ့ကြပါသည်။ အုန်းပင်၏ ရုက္ခဗေဒအမည်မှာ ဖြစ်သည်။ အင်္ဂလိပ်အမည်မှာ ဖြစ်သည်။ မျိုးရင်းဖြစ်သည်။


အရသာနှင့် ဂုဏ်သတ္တိ
အုန်းရည်သည် အေး၏၊ ချို၏၊ အနည်းငယ်ဖန်၏။ အပူခိုးကို ကင်းစေ၏။ ဆီးကိုများစေ၏။ ၀မ်းကိုချုပ်စေ၏။ လေကိုသက် စေ၏။

ဓာတ်သဘော
သီတတေဇော၊ သီတ အာကာသ ဓာတ်စာ

ပါဝင်သော အဟာရဓာတ်များအုန်းစိမ်းရည် ၁၀၀ ဂရမ် (ခြောက်ကျပ်သားကျော်) သည် – ကယ်လိုရီခွန်အား - ၁၇ ယူနစ်
ရေငွေ့ဓာတ် – ၉၅.၅ ဂရမ်
အသားဓာတ် – ၀.၁ ဂရမ်
အဆီဓာတ် ၀.၁ ဂရမ်
ကစီဓာတ် ၄.၀ ဂရမ်
သတ္ထုဓာတ် – ၀.၄ ဂရမ်
ထုံးဓာတ် – ၂.၀ မီလီဂရမ်
မီးစုန်းဓာတ် – ၁.၀ မီလီဂရမ်
သံဓာတ် – ၀.၅ မီလီဂရမ် ပါဝင်ပါသည်။

အုန်းသီး၏ ထူးခြားမှု (ရုပ်သတ္တိ) နှင့် ဓာတ်သတ္တိပါဝင်မှုမှာ အုန်းသီး၏ အသက်အရွယ်ပေါ်တွင် မူတည်ပါသည်။ အုန်းသီး၏ အရွယ်မှာ -
အဆင့်(၁) – အရည်တည်စ (အသားမဖြစ်သေး) ၄လမှ ၅လသား
အဆင့်(၂) – ဇွန်းခြစ်(အရွယ် ၅လသားမှ ၇ လသား)
အဆင့်(၃) – အသားစားကောင်း ( အရွယ် ၇လသားမှ ၉လသား) (အုန်းခွံအစိမ်းတွင် အစက်အပျောက်များတွေ့နိုင်)
အဆင့်(၄) – အုန်းနို့ညှစ်၊ အသားညှစ် (အရွယ် ၉လကျော်) (အုန်းခွံခြောက်၍ သားကြည်သွေးရှိ)

အုန်းသီး၏ အသက်အရွယ်ပေါ်မူတည်ပြီးအုန်းရည်၏ အခြေအနေပြောင်းလဲမှုတွေ့ရပါသည်။ အုန်းရည်၏ ပါဝင်မှုပမာဏ မှာလည်း အသီးရင့်လာသည်နှင့်အမျှ အရည်လျော့သွားမည်။ (၅၀၄.၅ မီလီမီတာမှ ၂၇၇.၈ မီလီမီတာအထိ နည်းသွား ပါသည်) အုန်းရည်၏ အချဉ်ဓာတ်လျော့နည်းလာပြီး ၄.၈မှ ၆.၁အထိတက်သွားသည်။ အုန်းရည်၏ တစ်ဖက်စိမ့်ဖိအား သည် ၂၈၃.၂မှ ၃၀၈.၂ ရှိပြီး ၄င်းတစ်ဖက်စိမ့်ဖိအားသည် လူ၏သွေးရည်၏ တစ်ဖက်စိမ့်ဖိအားနှင့် နီးစပ်သည်။ ဆိုဒီယမ်၊ ပိုတက်စီယမ်ပါဝင်မှုမှာ အသီးရင့်လာသည်နှင့်အမျှ များလာသည်။ ထို့အပြင် အုန်းရည်တွင် ပရိုတိန်း၊အမိုင်နိုအက်ဆစ်၊ အဆီဓာတ်(နုလျှင်နည်းသည်)၊ သကြားဓာတ် နှင့် သတ္ထုဓာတ်ဆိုဒီယမ်၊ ပိုတက်စီယမ်အပြင် ခန္ဓာကိုယ်အတွက် အသုံး ၀င်သော ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်၊ သံဓာတ်၊ကော့ပါးနှင့် ဇင့်ဓာတ်တို့ ပါဝင်ပါသည်။

ထိုကဲ့သို့ အဟာရဓာတ်ဆားရည် ပြည့်ဝသည့်အပြင် ပိုးမွှားကင်းစင်သည်ကို စစ်ဆေးတွေ့ရှိရပါသည်။ အုန်းသီးထိပ်ကို သန့်စင်စွာဖွင့်ပြီး သောက်သုံးပါက ပိုး ၂၄နာရီအထိမ၀င်နိုင်ကြောင်း အဆင့်(၂) အုန်းရည်တွင် တွေ့နိုင်ပေသည်။ (သို့သော်ဖွင့်ပြီး ၁၂နာရီကျော်လျှင် အချဉ်နံ့ရနိုင်ခြင်းကြောင့် သောက်သုံးရန်မသင့်ပါ။) အုန်းသီးတစ်လုံးလျှင် (ဂလူးကို့စ် ပုလင်း တစ်ပုလင်းခန့်သာ) ရနိုင်သည်။

အုန်းရည်မှာ အဟာရဓာတ်ပြည့်ဝဓာတ်ဆားရည်ဖြစ်ကြောင်းနှင့် ဓာဆားထုပ် လွယ်ကူစွာ မရနိုင်သော၊ အုန်းရည်လွယ် ကူစွာရနိုင်သော ဒေသတို့တွင် ဓာတ်ဆားရည်အဖြစ် အသုံးပြုနိုင်ကြောင်းသိရှိရပါသည်။

အုန်းရည်အမျိုးမျိုးတို့၏ အာနိသင်များ
အလွန်နုသောအုန်းစိမ်းရည်အလွန်နုသော အုန်းစိမ်းရည်သည် များသောအားဖြင့် ၀မ်းကျစေတတ်၏။

မနုမရင့်အလတ်စား အုန်းစိမ်းရည်အချို
မနုမရင့် လတ်လတ်ဆတ်ဆတ် အုန်းစိမ်းရည်သည် သုက်ကိုပွားစေ၏။ အဆီသြဇာရှိ၏။ ချို၏။ အချို့စဉ်းငယ်ဖန်၏။ အေး ၏။ ကြေလွယ်၏။ ပေါ့၏။ ရေငတ်ခြင်း၊ သည်းခြေနာ၊ လေနာတို့ကို နိုင်၏။ ၀မ်းမီးကို တောက်စေ၏။ ဆီးကိုရွှင်စေ၏။ ၀မ်း မီးချက်ပြီးသည့်နောက် ချို၏။

မနုမရင့်အလတ်စား အုန်းစိမ်းရည်အငန်
မနုမရင့် အလတ်စားအန်းစိမ်းရည်သည် ချိုငန်ပျပျရှိ၏။ နှလုံးကို ကြည်လင်စေတတ်၏။ နှုတ်ကိုမြိန်တတ်စေ၏။ အား ကိုဖြစ်စေ၏။

အလွန်ရင့်သော အုန်းရည်
အလွန်ရင့်သော အုန်းရည်သည်လည်းကောင်း၊ ဆွတ်ခူး၍ ကြာပြီးသော အုန်းရည်သည်လည်းကောင်း လေတို့ကိုချုပ်စေ၏။ ၀မ်းကိုချုပ်စေ၏။ ကြေခဲ၏။ သည်းခြေကို ပျက်စေ၏။

ရောဂါအလိုက် အသုံးပြုပုံများ
ခေါင်းတစ်ခြမ်းကိုက်ရောဂါ
အုန်းရည်နှာခေါင်းအတွင်း သို့အနည်းငယ်ခပ်၍ပေးမူ ခေါင်းတစ်ခြမ်းကိုက်ရောဂါ ပျောက်၏။

ခံတွင်းပျက်ရောဂါ
နေထိုင်၍ ကောင်းလျက်နှင့် မစားမသောက်နိုင်ဘဲ ခံတွင်းပျက်မှု အုန်းသီး အလတ်စား(မနုမရင့်) အုန်းရည်ကို တစ်နေ့လျှင် (၂)ကြိမ်မျှသောက်ပါက ခံတွင်းကောင်းလာနိုင်သည်။

ဆီးအောင့်၍ သွားသောရောဂါ
ဆီးသွားသော အခါအောင့်၍ ရပ်တန့်သွားခြင်း၊ လေတွန်းအားနည်း၍ တံစက်မြိတ်မှ ကျသောရေ၏အရှိန်ကဲ့သို့ တစက်စက် ကျခြင်းဖြစ်မူ အုန်းစိမ်းရည်တွင် သကြားခပ်၍သောက်ပါ။ တစ်နေ့လျှင် (၃) ကြိမ်မျှ သင့်ရုံသောက်လျှင် အထက်ပါရောဂါ များ ပျောက်ကင်းစေသည့်အပြင် ကိုယ်၌ ပူလောင်ခြင်းကိုလည်း ငြိမ်းစေတတ်သည်။ နှလုံးရောဂါနှင့် စပ်လျဉ်းသည့် ရောဂါ များကိုလည်း ပျောက်ကင်းစေနိုင်သည်။

သတိမေ့လျော့ခြင်းနှင့် ရေငတ်ခြင်းရောဂါ
အုန်းစိမ်းမနုမရင့် အလတ်စားအရည်ကို တစ်နေ့(၃)ကြိမ်မျှသောက်ပါက ရေငတ်ပြေစေ၍ သတိတရားလည်းများစွာ ကောင်းနိုင်သည်။


မိုးသီတာဝင်း (တိုင်းရင်းဆေးသိပ္ပံ)
မှီးငြမ်းကိုးကားသော စာအုပ်များ
(၁) ပုံပြဆေးအဘိဓာန် (စတုတ္ထတွဲ) (ရှင်နာဂသေနာဘိဝံသ)
(၂) အဟာရစွယ်စုံအဘိဓာန်(ဦးမျိုးညွန့်ဦး)
(၃) တိုင်းရင်းဆေးနှင့် ပတ်သက်၍ မဟာသိပ္ပံဘွဲ့များအတွက် တင်သွင်းခဲ့သော ကျမ်းကြီးများ၏ စာတမ်းအကျဉ်း (၁၉၇၄ မှ ၁၉၉၆) (ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန)

From: Health Digest Journal Vol. 7, No (1) – Oct (14), 2009.

Tuesday, November 3, 2009

Let's visit to around the myanmar

ရခိုင်မြောက်ပိုင်းမှ အထင်ကရနေရာတစ်ခု (သို့မဟုတ်) စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ဘုရား

ဗုဒ္ဓဘုရားရှင်၏ ဗျာဒိတ်တော်ခံ ရခိုင်ပြည်မှာ လက်ခံရရှိထားသည့် တော၊တောင်၊သဘာဝမြစ်၊ချောင်း၊အင်းအိုင်နှင့် သွား ရောက်လေ့လာမှုပြုနိုင်သည့် လည်ပတ်နိုင်သည့် အထင်ကရနေရာများမှာ ဒေသအသီးသီး၌ပင် တည်ရှိနေသည်။ ယခုကဲ့ သို့ စိတ်ဝင်စားဖွယ်ရာ၊ နေရာများ တော၊တောင် သဘာဝရှုခင်းများ လေ့လာမှုပြုလုပ်သည့် အထင်ကရနေရာများပေါများစွာ တည်ရှိနေခြင်းကြောင့် ရခိုင်ဒေသခံများက ဂေါတမဗုဒ္ဓဘုရား၏ ဗျာဒိတ်တော်ခံ ဒေသတစ်ခုအဖြစ် ယုံကြည်နေကြ ခြင်းဖြစ်ပေလိမ့်မည်။


ထိုသို့ သဘာဝတရားနှင့် သဘာဝအလှများကို ကြည့်ရှုခံစားနိုင်မည့် အထင်ကရနေရာတစ်ခုမှာ ရခိုင်ပြည်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ပုထိုးတော်ဖြစ်သည်။
အဆိုပါ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင်ဒုံးသိမ်ပုထိုးသို့လာရောက်လည်ပတ်လိုသူများအနေဖြင့် ရခိုင်ပြည်နယ်၏ အလယ် ဆုံမှတ်မြို့ဖြစ်သည့် စစ်တွေမြို့သို့ ဦးစွာပထမ လာရောက်ကြရမည်ဖြစ်သည်။ စစ်တွေမြို့သို့လာရောက်လိုသူများမှာ လေ ကြောင်းခရီး၊ ကုန်းလမ်းခရီးနှင့် ရေလမ်းခရီးသုံးခုစလုံးဖြင့် လာရောက်နိုင်သည့် မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့သို့ရောက်ပြီဆိုပါက စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်သို့ နေ့စဉ်ပြေးဆွဲနေသည့် ပြည်တွင်းရေကြောင်း သင်္ဘောဖြင့် ခရီးဆက်ရမည်ဖြစ်သည်။ ပြည်တွင်း သင်္ဘောစီး၍ စစ်တွေမှ ဘူးသီးတောင်သို့ရောက်ပါက ဘူးသီးတောင်မြို့ ၌ပင် ခရီးနားကြရမည်ဖြစ်သည်။ ဘူးသီးတောင်မြို့မှာ ကမ်းရိုးတန်းဆိပ်ကမ်းမြို့တစ်မြို့ဖြစ်သည့်အတွက် ဧည့်သည်များ တည်းခိုနိုင်ရန် သင်္ဘောဆိပ်အနီးတွင် တည်းခိုခန်းများဖွင့်လှစ်ထားရှိသည်။ ဘူးသီးတောင်မြို့တွင် တစ်ညခရီးနားပြီးပါက နောက်တစ်ရက်ဆိုလျှင် စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင် ဒုံးသိမ်ဘုရားသို့ ခရီးဆက်နိုင်ပေသည်။

စိုင်းဒင်ရေတံခွန်နှင့် ဒုံးသိမ်ဘုရားသို့ သွားရောက်မည်ဆိုပါက ဘူးသီးတောင်စက်လှေဆိပ်ကမ်းမှ စက်လှေငယ်များ ငှားရမ်းသွားကြရမည်။ လမ်းခရီးတွင် စားသောက်ရန် ထမင်း၊ဟင်းလျာ၊သရေစာနှင့် ရေများကိုပါ တစ်ပါတည်းယူ ဆောင်သွားကြရမည်။ စက်လှေမှာ နံနက်၇နာရီမှစတင်၍ မယူ၊ မြစ်အတိုင်းအရှေ့ဘက်သို့ခရီးဆက်ပါက ၂နာရီခန့် အကြာတွင် စိုင်းဒင်ချောင်းဝကို ဦးစွာပထမတွေ့ရမည်။ စိုင်းဒင်ချောင်းဝမှဆက်၍ ခရီးဆက်လျှင် ချောင်းတစ်လျှောက် စိုင်းဒင်မှ မျှောချလာသည့် ၀ါးဖောင်များနှင့် ကမ်းနားကျေးလက်ဒေသများ၏ လူနေမှုဓလေ့စရိုက်တို့ကို ကြည့်ရှုခံစား ကြရပေမည်။ ထို့နောက် စိုင်းဒင်ချောင်းတစ်လျှောက် တော၊ တောင်များတွင် သဘာဝအလျှောက်ပေါက်ရောက်နေသည့် ခရင်ဝါးတောများကိုလည်း မြင်မဆုံးတွေ့ကြရပေမည်။ သမိုင်းဝင်ဒုံးသိမ်ပုထိုးတော်မှာ စိုင်းတင်ရေတံခွန်သို့မရောက်မီ လမ်းခုလတ်တွင်တည်ရှိနေပြီး၊ ဘုရားဖူးခရီးသည်များမှာ စိုင်းဒင်မှအပြန်တွင် ၀င်ရောက်ဖူးမြော်လေ့ရှိသည်။ တချို့မှာ ဒုံးသိမ်ပုထိုးတော်ရှိရာသို့ ဘူးသီးတောင်တစ်ဖက်ကမ်း ကုန်းလမ်းဖြင့်လည်း သွားရောက်တတ်ကြသည်။

မယူမြစ်၊စိုင်းဒင်ချောင်းဝ မှချောင်းတစ်လျှောက် စီးနင်းလိုက်ပါပြီး စိုင်းဒင်ချောင်းဆုံးသောအခါ စိုင်းဒင်သဘာဝ ရေတံခွန် ကိုတွေ့ကြရမည်။ အဆိုပါ ရေတံခွန်မှာ နွေ၊မိုး၊ဆောင်း သုံးရာသီစလုံး စီးဆင်းနေပြီး၊ အဆင့်သုံးဆင့်စီးကျနေသည်ကို တွေ့ရမည်။ ရေတံခွန်၏ သုံးဆင့်မြောက်တွင် ၃၅မိုင်ရှည်လျားသည့် ချောင်းကြီးတစ်ချောင်းကို တွေ့ရမည်ဖြစ်ပြီး၊ ရေတံခွန်အမြင့်မှာ ပေ၇၀ခန့်ရှိသည်။
စိုင်းဒင်ရေတံခွန်သို့ ရောက်ပါက၀ါးခုတ်သမားများ ၀ါးစည်းများမျှောချနေပုံ၊ ၀ါးခုတ်၍ ချလာပုံတို့ကို လေ့လာတွေ့ရှိရ ပေမည်။ ထို့နောက် ရေတံခွန်တွင် ရေဆင်းချိုးနိုင်ပြီး၊ ၀ါးဖောင်များလည်း စီးနိုင်ကြသည်။ ရေမိုးချိုးပြီးပါက ပါလာသည့် ထမင်း၊ဟင်းလျာများကို ရေတံခွန်၌ပင် စားကြသည်။

စိုင်းဒင်ရေတံခွန်မှ အပြန်ခရီးတွင် သမိုင်းဝင် ဒုံးသိမ်ပုထိုးတော်သို့ ခရီးဆက်ကြရပေမည်။ အဆိုပါဒုံးသိမ်ပုထိုးတော်မှာ ကြာညိုပြင်ကျေးရွာအနီးတွင် တည်ရှိနေပြီး စက်လှေဆိပ်မှခြေလျင် မိနစ်နှစ်ဆယ်ခန့်သွားကြရမည်။ ဒုံးသိမ်ပုထိုးတော်မှာ မြောက်ဦးမြို့ရှိ ရှေးဟောင်းသမိုင်းဝင်ထုက္ကံသိမ်ပုထိုးတော်နှင့် ပုံသဏ္ဍာန်တူနေသည်ကို တွေ့မြင်ကြရမည်။ ပုထိုးတော်မှာ မြေပြန့်တွင်တည်ရှိနေခြင်းကြောင့် ခရီးသွားများအေးအေးသက်သာ သွားရောက်ဖူးမြော်နိုင်သည့် ပုထိုးတော်တစ်ဆူ ဖြစ် သည်။ ပုထိုးတော်၏လက်ရာမှာလည်း မြောက်ဦးခေတ်လက်ရာများဟု သုတေသီများကဆိုကြသည်။ ဒုံးသိမ်ပုထိုးတော် အနီးပတ်ဝန်းကျင်တွင် ဥာဏ်တော်အရွယ်အစားအမျိုးမျိုးရှိသော ဆင်းတုတော်များ၏ ဦးခေါင်းတော်၊ ခန္ဓာကိုယ် အစိတ် အပိုင်းတို့ကိုလည်း တွေ့မြင်ကြရမည်။ ထို့နောက် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးမှ ဘီလူးရုပ်နှင့်တူသော ဘီလူး ခေါင်းပုံစံလက်ရာသန့်တစ်ခု၊ အရှည်ခြောက်ပေကျော်ကျယ်သော ဘီလူးကြီး၏ ပါးစပ်ပေါက်ကျော်ဆစ်လက်ရာများကို လည်း ထူးခြားစွာတွေ့ရှိရမည်ဖြစ်ပေသည်။

ဒုံးသိမ်ပုထိုးတော်နှင့် စပ်လျဉ်း၍ တချို့မှာ မင်းဗာကြီးသည် တိုင်းပြည်ကို ထုတ်ကန့်သည့်အနေဖြင့် ထုတ်သိမ်တည်ရာမှ ကာလကြာသော် ဒုံးသိမ်အဖြစ်ပြောင်းလဲလာကြောင်း၊ တချို့မှာ စန္ဒ၀ိဇယမင်း(တုံးညို)ကတည်ထားခဲ့သဖြင့် တုံးသိမ်မှ ကာလကြာသော် ဒုံးသိမ်အဖြစ် ခေါ်ဝေါ်လာခဲ့ခြင်းဖြစ်သည် ဟုဆိုကြသည်။
အဆိုပါ ဒုံးသိမ်ပုထိုးတော်ကို ကြည်ညိုဖူးမြော်ပြီးပါက မယူမြစ်အတိုင်း ဘူးသီးတောင်မြို့သို့ပြန်လည် အနားယူကြရမည် ဖြစ်ပြီး၊ နောက်တစ်နေ့တွင် အိမ်အပြန်ခရီးကို စတင်နိုင်ကြသည်။ ထိုသို့မဟုတ်ဘဲ ခရီးရက်ရှည်နေလိုသူများအနေဖြင့် ဘူးသီးတောင်မြို့၏ အထင်ကရစေတီတစ်ဆူမြို့၏ အထင်ကရစေတီတစ်ဆူဖြစ်သည့် လေးမျက်နှာစေတီသို့လည်း သွားရောက်ဖူးမြော်နိုင်ကြမည်။ စိုင်းဒင်ရေတံခွန်နှင့် သမိုင်းဝင် ဒုံးသိမ်ပုထိုးတော်သို့လာရောက်လည်ပတ်လေ့လာသူများ အတွက် အကောင်းဆုံးအချိန်မှာ ဆောင်းတွင်းကာလဖြစ်ပါသည်။

ရေပေါ်အိမ်လေးတွေနဲ့ နောင်အင်းလေး
အင်းလေးကန်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်မှာရှိပြီး တောင်ကြီးမြို့နဲ့ ၁၉မိုင်ကွာဝေးပါတယ်။ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်တာကြောင့် ရာသီမရွေးသွားလို့ရတယ်။ ညောင်ရွှေမြို့ကနေ အင်းထဲကို စက်လှေ စီးသွားရ တယ်။ ညောင်ရွှေမြို့ဝင်ပြီး သိပ်မကြာခင်မှာပဲ စက်လှေဆိပ်တွေနဲ့ ဧည့်သည်ခေါ်တဲ့ စက်လှေသမားတွေကို တွေ့ရမှာပါ။

အပေါင်းအဖော်များနဲ့ ပျော်ရွှင်ဖွယ်
အင်းလေးကန်ဟာ အလျား၁၃မိုင် ၊ အနံ့လေးမိုင်ကျယ်ဝန်းပါတယ်။ အရင်က အင်းလေးကန်ဟာ သည်ထက်မက ကျယ် ၀န်းခဲ့ပေမဲ့ ယခုအခါ နုန်းမြေပို့ချမှုတွေကြောင့် အင်းကောစပြုလာတယ်။ ရေတက်ချိန်ဖြစ်တဲ့ ၀ါဆို၊ ၀ါခေါင်လတွေမှာ အင်းလေးကန်ရဲ့ အနက်ဟာ ပျမ်းမျှ ၁၀ပေလောက်ရှိပြီး ရေကျချိန်မှာတော့ ပျမ်းမျှ ငါးပေလောက်သာ ရှိတယ်။ အင်းလေးကန်ထဲမှာ ရွာပေါင်း ၂၀၀ ၀န်းကျင်တည်ရှိတယ်။ ခြေတံရှည်အိမ်တွေဆောက်ပြီး တိုင်းရင်းသားတွေ နေထိုင် ကြတာပါ။ အများစုကတော့ အင်းသားတွေဖြစ်ကြပါတယ်။

အင်းသူ၊အင်းသားတွေဟာ ရေခြံလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ရက်ကန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ပန်းထိမ် လုပ်ငန်းတွေနဲ့လည်း အသက်မွေးကြတယ်။ ရေခြံလုပ်ငန်းဆိုတာ အင်းထဲက ကျွန်းမျောတွေပေါ်မှာ ခရမ်းသီး၊ ခရမ်း ချဉ်သီး၊ ပန်းမုန်လာစတဲ့ သီးနှံပင်တွေကို စိုက်ပျိုးကြတဲ့လုပ်ငန်းတွေကို ခေါ်ဆိုတာဖြစ်တယ်။ အင်းလေးဒေသကထွက်တဲ့ ခရမ်းချဉ်သီးဟာ ချက်ရတာလွယ်တဲ့အတွက် အင်းသီးဆိုပြီး မြေပြန့်ဒေသက အိမ်ရှင်မတွေအကြိုက်တွေ့ကြတယ်။

အင်းလေးဟာ ရေပေါ်မြို့လေးလို ဖြစ်နေတဲ့အတွက် ဒေသခံတွေဟာ တစ်နေရာနဲ့တစ်နေရာ လှေလေးတွေနဲ့ သွားကြ ရတယ်။ လှေကိုလက်နဲ့လှော်ကြသလို ခြေထောက်နဲ့လည်း ကျွမ်းကျွမ်းကျင်ကျင် လှော်ပြီး သွားကြတယ်။ ခြေထောက်နဲ့လှော်တဲ့ အင်းသားတွေရဲ့ လှေလှော်ပြိုင်ပွဲကို အင်းလေးဖောင်တော်ဦးဘုရားပွဲ ကျင်းပတဲ့ သီတင်းကျွတ်လ မှာ နှစ်စဉ်ပြုလုပ်လေ့ရှိတယ်။

အင်းထဲမှာ ငါးရက်တစ်ခါပြုလုပ်တဲ့ နမ့်ပန်ဈေး၊ ဟဲယာ ရွာမဈေး စတဲ့အလှည့်ကျရေပေါ်ဈေးတွေရှိတယ်။ ငါးရက်မှတစ်ခါ ပြုလုပ်တဲ့အတွက် ဈေးနေ့တွေမှာ စည်ကားတယ်။ တစ်အင်းလုံးရှိရွာတွေက အရောင်းအ၀ယ်လာကြတဲ့အပြင် ညောင်ရွှေ၊ ဖယ်ခုံ၊မိုးဗြဲ၊လွိုင်ကော်ဒေသတွေက လာတဲ့ဈေးသည်တွေလည်းစုံလှတယ်။ ရေပေါ်ဈေးမှာ အင်းသူ၊ အင်းသားတွေရဲ့ ချစ် စရာကောင်းတဲ့ ရောင်းဝယ်ဖောက်ကားမှုတွေကိုမြင်တွေ့ရတယ်။
မြင့်မားတဲ့တောင်တန်း ကျယ်ပြန့်တဲ့ရေပြင်
အင်းလေးကန်ကို စိမ်းညို့ညို့တောင်တန်းကြီးတွေက ပတ်လည်ဝိုင်းထားတယ်။ စိမ်းဖန့်ဖန့်ရေပြင်ကျယ်မှာ ကျွန်းမျော စိုက်ခင်းတွေ၊ ခြေတံရှည်အိမ်လေးတွေက အင်းလေးရဲ့အမှတ်အသားတစ်ခုလိုဖြစ်နေပါတယ်။ အင်းလေးကန်ရဲ့အလှကို နေက်ထပ်ဖြည့်ဆည်းပေးနေတာကတော့ ဆောင်းခိုငှက်လို့ခေါ်တဲ့ စင်ရော်ငှက်လေးတွေဖြစ်တယ်။

စင်ရော်ငှက်လေးတွေဟာ ဆောင်းအ၀င်မှာ အင်းလေးကန်ထဲကို ရောက်လာတတ်ပြီး မိုးရာသီရောက်ရင်တော့ ပင်လယ် ကိုပျံသွားတတ်ကြတယ်။ စင်ရော်ငှက်တွေက လူတွေနဲ့စိမ်းမနေဘဲ စက်လှေအနောက်ကနေ ပျံဝဲလိုက်ပါလာတတ်တယ်။ လူတွေကအစာကျွေးတဲ့အခါမှာလည်း အစာတွေကို အမိအရ ဖမ်းယူစားကြတဲ့ အတွက် စိတ်ကြည်နူးစရာကောင်းလှတယ်။ အင်းထဲကိုလာတဲ့ ခရီးသွားဧည့်သည်တွေ လည်ပတ်ကြရင်း ထမင်းစားနားဖို့ရာ စားသောက်ဆိုင်တွေနဲ့ တည်းခိုလို့ရတဲ့ ဟိုတယ်တွေရှိတယ်။

တစ်မူးရှိလို့ တစ်ပဲလှူ
အင်းလေးဒေသမှာ အလောင်းစည်သူမင်း တည်ထားခဲ့တဲ့စေတီပုထိုးပေါင်း ၁၉ဆူရှိပြီး ဖောင်တော်ဦးဘုရားနဲ့ အလို တော်ပေါက်ဘုရားတွေဟာ ထင်ရှားတယ်။ ဖောင်တော်ဦးဘုရားဟာ အင်းလေးဒေသ နန်းဟူးရွာမှာတည်ရှိပါတယ်။ စက်လှေဆိပ်ကနေ ဖောင်တော်ဦးဘုရားကို လေးဆယ့်ငါးမိနစ်လောက် စက်လှေစီးရပါတယ်။ အင်းရေပြင်ကို ဖြတ်နေ ချိန်မှာ အေးမြလတ်ဆတ်တဲ့လေနုအေး၊ မှိုင်းညှို့လှတဲ့ ရှမ်းရိုးမတောင်တန်းတွေက ခရီးသွားဧည့်သည်တွေကို ညှို့ယူ ဖမ်းစားနေတယ်။ ရေပေါ်မှာ ခမ်းခမ်းနားနားတည်ဆောက်ထားတဲ့ ဖောင်တော်ဦးဘုရားကို မြင်ရသူတိုင်းက အထူးအဆန်း ဖြစ်ကြတယ်။

ဖောင်တော်ဦးဘုရားရောက်တာနဲ့ ဂန္ဓာကုဋီတိုက်တော် အတွင်းမှာ ရွှေတွေအိနေအောင်ချထားတဲ့ ဘုရားဆင်းတုတော် ငါးဆူအပူဇော်ခံထားတာကို ဖူးတွေ့ရမှာပါ။ ဖောင်တော်ဦးဘုရားက ဘုရားဆင်းတုတော်တွေရဲ့ ဒေသစာရီလှည့်လည် အပူဇော်ခံပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ရက်နေ့ကနေ သီတင်းကျွတ်လပြည့်ကျော် ၃ရက်နေ့အထိ နှစ်စဉ် ကျင်းပပါ တယ်။ ဒေသစာရီကြွချီအပူဇော်ခံရာမှာ ဘုရားဆင်းတုတော် ငါးဆူအနက် လေးဆူသာပင့်ဆောင် အပူဇော်ခံလေ့ရှိပါတယ်။

ဖော်တော်ဦးဘုရားကနေ ၁၅မိနစ်လောက် စက်လှေစီးသွားတဲ့အခါ နန်းပန်ရွာမှာရှိတဲ့ အလိုတော်ပေါက်ဘုရားကို ရောက်ပါ တယ်။ အလိုတော်ပေါက်ဘုရားနဲ့ ခပ်လှမ်းလှမ်းမှာ ငါးဖယ်ချောင်းကျောင်းလို့ ခေါ်တဲ့ရှေးဟောင်းကျောင်းအိုကြီး တစ် ကျောင်းရှိပါတယ်။ ငါးဖယ်ချောင်းရွာဦးမှာ ရှိပြီး အဲသည့်ကျောင်းက ကြောင်လေးတွေဟာ လူတွေနဲ့ယဉ်ပါးကြတယ်။ ကြိမ်ကွင်းလေးတွေကို ထောင်ပြပြီး ခုန်ခိုင်းရင်လည်းခုန်ပြကြလို့ ကြောင်ခုန်ကျောင်းလို့လည်းခေါ်ကြတယ်။ ပြည်တွင်း၊ ပြည်ပဘုရားဖူးတွေက လူကခိုင်းလို့ကြောင်တွေက ခုန်ပြတာကို တအံ့တသြဖြစ်ကြရတယ်။

ရေပူစမ်းမှာ နားနားနေနေ
အင်းလေးခေါင်တိုင်ရွာအနီးက သဘာဝအလျောက်ဖြစ်နေတဲ့ ဟူပင်ရေပူစမ်းဟာလည်း ဒေသခံလူတွေနဲ့ အင်းလေးလာ ဧည့်သည်တွေ ခဏတာဝင်ရောက်အပန်းဖြေလေ့ရှိကြတယ်။ ဟူပင်ရေပူစမ်းနဲ့ မျက်နှာချင်းဆိုင် တောင်ကနေ သဘာဝ အလျောက် အပူချိန် ၇၀°C (ဒီဂရီစင်တီဂရိတ်)ရှိတဲ့ ရေပူတွေထွက်တယ်လို့ သိရတယ်။ အဲသည်ရေပူတွေကို တစ်ညလုံး အအေးခံလိုက်တဲ့အခါ အပူချိန်ဟာ ၄၀°C ပဲရှိတော့တယ်လို့ဆိုတယ်။
အအေးခံပြီးသားရေပူတွေကို ရေပူစမ်းလာဧည့်သည်တွေသုံးဖို့ ရေချိုးကန်တွေထဲကိုထည့်ပေးထားတယ်။

ရေပူစမ်းစိမ်ခါနီး သတိပြုရမယ့်အချက်တွေနဲ့ ခံစားရမယ့်အကျိုးကျေးဇူးတွေကို ဆိုင်းဘုတ်တွေမှာရေးထားတာတွေ့ရတယ်။ရေပူစမ်းစိမ်ရင် အညောင်းအညာပြေတယ်၊ သွေးလည်ပတ်မှုကောင်းတယ်ဆိုပြီးစိမ်ကြတယ်။ ရေပူစမ်းစိမ်ပြီး အပန်းဖြေချင်သူတွေ အတွက် သီးသန့်ခန်း၊ မိသားစုခန်းနဲ့ အများသုံးအခန်းမှာဆိုပြီး ထားပေးထားတယ်။ ရေပူစမ်းစိမ်ခတွေက တစ်ယောက်ကို အများသုံးအခန်းမှာဆိုရင် ကျပ်၅၀၀ပါ။ သီးသန့်ခန်းက ကျပ်၁၀၀၀ဖြစ်ပြီး၊ မိသားစုခန်းက ကျပ်၁၅၀၀ပါ။ အမျိုးသားခန်း၊ အမျိုးသမီးခန်းဆိုပြီး သီးခြားစီခွဲထားပေးပါတယ်။

ဝယ်ပါ စားပါ လေ့လာပါ
အင်းလေးကန်တစ်လျှောက်လုံးမှာ လှေဆိပ်တွေရှိပြီး ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ငါးဖယ်ချောင်း ကျောင်းနဲ့ အင်းထဲကို လည်မယ်ဆိုရင် စက်လှေငှားခက ကျပ် ၂၅၀၀၀ရှိတယ်။ အင်းထဲကို လိုင်းစက်လှေ တွေပြေးဆွဲ နေပြီ။ နေရာအနီးအဝေးကိုလိုက်ပြီး ကျပ်ငါးရာ၊ တစ်ထောင်ရှိတယ်လို့သိရတယ်။ အင်းလေးကိုရောက်တဲ့အခါ ရက်ကန်း လုပ်ငန်း၊ ပန်းထိမ်လုပ်ငန်း၊ ပန်းပဲလုပ်ငန်းတွေနဲ့ ကျွန်းမျောစိုက်ခင်းတွေကို ၀င်ရောက်လေ့လာနိုင်ပါတယ်။

အင်းလေးဒေသထွက် ချည်ထည် ရိုးရာအ၀တ်အထည်တွေဟာ ခရီးသွားဧည့်သည်တွေအတွက် ၀ယ်ချင်စရာ ကောင်း လောက်အောင် ပေါများလှတယ်။ ခေတ်နဲ့အညီ ချုပ်လုပ်ထားတဲ့ အမျိုးသမီးသုံး ဘေးလွယ်အိတ်တွေနဲ့ ဦးထုပ်တွေက လည်း မျက်စိကျစရာကောင်းတယ်။ တစ်ရွာလုံးနီးပါး ရက်ကန်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ အင်းပေါ့ခုန်ရွာက ပိုးထည်တွေ ဟာလည်း နာမည်ကြီးတယ်။

စိုက်ပျိုးရေးလုပ်ငန်းသုံး သံထည်တွေကအစ ကတ်ကြေး၊ ဓား၊အုန်းခြစ်၊ မီးဖိုချောင်သုံးသံထည်တွေကို အင်းထဲရောက်တဲ့ အခါဝယ်ယူကြတယ်။ အင်းလေးဒေသထွက်ပစ္စည်းတွေကိုဖောင်တော်ဦးဘုရားနဲ့ အလိုတော်ပေါက်ဘုရားရင်ပြင်ပေါ်က ဈေးတန်းတွေမှာဝယ်ယူလို့ရပါတယ်။

'လာပါ၊၀ယ်ကြည့်ပါ' ဆိုတဲ့ အင်းလေးသံဝဲ၀ဲလေးတွေနဲ့ခေါ်တဲ့အသံကိုလည်းကြားရမှာပါ။
ဖောင်တော်ဦးဘုရားရင်ပြင်ပေါ်က ဈေးတန်းလေးမှာ ငါးထမင်း၊ဟင်းထုပ်၊အင်းသားမုန့်တီဟင်းစတဲ့ ရိုးရာအစားအစာတွေ ကို စားလို့ရတယ်။ အင်းသားအစားအစာတစ်မျိုးဖြစ်တဲ့ ငါးဒုက္ခဟင်းဟာလည်း ကြားရတာနဲ့တင် စိတ်ဝင်စားစရာ ကောင်း လှတယ်။

ဈေးတန်းလေးမှာပဲ လုံးပတ်လက်ညှိုးလောက်ရှိပြီး တစ်တောင်လောက် အရှည်ရှိတဲ့ ကျူပေါင်းတင်လေး တွေကို အစည်း လိုက်ရောင်းချတာတွေ့ရတယ်။မြေပြန့်ဒေသက ပေါင်းတင်း(ခဲတံချောင်း)ကို ၀ါးနဲ့ပြုလုပ်ကြတာပါ။ သည်မှာက ပေါင်းတင်း ကို ကျူရိုးနဲ့လုပ်ထားတာကို ထူးထူးခြားခြားတွေ့ရတယ်။ ကျူရိုးတွေဟာ အင်းလေးကန်ရဲ့ ရေသန့်တဲ့နေရာတွေမှာသာ ပေါက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နောင်အင်းလေးမှဖိတ်ခေါ်
အင်းလေးဒေသဟာ ရာသီမရွေးသွားလို့ရပြီး ဆယ့်နှစ်လရာသီဧည့်သည်မပြတ်တဲ့ဒေသဖြစ်ပါတယ်။ ဖော်ရွေတဲ့ အပြုံးပိုင်ရှင်တွေ၊ အရသာထူးတဲ့ စားသောက်ဖွယ်ရာတွေ၊ လှပတဲ့ရှုခင်းတွေကြောင့် တစ်ခေါက်သွားပြီးရင် နောက်တစ်ခေါက် ထပ်ရောက်ချင်တဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။

ရေတံခွန်စိမ့်စမ်းတွေပေါများလှတဲ့ တို့မြေမှာ စိမ့်စမ်းရေတံခွန်တွေ မကောသွားစေဖို့ သစ်တောတွေ ထိန်းသိမ်း၊ ပလတ်စတစ်အမှိုက်တွေ စည်းကမ်းမဲ့ပစ်မချကြဖို့ လုပ်ဆောင်နိုင် လိုက်နာနိုင်ကြရင် အကောင်းဆုံးပါပဲလို့တွေးမိပါတယ်။
စိမ်းစိုသာယာတင့်မောတဲ့ တို့မြေဖြစ်ချင်ပါတယ်.....

ဇာနည်