'ကွန်ပျူတာ ပြင်ခိုင်းထားတာ ရပြီလား'
'အလုပ်တွေ နည်းနည်းများနေလို့ ညနေလောက်လာယူပါလား'
'ဘယ်အချိန်လာရမလဲ'
'၅း၀၀နာရီဆိုရင် လာယူလိုရပါပြီ'
ကွန်ပျူတာပြင်ရန်လာ၍အပ်ထားသူ၏ မျက်နှာပေါ်တွှု ဘ၀င်မကျမှုက အထင်းသားပေါ်နေသည်။ မှန်ပါသည်။ အခုခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းများက အသုံးမတည့်သူအတွက် အရေးမပါဟန်ရှိသော်လည်း သုံးတတ်သူသုံးနေသူအတွက် နေ့ကိုညကူး၍ မခွဲခွာနိုင်၊ မခွဲခွာရက် ခုပြင် ခုလိုချင်သည်။
ကျွန်တော်က အေးကိုဘက်လှည့်ကာ
'သူငယ်ချင်းမြင်တဲ့အတိုင်းပဲ၊ အားလုံးက just do it.. ပဲ'
X��������� x���������� x
ကျောင်းမှ ဘွဲ့အသီးသီးရရှိကြပြီးနောက် ကျွန်တော်နှင့် အေးကိုတို့ ရန်ကုန်မြို့ကြီးကို တက်ကာ ကွန်ပျူတာသင်တန်း၊ အီလက်ထရွန်းနစ် သင်တန်းမျိုးစုံတက်ခဲ့ကြသည်။ အသက်မွေး၍ ၀မ်းကျောင်းရန်ဟူသော ရည်ရွယ်ချက်ကိုယ်စီနှင့်။
ထို့နောက် ကိုယ့်မြို့ကိုယ်ပြန်၊ ဆိုင်ကလေးတွေ ဖွင့်ကြသည်။ အဆင်ပြေပါသည်။ ခေတ်ကိုက အိုင်တီခေတ်ပေကိုး။ အဓိကကတော့ စာစီစာရိုက်နှင့် မိတ္တူကူးလုပ်ငန်း။ ခုဆိုင်တွေများလာတော့ ဟန်းဖုန်း အမ်ပီသရီး၊ အမ်ပီဖိုးပြုပြင် အသံသွင်းလုပ်ငန်း ပိုလာသည်။
လုပ်ရကိုင်ရ အဆင်ပြေလာသော်လည်း ဆိုင်ဝန်ထမ်းပြဿနာက မပြေမလည်ဖြစ်လာသည်။ လုပ်သက်ရလာတော့သူတို့အလုပ်ကို တတ်သည်ကျွမ်းကျင်သည်ဟု သူတို့ထင်လာကြသည်။ အရင်းအနှီးရှိသူကဆိုင်ခွဲဖွင့်သည်။ တချို့က လစာပို၍များများရသောဆိုင်များ၊ နိုင်ငံခြားအဖွဲ့အစည်းများသို့ ကူးပြောင်းသွားကြသည်။ နောက်ဆုံး လူဟောင်းကျွန်တော်နှင့် တပည့်လက်သစ်များသာကျန်သည်။ ထို့ကြောင့် ကျွန်တော်သည် မနက်မိုးလင်းမှ နေ၀င်ချိန်အထိ ဆိုင်စောင့်နတ်ကြီးဖြစ်နေလေတော့သည်။
အလုပ်မတွင်ကျယ်သည့် အထဲ အသံမလာလို့၊ ခလုတ်ကလေးပြုတ်နေလို့၊ အဖုံးပြုတ်လို့ စသည် စသည် အသေးအဖွဲများကို အချိန်ကုန်ခံကာ အခမဲ့ကြည့်ပေးရသည် ကလည်းရှိသေးသည်။ လုပ်သက်လည်း ရလာပြီမို့ မိတ်ကလည်းရထားပြီ။ ညဆို ၈း၀၀နာရီ၊ ၉း၀၀နာရီနှင့် အလုပ်ကို သိမ်း၍မရ။
X��������� x���������� x
တစ်ရက် အေးကိုဆိုင်သို့ ရောက်လာသည်။
'မင်းကိုကြည့်ရတာထန်းလျက်ခဲ ခွေးလျက်ခံရသလိုပဲ၊ တဖြည်းဖြည်းနဲ့ လုံးပါးပါးနေပြီ၊ အရိုးပဲကျန်တော့တယ်'
မှန်ပါသည်။ အအိပ်မမှန်၊ အစားမမှန်မှုများစုပေါင်း၍ ကျွန်တော့်ကျန်းမာရေးကို ထိခိုက်စပြုလာကြောင်း သတိထားမိသည်။
'ကူညီပါဦးကွာ၊ မင်းကတော့ ၀၀ဖြိုးဖြိုး စည်စည်ပင်ပင်နဲ့၊ ပြီးတော့ မင်းမှာ သင်တန်းတွေတောင် ဖွင့်ထားသေးတယ်ဆို'
'အင်းကွ၊ အခုငါ့မှာ အသုံးလုံးသင်တန်းပါ တွဲဖွင့်နေတယ်'
'ဘာပြောတယ်'
'မင်းထင်တဲ့ 'အ' သုံးလုံးမဟုတ်ဘူး။ ငါ့အသုံးလုံးက အင်္ဂလိပ်စာ၊အင်တာနက်နဲ့ အီးမေးလ်သင်တန်းတွေကို ပြောတာ'
'အော်ငါ့မှာတော့ တပည့်မမြဲတော့ ဘာမှတိုးချဲ့လို့ မရပါဘူးကွာ'
'ငါလဲ အဲဒီပြဿနာကိုကြုံခဲ့ရတာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ တပည့်မြဲနည်းကို သွားတွေ့တယ်'
'ဆိုစမ်းပါဦး'
'တပည့်မြဲချင်ရင် အလုပ်တွေအများကြီးချဲ့ပြီးလုပ်'
'လုပ်နေတာပဲလေ နေ့မအိပ်ညမအိပ်'
'ဒီတစ်လုပ်တည်းကိုပြောနေတာမဟုတ်ဘူးကွ၊ တပည့်တွေမွေး၊တော်တဲ့ကြိုးစားတဲ့ တပည့်ကိုအလုပ်တာဝန်ခွဲပေး၊ ခံစားခွင့်ကိုလဲ အပြည့်အ၀ပေး၊အဲဒီကဏ္ဍကို ကိုယ်လှည့်ကြည့်စရာ မလိုတော့ဘူး'
'အင်း'
'၀န်ထမ်းကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးမယ်၊ ခံစားခွင့်အပြည့်အ၀ ပေးမယ်ဆို ကုတ်နဲ့ကော်ထုတ်တောင် သွားမှာမဟုတ်ဘူး၊ တို့အလုပ် ရှင် တော်တော်များများက ရသမျှအမြတ်ကို အိတ်ထဲထည့်ဖို့ချည်း စဉ်းစားတယ်၊ ဒါဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သများကြားမှာ စေတနာတွေ သံယောဇဉ်တွေ မှေးမှိန်လာမှာကတော့ ဓမ္မတာပဲ၊ အဲဒီလိုစိတ်ရှိတဲ့လူမျိုးဟာသော့တွဲကြီးခါးချိတ်၊ အိပ်ဆေးသောက်ပြီး အိပ်နေရတဲ့ လူတန်းစားမျိုးဖြစ်သွားမယ်၊ လုပ်ငန်းလဲပိုပြီး တိုးချဲ့နိုင်မှာ မဟုတ်ဘူး၊ တိုးချဲ့ပြီးလုပ်တဲ့ လူတိုင်းဟာ ယုံယုံကြည်ကြည် တာဝန်ပေးကြလို့'
'အင်း...'
'ကိုယ့်ဖို့သာကြည့်တဲ့သူဟာ သေရင် ဆိုင်မှာ တစ္ဆေဖြစ်ရင်ဖြစ် မဖြစ်ရင် ပြိတ္တာဖြစ်ဖို့သေချာတယ်၊ မင်းအလုပ်ကိုချဲ့၊ လုပ်နိုင်တဲ့ ၀န်ထမ်းကို တာဝန်ပေးပြီး စမ်းကြည့်စမ်းပါ၊ ဒါက ငါ့လက်တွေနည်း၊ အခုဆို ငါလွတ်လပ်သွားပြီ'
နောက်တစ်ရက် လေယာဉ်ဖြင့် သူ့ငပလီသို့ ထွက်ခွာသွားသည်။ ပြီးလျှင်ရန်ကုန်သွားမည်။ လိုအပ်သော သင်တန်းများတက်မည်၊ပစ္စည်း များဝယ်မည်ဟုဆိုပါသည်။ ကျွန်တော်သာ အလုပ်အပ်သူများ၏ အပြောခံအဆူခံနှင့် ဆိုင်ခန်းထဲက ပြင်ပကမ္ဘာထဲသို့ ထွက်၍မရောက်။ အတွေးအခေါ်ကွာလျှင် ဘ၀လည်းကွာခြားသွားရပါသော်ကောဟု အတွေးဝင်မိပါတော့သည်။
ခင်မောင်ဝင်း (စစ်တွေ)
--
With Love,
Alex
No comments:
Post a Comment