Tuesday, June 23, 2009

I wanna friend with My ex-bf

အဆက်ဟောင်းတစ်ယောက်နဲ့ မိတ်ဆွေအဖြစ်ဆက်ရှိစေဖို့

ကိုယ့်ရဲ့ချစ်သူကောင်းလေး၊ဒါမှမဟုတ် ကောင်မလေးနဲ့ အဆင်မပြေဖြစ်ပြီးပြတ်သွားကြ တယ်။ ဒါပေမယ့် သူ့ကိုကိုယ်က ဂရုစိုက်နေဆဲပဲ၊သူနဲ့ဆက်ပြီး သူငယ်ချင်းတစ်ယောက်အဖြစ် ရှိနေချင်ဆဲပဲလား။ ဒါမျိုးက တစ်ခါတစ်လေမှာ ဖြစ်တတ် ပါတယ်။ ဒီမှာကိုယ့်အဆက်ဟောင်းနဲ့ဘယ်လိုဆက်ပြီး သူငယ်ချင်းအဖြစ် ရှိနေအောင်လုပ်ရမလဲဆိုတဲ့ လမ်းညွှန်လေးတွေ.....

ဒီလိုဖြစ်ဖို့အတွက် လုပ်ဆောင်ရတာဟာ ခက်ခဲပြီး အချိန်နဲ့ စိတ်ရှည်မှုလည်း အများကြီးလိုအပ်ပါလိမ့်မယ်။

(၁) သူ့ကို ကိုယ်ချစ်တဲ့စိတ်မရှိတော့ဘူးဆိုတာ သေချာအောင်လုပ်ပါ။ အခင်ဆုံးသူငယ်ချင်းတွေအဖြစ် ပြန်နေ ကြဖို့ဆိုရင် လမ်းခွဲအပြီးမှာ နှစ်ယောက်စလုံးအနေနဲ့ ကိုယ့်ကိုယ်ကို ပြန်စုစည်းမှုရှိအောင် အရင်လုပ်ဖို့အတွက် အချိန် လိုအပ်ပါလိမ့်မယ်။

(၂) ကိုယ့်ရဲ့ ရည်ရွယ်ချက်က ကောင်းတယ်ဆိုတာ သေချာပါစေ။ သူ့ကိုစိတ်ညစ်ရအောင် ညှဉ်းပန်းနှိပ်စက်ဖို့ သက် သက်နဲ့၊ ဒါမှမဟုတ် သူနောက်ထပ်တခြားသူတွေနဲ့ မကြိုက်သွားအောင် တားဆီးဖို့အတွက်နဲ့ သူနဲ့မိတ်ဆွေအဖြစ် ဆက်ရှိ နေဖို့ ကြိုးစားတာဆိုရင်တော့ ရေရှည်မှာ နှစ်ယောက်စလုံးအတွက် အကျိုးမရှိနိုင်ပါဘူး။

(၃) သူ့ကို မကြာမကြာစောင့်ကြည့်ဂရုစိုက်ပေးပါ။သူငယ်ချင်းဆန်ဆန် နှုတ်ဆက်တဲ့ မက်ဆေ့ခ်ျလေးတွေ ပို့ပေးပါ။ ဒါမှမဟုတ် သူ့မွေးနေ့မှာ ဖုန်းခေါ်တာမျိုးဖြစ်ဖြစ်ပေါ့။ အခြေအနေဘယ်လိုလဲ၊ ဘာတွေဖြစ်နေလဲဆိုတာမျိုးတွေ မေးပါ။ သူ့ဘ၀မှာ ဘာတွေထပ်ဖြစ်နေလဲ။ ကိုယ်နဲ့ ပြတ်သွားပြီးနောက်ပိုင်းမှာ သူ့မှာဘာတွေပြောင်းလဲလာလဲဆိုတာတွေကို စုံစမ်းပါ။ သူ့ရဲ့သီးသန့်ရပ်တည်မှုကို အထောက်အပံ့ပေးပါ။

(၄) သူ့ကို လူတစ်ယောက်အနေနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်ကိုယ့်မှာ ရှိတဲ့အကြောင်းနဲ့ သူနဲ့သူငယ်ချင်း ဖြစ်ချင်တဲ့အကြောင်း အသိပေးပါ။ တကယ့်သူငယ်ချင်းအစစ်ဖြစ်ချင်တယ်လို့ပြောပြပါ။ သူ့အတွက် ကိုယ်ကချစ်သူ တစ်ယောက်အနေနဲ့ ရှိပေးနိုင်ခဲ့တယ်ဆိုရင် သူ့အတွက် သူငယ်ချင်းတစ်ယောက်အနေနဲ့လည်း နေပေးနိုင်စရာအကြောင်း ရှိပါတယ်။

(၅) သူ့ကို အရမ်းအထာကျတယ်လို့ ထင်တဲ့အကြောင်းပြောပြပါ။ အရေးအကြီးဆုံးကတော့ သူနဲ့ပတ်သက်လို့ ဘာကိုမှ ပြောင်းလဲသွားစေချင်တဲ့ ဆန္ဒ ကိုယ့်မှာမရှိတဲ့အကြောင်းပြောပြဖို့ပါ။ ကိုယ့်ကိုယ်ကို အထင်ကြီးစိတ်ကို မြှင့်တင် ပေးတာဟာ လမ်းခွဲစဉ်က ဒဏ်ရာတွေရဲ့ လက်ကျန်တချို့ကို ပြန်ကုသပေးနိုင်ပါလိမ့်မယ်။

(၆) လိင်ပိုင်းဆိုင်ရာနဲ့ ရင်ခုန်စရာခေါင်းစဉ်တွေကို ရှောင်ကြဉ်ပါ။ နောက်ပြီး အီစီကလီလုပ်ချင်မိတဲ့ စိတ်ကိုလည်း ထိန်းချုပ်ထားပါ။ အထူးသဖြင့် ကိုယ်ကသူငယ်ချင်းအဖြစ် ဆက်ဆံရေးကို ပြန်အသက်သွင်းချင်နေတယ်ဆိုရင်ပေါ့။ ကိုယ်အရင်က ချစ်ကြိုက်ခဲ့ဖူးသူတစ်ယောက်နဲ့ ဒီလိုလုပ်ဖို့ဟာ တကယ်တော့ခက်ခဲမှာပါ။ ဒါပေမယ့် ကိုယ့်စိတ်အာရုံ စူးစိုက်မှုရှိမယ်ဆိုရင် သင်လုပ်နိုင်ပါလိမ့်မယ်။ တစ်ဖက်လူကို ကိုယ်က လမ်းမှားကို မဦးဆောင်မိအောင်နဲ့ သူကလည်း ကိုယ့်ကိုအဲဒီလို စမလုပ်လာအောင် သတိထားပါ။

(၇) အစပိုင်းမှာ သူနဲ့စကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို တိုတိုတုတ်တုတ်ပဲဖြစ်ပါစေ။ ပြီးတော့တကယ်လို့ ဖြစ်နိုင်မယ် ဆိုရင် ဒီစကားပြောဆိုမှု၊ တွေ့ဆုံမှုတွေကို ပျော်စရာကောင်းတဲ့ ဟာသလေးတွေစွက်ပါ။ ကိုယ်ဟာ ဘယ် လောက်အတူတွဲ လို့ ကောင်းတဲ့သူလဲဆိုတာကို သူ့ပြန်အမှတ် ရစေပါ။ ဒါပေမယ့် သူနဲ့ဘယ်လောက်မကြာခဏတွေ့မယ်၊ စကားပြောမယ်ဆို တာတွေကိုတော့ ကိုယ့်ကိုယ်ကို အကန့်အသတ်လုပ်ထားပါ။

(၈) ကိုယ့်ရဲ့ ကိုယ်ပိုင်ပန်းတိုင်တွေကို ရရှိဖို့ ဆက်ကြိုးစားသွားပါ။ အရင်ဇာတ်လမ်းတုန်းကအတိုင်း အနုတ်လက္ခဏာ ဆောင်တဲ့ အကျင့်ဆိုးတွေထဲ ပြန်မနစ်မြှုပ်သွားပါစေနဲ့။ ကိုယ့်အနေနဲ့ ကိုယ်ပိုင်စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်လာစေပြီး ကိုယ့်ရဲ့အဆက်ဟောင်းကိုလည်း ဒီလိုလုပ်ဖို့အားပေးပါ။

(၉) တကယ်လို့ ကိုယ့်ရဲ့အဆက်ဟောင်းက သူငယ်ချင်းအဖြစ် ပြန်နေကြဖို့ ဆန္ဒမရှိဘူးဆိုရင်လည်း သူ့ရဲ့ဆန္ဒကို ကိုယ်ကလေးစားမှုထားပေးရပါမယ်။ နောက်အနာဂတ်မှာတော့ ပြန်ပြီးသူငယ်ချင်းဖြစ်ရင် ဖြစ်လာနိုင်ကြမှာပါ။ ဒါပေမယ့် အခုအချိန်အတွက်တော့ ကိုယ့်ရဲ့ တခြားသူငယ်ချင်းတွေနဲ့ပဲ ပြန်ပြီးအာရုံစိုက်နေလိုက်ပါဦး။


(၁၀) နောက်ပြီး ကိုယ့်အဆက်ဟောင်းက ကိုယ့်ကို တခြားမိတ်ဆွေသူငယ်ချင်းတွေက ကိုယ့်အပေါ်ထားတဲ့ လေးစား ချစ်ခင်မှုမျိုးနဲ့ မဆက်ဆံဘူးဆိုရင်လည်း သူနဲ့ပြန်ပြီး သူငယ်ချင်းဖွဲ့ဖို့ အချိန်ကောင်းမဟုတ်သေးပါဘူး။

အသုံးဝင်မယ့် နည်းကောင်းလေးတွေ
- ကိုယ့်အဆက်ဟောင်းနဲ့ သူငယ်ချင်းလိုပြန်နေဖို့ ကြိုးစားနေတဲ့အကြောင်း ကိုယ့်ရဲ့သူငယ်ချင်းကောင်း တစ်ယောက်ကိုပြောပြပြီး ကိုယ့်ကို ဂရုစိုက်စောင့်ကြည့်ထိန်းသိမ်းပေးခိုင်းပါ။

- ကိုယ့်အဆက်ဟောင်းအပေါ် ခင်မင်မှု၊ကြင်နာမှုရှိပြီး ဆက်ဆံပုံဟာလည်း တစ်သမတ်တည်း ဖြစ်နေပါစေ။ ကိုယ့်ဘ၀မှာ တစ်စိတ်တစ်ပိုင်းအဖြစ် သူပါဝင်နေတဲ့အတွက် ကိုယ်ဝမ်းသာတဲ့ အကြောင်း မကြာခဏပြန်ပြောပေးပါ။

- ကိုယ့်ရဲ့ အချစ်သစ်နဲ့ သွားတွေ့ဖို့အတွက် သူနဲ့ချိန်းထားတာကို မဖျက်ပစ်ပါနဲ့။ သူ့အနေနဲ့ လမ်းခွဲခဲ့ရမှုရဲ့ တချို့အပိုင်းတွေကို စိတ်အစာမကြေဖြစ်နေနိုင်ဆဲဖြစ်ပြီး ကိုယ်နောက်ထပ်အသစ်တစ်ယောက်နဲ့ တွဲနေတာ အပေါ် တစ်မျိုးကြီး ခံစားနေရနိုင်တယ်ဆိုတာ သတိပြုပါ။


- ကိုယ့်အဆက်ဟောင်းက ကိုယ်နဲ့သူငယ်ချင်းမဖြစ်ချင်တော့ဖို့ဟာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ခွင့်လွှတ်နားလည်ပေးပြီး သူ့ကို မေ့ဖျောက် ကိုယ့်ဘ၀နဲ့ကိုယ် ရှေ့ဆက်သွားနိုင်ဖို့ကိုပဲ ကြိုးစားပါတော့။

ဂျွန်မိုးစက်
(Ref: teenadvice.com)

Friday, June 19, 2009

21st century's boy

၂၁ရာစု လူငယ်တွေ မရိုင်းပါဘူးဖေဖေ

ဖေကြီးရေ......
ဒီနေ့ကမ္ဘာကြီးဟာ အလွန်မြန်နေတယ်ဖေကြီးရေ၊ ဒီနေ့လူငယ်တွေဟာ ဟိုးအရင်ကျောက်ခေတ်က အရိုင်းအစိုင်းတွေလို နေထိုင်ဝတ်စားနေတယ်လို့ လူကြီးတွေပြောတာ လုံးဝမမှန်ပါဘူး၊ခေတ်ကိုက မတူတော့တာလေ၊ ခေတ်ဆိုတဲ့အဓိပ္ပာယ်မှာကိုက ပြောင်းလဲခြင်းသဘောတွေ ပါနေတော့တာကိုးဗျ၊ နော်။

တကယ်တော့ လူငယ်တွေက အဆန်းထွင်ပြောင်းတာမဟုတ်ပါဘူး၊ ပတ်ဝန်းကျင်လူနေမှုပုံစံတွေကြောင့် ဒီနေ့လူငယ်တွေ လူနေမှုဟန်ပန်တွေပြောင်းလဲလာတာပါ။ ဒီကနေ့လူငယ်တွေမှာ ကျောင်းမှန်မှန်တက်ပြီး ညနေကျောင်းအပြန် ဘောလုံးဝင်ကန်နေလို့ရတဲ့ ဖေကြီးတို့ခေတ်အခြေအနေမျိုးမဟုတ်တော့ပါဘူး။

ဒီနေ့လူငယ်တွေဟာ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်းဆိုသလို မိုးလင်းမိုးချုပ် စာပြီးရင်းစာလုပ်နေရပါတယ်။ သူတို့မှာ ကစားချိန်မရှိဘူး၊ ကစားကွင်းလည်းမရှိဘူး။ မြို့ထဲနေတဲ့လူငယ်တွေဆို ပိုဆိုးပါတယ်။ သူတို့မှာ ကစားကွင်းဆိုလို့ အိမ်မှာရှိတဲ့ ဖန်သားပြင်ပေါ်က ကစားကွင်းတွေနဲ့ ကြီးပျင်းလာရပါတယ်။ ဒီနေ့လူငယ်တွေတော်တော်များများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်လာရတာသာကြည့်ပါတော့ ဖေကြီးရာ။

ပြီးတော့ ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်းကြီးပြီးရင် အဖေတို့ခေတ်က ကျောင်းဆက်တက်ဖို့ ဒါမှမဟုတ် မိဘလက်ငုပ်လက်ရင်း အလုပ်ကူလုပ်ပြီး ကြီးပြင်းလာရတာပါ။ ဒီခေတ်မှာတော့ လူငယ်တွေက ကျောင်းဆက်တက်ဖို့ထက် လူ့လောကထဲကို စောစောစီးစီး တိုးဝင်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေမှာ ကျောင်းသားဘ၀ခံစားဖို့နေနေသာသာ အလုပ်တစ်ခုရရှိဖို့ပဲ စဉ်းစားလာရတယ်။

ဒီနေ့ခေတ်နည်းပညာက တစ်ဟုန်ထိုးတိုးတက်နေသလို ပြောင်းလဲမှုတွေကလည်း အချိန်နဲ့အမျှပါပဲ။ ဖေကြီးတို့က လူ့လောကထဲ စောရောက်တယ်ဆိုပေမဲ့ လူ့ဘောင်အ၀င်မှာတော့ တချို့အပိုင်းမှ ကျွန်တော်တို့က စောနေပါပြီ။ စောစီးစွာလူ့အကြောင်းတွေ သိလာနေရပါပြီ။ ခေတ်သစ်လုပ်ငန်းတချို့မှာလည်း လူငယ်တွေဦးဆောင်နေပါပြီ ဖေကြီးရာ။ ဒါကြောင့် ဖေကြီးပြောတဲ့ 'ငါပြောသလိုလုပ် ၊ငါလုပ်သလိုမလုပ်နဲ့' ဆိုတာကို သားစဉ်းစားနေတာပါ။

မိဘတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့သားသမီး လမ်းမှားမရောက်အောင် တားဆီးနိုင်တဲ့ ခိုင်းစေနိုင်တဲ့ဆုံးမနိုင်တဲ့ အခွင့်အရေးတွေ ဖေကြီးမှာရှိပါတယ်။ သားလည်းနားထောင်တာပါပဲ။

ခေတ်ချင်းယှဉ်ပြောကြည့်ရင် လမ်းမပေါ်မှာ အဖွဲ့တွေဖွဲ့ပြီး ရိုက်ကြနှက်ကြလုပ်တာမျိုးတွေ ကျွန်တော်တို့ခေတ်မှာ မရှိဘူးဖေကြီး။ သားတို့မရိုင်းပါဘူး၊ ငယ်သူတွေမို့ မဟုတ်မခံပြန်ပြောတတ်၊ လက်တွေ့မဟုတ်ရင် မယုံကြတတ်၊ စူးစမ်းတတ်လို့ မေးခွန်းတွေ ပြန်ထုတ်တာကို ရိုင်းတယ်လို့ ဖေကြီးဆိုတာလား၊ လူကြီးပြောလို့ဆိုပြီး ယုံတတ်အောင် သားတို့စောစောဝင်လိုက်ရတဲ့ လောကကြီးက သင်မပေးထားဘူး။

သားတို့ညီလေးတွေ ညီမလေးတွေဆိုလည်း ရွှေယုန်နဲ့ရွှေကျားပုံပြင်ထက် သဘာဝသိပ္ပံ(ဂေါ်ဇီလာကြီးတွေရှိခဲ့ပုံ)နဲ့ အနာဂတ်သိပ္ပံ(ပင့်ကူလူသား စက်ရုပ်လူသားဆိုတာတွေ) ပုံပြင်တွေကို ကြိုက်တာလားကို ဖေကြီးလည်းကြား နေသိနေသားပဲ။

လူငယ်တွေဆေးလိပ်သောက်ကြတယ်၊ နိုင်ငံခြားထုတ်ဆေးလိပ်ဘူးတွေမှာ ကျန်းမာရေးဆိုးဝါးစွာထိခိုက်နေတဲ့ပုံတွေကို ရိုက်နှိပ်ထားတဲ့အတွက် အဲဒီပုံကိုကြည့်ပြီး ဆေးလိပ်သောက်သုံးမှုလျော့သွားတယ်။ လူငယ်တွေကို စကားတွေအများကြီးပြောတာထက် ထိထိရောက်ရောက် တစ်ခွန်းနှစ်ခွန်းပြော တာကို ပိုလက်ခံတတ်တာ သားဘ၀ကိုဖြတ်သန်းဖူးတဲ့ ဖေကြီးက ပိုသိမှာပါလေ။

လူကြီးတွေက သားတို့ကို ဘုရားမှန်းတရားမှန်း လူကြီးမှန်းမသိတဲ့ကောင်တွေလို ပြောကြပြန်တယ်။ ဘုရားတွေ့တွေ့ ဘုန်းကြီးတွေ့တွေ့ ကုန်းကန်တော့တာ၊ လူကြီးတွေကို အားကိုးယုံကြည်တာ အထင်ကြီးလေးစားတာ သားတို့ပဲ သိပါတယ်။

အ၀တ်အစားနဲ့ ပတ်သက်ပြီးလည်း လူကြီးတွေက ဝေဖန်တာ အပြစ်တင်တာလွန်လို့ပါပဲ။ အတိုအပြတ်အဖော်အပြတွေနဲ့ လူငယ်တွေ လွန်လွန်လွန်းတယ်လို့ပြောကြပါတယ်။ နိုင်ငံတွေက နိုင်ငံသားတွေ ဒွေးရောယှက်တင်ကူးလူးနေတဲ့ ကမ္ဘာ့ရွာထဲမှာနေထိုင် ရုန်းကန်နေကြတဲ့ သားတို့တွေ ရွာထဲက တခြားလူငယ်တွေလိုဝတ်တာ အပြစ်တစ်ခုတော့ မဖြစ်တန်ကောင်းပါဘူးဗျာ၊ တကယ်တော့ မနက်ကနေ ညနေတိုင် အဲဒီလိုဝတ်နေတဲ့ လူငယ်အရေအတွက်ဆိုတာ လူငယ်အားလုံးနဲ့ အချိုးချလိုက်ရင် မပြောပလောက်ပါဘူး။ အထက်တန်းကျောင်းသားတွေ တက္ကသိုလ်ကျောင်းသားတွေဟာ စည်းကမ်းနဲ့အညီ ၀တ်စားဆင်ယင်ကျောင်းတက်ကြရတာပါ။ ကျောင်းအပြန် မမှောင်ခင်ကလေး၊ ကျောင်းပိတ်ရက်ကလေး အပြေးအလွှားဝတ်ကြရတာပါ။ ကျောင်းဆိုတာ ကလပ်မဟုတ်ဘူး ဆိုတာလည်း သားတို့သိသားပဲ။ ဖေကြီးတို့ခေတ်ကလို ပုဆိုးဒယဥ့်တိုက်ဝတ်ပြီး တိုက်ပုံကြီးတကားကားတော့ ၀တ်လို့မဖြစ်တော့ဘူးထင်ပါတယ်။

လူငယ်တွေက အပြောအဆိုနဲ့ ၀တ်စားဆင်ယင်မှုတင်မကဘူး၊ သူတို့နားထောင်နေတဲ့ဂီတတွေကပါ ၀ူးဝူးဝါးဝါးနဲ့ ဆူညံပြီး ဘာဆိုလို့ဆိုမှန်းမသိ၊ ဘာနားထောင်ရမှန်းမသိ၊ ဘာအနုပညာမှ မပါတာလို့ပြောနေတဲ့ ဖေကြီးတို့ကို ပြောချင်တာက ကျွန်တော်တို့အခြေအနေနဲ့ ကျွန်တော်တို့လက်ရှိဘ၀တွေနဲ့ ညီညွတ်လို့ ကျွန်တော်တို့ လက်ခံကြတာပါလို့ပဲ ပြောရတော့ မှာပါပဲ။ ဖေကြီးတို့ တစ်ခေတ်က နားထောင်ခဲ့ပြီး သားတို့ခေတ်မှာ ပီပီပြင်ပြင်နေရာရနေတဲ့ ဂီတတချို့လည်း သားတို့အဘိုး အဘွားတွေ ဖေကြီးတို့မိဘတွေ သိပ်မကြိုက်ဘဲ ရှိခဲ့တာပဲ မဟုတ်လားဗျာ။
အခုဟစ်ဟော့ပ်လို့ခေါ်နေကြတဲ့ သီချင်းအမျိုးအစားတွေက အမေရိကားက ဖိနှိပ်ခံလူတန်းစားတွေက ရေးဆိုလာကြ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က အဖိနှိပ်ခံလူတန်းစားမဟုတ်ပါဘူး။ ဖေကြီးတို့ခေတ်လို အော်ဟစ်ဖို့ လမ်းဘေးဂီတ၀ိုင်း မရှိတဲ့ အခြေအနေမှာ အိမ်ထဲက ဖန်သားပြင်ပေါ် ဖန်တီးထားတဲ့သီချင်းတွေကို လွတ်လွတ်လပ်လပ် အော်ဟစ်ခွင့်ပြုပါ။

အချိန်အခါနဲ့ အခြေအနေအရ ပေးထားတဲ့အခွင့်အလမ်းအတိုင်း ရုန်းကန်လှုပ်ရှားနေရတဲ့ သားတို့ဘ၀ကို ဖေကြီးနည်းနည်းလေး မြင်အောင်ကြည့်ပေးပါလား၊ ၂၁ရာစုထဲက သားတို့ မရိုင်းပါဘူး ဖေကြီးရာ.......။

စာကြွင်း။ ။ 7 Day News ဂျာနယ်ပါ ဝေယံမြတ်ဦး ရဲ့ ၂၁ရာစုလူငယ်တွေ မရိုင်းပါဘူးဖေဖေ ကိုပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Friday, May 22, 2009

သိက္ခာမည်သော ဓား

ဟိုးရှေးတစ်ချိန်က အရူးအနှမ်းထိပ်ခေါင် အချစ်ရူးဘုရင်တစ်ပါးရှိခဲ့တယ်။ သူဟာလူတစ်ဦးတစ်ယောက်ကို ချစ်တဲ့နေရာမှာ အလွန်လျင်မြန်ပြီး ကိုယ်ချစ်မိသူရဲ့ ပရိယာယ်မာယာတွေမှာ ကျဆုံးလေ့ရှိသူ တစ်ဦးဖြစ်ပါ တယ်။ထိုအချစ်ရူးဘုရင်မှာ အစွဲတစ်ခုရှိသတဲ့။ သူနဲ့ပတ်သက်မိတဲ့သူတွေ သူနဲ့ချစ်တမ်းကစားမိသူတွေအားလုံး သူ့ကိုချစ်ကြလေသတည်း။ လမ်းခွဲရင်တောင် ချစ်နေဆဲဆိုတဲ့ အစွဲတစ်ခုပေါ့ကွယ်။ တစ်နေ့သောအခါ နှင်းငွေ့ တွေရစ်သိုင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ အကြောင်းတစ်ခုပေါ်လာတဲ့အတွက် မိမိမှာရှိတဲ့ အချစ်အင်အား၊ အကြင်နာအင်အား၊ ဖျားယောင်းမြှူဆွယ်အားစတဲ့ စစ်တပ်အသီးသီးက ဗိုလ်မင်း တို့ကို စစ်မထွက်မီတွေ့ဆုံ မိန့်မှာပါသတဲ့။

မိမိစစ်တပ်ဟာ နောက်မဆုတ်စတမ်း စည်းလုံးညီညွတ်ပြီးကြီးမားတဲ့ အရှိန်အဟုန်နဲ့ တိုက်ခိုက်ရန်၊ အပြစ်မဲ့ ပြည်သူပြည်သားများ မသတ်မိစေရန်၊ အထူးသဖြင့်တော့ "ကာမေသုမိစ္ဆာစာရကံ"ကို မပတ်သက်မိစေရန် အဓိကမှာကြားလိုက်ပြီး စစ်တပ်အား စစ်မြေပြင်သို့စေလွှတ်တိုက်ခိုက် သိမ်းပိုက်စေပါတယ်။ စစ်ပွဲဟာ ပြင်းထန် မြန်ဆန်ပြီး မိမိစစ်တပ်မှ အနိုင်ရအောင်ပွဲခံနိုင်ခဲ့ပါတယ်။ အသွင်အပြင်လှပသော၊စွမ်းအင်ပြည့်ဝသော၊ ဥာဏ် ပညာနဲ့ ပြည့်စုံသောတိုင်းပြည်အား ပိုင်ဆိုင်နိုင်ခဲ့ပြီ။ စစ်ဘုရင်အချစ်ရူးကြီးဟာ စစ်မြေပြင်ကို ဂုဏ်ယူဝင့်ကြွား စွာဖြင့် လှည့်လည်စစ်ဆေး၊ပြီးတော့ အခြားသောဘုရင်များကိုလည်း ထိုအကြောင်းကိုကြွားဝါပြန်သတဲ့။ ဒီလိုနဲ့ တစ်နေရာရောက်တော့ ရှိုက်ကြီးတငင်ပူလောင်ငိုကြွေးနေသော အသံတစ်ခုကြားလိုက်ရသောအခါ ဘုရင်ကြီး ဟာ စစ်သည်တို့ကို ထိုပုဂ္ဂိုလ်အားခေါ်ယူ အခစားဝင်စေပါတယ်။ ဘာကြောင့်ငိုကြွေးသည်ကို မေးမြန်းသော အခါ ထိုသူက "ကျွန်တော်မျိုးခရီးသွားနေခိုက် ကျွန်တော်မျိုးရဲ့ အပြစ်ကင်းသော Love ဆိုသည့်သားငယ်အား အရှင့်စစ်တပ်မှ အညွန့်ချိုးသတ်ဖြတ်ခံခဲ့ရပါတယ်။ ကျွန်တော်မျိုးမရှိခိုက်မို့ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာပါ" ဟုဝမ်းနည်း ပူလောင်ငိုကြွေးလျက်လျောက်တင်ပါသည်။

ဘုရင်ကြီးလည်း ဟိုးအရင်က မိမိကြုံခဲ့ဖူးတဲ့ မိမိတန်ဖိုးထားတဲ့ အချစ်မိသားစုအား လုယူဖျက်ဆီးခံရသော ဖြစ်စဉ်ကိုမြင်ယောင်လာကာ အချစ်သားငယ်ကို သတ်ဖြတ်ခြင်းခံရသော ပုဂ္ဂိုလ်အတွက် စိတ်နှလုံးထပ်ထူ ခံစားမိပြီး မိမိစစ်တပ်အတွင်း မိမိအဓိကမှာထားတဲ့ အမိန့်ကိုမနာခံသူ တစ်ယောက်ရှိနေပြီဖြစ်၍ သတ်ခဲ့မိသူဟာ ရဲဝံ့စွာဝန်ခံထွက်ဆိုရန် အမိန့်ပေးလိုက်ရာ ဆန္ဒ၊ဒေါသ၊မောဟ၊ ရာဂဆိုသော စစ်တပ်အသီးသီးမှ ဗိုလ်မင်းများ ထဲမှ နုပျိုသစ်လွင်သော တက်မက်မှုမကင်းတဲ့ ရာဂဆိုသော စစ်ဗိုလ်လေးတစ်ယောက်ရဲဝံ့ တည်ငြိမ်စွာ ရှေ့တော်မှောက်ဒူးထောင်ခစားလျက် မိမိရဲ့ဆူလွယ်တက်ကြွလွယ်သော စိတ်ကြောင့် သူတစ်ပါးပိုင်ဆိုင်သည့် သူအားလွဲမှားသတ်မိ၍ အပြစ်ရှိကြောင်းလျှောက်တင်ပါတယ်။
ထိုပုဂ္ဂိုလ်က သားငယ်ကိုသတ်ခဲ့သူအား တွေ့လိုက်ရသောအခါ ငိုကျွေးခြင်းကို ရုတ်ချည်းရပ်တန့်လျက် မင်းလုပ်ရက်လေတယ်၊ ငါ့သားကဲ့သို့ဖြူစင်သော သူအား အကြွင်းထားလို့ တခြားသူများအား သတ်လိုက ဆန္ဒပြည့်နိုင်ပါတယ်လို့ စူးစိုက်စွာကြည့်ရင်းပြောလိုက် ပါတယ်။

ခဏအကြာထိုသူက ဘုရင်ကြီးသို့လျှောက်တင်ပါတယ်။ "အရှင်မင်းကြီး တကယ်လို့များ အရှင်မင်းကြီး တန်ဖိုးထားမြတ်နိုးရတဲ့ ချစ်မျက်ရှုသားတော်ကို သေဆုံးသွားအောင်သတ်သူအား ဖမ်းမိခဲ့သော် အရှင်မင်းကြီး ကိုယ်တိုင် မည်သို့စီရင်မလဲ"လို့မေးမြန်းလျှောက်တင်လိုက်ရာ ဘုရင်ကြီးက ဘာမှမမိန့်တော့ဘဲ ချက်ချင်းမိမိရဲ့ သိက္ခာမည်သောဓားကို ဓားအိမ်မှဆွဲထုတ်၍ ထိုပုဂ္ဂိုလ်အားလှမ်းပေးလိုက်ပါတယ်။ တစ်ခွန်းသောစကားကိုပဲ ဆိုခဲ့ပါတယ်။ သင်ကျေနပ်သလို စီရင်နိုင်စေလို့ အမိန့်ချလိုက်တယ်။
ထိုအမျိုးသားက ဘုရင်ကြီးရဲ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်မြှောက်လျှက် သားငယ်အားသတ်ခဲ့သူ စစ်ဗိုလ်လေးရဲ့ရှေ့တည့်တည့်အနီးသို့ချဉ်းကပ် သွားပြီး မိမိရင်ဘတ်ကို မိမိတအားကုန်ဓားတဆုံးထိုးစိုက်ချလိုက်သောအခါ တစ်ကိုယ်လုံးသွေးတို့ ရွှဲစိုကုန် ပါတော့တယ်။

ဘုရင်ကြီးနဲ့တကွ ပရိတ်သတ်အပေါင်းလည်းထူးဆန်းသောမြင်ကွင်းကြောင့် အံ့သြထိတ်လန့်စွာနဲ့ ဟာကနဲ ဟင်ကနဲ ဖြစ်ကုန်ကြပါတော့တယ်။
သူတစ်ပါးအချစ်ကို ပိုင်ဆိုင်လိုမှုတက်မက်မှုကြီးစွာဖြင့် သတ်ဖြတ်မိခဲ့သူရာဂဦးစီးစစ်ဗိုလ်လေးက ထိုသူအား ပွေ့ဖက်ထူလျက်"အဖရယ် ဘာလို့အဖရင်ညွန့်ကို သိက္ခာဆိုတဲ့ဓားနဲ့ တဆုံးထိုးစိုက်စီရင်ရသလဲ။"လို့မေးတဲ့အခါ ထိုအမျိုးသားက "မိမိတန်ဖိုးထားတဲ့ သားအားသတ်ဖြတ်ခံရပြီး ဒေါသ၊မောဟဖုံးလွှမ်းကာ ပြန်လည်သတ်ဖြတ် လိုမှုအတွက် မိမိကိုယ်ကို သိက္ခာဓားဖြင့် စီရင်လိုက်ကြောင်း" ပြောပြသေဆုံးသွားပါတော့တယ်။ "မိမိလိုအင်ဆန္ဒ တက်မက်မှုရာဂကြောင့် သူတစ်ပါးရဲ့ သားအချစ်အား သတ်ဖြတ်ပြစ်ခဲ့သည် အနိုင်စစ်ရလိုမှု အတွက်လေ"။

အချစ်ရူးဘုရင်ကြီးရဲ့ ဓားသွားပေါ်မှာ သွေးတို့က ကိုယ်ချင်းစာတတ်ပေးကြပါတဲ့။

အဲဒီသွေးစွန်းထင်းနေတဲ့ ဓားကို မဆေးဘဲဓားအိမ်အတွင်းသို့ ပြန်ထည့်ပြီး ဘယ်တော့မှမချွတ်တော့ဘူးပေါ့..အချစ်ရူးဘုရင်ကြီးမှာ...။
ဇာနည်။
စာကြွင်း။ ။ ဟိုရောက်ဒီရောက်စိတ်အတွေးအား ရူးရူးနှမ်းနှမ်းရေးသားသည်။

Tuesday, May 19, 2009

Health Tips for u

ကြင်နာစွာအိပ်ဆေးလေးများပေးပါ
အိပ်ပျော်အောင်အိပ်ဆေးသောက်သင့်တဲ့ အချက်များမှာ-
(၁) ရံဖန်ရံခါ၊တစ်ညတလေအိပ်မပျော်ဖြစ်တဲ့အခါ
(၂) အိပ်ပျော်အောင်လုပ်တဲ့နည်းတွေဖြစ်တဲ့ လူနေမှုပုံစံစရိုက်နှင့် အမူအကျင့်များပြောင်းလဲခြင်း(ဥပမာ-ကော်ဖီ၊လက်ဖက်ရည်မသောက်တော့ခြင်း၊ ညအိပ်ရာဝင်ခါနီးအချိန် ကာယလေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း)နှင့် အိပ်ရာ အိပ်ခန်းကို တိတ်တိတ်ဆိတ်ဆိတ်အေးအေးချမ်းချမ်းဖြစ်အောင် စနစ်တကျစီစဥင်္သော်လည်း အိပ်ပျော်ရန် ခက်ခဲနေသေးခြင်း၊ ဒါမှမဟုတ် အိပ်မပျော်မှုကို ဖြစ်စေတဲ့ရောဂါများကို သေချာကျနစွာ ကုသသော် လည်း အိပ်ပျော်ရန်ဆက်လက်ခက်ခဲနေတဲ့ အခါ
(၃) အိပ်မပျော်မှုဝေဒနာဟာ မတော်တဆထိခိုက်ဒဏ်ရာရမှု အန္တရာယ်ကို ပိုမိုများပြားစေနိုင်တဲ့အခါ
အဲဒီအချက်(၃)ချက်ရှိရင်တော့ ဘာမှစဉ်းစားမနေနဲ့တော့ ကြင်နာစွာ အိပ်ဆေးလေးများပေးပါလို့သာဆိုပြီး အိပ်ပျော်အောင် အိပ်ဆေးသောက်အိပ်ပါတော့။

ခန္ဓာကိုယ်ရဲ့ ဇီဝနာရီ
ဇီဝနာရီ (Biological Clock) တစ်နည်းအားဖြင့် ၂၄နာရီစက်ဝန်းဆိုသည်မှာ ခန္ဓာကိုယ်အနေနဲ့ ဘယ်အချိန်မှာ အိပ်မယ်၊ ဘယ်အချိန်ဟာ နိုးထမယ်ဆိုပြီး သိနားလည်တာကို ဆိုလိုပါတယ်။ ကိုယ်တွင်း ဇီဝနာရီကို အလင်းရယ်၊အမှောင်ရယ်က ဖန်တီးသတ်မှတ်ပေးနေပါတယ်။ အလင်းရောင်ရှိနေချိန်မှာ ဇီဝနာရီဟာနိုးထနေပြီး ညမှောင်လာရင် အိပ်ရမယ်ဆိုတဲ့အသိကို ဇီဝနာရီက လုပ်ပေးပါတယ်။ ဇီဝနာရီရဲ့ လုပ်ငန်းဆောင်တာတွေကတော့
(၁) အိပ်စက်ခြင်းနှင့် နိုးထခြင်း
(၂) ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးခြင်း
(၃) ခန္ဓာကိုယ်အတွင်းရေဓာတ် ထိန်းညှိပေးခြင်း
(၄) တခြားခန္ဓာကိုယ်လုပ်ငန်း တာဝန်များထမ်းဆောင်ပေးခြင်း (ဥပမာ- ဗိုက်ဆာလောင်ခြင်း) တို့ပဲဖြစ်ပါတယ်။

အက်စ်ပါတိမ်း (Aspartame) အချိုဆိုတာ
ကယ်လိုရီ သုညနီးပါးရှိတယ်လို့ရေးထားလေ့ရှိတဲ့ အချိုအတု အက်စ်ပါတိမ်းဆိုတဲ့ ဓာတုပစ္စည်းကို အမိုင်နိုအက်စစ်၂မျိုးပေါင်းပြီးပြုလုပ်ရပါတယ်။ အက်စ်ပါတိမ်းဟာ သကြားထက် အဆပေါင်း၁၈၀ဆ ပိုပြီးချိုမြပါတယ်။ ယခုအခါ အက်စ်ပါတိမ်းကို Diet Sodas အပါအ၀င် စားကုန်သောက်ကုန်အမျိုးပေါင်း ၆၀၀၀ကျော်မှာ ထည့်သွင်းပြုလုပ်လာခဲ့ကြပါပြီ။ ဥပမာ- ဒိန်ချဉ်၊နွားနို့၊မုန့်အမျိုးမျိုးနဲ့ သကြားအစားထိုး Nutra Sweet တို့၊ Equal တို့မှာ ထည့်သွင်းထုတ်လုပ်ရောင်းချ နေပါတယ်။ အက်စ်ပါတိမ်းကို စားလာတာအခုဆိုရင် နှစ်ပေါင်း၃၀ကျော်လာပါပြီ။

အဲဒီအက်စ်ပါတိမ်းဆိုတဲ့ အချိုတုကို စားကြခြင်းဖြင့် တစ်ကမ္ဘာလုံးမှာ ပြောကြဆိုကြ သံတွေကို သိရန်လိုပါတယ်။ အမေရိကန်နိုင်ငံ အစားအစာနှင့် ဆေးဝါးအသင်းကြီးမှ လက်ခံရရှိတဲ့ တိုင်ကြားစာ ထောင်ပေါင်းများစွာက တော့ အက်စ်ပါတိမ်းပါတဲ့ အစားအစာများ စားသုံးရတဲ့အတွက် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊မအီမသာ ကယောင်ချောက်ချားဖြစ်ခြင်းနဲ့ စိတ်တွေ ပြောင်းလဲမှု ရှိတယ်လို့ဆိုကြပါတယ်။ လူတွေ မှာ အက်စ်ပါတိမ်းကို ဓာတ်ခွဲစစ်ဆေးကြည့်တော့ ဘာမှအန္တရာယ် မတွေ့ရပေမယ့် ကြွက်တွေမှာ ဓာတ်ခွဲစမ်း သပ်ကြည့်တဲ့အခါ ကင်ဆာဖြစ်စေနိုင်တာကို တွေ့ရတယ်လို့သိရပါတယ်။

တစ်ရေးနိုးပြန်အိပ်ပျော်အောင်
သင်သည်ညကြီးသန်းခေါင်နိုးပြီးနောက် အရင်ကအတိုင်းပြန်အိပ်နိုင်ပါသလား အကယ်၍ ပြန်မအိပ်နိုင်ခဲ့ပါက ဆေးတက္ကသိုလ်မှ အောက်ပါတို့ကို အကြံပေးလိုက်ပါသည်။
အိပ်ရာထဲတွင် ၁၅မိနစ် သို့မဟုတ် မိနစ်၃၀တက်လှဲနေပါ။အဲဒါတောင်မှပြန်အိပ်မပျော်ရင် အိပ်ရာပေါ် ကထလိုက်ပါ။
စာအုပ်တစ်အုပ် သို့မဟုတ် မဂ္ဂဇင်းစာအုပ်ဖတ်ခြင်း၊ရေနွေးစိမ်ချိုးခြင်း သို့မဟုတ် ပြေလျော့စေသည့် အရာတစ် ခုခုကို လုပ်လိုက်ပါ။ ထိုအချိန်တွင် သင့်ကိုပိုမိုနိုးကြွစေသည့် အလုပ်များ (ဥပမာ-ရုံးအလုပ်လုပ်ခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ တီဗီကြည့်ခြင်း) စသည်တို့ကိုမလုပ်သင့်ပါ။
ပြေလျော့စေမည့် အလေ့အကျင့်များကို မိနစ်၂၀ခန့်လုပ်ပြီးသောအခါ ပြန်အိပ်ပါဟု ထိုတက္ကသိုလ်မှ ကျွမ်းကျင်သူတစ်ဦးက ပြောကြားလိုက်ပါသည်။ ထိုအခါတွင် သင်အိပ်ရန်ပို၍ လွယ်ကူသွားမည် ဖြစ်ကြောင်းပြောကြားသွားပါသည်။
Ref: Internet

Tuesday, May 5, 2009

Everytime We Touch

I still hear your voice, when you sleep next to me.
I still feel your touch in my dreams.(my dreams)
Forgive me my weakness, but I don't know why
Without you it's hard to survive.

'Cause everytime we touch, I get this feeling.
And everytime we kiss I swear I could fly.
Can't you feel my heart beat fast, I want this to last.
Need you by my side.
'Cause everytime we touch, I feel this static.
And everytime we kiss, I reach for the sky.
Can't you hear my heart beat slow...
I can't let you go.
Want you in my life.

Your arms are my castle, your heart is my sky.
They wipe away tears that I cry. (I cry)
The good and the bad times, we've been through them all.
You make me rise when I fall.

'Cause everytime we touch, I get this feeling.
And everytime we kiss I swear I could fly.
Can't you feel my heart beat fast, I want this to last.
Need you by my side.
'Cause everytime we touch, I feel this static.
And everytime we kiss, I reach for the sky.
Can't you hear my heart beat slow...
I can't let you go.
Want you in my life.

'Cause everytime we touch, I get this feeling.
And everytime we kiss I swear I could fly.
Can't you feel my heart beat fast, I want this to last.
Need you by my side.