Friday, May 22, 2009

သိက္ခာမည်သော ဓား

ဟိုးရှေးတစ်ချိန်က အရူးအနှမ်းထိပ်ခေါင် အချစ်ရူးဘုရင်တစ်ပါးရှိခဲ့တယ်။ သူဟာလူတစ်ဦးတစ်ယောက်ကို ချစ်တဲ့နေရာမှာ အလွန်လျင်မြန်ပြီး ကိုယ်ချစ်မိသူရဲ့ ပရိယာယ်မာယာတွေမှာ ကျဆုံးလေ့ရှိသူ တစ်ဦးဖြစ်ပါ တယ်။ထိုအချစ်ရူးဘုရင်မှာ အစွဲတစ်ခုရှိသတဲ့။ သူနဲ့ပတ်သက်မိတဲ့သူတွေ သူနဲ့ချစ်တမ်းကစားမိသူတွေအားလုံး သူ့ကိုချစ်ကြလေသတည်း။ လမ်းခွဲရင်တောင် ချစ်နေဆဲဆိုတဲ့ အစွဲတစ်ခုပေါ့ကွယ်။ တစ်နေ့သောအခါ နှင်းငွေ့ တွေရစ်သိုင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ဖို့ အကြောင်းတစ်ခုပေါ်လာတဲ့အတွက် မိမိမှာရှိတဲ့ အချစ်အင်အား၊ အကြင်နာအင်အား၊ ဖျားယောင်းမြှူဆွယ်အားစတဲ့ စစ်တပ်အသီးသီးက ဗိုလ်မင်း တို့ကို စစ်မထွက်မီတွေ့ဆုံ မိန့်မှာပါသတဲ့။

မိမိစစ်တပ်ဟာ နောက်မဆုတ်စတမ်း စည်းလုံးညီညွတ်ပြီးကြီးမားတဲ့ အရှိန်အဟုန်နဲ့ တိုက်ခိုက်ရန်၊ အပြစ်မဲ့ ပြည်သူပြည်သားများ မသတ်မိစေရန်၊ အထူးသဖြင့်တော့ "ကာမေသုမိစ္ဆာစာရကံ"ကို မပတ်သက်မိစေရန် အဓိကမှာကြားလိုက်ပြီး စစ်တပ်အား စစ်မြေပြင်သို့စေလွှတ်တိုက်ခိုက် သိမ်းပိုက်စေပါတယ်။ စစ်ပွဲဟာ ပြင်းထန် မြန်ဆန်ပြီး မိမိစစ်တပ်မှ အနိုင်ရအောင်ပွဲခံနိုင်ခဲ့ပါတယ်။ အသွင်အပြင်လှပသော၊စွမ်းအင်ပြည့်ဝသော၊ ဥာဏ် ပညာနဲ့ ပြည့်စုံသောတိုင်းပြည်အား ပိုင်ဆိုင်နိုင်ခဲ့ပြီ။ စစ်ဘုရင်အချစ်ရူးကြီးဟာ စစ်မြေပြင်ကို ဂုဏ်ယူဝင့်ကြွား စွာဖြင့် လှည့်လည်စစ်ဆေး၊ပြီးတော့ အခြားသောဘုရင်များကိုလည်း ထိုအကြောင်းကိုကြွားဝါပြန်သတဲ့။ ဒီလိုနဲ့ တစ်နေရာရောက်တော့ ရှိုက်ကြီးတငင်ပူလောင်ငိုကြွေးနေသော အသံတစ်ခုကြားလိုက်ရသောအခါ ဘုရင်ကြီး ဟာ စစ်သည်တို့ကို ထိုပုဂ္ဂိုလ်အားခေါ်ယူ အခစားဝင်စေပါတယ်။ ဘာကြောင့်ငိုကြွေးသည်ကို မေးမြန်းသော အခါ ထိုသူက "ကျွန်တော်မျိုးခရီးသွားနေခိုက် ကျွန်တော်မျိုးရဲ့ အပြစ်ကင်းသော Love ဆိုသည့်သားငယ်အား အရှင့်စစ်တပ်မှ အညွန့်ချိုးသတ်ဖြတ်ခံခဲ့ရပါတယ်။ ကျွန်တော်မျိုးမရှိခိုက်မို့ အခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာပါ" ဟုဝမ်းနည်း ပူလောင်ငိုကြွေးလျက်လျောက်တင်ပါသည်။

ဘုရင်ကြီးလည်း ဟိုးအရင်က မိမိကြုံခဲ့ဖူးတဲ့ မိမိတန်ဖိုးထားတဲ့ အချစ်မိသားစုအား လုယူဖျက်ဆီးခံရသော ဖြစ်စဉ်ကိုမြင်ယောင်လာကာ အချစ်သားငယ်ကို သတ်ဖြတ်ခြင်းခံရသော ပုဂ္ဂိုလ်အတွက် စိတ်နှလုံးထပ်ထူ ခံစားမိပြီး မိမိစစ်တပ်အတွင်း မိမိအဓိကမှာထားတဲ့ အမိန့်ကိုမနာခံသူ တစ်ယောက်ရှိနေပြီဖြစ်၍ သတ်ခဲ့မိသူဟာ ရဲဝံ့စွာဝန်ခံထွက်ဆိုရန် အမိန့်ပေးလိုက်ရာ ဆန္ဒ၊ဒေါသ၊မောဟ၊ ရာဂဆိုသော စစ်တပ်အသီးသီးမှ ဗိုလ်မင်းများ ထဲမှ နုပျိုသစ်လွင်သော တက်မက်မှုမကင်းတဲ့ ရာဂဆိုသော စစ်ဗိုလ်လေးတစ်ယောက်ရဲဝံ့ တည်ငြိမ်စွာ ရှေ့တော်မှောက်ဒူးထောင်ခစားလျက် မိမိရဲ့ဆူလွယ်တက်ကြွလွယ်သော စိတ်ကြောင့် သူတစ်ပါးပိုင်ဆိုင်သည့် သူအားလွဲမှားသတ်မိ၍ အပြစ်ရှိကြောင်းလျှောက်တင်ပါတယ်။
ထိုပုဂ္ဂိုလ်က သားငယ်ကိုသတ်ခဲ့သူအား တွေ့လိုက်ရသောအခါ ငိုကျွေးခြင်းကို ရုတ်ချည်းရပ်တန့်လျက် မင်းလုပ်ရက်လေတယ်၊ ငါ့သားကဲ့သို့ဖြူစင်သော သူအား အကြွင်းထားလို့ တခြားသူများအား သတ်လိုက ဆန္ဒပြည့်နိုင်ပါတယ်လို့ စူးစိုက်စွာကြည့်ရင်းပြောလိုက် ပါတယ်။

ခဏအကြာထိုသူက ဘုရင်ကြီးသို့လျှောက်တင်ပါတယ်။ "အရှင်မင်းကြီး တကယ်လို့များ အရှင်မင်းကြီး တန်ဖိုးထားမြတ်နိုးရတဲ့ ချစ်မျက်ရှုသားတော်ကို သေဆုံးသွားအောင်သတ်သူအား ဖမ်းမိခဲ့သော် အရှင်မင်းကြီး ကိုယ်တိုင် မည်သို့စီရင်မလဲ"လို့မေးမြန်းလျှောက်တင်လိုက်ရာ ဘုရင်ကြီးက ဘာမှမမိန့်တော့ဘဲ ချက်ချင်းမိမိရဲ့ သိက္ခာမည်သောဓားကို ဓားအိမ်မှဆွဲထုတ်၍ ထိုပုဂ္ဂိုလ်အားလှမ်းပေးလိုက်ပါတယ်။ တစ်ခွန်းသောစကားကိုပဲ ဆိုခဲ့ပါတယ်။ သင်ကျေနပ်သလို စီရင်နိုင်စေလို့ အမိန့်ချလိုက်တယ်။
ထိုအမျိုးသားက ဘုရင်ကြီးရဲ့ဓားကို လက်နှစ်ဖက်နဲ့ကိုင်မြှောက်လျှက် သားငယ်အားသတ်ခဲ့သူ စစ်ဗိုလ်လေးရဲ့ရှေ့တည့်တည့်အနီးသို့ချဉ်းကပ် သွားပြီး မိမိရင်ဘတ်ကို မိမိတအားကုန်ဓားတဆုံးထိုးစိုက်ချလိုက်သောအခါ တစ်ကိုယ်လုံးသွေးတို့ ရွှဲစိုကုန် ပါတော့တယ်။

ဘုရင်ကြီးနဲ့တကွ ပရိတ်သတ်အပေါင်းလည်းထူးဆန်းသောမြင်ကွင်းကြောင့် အံ့သြထိတ်လန့်စွာနဲ့ ဟာကနဲ ဟင်ကနဲ ဖြစ်ကုန်ကြပါတော့တယ်။
သူတစ်ပါးအချစ်ကို ပိုင်ဆိုင်လိုမှုတက်မက်မှုကြီးစွာဖြင့် သတ်ဖြတ်မိခဲ့သူရာဂဦးစီးစစ်ဗိုလ်လေးက ထိုသူအား ပွေ့ဖက်ထူလျက်"အဖရယ် ဘာလို့အဖရင်ညွန့်ကို သိက္ခာဆိုတဲ့ဓားနဲ့ တဆုံးထိုးစိုက်စီရင်ရသလဲ။"လို့မေးတဲ့အခါ ထိုအမျိုးသားက "မိမိတန်ဖိုးထားတဲ့ သားအားသတ်ဖြတ်ခံရပြီး ဒေါသ၊မောဟဖုံးလွှမ်းကာ ပြန်လည်သတ်ဖြတ် လိုမှုအတွက် မိမိကိုယ်ကို သိက္ခာဓားဖြင့် စီရင်လိုက်ကြောင်း" ပြောပြသေဆုံးသွားပါတော့တယ်။ "မိမိလိုအင်ဆန္ဒ တက်မက်မှုရာဂကြောင့် သူတစ်ပါးရဲ့ သားအချစ်အား သတ်ဖြတ်ပြစ်ခဲ့သည် အနိုင်စစ်ရလိုမှု အတွက်လေ"

အချစ်ရူးဘုရင်ကြီးရဲ့ ဓားသွားပေါ်မှာ သွေးတို့က ကိုယ်ချင်းစာတတ်ပေးကြပါတဲ့။

အဲဒီသွေးစွန်းထင်းနေတဲ့ ဓားကို မဆေးဘဲဓားအိမ်အတွင်းသို့ ပြန်ထည့်ပြီး ဘယ်တော့မှမချွတ်တော့ဘူးပေါ့..အချစ်ရူးဘုရင်ကြီးမှာ...။
ဇာနည်။
စာကြွင်း။ ။ ဟိုရောက်ဒီရောက်စိတ်အတွေးအား ရူးရူးနှမ်းနှမ်းရေးသားသည်။

No comments: