၂၁ရာစု လူငယ်တွေ မရိုင်းပါဘူးဖေဖေ
ဖေကြီးရေ......
ဒီနေ့ကမ္ဘာကြီးဟာ အလွန်မြန်နေတယ်ဖေကြီးရေ၊ ဒီနေ့လူငယ်တွေဟာ ဟိုးအရင်ကျောက်ခေတ်က အရိုင်းအစိုင်းတွေလို နေထိုင်ဝတ်စားနေတယ်လို့ လူကြီးတွေပြောတာ လုံးဝမမှန်ပါဘူး၊ခေတ်ကိုက မတူတော့တာလေ၊ ခေတ်ဆိုတဲ့အဓိပ္ပာယ်မှာကိုက ပြောင်းလဲခြင်းသဘောတွေ ပါနေတော့တာကိုးဗျ၊ နော်။
တကယ်တော့ လူငယ်တွေက အဆန်းထွင်ပြောင်းတာမဟုတ်ပါဘူး၊ ပတ်ဝန်းကျင်လူနေမှုပုံစံတွေကြောင့် ဒီနေ့လူငယ်တွေ လူနေမှုဟန်ပန်တွေပြောင်းလဲလာတာပါ။ ဒီကနေ့လူငယ်တွေမှာ ကျောင်းမှန်မှန်တက်ပြီး ညနေကျောင်းအပြန် ဘောလုံးဝင်ကန်နေလို့ရတဲ့ ဖေကြီးတို့ခေတ်အခြေအနေမျိုးမဟုတ်တော့ပါဘူး။
ဒီနေ့လူငယ်တွေဟာ ကျောင်းပြီးကျူရှင်၊ ကျူရှင်ပြီးကျောင်းဆိုသလို မိုးလင်းမိုးချုပ် စာပြီးရင်းစာလုပ်နေရပါတယ်။ သူတို့မှာ ကစားချိန်မရှိဘူး၊ ကစားကွင်းလည်းမရှိဘူး။ မြို့ထဲနေတဲ့လူငယ်တွေဆို ပိုဆိုးပါတယ်။ သူတို့မှာ ကစားကွင်းဆိုလို့ အိမ်မှာရှိတဲ့ ဖန်သားပြင်ပေါ်က ကစားကွင်းတွေနဲ့ ကြီးပျင်းလာရပါတယ်။ ဒီနေ့လူငယ်တွေတော်တော်များများ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်လာရတာသာကြည့်ပါတော့ ဖေကြီးရာ။
ပြီးတော့ ဆယ်တန်းဆိုတဲ့ တက္ကသိုလ်ဝင်တန်းကြီးပြီးရင် အဖေတို့ခေတ်က ကျောင်းဆက်တက်ဖို့ ဒါမှမဟုတ် မိဘလက်ငုပ်လက်ရင်း အလုပ်ကူလုပ်ပြီး ကြီးပြင်းလာရတာပါ။ ဒီခေတ်မှာတော့ လူငယ်တွေက ကျောင်းဆက်တက်ဖို့ထက် လူ့လောကထဲကို စောစောစီးစီး တိုးဝင်ကြရပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေမှာ ကျောင်းသားဘ၀ခံစားဖို့နေနေသာသာ အလုပ်တစ်ခုရရှိဖို့ပဲ စဉ်းစားလာရတယ်။
ဒီနေ့ခေတ်နည်းပညာက တစ်ဟုန်ထိုးတိုးတက်နေသလို ပြောင်းလဲမှုတွေကလည်း အချိန်နဲ့အမျှပါပဲ။ ဖေကြီးတို့က လူ့လောကထဲ စောရောက်တယ်ဆိုပေမဲ့ လူ့ဘောင်အ၀င်မှာတော့ တချို့အပိုင်းမှ ကျွန်တော်တို့က စောနေပါပြီ။ စောစီးစွာလူ့အကြောင်းတွေ သိလာနေရပါပြီ။ ခေတ်သစ်လုပ်ငန်းတချို့မှာလည်း လူငယ်တွေဦးဆောင်နေပါပြီ ဖေကြီးရာ။ ဒါကြောင့် ဖေကြီးပြောတဲ့ 'ငါပြောသလိုလုပ် ၊ငါလုပ်သလိုမလုပ်နဲ့' ဆိုတာကို သားစဉ်းစားနေတာပါ။
မိဘတစ်ယောက်အနေနဲ့ ကိုယ်မွေးထားတဲ့သားသမီး လမ်းမှားမရောက်အောင် တားဆီးနိုင်တဲ့ ခိုင်းစေနိုင်တဲ့ဆုံးမနိုင်တဲ့ အခွင့်အရေးတွေ ဖေကြီးမှာရှိပါတယ်။ သားလည်းနားထောင်တာပါပဲ။
ခေတ်ချင်းယှဉ်ပြောကြည့်ရင် လမ်းမပေါ်မှာ အဖွဲ့တွေဖွဲ့ပြီး ရိုက်ကြနှက်ကြလုပ်တာမျိုးတွေ ကျွန်တော်တို့ခေတ်မှာ မရှိဘူးဖေကြီး။ သားတို့မရိုင်းပါဘူး၊ ငယ်သူတွေမို့ မဟုတ်မခံပြန်ပြောတတ်၊ လက်တွေ့မဟုတ်ရင် မယုံကြတတ်၊ စူးစမ်းတတ်လို့ မေးခွန်းတွေ ပြန်ထုတ်တာကို ရိုင်းတယ်လို့ ဖေကြီးဆိုတာလား၊ လူကြီးပြောလို့ဆိုပြီး ယုံတတ်အောင် သားတို့စောစောဝင်လိုက်ရတဲ့ လောကကြီးက သင်မပေးထားဘူး။
သားတို့ညီလေးတွေ ညီမလေးတွေဆိုလည်း ရွှေယုန်နဲ့ရွှေကျားပုံပြင်ထက် သဘာဝသိပ္ပံ(ဂေါ်ဇီလာကြီးတွေရှိခဲ့ပုံ)နဲ့ အနာဂတ်သိပ္ပံ(ပင့်ကူလူသား စက်ရုပ်လူသားဆိုတာတွေ) ပုံပြင်တွေကို ကြိုက်တာလားကို ဖေကြီးလည်းကြား နေသိနေသားပဲ။
လူငယ်တွေဆေးလိပ်သောက်ကြတယ်၊ နိုင်ငံခြားထုတ်ဆေးလိပ်ဘူးတွေမှာ ကျန်းမာရေးဆိုးဝါးစွာထိခိုက်နေတဲ့ပုံတွေကို ရိုက်နှိပ်ထားတဲ့အတွက် အဲဒီပုံကိုကြည့်ပြီး ဆေးလိပ်သောက်သုံးမှုလျော့သွားတယ်။ လူငယ်တွေကို စကားတွေအများကြီးပြောတာထက် ထိထိရောက်ရောက် တစ်ခွန်းနှစ်ခွန်းပြော တာကို ပိုလက်ခံတတ်တာ သားဘ၀ကိုဖြတ်သန်းဖူးတဲ့ ဖေကြီးက ပိုသိမှာပါလေ။
လူကြီးတွေက သားတို့ကို ဘုရားမှန်းတရားမှန်း လူကြီးမှန်းမသိတဲ့ကောင်တွေလို ပြောကြပြန်တယ်။ ဘုရားတွေ့တွေ့ ဘုန်းကြီးတွေ့တွေ့ ကုန်းကန်တော့တာ၊ လူကြီးတွေကို အားကိုးယုံကြည်တာ အထင်ကြီးလေးစားတာ သားတို့ပဲ သိပါတယ်။
အ၀တ်အစားနဲ့ ပတ်သက်ပြီးလည်း လူကြီးတွေက ဝေဖန်တာ အပြစ်တင်တာလွန်လို့ပါပဲ။ အတိုအပြတ်အဖော်အပြတွေနဲ့ လူငယ်တွေ လွန်လွန်လွန်းတယ်လို့ပြောကြပါတယ်။ နိုင်ငံတွေက နိုင်ငံသားတွေ ဒွေးရောယှက်တင်ကူးလူးနေတဲ့ ကမ္ဘာ့ရွာထဲမှာနေထိုင် ရုန်းကန်နေကြတဲ့ သားတို့တွေ ရွာထဲက တခြားလူငယ်တွေလိုဝတ်တာ အပြစ်တစ်ခုတော့ မဖြစ်တန်ကောင်းပါဘူးဗျာ၊ တကယ်တော့ မနက်ကနေ ညနေတိုင် အဲဒီလိုဝတ်နေတဲ့ လူငယ်အရေအတွက်ဆိုတာ လူငယ်အားလုံးနဲ့ အချိုးချလိုက်ရင် မပြောပလောက်ပါဘူး။ အထက်တန်းကျောင်းသားတွေ တက္ကသိုလ်ကျောင်းသားတွေဟာ စည်းကမ်းနဲ့အညီ ၀တ်စားဆင်ယင်ကျောင်းတက်ကြရတာပါ။ ကျောင်းအပြန် မမှောင်ခင်ကလေး၊ ကျောင်းပိတ်ရက်ကလေး အပြေးအလွှားဝတ်ကြရတာပါ။ ကျောင်းဆိုတာ ကလပ်မဟုတ်ဘူး ဆိုတာလည်း သားတို့သိသားပဲ။ ဖေကြီးတို့ခေတ်ကလို ပုဆိုးဒယဥ့်တိုက်ဝတ်ပြီး တိုက်ပုံကြီးတကားကားတော့ ၀တ်လို့မဖြစ်တော့ဘူးထင်ပါတယ်။
လူငယ်တွေက အပြောအဆိုနဲ့ ၀တ်စားဆင်ယင်မှုတင်မကဘူး၊ သူတို့နားထောင်နေတဲ့ဂီတတွေကပါ ၀ူးဝူးဝါးဝါးနဲ့ ဆူညံပြီး ဘာဆိုလို့ဆိုမှန်းမသိ၊ ဘာနားထောင်ရမှန်းမသိ၊ ဘာအနုပညာမှ မပါတာလို့ပြောနေတဲ့ ဖေကြီးတို့ကို ပြောချင်တာက ကျွန်တော်တို့အခြေအနေနဲ့ ကျွန်တော်တို့လက်ရှိဘ၀တွေနဲ့ ညီညွတ်လို့ ကျွန်တော်တို့ လက်ခံကြတာပါလို့ပဲ ပြောရတော့ မှာပါပဲ။ ဖေကြီးတို့ တစ်ခေတ်က နားထောင်ခဲ့ပြီး သားတို့ခေတ်မှာ ပီပီပြင်ပြင်နေရာရနေတဲ့ ဂီတတချို့လည်း သားတို့အဘိုး အဘွားတွေ ဖေကြီးတို့မိဘတွေ သိပ်မကြိုက်ဘဲ ရှိခဲ့တာပဲ မဟုတ်လားဗျာ။
အခုဟစ်ဟော့ပ်လို့ခေါ်နေကြတဲ့ သီချင်းအမျိုးအစားတွေက အမေရိကားက ဖိနှိပ်ခံလူတန်းစားတွေက ရေးဆိုလာကြ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့က အဖိနှိပ်ခံလူတန်းစားမဟုတ်ပါဘူး။ ဖေကြီးတို့ခေတ်လို အော်ဟစ်ဖို့ လမ်းဘေးဂီတ၀ိုင်း မရှိတဲ့ အခြေအနေမှာ အိမ်ထဲက ဖန်သားပြင်ပေါ် ဖန်တီးထားတဲ့သီချင်းတွေကို လွတ်လွတ်လပ်လပ် အော်ဟစ်ခွင့်ပြုပါ။
အချိန်အခါနဲ့ အခြေအနေအရ ပေးထားတဲ့အခွင့်အလမ်းအတိုင်း ရုန်းကန်လှုပ်ရှားနေရတဲ့ သားတို့ဘ၀ကို ဖေကြီးနည်းနည်းလေး မြင်အောင်ကြည့်ပေးပါလား၊ ၂၁ရာစုထဲက သားတို့ မရိုင်းပါဘူး ဖေကြီးရာ.......။
စာကြွင်း။ ။ 7 Day News ဂျာနယ်ပါ ဝေယံမြတ်ဦး ရဲ့ ၂၁ရာစုလူငယ်တွေ မရိုင်းပါဘူးဖေဖေ ကိုပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment