"တစ်-တနှင့် နှစ်- နှ"
◾ ရေးသူ - မောင်ခင်မင်(ဓနုဖြူ)
မြန်မာစာအဖွဲ့က ပြုစုသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း ပေါ်ထွက်လာသည့် ၁၉၈၆ ခုနှစ်ကစ၍ 'တစ်-တ ပြဿနာ'ပေါ်ပေါက်လာသည်။
ကိန်းဂဏန်းဟု အဓိပ္ပာယ်သက်ရောက်လျှင် 'တစ်'ဟု ရေးရန် (တစ်၊ တစ်ကောင်၊ တစ်ခုခု၊ တစ်တပ်တစ်အား၊ တစ်ယူသန် စသည်)၊ ကြိယာအထူးပြု (ကြိယာဝိသေသန) များမှ ရှေ့ဆက်ပစ္စည်းများကို 'တ' ဟု ရေးရန်(တကြော်ကြော်အော်၊ တခမ်းတနား၊ တဒုန်းဒုန်းမြည်၊ တ၀တပြဲ၊ တဝဲလည်လည် စသည်) ဟူသောမူဖြင့် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် 'တစ်' ဖြင့် ရေးရသောစကားလုံးများနှင့် 'တ' ဖြင့် ရေးရသော စကားလုံးများကို ယေဘုယျအားဖြင့် ခွဲခြားထားခြင်းဖြစ်သည်။
သို့သော် 'တ' အရေးက ပြဿနာမရှိသော်လည်း 'တစ်' အရေးက ပြဿနာရှိလာသည်။ 'တစ်' ကို ကိန်းဂဏန်းအဓိပ္ပာယ်ဖြင့် တစ်လုံးတည်းရေးလျှင် 'တစ်' ဟုပင် 'စသတ်' ဖြင့်ရေးသော်လည်း တစ်ကို အခြားစကားလုံးများနှင့် တွဲရေးသော အသုံးတော်တော်များများတွင်တစ်ကို စသတ်ဖြုတ်ပြီး ရေးခဲ့ကြသည်မှာ ပုဂံခေတ်နှောင်းပိုင်းကတည်းက ဖြစ်သည်။ သက္ကရာဇ်အခိုင်အမာပါသော အစောဆုံးမြန်မာစာအဖြစ် ပညာရှင်တို့ သတ်မှတ်သော မြစေတီကျောက်စာ (ရာဇကုမာရ်ကျောက်စာ)တွင် 'အနှစ်တစ်ထောင်၊ ပယ်မယားတစ်ယောက်' ဟူ၍ 'တစ်ကို' စသတ်ဖြင့် ရေးသော်လည်း ပုဂံ မင်းနန်သူရွာ ဝိနည်းဓိုရ်ဘုရားစုမှ ဘုရားများ၏ အတွင်းနံရံတွင် ရေးထိုးထားသော မင်စာတွင်မူ 'တစ်ယောက်သောသဉ်' ဟူ၍ စသတ်ပါသော အရေးအသားကို တွေ့ရသကဲ့သို့ 'တယောက်သောသဉ်' ဟူ၍ စသတ်မပါသော အရေးအသားကို အကြိမ်ကြိမ် တွေ့ရပါသည်။ နောက်ပိုင်းကျောက်စာများတွင်လည်း တစ်ကို စသတ်မပါဘဲ ရေးလာကြပါပြီ။ တောင်ငူခေတ်စာဆို နတ်ရှင်နောင်၏ ရတုများမှ 'တသောင်းရှစ်ပြန်၊ မပျောင်းရစ်ဟန်၊ ခပေါင်းမြစ်ဝှန်' ဟူ၍ မုဋ္ဌောဘုရားတိုင်ရတုတွင်လည်းကောင်း၊ တသောင်းရှစ်မည်၊ မပျောင်းရစ်တည်၊ ခပေါင်းမြစ်လည်ဟူ၍ ကျောက်ဆောက်ဘုရားတိုင်ရတုတွင်လည်းကောင်း၊ တသောင်း-မပျောင်း-ခပေါင်း' ဟူ၍ ရတုအချီပိုဒ်များကို အသံတူ၊ အရေးတူ ရေးဖွဲ့ထားသည်ကို ကြည့်လျှင် 'တစ်' ကို နှုတ်ပြောစကားတွင် အသံထွက်သည့်အတိုင်း 'တ' ဟုပင် ရေးခြင်းဖြစ်ကြောင်း တွေ့ရပါသည်။
'တစ်' နှင့်တွဲသော စကားလုံးများကို ရေးရာတွင် သတ်ပုံမှန်အတိုင်း 'တစ်' ဟုပင် ရေးခြင်းများရှိသကဲ့သို့နှုတ်ကပြောသည့်အတိုင်း 'တ'ဟု ရေးခြင်းများလည်းတွင်တွင်ကျယ်ကျယ်ရှိခဲ့ပါသည်။ 'တ' ဟု တွင်တွင်ကျယ်ကျယ်ရေးနေရာမှ ကိန်းဂဏန်းအဓိပ္ပာယ်ရှိလျှင် 'တစ်'ဟုရေးရန် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းတွင် သတ်မှတ်ပြဋ္ဌာန်းလိုက်သောအခါ 'တစ်'က 'တ' ဖြစ်နေတာကြာပြီပဲ။ ဘာဖြစ်လို့ 'တစ်'ပြန်ရေးရမှာလဲဟူ၍ ပြဿနာပေါ်လာရခြင်းဖြစ်သည်။
ဘာသာစကားအမြင်ဖြင့်ကြည့်လျှင် ဤပြဿနာတွင် အခြေခံကျသော အချက်နှစ်ချက်ပါဝင်နေကြောင်းတွေ့ရသည်။ ဘာသာစကားပြောင်းလဲမှုသဘာ၀အရ 'တစ်'ဆိုသော စကားလုံး၏ အသံပြောင်းလဲလာသည့်အချက်နှင့် အသံပြောင်းသည့်အတိုင်း စာ (အရေး) ကလိုက်ပြောင်း၊ မပြောင်းဆိုသည့် အချက်ဖြစ်သည်။
'တစ်' ဆိုသော စကားလုံးတစ်လုံးတည်းကွက်၍စဉ်းစားခြင်းထက် 'တစ်' နှင့် သဘောချင်းတူသော အခြားစကားလုံးများနှင့်ပါ ယှဉ်တွဲ၍ စဉ်းစားခြင်းက ပို၍ မြင်သာသည်ဟု ယူဆမိပါသည်။ 'တစ်' လို အသံပြောင်းသော အခြားစကားလုံးတွေရော စာ (အရေး) လိုက်ပြောင်းသလား၊ မပြောင်းဘူးလား။
'တစ်' မှ 'ကိုး' အထိ ကိန်းဂဏန်းကို ဖော်ပြသောစကားလုံးတွေထဲမှာ တစ်နှင့်ဆင်တူ အခြားစကားလုံးနှစ်လုံးရှိသေးသည်ကို သတိပြုမိပါသည်။ 'နှစ်' နှင့် 'ရှစ်'ဖြစ်ပါသည်။ 'တစ်- နှစ်- ရှစ်' သုံးခုစလုံး စသတ်တွေပါနေသည်။ သူတို့ရော ဘယ်လိုသဘောရှိပါသလဲ။ 'နှစ်' လည်း 'တစ်'လိုပင် အသံပြောင်းနေပြီဖြစ်သည်။ 'ခွေးနှကောင်၊ ကားနှစီး' ဟု 'နှ' သံထွက်နေပြီဖြစ်သည်။ သို့သော် အသံထွက်သလို စသတ်ဖြုတ်ပြီး မရေးကြပါ။ အသံက 'နှ' ဟုပြောင်းသော်လည်း အရေးက 'နှစ်' ဟုပင် တစ်သတ်မတ်တည်း ရေးနေကြပါသည်။ 'ရှစ်' ကျတော့ အသံလည်းမပြောင်းပါ။ အရေးလည်းမပြောင်းပါ။ 'ရှစ်ယောက်'ကို 'ရှယောက်'၊ 'ကားရှစ်စီး' ကို 'ကားရှစီး' ဟု အသံမပြောင်းပါ။ အရေးလည်း 'ရှစ်'၊ အသံလည်း 'ရှစ်' ပါပဲ။
တစ်လို စသတ်သော အခြားစကားလုံးတွေရော စသတ်သံပြုတ်ပြီး အသံပြောင်းနေပြီလားဟု စူးစမ်းမိသည်။ 'ချစ်သူ၊ စစ်တပ်၊ ဆစ်ပိုး၊ ဇာစ်မြစ်၊ ယစ်ထုပ်၊ သစ်သား၊ ဟစ်တိုင်' ဟူသော စကားလုံးများ ပေါ်လာသည်။ ဘယ်စကားလုံးမျှ စသတ်ပြုတ်ပြီး အသံမပြောင်းပါ။ 'ချစ်သူ' က 'ချသူ'၊ 'သစ်သား' က 'သသား' ဟု အသံမပြောင်းပါ။ စာ (အရေး)လည်း မပြောင်းပါ။
တစ်မှ တသို့ အသံပြောင်းသလို သရသံရှည်မှ သရသံတို (မတြာဝက်သံ) သို့ ပြောင်းသွားသော စကားလုံးအများအပြားရှိပါသည်။ ထိုစကားလုံးများ အသံပြောင်းသွားသလို စာ (အရေး) လိုက်ပြောင်းပါသလား။ စူးစမ်းကြည့်သောအခါ ဤသို့တွေ့ရပါသည်။ နှာခေါင်း-နှခေါင်း၊ ငါးပိ- ငပိ၊ ဘီလူး- ဘလူး၊ ပုဆိုး- ပဆိုး၊ သူခိုး-သခိုး၊ သေနတ် - သနတ်၊ တံငါ- တငါ၊ နံ့သာ - နသာ၊ ထမင်းရေ - ထမရေ၊ နှုတ်ခမ်း - နှာခမ်း၊ ဆန်ခါ - ဆခါ(ဇကာ)၊ ပန်းချီ- ပချီ (ဗဂျီ)၊ ထန်းရည်- ထရည် (ထရေ)၊ ကြမ္မာ- ကြမာ၊ ကမ်းပါး- ကပါ(ကဗား)၊ (နှစ်လုံးတွဲများတွင် ဒုတိယစကားလုံး၏ ရှေ့အသံများသည် သရသံရှည်မှ သရသံတို (မတြာဝက်သံ) သို့ ပြောင်းပါသည်။ ထိုအသံများကို အသံအပြည့်မထွက်ဘဲ အသံတစ်ဝက်သာ ထွက်ရပါသည်။) သို့သော် စာ (အရေး) က မပြောင်းပါ။ ဤသာဓကများကိုကြည့်လျှင် ဘာသာစကားပြောင်းလဲမှုသဘာ၀အရ စကားလုံးတော်တော်များများသည် နှုတ်ပြောစကားတွင် သရသံရှည်မှ သရသံတို(မတြာဝက်သံ)သို့ ခေတ်ကာလတစ်လျှောက် ပြောင်းလဲလာသော်လည်း စာ(အရေးအသားသတ်ပုံ) မှာမူ လိုက်မပြောင်းလဲ၊ မူလအတိုင်း ရှိနေသည်ကို တွေ့နိုင်ပါသည်။ အကျိုးသက်ရောက်မှုအဖြစ် အရေးနှင့် အပြောကြီးတွင် ကွာဟမှုများ ရှိလာသည့်အတွက် (ရေးတော့အမှန် ဖတ်တော့ အသံ) ဟူသောဆောင်ပုဒ် ပေါ်ပေါက်လာရခြင်းဖြစ်သည်။
'ဖတ်လျှင်တော့ ပြောင်းလဲသည့် အသံအတိုင်းဖတ်ပါ။ ရေးလျှင်တော့ သတ်ပုံမှန်အတိုင်းရေးပါ' ဟုဆိုလိုခြင်းဖြစ်သည်။ ပြခဲ့သော သာဓကများအရ အခြားစကားလုံးများကို အသံပြောင်းသည့်အတိုင်း ပြောင်းရေးလေ့မရှိဘဲ 'တစ်' ကိုသာ 'တ' ဟု အသံပြောင်းသည့်အတိုင်း ပြောင်းရေးနေကြသည့်အတွက် အခြားစကားလုံးများကဲ့သို့ပင် ထုံးမီစံမျှဖြစ်စေရန် 'တစ်' ကို သတ်ပုံမှန်အတိုင်းရေးရန် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုခဲ့သော မြန်မာစာအဖွဲ့ဝင်ပညာရှင်များက ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်ဟု နားလည်ရပါသည်။
"မြန်မာဗျည်းသရအက္ခရာ မြန်မာဝေါဟာရတို့၏စာလုံးပေါင်းသတ်ပုံအသံထွက် အနက်အဓိပ္ပာယ် သဒ္ဒါနှင့် ဝါကျဖွဲ့ထုံးကို ထုံးမီစံမျှမှန်ကန်တိကျစေရန်၊ အဓွန့်ရှည်စွာ တည်တံ့စေရန်၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်စေရန်" ဟူသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခဲ့သော မြန်မာစာအဖွဲ့သည် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုညှိနှိုင်းပြုစုပြီးနောက် ထိုသတ်ပုံကျမ်းနှင့်အညီ လိုက်နာရေးသားကြရန် ၁၉၈၆ ခုနှစ်တွင် နိုင်ငံတော်က ပြဋ္ဌာန်းပေးခဲ့သည်။
ဤဆောင်ရွက်ချက်သည် မင်းအဆက်ဆက်၊ အစိုးရအဆက်ဆက် မြန်မာစာကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသော အစဉ်အလာနှင့်အညီ ဆောင်ရွက်ခြင်းဖြစ်သည်။
မြန်မာစာအရေးအသား မှန်ကန်ရေးအတွက် မြန်မာမင်းများကိုယ်တော်တိုင် အလေးထားဆောင်ရွက်သည့်အစဉ်အလာကို အမိန့်တော်များတွင် တွေ့ရသည်။ အလောင်းမင်းတရားလက်ထက်တွင် ဘုရင့်အမိန့်စာချွန်တော်ကို 'အရေးအသားအသတ်အလတ်' (သတ်ပုံ) မှန်ကန်အောင် ကြည့်ရှုစစ်ဆေး၍ 'ဘယသေန' အမတ်ကို တာဝန်ပေးခန့်ထားကြောင်း ၁၁၁၇ ခုနှစ်တွင် ထုတ်ပြန်သော အမိန့်တော်တစ်ခု၌ တွေ့ရသည်။ ဘိုးတော်ဘုရားလက်ထက်တွင် စာလုံးပေါင်းသတ်ပုံ ထိန်းသိမ်းစောင့်ရှောက်ရန် ၁၁၄၅ ခုနှစ်တွင်ထုတ်ပြန်သော အမိန့်တော်ရှိသည်။ ထိုအမိန့်တော်အရ ပုဂံခေတ်တွင်ပေါ်ပေါက်သော အက္ခရာပဘေဒသတ်ပုံကျမ်းကစ၍ 'သဗ္ဗဉာဏံ' ချီသတ်ပုံ၊ ဝဏ္ဏဗောဓန သတ်အင်းတို့ကို လိုက်နာကြရကြောင်း သိရသည်။ 'ငါ့ရွှေလက်ထက်တော်မှာလည်း ဝဏ္ဏဗောဓနသတ်အင်း၊ ငအောသတ်ပုံ(ဦးဩ၏ ကဝိလက္ခဏာသတ်ပုံကိုဆိုလိုသည်။) တွင်းသင်းတိုက်ဝန်သတ်ညွှန်းများအတိုင်း လိုက်နာရေးသားကြစေ' ဟု အမိန့်တော်တွင် ဖော်ပြသည်။ ရေးထုံးနှင့်မညီဘဲ ပြင်ဆင်သော စာတည်းစာပြင်တို့ကို 'လွှတ်တော်က အပြစ်အလျောက်ထိုက်သင့်ရာစီရင်စေ'၊ 'ကျွမ်းကျင်နားလည်သူတို့ကို ရွေးချယ်ခန့်ထားစေ' ဟု ၁၁၄၃ ခုနှစ်တွင် ထုတ်ပြန်သော အမိန့်တော်၌ တွေ့ရသည်။
သတ်ပုံအဆုံးအဖြတ်ပေးရန် တာဝန်ပေးထားသော ပညာရှိများကိုလည်း အမိန့်တော်တွင် ဖော်ပြသည်။ သတ်ပုံကျမ်းတွင်မပါသော ရေးထုံးများရှိလျှင် ပင်းယခေတ်တွင် စတုရင်္ဂဗလအမတ်၊ ညောင်ရမ်းခေတ်တွင် ဝန်ရှင်တော်နန္ဒယော်ဓာ၊ ဝန်ကြီးပဒေသရာဇာတို့ ဆုံးဖြတ်သည်ကို လိုက်နာကြရကြောင်း ဖော်ပြသည်။
ထိုအမိန့်တော်ကို ရည်ညွှန်းပြီး မင်းတုန်းမင်းလက်ထက် ၁၂၁၈ ခုနှစ်တွင် အမိန့်တော်ထုတ်ပြန်သည်။ စာဂလက်ထက်တွင်လည်း ထိုအမိန့်တော်အတိုင်း ဆက်လက်လိုက်နာကြရန် ထုတ်ပြန်ခြင်းဖြစ်သည်။
သီပေါမင်းလက်ထက် ၁၂၄၀ ပြည့်နှစ်တွင် တောင်ဥယျာဉ်တော်၌ ကျင်းပသော အစည်းအဝေးတွင် တက်ရောက်လာသော ပညာရှိ ၂၈ ဦးက သတ်ပုံသတ်ညွှန်းကျမ်း ၃၆ ကျမ်းကို စိစစ်ပြီး တစ်ကျမ်းစီနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်သည်။ အရအမိ ကျက်မှတ်လိုက်နာရန် ဆုံးဖြတ်သောကျမ်းများ၊ အာဂုံဆောင်ရန်ဆုံးဖြတ်သော ကျမ်းများနှင့် ကြည့်စာအဖြစ်လိုက်နာရန်ဆုံးဖြတ်သော ကျမ်းများဟူ၍ ကွဲပြားသည်။
ဤသို့ မင်းအဆက်ဆက် မြန်မာစာလုံးပေါင်းသတ်ပုံကို ထိန်းသိမ်းစောင့်ရှောက်ခဲ့သော အစဉ်အလာအတိုင်း ကိုလိုနီခေတ်တွင်လည်း ဆက်လက်ကျင့်သုံးကြသည်။
လွတ်လပ်ရေးခေတ် ဖဆပလအစိုးရကစ၍ အစိုးရအဆက်ဆက်တွင်လည်း မြန်မာစာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြသည်။ ပညာရှင်များ၏ စာလုံးပေါင်းသတ်ပုံကျမ်းများကို ပြဋ္ဌာန်းပေးခဲ့ကြသည်။
ထိုအစဉ်အလာအတိုင်းပင် နိုင်ငံတော်အစိုးရ၏တာဝန်ပေးချက်အရ မြန်မာစာအဖွဲ့ဝင်ပညာရှင်များက မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကို ပြုစုပေးခဲ့ရာ နိုင်ငံတော်အစိုးရက ထိုကျမ်းကို ပြဋ္ဌာန်းပေးခဲ့ခြင်းဖြစ်သည်။
ယခုဆိုလျှင် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းကိုပြဋ္ဌာန်းခဲ့သည်မှာ နှစ် ၄၀ နီးပါးရှိပါပြီ။
အကျိုးတရားတစ်ခုမှာ ထိုကျမ်းကို ပြဋ္ဌာန်းပြီးသည့်နောက်ပိုင်းတွင် သတ်ပုံငြင်းခုံမှုများ လျော့ပါးသွားခြင်းဖြစ်သည်။
မြန်မာစာလေ့လာနေသော ကျွန်တော်သည် ကျောင်းသားဘ၀ကစ၍ သတ်ပုံငြင်းခုံသော ပညာရှင်များ၏ ဆောင်းပါးများကို မဂ္ဂဇင်းများတွင် အဆက်မပြတ် ဖတ်ခဲ့၊လေ့လာခဲ့ရသည်။
ငြင်းခုံသောပုဂ္ဂိုလ်များမှာ ကျွန်တော်ကြည်ညိုလေးစားသော မြန်မာစာပေပညာရှင်ဆရာကြီးများ ဖြစ်နေသည့်အတွက်စိတ်မသက်မသာဖြစ်ခဲ့ရသည်။ သတ်ပုံရေးထုံးနှင့်ပတ်သက်၍ ငြင်းကြ၊ ခုံကြသည်ကို ကိုလိုနီခေတ်မဂ္ဂဇင်းများကစ၍ ရှုမ၀၊ မြ၀တီစသော မဂ္ဂဇင်းများအထိ အဆက်မပြတ် ဖတ်ခဲ့ရပါသည်။
ယပင့်နှင့်ရရစ်၊ တသတ်နှင့် ပသတ်၊ နသတ်နှင့် မသတ် ကွဲလွဲသော စာလုံးပေါင်းများနှင့်ပတ်သက်၍ နှစ်ဦးနှစ်ဖက် အထောက်အထားမျိုးမျိုး ရှာဖွေပြပြီး 'သူမှန် ငါမှန်' ငြင်းခုံကြသည်ကိုဖတ်ရင်း သာမန်စာဖတ်သူသာ ဖြစ်သော ကျွန်တော်မှာ ဉာဏ်မမီတော့ဘဲစိတ်ထဲမှာ ဝေဝါးရှုပ်ထွေးမှုများ မကြာခဏဖြစ်ရပါသည်။ 'ပညာရှိကြီးတွေ ခါးတောင်းကျိုက်ပြီး သတ်ပုံငြင်းနေကြတာလေ'ဟူသောသရော်သံကိုလည်း မကြာခဏကြားခဲ့ရသည်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ပြဋ္ဌာန်းပြီးသည့်နောက်တွင် ထိုဆောင်းပါးမျိုးများကိုမဂ္ဂဇင်းများတွင် မတွေ့ရတော့ပါ။
ဝမ်းနည်းစရာကောင်းသည်မှာ 'လူမှုကွန်ရက်'ပေါ်တွင် သတ်ပုံငြင်းပွဲများ အသစ်တစ်ဖန်ပြန်ပေါ်လာခြင်းဖြစ်သည်။ ပုံစံတော့ပြောင်းသွားသည်ဟု ထင်ပါသည်။
ယခင်ကလို ပညာရှိချင်း စီးချင်းထိုးသလို တန်းတူရည်တူ ငြင်းခုံကြခြင်းမျိုးထက် မြန်မာစာကို ခြေခြေမြစ်မြစ်လေ့လာမထားဘဲပုဂ္ဂိုလ်စွဲ၊ စာအုပ်စွဲ စသည့် အစွဲတစ်ခုခုကို အခြေခံပြီး သန်ရာသန်ရာ ပြောဆိုလာမှုများကို မြန်မာစာသမားများက အကျိုးသင့်အကြောင်းသင့် ရှင်းပြနေရခြင်းမျိုးကို ပို၍တွေ့နေရခြင်းဖြစ်သည်။
တစ်ဖက်က မြန်မာစာအရေးအသား ထုံးမီစံမျှဖြစ်ရေးအတွက် ကြိုးပမ်းအားထုတ်နေကြချိန်တွင် တစ်ဖက်က 'သတ်ပုံကို ဂရုစိုက်စရာမလို၊ ရေးချင်သလို ရေးလိုက်၊ စာပြင်ဆရာပြင်လိမ့်မည်' ဟူသော တာဝန်မဲ့ စကားမျိုးတစ်ဖက်က ပြောနေကြသည်။
"ကိုယ်ကြိုက်သလို ကိုယ်ရေးတာပါ" ဟုဆိုနေကြသည်။ "အင်္ဂလိပ်စာကျတော့ Spelling ကလေးတစ်လုံး၊ နှစ်လုံးမှားရင်တောင် ကမ္ဘာပျက်တော့မတတ် အော်နေကြတယ်။ မြန်မာစာကျတော့ သတ်ပုံဘယ်လောက်မှားမှား ဂရုစိုက်ရကောင်းမှန်း မသိကြရှာဘူး" ဟု မကျေမနပ်ပြောပုံများလည်းရှိသည်။
မြန်မာစာလုံးပေါင်း သတ်ပုံသည် မြန်မာစာ အရေးအသား စနစ်ပေါ်တွင် အခြေခံသည်။ မြန်မာစာအရေးအသားစနစ်အရ အသံတူပြီး အရေး (သတ်ပုံ) ကွဲသောစာလုံးများစွာရှိနေသည်။
ယပင့်နှင့်ရရစ်၊ ငြနှင့် ည၊ ဗနှင့်ဘ၊ ယနှင့် ရ၊ -င်နှင့် -ဉ်၊ -တ် နှင့် -ပ်၊ -န်နှင့် -မ်၊ ံ- နှင့် -ီ နှင့် -ည်စသည်ဖြင့် အသံတူအရေးကွဲသော စာလုံးများစွာရှိသည်။ အရေးကွဲတော့ သူ့အကြိုက် ကိုယ့်အကြိုက်ကွဲနိုင်သည်။
အချို့စာလုံးများကို ယပင့်တာ ကြိုက်သူရှိသလို ရရစ်တာကြိုက်သူရှိသည်။ တသတ်တာ ကြိုက်သူရှိသလို ပသတ်တာကြိုက်သူရှိသည်။
ယပင့်ရေးရေး၊ ရရစ်ရေးရေး အဓိပ္ပာယ်အရ သင့်လျော်သည်ဟု လက်ခံနိုင်စရာမျိုးတွေလည်း ရှိသည်။ သို့သော် သတ်ပုံဆိုသည်မှာသဘောတူပညတ်ချက်သာဖြစ်သည်။ ထာ၀ရတည်သည်မဟုတ်။ အပြောင်းအလဲတွေရှိသည်။ လွန်ခဲ့သော နှစ်တစ်ထောင်နီးပါး ပုဂံခေတ်က စာလုံးပေါင်းအချို့ ယခုမူလအတိုင်း ရှိပါသေးရဲ့လား။
ပုဂံခေတ်က 'က္လောင်၊ နိယ်၊ လောန်'တို့သည် ယခု 'ကျောင်း၊ နေ၊ လွန်' တို့ဖြစ်နေပါပြီ။ နှစ်တစ်ထောင်အတွင်း အများကြီးပြောင်းကုန်ကြပြီ။
ရှေ့အနာဂတ်တွင်လည်း ဘယ်လိုပြောင်းဦးမည်မသိ။ ဤသို့သော အခြေအနေတွင် သတ်ပုံဆိုသောပညတ်ကို သူတစ်ပါး ငါတစ်ဖုံသုံးခြင်းထက် အားလုံးတစ်ပြေးညီသုံးခြင်းက ပိုပြီးလက်တွေ့ကျပါသည်။ ပိုပြီးအကျိုးရှိပါသည်။
သတ်ပုံကိစ္စအားလုံး ညီသွားပြီဆိုလျှင် သတ်ပုံအငြင်းပွားမှုအတွက် အချိန်ကုန်ခံစရာမလိုတော့ဘဲ မြန်မာစကား မြန်မာစာနှင့်ဆိုင်သော အခြားအခြားသော ကိစ္စများ(စကားသံ၊ စကားလုံး၊ ဝါကျ၊ ဝေါဟာရ အသုံးအနှုန်း၊ အဓိပ္ပာယ်စသည်) ကို ပို၍ အာရုံစိုက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်စရာတွေအများကြီး ရှိပါသည်။ (အင်္ဂလိပ်စာတွင် Spelling နှင့် ပတ်သက်၍ အငြင်းပွားစရာများများမရှိသည်ကို သတိပြုမိပါသည်။)
ရှေးက မြန်မာပညာရှိကြီးများ ကိုယ့်အကြိုက်၊ ကိုယ့်အစွဲအရ သတ်ပုံငြင်းကြခြင်းမှာ မသင့်လျော်သကဲ့သို့ ယခုခေတ်တွင် မြန်မာစာကို ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ်လေ့လာမထားသူက ဘယ်သတ်ပုံက ဘယ်လိုညာလိုဆိုတာမျိုး ဝင်ပြောခြင်းမှာလည်း မသင့်လျော်ပါ။ ယခု ပြဋ္ဌာန်းထားသော သတ်ပုံကျမ်းတွင် အချို့ပညာရှင်များကိုယ်တိုင် သဘောမတူသည့် သတ်ပုံများလည်း ပါသည်ပင်ဖြစ်သည်။
သို့သော် အားလုံးညီစေခြင်းအကျိုးအတွက် မိမိအကြိုက်ကို ရှေ့တန်းမတင်ဘဲဖြစ်သင့်သည့်သဘောလို ညှိနှိုင်းထားကြခြင်းဖြစ်ရာ ထိုပညာရှင်များ၏ သဘောထားနှင့်ဆောင်ရွက်ချက်များမှာ များစွာလေးစားဖွယ်ကောင်းပါသည်။ ဘယ်စာလုံးကို ဘာကြောင့်အတည်ပြုသည်ဆိုသည်ကို ပညာရှင်များကတော့ သိပါလိမ့်မည်။
လူတိုင်း မြန်မာစာလိုက်စားသူမဟုတ်၍ လူတိုင်းတော့ ထိုအကြောင်းများကို သိနိုင်မည်မဟုတ်ပါ။ သို့သော် ကိစ္စမရှိပါ။
ပြဋ္ဌာန်းထားသည့်အတိုင်း လက်ခံ၍လိုက်သုံးခြင်းသည်ပင် မြန်မာသတ်ပုံတစ်ပြေးညီဖြစ်ရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ခြင်းဖြစ်သည်။
မူလဘူတ ဖော်ပြမျှဝေသူ - စံတော်ချိန် သတင်းစာ