Sunday, September 10, 2023

ရှေးအီဂျစ် လူမျိုးတို့၏ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ

 ရှေးအီဂျစ် လူမျိုးတို့၏ နည်းပညာနှင့် တီထွင်ဖန်တီးမှုများ




       ရှေးခေတ် ယဥ်ကျေးမှုတော်တော်များများဟာ အီဂျစ်နိုင်ငံ နိုင်းမြစ်တစ်လျှောက်၊ တိုက်ဂရစ်မြစ်နဲ့ ယူဖရေးတီးမြစ်တို့နေရာ မက်ဆိုပိုတေးမီးယား၊ အိန္ဒိယနိုင်ငံ အင်ဒုမြစ်ရိုးနဲ့ တရုတ်နိုင်ငံ မြစ်ဝါမြစ်ဝှမ်းတစ်လျှောက်မှာ စတင်ထွန်းကားခဲ့ကြတာပဲဖြစ်ပါတယ်။ ဂရိလိုနောက်ပိုင်း ယဥ်ကျေးမှုတွေက သူတို့ ဆီက လက်ဆင့်ကမ်းယူနိုင်ကြပေမယ့် အစဦးယဥ်ကျေးမှုတွေကတော့ ကိုယ့်ဟာကိုယ် တီထွင်ကြံဆခဲ့ကြရတာပါ။ ကမ္ဘာ့သမိုင်းထဲမှာ ရှေးအီဂျစ်လူမျိုးတွေရဲ့ ကဏ္ဍက မပါမဖြစ်ပါနေရခြင်းကလည်း သူတို့ တီထွင်ကြံဆခဲ့ကြတဲ့ အရာတွေများစွာက ခုချိန်ထိ ကမ္ဘာကို အကျိုးပြုနေတာလည်း အချက်တစ်ခု ဖြစ်ပါလိမ့်မယ်။ ရှေးအီဂျစ်လူမျိုးတွေဟာ သင်္ချာ၊ ဂျီသြမေတြီ၊ စစ်တမ်းကောက်ခြင်း၊ သတ္တုဗေဒ၊ နက္ခတ်ဗေဒ၊ စာရင်းအင်း၊ စာရေးခြင်း၊ စက္ကူ၊ ဆေး၊ လမ်း၊ မောင်းတံ၊ ထယ်ထိုးတံ၊ ကြိတ်စက် စတာတွေကို ထောင့်စေ့အောင် တီထွင်ဖန်တီးခဲ့ကြသူတွေပါ။ သူတို့ တွေက အဲဒီခေတ်က အကောင်းဆုံးဆိုတဲ့ နည်းပညာတွေကို ပိုင်ဆိုင်ခဲ့ကြသူတွေ လို့ပဲဆိုရမှာပေါ့။ အင်မတန် စနစ်ကျပြီး အဘက်ဘက်ကို ပြည့်စုံအောင် ကြံစည် လုပ်ဆောင်နိုင်သူတွေလည်း ဖြစ်ပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ရဲ့ ဖန်တီးမှု နဲ့ နည်းပညာတွေအကြောင်း လေ့လာမိသလောက် ပြောပြလိုက်ပါတယ်။


🔵သတ္တုလုပ်ငန်းစဥ်


        ဘီစီ ၃၀၀၀ခန့်ကတည်းက ရှေးအီဂျစ်တို့ဟာ သံဖြူသတ္တုကို ကြေးနီနဲ့ရောပြီး ကြေးဝါပြုလုပ်

ကြောင်း ရှာတွေ့ခဲ့သူတွေပါ။ ကြေးဟာ ထိုအချိန်က သုံးနိုင်ခဲ့တဲ့ သတ္တုအားလုံးထဲမှာ အမာဆုံးဖြစ်ပြီး 

သုတေသနပိုင်းခြားမှုအရ ထိုခေတ်ကို ကြေးခေတ်လို့ လူသိများပါတယ်။ ကြေးတန်ဆာပလာများ၊ လက်နက်များ၊ သံချပ်ကာ ၀တ်စုံများ၊ ဆောက်လုပ်ရေးပစ္စည်းများနဲ့ အလှဆင်ပစ္စည်း မျိုးစုံကို တွေ့ရှိ

ခဲ့ခြင်း၊ လက်ရာတွေကို ကြည့်ရတာ ကြေးကို တော်တော်နိုင်နင်းစွာ လုပ်ဆောင်နိုင်သူတွေပါပဲ။


🔵စာရေးခြင်း 


        ရှေးအီဂျစ်တို့ဟာ မှတ်တမ်းတွေကို ရေးသားပြုစုတတ်တဲ့ ပထမဆုံး လူတွေထဲမှာ ပါပါတယ်။

အစောဆုံး အီဂျစ်စာတွေရဲ့ ပုံစံက ယုတ္တိဗေဒ၊ ညွှန်ပြပုံစံတွေနဲ့ အက္ခရာစဥ်တွေကို ပေါင်းစပ်ထားတာ

ဖြစ်ပြီး မတူတဲ့ စာလုံးရေ 1000 ကျော်ရှိပါတယ်။ နောက်ပိုင်း အီဂျစ်အက္ခရာတွေဟာ ဂရိနဲ့ အာရမိတ်

အက္ခရာများလို hieroglyphics ကနေ ကိုယ်ပိုင်မှုပြုထားတာ ဖြစ်လာပါတယ်။ ထိုစာတွေဟာ ဒီနေ့ခေတ် အသုံးပြုနေကြတဲ့ ဖော်ပြချက်အများစုရဲ့ ဘိုးဘေးတွေပါပဲ။


🔵စက္ကူ ၊ ပေရွက်


         ရှေးအီဂျစ်တို့ ဟာ မြေထဲပင်လယ်ဒေသ တစ်ဝှမ်းမှာတွေ့ရတတ်တဲ့ Cyperus papyrus အပင်ရဲ့ အူတိုင်ကို အချပ်လိုက်တွေဖြစ်အောင် ဖန်တီးပြီး စာရွက်အဖြစ် သုံးခဲ့ကြပါတယ်။ လိပ်ပြီးသယ်သွားလို့ရသလို ကြာရှည်ခံမှုလည်း ရှိပါတယ်။ ဒီပေစာတွေကို အသုံးပြုခဲ့တဲ့ အစောဆုံး အထောက်အထားကို ပင်လယ်နီ ကမ်းရိုးတန်းမှာရှိတဲ့ ရှေးဟောင်းအီဂျစ် ဆိပ်ကမ်း Wadi al-Jarf မှာ 2012 ကတွေ့ရှိခဲ့တာပါ။ 2560 က 2550 ဘီစီ ထိ ခေတ်အတွင်း အစောဆုံးသုံးခဲ့ကြပြီး ပေစာလိပ်တွေထဲမှာ ဂီဇာ ပိရမစ်ကြီးကို တည်ဆောက်ခဲ့တဲ့ နောက်ဆုံးနှစ်တွေကို ဖော်ပြထားပါတယ်။

       ယနေ့ထိ ရှင်သန်ရပ်တည်နိုင်တဲ့ အီဂျစ်စာကြည့်တိုက်ဟာ ကယ်လီဖိုးနီးယား၊ ဘာကလေတက္က

သိုလ်မှာရှိပါတယ်။ ထင်ရှားတဲ့ မိကျောင်း မံမီစာသားတွေပါ၀င်ပြီး Tebtunis Temple Library ပဲဖြစ်ပါတယ်။ ဒီစာလိပ် 45 ခုဟာ ဘီစီတစ်ရာစု အလယ်ပိုင်းတုန်းက ဖြစ်ပြီး ဘေးတိုက်မြှုပ်နှံထားတဲ့ မိ

ကျောင်း မံမီ 5 ခုကနေ ရှာတွေ့ခဲ့ကြတာဖြစ်ပါတယ်။


🔵မှင် 


        စာရွက်ကိုတီထွင်ပြီး စာရေးဖို့ မှင်မရှိရင် အလကားပဲဆိုတာ ရှေးအီဂျစ်တို့ ကောင်းကောင်းသိ

ကြပါတယ်။ သူတို့ဟာ မှင် အမည်းကို ဖန်တီးဖို့အတွက် ဟင်းသီးဟင်းရွက် အစေး၊ ပျားဖယောင်းနဲ့ ကျပ်ခိုးတို့ကို အချိုးကျကျ ရောစပ်သုံးနိုင်ခဲ့ကြသူတွေပါ။ နောက်ပိုင်းမှာတော့ မှင်အရောင်အမျိုးမျိုးတို့ကို လုပ်ဖို့အတွက် မြေနီ၊ မြေဝါမှုန့်တွေကို ထည့်သွင်းခဲ့တဲ့အပြင် တခြားသော ပစ္စည်းတွေကိုပါ ပေါင်းစပ်ခဲ့ကြပါသေးတယ်။ 


🔵ထွန်တုံး နဲ့ တံစဥ်


         ဘီစီ 2500 လောက်ကတည်းက အီဂျစ်မှာ နွားဆွဲတဲ့ ထွန်တုံးတွေကို သုံးနေကြပါပြီ။ ထွန်တုံး

တွေကို ကြေးဝါနဲ့ သွန်းလုပ်ခဲ့ကြတာဖြစ်ပြီး စိုက်ပျိုးရေးပိုင်းမှာ အလွန်ခရီးရောက်ခဲ့ပါတယ်။ ပေါက်

ပြားနဲ့ မြေသားကိုခွဲထုတ်ပြီး အတန်းလိုက်စိုက်တဲ့စနစ်ကို တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြပါတယ်။နိုင်းမြစ်ဝှမ်းတစ်လျှောက်ဟာ မြေသြဇာကောင်းပြီး ဂျုံနဲ့ အသီးအနှံတွေကို စိုက်ပျိုးထုတ်လုပ်ခဲ့ကြပါတယ်။ တံစဥ်ကိုတော့ ဂျုံနဲ့ မုယောစပါးတွေကို ရိတ်သိမ်းဖို့ အဓိကသုံးခဲ့ကြတာဖြစ်ပြီး ပုံစံကို ဖန်တီးမှုက အမျိုးမျိုးရှိပါတယ်။ 


🔵ဆည်မြောင်းများ


          ရှေးအီဂျစ်တို့ဟာ နိုင်းမြစ်ကရေကို မြစ်နဲ့ဝေးတဲ့ စိုက်ခင်းတွေဆီကို ပို့ဆောင်ဖို့အတွက် တူးမြောင်းနဲ့ ဆည်တွေကို တည်ဆောက်ခဲ့ကြပါတယ်။ ရေစီးဆင်းမှုကို ထိန်းချုပ်ဖို့အတွက် တူး

မြောင်းများအတွင်း တံခါးများလုပ်ခဲ့ကြပြီး မိုးခေါင်ရေရှားချိန်မှာ အဆင်သင့်ဖြစ်ဖို့အတွက် ရေလှောင်

ကန်တွေကိုလည်း စီစဥ်ခဲ့ကြပါတယ်။ သူတို့ဟာ ရေအားနဲ့ ရေကိုတင်နိုင်တဲ့ ဘီးတွေကိုလည်း သုံးခဲ့ကြပါသေးတယ်။ အစွန်းတစ်ဖက်မှာ ပုံးတစ်ပုံးနဲ့ အခြားအစွန်းမှာတော့ အလေးတုံးတစ်ခု တပ်ဆင်ထားပြီး ရိုးရှင်းတဲ့ နည်းပညာဖန်တီးမှုတစ်ခုဖြစ်ပါတယ်။ အဲဒီအခြေခံနည်းကို သုံးပြီး တူမြောင်းတွေကို ရှေးအီဂျစ်တို့ ရေသွင်းခဲ့ကြတာပါ။


🔵ပြက္ခဒိန်


         အီဂျစ်လူမျိုးတွေက Sirius ကြယ် အရှေ့ကောင်းကင်မှာ နှစ်စဥ်ပြန်လည် ပေါ်ထွက်လာခြင်းကို မှတ်တမ်းတင်ထားခြင်းနဲ့ အလွန်တိကျတဲ့ နေရောင်ခြည် ပြက္ခဒိန်ကို တီထွင်နိုင်ခဲ့ကြပါတယ်။ ထိုကြယ်တက်လာချိန်ဟာ နှစ်စဥ် နိုင်းမြစ်ရေလျှံမှုနဲ့ တစ်ချိန်တည်းလည်း ဖြစ်ပါတယ်။ အီဂျစ်ပြက္ခဒိန်မှာ 365 ရက်ပါ၀င်ပြီး လပေါင်း 12 လနဲ့ ပိုင်းခြားထားပါတယ်။ လတိုင်းမှာ ရက်ပေါင်း 30 စီရှိပြီး နှစ်စဥ် ပွဲတော်ရက် 5ရက်ရှိပါတယ်။ 

         ဒါပေမယ့် နေအလင်းနှစ်ဟာ တစ်နှစ်မှာ 365.25 ရက်ဖြစ်ပြီး လက်ရှိ ပြက္ခဒိန်များက ရက်ထပ်

နှစ်နဲ့ တွက်ကြပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ အီဂျစ်ပြက္ခဒိန်ဟာ မမှန်တော့ဘဲ Ptolemy III က လေးနှစ်တစ်ကြိမ် တစ်ရက်ပေါင်းထည့်တဲ့ စနစ်နဲ့ ပြဿနာကိုဖြေရှင်းခဲ့ပြီး ခုချိန်ထိ အဲဒီအတိုင်းပါပဲ။


🔵နာရီ


           ရှေးအီဂျစ်တို့ဟာ သူတို့ရဲ့ ကျော်ကြားတဲ့ ကျောက်တိုင်ကြီးတွေကို အသုံးပြုပြီး ကျောက်တိုင်ရဲ့ အရိပ် ရွေ့လျားပုံကို စောင့်ကြည့်ခဲ့ကြပါတယ်။ ထိုကတစ်ဆင့် တစ်နှစ်တာရဲ့ နေ့တာအတိုဆုံးနဲ့ အရှည်ဆုံးနေ့ရက်တွေကို ရှာတွေ့ခဲ့ကြပါတယ်။

         ရှာဖွေတွေ့ခဲ့တဲ့ ဘီစီ 16 ရာစုက Amenemhet အမည်ရှိ တရားရုံး အရာရှိ တစ်ယောက်ရဲ့ သင်္ချိုင်းမှာ တွေ့ရတဲ့ ကမ္ဗည်းစာမှာ ရေနာရီ တစ်လုံးပါရှိပါတယ်။ ဒီနာရီကို အောက်ခြေမှာ အပေါက်

သေးသေးလေးတစ်ခုပါရှိတဲ့ ကျောက်အိုးတစ်လုံးနဲ့ ပြုလုပ်ထားခဲ့တာပါ။ ဒီအပေါက်ကနေ ရေကတစ်

စက်ချင်းကျတာဖြစ်ပြီး ရေခံခွက်ထဲကို ရောက်လာတဲ့ ရေအလေးချိန်ပေါ်မူတည်ပြီး အချိန်ကိုညွှန်ပြမှု

တွေပြောင်းလဲ ညွှန်ပြသွားတာပါပဲ။ ကာနက် (Karnak) ဘုရားကျောင်းရှိ ဘုန်းတော်ကြီးများဟာ ညအချိန်မှာ ရေနာရီကို သုံးပြီး ဘာသာရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို အချိန်နဲ့ လုပ်ဆောင်ခဲ့ကြပါ

တယ်။


🔵မုခ်ဦးများ


          မုခ်ဦးအခုံးများဟာ နေရာလွတ်တစ်ခု ဒါမှမဟုတ်ရင် ဖွဲ့စည်းပုံ မပျက်အောင် ရှောင်လွှဲဆောက်

တဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ ရှေးအီဂျစ်တို့က ဒီနည်းပညာကို အစောကြီးကတည်းက သုံးခဲ့ ဆောက်ခဲ့ပြီးပါပြီ။ ကျစ်လစ်မှုနဲ့ တည်ဆောက်မှုခံနိုင်အားကိုတော့ ခံနိုင်ရည်ရှိလောက်အောင် မတည်

ဆောက်နိုင်ခဲ့ကြသေးပါဘူး။ 


🔵ဖန်ချက်လုပ်ငန်းစဥ်


         ဘီစီ 1500 လောက်တည်းက အီဂျစ်လက်မှုပညာသည်တွေက ဖန်ခွက်နဲ့ အခြားအသုံးအ

ဆောင်တွေကို အရောင်အမျိုးမျိုးနဲ့ လုပ်ခဲ့ကြပါတယ်။ ဖန်ထည်လုပ်သူတွေဟာ ကြွေထည်မြေထည် တွေရဲ့ ကိုယ်ထည်မှာ တောင် ဖန်သားလိုင်းစင်းတွေနဲ့ ထည့်သွင်းလုပ်ခဲ့ကြပါသေးတယ်။ နောက်ပိုင်းမှာလက်ကိုင်နဲ့ နှုတ်ခမ်းတွေကို ထပ်ထည့်ပြီး ပိုကောင်းတဲ့ ပစ္စည်းတွေကို ဖန်တီးနိုင်ခဲ့ကြပါတယ်။ အစောပိုင်းလုပ်တဲ့ အိုးအများစုဟာ ရေမွှေးဆီထည့်ဖို့ ပုလင်းသေးသေးလေးတွေဖြစ်ပြီး သူတို့ဟာ ကမ္ဘာ့ ပထမဆုံးသော ရေမွှေးပုလင်းတွေဖြစ်လာကြတာပါ။


🔵ပရိဘောဂများ


         1923 ခုမှာ တူတန်ခမန် ဘုရင်ရဲ့ သင်္ချိုင်းဂူကို တွေ့ခဲ့ ကြပြီး အတွင်းမှာ ပရိဘောဂပေါင်းများစွာ ပါ၀င်နေခဲ့ပါတယ်။ ရှေးအီဂျစ်လူမျိုးတို့ဟာ ကုတင်၊ စားပွဲ၊ ထိုင်ခုံနဲ့ အခြား ပရိဘောဂများစွာကို ပြု

လုပ်သုံးစွဲကြသူတွေဆိုတာ ပိုသေချာသွားပါတယ်။ အစောပိုင်း စားပွဲပုံစံတွေဟာ မြေပြင်အထက်မှာ ပစ္စည်းတွေကို ထားသိုဖို့လောက် ရည်ရွယ်ခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းမှာ ဂိမ်းဆော့ခြင်း၊ စားသောက်ခြင်းနဲ့ စည်ဝေးခြင်းတို့အတွက် ပိုကောင်းတဲ့ ဒီဇိုင်းပုံစံများကို လုပ်ခဲ့ကြပါတယ်။ ဆီနက် ( Senet) ကစားခြင်းဟာ ဘီစီ 3100 ကရှေးအီဂျစ်တို့ရဲ့ ရှေးအကျဆုံး ဘုတ်ဂိမ်းတွေထဲကတစ်ခု ဖြစ်ပြီး လူသိလည်းများပါတယ်။ ရှေးအီဂျစ်တို့ရဲ့ အရုပ်စာတွေမှာလည်း ထိုအချက်ကို တွေ့ခဲ့ကြရပါတယ်။ 


🔵ခွဲစိတ်ကိရိယာများ


        Edwin Smith Papyrus ဆိုတာ ဘီစီ 1600 ကတည်းကရှိခဲ့တဲ့ ရှေးအကျဆုံး ခွဲစိတ်ကုသရေးကျမ်းပဲဖြစ်ပါတယ်။ ထိုကျမ်းမှာ ထိခိုက်ဒဏ်ရာ၊ အရိုးကျိုးခြင်း၊ အဆစ်လွဲ၊ ရောင်ရမ်း၊ အကျိတ် များနဲ့ ခွဲစိတ်ကုသမှု 48 မျိုးကို ဖော်ပြထားပြီး ဒဏ်ရာအမျိုးအစား၊ စစ်ဆေးခြင်း၊ ရောဂါရှာဖွေခြင်း၊ ကြိုတင်ခန့်မှန်းခြင်းနဲ့ ကုသမှုတို့ကို အသေးစိတ် စီစဥ်ထားပါတယ်။ ဦးခေါင်း၊ ပုခုံး၊ ရင်ဘတ် ၊ရင်သား၊ လည်ပင်း တို့နဲ့ ပက်သက်ပြီး အလေးပေးပြုစုထားခြင်း ဖြစ်ပါတယ်။ အဲဒီကျမ်းထဲမှာပဲ ခွဲစိတ်မှုမှာ အသုံးပြုရမယ့် ပစ္စည်းစာရင်း၊ လမ်းညွှန်ချက်၊ ဂွမ်းစ၊ ပတ်တီး၊ ကော်၊ ပလာစတာနဲ့ လိမ်းဆေး အသုံးပြုပုံကအစ ပါပါတယ်။

       မှင်နက်နဲ့ ရေးထားတာတွေအပြင် မှင်နီနဲ့ ရေးထားတဲ့ ရှင်းလင်းချက်တွေနဲ့ မီးယပ်ရောဂါနဲ့ အလှကုန်ဆိုင်ရာ ကဏ္ဍပါပါ၀င်တဲ့ ဆေးညွှန်းငါးခု အဲဒီ ကျူစာ ဆေးကျမ်းမှာပါပါသေးတယ်။ အီဂျစ်နိုင်ငံ ကိုင်ရိုပြတိုက်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဦးရေပြား၊ ကတ်ကြေး၊ ကြေးနီအပ်၊ ဇွန်းများ၊ ခွဲစိတ်ဓါး နဲ့ အခြားခွဲစိတ်ခန်းသုံးကိရိယာများစွာကို ပြသထားပါတယ်။


🔵သွားတိုက်ဆေး


         ရှေးအီဂျစ်လူမျိုးတို့ဟာ သွားတိုက်ဆေးကိုလည်း တီထွင်သုံးခဲ့ကြပါတယ်။ နွားခွာ၊ ပြာ၊ မီးရှို့ထားတဲ့ ဥခွံ၊ ကျောက်ပွ တစ်မျိုးတို့ ပါရှိတဲ့ သွားတိုက်ဆေးကို အသုံးပြုခဲ့ကြပါတယ်။ နောက်ထပ်

ပိုကောင်းတဲ့ သွားတိုက်ဆေးဖော်နည်းသစ်တစ်မျိုးကို တွေ့ခဲ့ကြပြီး ကျောက်ဆား၊ ပူစီနံ၊ အိုင်းရစ်ပွင့်

ခြောက်၊ ငရုတ်ကောင်းတို့ နဲ့ ဖော်စပ်အသုံးပြုခဲ့ကြတာပါ။ နောက်ဆုံးတွေ့ခဲ့တဲ့ သွားတိုက်ဆေး ဖော်

နည်းကတော့ ဖြူစင်ပြီးပြီးပြည့်စုံတဲ့ သွားတွေအတွက် အကောင်းဆုံး ဆေးမှုန့်ပဲဖြစ်ပါတယ်တဲ့။

        ခုဆို ရှေးအီဂျစ်တို့ ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ သူတို့ လူနေမှုအဆင့်အတန်းကို သိလောက်ပါပြီ။ အဲဒီခေတ်အခါရဲ့ ဖန်တီးနိုင်မှုအရှိဆုံး၊ အဆင့်အတန်း အမြင့်ဆုံး ၊ နည်းပညာအတိုးတက်ဆုံးသော လူ

မျိုးတွေရဲ့ သမိုင်းဟာ နောက်ခေတ်အဆက်ဆက် တည်မြဲနေဦးမှာဆိုတာတော့ ကျွန်တော် သေသေချာချာပြောရဲပါတယ်။


စာဖတ်သူအားလုံး အသိပညာတိုးတက်ကြပါစေ......


(ကိုသန့် 7.8.23)


**************************************

No comments: