Thursday, February 9, 2017

လူတော်တွေ အလုပ်မြဲစေဖို့ နဲ့ အလုပ်လုပ်ချင်စိတ်ရှိအောင်ပြုလုပ်ခြင်း

လူတော်တွေ အလုပ်မြဲစေဖို့
------------------------------



စီးပွားရေးလုပ်ငန်းတွေမှာ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲက လူတော်တွေ အလုပ်မမြဲဘဲ ထွက်ထွက်သွားနေကြတာပါပဲ။ ဒါကတော့ လူတော်တွေကို အပြိုင် လုနေကြတဲ့ စစ် Talent War ဖြစ်နေလို့ပါပဲ။ ဟိုးအရင်ကလို တော်တဲ့သူရော မတော်တဲ့သူရော အားလုံးဟာ တပြေးတည်း သတ်မှတ်ခဲ့တာတွေမရှိတော့ဘဲ တော်တဲ့သူကို တော်သလို  ချီးမြှောက်ရမယ့်အခြေအနေကိုရောက်ရှိနေပါပြီ။  ဒီလိုအခြေအနေမှာ လူတော်တွေ မိမိတို့လုပ်ငန်းကနေ ထွက်မသွားအောင် အလုပ်မြဲနေအောင် သင့်တော်တဲ့ မဟာဗျူဟာ Retention Strategy တွေချမှတ် ရပါတယ်။ လူတော်တွေမိမိလုပ်ငန်းမှာ နေပျော်အောင် ပြိုင်ဘက်လုပ်ငန်းတွေဆီ ရောက်မသွားအောင် ထိန်းသိမ်းထားနိုင်တဲ့ နည်းလမ်းအချို့ကို ဖေါ်ပြလိုပါတယ်။

Identify and focus on your real achievers. ပထမဆုံးအနေနဲ့လုပ်ရမှာက ၀န်ထမ်းတွေအများကြီးထဲကမှ စွမ်းဆောင်ရည်မြင့်မားတဲ့ ၀န်ထမ်းကောင်းတွေ ကဘယ်သူတွေဆိုတာကို အရင်ဦးဆုံးသိအောင်လုပ်ထားရပါမယ်။ လုပ်ငန်းအတွက် အဓိကစွမ်းဆောင်ပေးနေတဲ့သူတွေကို အသေအချာ နားလည်ဂရုစိုက်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာသတိထားရမယ့် အချက်တွေ ရှိပါတယ်။

Don’t confuse activity with performance. လုပ်ဆောင်ချက် activity နဲ့ performance စွမ်းဆောင်ရည်ကို ကွဲပြားနေဖို့လိုပါတယ်။ တချို့တွေ အလုပ်အရမ်းရှုပ်နေကြတာရှိပါတယ်။ အလုပ်နဲ့လက်နဲ့ ပြတ်တယ်ကို မရှိဘူးဆိုတာတွေရှိပါတယ်။ လုပ်ဆောင်ချက်တွေများနေတိုင်း လုပ်ငန်း စွမ်းဆောင်ရည်မဟုတ်ပါဘူး။ အဓိက က ရလဒ်အပေါ်မှာအခြေခံတဲ့ စီမံခန့်ခွဲမှု Result Based Management (RBM) ပါ။ Activity များနေပြီး Result ရလဒ်မထွက်ရင်အလကားပါပဲ။

Consider performance, not noise. အလုပ်လုပ်နေကြောင်း အလုပ်တွေ များနေကြောင်းတဖွဖွပြောနေတတ်တဲ့သူတွေ လုပ်ငန်းတွေမှာ ရှိပါတယ်။ အဲလိုပြောနေတိုင်းလဲ ဒီဝန်ထမ်းဟာ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းတယ်လို့မဆိုလိုနိုင်ပါဘူး။ ဒီလိုပြောမနေပေမဲ့ လုပ်ငန်းကို အကျိုးပြုနေတဲ့ဝန်ထမ်းတွေ ရှိနေတတ်ပါတယ်။ အလုပ်တကယ် လုပ်တဲ့သူ အချို့ဟာ အလုပ်ရှုပ်နေကြောင်း ပါးစပ်ကထုတ်ပြောဖို့ အတွက် အချိန်မရှိလောက်အောင်ကိုပဲ အလုပ်ရှုပ်နေတတ်ကြတာပါ။ ဒါတွေကိုကွဲပြားအောင်ခွဲတတ်ဖို့တော့လိုပါတယ်။

Remember, doers come in all shapes and sizes.  အလုပ်လုပ်တဲ့ သူတွေဟာ ပုံစံအမျိုးမျိုးနဲ့ရှိနိုင်ပါတယ်။ ရာထူးငယ်တာ၊ ရာထူးကြီးတာ၊ အသက်ငယ်တာအသက်ကြီးတာနဲ့ မဆိုင်ပါဘူး။ ဒါကိုတော့ သတိရဖို့လိုအပ်ပါတယ်။

Know why top quality people leave. လုပ်ငန်းကိုအဓိကအကျိုးပြုနေသူတွေ ကဘယ်သူလဲ၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့သူတွေကဘယ်သူလဲဆိုတာကို ၀န်ထမ်းတွေအများကြီးထဲကရွေးပြီးတဲ့အခါမှာလုပ်ရမှာတစ်ခုက အဲဒီစွမ်းဆောင်ရည် ပြည့်ဝတဲ့ဝန်ထမ်းတွေ လုပ်ငန်းက ဘာလို့ထွက်သွားကြတာ လဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုရှာဖွေရပါမယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ၀န်ထမ်းကောင်းတွေရဲ့ အလုပ်နဲ့ ပတ်သက်ပြီးစိတ်ကျေနပ်မှုဖြစ်စေတဲ့ အချက်တွေ Satisfiers တွေကဘာတွေလဲ၊ သူတို့ရဲ့ Needs Level ကဘယ်နေရာမှာရောက်နေတာလဲဆိုတာတွေကို သိအောင်လုပ်ရပါမယ်။  လူတော်တွေလုပ်ငန်းကိုစွန့်ခွာသွားရတဲ့အကြောင်းအရင်းတွေတော့ အများကြီးရှိပါတယ်။ အဓိက ကတော့ အလုပ်နဲ့ပတ်သက်ပြီး သူတို့မျှော်လင့်တဲ့ စိတ်ကျေနပ်မှု ဖြစ်စေတဲ့အချက် Satisfiers တွေဟာ လက်ရှိအလုပ်မှာ သူတို့မရနေလို့ပါပဲ။  စာရေးသူတို့စဉ်းစားကြည့်ရအောင်ပါ။

I’m not appreciated. ကျွန်တော့်ကို အသိအမှတ်မပြုကြဘူးဗျာ။ လုပ်ငန်းအတွက်ကျွန်တော့်မှာရှိသလောက် ကိုယ်စွမ်းဥာဏ်စွမ်း သုံးပြီး စွမ်းဆောင်ပေးခဲ့တာတောင် အသိအမှတ်ပြုတာ မခံရဘူး။ ကျွန်တော့်ရဲ့ ပါရမီ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုမယ့်လုပ်ငန်းနေရာတစ်ခုခုတော့ ရှိမှာပဲ။ အဲလို အသိအမှတ်ပြုမယ့်လုပ်ငန်းကိုပဲရှာတော့မယ်။

I’m bored. တစ်နေ့လာလည်းဒီအလုပ်တွေပဲလုပ်နေရတယ်။ ပျင်းလားပီမလုပ်ချင်တော့ပါဘူး။ စိန်ခေါ်မှုအသစ်တွေကို လိုချင်တယ်။ စမ်းသပ်မှုအသစ်တွေကို လုပ်ချင်တယ်။ ကျွန်တော့်မှာရှိတဲ့ ပညာ၊ ဗဟုသုတ၊ လုပ်ငန်းကျွမ်းကျင်မှုတွေကို တနေ့လာလည်းဒီပုံစံနဲ့ပဲ မသုံးချင်တော့ဘူး။ ညည်းငွေ့လာပီ။

I have no career prospects here. ကျွန်တော့်အတွက် ဒီအလုပ်မှာ တိုးတက်လမ်းမရှိပါဘူး။ အရှေ့မှာလည်း တန်းစီပြီးပိတ်နေတာပဲ။ ဒီလို Career တိုးတက်မှုမရှိဘဲ လစာပဲရနေတဲ့ လုပ်ငန်းမျိုးမှာ မလုပ်ချင်တော့ဘူး။

I want to get better. ဒီမှာလုပ်ရတာ လုပ်ငန်းကျွမ်းကျင်မှုလည်း တိုးတက်မလာတော့ဘူး။ သင်တန်းပေးတာတွေ ဖွံ့ဖြိုးမှုအစီအစဉ်တွေ လည်းမရှိတော့ မလုပ်ချင်တော့ပါဘူး။

I want to work with winners. ဒီအလုပ်မှာက စနစ်မကောင်းဘူး။ လက်တွဲလုပ်နေရသူတွေကလည်း ဒီပုတ်ထဲက  ဒီပဲတွေပါပဲမလုပ်ချင် တော့ပါဘူး။ စနစ်ကောင်းပြီး အတွေးအခေါ်အသစ်တွေနဲ့ စွမ်းဆောင်ရည် ပြည့်ဝသူတွေနဲ့ပဲ လက်တွဲ လုပ်ချင်တယ်။
ဒီလိုအကြောင်းအရာတွေဟာ လုပ်ငန်းခွင်အတော်များများက ၀န်ထမ်းတွေ ဆီကမြင်တွေ့ကြားနေရတာတွေပါ။ မိမိလုပ်ငန်းအထဲကအဓိကစွမ်းဆောင် နိုင်သူတွေဟာ ဒီလိုတွေတွေးနေပြီလား။ ဒီလိုတွေပြောနေပြီလားဆိုတာ သိရှိအောင်လုပ်ဖို့ကတော့ စီမံခန့်ခွဲသူတွေရဲ့ တာဝန်ပါပဲ။

Develop a retention plan for each top employee. နောက်လုပ်ရမှာတစ်ခုက အဓိကစွမ်းဆောင်နိုင်သူတစ်ဦးချင်းစီအတွက် ထိန်းသိန်းရေးအစီအစဉ် Retention Plan တွေရေးဆွဲထားဖို့လိုအပ်ပါတယ်။ စီမံခန့်ခွဲသူတွေဟာ ၀န်ထမ်းကောင်းတွေရဲ့ မတူညီတဲ့ လိုအပ်ချက်နဲ့ စိတ်ကျေနပ်မှုတွေကို သိရှိဖေါ်ထုတ်နိုင်ရုံနဲ့ အလုပ်မဖြစ်သေးပါဘူး။ သိအောင်လုပ်တာဟာ Diagnose လုပ်တာဖြစ်ပြီး ဘယ်လိုကုရမယ်ဆိုတဲ့ နည်းလမ်း မဟာဗျူဟာကိုချမှတ်ရပါမယ်။ စီမံခန့်ခွဲသူတွေအနေနဲ့ မိမိတို့ဟာ ၀န်ထမ်းကောင်းတွေအားလုံးရဲ့ Needs တွေနဲ့ Satisfiers တွေကို စိတ်ဝင်စားမှု ရှိတယ်ဆိုတာ လုပ်ငန်းနဲ့ ၀န်ထမ်းကောင်းတွေရဲ့ Future အတွက် လိုအပ်တဲ့ မဟာဗျူဟာတွေ စီမံထားကြောင်းသူတို့သိအောင်လုပ်ရပါမယ်။ တစ်ဦးချင်းအတွင် Retention plan တွေပြင်ဆင်ထားပြီးရင်တော့ အပြန်အလှန် အနေနဲ့ ၀န်ထမ်းကောင်းတွေကို မေးသင်တဲ့မေးခွန်းတချို့ ပြန်မေးရပါမယ်။ သူတို့အနေနဲ့ လုပ်ငန်းဆီက မျှော်လင့်တဲ့ ရည်တို၊ ရည်ရှည် မျှော်မှန်းချက်တွေ ကဘာလဲ၊ ဘယ်လိုအရာတွေက လက်ရှိအလုပ်မှာလုပ်စေဖို့ တွန်းအား ဖြစ်စေတာလဲဆိုတာတွေမေးဖို့လိုအပ်ပါတယ်။

Work proactively to retain your best employees.၀န်ထမ်းကောင်းတွေကို ထွက်မယ်ဆိုကာမှ ထိန်းဖို့မစဉ်းစားပါနဲ့။ ဘာဒဏ်ရာဒဏ်ချက်တစ်ခုမှ မရှိခင် ကတည်းက ဘယ်လိုမြဲအောင် ထိန်းထားရမလဲဆိုတာကို ကြိုတင်ပြင်ဆင်ထား ဖို့လိုအပ်ပါတယ်။ ၀န်ထမ်းရေးရာစီမံခန့်ခွဲမှုအကြံပေးတစ်ဦးဖြစ်တဲ့ Robert Ramsey အကြံပြုထောက်ခံပေးထားတဲ့ မဟာဗျူဟာ တချို့ကို ဖေါ်ပြပေးလိုက် ပါတယ်။

Set challenging goals and reasonable deadline. အတိုင်းအတာ တစ်ခုအထိစိန်ခေါ်မှုရှိမယ့် ရည်မှန်းချက်ပန်းတိုင်တွေသတ်မှတ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အပြီးသတ်ရမယ့် ရက်သတ်မှတ်ချက်ချမှတ်ပါ။

Promote from within. ၀န်ထမ်းတွေကို စိတ်ဓါတ်ရေးရာတက်စေတဲ့ အဓိနည်းလမ်းတစ်ခုပါပဲ။ လုပ်ငန်းထဲက စွမ်းဆောင်ရည်ပြည့်ဝသူတွေကို ရာထူး၊ အခွင့်အလမ်းတိုးပေးပါ။

Give full credit for achievement and effort. ၀န်ထမ်းတွေရဲ့ ကြိုးစား အားထုတ်မှုတွေ၊ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးပါ။ ၀န်ထမ်းတွေဟာ အထက်လူကြီးစီမံခန့်ခွဲသူတွေရဲ့ အသိအမှတ်ပြု ချီးကျူးတာကို ဂုဏ်ယူတတ်တာများပါတယ်။

Delegate authority. အလုပ်နဲ့အတူ လုပ်ပိုင်ခွင့်ကို တပါတည်း ထည့်ပေးပါ။

Pay attention. ၀န်ထမ်းတွေပေးတဲ့ တချို့အကြံဥာဏ်တွေကိုယူပါ။

Let workers participate in making decisions. ဆုံးဖြတ်ချက် ချတဲ့ လုပ်ငန်းစဉ်တွေမှာ ၀န်ထမ်းတွေပါဝင်အောင်လုပ်ပါ။ ဒီလိုလုပ်တာဟာ တစည်းတလုံးတည်း အတူတကွပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ teamwork စိတ်ဓါတ်လေးတွေဖြစ်ထွန်းစေပါတယ်။

Be committed to excellence. အကောင်းဆုံးတွေကိုပဲ ဦးတည်လုပ်ဆောင်ပါ။

Preach, teach, and practice teamwork. တစ်ဦးချင်းအားသာချက်တွေဟာ ပူးပေါင်းဆောင်ရွက်လိုက်ရင် လုပ်ငန်းအတွက် အားမာန်တွေဖြစ်ကြောင်းနားလည်အောင် စည်းရုံးပါ။

Be open, honest, and up-front. လုပ်ငန်းနဲ့ပတ်သက်ပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဖြစ်နိုင်ရင် အဓိကစွမ်းဆောင် နိုင်သူတွေကို အသိပေးပါ။

Encourage experienced workers to become mentor for newcomers. အတွေ့အကြုံရင့်ဝန်ထမ်းတွေအနေနဲ့ နောက်မှ ၀င်လာတဲ့ ၀န်းထမ်းအသစ်တွေအတွက် နည်းပေးလမ်းပြလုပ်ပေးသူတွေဖြစ်အောင် အားပေးတိုက်တွန်းပါ။

Promote life-long learning. သင်ယူလေ့လာမှုအမြဲတမ်းရှိတဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုဖန်တီးပေးထားပါ။
ဖေါ်ပြပေးခဲ့တဲ့နည်းလမ်းတွေဟာ စွမ်းဆောင်ရည်ပြည့်ဝသူ ၀န်ထမ်းကောင်းတွေ၊ လူတော်တွေ အလုပ်မြဲအောင် ထိန်းသိမ်းထားနိုင်တဲ့နည်းလမ်းကောင်းတွေ ဖြစ်ပေမဲ့ အခြေအနေအချိန်အခါကို နားလည်ပြီးစီမံခန့်ခွဲနိုင်ဖို့ကတော့ စီမံခန့်ခွဲသူတွေရဲ့ လိမ္မာပါးနပ်မှုအပေါ်မူတည်မှာဖြစ်ပါတယ်။

ပိုင်စိုး (Management)

Ref; The Management Bible by Neil Flanagan & Jarvis Finger

ငွေမကုန်​ဘဲ ဝန်​ထမ်း​တွေ အလုပ်​လုပ်​ချင်​စိတ်​ရှိ​အောင်​​ဆောင်​ရွက်​ခြင်း
----------------------------------------------------------------------
ငွေမကုန်​ဘဲ ဝန်​ထမ်း​တွေ အလုပ်​လုပ်​ချင်​စိတ်​ရှိ​အောင်​​ဆောင်​ရွက်​တယ်​ ဆိုတာက​တော့ ဝန်းထမ်း​တွေကိုချီးမွမ်းတဲ့အလုပ်​ပါ။
ချီးမွမ်းတဲ့အလုပ်ဆိုတာ စီမံခန့်ခွဲသူတွေမဖြစ်မနေသုံးရမယ့် အရိုးအရှင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။ ချီးမွမ်းစကားဟာ သုံးတတ်ရင် ၀န်ထမ်းအများစုအတွက် Motivation တက်လာစေသလို ငွေကုန်ကြေးကျများတဲ့ စီမံခန့်ခွဲမှုနည်းလမ်းလည်း မဟုတ်ပါဘူး။ ၀န်ထမ်းတွေဟာ မျှော်လင့်ချက်အမျိုးမျိုးနဲ့ လုပ်ငန်းခွင်အတွင်းမှာ အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ တချို့တွေအတွက် လစာမြင့်မားမှုဟာ အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍက ရပ်တည်နေပေမဲ့ တချို့ဝန်ထမ်းတွေအတွက်တော့
အထက်လူကြီး၊ စီမံခန့်ခွဲသူတွေရဲ့ အသိအမှတ်ပြုခံရတာ၊ လူအများအကြား ချီးမွမ်းစကား အပြောခံရတာတွေဟာ ၀န်ထမ်းတွေရဲ့ Motivation ကိုဆွဲလှုပ်ပေး နိုင်ပါတယ်။ အကြောင်းကတော့ iphone 6s ကိုင်နေတာကိုရိုးအီနေပြီဖြစ်တဲ့ ၀န်ထမ်းတစ်ယောက်ကို iphone 4 လက်ဆောင်ပေးလိုက်တာဟာ အဲဒီဝန်ထမ်းMotivation တွေ တက်လာမယ်လို့မဆိုလိုနိုင်တဲ့သဘောပါ။

ဒါပေမဲ့ သတိပြုရမှာတခုက လက်အောက် ငယ်သားဝန်ထမ်းတွေရဲ့ Needs တွေက ဘယ် Level မှာ ရှိနေကြလဲဆိုတာကို နားလည်နေဖို့လိုအပ်ပါတယ်။ Needs အကြောင်းပြောရင် အများသိပြီးဖြစ်တဲ့ Abraham Maslow ကြီးကိုစကားထဲ ဆွဲထည့်ရပါမယ်။ အကျဉ်းချုပ်ကတော့ စား၊၀တ်၊နေရေးလိုအပ်ချက်၊ ဘေးကင်းလုံခြုံမှု၊ စိတ်ချယုံကြည်ရမှုလိုအပ်ချက်၊ လူမှုရေးလိုအပ်ချက်၊ အသိအမှတ်ပြုခံလိုကြတဲ့ လိုအပ်ချက်နဲ့ Potential ရှိသလောက် အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတဲ့ လိုအပ်ချက်တွေဖြစ်ပါတယ်။ စီမံခန့်ခွဲသူတွေဟာ လက်အောက်က၀န်ထမ်းတွေရဲ့ လိုအပ်ချက် Level အနေအထားကိုနားလည်နေဖို့လိုအပ်ပါတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရမယ့် နေ့စားအလုပ်သမားတွေအတွက် “တော်လိုက်တာ၊ဆက်ကြိုးစားပါ” ဆိုတဲ့ စကားတစ်ခွန်းဟာ Motivation တက်လာစေနိုင်တယ်လို့အာမခံလို့မရပါဘူး။
ဒီလိုပါပဲ အသိအမှတ်ပြုခံလိုကြတဲ့၊ ချီးမွမ်းတာကိုခံလိုကြတဲ့ဝန်ထမ်းတွေကို လစာတွေတိုးပေးရုံနဲ့ Motivation တက်လာမှာပဲလို့ယူဆလို့မရပါဘူး။ ၀န်ထမ်းတွေဟာ လစာတစ်ခုအတွက်ပဲ အလုပ်လုပ်နေကြတာမဟုတ်ဘူးဆိုတာ မေ့နေလို့မရတဲ့အချက်ပါပဲ။

ဝန်ထမ်းတွေကို Motivation တက်အောင် လုပ်တဲ့နေရာမှာလိုအပ်တဲ့ အသိအမှတ်ပြု ချီးမွမ်းတဲ့ နည်းလမ်းတချို့ကို ဖေါ်ပြလိုပါတယ်။ အဲဒါတွေကတော့

Find something to praise in every staff member. ၀န်ထမ်းတိုင်းမှာ ချီးမွမ်းစရာတစ်ခုတော့ရှိပါတယ်။ ဘယ်နေရာမှာမှ မတော်တဲ့ဝန်ထမ်းဆိုတာ မရှိပါဘူး။ လုပ်ငန်းတာဝန်နဲ့ပတ်သက်တဲ့တစ်နေရာရာမှာ ထူးချွန်နေတတ် ပါတယ်။ ဒါကိုစီမံခန့်ခွဲသူတွေဟာ ရှာပြီး ချီးမွမ်းရပါမယ့်။ လုပ်ငန်း စွမ်းဆောင်ရည် အညံ့ဆုံးလို့ယူဆခံရတဲ့ ၀န်ထမ်းတွေကိုတောင် ချီးမွမ်းခြင်းနဲ့ ပြောင်းလဲပေးလို့ရနိုင်ပါတယ်။ သူထူးချွန်တဲ့တစ်ခုကို ချီးမွမ်းပေးလိုက်ပါ။

Be specific with your praise. ချီးမွမ်းတဲ့နေရာမှာ ဘာကိုချီးမွမ်းလိုက်တယ် ဆိုတာကာယကံရှင်ဝန်ထမ်းနားလည်အောင်လုပ်ပါ။ “ကိုအောင်ရေ အရမ်းတော်တာပဲ” ဗျာလို့ပြောတာဟာ သိပ်အလုပ်မဖြစ်ပါဘူး။ “ကိုအောင်ရေ ဒီနေ့လုပ်တဲ့ ၀န်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ကိုအောင်အနေနဲ့ ဦးဆောင်ဆွေးနွေး ပေး သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး တကယ့်ကိုအနှစ်သာရရှိပါတယ်။ တကယ်ကောင်းတဲ့ ဆွေးနွေးတင်ပြချက်တွေကို တက်ရောက်သူတွေအားလုံး သဘောကျတယ်လို့ ကျွန်တော်သိရတယ်ဗျာ၊ ဆက်ကြိုးစားပါဗျာ” လို့ပြောတာဟာ စောစောကပြောခဲ့တာထက်စာရင် ၀န်ထမ်းကို Motivation တက်သွားစေနိုင်ပါတယ်။

Be sincere. ရိုးရိုးသားသားနဲ့ချီးမွမ်းပါ။ ဆိုလိုတာက မြှောက်ပင့်ချီးမွမ်းတာမျိုး မဟုတ်ဘဲ တကယ့်အစစ်အမှန်ချီးမွမ်းတာမျိုး ဖြစ်ဖို့လိုအပ်ပါတယ်။

Praise effort, not just achievement. ဘာလုပ်လိုက်လို့ချီးမွမ်းတယ်ဆိုတဲ့ လုပ်ရပ်ကိုပဲချီးမွမ်းပါ၊ ရလဒ်အောင်မြင်မှုကို မဟုတ်ပါဘူး။ ရလဒ်အောင်မြင်မှုဟာ ကြိုးစားအားထုတ်လိုက်ရတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် နောက်နောင်လည်းဒီလို လုပ်ရပ်မျိုး၊ ကြိုးစားမှုမျိုးရှိလာအောင် အားပေးချီးမွမ်းပါ။ အောင်မြင်မှုကိုသာ ချီးမွမ်းလိုက်ရင် တခါတလေမှာ ၀န်ထမ်းတွေအနေနဲ့ ကြိုးစားအားထုတ်မှု ကြောင့်မဟုတ်ဘဲ သူတို့တော်လို့တတ်လို့ဆိုတဲ့ အခြေအနေတွေ ဖြစ်သွား တတ်ပါတယ်။

Praise individually and in public. ဝေဖန်စရာရှိရင် ၂ ဦးချင်းမျက်နှာချင်းဆိုင် တွေ့ပြီးဝေဖန်ပါ၊ ချီးမွမ်းစရာရှိရင် အများအကြားမှာ ချီးမွမ်းပါလို့ ပြောလေ့ပြောထ ရှိပါတယ်။ အများအရှေ့မှာချီးမွမ်းရတယ်ဆိုတာဟာလည်း တချို့အခြေအနေတွေမှာ စီမံခန့်ခွဲသူအတွက် အခက်အခဲ ရှိနိုင်သလို ၀န်ထမ်းအချင်းချင်းအကြားမှာလည်း အသင်းအဖွဲ့စိတ်ဓါတ်ပျက်သွားတာမျိုး ဖြစ်တတ်ပါတယ်။ တကယ်တော့ အခြေအနေအပေါ်မူတည်ပြီး ၂ ဦးတည်း ချီးမွမ်းဖို့လိုအပ်လား၊ လူအများအကြားချီးမွမ်းဖို့လိုအပ်လားဆိုတာကို စီမံခန့်ခွဲသူတွေအနေနဲ့ ချင့်ချိန်စဉ်းစားဖို့လိုအပ်ပါတယ်။

Show your appreciation in many ways. စီမံခန့်ခွဲသူတွေဟာ ၀န်ထမ်းတွေရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်လာရင် အမြဲတမ်း လေ့လာအသိအမှတ်ပြုနေကြောင်းသိအောင်လုပ်ရ ပါမယ်။ တခါတလေမှာ အထက်လူကြီးစီမံခန့်ခွဲသူရဲ့ အပြုံးတခု၊ ခေါင်းတညိတ်ဟာ ၀န်ထမ်းတွေ အတွက်အားဆေးတစ်ခွက်လိုဖြစ်သွားတတ်ပါတယ်။ ဒါတွေကို နည်းလည်ပြီး အသုံးချတတ်ဖို့လိုအပ်ပါတယ်။

လေးစားစွာဖြင့်

ပိုင်စိုး (Management)
Ref; The Management Bible by Neil Flanagan & Jarvis Finger

Credit: ဆရာပိုင်စိုးရဲ့ Page

No comments: