Thursday, February 4, 2016

Misuse and Abuse of Prescription Drugs




ပို့စ်တခု = Hein Thura January 11 at 6:06am တောင်ဥက္ကလာ အထက ၃/၁ က ၉-၁ဝ တန်း ကျောင်းသား၊ ကျောင်းသူလေးတွေနဲ့ ရပ်ကွက်ထဲက ၂ဝ-၂၅ အရွယ်ကောင်လေး၊ ကောင်မလေးတွေ ဒီဆေးကဒ်တွေ ကျယ်ကျယ် ပြန့်ပြန့် သုံးစွဲလာကြပါတယ်။ အလွယ်တကူလဲဝယ်ရတယ်။ ဆေးဆိုင်တွေကလဲ သားသမီးချင်းမစာနာ ရောင်းတယ်။ တ/ဥ ရဲစခန်းကို အကြိမ်ကြိမ် PH ဆက်လဲ ရှောင်ဖယ် ရှောင်ဖယ်နဲ့။့ ဆေးဝါးကွပ်ကဲရေးကို PH ဆက်ပြန်တော့လဲ 199 နဲ့တိုင်ပင်တဲ့ ခေါင်းရှောင်တယ်။ 199 ဆက်တော့ ပိတ်ထားတယ်။ ရက်ကွက်ရုံးပြောတော့ ကလေးတွေကိုဆုံးမတဲ့။့

Terco-D ဆေးကို ထိုင်းနိုင်ငံကထုတ်တယ်။ ATC Classification = R05FA02 ဘိန်းကနေထုတ်လုပ်ထားတဲ့ ချွဲထွတ်စေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးဖြစ်တယ်။ Dextromethorphan HBr 15 mg, guaifenesin 100 mg, terpin hydrate 130 mg ဆေးတွေပါဝင်နေတယ်။ အသည်းရောဂါ၊ ပန်းနာရောဂါနဲ့ သိပ်ငယ်တဲ့ကလေးတွေကို မပေးရပါ။ Thai FDA Category အဆင့် D လို့သတ်မှတ်ထားတယ်။ မူးဝေတဲ့သတ္တိရှိတယ်။ ဆေးစွဲစေတယ်။

ဘေးထွက်ဆိုးကျိုးများ
ခေါင်းမူးမယ်။ အစာခြေလမ်းကသိကအောင့်ဖြစ်မယ်။ စိတ်တက်ကြွစေမယ်။ စိတ်ရှုတ်ထွေးစေမယ်။ အသက်ရှူမှုကို အားနည်းစေမယ်။ ပျို့-အန်၊ ခေါင်းမူး၊ ဝမ်းချုပ်၊ ဝမ်းပျက်၊ အိပ်ချင်၊ စိတ်ဂနာမငြိမ်၊ မျက်စိမှတ်ထားရင် သူများမမြင် မကြားရတာမျိုး မြင်ကြားမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၃ ဆကနေ ၂ဝ ဆအထိသောက်ရင် -
အကောင်းတွေလို့ထင်မြင်နေမယ်။ အားပြည့်နေသလိုထင်မှတ်ရမယ်။ ကိုယ်ကိုယ်ကိုယုံကြည်မှု ရှိသင့်တာထက်ပိုမယ်။ ဆောက်တည်ရာမရဖြစ်မယ်။ အိပ်မရဖြစ်မယ်။ စကားတွေအမြန်ပြောနေမယ်။ သူငယ်အိမ်ကျယ်နေမယ်။ မျက်လုံးက ငေးကြည့်နေမယ်။

ဆရာဝန်သတ်မှတ်တဲ့ဆေး (တနေ့ ၂-၃-၄ ကြိမ်) ထက် ၁၅ ဆကနေ ၇၅ ဆသောက်မိရင် -
သူများမမြင်မကြားရတာမျိုး မြင်ကြားမယ်။ စိတ်မြင်အစည်းပြေသလိုဖြစ်လာမယ်။ အန်မယ်။ အမြင်တွေဝေဝါးနေမယ်။ သူငယ်အိမ်ပိုကျယ်လာမယ်။ ချွေးပြန်မယ်။ ကိုယ်ပူမယ်။ သွေးဖိအားကျမယ်။ အသက်ရှူနှေးလာမယ်။ နှလုံးခုန် မြန်လာမယ်။ ဝမ်းလျှောမယ်။ ဆီးအိမ်တင်းနေမယ်။ အိပ်ငိုက်နေမယ်။ ကြွက်သားတွေအလိုလိုလှုတ်နေမယ်။ အကောင်းတွေလို့သာ ထင်မြင်နေမယ်။ အာရုံခံမှုပြောင်းမယ်။ ဘာမှန်းမှမသိဖြစ်လာမယ်။ မျက်စိကမမြင်နိုင်တော့ဘူး။ မျက်စိကို စူးစိုက်လို့မရတော့ဘူး။ အရေပြားအနီကွက်တွေထွက်လာမယ်။

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၆

CoughSyrup Addiction ချောင်းဆိုးပျောက်ဆေးစွဲခြင်း 


သမီးအမျိုးသားက တရုတ်ကထုတ်တဲ့ချောင်းဆိုးပျောက်ဆေးတစ်မျိုးကို မူးယစ်ဆေးအဖြစ်သုံးစွဲနေပါတယ်ဆရာ။ သူဆေးသုံးတာ တနှစ်ခွဲလောက်ရှိပါပြီ။ သမီးသူ့ ကိုဆေးဖြတ်စေချင်ပါတယ် ။ သူကတော့ ဆေးပြတ်ချင်စိတ်မရှိပါ။ သူအရမ်းမေ့တတ်လာပါတယ် ။ ဒီလိုမူးယစ်ဆေးသုံးရင် ဘယ်လိုဆိုးကြိုးတွေဖြစ်လာနိုင်ပါသလဲဆရာ။ သူ့ကို ဆေးပြတ်အောင် သမီးဘေးကနေဘာတွေ အတတ်နိုင်ဆုံးလုပ်ပေးလို့ ရပါသလဲ။

တရုပ်ကလာတဲ့ ချောင်းဆိုးပျောက်ဆေးထဲမှ ဘယ်ဆေးပါသလဲ မသိသေးပါ။ အိန္ဒိယကလာတဲ့ ချောင်းဆိုး ပျောက်ဆေးကတော့ လူငယ်-လူကြီးတွေစွဲနေကြတဲ့ Phensedyl (ဖင်စီဒိုင်း) ဖြစ်တယ်။ ချောင်းဆိုးနေသူကို ဆရာဝန်က တနေ့မှာ 5-10 ml သာသောက်စေပါတယ်။

ဆေးစွဲဖြတ်ဘို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဘို့ကပဌမဖြစ်တယ်။ စိတ်အထူးကုဆရာဝန်က ကူပေးနိုင်ပါတယ်။ ကိုယ့်မှာ ပြဿနာရှိနေတယ်လို့သိလာရင် ဦးဆုံးခြေလှမ်းဖြစ်တယ်။ မလွယ်ဘူးဆိုတာလဲ သိထားပါ။ ငါဖြတ်နိုင်ရမယ်လို့ ဆုံးဖြတ်နိုင်ရင် မုချပြတ်ပါတယ်။

ဆေးဖြတ်ခြင်းဟာ အပျော်တမ်းသမားအရည်အချင်းနဲ့မရပါ။ ဆေးဖြတ်လက္ခဏာတွေခံစားရမယ်။ မသက်မသာရှိနေမယ်။
ဒါတွေကို ရင်ဆိုင်ကျော်လွှားနိုင်ရင် သူရဲကောင်းဖြစ်တယ်။ ဆေးရည်သောက်ချိန်မှာ ဒါကိုသာတန်းတနေမှာဘဲ။ တခြား အာရုံနဲ့အလုပ်တခုခုကို အစားထိုးပါ။

ချောင်းဆိုးပျောက်ဆေးဆိုတာ အမျိုးမျိုးရှိတယ်။ ဆေးကုဘို့သုံးတာမှာ ချောင်းခြောက်ဆိုးတာ၊ ချွဲထွက်အောင်နဲ့ ရင်ကြပ်တာသက်သာဘို့ ရောဂါမတူလို့ ချောင်းဆိုးပျောက်ဆေးထဲမှာ ပါတဲ့ဆေးတွေကလဲ မတူပါ။ ချောင်းဆိုး ပျောက်ဆေးတွေကိုစွဲကြတာ ကနေ့ခေတ်မှာ နေရာတကာမယ်ရှိတယ်။ စိတ်ပြော့သူတွေစွဲကြတဲ့ ချောင်းဆိုး ပျောက်ဆေးတွေထဲမှာ Drixoral Cough Liquid Caps, Robitussin AC, Dectuss, Phenergan with Codeine, Phensedyl, and Pherazine with Codeine စတဲ့ ချောင်းဆိုးပျောက်ဆေးတွေ အပါအဝင်ဖြစ်တယ်။ ဆေးဖြစ်လို့ အန္တရာယ်မရှိဘူးထင်ရပေမဲ့ ရှိပါတယ်။ စွဲလာတယ်။ ဖြတ်ဘို့ ခက်တယ်။

Dextromethorphan (DXM) ပါတဲ့ဆေးသောက်ရင် အစမှာ သာယာမှုရတယ်။ ပိုပြီးစွဲသွားစေတယ်။ THC ဆေးဟာ ဆေးခြောက်နဲ့တူတယ်။ ဒါကြောင့် ရေတိုမှာ ဘာမှမလုပ်ချင်မကိုင်ချင်ဖြစ်မယ်၊ ကြွက်သားတွေ အားပြော့နေမယ်၊ မဟုတ်ပဲနဲ့ ကောင်းတယ်ပဲထင်နေမယ်။

ဘေးထွက်-ဆိုးကျိုးတွေကို ဝယ်ယူတယ်ဆိုတာ ဒီစွဲလမ်းမှုကိုပြောတာဖြစ်တယ်။ ဝမ်းနဲပြီး စိတ်ဓါတ်ကျခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အတုနဲ့အစစ်ကိုမခွဲတတ်ခြင်း၊ မတ်တပ်ရပ်ရင်မူးဝေခြင်း၊ ကိုယ်ပူလိုက်၊ ချမ်းလိုက်ဖြစ်ခြင်း၊ ဆောက်တည်ရာမရ၊ ထိန်းသိမ်းမနိုင်ဖြစ်ခြင်း၊ စိတ်ဝေဒနာဖြစ်ခြင်း၊ မှတ်ဥာဏ်မေ့ခြင်း၊ ကြွက်သားတွေထိန်းလုပ်ရမှာတွေ မလုပ်နိုင်ခြင်း၊ အရေပြားအနီပြင်ထွက်ခြင်းနဲ့ လိင်စိတ်နည်းပါးလာခြင်းတွေဖြစ်မယ်။

ဆေးဖြတ်လက္ခဏာတွေ = အိပ်မရတာ၊ (စိုးရိမ် + စိတ်ကျ + မသက်မသာဖြစ်ခြင်း)၊ စိတ်ဓါတ်ကျခြင်းတွေ ဖြစ်မယ်။ စိတ်ဓါတ်ကျတာက အဆိုးဆုံး ဖြစ်တယ်။ ညပိုင်းဆို တုန်တုန်ရီရီဖြစ်မယ်။ စိတ်ဝေဒနာသည်လိုနေမယ်။

SSRI စိတ်မကျဆေး၊ Yohimbe တိုင်းရင်းဆေး၊ MAO inhibitors စိတ်မကျဆေးတွေနဲ့ Antihistamines (Claritan) အလာဂျီဆေးတွေနဲ့ ရောမိရင် သေစေနိုင်တယ်။ ကိုယ်ဝန်ဆောင်နေတုံးသောက်ရင် အထဲကကလေးကိုသက်ရောက်မယ်။

ဆေးစွဲသူတိုင်း ဖြတ်ဘို့ဆိုတာ ကာယကံရှင်က စိတ်ပါလာဘို့ကပဌမဖြစ်တယ်။ ကိုယ့်ကျန်းမာရေးအတွက် ဆရာဝန်ဆီ အကူအညီတောင်းရခြင်းဟာ လုပ်သင့်တဲ့ ကောင်းတဲ့အလုပ်သာဖြစ်တယ်။ အောက်ကျနောက်ကျအလုပ်မျိုး မဟုတ်ပါ။

ချစ်လို့ လက်ထပ်ပေါင်းသင်းထားတဲ့ ဇနီးမယားကနေ ဆေးဖြတ်စေချင်နေတယ်။ သမီးရည်းစားဘဝမှာ ဒီတောင်ကို မောင်ဖြိုပါ့မယ် မြင်းမိုရ်မို့လားဆိုတာမျိုး ပြောလေ့ရှိကြတယ်။ ဆေးဖြတ်ရတဲ့တောင်ကိုသာ ဖြိုပြလိုက်ပါလားဗျာ။

ဒေါက်တာတင့်ဆွေ

Misuseand Abuse of Prescription Drugs တရားဝင်ဆေး တလွဲသုံးခြင်း 

ကျွန်တော့်ပို့စ်တခုဖြစ်တဲ့ Terco-D ဆေးမှာ ဆက်ဖြည့်ရေးစရာပေါ်လာပါတယ်။ တာဝန်ရှိဆရာဝန်တဦးကနေ အကြံပြုလို့ပါ။

တရားဝင်ထုတ်တဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့အညီသုံးလို့ရတဲ့အကြောင်း ပြောပါရစေ။ ဆေးတွေမှာ ဘိန်းကနေထုတ်တာတွေလည်းရှိပါတယ်။ မဖြစ်မနေသုံးရပါတယ်။ ဥပမာ ကင်ဆာဝေဒနာ အကြီးအကျယ် ခံစားနေရသူတွေ၊ သေလုမျောပါး နာကျင်မှုနဲ့ ရုပ်ပိုင်း စိတ်ပိုင်းဒေဒနာခံစားနေရသူတွေကို မူးယစ်နွယ်ဆေးတွေ မဖြစ်မနေပေးရပါတယ်။ ဆရာဝန်တွေက (အက်သစ်) ခေါ် ကျင့်ဝတ်အရ ဆေးညွှန်ပေးရပါတယ်။

အခုလိုချောင်းဆိုးပျောက်ဆေးကိုလည်း ပေးသင့်သူတွေကို ဆေးကို အသက်၊ ရောဂါကိုကြည့်ပြီး ဆရာဝန်ကနေ ဆေးညွှန်နဲ့ ပေးနိုင်ပါတယ်။ Misuse တလွဲသုံးခြင်းက နောက်အကြောင်းအရာတခုပါ။ အဲလိုအဖြစ်တွေက နိုင်ငံတိုင်းမှာ ရှိပါတယ်။ အရေးယူတာ၊ ကာကွယ်တားဆီးတာက နောက်အကြောင်းအရာတခုပါ။ တရားဝင်ဆေးတွေကို တရားမဝင် မူးယစ်ဆေးတွေနဲ့ တန်းတူတော့ ထားလို့မရပါ။

FDA ကနေတရားဝင်ခွင့်ပြုထားတဲ့ဆေးကို နည်းလမ်းတကျ (ဆေးလက်မှာနဲ့ဝယ်ရတာနဲ့ အလွတ်ဝယ်နိုင်) ဝယ်သုံးရင် Misuse တလွဲအသုံးပြုတယ်လို့မခေါ်ပါ။ သူ့အတွက် ဆရာဝန်ကညွှန်မထားတာကို ရောင်းရင် ဝယ်သုံးရင်တော့ တလွဲသုံးတာ မည်ပါတယ်။ ဆရာဝန်ညွှန်တြ့အတိုင်းထက်ပိုသုံးရင်လည်း တလွဲသုံးဖြစ်တယ်။ အဲဒီထဲမှာ euphoric feeling စိတ်ကို ပျော်စေတဲ့သတ္တိရှိတဲ့ဆေးတွေပါဝင်တယ်။ အိပ်ပျော်စေတဲ့ဆေးလည်းပါတယ်။ နာတာသက်သာစေတဲ့ ဆေးတွေလည်း ပါတယ်။ အဲလိုသုံးတာမှန်သမျှ ကျန်းမာရေးကိုထိခိုက်စေပါမယ်။

ဆေးတိုင်းမှာ ဘေးထွက်ဆိုးကျိုးတွေရှိသေးတယ်။ Opioids ဘိန်းပါတဲ့ဆေးကိုတလွဲသုံးရင် သေဆုံးတဲ့အထိဖြစ်နိုင်တယ်။
Benzodiazepines ဆေးမျိုးကိုတလွဲသုံးရင် ဆေးဖြတ်လိုက်ရင် တက်တာဖြစ်လာနိုင်တယ်။ Attention deficit hyperactivity disorder (ADHD) အတွက်သုံးတဲ့ဆေးကနေ သွေးတိုးစေမယ်။

ဒီလိုဆေးတလွဲသုံးတဲ့ပြဿနာကကြီးမားပါတယ်။ အမေရိကန် Substance Abuse and Mental Health Services Administration (SAMHSA) ဖက်ဒရယ်ကျန်းမာရေးအေဂျင်စီ ၂ဝဝ၈ အစီရင်ခံစာအရ အသက် ၁၂ နှစ်အဖထက် ၅၂ သန်း တသက်မှာ အနည်းဆုံးတကြိမ်ဆေးတလွဲသုံးနေကြတယ်လို့ဆိုပါတယ်။ ၁၉၉၈ ကနေ ၂ဝဝ၈ အထိ ၄ဝဝ% တိုးလာပါသတဲ့။ ဆေးတွေက ဘိန်းပါတဲ့ အနာသက်သာဆေးတွေကများတယ်။
Centers for Disease Control and Prevention (CDC) ဌာနလေ့လာမှုတခုအရ အထက်တန်း (၁၂ တန်းအထိ) ကျောင်းသား ၅ ယောက်မှာ ၁ ယောက် ဆရာဝန်လက်မှတ်မပါတဲ့ဆေးမျိုးသုံးစွဲတယ်လို့ တွေ့ရတယ်။ အဲတာက ၁၉၉၂ ကနေ ၂ဝဝ၈ အထိဆိုရင် ၂ဝ% လျော့ကျလာပါတယ်။

အများဆုံးတလွဲသုံးကြတာ ဆေးအမျိုးအစား (၄) မျိုးရှိတယ်။
(၁) Pain relievers အနာအကိုက်သက်သာဆေးတွေ၊ (၂) Tranquilizers စိတ်ငြိမ်ဆေးတွေ၊ (၃) Stimulants စိတ်ကြွဆေးတွေနဲ့ (၄) Sedatives အိပ်ဆေးတွေဖြစ်ပါတယ်။

အမေရကန် ၃၅ သန်းတို့ဟာ ဘိန်းပါတဲ့အနာအကိုက်သက်သာဆေး Hydrocodone (Vicodin), Oxycodone (OxyContin, Percodan, Percocet) နဲ့ Fentanyl (Duragesic) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့ သုံးဘူးကြတယ်။

၂၁့၅ သန်းဟာ စိတ်ငြိမ်ဆေး Diazepam (Valium), Alprazolam (Xanax) နဲ့ Clonazepam (Klonapin) တမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။

၂၁့၂ သန်းဟာ စိတ်ကြွဆေး Amphetamine (Adderall), Methylphenidate (Ritalin, Concerta, and Daytrana), နဲ့ Methamphetamine (ယာဘ) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။ ၁၃ သန်းလောက်ဟာ (ယာဘ) ဆေးသုံးတယ်။

၉ သန်းဟာ အိပ်ဆေး Amobarbital (Amytal), Pentobarbital (Nembutal) နဲ့ Secobarbital (Seconal) ဆေးတမျိုးမျိုးကို တသက်မှာ တခါတော့သုံးဘူးကြတယ်။

ထိန်းချုပ်ရေးလုပ်ရင် အဖက်ဖက်ကကြည့်ရမယ်။ သတင်းပူလောင်တာလေးတခုနဲ့ ဆေးမီးတိုနဲ့တော့ ကုစားလို့မရပါ။ အမေရိကန်လို ဥပဒေစိုးမိုးမှု အားကောင်းတဲ့နိုင်ငံမှာတောင် ခက်ခဲလှပါတယ်။ မြန်မာပြည်မှာ ဆေးဝါးတလွဲသုံးခြင်းကို ကိုင်တွယ်ဘို့ လူတိုင်းမှာတာဝန်ရှိပါတယ်။ တရားဝင်ဆေးတွေနဲ့ တရားမဝင်ဆေးတွေကိုလည်း ခွဲခြားနားလည်ရပါမယ်။


ဒေါက်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆
 

No comments: