Saturday, February 27, 2016

ဆိတ်သားသင်္ဘောကင်းချက် - ခရမ်းသီးမီးဖုတ်ဘဲဥကြော် - မကျည်းရွက်ချဉ်ရည်




ဆိတ်သားနဲ့သင်္ဘောကင်းလေးတွေကို အရသာရှိတဲ့ဟင်းတစ်ခွက်ဖြစ်စေဖို့ချက်ကြည့်ကြရအောင်။ ထူးခြားချက်က ငံပြာရည်အစား ထိုးအနေနဲ့ ABC ပဲငံပြာရည်အကြည်ကိုအစားထိုးသုံးထားပါတယ်။ ဒီလိုသုံးလိုက်ခြင်းဖြင့် ငံပြာရည်လို အငံကမစူးတော့ဘဲ အနံ့ကိုလည်း မွှေးစေပါတယ်။ ဆိတ်သားကိုမချက်ခင် အသားတုံးအစိမ်းများအနေမှာကတည်းက ABC Light Soy Sauce ကိုထည့်ကာ ဆုပ်နယ်ထား ပေးရပါတယ်။ ဒါဆိုရင်အသားထဲကိုအရသာစိမ့်ဝင်ကာ အနံ့လည်းမွှေးစေမှာဖြစ်ပါတယ်။

နောက်တစ်ခါ ထောပတ်ခရမ်းသီးကို မီးဖုတ်ပြီး ဘဲဥနဲ့ကြော်မယ်၊ အရည်သောက်အဖြစ် မကျည်းရွက်ကိုချဉ်ရည်လေးချက်မယ်လေ။ အားလုံးဟာ ဗမာဟင်းချက်နည်းအတိုင်းချက်တာဆိုတော့ ဗမာဟင်းလျာအတွဲအစပ်ပေါ့နော်။

ပါဝင်ပစ္စည်းများ
ဆိတ်သား ၅၀ကျပ်သား၊ ကြက်သွန်နီ ၃လုံး၊ ကြက်သွန်ဖြူ ၁လုံး၊ခရမ်းချဉ်သီး ၃လုံး၊ ငရုတ်သီးအခြမ်းကွဲ စားပွဲဇွန်း ၂ဇွန်း၊ သဘောင်္သီး (အကင်း) ၁လုံး၊ ချင်း လက်တစ်ဆစ်၊ ABC Light Soy Sauce စားပွဲဇွန်း ၄ဇွန်း၊ ရှလကာရည် စားပွဲဇွန်း ၂ဇွန်း၊ ဆား စားပွဲဇွန်း ၁ဇွန်း၊ ကြက်သားမှုန့် စားပွဲဇွန်း ၁ဇွန်း၊ မဆလာ စားပွဲဇွန်း ၁ဇွန်း၊ ဆနွင်း လက်ဖက်ရည်ဇွန်း ၁ဇွန်း၊ အရောင်တင် စားပွဲဇွန်း ၁ဇွန်း။

ပြင်ဆင်ချက်ပြုတ်နည်း

ကြက်သွန်နီ အဖြူ ဂျင်း ငရုတ်သီးခြမ်းကွဲနှင့် သင်္ဘောသီးကင်းကို ညက်နေအောင်ထောင်းထားပါ။

ဆိတ်သားလေးများကို အရွယ်ညီအတုံးလေးများတုံးကာ ကြက်သွန်ထောင်းပြီးသားများ၊ရှာလကာရည်၊ဆား၊အသားမှုန့်၊ဆနွင်းနှင့် ABC Light Soy Sauce စားပွဲတင်ဇွန်း၂ဇွန်းဖြင့် ဆုပ်နယ်ထားပါ။ ၁၅မိနစ်ခန့်နှပ်ထားပေးပါ။

နှပ်ထားပြီးတဲ့အခါ အိုးတစ်လုံးထဲကိုထည့်ကာ အရောင်တင်နှင့် ဆီသင့်ရုံထည့်ကာလုံးပေးပါ။ ဆိတ်သားမှအရည်များထွက်လာပါ လိမ့်မယ်။ဆက်လုပ်ပေးပါ။ဆီပြန်လာပြီဆိုမှ ရေကိုအသားမြုပ်ရုံထည့် ABC Soy Sauce ၂ဇွန်းထပ်ဖြည့်ပါ။ အဖုံးအုပ်ပြီး အသားနူး သည်အထိတည်ပေးပါ။ရေနွေးလိုရင် ထပ်ကာနည်းနည်းချင်းဖြည့်တည်ပေးပါ။နောက်ဆုံးမှာ အသားလည်းနူးပြီဆိုရင် မဆလာအုပ်ပြီး မီးပိတ်ကာ အရသာအနေတော်ဖြစ်ပြီဆိုရင် သုံးဆောင်နိုင်ပါပြီ။

မှတ်ချက်။          ။ သင်္ဘောသီးအကင်းဟာ ဆိတ်သားညှီနံ့ကိုပျောက်စေပါတယ်။ အနူးလွယ်စေပါတယ်။

မအိသက် (Htet Family’s Creation)

ခရမ်းသီးမီးဖုတ်ဘဲဥကြော်

ပါဝင်သောပစ္စည်းများ
ခရမ်းသီး(အကြီး) ၁လုံး၊ ဆီ ၁၀ကျပ်သား၊ ဘဲဥ ၁လုံး၊ဟင်းခတ်မှုန့်/ငံပြာရည် သင့်ရုံ၊ ကြက်သွန်ဖြူ ၁ဥ

ပြင်ဆင်ပုံ
ပထမဦးစွာ ခရမ်းသီးကို ရေစင်အောင်ဆေးပြီး မီးဖုတ်ထားပါ။ မီးဖုတ်ပြီးပါက အခွံများကိုဖယ်ထားပါ။ ကြက်သွန်ဖြူကို ဓားပြားရိုက်ထားပါ။

ချက်ပြုတ်နည်းအဆင့်ဆင့်
ခရမ်းသီးမီးဖုတ်ပြီးသားကို ကြက်သွန်ဖြူ ဓားပြားရိုက်ပြီး ဆီသတ်ထားသည့်အထဲသို့ ထည့်မွှေပါ။
ဘဲဥထည့်ကြော်ပါ။ ငံပြာရည်၊ ဟင်းခတ်မှုန့်တို့ပါထည့်ကြော်ပါ။
ခဏကြာလျှင် အပေါ့၊ အငန်မြည်း၍ သုံးဆောင်နိုင်ပါသည်။

မန်ကျည်းရွက်ချဉ်ရည်

ပါဝင်သောပစ္စည်းများ
မန်ကျည်းရွက် ၂၀ကျပ်သား၊ နှစ်သက်ရာငါးတစ်မျိုး ၁၀ကျပ်သား၊ ငရုတ်သီးပွ သင့်ရုံ၊ ကြက်သွန်နီ/ဖြူ သင့်ရုံ၊ ဆီ ၂ကျပ်ခွဲသား၊ ဆား၊ငံပြာရည် အနည်းငယ်။

ပြင်ဆင်ပုံ
မန်ကျည်းရွက်များကို ရေစင်စင်ဆေး၍ ဆန်ခါဖြင့် စစ်ထားပါ။ ငါးများကို အတုံးကလေးများတုံးပါ။ ငရုတ်၊ ကြက်သွန်နီ/ဖြူတို့ကို ထောင်းပါ။

ချက်ပြုတ်နည်းအဆင့်ဆင့်
ချက်မည့်အိုးတွင် ထောင်းထားသော ငရုတ်၊ ကြက်သွန်နီ/ဖြူ ၊ ဆီတို့ကိုထည့်ပါ။ ပြီးလျှင် ငါးများထည့်၍ လုံးပါ။
ငါးကျက်လျှင် မန်ကျည်းရွက်များထည့်ပါ။ ရေစိတ်ကြိုက်ထည့်၍ ဆူအောင်တည်ပါ။
ပူပူနွေးနွေးစားပါ။
မေသိင်္ဂါစိုး

No comments: