Wednesday, February 10, 2016

ရေတံခွန်တောင်ပေါ်က ရွှေဟင်္သာ လိုဏ်ဂူတော်ဆီသို့




ဒီနေ့ စိတ်ထဲမှာ တစ်နေရာကို သွားချင်စိတ်က ပြင်းပြနေတယ်။ ဘယ်သွားရင်ကောင်းမလဲ ဆိုတာ မစဉ်းစားရသေးခင်ပဲ ဆိုင်ကယ်တစ်စီးနဲ့ တစ်ကိုယ်တည်း ထွက်လာခဲ့တယ်။ ဆိုင်ကယ်မောင်းရင်း ဘယ်သွားရင် ကောင်းမလဲ . . . စဉ်းစားဆဲမှာပဲ မရောက်ဖြစ်တာ ကြာပြီဖြစ်တဲ့ ရေတံခွန်တောင်ဆီ သွားချင်တဲ့ စိတ်ကလေး ပေါ်လာတယ်။ ဒါနဲ့ မန္တလေးမြို့ကနေ ၃၅ လမ်း အရှေ့တည့်တည့် မောင်းလာရင်း ပြင်ဦးလွင်သွားမယ့် လမ်း ဘက်ကို ဆက်မသွားဘဲ ရေတံခွန်တောင်သွားမယ့် လမ်းကို ချိုးကာ ရေတံခွန်တောင်ဆီကို ဦးတည်လိုက်တယ်။ သွားရာလမ်းရဲ့ တစ်ဖက်တစ်ချက်မှာ စပါးစိုက်ခင်းတွေကို စက်ယန္တရားတွေနဲ့ ထွန်ယက်နေကြတာကို တွေ့ရပါ တယ်။ သွားရာလမ်းတစ်လျှောက်မှာ ရှိတဲ့ သစ်ပင်ကြီးတွေ အရိပ်ကြောင့် အနည်းငယ် ပူစပြုလာတဲ့ နေရောင်ဒဏ်ကို မှုစရာမလိုပေ။


အချိန်တော်တော်ကြာ မောင်းလာရင်း ရေတံခွန် တောင်ခြေရောက်တော့ မျောက် တွေ ဆော့ကစားနေတာ တွေ့ရတယ်။ ဆိုင်ကယ်ကိုတောင် ခြေရင်းမှာ ရပ်ရင်း ဘေးက မြင်ကွင်းတစ်ခုကို လှမ်းမြင်လိုက်တယ်။ သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ဦးက ဆိုင်ကယ်နဲ့ လာပြီး မျောက်တွေကို ငှက်ပျောသီး ကျွေးနေတာပါ။ မျောက်တွေကလည်း ငှက်ပျောသီးတွေကို အလုအယက် စားနေကြတယ်။

မျောက်တွေနဲ့ ပတ်သက်ပြီး ရေတံခွန် တောင်ခြေရင်းမှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော်ဦးသူရိယအား မေးမြန်းလျှောက်ထားရာ " ဒီမျောက်တွေရှိတာ ၁၈ နှစ်လောက် ရှိနေပြီ။ မျောက်တွေက အဖွဲ့သုံးဖွဲ့ရှိတယ်။ တစ်ဖွဲ့ကို တစ်ရာကျော်တယ်" လို့ မိန့်ပါတယ်။


ကျွန်တော့် အနီးအနားမှာ ရှိနေတဲ့ ဦးငယ် (ခ) ဦးပျင်ညော က ဆက်ပြီး" တောင်ပေါ်  အလယ်ဂူမှာ ရေတံခွန်တောင် အလယ်ဂူ ကျောင်းဆရာတော်ကြီး အုတ်ဂူရှိတယ်။ ရှုခင်းတွေလည်း အရမ်းလှတယ်။ ဆိုင်ကယ် နဲ့ ဆက်တက်သွားရင်လည်း ရွှေင်္ဟသာဂူနဲ့ ထူးမလိုဏ်ဂူတောင်တွေ ရှိတယ်။ တောင်ခြေ ကနေ ဆိုင်ကယ်နဲ့ ကားလမ်းအတိုင်း တက်သွားလိုက်" ဆိုပြီး ပြောပြတဲ့ အတွက် ဆိုင်ကယ် ယူပြီး တောင်ပေါ်ကို တက်ခဲ့ပါတယ်။
တောင်တက် လမ်းဘေးတစ်လျှောက်မှာ သစ်ပင်ရိပ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်။ အလယ်ဂူ ရောက်တော့ "မျောက်စာနှင့် ငါးစာရသည်" ဟု ဂျပ်စက္ကူပေါ်မှာ ဆော့ပင်နဲ့ ရေးထားသော စာနဲ့အတူ စားပွဲဘေးမှာ ဈေးရောင်းနေတဲ့ အဘွားဒေါ်ပေါလှ က" အဘွား ဒီတောင်ပေါ်မှာ နေတာ နှစ်ပေါင်း ၃၀ ရှိပြီ။အဘွားက အအေးဆိုင်လေး ဖွင့်ထားတယ်လေ။ ဒီမျောက်စာ ငါးစာရောင်းတာက လပိုင်းပဲရှိသေးတာပါ။ မျောက်စာ ငါးစာရောင်းတာက ကုသိုလ်လည်း ရသလို ၀မ်းလည်း ၀တယ်" ဆိုပြီး ပြောပြပါတယ်။


အဘွားနဲ့ စကားပြောပြီး ရေတံခွန်တောင် အလယ်ဂူ ကျောင်းဆရာတော် ဘုရားကြီး ဘဒ္ဒန္တအာစရ မဟာထေရ်မြတ်၏ အုတ်ဂူကို ကန်တော့ခဲ့ပါတယ်။ ဆရာတော်ကြီး မှာ မကွေးတိုင်း ဆောမြို့နယ် ကျန်းလိန်ရွာ တွင် ၁၂၇၈ ခုနှစ် တန်ခူးလဆန်း ၁၄ ရက် တနင်္ဂနွေနေ့တွင် ဖွားမြင်တော်မူခဲ့ကြောင်း၊ အသက် ၂၀ အရွယ်တွင် မကွေးတိုင်း ထီးလင်းမြို့နယ် ဆင်စွယ်ကျေးရွာတွင် ရဟန်း အဖြစ်သို့ ရောက်တော်မူခဲ့ကြောင်း၊ ရေတံခွန် တောင် အလယ်ဂူကျောင်းတွင် တရားဓမ္မဖြင့် မွေ့လျော်တော်မူလျက် သာသနာပြု လုပ်ငန်းများကို ကြိုးပမ်း အားထုတ်တော်မူခဲ့ရာမှ ၁၃၆၀ ပြည့်နှစ် တပို့တွဲလဆန်း ၉ ရက်တွင် ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ကြောင်းကို အနီး တွင်ရှိသည့် ကျောက်စာ အရ သိရပါတယ်။တောင်ပေါ်ကနေ လှမ်းကြည့်တော့ စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ အတူ မန္တလေးမြို့ရှုခင်းကို ရေးရေးလေး မြင်နေရပါတယ်။


ကျွန်တော် ဆိုင်ကယ်နဲ့ တောင်ပေါ် ကို ဆက်တက် လာခဲ့တယ်။ " သဖန်းရိပ်" စားသောက်ဆိုင် ရောက် တော့ ဆိုင်မှာ နားရင်း တောင်ပေါ် တစ်ခါမှမရောက်ဖူးတော့ ဆိုင်အတွင်းမှာ တွေ့ရသည့် ဦးစိုးနိုင်အား မေးကြည့် ရာ " ရွှေဟင်္သာဂူ သွားချင်ရင် ဒီမှာဆိုင်ကယ် အပ်ထားခဲ့ရမှာ။ လမ်းခင်းတုန်းရှိသေးတယ်။ ခြေကျင်လျှောက်သွားလိုက်။ ဆိုင်ကယ် ယူသွားပြီး တောင်ခြေမှာ ထားခဲ့ရင် အစောင့်မရှိတဲ့ အတွက် ဆိုင်ကယ်တွေ ပျောက်တတ်တယ်" လို့ ပြောပြတဲ့ အတွက် ထိုဆိုင်မှာပဲ ဆိုင်ကယ်ကို အပ်ထားခဲ့ပါတယ်။

ဆိုင်ဘေးမှာ ဟင်္သာဂူနှင့် သစ္စာဝေဒဂူ တောင်ပေါ် ကျောင်းဖြတ်လမ်း ဖောက်လုပ်ရာတွင် ဘိလပ်မြေ၊ သဲ၊ ထုံး၊ ကျောက်မှုန့်၊ သုံးမူးကျောက်တွေ လှူဒါန်းနိုင်ကြောင်း ကြေညာထားတဲ့ ဗီနိုင်းကိုလည်း တွေ့ခဲ့ပါတယ်။


ဆိုင်ကနေ ထွက်လာပြီး တောင်ပေါ် ဆက်တက်ခဲ့ရာ လမ်းတစ်လျှောက် နားလိုက် တက်လိုက်။ ပါလာတဲ့ ရေသန့်ဘူးကို သောက်လိုက်လုပ်ရင်း တက်လာခဲ့တယ်။ သဘာဝ တောင်တက် ခရီးကြမ်းတစ်ခု။ သတိကလည်း ပြတ်လို့မရ။ သတိထားတက်ရင်း နာရီဝက် ကျော်တက်လာပြီးတဲ့အချိန်မှာတော့ ရွှေ ဟင်္သာ လိုဏ်ဂူတော်ဆီကို ရောက်ပါပြီ။

ရောက်ရောက်ချင်း ရွှေဟင်္သာ လိုဏ်ဂူတော် အကြောင်းသိချင်တာနဲ့ ထိုနေရာမှာ သီတင်းသုံး နေထိုင်တဲ့ ဆရာတော် ဦးကူမာရ အား မေးမြန်း လျှောက်ထားရာ " ဆရာတော် ဒီမှာ သီတင်းသုံးနေထိုင်တာ ၂၀၀၈ ခုနှစ် ကတည်းကပါ။ ဂူရဲ့အနက်က ပေ ၂၀၀ ကျော် နက်တယ်။ ဂူအပေါ်ကနေ ကြည့်ရင် ဟင်္သာ ဦးခေါင်းပုံ သဏ္ဌာန်ရှိတယ်။ နှုတ်သီးကနေ ရေတွေ စိမ့်ကျနေတယ်" လို့ မိန့်ပါတယ်။

ဂူရဲ့အ၀ ဘေးမှာ' သမီးရည်းစား စုံတွဲများ ကြာရှည်စွာ နေထိုင်ခြင်း၊ မဖွယ်မရာ မပြုလုပ်ရ။ လောင်းကစား မပြုလုပ်ရ။ အရက်သေစာ မသောက်ရ' ဆိုတဲ့ ဆိုင်းဘုတ်ကို တွေ့ရတယ်။

အနည်းငယ် ဆင်းလာပြီးနောက်မှာတော့ 'လေရှူမ၀ပါ သတိနှင့် ဆင်းပါ' ဆိုတဲ့ ဆိုင်းဘုတ်ငယ်လေးကို တွေ့ရပါတယ်။ ဆိုင်းဘုတ်လေး ဘေးမှာ အောက်ဆင်းဖို့ အတွက် ၀ါးနဲ့ လှေကား ပြုလုပ်ထားတာကြောင့် အောက်သို့ မဆင်းတော့ဘဲ အပေါ်ကနေ လှမ်းကြည့်ရာ ဟင်္သာ ဦးခေါင်း ပုံသဏ္ဌာန် နှုတ်သီး မှ ထွက်ကျနေသော ရေကို စည်ပေပါ တစ်လုံး နဲ့ ခံထားတာကို တွေ့ရပါတယ်။            
ရွှေဟင်္သာဂူမှ အပြန် တောင်ခြေ ရောက်တော့ တောင်ခြေမှာ တွေ့တဲ့ ဒေသခံ အမျိုးသားတစ်ဦးကို မြေဈေးနှုန်း သိချင်တာနဲ့ မေးကြည့်ရာ" မကြာခင်က သိန်း ၁၀၀ နဲ့ မြေတစ်ကွက်ကို ရောင်းလိုက်တယ်။ အခုလည်း ရောင်းဖို့ ကျန်သေးတယ်။ ၀ယ်လက်က ဒီနေ့လာမှာမို့ စောင့်နေတာ" ဆိုပြီး ပြောပြပါတယ်။

 
တောင်ပေါ်တွင် မြေကွက်တွေကို မျက်မြင် ရောင်းချနေပြီး ကျပ်သိန်း ၁၀၀ မှ သိန်း ၁၀၀၀ အထိ  အရောင်းအ၀ယ်ဖြစ်နေကြောင်း၊ သနပ်ခါးပင်၊ သရက်ပင်၊ ငှက်ပျောပင်နဲ့ အခြား အပင်များ စိုက်ပျိုးရကြောင်း၊ တောင်ပေါ်တွင် ဟိုတယ်တစ်လုံး ဆောက်လုပ်လျက် ရှိကြောင်းကိုလည်း အဆိုပါ အမျိုးသားထံမှ သိခဲ့ရတယ်။

ဆိုင်ကယ် အပ်ထားနေရာမှ ဆိုင်ကယ်ယူပြီး ' ထူးမ လိုဏ်ဂူတော်' ဆီကို ဆက်သွားခဲ့ပါတယ်။ တောင်ခြေရင်းမှာ ဆိုင်ကယ် ထားခဲ့ပြီးခြေကျင်တက်ခဲ့ရာ တောင်တက်လမ်း အစကို လမ်းခင်းထားတာကြောင့် သွားရတာ အဆင်ပြေပေမယ့် လမ်းတစ်ဝက် အရောက်မှာတော့ လမ်းက တော်တော်ကြမ်းပါတယ်။

တောင်ပေါ် အရောက်မှာတော့ လိုဏ်ဂူတော်ထဲမှာ မြတ်စွာဘုရား ထိုင်တော်မူ ရုပ်တုများနဲ့ ရပ်တော်မူ ဘုရားကို ဖူးမြော်ရပါတယ်။ ဖူးမြော်ပြီးတာနဲ့ ၀ဋ်ကြွေးပြေဘုရား လမ်းညွှန် ပြထားတဲ့ အတိုင်း တောင်ပေါ်ကို ဆက်တက်ခဲ့ပါတယ်။ တည်ဆောက်ဆဲ ၀ဋ်ကြွေးပြေ ဘုရား နဲ့ ရွှေရောင် တ၀င်းဝင်းဖြစ်နေတဲ့ သုံးလူ့ထိပ် ပန် စေတီတော်ကိုလည်း  တွေ့ရပါတယ်။
ဘုရားတည်ဆောက်နေတဲ့ ပန်းရန်ဆရာ တစ်ယောက်က " ဟိုဘက်တောင်ထိပ်မှာ ရှိတဲ့ ကျောက်ပြတ်ကို ကျောက်တုံးတစ်တုံးနဲ့ ထုရင် သံနှစ်ခု ရိုက်သံ ပေါ်တယ်။ ရှုခင်းတွေလည်း အရမ်းလှတယ်" လို့ ပြောပြပါတယ်။

ကျွန်တော်လည်း ပန်းရန်ဆရာ ပြောတဲ့အတိုင်း လက်တွေ့ စမ်းသပ်ခဲ့ပြီး သဘာဝရှုခင်းအလှနဲ့ နေ၀င်ဆည်းဆာ အလှကို မှတ်တမ်းတင် ရိုက်ကူးခဲ့ပါတယ်။ အနည်းငယ် မှောင်စပြုနေပြီမို့ တောင်အောက် ပြန်ဆင်းဖို့ ဟန်ပြင်လိုက်ပါတယ်။ တောင်အဆင်းမှာတော့ အနီရောင်ဖျော့ဖျော့သာ ကျန်ရှိတော့တဲ့ နေ၀င်ဆည်းဆာရဲ့ အလင်းရောင်ကို အားကိုးကာ ဆင်းလာခဲ့ပါတော့တယ်။

Writer: 
သက်ထွန်းအောင်

No comments: