Saturday, December 19, 2015

ဝက်သားသရက်သီးခြောက်ချက် - ပဲကြီးဟင်းဆီပြန် - ပူစီနံထောင်း - ငါးခူငါးပိကောင်ကြော်




အညာက အမေတာဝန်ကျတဲ့ရွာရောက်တော့ အိမ်နီးနားချင်းအိမ်တွေကထမင်းစားဖိတ်ရင် သူတို့ချက်ကျွေးနေကြဟင်းအတွဲအစပ်ကို သတိရလို့ချက်စားမိတဲ့ဟင်းလျာလေးတွေကို ဝေမျှချင်ပါတယ်။ 

ဝက်သားကို သရက်သီးခြောက် ဆီးဖြူသီးခြောက်တို့လို အသီးခြောက် တွေနဲ့ အအီပြေအောင်ချက်စားတတ်ကြသလို ပုန်းရည်ကြီးနဲ့ လည်းချက်စားတတ်ကြပါတယ်။ ပဲကြီးနှပ်ကိုလည်း အချို့ကဆီပြန်တဲ့အထိ ချက်ကြပြီး အချို့ကတော့ ဆီလည်ရေလည်လေးချက်စား တတ်ကြတာပေါ့။ ရသာလေးမျိုးစုံအောင်မချက်ပေမယ့် အစပ်လေးပါအောင် တော့ ငရုတ်သီးထောင်းလည်းထည့်ကြတယ်။ ဒါပေမဲ့ ကျနော်ကတော့ ပူစီနံကိုပဲထောင်းစားလိုက်တယ်။ ငရုပ်သီးသပ်သပ်ဆို မကြိုက်လို့ လေ။ ငါးကျည်းခြောက်ရှိရင်လည်း ငါးကျည်းခြောက် ကို မကြွပ်တကြွပ်လေးကြော်စားကြပြီး ရွာဝန်းကျင်ကရတတ်တဲ့ အသီးအနှံအရွက် တွေကို တို့မြုပ်ကြတာပေါ့နော်။ မရှိလည်း ထုံးစံအတိုင်း ငါးပိ ငံပြာရည် ကျိုချက်က မပါမဖြစ်ပေါ့နော်။ အရည်သောက်အဖြစ် ရွာခြံစည်ရိုးတွေကရတတ်တဲ့ ကင်းပုံညွှန့်တို့ အညွှန့်ပေါင်းစုံကို ပုစွန်ခြောက်လေးနဲ့ ချက်တတ်ကြပေမယ့် ဒီမှာမရတော့ ဒန့်သလွန်ရွက်ကိုပဲ ဟင်းချိုချက်လိုက်တယ်။

အထူးတဆန်းဟင်းလျာအတွဲအစပ်မဟုတ်ပေမယ့် ထမင်းမြိန်စေမှာတော့ အသေအချာပါပဲ။ ချက်စားကြည့်ကြပါခင်ဗျ။

ဝက်သားနဲ့သရက်သီးခြောက်ချက်နည်း

လိုအပ်သောပစ္စည်းများ
၁) ၀က်သား သုံးထပ်သား (သို့) ပေါင်သား ၁ကီလို
၂) ကြက်သွန်နီ (၅) ဥ
၃) ကြက်သွန်ဖြူ (၅) မြွှာ
၎) သရက်သီးခြောက် (သရက်သီးသနပ်ထည့်လည်းရပါသည်)

စတင်ချက်ပြုတ်နည်း
၁) ၀က်သားကိုရေစင်စင်ဆေးပြီး အရွယ်တော်အတုံးကလေးများတုံးပါ။
၂) ပြီးလျှင် ဆား၊အချိုမှုန့်၊ ငန်ပြာရည်ဖြင့်နယ်ထားပါ။
၃) ကြက်သွန်နီ နှင့် ကြက်သွန်ဖြူကို အခွံခွာကာ ပါးပါးလှီးထားပါ။
၎) ဇောက်နက်သော ဒယ်အိုးကိုမီးပေါ်တင်ပြီး ဆီ ဟင်းချက်ဇွန်းဖြင့် ၃ဇွန်းလောက်ထည့်ပါ။
၅) ဆီပူလာသောအခါ ပါးပါးလှီးထားသော ကြက်သွန်နီကိုထည့်ကာ အ၀ါရောင်သန်းလာပါကကြက်သွန်ဖြူကိုထည့်ပြီး မွှေပေးပါ။
၆) ပြီးနောက် ငရုတ်သီးအနီမှုန့် (အရောင်တင်မှုန့်) ထည့်ကာထပ်မွှေပါ။
၇) ကြက်သွန်များနွမ်းလာပြီး ကျက်ခါနီးတွင် နယ်ထားသော ၀က်သားကိုထည့်ပါ။ (၅)မိနစ်လောက်ဆီဖြင့် အရင်လှိမ့်ပါ။
၈) ဆား၊ အချိုမှုန့် လိုသလိုထည့်နိုင်ပါသည်။
၉) ပြီးမှ ရေကို ၀က်သားမြုပ်သည်အထိထည့်ကာ အဖုံးဖုံးထားရပါမည်။
၁၀) ထိုနည်းအတိုင်း ရေ (၂) ခါလောက်ထည့်ပါ ၀က်သားနူးစေရန်အတွက်ဖြစ်ပါသည်။
၁၁) မီးနည်းနည်းပြင်းပြင်းဖြင့် နာရီဝက်၊ တစ်နာရီလောက်တည်ရပါမည်။
(၀က်သားအနု၊အရင့်ပေါ်မူတည်သည်) ရေကျန်ဆီကျန်ဖြစ်နေချိန်တွင် သရက်သီးခြောက်ကိုထည့်ပါ။
(သရက်သီးကိုစချက်ကတည်းကမထည့်သည်မှာ ၀က်သားများအရမ်းချဉ်သွားမည်ဖြစ်သောကြောင့်)
၁၂) ဆီပြန်လာသည်အထိ မွှေပေးပါ။ ဆီပြန်လာသောအခါ ၀က်သားသရက်သီးဟင်းကိုအသင့်သုံးဆောင်နိုင်ပါသည်။

ပဲကြီးဟင်းဆီပြန်

ပါဝင်ပစ္စည်းများ
ပဲကြီး ၂၅ကျပ်သား၊ ဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၅ဥ၊ ကြက်သွန်ဖြူ ၂ဥ၊ ငံပြာရည် စားပွဲဇွန်း ၂ဇွန်း၊ ဆူးပုပ်ရွက် တစ်စည်း၊ နနွင်းမှုန့် အနည်းငယ်၊ ဆား သင့်ရုံ။

ပြင်ဆင်ချက်ပြုတ်ပုံ

ပဲကြီးသည် အခွံချွတ်ပြီးသော ပဲကြီးရေစိမ်ဖြစ်ရပါမည်။ ၄င်းကို ရေသန့်ရေအေးနှင့် ကောင်းစွာဆေးကြောပြီးနောက် နနွင်းမှုန့် အနည်းငယ်နှင့် ဆီထည့်၍ အနည်းငယ် နှံ့ရုံမွှေမည်။ ရေသင့်ရုံထည့်ကာ ချက်မည်။
ပဲကြီး နူးကာနီးတွင် ကြက်သွနနီကို လှီးထည့်မည်။ ဆားနှင့် ငံပြာရည်လည်းဖျန်းပြီးထည့်မည်။ မွှေလိုသော် မမွှေဘဲ အိုးကိုလှုပ်ပေးရသည်။ အရည်ဆူပြီးနောက်တွင် မီးပြင်းမထိုးရပါ။
ဆီပြန်သော် ဆူးပုပ်ရွက်ကိုရေဆေးပြီး ခတ်ကာချစားနိုင်သည်။ ဆူးပုပ်ရွက်မကြိုက်သော် ကြက်သွန်ဖြူကို ဓားပြားရိုက်ကာ အုပ်နိုင်သည်။ ပဲကြီးဟင်းချိုမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်သည်။ ဆီပြန်ခြင်းနှင့် ရေများခြင်းသာခြားနားသည်။

ငါးခူငါးပိကောင်ကြော်

ပါဝင်ပစ္စည်းများ
ငါးခူငါးပိကောင် အ၀က်သား၊ ဆီ အ၀က်သား၊ ငရုတ်သီး ၂ကျပ်ခွဲသား၊ ပုစွန်ခြောက်မှုန့် ၅ကျပ်သား၊ ကြက်သွန်နီ ၃ဥ၊ ကြက်သွန်ဖြူ ၃ဥ၊ နနွင်းမှုန့် အနည်းငယ်။

ပြင်ဆက်ချက်ပြုတ်ပုံ
ငါးခူငါးပိကောင်များကိုရေစိမ်ထားပြီးမှ ဆေးပါလေ။ဆေးသောအခါတွင် ပွတ်တိုက်ဆေးကြောသောကြောင့် ဖြူဖွေးလာပါစေ။ ပါးဟပ်တွင်းမှ ဆားများလည်း စင်ကြယ်ပါစေ။ ပြီးလျှင် လက်တစ်လုံးအရွယ်များလှီးထားလေ။
ကြက်သွန်နီနှင့် ကြက်သွန်ဖြူကို ပါးပါးလှီး၍ ဆီချက်မည်။ ငရုတ်သီးတောင့်များကို ညက်ညက်ထောင်းထားမည်။
ကြက်သွန်များကြွပ်လာလျှင် ကြက်သွန်ကိုဆယ်ထားပြီး ၄င်းဆီကျက်ထဲသို့ ငရုတ်သီးအထောင်းကိုထည့်သည်။ ငရုတ်သီးကျက်သော် ရေစစ်ပြီး ခပ်မာမာရှိနေသော ငါးပိကောင်အတစ်များထည့်ကြော်မည်။
ငရုတ်သီးနှင့်မွှေထားသော ငါးပိတစ်များကျက်ချိန်၌ ပုစွန်ခြောက်မှုန့်ထည့်လေ။ ကြွပ်အောင်ကြော်လေ။ချကာနီး၌ ဖယ်ထားသော ကြက်သွန်ကြော်များ ထည့်မွှေပေတော့။

လျှာလည်စရာ ပူစီနံထောင်း 

ပါဝင်သောပစ္စည်းများ

၁) ပူစီနံ နှစ်စည်း (များများစားလိုပါက (၄) စည်းခန့်ထည့်ပါ)
၂) ထန်းလျက် ၆ ခဲ (ထန်းလျက်မရှိပါက သကြားနှင့်လည်း ပြုလုပ်နိုင်ပါသည်။)
၃) ငရုတ်သီး ၆ တောင့်
၎) ကြက်သွန်ဖြူ ၅မြွှာ (အမြွှာကြီး)
၅) ချင်းအနည်းငယ် ( နည်းနည်းသာထည့်ပါ၊ များသွားပါက ခါးသွားနိုင်ပါသည်)။
၆) မန်ကျည်းရည် အနည်းငယ်

ပြင်ဆင်ပြုလုပ်ပုံ
၁) ပထမဆုံး ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ နှင့် ချင်းအရင်ထည့်၍ ထောင်းပါ ...
၂) ထို့နောက် ငရုတ်သီးထည့်၍ထပ်ထောင်းပါ ....
၃) ဆားနှင့်အချိုမှုန့်ကို အနည်းငယ် ထည့်၍ထောင်းပါ .....
၎) ထန်းလျက်ခဲ များကိုလည်း ထည့်၍ထောင်းပါ ....
၅) နောက်ဆုံး ပူစီနံ များကို နည်းနည်းစီ ကျေညက်အောင်ထောင်းလိုက်ပါ ....
၆) ထို့နောက် မန်ကျည်းရည် နည်းနည်း ရော၍မွှေလိုက်ပါက ... ချိုချို ချဉ်ချဉ် မွှေးမွှေး လေး နှင့်စား၍ကောင်းသော ပူစီနံထောင်း ကို စားလို့ပါပြီ .....

(မှတ်ချက် ... ပူစီနံများကို .. ကြေညက်၍ အရည်များထွက်လာသည်အထိထောင်းပေးပါ)

ဒန့်သလွန်ရွက်ဟင်းချို

ပါဝင်ပစ္စည်းများ
ဒန့်ဒလွန်ရွက် ၂စည်း၊ ငါး ၇ကျပ်ခွဲသား၊ ဆီ ၅ကျပ်သား၊ ကြက်သွန်နီ ၁ဥ၊ ကြက်သွန်ဖြူ ၁ဥ၊ ငံပြာရည် စားပွဲဇွန်း ၂ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ ဆား သင့်ရုံ။

ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်
ငါးကို ဆား၊နနွင်းတို့နှင့် နယ်ထားလေ။ကြက်သွန်နီကို ဆီသတ်ပြီး ငါးနှင့်လုံးလေ။ ရေထပ်မထည့်နှင့်။ ငါးကျက်သလောက်ရှိမှ ကောင်းစွာရေဆေး၍ ဖဲ့သင်ထားသော ဒန့်သလွန်ရွက်ထည့်မည်။ အနည်းငယ်မွှေပေးပြီးနောက် ဆူဆဲရေနွေးထည့်မည်။ အပေါ့အငန်ပြင် ဆင်ကာ ကြက်သွန်ဖြူကို ဓားပြားရိုက်ထည့်မည်။ ခဏအုပ်ပြီးနောက် သုံးဆောင်နိုင်ပါပြီ။
အကယ်၍ ငါးသည် အစိမ်းမဟုတ်ဘဲ အကင်၊အကြော်နှင့်ဟင်းဖြစ်လျှင် အိုးတည်ကတည်းက ကြက်သွန်နီ၊ ငံပြာရည်နှင့်ရေထည့်လေ။ ရေမှာ လက်ဖက်ရည်ပန်းကန် ငါးလုံးစာခန့်ဖြစ်ပေသည်။ ထိုရေဆူလျှင် ဟင်းရွက်ခတ် အပေါ့အငန်လိုသလို ငံပြာရည်ထည့်၊ ကြက်သွန်ဖြူ ဓားပြားရိုက်ထည့်ရန် တို့ဖြစ်ပေ၏။

Credit: ဟင်းချက်နည်းစာအုပ်များ

No comments: