Sunday, December 13, 2015

စက်ဘီးများနှင့် မန္တလေးသို့.. ဆောင်းတွင်းလွမ်းချင်း..




ဆောင်းတွင်းကာလရောက်လာပြီဆိုသည်နှင့် အချမ်းလည်းပြေ ကျန်းမာရေးအတွက်လည်း ကောင်းအောင် တချို့တွေက နံနက်စောစောထကာ အားကစားလေ့ကျင့်တာ၊ ပြေးတာမျိုးတွေ လုပ် တတ်ကြသည်။ တချို့တွေကတော့ အချမ်းလည်းပြေ သက်လုံလည်းကောင်းအောင် စက်ဘီးစီး တတ်ကြသည်။ ကျွန်တော်တို့ မန္တလေးပတ်ဝန်းကျင်မှာလည်း ထိုဓလေ့တွေရှိကြပါသည်။ သို့သော် ဟိုယခင်ကာလများကတော့ ထိုသို့ တကူးတက ထပြေး၊ ထလေ့ကျင့်ရန် မလိုလှပါ။
မန္တလေးနှင့် အနီးဝန်းကျင် များမှာ နေထိုင်သူတွေရဲ့ နေ့စဉ် ဘဝထဲတွင် မပါမဖြစ် ပါလာ သည်က မန္တလေးအခေါ် ဘီး(ဘိန်း)ဟုခေါ်သည့် စက်ဘီးတွေ။ ထိုစက်ဘီးတွေ ကိုယ်စီဖြင့် နေ့ စဉ်ဘဝကို ဖြတ်သန်းနေရတော့ ဆောင်းတွင်းရောက်လို့ ထူးပြီး အားကစားထလုပ်နေရန်ပင်မလို။ ယခုလို တရုတ်ဆိုင်ကယ်တွေ ပေါပေါလောလောဝယ်၍ မရနိုင်သေးသည့်အချိန်၊ ကားတွေလည်း ဒလဟောတင်သွင်းခွင့်မရသေး သည့်အချိန်မှာ မန္တလေးရဲ့ လမ်းမထက်တွေမှာ စက်ဘီးတွေ၊ မန္တလေးအခေါ် ဘီး(ဘိန်း)တွေက စက်ဘီးပင်လယ်ကြီးတစ်ခုအလား။

မန္တလေးမြို့အနီးတစ်ဝိုက်မှာ နေတဲ့သူတွေက မန္တလေးမြို့ထဲ အလုပ်လာလုပ်ဖို့ စက်ဘီးကိုပင် အားထားရသည်။ လိုင်းကားတွေရှိပါ သော်လည်း ရန်ကုန်ကဲ့သို့ မပေါများလှ။ နောက်ပြီး စက်ဘီးနှင့်သွား သည်က လူပင်ပန်းရုံကလွဲ၍ စရိတ်စက သက်သာလွန်းလှသည်။ ဘီးအသစ်ဝယ်ဖို့ မတတ်နိုင်လျှင်တောင် သူများစီးပြီးသား တစ်ပတ်ရစ်ဘီးလေးဘာလေး ရှာဝယ်ကာစီးလျှင်ဖြစ်သည်။ ယခုလို ဆောင်းတွင်းကာလမျိုးဆိုလျှင် စက်ဘီးစီးရသည်မှာ ကျန်းမာရေးအတွက်လည်း ကောင်း အချမ်းလည်းပြေလွန်းလှပါသည်။

ကျွန်တော်တို့နေသည့် အမရပူရမြို့မှ   မန္တလေးမြို့ပေါ်သို့ စက်ဘီးဖြင့် လာရောက်အလုပ်လုပ်ကိုင်သူတွေပေါလှပါ သည်။ နံနက် ၇ နာရီခန့်ဆိုလျှင် စစ်ကိုင်း-မန္တလေးလမ်းပေါ်မှ သည်လည်းကောင်း၊ တောင် သမန်ကန်ပတ်လမ်းမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းမကြီးအ တိုင်းလည်းကောင်း မန္တလေးမြို့ဆီ ဦးတည်လာတတ်ကြသည်။ နေ့လယ်မှာစားမည့် ထမင်းထုပ် တွေ၊ ချိုင့်တွေကိုတော့ စက်ဘီး တွေရဲ့ရှေ့ခြင်း၊ လက်ကိုင်နှင့် နောက်ကယ်ရီယာခုံတွေပေါ်မှာ တင်ကာလာတတ်ကြသည်။
စစ်ကိုင်း-မန္တလေးလမ်းအတိုင်းလာလျှင် လမ်းတစ်လျှောက် စစ်ကိုင်းကားတွေနှင့် အမရပူရ-မန္တလေးပြေးဆွဲနေသည့် အမှတ် (၈)လိုင်းကားတွေနှင့် ဟိုရှောင်သည်တိမ်းမောင်းရသည်။ တစ်ခါတလေ စက်ဘီးစီးသူတွေက လိုင်းကားတွေထက်ပင် မြန်သွားသေးတော့ ကားပေါ်က စပယ်ယာတွေ မခံချိမခံသာဖြစ်ကြသည်။ စက်ဘီးသမား တွေမြန်တာလည်း မပြောနှင့်။ ရာသီဥတုကလည်း ချမ်းလွန်းလှသည် ဆိုတော့ စက်ဘီးစီးသူ အချင်းချင်း စလိုက်နောက်လိုက်ဖြင့် အချမ်းပြေတွန်းနင်းကြသည်။

ဘတ်စ်ကားတွေကလည်း ခရီး သည်စောင့်တင်လိုက် မောင်း လိုက်ဆိုတော့ စက်ဘီးတွေက မြန်သွားရခြင်းဖြစ်သည်။
တောင်သမန်ကန်ပတ်လမ်း က လာလျှင်တော့ စစ်ကိုင်း-မန္တလေးလမ်းလို့ သိပ်မရှုပ်လှ။ ဆောင်းတွင်းချမ်းချမ်းစီးစီးမှာ အ ဝတ်ဗလာဖြင့် အင်းထဲငါးဆင်း ဖမ်းနေသူတွေ တွေ့ရသည်။ အင်း စပ်က စိုက်ခင်းတွေကတော့ ညက တစ်ညလုံးကျထားသည့် နှင်း ရည်စက်တွေကြောင့် စိုရွှဲနေသည်။ ကန်ပတ်လမ်းမှတစ်ဆင့် ရန်ကုန်-မန္တလေးလမ်းမဘက်သွားရန် တမာတန်းလမ်းက ကူးရသည်။ နေရောင်ခြည်အလင်းတန်းက တမာပင်တွေရဲ့အရိပ်တွေကို ဖြတ်သန်းကာ တမာတန်းလမ်း လေးပေါ် ပြောက်ကျိပြောက်ကျား လာကျသည်။ ထိုလမ်းမှာလည်း ကျောင်းသွားကြသည့်ကလေး တွေ၊ အလုပ်သွားကြသည့်သူတွေ က စက်ဘီးတွေကိုယ်စီဖြင့် စည် ကားနေလေသည်။

မိနစ် ၂၀ လောက်ကြာတော့ မန္တလေးမြို့တော်မှ ကြိုဆိုပါ၏။ အဝင်မုခ်ဦးကြီးကို တွေ့လာရ သည်။ ထိုမုခ်ဦးကျော်၍ သိပ္ပံလမ်း အရောက် အရှေ့ဘက်ကို လှမ်း မျှော်ကြည့်လိုက်သည့်အခါ နှင်း တွေထူပိန်းနေအောင် ကျဆင်းနေ သည့်ကြား ထိုးထွက်လာသည့် စက်ဘီးအုပ်ကြီးကို တွေ့ရပါ တော့သည်။ ထိုစက်ဘီးအုပ်ကြီး က မန္တလေးမြို့ အရှေ့ခြမ်းမြို့သစ် ရပ်ကွက်တွေဆီက လာကြသူတွေ ဖြစ်သည်။ အရှေ့နှင့် တောင် ဘက်ဆီမှလာသည့် စက်ဘီးတွေ ပေါင်းလိုက်သည့်အခါ မန္တလေးမြို့ (၇၈)လမ်းမတစ်လျှောက်တွင် အုပ်စုဖွဲ့ပျံသန်းလာသည့် ငှက်အုပ်ကြီးတစ်ခုအလား ဖြစ်သွားပါ လေတော့သည်။ (၇၈) လမ်း မြို့အလယ်လမ်းမှတစ်ဆင့် ရတနာပုံ ဈေး၊ ဈေးချိုတော်နှင့် အခြားသက် ဆိုင်ရာ လုပ်ငန်းခွင်တွေဆီ ဦးတည်သွားခဲ့ကြသည်။
ညနေဘက်တွင်လည်း ထို အတိုင်း။ ဆောင်းတွင်းက နေ့တာ တိုသည်မို့ ညနေ ၅ နာရီကျော် အ လုပ်ဆင်းပြီဆိုသည်နှင့် မှောင် သွားလေပြီ။ တစ်နေကုန် အလုပ် ခွင်မှာ ပင်ပန်းခဲ့ကြပြီမို့ စက်ဘီးစီး ရသည်မှာ မနက်ကလောက်တော့ သိပ်မသွက်။ သို့သော် ခပ်ဖြည်း ဖြည်းနင်းနေလျှင်လည်း  မိုးက လည်းချုပ် ချမ်းလည်းချမ်းလာပြီ မို့ အားထည့်ကာ ပြန်နင်းရသည်။ အင်နဲ့အားနဲ့နင်းရသည်ဆိုတော့ ဆောင်းတွင်းမှာ အနွေးထည်ဝတ် ရန်ပင် မလိုလောက်အောင် နွေး ထွေးသွားခဲ့ရသည်။ တစ်ခါတစ်ရံ ကျောမှာ ချွေးတွေတောင် ရွှဲစိုနေ သည်။ သို့သော် ကိုယ့်အဖွဲ့မိတ် ဆွေတွေဖြင့် တပျော်တပါးစီးကြ ရသည်ဆိုတော့ မောတယ်ပန်း တယ်ပင်မထင်မိ.. ။

ယခုတော့ လွန်ခဲ့သည့် ငါး နှစ်ခန့်မှစတင်ကာ စက်ဘီးစီးသူ တွေ တဖြည်းဖြည်းနည်းသွားခဲ့ သည်။ သုံးလေးသိန်းဖြင့် ဆိုင် ကယ်စီးနိုင်ပြီဆိုတော့ ချွေးတလုံး လုံးဖြင့်နင်းရသည့် စက်ဘီးတွေ ကို လှည့်မကြည့်ကြတော့။ နောက်ပြီး ဆိုင်ကယ်က ခရီးလည်းတွင် သည်ဆိုတော့ စက်ဘီးသည် ခေတ်နောက်ကျ၍ ကျန်ရစ်ခဲ့ရသည်။ သို့သော် စက်ဘီးစီးတုန်းကနှင့် ဆိုင်ကယ်ပြောင်းစီးသည့်အချိန် ကျန်းမာရေးကတော့ မသိမသာ ကွာလာခဲ့သည်။ စက်ဘီးစီးတုန်း က နှာစေးခေါင်းကိုက်လေးတောင် မဖြစ်။ တစ်နေ့တစ်နာရီခွဲ၊ နှစ် နာရီ စက်ဘီးစီးရသည်ဆိုတော့ လေ့ကျင့်ခန်းလုပ်ပြီးသားလိုဖြစ် နေသည်။ ယခုလိုဆောင်းတွင်းမှာ ဆို အနွေးထည် ထူထူထဲထဲဝတ် ရန်ပင်မလိုလှ။

ယခု ဆိုင်ကယ်စီးရသည့်အ ခါတွင်တော့ ဆိုင်ကယ်အမြန်နှုန်း ကြောင့် အနွေးထည်ထူထူထဲထဲ ဝတ်ရသည်။ နောက်ပြီး ရင်ဘတ် သို့လာရိုက်ခတ်သည့် လေတွေ ကြောင့် မကြာခဏ အအေးပတ် သည်။ ဆောင်းတွင်းဆို နဂိုအ အေးဓာတ်ကြောင့် သာ၍အအေး ပတ်သည်။ တစ်ခါတစ်ရံ အသက် ရှူကျပ်သလိုပင် ခံစားလာရသည်။ ပြေးနေသည့်စက်ကြီးပေါ် ထိုင် လိုက်ရသည်ဆိုတော့ ချွေးကတစ် စက်လေးမှပင် မထွက်တော့။ နောက်ပြီး ဆိုင်ကယ်မြို့တော်ဖြစ် သွားတော့ ယခင်စက်ဘီးခေတ်က ကြားတောင့်ကြားခဲ ယာဉ်တိုက်မှု တွေက ယခုဆိုင်ကယ်ခေတ်မှာ နေ့စဉ်ကြားလာရသည်။ ဆောင်း တွင်းတင်မက ရာသီသုံးပါးမရွေး ယာဉ်တိုက်မှုတွေဖြစ်နေကြသည်။ နှစ်ရက်တစ်ဦးနှုန်းလောက် သေ ဆုံးနေကြရသည်။

တစ်ချိန်ကတော့ မန္တလေး ဆောင်း နံနက်ခင်းနှင့် စက်ဘီးစီး သူများသည် တင့်တယ်လိုက်ဖက် လွန်းလှခဲ့ပါသည်။ တစ်ချိန်က စက်ဘီးမန္တလေးဟုပင် ခေါ်ဆိုရ သည်အထိ မန္တလေးနဲ့ စက်ဘီး တွဲမြင်ခဲ့ကြသည်။ ယခုတော့ မန္တလေးသည် တရုတ်ဆိုင်ကယ် တဖုန်းဖုန်းကြား ဆိုင်ကယ်မြို့ တော်အဖြစ် အသွင်ပြောင်းခဲ့ရ သည်။ ခေတ်သည် တစ်ပတ်လည် ရိုးထုံးစံရှိသည်ဟု ကြားဖူးသည်။ အကယ်၍ ခေတ်တစ်ပတ်ပြန် လည်လာ၍ စက်ဘီးခေတ်ကို ရောက်လာဦးမည်ဆိုပါလျှင် ထို ခေတ်ကို မန္တလေးက ဝမ်းမြောက် ဝမ်းသာ ကြိုဆိုနေကြမည်မှာ အ သေအချာပင်။ ခေတ်အခြေအနေ အရ လိုအပ်၍သာ ဆိုင်ကယ် ပြောင်းစီးနေကြရသော်လည်း မန္တလေးသူ၊ မန္တလေးသားတွေရဲ့ ရင်ထဲမှာ စက်ဘီးမန္တလေးက အ မြစ်တွယ်နေဆဲ။ ဆောင်းတွင်း နံနက်ခင်းတွေမှာ စက်ဘီးကလေး စီးရင်း ဖြတ်သန်းချင်ကြသည့် မန္တလေးသူ၊ မန္တလေးသားတွေ ရှိကြဦးမည်ဟု မျှော်လင့်ရပါ တော့သည်။

ညီညီဇော်

No comments: